အခန်း ၁ ဝူယိလေးဟာ ဟမ်းစတားလေး တစ်ကောင်ပါ
တရုတ်နှစ်သစ်ကူး ပြီးဆုံးတော့မည် ဖြစ်သည်။ အိမ်အပြင်ဘက်တွင် အနီရောင်မီးရှူးမီးပန်းများ ကျိုးတိုးကျဲတဲသာ ရှိတော့သည်။ ရာသီဥတုမှာလည်း နွေးနွေးထွေးထွေး မရှိသေးဘဲ အသက်ရှူလိုက်တိုင်း အဖြူရောင်အခိုးအငွေ့များ ထွက်ပေါ်နေဆဲဖြစ်သည်။
အပြင်ဘက်ရှိ အအေးဓာတ်နှင့် နှိုင်းစာလျှင် အိမ်ထဲရှိ အပူချိန်မှာ ပိုမြင့်လေသည်။ အလွန်နွေးထွေးသည့်အတွက် လူများမှာ အခန်းအပြင်သို့ ခြေလှမ်းတစ်ဝက်မျှပင် မလှမ်းချင်ကြပေ။ အနွေးဓာတ်အား စောင်ခြုံထဲမှပင် ခံစားနိုင်ပြီး ဤသည်ကဖြင့် မရေမတွက်နိုင်သည့် လူများစွာတို့ မနက်ခင်းများတွင် အိပ်ယာထဲ၌သာ နေလိုကြသည့် အကြောင်းအရင်းလည်း ဖြစ်လေသည်။
ယွင်ချန်၊ ဖုန့်ရှန် ဗီလာဝင်း။
တောင်အလယ်တွင် တည်ရှိသည့် ဥရောပဟန် စံအိမ်ကြီးအတွင်း၌ ခံ့ခံ့ချောချော အမျိုးသားတစ်ဦးသည် ကုတင်ကြီးတစ်ခုပေါ်၌ လဲလျောင်းလို့နေသည်။ သူသည်လည်း နွေးနွေးထွေးထွေး စောင်ပုံ၏ ဆွဲဆောင်မှုမှ မလွတ်မြောက်နိုင်သည့် လူတစ်ဦး ဖြစ်ပုံပင်။
မျက်လုံးများမှာ ကောင်းကောင်းပွင့်လို့နေကာ အဓိပ္ပါယ်မှာ နိုးနေပြီ ဟူ၍ပင်။ သို့သော်လည်း အိပ်ရာထဲမှ ‘လွတ်မြောက်လိုသည့်’ လက္ခဏာတို့ ရှိမနေပေ။
ထိုလူသည် ကုတင်ပေါ်တွင် လဲလျောင်းကာဖြင့် နက်ရှိုင်းသည့် မျက်လုံးအစုံသည် အပေါ်ဘက်ရှိ မျက်နှာကြက်အား မမှတ်မသုန် စိုက်ကြည့်လို့နေသည်။ အိပ်ရာထရန် အချိန်ဆွဲနေခြင်း ဖြစ်သည်မှာ သိသာလှသော်လည်း မျက်လုံးများမှာမူ ဘဝ၏ အရေးပါသည့် ဖြစ်စဉ်များအား အလေးအနက်ထား စဉ်းစားနေသယောင်ပင်။
အခြားသူ တစ်ဦးတစ်ယောက်သာ မြင်မည်ဆိုလျှင် သေချာပေါက် ထိုသို့တွေးကြမည်ပင်ဖြစ်သည်။ အိပ်ရာပေါ်တွင် အချိန်ဖြုန်းနေသည့် မရင့်ကျက်ဟန်ရှိသည့်သူမှာ ‘ကြောက်မက်ဖွယ်သွင်ပြင်’ နှင့် လူတစ်ဦးဖြစ်ကြောင်း နည်းနည်းလေးမျှပင် ဆက်စပ်ကြည့်၍ မရနိုင်ပါချေ။
သို့သော်လည်း ခြွင်းချက်သေးသေးလေးတစ်ခု ရှိလို့နေသည်။
ဤခံ့ခံ့ညာညား အမျိုးသားမှာ အပေါ်ယံတွင် အေးစက်စက်နှလုံးသားပိုင်ရှင် တစ်ဦးဟု ထင်ရသော်လည်း တကယ်တမ်းတွင် နျဲ့ရှောင်၏ ကမ္ဘာတစ်ခုလုံးအား လွှမ်းမိုးထားပြီး သူလက်လွှတ်မခံနိုင်သည့် လျှို့ဝှက်ချက်လေးတစ်ခု ရှိနေလေသည်။
နျဲ့ရှောင်၏ လက်ယာဘက်ရှိ စားပွဲပေါ်တွင် ဝါဂွမ်းဖြင့် ပြုလုပ်ထားသော လက်ဖဝါးအရွယ် ချစ်စဖွယ်အသိုက်လေးတစ်ခု လုံခြုံမှုအပြည့်နှင့် ရှိလို့နေသည်။
ယုန်နားရွက်များနှင့်တူသည့် နူးနူးညံ့ညံ့ ပန်းရောင်နားရွက်ကလေး နှစ်ခုမှာ ဝါဂွမ်းများအထဲတွင် ရှိနေခြင်းကြောင့် ဝါဂွမ်းအသိုက်အား လက်ဖြင့်ပုတ်ကြည့်မှသာ ရှိနေကြောင်း သိနိုင်မည် ဖြစ်သည်။ အခန်း၏အနေအထားနှင့် ဆန့်ကျင်စွာ ‘ချိ ချိ’ ဟူသည့် ချစ်စဖွယ်အသံလေး စူးစူးရှရှ ထွက်ပေါ်လာသည်။
သို့သော်လည်း အခန်းထဲအား သေသေချာချာ ကြည့်မည်ဆိုလျှင် အခန်းထောင့်တိုင်းတွင် ချစ်စဖွယ်ပစ္စည်းသေးသေးလေးများ ဟိုဟိုဒီဒီ နေရာအနှံ့ ရှိနေသည်ကို မြင်တွေ့ရမည်ဖြစ်သည်။
ထိုအချိန်မှာပင် ဝါဂွမ်းအသိုက်အတွင်းရှိ ယုန်နားရွက်နှင့်တူသည့် နားရွက်ကလေးများ စတင်လှုပ်ရှားလာပြီး အသိုက်၏ ဝင်ပေါက်အား ပိတ်ဆို့ထားသည့် ဝါဂွမ်းလုံးလေးမှာလည်း ခြေဖဝါးသေးသေးလေး၏ တွန်းဖယ်ခြင်း ခံလိုက်ရသည်။
ထို့နောက်တွင် နို့လက်ဖက်ရည်အရောင် ဟမ်းစတားလေးသည် အသိုက်အတွင်းမှ ခေါင်းကလေး ပြူထွက်လာသည်။ သူ၏မျက်လုံးလေးများကို မှေးကာ ခပ်သေးသေး ခြေဖဝါးလေးများဖြင့် သက်သောင့်သက်သာဖြစ်စွာ အပြင်သို့ ခြေဆန့်လိုက်သည်။
ဟမ်းစတားလေးသည် တစ်ညလုံး အိပ်စက်အနားယူခဲ့ပြီး ဖြစ်သည်ကြောင့် ယခုအခါတွင် တက်ကြွလန်းဆန်းမှုတို့ အပြည့်နှင့်ပင်။ အိပ်ရာထက်တွင် လဲလျောင်းနေဆဲရှိသည့်သူအား ကြည့်လိုက်ပြီးနောက် ခြေပုတိုလေးများအား ဆန့်ကာ ပြေးသွားလိုက်သည်။ ပုံမှန်အတိုင်း နျဲ့ရှောင်၏ ခေါင်းအုံးပေါ်သို့ တက်လိုက်သည်။ ထို့နောက် နျဲ့ရှောင်၏ ဆံပင်တိုများအား ဆွဲကာဖြင့် နျဲ့ရှောင်၏ နဖူးပေါ်သို့ တက်သွားသည်။
ဟမ်းစတားလေးသည် ‘ကုန်းမြေ’ အား သိမ်းပိုက်ပြီးသည်နှင့် မျက်လုံးလေးများမှာ ပျော်ရွှင်မှုကြောင့် မှေးကျဉ်းသွားလေသည်။ နျဲ့ရှောင်အား ‘စွမ်းအားနှင့် ကောင်းချီတို့ ပေးအပ်ရန်’ နေ့ရက်ကောင်းတစ်ခု ဖြစ်လေသည်။
ထို့နောက်တွင် ဟမ်းစတားလေးသည် သူ၏ခေါင်းကလေးကို ငုံ့ကာ နျဲ့ရှောင်၏နဖူးနှင့် ထိသည်အထိ နီးကပ်စေလိုက်သည်။ မနက်ခင်းအနမ်းတစ်ပွင့် ပေးအပ်နေသယောင်။
နဖူးပေါ်သို့ ဖိကပ်လာသည့် နူးညံ့နွေးထွေးသည့် ဘောလုံးကလေး၏ အထိအတွေ့ကြောင့် နျဲ့ရှောင်မှာ အေးစက်စက်နှင့် ဂရုမစိုက်သည့်ဟန်ဖြင့် မရှိနိုင်တော့ချေ။ လက်မြှောက်ကာဖြင့် ထိုအကောင်ပေါက်ကလေးအား သူ၏လက်ဖဝါးထဲတွင် နေရာချလိုက်ပြီးနောက် ထထိုင်လိုက်သည်။
အောင်အောင်မြင်မြင် နိုးထလာသည့် နျဲ့ရှောင်အားကြည့်ကာ ဟမ်းစတားလေးသည် နျဲ့ရှောင်၏ လက်ချောင်းများကို တွယ်ကပ်ပွတ်သပ်လို့နေပြီး မျက်လုံးလေးများမှာလည်း ပျော်ရွှင်မှုတို့ကြောင့် မှေးကျဉ်းလို့နေသည်။
ဟမ်းစတားစစ်သည်တော်သည် မကောင်းဆိုးဝါး အိပ်ရာနတ်ဆိုးဘုရင်အား ဤနေ့တွင် နှစ်ကြိမ်တိတိ အနိုင်ယူပြီး သူ၏ ဒယ်ဒီအား ကယ်တင်နိုင်ခဲ့သည်။
“ချိ..” ဒယ်ဒီ ဂွတ်မောနင်း..
နျဲ့ရှောင်သည် သူ၏လက်ကိုဖြန့်လိုက်ပြီး လက်ဖဝါးပေါ်ရှိ အားအင်အပြည့်နှင့် တက်ကြွနေသည့် မုန့်လုံးကလေးအား ချောမောခံ့ညားကာ အမူအရာမဲ့သည့်မျက်နှာနှင့် ခေါင်းမှအမြီးသို့တိုင် ပွတ်သပ်ပေးလိုက်သည်။
“မောနင်း ပေါင်ပေါင်း..”
ဟမ်းစတားလေးသည် အခြားသော တိရိစ္ဆာန်လေးများ၏ တွန်းထိုးမှုကြောင့် မူးနောက်နောက် ဖြစ်ခဲ့ရဖူးသည်။ ဒယ်ဒီ့ကြောင့်သာ မဟုတ်ခဲ့လျှင် သူ၏မျက်နှာအား ပြောင်းပစ်လိုက်မည် ဖြစ်သည်။
အခုလိုလေး ပွတ်သပ်ပေးခြင်းမှာ အလွန်သက်သောင့်သက်သာရှိလှပြီး နှစ်ခြိုက်ဖွယ်ရာပင်။
(^ – v – ^)
နျဲ့ရှောင်သည် ဟမ်းစတားလေးအား အကြိမ်အနည်းငယ်ခန့် စိတ်ပါလက်ပါ ပွတ်သပ်ပေးပြီးနောက် အိပ်ရာနံဘေးရှိ စားပွဲပေါ်သို့ တင်လိုက်သည်။ ထို့နောက်တွင် မတ်တပ်ရပ်ကာ ဗီဒိုထဲမှ အဝတ်အစားများ ထုတ်ယူပြီးနောက် ရေချိုးခန်းအတွင်းသို့ ဝင်သွားလေသည်။
ဟမ်းစတားလေးသည် စားပွဲပေါ်တွင် သက်သောင့်သက်သာအနေအထားဖြင့် လဲလျောင်းလို့နေသည်။ ခေါင်းကလေးအား မော့ကာဖြင့် နျဲ့ရှောင်ရှိရာသို့ ကြည့်နေလေသည်။ သူလည်း ရေချိုးဖို့ အဆင်သင့်ပါနော်..။
စားပွဲဘေးရှိ လျှောလေးမှ ကြမ်းပြင်ပေါ်သို့ လျှောတိုက်ဆင်းလိုက်ပြီးနောက် အခန်းထောင့်တွင် ရှိသော သူ၏ ရေချိုးသန့်စင်ခန်းလေးဆီသို့ ပြေးသွားလေသည်။
ပထမဆုံး ကန့်လန့်ကာလေးပါသည့် သန့်စင်ခန်းလေးထဲတွင် ဇီဝကမ္မ ပြဿနာများအား ဖြေရှင်းလိုက်သည်။ ထို့နောက်တွင် နူးနူးညံ့ညံ့ စတော်ဘယ်ရီကဲ့သို့သော သဲကန်လေးအတွင်းသို့ဝင်ကာ အမွေးနုနုလေးများ နူးညံ့ချောမွေ့လာသည်အထိ အကြိမ်ပေါင်းများစွာ လှိမ့်လိုက်သည်။ ခန္ဓာကိုယ်ပေါ်မှာ သဲအကြွင်းအကျန်များအား ပြောင်စင်အောင် ခါချပြီးသည့်နောက်တွင် လတ်လတ်ဆတ်ဆတ် ‘စတော်ဘယ်ရီဆန်မုန့်လုံးလေး’ ထွက်ပေါ်လာပြီ ဖြစ်သည်။
မွှေးကြိုင်ကြိုင် ဟမ်းစတားလေးသည် ရေချိုးသန့်စင်ပြီးနောက်တွင် နျဲ့ရှောင်၏ ရေချိုးခန်းတံခါးအရှေ့၌ ထိုင်စောင့်လို့နေသည်။ ရေခိုးရေငွေ့များ ရိုက်ခတ်နေသည့် ဖန်သားပြင်၏ နောက်ကွယ်ရှိ ရေစီးကျသံအား နားထောင်ကာ ကြမ်းတမ်းရှည်ကြာသည့် စောင့်ဆိုင်းမှုကြီးအား စတင်လေတော့သည်။
မျက်လုံးနက်နက်ကလေးများတွင် မှန်တံခါး၏ မှုန်ဝါးဝါးအရိပ်တို့ ရောင်ပြန်ဟပ်လို့နေသည်။ အထီးကျန် ဟမ်းစတားလေးထံတွင် အထူးတလည် ပြုလုပ်ရမည့် အရေးကိစ္စများ ရှိမနေပါ။ ဟမ်းစတားတစ်ကောင်၏ ဘဝဖြတ်သန်းပုံမှာ ငါးဆားနယ်တစ်ကောင်ကဲ့သို့ပင် ဖြစ်သည်။
ဒယ်ဒီရေချိုးတဲ့ အခါတိုင်း သိပ်ကိုကြာတာပဲ..
နည်းနည်းကြာအောင် စောင့်ပြီးသည့်နောက်တွင် ဟမ်းစတားလေးမှာ အတွေးပေါင်းစုံ တွေးလာမိပြီး သူ၏ နှလုံးသားလေးမှာလည်း စိုးရိမ်ပူပန်မှုတို့ကြောင့် တထိတ်ထိတ် ခုန်နေတော့သည်။ လှုပ်ရှားနေသည့် ပုံရိပ်အား မြင်တွေ့ရခြင်း မရှိပါလျှင် နျဲ့ရှောင်မှာ ရေနစ်လို့နေပြီဟုပင် တွေးမိတော့မည် ဖြစ်သည်။
ကံကောင်းစွာဖြင့် တံခါးပွင့်လာခဲ့ပြီး ထိခိုက်မှုမရှိဘဲ ထွက်လာသည့် နျဲ့ရှောင်အား ကြည့်နေလိုက်သည်။ ဟမ်းစတားလေးမှာ ထိုအခါမှသာ စိတ်သက်သာရာရစွာဖြင့် အသက်ရှူနိုင်တော့သည်။
ဒီပေါင်ပေါင်းလေးက စိုးရိမ်ရလွန်းလို့ သေတော့မလိုပဲနော်..
နျဲ့ရှောင် ရေချိုးခန်းထဲမှ အဝတ်ဗလာဖြင့်ထွက်လာပြီး နံဘေးရှိ စောင်လုံးလေးအား အမှတ်မထင် လှမ်းကြည့်လိုက်သည်။ မျှော်လင့်ထားသည့်အတိုင်းပင် သိုးမွေးလုံးလေးမှာ ငုတ်တုတ်ကလေးထိုင်ကာ သူ့အားကြည့်နေလေသည်။ ထိုအကောင်ပေါက်လေး၏ နဖူးလေးအား ရေစိုနေသည့် လက်ချောင်းထိပ်ဖြင့် တို့ထိလိုက်ပြီးနောက် အမွေးပွလုံးလေးအား ချန်ထားရစ်ခဲ့လိုက်သည်။
“အဆိုးအသွမ်းလေး..”
“ချိ..!” ပေါင်ပေါင်းက အဆိုးအသွမ်းလေး လုံးဝမဟုတ်ဘူးနော်..!
အဆိုးအသွမ်းလေးမှာ စည်းမဲ့ကမ်းမဲ့ သခင်ဖြစ်သူကြောင့် မျက်စိတ်တစ်မှိတ်အတွင်းမှာတင် အမွေးများ ရှုပ်ပွသွားခဲ့ရသည်။ အကောင်ပေါက်လေးမှာ ဟွန့်ခနဲ အသံပြုပြီး ချက်ချင်းဆိုသလို ခေါင်းလှည့်လိုက်သည်ကြောင့် လုံးဝန်းဝန်း တင်ပါးကလေးမှာ နျဲ့ရှောင်ဘက်သို့ ရောက်လာသည်။
နျဲ့ရှောင် ကူကယ်ရာမဲ့စွာဖြင့် ပြုံးလိုက်ရင်း တဘက်ယူကာဖြင့် ရေစိုနေသည့် ခန္ဓာကိုယ်အား သုတ်လိုက်သည်။
ကျယ်ပြန့်သည့် ပုခုံးများနှင့် ကျဉ်းမြောင်းသည့် တင်၊ ချောမွေ့သည့် ဝမ်းဗိုက်ကြွက်သားများ၊ ရှည်လျား ဖြောင့်စင်းသည့် ခြေတံနှင့် အနာအဆာမဲ့သည့် ခန္ဓာကိုယ်မှာ ရေသုတ်နေစဉ် တဖြည်းဖြည်း လှစ်ဟလို့လာသည်။
ရင်ဘတ်နှင့် နောက်ကျောတွင် အမာရွတ်ကြီးငယ်တို့ ရှိနေပြီး သန်မာသည့် ကျားဖယ်ရိုမုန်းတို့အား ထုတ်ဖော်နေသယောင်ပင်။
အတွင်းခံဘောင်းဘီနှင့် ရေချိုးဝတ်စုံတို့အား ဝတ်ဆင်ပြီးသည့်နောက်တွင် နျဲ့ရှောင်သည် အမွေးများအား ပွတ်သပ်နေဆဲဖြစ်သည့် မုန့်လုံးကလေးအား ဆွဲယူကာ လက်များဖြင့် ထွေးပွေ့ပြီးနောက် တံခါးဆီသို့ သွားလေသည်။
တာဝန်ကျေပွန်သည့် အစေခံတစ်ဦးအနေဖြင့် နျဲ့ရှောင်သည် အပြာရောင်ဂေါ်ပြားသေးသေးလေးအား ကျွမ်းကျင်စွာ ကောက်ယူလိုက်ပြီးနောက် မုန့်လုံးကလေး၏ ရေချိုးသန့်စင်ရာနေရာနံဘေးတွင် ငုတ်တုတ်ထိုင်လိုက်သည်။ ပေါင်ပေါင်း၏ သန့်စင်ခန်းလေးရှိ ကန့်လန့်ကာလေးအား ဖွင့်လိုက်ပြီးနောက် အညစ်အကြေးတုံးလေးများကို ဂေါ်ပြားဖြင့်ကော်ကာ အမှိုက်ပုံးထဲသို့ထည့်လိုက်သည်။ ထို့နောက် သဲအသစ်လောင်းထည့်လိုက်သည်။
“တကယ်နံတယ်ကွာ.. ဝူယိလေးက ဒီနေ့တော့ နံစော်ကောင်လေး ထပ်ဖြစ်ပြန်ပြီ..”
နျဲ့ရှောင်သည် ရွံရှာဟန်ဖြင့် သူ၏နှာခေါင်းအား ပိတ်ထားလိုက်ပြီး မုန့်လုံးလေးအား ရှက်ရွံ့တကြီး ‘ချိ.. ချိ..’ ဟူသည့် ဆန္ဒပြသံလေးများ ထွက်ပေါ်အောင် လုပ်လိုက်သည်။ ထိုအသံစီစီလေးမှာ နူးညံ့ကာ ချစ်စဖွယ်ပင်။
“ချိ..!” ပေါင်ပေါင်းက နံစော်ကောင်လေး မဟုတ်ဘူး..
ဆန်မုန့်လုံးလေးသည် နျဲ့ရှောင်အား မကျေမနပ် စိုက်ကြည့်လို့နေသည်။ ‘နံစော်ကောင်လေး’ သူသည့် အမည်အား သူလက်မခံနိုင်ပါ။ သို့သော်လည်း ဆန်မုန့်လုံးလေးမှာ စကားမပြောနိုင်သဖြင့် သူ့ကိုယ်သူ ခုခံပြောဆိုနိုင်ခွင့် မရှိပေ။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးတွင် မလိုလားမှုတို့ ပြည့်နေသည့်တိုင် ထိုအမည်ပြောင်အား ပြောင်းလဲနိုင်စွမ်း မရှိချေ။ စည်းမဲ့ကမ်းမဲ့ သခင်ဖြစ်သူ၏ အာဏာရှင်ဆန်မှုအား မတားဆီးနိုင်တော့ပေ။
“သွားကြစို့ နံစော်ပေါင်ပေါင်းလေး.. မနက်စာစားကြမယ်..”
နျဲ့ရှောင်၏နှုတ်ခမ်းတွင် အပြုံးလေးတစ်ခု ဖြစ်ပေါ်လာသည်။ လှုပ်လှုပ်ရွရွ မုန့်လုံးလေးအား သယ်ဆောင်ကာ မနက်စာ စားရန်အတွက် အောက်ထပ်သို့ ဆင်းလိုက်သည်။ ဗီလာအတွင်းရှိ အစေခံများမှာ အစောပိုင်းကတည်းက မနက်စာပြင်ဆင်ထားပြီးဖြစ်သည်။ စားပွဲပေါ်တွင် ပန်းကန်နှစ်စုံစာ ရှိနေသည်။
ပုံမှန်အရွယ်အစား တစ်စုံနှင့် အလွန်သေးငယ်သည့် တစ်စုံတို့ဖြစ်သည်။
နျဲ့ရှောင်ထိုင်ပြီးသည်နှင့် အမွေးလုံးလေးအား စားပွဲပေါ်တွင် နေရာချလိုက်သည်။ အကောင်ပေါက်လေးသည် ထမင်းပန်းကန်လုံးထဲရှိ လတ်လတ်ဆတ်ဆတ် အစာလေးများ၏ အနံ့အား ရှူရှိုက်လိုက်သည်။ ဆာလောင်နေပြီ ဖြစ်သည့်အတွက် သူ၏ဝမ်းဗိုက်ကလေးမှာ အော်ဟစ်လို့ နေလေပြီ။ အပြေးအလွှားဖြင့် သူ၏ပန်းကန်လုံးလေးအား ဆွဲယူလိုက်သည်။ လက်သေးသေးလေးများနှင့် အစာများအား တစ်စေ့ချင်းဆွဲယူပြီး သွားသေးသေးလေးများဖြင့် တတိတိကိုက်ကာ အလျင်စလို ဝါးနေသည်မှာ အလွန်ချစ်စဖွယ် ကောင်းလှသည်။
နျဲ့ရှောင် မုန့်လုံးလေးအားကြည့်ကာ ပြုံးလိုက်ပြီး တင့်တယ်တည်ငြိမ်စွာဖြင့် မနက်စာ စ စားလေသည်။
ဗိုက်ပြည့်ပြီးသည့်နောက်တွင် မုန့်လုံးကလေးသည် ပန်းကန်လုံးလေးအတွင်း ကျန်နေသည့် အစာများကို ကြည့်လိုက်ပြီးနောက် သဘာဝအတိုင်း သိုလှောင်သိမ်းဆည်းဖို့ ပြင်လေသည်။ အခွင့်ကောင်းကို ချောင်းကာဖြင့် ကျန်နေသည့် အစာများအား သူ၏ ပါးစုံအတွင်း ထည့်လိုက်သည်ကြောင့် ပါးစုံနှစ်ဖက်မှာ ဖောင်းကားလို့နေသည်။
ပြည့်ပြည့်ဖောင်းဖောင်း မျက်နှာလေးမှာ အလွန်ချစ်စဖွယ်ဖြစ်နေသဖြင့် နျဲ့ရှောင် မထိန်းနိုင်မသိမ်းနိုင်ဖြင့် သူ၏လက်ချောင်းများနှင့် ဆွဲဖျစ်လိုက်လေသည်။ ထိုအပြုအမူကြောင့် မုန့်လုံးလေးမှာ ‘သိုလှောင်ရုံဖွင့်ကာ ကုန်စည်များ လျှံထွက်’ လုမတတ် ဖြစ်သွားတော့သည်။
ကံကောင်းစွာဖြင့် လက်သေးသေးလေးများနှင့် ပါးစပ်ပိစိလေးအား လျင်မြန်စွာ ဖုံးအုပ်လိုက်နိုင်သည်ကြောင့် အစာများ ထွက်ကျလာမည့်ဘေးမှ ကာကွယ်လိုက်နိုင်သည်။
ဒေါသတကြီးဖြစ်လာသည့် ပေါင်ပေါင်းမှာ ခေါင်းကလေးမော့ကာဖြင့် သူ၏ အရှက်မဲ့သည့် ဒယ်ဒီအား စိတ်ဆိုးမာန်ဆိုး ကြည့်လိုက်သည်။ ဤလူမှာ သူ၏ဒယ်ဒီ ဟုတ်မနေခဲ့လျှင် နေရာတွင်ပင် သတ်ပစ်လိုက်မည် ဖြစ်သည်။
ဒီဟမ်းစတားလေးရဲ့ ပါးလေးကို စိတ်ကြိုက် ဖျစ်ချင်သလို ဖျစ်လို့ရတယ် ထင်နေတာလား.. ဒါလေးက ပေါင်ပေါင်းရဲ့ အဖိုးတန်လေးနော်..
မကျေနပ်ဟန်ဖြင့် ကြည့်ခံနေရသည့် နျဲ့ရှောင်မှာ လက်ပြန်ရုတ်ပြီးနောက် သူ၏ မုန့်လုံးကလေး ကျန်ရှိနေသည့် အစာများအား အပြောင်ရှင်းနေသည်ကိုသာ ကြည့်နေရုံရှိတော့သည်။ ထို့နောက်တွင် အမွေးလုံးလေး ပြီးစီးသွားသည်နှင့် နံဘေးရှိ သောက်ရေခွက်ကလေးအားယူကာ ပါးစပ်တွင် တေ့ပေးလိုက်သည်။
မုန့်လုံးကလေးမှာ ဤအပြုအမူများနှင့် အတော်လေး အကျွမ်းတဝင် ရှိနေပြီ ဖြစ်သည်။ သူ၏ခေါင်းကလေးအား မပြီးနောက် ဖန်ခွက်လေးအား လက်ကလေးဖြင့်ပွေ့ဖက်ကာ ရေသောက်လေသည်။ တစ်ညလုံး အိပ်စက်ပြီးသည့်နောက်တွင် အမှန်တကယ် ရေငတ်နေပြီ ဖြစ်သည်။
ပြည့်ဖောင်းသည်အထိ စားသောက်ပြီးသည့်အပြင် အစာလေးများလည်း သိုလှောင်ပြီးစီးပြီ ဖြစ်သောကြောင့် မုန့်လုံးကလေးသည် စားပွဲခင်းပေါ်တွင် လဲလျောင်းလိုက်တော့သည်။ ဗိုက်အင့်နေသည့်အတွက် မလှုပ်ချင်တော့ပါ။
ထိုအချိန်တွင် နျဲ့ရှောင်သည်လည်း စားသောက်ပြီးပြီဖြစ်သည့်အတွက် ပန်းကန်များအား သိမ်းခိုင်းလိုက်သည်။ အခြားသို့ အာရုံရောက်နေသည့် သေးငယ်ငယ် ဝတုတ်တုတ် ဟမ်းစတားလေးအား အလျင်အမြန် ဆွဲယူပြီးနောက် လက်ဖဝါးအရွယ် လျှပ်စစ်ပေါင်ချိန်စက်ပေါ် တင်လိုက်သည်။
ပေါင်ချိန်စက်ပေါ်ရှိ ကိန်းဂဏန်းများအား ကြည့်ကာ ပိုင်ရှင်နှင့် ဆန်မုန့်လုံးလေးတို့ ထိတ်လန့်သွားကြသည်။
ဆန်မုန့်လုံးလေး : OvO
“နံစော်ကောင်လေး.. မနက်စာလေးပဲ စားရသေးတာကို ပေါင်ပေါင်းက ၁၀ ဂရမ်ကျော်တောင် တက်လာတယ်.. ပေါင်ပေါင်းကတော့ ဝတုတ်ကောင်လေး ဖြစ်လာတော့မှာပဲ..”
နျဲ့ရှောင် အံ့ဩနေမိသည်။ ဤသည်မှာ ဆန်မုန့်လုံးလေး၏ ကိုယ်ပိုင်အလေးချိန်ရဲ့ ငါးပုံတစ်ပုံ ဖြစ်သည်။
“ပေါင်ပေါင်းက ဆန်ပုံးပိစိလေး ဖြစ်နေပြီ..”
“ချိ..!” မဟုတ်ဘူး.. ပေါင်ပေါင်းက ဆန်ပုံးလေး မဟုတ်ဘူးလို့..
သူ၏ ဖုံးကွယ်ထားသည့် ခန္ဓာကိုယ်လေး ပေါ်သွားလေပြီ။ ပေါင်ချိန်စက်ပေါ်မှ အလျင်စလို ပြေးဆင်းလိုက်သည်။ ဆန်မုန့်လုံးလေးသည် လက်သေးသေးလေးများဖြင့် သူ၏ဖောင်းကားနေသည့် ပါးစုံလေးများအား ပင့်ကိုင်ထားပြီး ဤသည်မှာ သူ၏အလေးချိန် အမှန်မဟုတ်ဟု ဆိုနေသယောင်ပင်။
သို့သော်လည်း နျဲ့ရှောင်မှာ အေးစက်ကာ အကြင်နာမဲ့လှသည်။
“အစာတွေက အခုခဏလေးပဲ သိမ်းထားတာ.. ပြီးရင် ပေါင်ပေါင်းရဲ့ ဗိုက်ကလေးထဲပဲ ရောက်သွားမှာ မဟုတ်လို့ ဘယ်သူ့ဆီ ရောက်ဦးမှာလဲ..”
ဆန်မုန့်လုံးလေး : QAQ
သူမစားဘူးဆိုသည်အား သက်သေပြရန်အတွက် အကောင်ပေါက်လေးသည် သူ၏ပါးစုံလေးများအား လက်ကလေးများဖြင့် တွန်းလိုက်သည်။ ထို့နောက် ပါးစုံအတွင်းရှိ အစာလေးများအား ထုတ်ယူကာ နျဲ့ရှောင်၏ လက်ဖဝါးပေါ် တင်လိုက်သည်။ သူ၏ သေးငယ်လုံးဝန်းသည့် မျက်လုံးလေးများမှာလည်း နျဲ့ရှောင်အား ကြည့်လျက်ပင်။
“ချိ..!” ဝူယိလေးက သိမ်းထားတဲ့ အစာတွေကို မစားဘူး.. အဲဒါကြောင့် ပေါင်ပေါင်းက ဝတုတ်လေး လုံးဝ မဟုတ်ဘူး..
နျဲ့ရှောင် ရုတ်တရက်ဆိုသလို အံ့အားသင့်သွားမိပြီး လက်ဖဝါးပေါ်ရှိ အစာလေးအား ကြည့်ကာ နှလုံးသားထဲတွင် နွေးထွေးမှုတို့ ပြည့်နှက်လာသည်။ ဆန်မုန့်လုံးလေး၏ နဖူးကလေးအား သူ၏လက်ချောင်းထိပ်ဖြင့် ပွတ်သပ်လိုက်သည်။
“ဟုတ်ပြီ.. နံစော်ပေါင်ပေါင်းက အခု မဝတော့ဘူး.. အဲဒါကြောင့် များများ သိမ်းပြီးတော့ ဒယ်ဒီ့ကို ပြန်ရှာကျွေးနိုင်လောက်အောင် ကြီးပြင်းလာတဲ့အထိ များများစားရမယ်နော်..”
ဆန်မုန့်လုံးလေး အားတက်လာပြီးနောက် ချက်ချင်းပင် ပျော်ရွှင်စွာဖြင့် ‘ချိ..’ ဟု အသံပြုလိုက်ပြီး သူ၏ကတိအား သေချာပေါက် တည်မည်ဟု ဆိုလိုက်သည်။ နျဲ့ရှောင်ကဲ့သို့ လူအကြီးကြီးအား ကြည့်ရင်းဖြင့် ရုတ်တရက်ဆိုသလို မိသားစုတစ်စုအား ပျိုးထောင်လိုသည့် ရည်ရွယ်ချက်တို့ ပေါ်ပေါက်လာသည်။
ဝူယိက ဒယ်ဒီ့ကို သေချာပေါက် ရှာကျွေးမှာ..
ထို့နောက်တွင် ဖုန်းတစ်ကော ဝင်လာခဲ့သည်။ နျဲ့ရှောင်သည် ခေါ်ဆိုသူအား ကြည့်ကာဖြင့် ဖုန်းဖြေလိုက်သည်။ စားပွဲပေါ်တွင် ရှိနေသည့် ဆန်မုန့်လုံးလေးသည် မော့ကြည့်လိုက်ပြီးနောက် သူ၏ နားရွက်သေးသေးလေးမှာလည်း တဖျပ်ဖျပ် ခတ်လို့နေကာ သေသေချာချာ နားထောင်နေကြောင်း ပြလို့နေသည်။
ဖုန်းကိုင်ပြီးသည်နှင့် စပီကာမှတဆင့် တက်ကြွကာ အားအင်အပြည့်နှင့် အသံတစ်သံ ထွက်ပေါ်လာသည်။
“ဘောစ့်ရေ.. ဘောစ့်.. မင်္ဂလာနှစ်သစ်ပါနော်.. ယန်ကျဲဆီက သတင်းတစ်ခု ရထားတယ်.. ရေချိုငါးခေါင်းတွေ ရထားလို့ ကျွန်တော်တို့ကို လာစားမလားလို့ မေးတယ် ဘော့စ်..”
“စားမယ်..”
နျဲ့ရှောင် မျက်ခုံးပင့်ကာဖြင့် ခပ်တိုတို ဖြေလိုက်သည်။
“!!!?”
“ဘောစ့်က ဘယ်လိုလုပ်ပြီး သဘောတူလိုက်တာလဲ..”
နျဲ့ရှောင် သဘောတူလက်ခံမည်ဟု အခြားတစ်ဘက်မှ မျှော်လင့်ထားပုံ မရချေ။ တက်ကြွမှုတို့ ပြည့်နှက်နေသည့် အသံမှာ ရုတ်တရက်ဆိုသလို ပျောက်ဆုံးသွားပုံရပြီ နာကျင်စွာဖြင့် မေးလာသည်။
“ဘောစ့်ကလည်း တရုတ်နှစ်သစ်ကူးကို အခွင့်ကောင်းယူပြီး အလုပ်သမားနေ့လေးနဲ့ အချိန်ဖြုန်းသင့်တာ မဟုတ်ဘူးလား.. ကျွန်တော်လည်း ဟာဝါအီမှာ နှစ်ရက်လောက် ထပ်နေချင်သေးတယ်လို့... QAQ”
နျဲ့ရှောင် : “…”
ဘာတွေလဲ..
နျဲ့ရှောင် မျက်မှောင်ကြုတ်လိုက်သည်။
နံဘေးတွင် နားထောင်နေသည့် ဆန်မုန့်လုံးလေးမှာ ဤတစ်ကြိမ်တွင် အလွန်ဒေါသထွက်လာပြီ ဖြစ်သည်။ ဖုန်းမျက်နှာပြင်အား မကျေနပ်စွာဖြင့် ရိုက်ပုတ်လိုက်သည်။
ဝူယိလေးက အလုပ်သမားနေ့ မဟုတ်ဘူး.. ဝူယိလေးက ဟမ်းစတားလေး..!!!