အခန်း ၂ ဝူယိလေး ငါးမစားနိုင်တော့ပါ
ထို ‘ရေချိုငါးခေါင်း’ ဆိုသည့်အရာမှာ အစစ်အမှန် ငါးတစ်ကောင်အား ဆိုလိုခြင်း မဟုတ်ပေ။ နျဲ့ရှောင်နှင့် သူ၏လူများသာ နားလည်နိုင်သည့် လျှို့ဝှက်မစ်ရှင်ကုဒ်တစ်ခု ဖြစ်သည်။
‘ရေချို’ ဆိုသည်မှာ အတွင်းကိစ္စကို ဆိုလိုပြီး ‘ငါးခေါင်း’ ဆိုသည်မှာ အပြတ်ရှင်းရမည့် ကြေးစားမစ်ရှင်အား ဆိုလိုခြင်းဖြစ်သည်။
ထိုလျှို့ဝှက်ကုဒ်မျိုးမှာ သာမန်လူများကိုသာလျှင် အရူးလုပ်နိုင်မည်ဖြစ်ပြီး နျဲ့ရှောင်၏နံဘေးတွင် တစ်ချိန်လုံး ရှိနေခဲ့သည့် ဆန်မုန့်လုံးလေး ဝူယိအား ဖုံးကွယ်နိုင်စွမ်း မရှိပါချေ။
မစ်ရှင်အသစ်တစ်ခု ရှိလာတော့မည်ကို ကြားပြီးသည့်နောက်တွင် ဆန်မုန့်လုံးလေး၏ ခန္ဓာကိုယ်လေးမှာ လှုပ်လှုပ်ရှားရှား ဖြစ်လာလေသည်။
ဒယ်ဒီနဲ့ အပြင်သွားပြီ အတူတူ ထပ်သွားဆော့ရတော့မယ် ရေ့ရေ့..
နျဲ့ရှောင် နင်ဖုန်း၏ ခေါ်ဆိုမှုအား ဖြတ်တောက်ပြီးသည်နှင့် တလက်လက်တောက်နေသည့် ဆန်မုန့်လုံးလေး၏ မျက်လုံးများအား ငုံ့ကြည့်ကာ ကူကယ်ရာမဲ့စွာဖြင့် ရယ်မောလိုက်လေသည်။
“ပေါင်ပေါင်းက ဒယ်ဒီနဲ့အတူ ငါးသွားစားဖို့ စဉ်းစားနေတာလားကွ..”
“ချိ..!”
ဆန်မုန့်လုံးလေး၏ အမွေးပွခေါင်းလုံးလေးမှာ တဆတ်ဆတ်ညိတ်လို့နေပြီး နျဲ့ရှောင်အား သဘောတကျ ကြည့်လိုက်သည်။ ဆန်မုန့်လုံးလေးနှင့် သူ၏ဒယ်ဒီမှာ အားလပ်ရက်အား အတူကုန်ဆုံးနေကြခြင်း ဖြစ်သည့်တိုင် သူ၏ဒယ်ဒီနှင့် နေ့တိုင်းနေ့တိုင်း အတူရှိနိုင်မည်ဆိုလျှင် ပျော်ရွှင်ရမည်ဖြစ်သည်။ မစ်ရှင်လုပ်နေစဉ် စကြဝဠာကြီးထဲတွင် အလွှမ်းမိုးနိုင်ဆုံးဖြစ်သည့် အလွန်အမင်း ခံ့ညားချောမောသည့် ဒယ်ဒီအား မြင်ချင်မိနေဆဲပင်။
နျဲ့ရှောင်သည် ဆန်မုန့်လုံးလေး၏ မျက်လုံးလေးထဲတွင် ပေါ်လွင်နေသည့် အမူအရာအားကြည့်ကာ ကျေနပ်လို့နေပြီး သူ၏နှုတ်ခမ်းထောင့်များပင် မသိမသာ မြင့်တက်သွားသည်။ ဆန်မုန့်လုံးလေးအား ကောက်ယူကာ အပေါ်ထပ်ရှိ အိပ်ခန်းအတွင်းသို့ ပြန်လိုက်သည်။ သူ၏ ဂရုတစိုက်ရှိသည့် အသွင်အပြင်အား ကြည့်ရသည်မှာ အလွန်ရှားပါးအဖိုးတန်လှသည့် အရာတစ်ခုခုအား သယ်ဆောင်လာသည်နှင့်ပင် တူလေသည်။
ဗီလာရှိ အလုပ်သမားများမှာ အချိန်ကြာနေပြီဖြစ်သည့်တိုင် ထိုအပြုအမူအား အသားကျခြင်း မရှိသေးပါချေ။ ထို့ကြောင့် ယခုအခါတွင် နျဲ့ရှောင်အပြင်ထွက်ရဦးမည် ဖြစ်သည်ကြောင့် သူတို့သည် ခွင့်ရက်တစ်ချို့ယူရန် စတင်စဉ်းစားလို့နေကြပြီ ဖြစ်သည်။
အလုပ်သမားများမှာ အလုပ်ရှင်ဖြစ်သူ နျဲ့ရှောင်၏ ကိုယ်ရေးအချက်အလက်နှင့် အလုပ်အကိုင်များအကြောင်း သိရှိထားခြင်း မရှိချေ။ နျဲ့ရှောင်၏ ဟမ်းစတားလေးအပေါ် ကလေးတစ်ဦးသဖွယ် ဆက်ဆံနေရသည့် အကြောင်းအားလည်း နားမလည်နိုင်ကြပေ။ နျဲ့ရှောင်၏ အကြောင်းအား မေးမြန်းစုံစမ်းခြင်း မပြုဘဲနှင့် တာဝန်ရှိသည့် ကိစ္စများကိုသာ ပြည့်စုံစွာလုပ်ကိုင်ပေးရင်း မြင့်မားသည့် လစာရရှိရန်သာ မျှော်လင့်ကြသည်။
ဤကမ္ဘာကြီး၌ လူချမ်းသာများတွင် ပုံမှန်မဟုတ်သည့် ခပ်ကြောင်ကြောင်ဝါသနာများ ရှိတတ်ကြသည်။
အိပ်ခန်းအတွင်း ပြန်ရောက်သည့်အခါတွင် နျဲ့ရှောင်သည် အထူးပြုလုပ်ထားသည့် ကွန်ပျူတာအား ဖွင့်လိုက်သည်။ ကန့်လန့်ကာများ ချထားသဖြင့် မှောင်မည်းနေသည့် အခန်းအတွင်းတွင် အပြာဖျော့ရောင်အလင်းတစ်ခု ထွက်ပေါ်လာသည်။ ကွန်ပျူတာမျက်နှာပြင်ပေါ်တွင် ဗီဒီယိုကောလ်ခေါ်ဆိုမှု ပေါ်လာရန် သိပ်မကြာလိုက်ချေ။
ဗီဒီယိုကောလ်အား လက်ခံလိုက်သည့်အချိန်တွင် မျက်နှာပြင်မှာ အကွက်ငါးကွက် ပိုင်းသွားပြီး နျဲ့ရှောင်အပါအဝင် မျက်နှာလေးခုမှာ အကွက်တစ်ကွက်စီတွင် ပေါ်နေလေသည်။
နျဲ့ရှောင်၏ ပုခုံးထက်တွင် ရှိနေသည့် ဆန်မုန့်လုံးလေးသည် ကွန်ပျူတာမျက်နှာပြင်တွင် ပေါ်လာသည့် အဖွဲ့သားလေးယောက်အား ကြည့်ကာ ‘ချိ..’ ဟု အသံပြုပြီးနောက် ပျော်ရွှင်စွာဖြင့် လက်သေးသေးလေးအား ဝှေ့ယမ်းနှုတ်ဆက်လိုက်သည်။
နျဲ့ရှောင်၏နားထဲတွင် နူးညံ့သည့်အသံလေး ထွက်ပေါ်လာသည့်အတွက် ဆန်မုန့်လုံးလေး၏ မေးစေ့တစ်တစ်လေးအား လက်ချောင်းထိပ်များဖြင့် ဖျစ်ညှစ်လိုက်သည်။
အဖွဲ့သားလေးယောက်မှာလည်း ဆန်မုန့်လုံးလေးကြောင့် အသည်းတယားယား ဖြစ်လာကြသည်။
“အားးး သေပါပြီ.. အလုပ်သမားနေ့လေးက ချစ်စရာလေးတွေရောင်းနေပြန်ပြီဟေ့..”
“ဝူယိပါ.. အလုပ်သမားနေ့မဟုတ်ဘူး.. သတိထားနော်.. ကလေးလေးက မင်းကိုတွေ့တာနဲ့ ကိုက်လိမ့်မယ်..”
သွမ့်ဝမ်ယွီ ပြုံးလျက်နှင့် ပြောလာပြီး သူ၏လက်အား နံဘေးသို့ ဆန့်လိုက်သည်။ ထို့နောက် နင်ဖုန်းရှိနေသည့် အကွက်၏ထိပ်တွင် ဖြူဖွေးသွယ်လျသည့် လက်တစ်ဘက် ရုတ်တရက် ထွက်ပေါ်လာသည်။
နင်ဖုန်းမှာ သတိလက်လွတ်ဖြစ်နေသည့်အတွက် သူ၏ခေါင်းမှာ ပြင်းပြင်းထန်ထန် ရိုက်ခံလိုက်ရသည်။ သွမ့်ဝမ်ယွီဘက်သို့ လှည့်လိုက်ပြီးနောက် သူ၏သွားများနှင့် ကိုက်ရန်ပြင်သော်လည်း ရက်ရက်စက်စက် ဖိနှိပ်ခံလိုက်ရသည်။
ထိုအဖြစ်အပျက်အား ကြည့်နေရင်း အခြားတစ်ကွက်မှ ခပ်ကြမ်းကြမ်းအသံတစ်ခု ထွက်ပေါ်လာသည်။ ထိုခပ်ဩဩ အသံအား နားထောင်ပြီးသည်နှင့် တုတ်ခိုင်သန်မာသည့် လူတစ်ဦးဖြစ်မည်ကို မည်သူမဆို ခန့်မှန်းနိုင်မည် ဖြစ်သည်။
“အဖိုးကြီးသွမ့်.. မင်းကကော ဟာဝါအီကို ဘာသွားလုပ်တာလဲ..”
ဝူဝမ်ချီသည် အကွက်တစ်ခုတည်းဖြစ်သွားသည့် သွမ့်ဝမ်ယွီနှင့် နင်ဖုန်းတို့အားကြည့်လိုက်ပြီးနောက် ကြမ်းတမ်းသန်မာသည့် မျက်နှာမှာ ချစ်စဖွယ်ရှုပ်ထွေးနေဟန် ဖြစ်လာပြီး အနည်းငယ် နှစ်လိုဖွယ်ပင် ကောင်းနေလေသည်။
“ပြီးခဲ့တဲ့ နှစ်ရက်ကပဲ ဒီမှာရှိနေတာ မဟုတ်ဘူးလား.. ဘာကိစ္စနဲ့ နင်ဖုန်းနဲ့အတူ ရှိနေရပြန်တာလဲ..”
“ဒီကလေးက ဟာဝါအီမှာ ပျောက်သွားမှာ စိုးရိမ်ရလို့ လာပြီးတော့ စောင့်ကြည့်နေတာ..”
သွမ့်ဝမ်ယွီမှာ ပြုံးလျက်နှင့် ရှိနေဆဲဖြစ်သည်။ ငွေရောင်ဘောင်ကွပ်ထားသည့် မျက်မှန်တပ်ဆင်ထားသဖြင့် သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှာ ကြော့ရှင်းကာ ကျက်သရေရှိလို့နေသည်။
“ဖွီး.. ခင်ဗျားကမှ ကလေး..”
နင်ဖုန်း ရုတ်တရက် ထအော်လိုက်သည်။
“ဒီသခင်လေးက ၁၉ နှစ်ရှိပြီဗျ..”
“ဟုတ်သားပဲ.. အငယ်ဆုံးလေး..”
အဖွဲ့ထဲရှိ တစ်ဦးတည်းသော အမျိုးသမီးမှ စကားဝင်ပြောလာပြီဖြစ်သည်။ မှန်သားပြင်ပေါ်ရှိ လှပသည့် မျက်နှာလေးမှာ ယခင်အတိုင်း မမေ့ရက်နိုင်စရာပင် ဖြစ်သည်။
“ဟုတ်ပြီ.. ကပျက်ကချော်လုပ်နေတာ တော်လိုက်တော့.. ဒီမစ်ရှင်အတွက် သိသင့်တဲ့ အချက်အလက်တွေ ပို့ထားတယ်.. ကြည့်လိုက်ကြ..”
ရှောင်ယန်ဝင်လာသည့်အခါတွင် ငြင်းခုန်နေကြသည့် လူများမှာ နာနာခံခံဖြင့် အချက်အလက်များအား လျင်မြန်စွာ ကြည့်လိုက်ကြသည်။
ဤကမ္ဘာကြီးတွင် အမျိုးသမီးတစ်ဦး၏ ဒေါသသည် အန္တရာယ်အရှိဆုံးသော ကိစ္စရပ်များအား ဖြစ်စေနိုင်စွမ်းရှိသည်။ အမျိုးသမီးတစ်ဦးမှာ လှပသည်နှင့်အမျှ ပိုမိုအဆိပ်ပြင်းလေသည်။ ထို့ကြောင့် မလိုအပ်ဘဲနှင့် အမျိုးသမီးများအား သွားမဆွသင့်ပေ။
“အခုချက်ချင်း ဖတ်ကြမယ်ဟေ့..”
အငြင်းအခုန်ပြုခဲ့ကြသည့် သုံးယောက်သားမှာ သံပြိုင်နီးပါး ပြောလာကြပြီး ကောင်းကောင်းလေ့ကျင့်ပေးခံရသည့် ယုန်လေးများကဲ့သို့ ဖြစ်သွားကြလေသည်။
ရှောင်းယန် မျက်ခုံးများပင့်သွားသည်။ “...”
ငါက အဲလောက်ကြီး ကြောက်ဖို့ကောင်းနေတာလား..
အဖွဲ့သားလေးယောက်အကြားမှ တုံ့ပြန်မှုများအား မြင်သည့်အခါတွင် နျဲ့ရှောင်၏ မျက်လုံးထဲတွင် အပြုံးရိပ်တို့သန်းနေသည်။ သူ၏လည်ပင်းအနားတွင် ထိုင်နေသည့် ဆန်မုန့်လုံးလေးမှာလည်း ပါးစပ်ပိစိလေးအား လက်ပေါက်စကလေးများဖြင့် အုပ်ကာ ကျိတ်ရယ်လို့နေသည်။
မကြာမီတွင် မစ်ရှင်နှင့် ပတ်သက်သည်များကို အားလုံးဖတ်ပြီးသွားကြသည်။
မစ်ရှင်အကြောင်းအရာမှာ ပစ်မှတ်အား ချောင်းမြောင်းပစ်ခတ်ရမည့် ရိုးရိုးရှင်းရှင်း တာဝန်တစ်ခုသာ ဖြစ်သည်။ ပစ်မှတ်၏ အချက်အလက်များမှာလည်း ဖိုင်ထဲတွင် ရှင်းရှင်းလင်းလင်း ဖော်ပြထားသည်။ ခက်ခဲသည့် မစ်ရှင်မဟုတ်ကြောင်း သိသာလေသည်။
သို့သော်လည်း လုံခြုံမှုရှိစေရန်အတွက် နျဲ့ရှောင်သည် ကမ္ဘာ့ထိပ်တန်း ဟက်ကာတစ်ယောက်ဖြစ်သည့် သွမ့်ဝမ်ယွီအား အချက်အလက်များ ပိုမိုသိရှိရန် စုံစမ်းခိုင်းလိုက်သည်။ ရိုးရိုးရှင်းရှင်းဟု ထင်ရသည့် မစ်ရှင်များတွင် မကြာခဏဆိုသလို ထောင်ချောက်များ ပါဝင်တတ်သည်။
သွမ့်ဝမ်ယွီ အမိန့်အားလက်ခံပြီးသည်နှင့် စတင်စစ်ဆေးကြည့်တော့သည်။ သူ၏ လက်ချောင်းထိပ်လေးများမှာ ကီးဘုတ်ပေါ်တွင် ပြေးလွှားလို့နေပြီး ဖောက်ထွင်းမြင်နိုင်သည့် မှန်သားပြင်တွင် ရှုပ်ထွေးလှသည့် အမျိုးမျိုးမျိုးသော ဒေတာကုဒ်များ ရောင်ပြန်လို့နေသည်။
သွမ့်ဝမ်ယွီအတွက် အဖြေရရန် သိပ်မကြာလိုက်ချေ။
“ဘာပြဿနာမှ မရှိဘူး ဘော့စ်.. ကျွန်တော်တို့ ဒီမစ်ရှင်ကို လုပ်လို့ရတယ်..”
သွမ့်ဝမ်ယွီ ငွေကိုင်းမျက်မှန်အား နှာရိုးပေါ်သို့ ပင့်တင်လိုက်သည်။ ဤမစ်ရှင်နှင့် သူတို့အကြားတွင် ကိုယ်ရေးကိုယ်တာ မကျေလည်မှုများ ရှိမနေသည်မှာ သေချာစေရန်အတွက် မစ်ရှင်အပ်နှံသူ၏ ဘဝတစ်ခုလုံးကိုပင် တူးဖော်ကြည့်ခဲ့သည်။
“ဒီမစ်ရှင်ကို ဗြိတိသျှနိုင်ငံသားတစ်ယောက်က အပ်တာဆိုပေမဲ့လည်း သူက ဟောင်ကောင်က စီးပွားရေးလုပ်ငန်းရှင် တစ်ယောက်ပဲ.. သူ့ရဲ့ အချစ်ဆုံးသမီးလေးက ခရီးစဉ်မှာ ပြန်ပေးဆွဲခံရပြီး ရက်ရက်စက်စက် အသတ်ခံခဲ့ရတယ်.. ရဲတွေက လူသတ်သမားကို ရှာတွေ့ပြီး ဖမ်းဆီးခဲ့ပေမဲ့ သူက လူသတ်သမားကို တရားဥပဒေကနေ ရင်ဆိုင်ဖို့ စိတ်ကူးမရှိဘူး..”
“သူရဲ့ အမုန်းတရားကို ဖြေဖျောက်ဖို့ လူသတ်သမားကို ဖမ်းပြီး ကိုယ်တိုင်ကိုယ်ကျ သတ်ချင်တာ..”
ထိုသို့ရှင်းပြပြီးသည့်နောက်တွင် သွမ့်ဝမ်ယွီသည် စီးပွားရေးလုပ်ငန်းရှင်၏ သမီးဖြစ်သူ သတ်ဖြတ်ခံရသည့် မှုခင်းဓာတ်ပုံများအား ပို့လာခဲ့သည်။ သူ၏မျက်လုံးများမှာလည်း အေးစက်လို့နေသည်။
ဝူဝမ်ချိနှင့် နင်ဖုန်းတို့ အလျင်စလို ကြည့်လိုက်ပြီးနောက် ကျိန်ဆဲရုံသာ တတ်နိုင်လေသည်။
ထိုကြေကွဲဝမ်းနည်းဖွယ်ရာ ဓာတ်ပုံများမှာ ကြည့်မိသည့် လူတိုင်းအား မလွှဲမသွေ ထိုသို့ခံစားမိစေမည် ဖြစ်သည်။ နျဲ့ရှောင်သည် ပြင်ဆင်ထားပြီးဖြစ်သည့်အတွက် ဆန်မုန့်လုံးလေး၏ မျက်လုံးအား လျင်လျင်မြန်မြန် ဖုံးကွယ်လိုက်ပြီးနောက် ရုန်းကန်နေမှုအား လျစ်လျူရှုကာဖြင့် အဝေးတွင်ရှိသည့် အရုပ်အိမ်ကလေးထဲသို့ အမွေးလုံးလေးအား ထည့်လိုက်သည်။
“လိမ်လိမ်မာမာလေး ခဏလောက် ကစားနေဦးနော်..”
“ချိ..!” မရဘူး.. ပေါင်ပေါင်းလည်း ကြည့်ချင်တယ်ဆို..
ဆန်မုန့်လုံးလေးမှာ ခုန်ဆွခုန်ဆွနှင့် မပျော်ရွှင်စွာဖြင့် တအီအီ အော်လို့နေသော်လည်း နျဲ့ရှောင်၏ ဆုံးဖြတ်ချက်အား မပြောင်းလဲနိုင်ခဲ့ချေ။ သူ၏ ဒန်းကလေးပေါ်တွင် ထိုင်ကာဖြင့် စိတ်ကောက်လို့နေပြီး ကွန်ပျူတာ မျက်နှာပြင်ထက်ရှိ ပုံရိပ်များအား မမြင်နိုင်တော့သည်အထိ နျဲ့ရှောင်အား မကြာခဏ ကြည့်လို့နေသည်။
“လူမဆန်တဲ့ ခွေးမသား..!”
နင်ဖုန်းမှာ မကျိန်ဆဲဘဲ မနေနိုင်တော့ချေ။ သူတို့မှာ တရားဥပဒေအား လိုက်နာကြသူများ မဟုတ်သော်လည်း အပြစ်မဲ့သည့် မိန်းကလေးများအပေါ် ဤကဲ့သို့ ရက်ရက်စက်စက် ပြုမူခဲ့ခြင်းမျိုး ယခုထိတိုင်အောင် မရှိခဲ့ပေ။
“ငါဆိုရင်လည်း ဒီစီးပွားရေးလုပ်ငန်းရှင်ထက် ပိုပြီးတော့တောင် အညှာအတာမဲ့ဦးမှာ သေချာတယ်.. ဒီကောင်ကိုသတ်ဖို့ အခြားသူကို ငှားတာကပဲ အတော်လေး သက်ညှာရာကျနေပြီ.. အဲ့ကောင်ကို ဒီကမ္ဘာကြီးမှာ မွေးဖွားလာခဲ့တာကိုပါ နောင်တရသွားအောင် လုပ်ပစ်မယ်..”
ဝူဝမ်ချီပြောပြီးနောက် မျက်မှောင်ကြုတ်နေသည်။ တစ်ယောက်တည်းနေကြသည့် သူ၏အဖွဲ့သားများနှင့် မတူဘဲ သူ့ဆီတွင် အတူနေညီမတစ်ယောက် ရှိလေသည်။ သူတို့ကြား အသက် ၁၀ နှစ်ကွာခြားသဖြင့် သူ၏ညီမလေးအား သမီးကဲ့သို့ စောင့်ရှောက်လာခဲ့ရသည်။ သူ၏ညီမလေးကိုသာ ထိုကဲ့သို့ နာကျင်စေမည်ဆိုလျှင် သူ့အနေဖြင့် ရူးသွပ်သွားပြီး ကမ္ဘာတစ်ခုလုံးကိုပင် လက်စားချေပစ်မိလိမ့်မည်။
ပစ်မှတ်၏ ထူးခြားမှုမရှိဘဲ ရိုးသားသည့်မျက်နှာအား ကြည့်ကာဖြင့် ဤလူမှာ လူသားအရေခြုံထားသည့် မိစ္ဆာတစ်ကောင်ဖြစ်သည်ဟု မည်သူကမျှ တွေးမိလိမ့်မည် မဟုတ်ချေ။
ရှောင်ယန်မှာလည်း အမျိုးသမီးတစ်ဦးသာ ဖြစ်သည့်အတွက် အလွန်အမင်း စက်ဆုပ်ရွံရှာမိသည်။
“အချိန်ရောက်တာနဲ့ ငါကိုယ်တိုင် ဒင်းခေါင်းကို ဖြတ်မယ်..”
ရှောင်ယန်၏ သတ်ဖြတ်ချင်စိတ်တို့ ပြည့်ဝနေသည့် စကားအား နားထောင်ပြီးသည့်နောက်တွင် ကျန်သူအားလုံး တိတ်ဆိတ်သွားကြပြီး မှတ်ချက်များပင် မပြုကြတော့ချေ။
မစ်ရှင်နှင့်ပတ်သက်၍ အခြားပြဿနာများ မရှိကြောင်း အတည်ပြုပြီးသည့်နောက်တွင် နျဲ့ရှောင်တို့အဖွဲ့ မစ်ရှင်အား လက်ခံလိုက်ကြသည်။ သွမ့်ဝမ်ယွီသည် ရဲစခန်း၏ စနစ်အား ကျူးကျော်ပြီးနောက် ပစ်မှတ်ရှိမည့်နေရာအား ရှာဖွေလိုက်သည်။ လက်တလောတွင် လူသတ်သမားမှာ ပျောက်နေပြီး ရဲများက လူသတ်သမားသည် မော့ဟယ်မြို့သို့ ထွက်ပြေးတိမ်းရှောင်သွားသည်ဟု ယုံကြည်ကြသည်။ ဤမစ်ရှင်အား ပြီးမြောက်လိုလျှင် လူသတ်သမားအား ရဲများထက် အရင်ရှာတွေ့ဖို့ လိုအပ်သည်။
“ရဲတွေနဲ့ ပတ်သက်နေတာဆိုတော့ အဲအကြောင်း တွေးလိုက်ရုံနဲ့တင် စိတ်လှုပ်ရှားနေတာ အရမ်းပဲ..”
နင်ဖုန်း စိတ်လှုပ်ရှားစွာဖြင့် ဆိုသော်လည်း မော့ဟယ်မြို့၏ ရာသီဥတုအကြောင်း အမှတ်ရမိသည့်အခါ စိတ်ဓာတ်ကျသွားပြန်သည်။
“ဒါပေမဲ့လည်း ဘာကိစ္စနဲ့ နွေးနွေးထွေးထွေး ဟာဝါအီလေးကို စွန့်ပစ်ပြီး အေးတိအေးစက် မော့ဟယ်ကို သွားရမှာလဲလို့.. အရမ်းလည်းဝေးသေးတာ ဒုက္ခများလွန်းတယ်နော်.. QAQ”
“မင်းရဲ့နိုင်ငံကိုသာ မြန်မြန်လေး ပြန်လာစမ်းပါ..”
ဝူဝမ်ချီ ရယ်မောကာဖြင့် ဆူလိုက်သေးသည်။
“မင်းက အေးခဲနေတာနဲ့ပဲ တန်တယ်..”
“ခင်ဗျားက လုံးဝ လူမဆန်ဘူးးးးး”
နျဲ့ရှောင်သည် ‘မော့ဟယ်’ ဟူသည့် စကားလုံးအား အာရုံစိုက်လို့နေပြီး ဒန်းကလေးအား ရှေ့နောက်လွှဲကာဖြင့် စီးနေပြီး အပြစ်ကင်းစွာဖြင့် လျစ်လျူရှုနေသည့် မျက်နှာလေးနှင့်ရှိနေသည့် ဆန်မုန့်လုံးလေးအား ကြည့်လိုက်မိသည်။(ပြေးတဲ့ဘီးလုံးလေးကိုပြောတာထင်တယ်)
နျဲ့ရှောင်၏အကြည့်အား သတိပြုမိသည့်အခါ ဆန်မုန့်လုံးလေး ခေါင်းကလေး ငဲ့ကြည့်လိုက်သည်။
“ချိ..!?”
“ချုံပေါင်ပေါင်းရေ.. ဒယ်ဒီက မင်းလေးကို ဒီတစ်ခါတော့ ငါးစားဖို့ ခေါ်မသွားနိုင်တော့ဘူးကွာ..”
နျဲ့ရှောင် ထိုင်ခုံမှထကာ အရုပ်အိမ်ကလေး၏ရှေ့တွင် ဆောင့်ကြောင့်ထိုင်လိုက်ပြီး ရက်စက်လှသည့် သတင်းအား ဝမ်းနည်းမှုအပြည့်ဖြင့် ကြေညာလိုက်ရသည်။
“!!!!!!”
ဆန်မုန့်လုံးလေးသည် ကြားလိုက်ရသည့်သတင်းကြောင့် ထိတ်လန့်သွားကာ ဒန်းပေါ်ရှိ ခြေထောက်လေးများအား ဆက်လွှဲဖို့ရန်ပင် မေ့လျော့သွားသည့်အတွက် ချက်ချင်း ပြုတ်ကျလာတော့သည်။ နျဲ့ရှောင်သည် အလျင်အမြန်ပင် ဆန်မုန့်လုံးလေးအား လက်ဖြင့် ဖမ်းယူလိုက်ပြီး ဆန်မုန့်လုံးလေး၏ မျက်နှာမှာ နျဲ့ရှောင်၏ လက်ဖဝါးနှင့် တိုက်မိသွားလေသည်။
နျဲ့ရှောင်သည် ဆန်မုန့်လုံးလေးအား လက်ဖဝါးပေါ်တွင် ထိုင်ခိုင်းလိုက်သည်။ ထို့နောက်တွင် ဝမ်းနည်းစိတ်ပျက်မှုနှင့် အတွန့်တက်လိုမှုတို့ ပြည့်နေသည့် သေးငယ်နက်မှောင်သည့် မျက်လုံးပိစိလေးများနှင့် အကြည့်ဆုံသွားမိသည်။ ပိုင်ရှင်၏ စွန့်ပစ်ခံလိုက်ရခြင်းကြောင့် ထိုမျက်လုံးလေးများတွင် မျက်ရည်လေးများပင် ဝဲလို့နေသည်။
နျဲ့ရှောင်သည် ထိုသနားစဖွယ်သွင်ပြင်လေးအား မကြည့်ရက်တော့သည့်အတွက် အကြည့်လွှဲလိုက်ရသည်။
“ချိ..!”
ဝမ်းနည်းမှုနှင့် သံသယတို့ ပြည့်နှက်နေသော တိုးညှင်းသည့်အော်သံလေး ထွက်ပေါ်လာသည်။
ပေါင်ပေါင်းကို ဘာလို့ မခေါ်သွားနိုင်တာလဲဟင်.. ပေါင်ပေါင်းက အရမ်းနာခံတတ်ပါတယ်.. QAQ
သူ၏စကားအား ဆန်မုန်လုံးလေး နားလည်သည်လားတော့ နျဲ့ရှောင်မသိပေ။ သို့သော်လည်း ဆန်မုန့်လုံးလေး၏ ခေါင်းကလေးအား ပွတ်ကာဖြင့် ဖျောင်းဖျလိုက်သည်။
“လိမ္မာပါကွာ.. ဒယ်ဒီက ပေါင်ပေါင်းကို ခေါ်မသွားချင်လို့ မဟုတ်ပါဘူး.. ဒီမစ်ရှင်မှာ ရာသီဥတုက အရမ်းအေးနေတာ.. ဒယ်ဒီက မြောက်ပိုင်းကို သွားရမှာဆိုတော့ ပေါင်ပေါင်း နေနိုင်မှာ မဟုတ်ဘူးရယ်.. အနုတ် ၁၀ ဒီဂရီမှာ ပေါင်ပေါင်းက ရေခဲတုံးလေး ဖြစ်သွားလိမ့်မယ်ကွ..”
မော့ဟယ်သည် တရုတ်ပြည် အုပ်ချုပ်မှုဒေသ၏ မြောက်ဖျားပိုင်းတွင်ရှိတယ်။ ယခုမှာ ဖေဖော်ဝါရီလ အစသာရှိနေသေးပြီး မော့ဟယ်၏ နေ့စဉ်ပျမ်းမျှအပူချိန်မှာ အနုတ် ၁၁ ဒီဂရီမကျော်ပေ။
နျဲ့ရှောင်၏ ရှင်းပြမှုအား နားထောင်ရင်းဖြင့် ချုံပေါင်ပေါင်းသည် ဝမ်းနည်းပက်လက်ဖြင့် ‘ချိ ဝူ..’ ဟု ညည်းညူလိုက်ပြီး သူ၏ သေးကွေးလှသည့် လက်ကလေးနှင့် ခြေထောက်ကလေးအား ငုံ့ကြည့်လိုက်သည်။ သူ၏ အသုံးမဝင်လှသည့် ခန္ဓာကိုယ်ပိစိလေးအား အလွန်စိတ်တိုင်းမကျ ဖြစ်နေမိသည်။
ကွန်ပျူတာရှိ ဗီဒီယိုကောလ်မှာလည်း မပြီးသေးချေ။ နင်ဖုန်းတို့သည် နျဲ့ရှောင်နှင့် သူ၏ ဆန်မုန့်လုံးလေးအကြားမှ အလွန်လေးနက်သည့် ဆွေးနွေးခန်းအား ကြားသည့်အခါ အူလှိုက်သည်းလှိုက် ရယ်ချင်မိသော်လည်း မရယ်ဝံ့ကြချေ။
ဘော့စ်ဖြစ်သူ မွေးမြူထားသည့် ဟမ်းစတားလေးနှင့် ပတ်သက်၍ လွန်ခဲ့သည့် သုံးနှစ် ထိုအကောင်ပေါက်လေးအား စတင်ခေါ်လာသည့် အချိန်ကတည်းက သူတို့အားလုံး ထိုအကောင်လေးအား သိရှိခဲ့ကြသော်လည်း နျဲ့ရှောင်သည် ထိုအမွေးလုံးအား ဤမျှလောက်အထိ ဂရုတစိုက် ရှိလိမ့်မည်ဟု မည်သူကမျှ မထင်ခဲ့ကြပေ။
နျဲ့ရှောင်၏ ထူးမခြားနား ရေခဲတုံးမျက်နှာအား ကြည့်ရင်း ဤပုဂ္ဂိုလ်မှာ အမှန်တကယ်တွင် ‘ဟမ်းစတားကျေးကျွန်တစ်ဦး’ ဖြစ်သည့်အကြောင်း မည်သူကမျှ တွေးမိလိမ့်မည် မဟုတ်ချေ။ ဟမ်းစတားကဲ့သို့သော သေးသွယ်ပြီး ချစ်စဖွယ်ကောင်းကာ ထိခိုက်လွယ်သည့် သတ္တဝါလေးနှင့် လိုက်ဖက်မှုမရှိလှသည့် စိတ်နေစိတ်ထားအား ကြည့်မည်ဆိုလျှင် မည်သူကမျှ သူ့အကြောင်း ပြောနေသည်ဟု ယုံကြလိမ့်မည် မဟုတ်ချေ။
ထပ်ပေါင်းပြောရလျှင် ယခုအခါတွင် ဤပါးနပ်လွန်းသည့် ချစ်စဖွယ်အကောင်ပေါက်လေးမှာ သူတို့ကြေးစားအဖွဲ့၏ လာဘ်ကောင်လေး ဖြစ်လို့နေလေပြီ။
“မငိုပါနဲ့ အလုပ်သမားလေးရယ်.. ဒီကိုကိုက အရှေ့မြောက်ပိုင်းက ထင်းရှူးသီးတွေကို ဝါးလို့ရအောင် ယူလာခဲ့ပေးမယ်နော်..”
အကောင်ပေါက်လေးအား ‘ချိ..’ ဟု ဒေါသတကြီး အော်ဟစ်စေရန်အတွက် နင်ဖုန်းသည် ဖန်သားပြင်မှတဆင့် အော်ပြောသည်။
ဝူယိလေးက အလုပ်သမား မဟုတ်ဘူးလို့...!!
ချုံပေါင်ပေါင်းသည် သူ၏ပါးစောင်ထဲမှ ဖရဲစေ့လေးအား ထုတ်ပြီး အလျင်အမြန် အခွံခွာလိုက်သည်။ အခွံခွာပြီးသည့်နောက်တွင် အထဲမှအစေ့အား ယူကာ ကွန်ပျူတာမျက်နှာပြင်သို့ ပစ်ထုတ်လိုက်သည်။
ထိုအပြုအမူအရ လက်တလောတွင် ချုံပေါင်ပေါင်းမှာ အလွန်အမင်း ဒေါသထွက်နေသည်ဟု ဆိုလိုသည်။
သို့သော်လည်း ထိုချစ်စဖွယ် လှုပ်လိလှုပ်လဲ့ အပြုအမူလေးမှာ အခြားသူများအား အော်ဟစ်ရယ်မောလာစေပြီး နျဲ့ရှောင်၏ နှုတ်ခမ်းထောင့်များပင် အနည်းငယ် မြင့်တက်လို့နေသည်။
“ဘုရားရေ.. နျဲ့အလုပ်သမားလေးက ကောင်းကောင်းကြီးပြင်းလာပြီပဲ..”
နင်ဖုန်းသည် အံ့ဩတကြီးဖြင့် ချဲ့ကားပြောလိုက်သည်။
“ချိ..!!!” အရမ်းစိတ်ဆိုးနေပြီနော်..