အပိုင်း၃
Viewers 8k

Chapter 3


🐹 အခန်း ၃ ဝူယိလေးဟာ အထီးကျန်ဟမ်းစတားလေးပါ



နင်ဖုန်းနှင့် သွမ့်ဝမ်ယွီတို့သည် ရာဇဝတ်ကောင် ရဲလက်ထဲမရောက်မီ မစ်ရှင်ပြီးမြောက်ရန်အတွက် အဖွဲ့သားများနှင့် မော့ဟယ်တွင် တွေ့ဆုံမည်ဖြစ်သည်။ လူတိုင်း သီးခြားစီလှုပ်ရှားရန် ဆုံးဖြတ်လိုက်ပြီး နင်ဖုန်းနှင့် သွမ့်ဝမ်ယွီတို့ ဟာဝါအီမှ ထွက်လာသည့်အခါတွင် ဝူဝမ်ချီနှင့် ရှောင်ယန်တို့သည်လည်း နေထိုင်ရာ အိမ်များမှ ထွက်လာကြပြီ ဖြစ်သည်။


လူတိုင်း ချက်ချင်းဆိုသလို လှုပ်ရှားနေပြီဖြစ်သည့်အတွက် နျဲ့ရှောင်သည်လည်း အလျင်အမြန်ထုပ်ပိုးကာ ချုံပေါင်ပေါင်းအား နှုတ်ဆက်ရတော့သည်။


ချုံပေါင်ပေါင်းသည် နျဲ့ရှောင် အထုပ်အပိုးပြင်နေသည့် နံဘေးတွင် ငုတ်တုတ်ကလေးထိုင်လို့နေသည်။ သူ၏ မျက်လုံးလေးများမှာ အစ်တစ်တစ်လေး ဖြစ်နေပုံရပြီး မျက်နှာပိစိလေးမှာလည်း မလိုလားမှုတို့နှင့် အတွန့်တက်လိုမှုတို့ အပြည့်ရှိနေသည်။


ဆန်မုန့်လုံးလေးမှာ ရေအေးအေးနှင့် ဆေးကြောခံလိုက်ရသည့် ဂေါ်ဖီထုပ်လေးကဲ့သို့ ရှိနေပြီး နုန်းခွေကာ ညှိုးလျော်လို့နေသည်။ ဆန်မုန့်လုံးလေးသည် မူလက ဒယ်ဒီ၏ အလုပ်သို့ လိုက်သွားကာ သူရဲကောင်းဆန်ဆန် ပြောင်းလဲသွားသည့် ဒယ်ဒီ့အား မြင်တွေ့ရတော့မည် ဖြစ်သည့်အတွက် တက်ကြွနေခဲ့သည့် အတွေးများမှာ စက္ကန့်ပိုင်းလေးအတွင်းမှာပင် ရာသီဥတု ဆိုးရွားမှုကြောင့် ဒယ်ဒီနှင့်ခွဲခွာကာ ကျန်နေခဲ့ရတော့မည့် အဖြစ်သို့ ပြောင်းလဲသွားခဲ့ရသည်။ ဤအခြေအနေမျိုးတွင် မည်သူမဆို ဝမ်းနည်းကြပေလိမ့်မည်။


ထိုအဖြစ်အား တွေးမိသည့်အခါ ချုံပေါင်ပေါင်း၏ နှလုံးသားလေး မွန်းကြပ်လို့လာသည်။


ချုံပေါင်ပေါင်းသည် နျဲ့ရှောင်၏ မြင့်မားသည့် ပုံရိပ်အား မနေနိုင်ဘဲ ကြည့်လိုက်မိပြီးနောက်တွင် သူ၏ လက်ဖဝါးအရွယ်မျှသာရှိသည့် ခန္ဓာကိုယ်လေးအား ပြန်ကြည့်လိုက်သည်။ ထို့နောက်တွင် အမွေးလုံးလေး သက်ပြင်းရှိုက်ကာဖြင့် ဝမ်းနည်းသွားပြန်သည်။


ဒယ်ဒီ့လိုမျိုး ခြေနှစ်ချောင်းနဲ့ လူဖြစ်လာရင် ကောင်းမှာပဲနော်.. ချိဝူးးး


ဆန်မုန့်လုံးလေးအား အဝေးမှ ကြည့်ရုံနှင့် ချုံပေါင်ပေါင်း၏ ဝမ်းနည်းမှုနှင့် မကျေနပ်မှုတို့အား နျဲ့ရှောင် သိသိသာသာ ခံစားမိသည်။ ဤသည်မှာ မိုးရွာသည်နှင့် တူသော်လည်း မတတ်နိုင်ဘဲ အပြစ်ရှိစိတ်ဝင်မိသည်။


သူ့လက်ထဲရှိ ပစ္စည်းများအား ခေတ္တ အောက်သို့ချလိုက်သည်။ ဆောင့်ကြောင့်ထိုင်ပြီးနောက် ဆန်မုန့်လုံးလေး တက်လာနိုင်စေရန် သူ၏လက်ဖဝါးအား ဖြန့်လိုက်သည်။ နျဲ့ရှောင်လက်ဖဝါးပေါ်သို့ တက်လာပြီးနောက် ဖွံ့ထွားထွား ခန္ဓာကိုယ်လေးမှာ ချက်ချင်းဆိုသလို နူးအိအိ ပန်ကိတ်လေးသဖွယ် ပြောင်းလဲသွားသည်။


ဆန်မုန့်လုံးလေး၏ ရွှင်မြူးတက်ကြွမှုတို့ ပြန်လည်ရောက်ရှိလာပြီး ငြိမ်ငြိမ်ဆက်မနေနိုင်တော့ပေ။


“ချုံပေါင်ပေါင်းက ဘာဖြစ်လို့ ဝမ်းနည်းနေရတာလဲ.. ဟင်.. ဒီတစ်ခေါက် မစ်ရှင်က ရိုးရိုးလေးပါပဲ.. ဒယ်ဒီက တစ်ပတ်အတွင်း ပြန်လာမယ်လို့ ကတိပေးတယ်နော်.. တစ်ပတ်တည်းပါပဲကွာ.. နည်းနည်းလေး ပိုအိပ်လိုက်ပေါ့ ဟုတ်ပြီလား.. ပေါင်ပေါင်းတောင် သတိမထားမိဘဲ တစ်ပတ်ဆိုတာ ကုန်သွားမှာ သိရဲ့လား..”


နျဲ့ရှောင်သည် ချုံပေါင်ပေါင်း၏ တင်ပါးဝိုင်းဝိုင်းလေးအား သူ၏လက်ချောင်းများဖြင့် အသာပုတ်လိုက်သည်။


“ချိဝူးးးး ~” တစ်ပတ်က အကြာကြီးကိုလို့... QAQ


မလှုပ်မရှားဘဲ ရှိနေသည့် အကောင်ပေါက်လေးအား မြင်သည့်အခါတွင် နျဲ့ရှောင်သည် အမွေးလုံးအား နဂိုအခြေအနေသို့ ပြန်ဖြစ်စေရန် ရည်ရွယ်၍ လက်ဖဝါးဖြင့် အသာအုပ်လိုက်သည်။ သို့သော်လည်း ပြန်ဖွင့်ကြည့်သည့်အခါတွင် ချုံပေါင်ပေါင်းမှာ ကြေကွဲလို့နေဆဲပင်။


နျဲ့ရှောင် : =.=


အဆုံးတွင် နျဲ့ရှောင် နောက်ဆုံးတိုက်ကွက်အား သုံးရတော့သည်။ မုန့်ထုတ်ထဲမှ ဆန်မုန့်လုံးလေး အကြိုက်ဆုံးဖြစ်သည့် စတော်ဘယ်ရီခြောက်လေးအား ထုတ်ယူလိုက်သည်။


နျဲ့ရှောင်သည် စတော်ဘယ်ရီခြောက်အား ဆန်မုန့်လုံးလေး၏ နှာခေါင်းထိပ်လေးတွင် ထားလိုက်သည်။ သုံးစက္ကန့်မျှ ရှုံ့ပွပွ လုပ်ပြီးသည့်နောက်တွင် ဆန်မုန့်လုံးလေးမှာ သစ်သီးခြောက်လေးအား မလွှတ်တမ်း ဖက်ထားလေသည်။


“ချုံပေါင်ပေါင်းရဲ့ ဒယ်ဒီ့အပေါ်မှာ မကျေနပ်တာက စတော်ဘယ်ရီလေးလောက်ပဲ တန်တယ်ဆိုတာ သိလိုက်ရပါပြီကွာ....”


နျဲ့ရှောင် အနည်းငယ် သံရှည်ဆွဲကာ ပြောလိုက်ပြီး ဆန်မုန့်လုံးလေး၏ မျက်လုံးထဲတွင် ရှက်ရွံ့မှုကြောင့် ထိတ်ထိတ်ပြာပြာ ဖြစ်သွားစေခဲ့သည်။


“ချိ..!” ဒယ်ဒီက အကောင်းဆုံးပါနော်.. ဒါပေမဲ့ စတော်ဘယ်ရီကိုလည်း အဆုံးရှုံးမခံနိုင်ဘူး.. ဟူးးး


နျဲ့ရှောင် ဆန်မုန့်လုံးလေးအား စနောက်နေခြင်းအား ရပ်လိုက်ကာ ခေါင်းလေးကို ပွတ်သပ်လိုက်သည်။ ထို့နောက် နွေးထွေးမှုအပြည့်နှင့် ဆိုသည်။


“လိမ်လိမ်မာမာလေးနေနော်.. အဲဒါဆို ဒယ်ဒီပြန်ရောက်ရင် ချုံပေါင်ပေါင်းကို စတော်ဘယ်ရီလေး နှစ်ခု ပေးမယ်.. ဟုတ်ပြီလား..”


ဆန်မုန့်လုံးလေးသည် နျဲ့ရှောင်အား သဘောမတူဟန်ဖြင့် ကြည့်နေခဲ့သော်လည်း နောက်ဆုံးတွင် ခပ်ဖြည်းဖြည်း ခေါင်းညိတ်လိုက်သည်။


“ချိ..!” အဲဒါဆို ပေါင်ပေါင်းနဲ့ အတူတူရှိဖို့ ဒယ်ဒီက မြန်မြန်လေး ပြန်လာခဲ့ရမယ်နော်..


“လိမ္မာတယ်...”


နျဲ့ရှောင် ထုပ်ပိုးခြင်းအား အလျင်အမြန် လက်စသတ်လိုက်ပြီး ထွက်ခွာဖို့ အဆင်သင့်နေပြီ ဖြစ်သည်။ နျဲ့ရှောင်သည် ဆန်မုန့်လုံးလေးအတွက် အလိုအလျောက် အစာကျွေးစက်နှင့် ရေပုလင်းတို့အား ပြင်ဆင်ပေးထားပြီး အပန်းဖြေကစားဖို့ရန် အသုံးအဆောင်များအားလည်း ကောင်းမွန်စွာ စီစဉ်ထားပြီးဖြစ်သည်။ ဝူယိလေးအတွက် တစ်လစာ ကောင်းကောင်းလုံလောက်မှုရှိသည်။


အရေးကိစ္စတစ်ခုခု ရှိလာမည်ဆိုပါက အလုပ်သမားများအား အခန်းအတွင်းသို့ဝင်ကာ ဝူယိလေးအား စောင့်ရှောက်ဖို့အတွက်လည်း ခွင့်ပြုထားပြီးဖြစ်သည်။ ဝူယိလေးမှာ သူ၏ပိုင်နက်အား အလွန်အမင်း ပိုင်စိုးလိုစိတ်ရှိပြီး အိပ်ခန်းအတွင်းသို့ အခြားသူများ ဝင်လာခြင်းကို မကြိုက်သည်အား သိထားသော်လည်း အလုပ်သမားများမှာ နျဲ့ရှောင်၏ အမိန့်အတိုင်း လုပ်ကိုင်စရာရှိသည်များကို ပြုလုပ်ပြီးလျှင် ထွက်သွားကြမည်ကို သိထားလေသည်။


အခန်းထဲတွင် စောင့်ကြည့်နိုင်မည့် စက်ကိရိယာများလည်း တပ်ဆင်ထားသည့်အတွက်ကြောင့် နျဲ့ရှောင်သည် ဆန်မုန့်လုံးလေး၏ ကျန်းမာရေးအား အမြဲတမ်း ဂရုစိုက်နိုင်ပြီး အီလက်ထရောနစ်ဖန်သားပြင်မှတဆင့် ချုံပေါင်ပေါင်းနှင့် ဗီဒီယိုကောလ်လည်း ပြောနိုင်သေးသည်။


နျဲ့ရှောင် ခါးကုန်းကာ အီလက်ထရောနစ်ဖန်သားပြင်အား ဝူယိလေး မြင်မည့်နေရာတွင် ချထားကာ အားသွင်းကြိုးလည်း ချိတ်ဆက်ထားသည်။ ထို့နောက်တွင် ချုံပေါင်ပေါင်း၏ ခပ်တစ်တစ် ခန္ဓာကိုယ်လေးအား ပွေ့ချီလိုက်သည်။


“ဒယ်ဒီသွားတော့မယ်နော်..”


“ချိ..!” ဒယ်ဒီ တာ့တာ.. မြန်မြန်လေး ပြန်လာခဲ့ပါ..


ဟမ်းစတားလေးသည် ဗီဒိုလေးပေါ်တွင် လိမ္မာစွာဖြင့် ရပ်နေပြီး နျဲ့ရှောင်သွားသည်အား ဝန်လေးစွာဖြင့် ကြည့်နေသည်။ လက်ကလေး တစ်ဖက်တွင် စတော်ဘယ်ရီခြောက်လေးအား ကိုင်ထားပြီး အခြားလက်တစ်ဖက်က နျဲ့ရှောင်အား အသည်းအသန် ဝှေ့ယမ်းနှုတ်ဆက်နေသည်။


နျဲ့ရှောင်သည်လည်း ပြုံးကာဖြင့် တာ့တာပြလိုက်သည်။ ထို့နောက်တွင် အခန်းတံခါးအား ပိတ်လိုက်တော့သည်။


သို့သော်လည်း နှစ်လှမ်းမျှ လှမ်းပြီးသည့်နောက်တွင် နျဲ့ရှောင် ရုတ်တရက် ရပ်လိုက်ပြီး သူ၏ ခန္ဓာကိုယ်ရှိ အိတ်ကပ်များနှင့် ကျောပိုးအိတ်အား ကျွင်းကျင်မှုအပြည့်နှင့် မွှေနှောက်ရှာတော့သည်။ သေချာပေါက်ပင် သေချင်ယောင်ဆောင်နေသည့် ပေါက်စီလုံးအား တွေ့လိုက်ရသည်။


လက်ကလေးများဖြင့် စတော်ဘယ်ရီခြောက်အား ကိုင်ထားလျက်။


နျဲ့ရှောင် : =.= ငါသိနေတယ်နော်..


ရှောင်ဝူယိ : QAQ


နျဲ့ရှောင်သည် မအောင်မြင်သည့် အကောင်ပေါက်ကလေးအား ဆွဲကာဖြင့် အခန်းထဲသို့ ပြန်လာခဲ့ပြီး အိပ်ခန်းတံခါးနှင့် မျက်နှာချင်းဆိုင်တွင်ရှိသည့် ပြတင်းပေါက်ဘေးတွင် ချလိုက်သည်။


“အိမ်မှာလိမ်လိမ်မာမာလေး နေနော်.. လိုက်မလာရဘူး..”


“ချိဝူး..”


ချုံပေါင်ပေါင်း၏ ခိုးလိုက်သွားမည့် မဟာအကြံအစည်ကြီး ဖျက်စီးခံလိုက်ရပြီး နျဲ့ရှောင်မှာလည်း ပြင်ဆင်ထုပ်ပိုးပြီး ဖြစ်သည်ကြောင့် ဟမ်းစတားလေး ဒုတိယအကြိမ် ခိုးလိုက်ရန် အခွင့်အရေး မရှိတော့‌‌ပေ။ ထို့ကြောင့် နျဲ့ရှောင် တံခါးပိတ်ကာ ထွက်သွားသည်ကိုသာ ကြည့်နေရသည်။ ထို့နောက်တွင် ခေါင်းကလေးငုံ့ကာဖြင့် စတော်ဘယ်ရီခြောက်လေးအား ဝမ်းနည်းပက်လက်ဖြင့် ဝါးလိုက်တော့သည်။


! ! !


ချဉ်ချဉ် ချိုချိုလေး.. အရသာရှိလိုက်တာ...


ဆန်မုန့်လုံးလေးသည် ပျော်ရွှင်စွာဖြင့် မျက်လုံးများအား မှိတ်လိုက်သည်။ သို့သော်လည်း အပြင်ဘက် ခြံဝန်းထဲမှ ကားစက်နှိုးသံအား ကြားလိုက်ရသည့်အခါ စတော်ဘယ်ရီလေးအား ဆက်မစားနိုင်တော့ပါလေ။


ကတ္တီပါစောင်လေး လွှမ်းခြုံထားသည့် ပုံရိပ်သေးသေးလေးမှာ ပြတင်းပေါက်၏ ကြည်လင်သည့် ဖန်သားပြင်တွင် ရောင်ပြန်ဟပ်လို့နေသည်။ ဟမ်းစတားလေးသည် ပြတင်းပေါက်မှန်အား မှီကာ ခြေဖျားကလေးများထောက်လျက် သူ့ဒယ်ဒီ၏ကားအား မမြင်ရတော့သည်အထိ ကြည့်လို့နေသည်။


ဒယ်ဒီ့ကားအား မမြင်ရတော့သည့်အခါတွင် ဆန်မုန့်လုံးလေး ချက်ချင်းဆိုသလို စိတ်ဓာတ်ကျသွားပုံ ရသည်။ ကတ္တီပါစောင်ထူထူပေါ်တွင် နုံးခွေကာ လဲလျောင်းရင်း လက်ဖဝါးလေးများမှာလည်း သူ၏နံဘေးရှိ စတော်ဘယ်ရီခြောက်လေးအား ဟိုဟိုဒီဒီ ရွေ့လို့နေသည်။ သူ၏ မျက်လုံးပိစိလေးများထဲတွင် အထီးကျန်မှုတို့ အပြည့်နှင့်ပင်။


ဒယ်ဒီက ခုလေးတင်သွားတာကို ပေါင်ပေါင်းက လွမ်းနေရပြီ..


ကားထဲတွင် ဒရိုင်ဘာသည် နျဲ့ရှောင်အား လေဆိပ်သို့ လိုက်ပို့နေခြင်း ဖြစ်သည်။ နျဲ့ရှောင် ဖုန်းထုတ်ကာ အဖွဲ့သားများနှင့် စကားပြောလိုက်သည်။ ထို့နောက်တွင် ဖုန်းအားချကာ ကားမှန်ကို လှည့်ကြည့်လိုက်ပြီး သူ့လက်ထဲရှိ ဗလာဖြစ်မှုအား ခံစားလိုက်ရသည်။


ရုတ်တရက်ဆိုသလို လက်ထဲတွင် “အနွေးအိတ်ကလေး” ရှိမနေခြင်းအား အသားမကျနိုင်ပါ။


ထိုသို့တွေးမိပြီးနောက် နျဲ့ရှောင် သူ၏ဖုန်းအား ဖွင့်လိုက်ပြန်သည်။


သိပ်မကြာလိုက်ဘဲ မာစတာခန်း၏ ပြတင်းပေါက်နံဘေးရှိ ဖန်သားပြင် ရုတ်တရက် လင်းလာသည်ကြောင့် ဆန်မုန့်လုံးလေး အလန့်တကြား အော်လိုက်မိသည်။ အလျင်အမြန် ပြေးသွားပြီးနောက် လိမ်လိမ်မာမာလေး ထိုင်ချလိုက်သည်။


နျဲ့ရှောင်၏ မျက်နှာကိုကြည့်ရင်း ချုံပေါင်ပေါင်း၏ မျက်လုံးလေးများမှာ ပျော်ရွှင်မှုတို့ ပြည့်လာသည်။


နျဲ့ရှောင်သည်လည်း ခပ်ပါးပါးပြုံးလိုက်ပြီး သူ၏မျက်လုံးများ နူးညံ့လျက်နှင့် လေယာဉ်မထွက်မီအချိန်ထိတိုင် ဖန်သားပြင်မှတဆင့် လက်ချောင်းများဖြင့် ချုံပေါင်ပေါင်းအား စနောက်လို့နေသည်။


“ဒယ်ဒီ မြန်မြန်ပြန်လာခဲ့မယ်နော်..!”


“ချိ..!”


***


တရုတ်ပြက္ခဒိန် ၂၀၂၅ ခုနှစ်၊ ပထမလ၏ ကိုးရက်မြောက်နေ့။


နှစ်သစ်ကူးပိတ်ရက်မှာ ပထမလပြက္ခဒိန်၏ ရှစ်ရက်မြောက်နေ့တွင် ကုန်ဆုံးလေ့ရှိသည်။ မရေမတွက်နိုင်သည့် လူများစွာတို့မှာ လုပ်ငန်းခွင်သို့ တရားဝင် ပြန်လည်ဝင်ရောက်ဖို့ရန် အိမ်မှစောစော ထွက်ခွာကြလေသည်။ ပိတ်ရက်အပြီး ပြန်တွေ့ကြသည့်အခါတွင် သူတို့အနေဖြင့် နှစ်သစ်တွင် ရုန်းကန်မှုများ စတင်လေပြီ။ အရာအားလုံးမှာ ပိုမိုကောင်းမွန်သည့် ဘဝတစ်ခုအား ရရှိဖို့ရန်သာ။


နှစ်သစ်ဟူသည်မှာ စတင်မှုအသစ်လည်း ဖြစ်သည်။


ထိုအချိန်တွင် နျဲ့ရှောင်သည်လည်း တရုတ်ပြည် မြောက်ဖျားပိုင် မော့ဟယ်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။ အပူချိန်မှာ အလွန်နိမ့်သည့်အတွက် ချုံပေါင်ပေါင်းအား သူနှင့်အတူ မခေါ်လာမိသည်ကိုပင် ဝမ်းသာသွားမိသည်။


အသက်ရှူလိုက်တိုင်း ထွက်လာသည့် အခိုးအငွေ့များအားကြည့်ကာ နျဲ့ရှောင်သည် လူအုပ်ကြားမှ ခွဲထွက်လိုက်ပြီး ဘိုကင်တင်ထားသည့် ဟိုတယ်သို့ ဦးတည်လိုက်သည်။ အလျင်လိုနေသည့် လမ်းသွားလမ်းလာများမှာလည်း သူ၏ ခံ့ညားချောမောကာ မြင့်မားလှသည့် အသွင်အပြင်အား တစ်ချက်မျှ မကြည့်ဘဲ မနေနိုင်ကြချေ။


ဝူဝမ်ချီနှင့် ရှောင်ယန်တို့သည်လည်း တစ်ချိန်တည်းမှာပင် တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြသည်။ သူတို့နှစ်ဦးသည် ဘူတာရုံ၌ တွေ့ဆုံကြပြီး ချက်ချင်းဆိုသလို အဖွဲ့စကားပြောခန်းမှတဆင့် ဖုန်းခေါ်လိုက်သည်။


“ဝမ်ချီနဲ့ ငါက ဘူတာရုံမှာ မထင်မှတ်ဘဲ ဆုံကြတယ်.. ကျန်တဲ့သူတွေကော ရောက်ပြီလား..”


ရှောင်ယန် ထိုသို့ပြောရင်း ကျောပိုးအိတ်အား ချွတ်လိုက်သည်။ သူ၏နားထဲရှိ ခေတ်မီနားကြပ်မှာ အပြာဖျော့ဖျော့ လင်းလို့နေသည်။ ဝူဝမ်ချီသည် အိတ်အား ကောက်ယူပြီးနောက် ညာဘက်ပုခုံးတွင် လွယ်လိုက်သည်။


ဝူဝမ်ချီမှာ နှစ်မီတာမျှ မြင့်ပြီး တုတ်ခိုင်သန်မာသဖြင့် အခြားသူများအား သွားမရှုပ်သင့်သည့် လူစားမျိုးဟူသည့် ထင်မြင်ချက်မျိုး ရှိတတ်သည်။ သို့သော်လည်း ရှောင်ယန်၏ အိတ်အား သယ်ရန်အတွက် လှုပ်ရှားလိုက်သည့် အခိုက်အတံ့တွင် ဤကြွက်သားအပြည့်နှင့်လူထံတွင် မမျှော်လင့်ထားသည့် နူးညံ့မှုတို့အား မြင်တွေ့နိုင်လေသည်။


ကျော့မော့လှပသည့် ရှောင်ယန်နှင့် အတူရပ်နေခြင်းကြောင့် ပတ်ဝန်းကျင်ရှိ လူများ၏ မျက်လုံးထဲတွင် သားရဲနှင့် အလှလေးတို့ ပေါင်းစပ်မှုနှင့် တူနေသဖြင့် ဆွဲဆောင်မှုရှိလို့နေသည်။


“ကျွန်တော်တို့လည်း အခုလေးတင် တရုတ်ကို ပြန်ရောက်တာ.. နောက်တစ်ဆင့်စီးဖို့ စောင့်ရဦးမယ်..”


နင်ဖုန်း၏ အသံကျယ်ကျယ် ထွက်ပေါ်လာပြီး သွမ့်ဝမ်ယွီသည် နင်ဖုန်းအား လူအုပ်ကြားထဲ ညပ်မပါသွားစေရန် လက်ဆွဲထားလေသည်။


“ဒီခရီးက ပြဿနာများလိုက်တာ.. ခိုင်ချွန်း လေယာဉ်လက်မှတ်က ဝယ်ရတာ အတော်ခက်တယ်.. သွမ့်ကောသာ ဒီမှာမရှိရင် မီးပုံးပွဲတော် ပြီးသွားတဲ့အထိတောင် ကျွန်တော်ပြန်ရောက်ဦးမှာ မဟုတ်ဘူးလို့ ထင်တယ်..”


“တွေ့လား.. မင်း ဟာဝါအီမှာ ပျောက်သွားမှာ စိုးပါတယ်လို့ ငါက မင်းကို စောင့်ကြည့်ဖို့ လာပါတယ်လို့ ပြောတာကို မင်းမယုံဘူးလေ..”


သွမ့်ဝမ်ယွီ ထိုသို့ပြောရင်းနှင့် အားအင်အပြည့်နှင့် ရှိနေသည့် ဆယ်ကျော်သက်ကောင်လေးအား ပြုံးလျက်နှင့် ဆွဲခေါ်သွားလေသည်။ လူအုပ်မှာ ဆူညံနေသော်လည်း သူတို့အားလုံးမှာ နားကြပ်များ တပ်ဆင်ထားသည့်အတွက် တစ်ဦးနှင့်တစ်ဦး မကြားတော့မည်ကို စိုးရိမ်ခြင်းမရှိပေ။


“ခင်ဗျားက ကျွန်တော့် အဖေ.. ဟုတ်ပြီလား..”


“အိုက်.. လိမ္မာစမ်းပါ သားလေးရာ..”


သူတို့နှစ်ဦး ပြောသည်အား နားထောင်ရင်း မိုင်တစ်ထောင်အဝေးတွင် ရှိနေသည့် ဝူဝမ်ချီ ရှက်ရွံ့လာမိသည်ကြောင့် ချက်ချင်းပြောလေသည်။


“အဲဒါဆိုလည်း မင်းတို့ရောက်တာနဲ့ ငါတို့အားလုံးဆုံတာနဲ့ မစ်ရှင်စဖို့ အဆင်သင့်ဖြစ်လောက်ပြီ..”


“အဲအချိန်ကျ မော့ဟယ်မှာ လည်ပတ်လိုက်ဦးမယ်..”


နင်ဖုန်း အရှက်မဲ့စွာ ဆိုသည်။


“ခင်ဗျားတို့အားလုံး နည်းနည်းလေး ပိုပြီးတော့ အားထည့်တိုက်ခိုက်ကြပေါ့.. အဲဒါမှ ကျွန်တော် မြန်မြန်လေး နှင်းလျှောစီးရမှာ..”


အဖွဲ့သားအားလုံး : “…”


အရမ်းငယ်သလို အရေထူချက်ပဲ..


ရှောင်ယန် ချောင်းအသာဟန့်လိုက်ပြီး နျဲ့ရှောင်အား ခေါ်လိုက်သည်။


“ဘော့စ်ကော ရောက်ပြီလား..”


“ရောက်ပြီ..”


နျဲ့ရှောင် ခပ်တိုတိုပြောပြီး တံခါးဖွင့်လိုက်သည်။ ဟိုတယ်ခန်းထဲ ဝင်ပြီးနောက် သူ၏ကျောပိုးအိတ်အား ဖြည်လိုက်သည်။


သူဆီမှအသံကို နားထောင်ရင်း အဖွဲ့သားများ မမေးဘဲ မနေနိုင်တော့ချေ။


“ဘော့စ်က ဘယ်မှာလဲ..”


“ဟိုတယ်မှာ..”


“…” အရမ်းကြမ်းတယ်ဟေ့! ! !


ဝူဝမ်ချီသည် ရှောင်ယန်နှင့်အတူ ဟိုတယ်သို့သွားရန် တက္ကစီငှားလိုက်သည်။


“ဘော့စ်ယူလိုက်တဲ့ အခန်းက ငါငှားထားတာလေ.. အမြန်ဆုံးတစ်ယောက်က ငါတို့ရောက်တဲ့အချိန်ထက် နောက်ကျပြီးမှ ရောက်သင့်တာကို.. လေယာဉ်ချိန် နောက်မကျဘူးဆိုတာ အတော်လေး ရှားတယ်..”


“ဘော့စ်ကတော့ အမြန်ဆုံးဖြစ်နေတုန်းပဲ.. ဘော့စ် အရမ်းမိုက်.. အရမ်းလန်း..”


နျဲ့ရှောင် နင်ဖုန်း၏ စကားများကို ကြားသည့်အခါတွင် အနည်းငယ် မျက်မှောင်ကြုတ်သွားပြီး အမှန်မပြင်ပေးဘဲ မနေနိုင်ချေ။


“မမြန်ဘူး..”


“………”


နင်ဖုန်း စက္ကန့်ဝက်မျှ တောင့်ခဲသွားပြီးနောက် သူ၏ အပြစ်ကင်းစင်မှုအား သက်သေပြဖို့ရန် အလျင်စလို ဖြေရှင်းချက်ပေးလာသည်။


“ကျွန်တော့်ဘဝနဲ့ရင်းပြီး အာမခံပါတယ်.. ဘော့စ်ကို အဲလိုမျိုး ပြောချင်တာ မဟုတ်ပါဘူး.. ကျွန်တော်က အပြစ်ကင်းပါတယ်နော်..”


“နောက် သေချာစဉ်းစားပြီးမှာပြော..”


“ရက်စ် ဘော့စ်.. နောက်ဆိုရင် ‘ဦးဆောင်တယ်’ လို့ပဲ သုံးပါတော့မယ် ခင်ဗျ..”


နင်ဖုန်း ခေါင်းညိတ်ကာ ကောင်းကောင်းပြုမူပြီး သူ၏အမှားကို ဝန်ခံလိုက်သည်။


သူတို့နှစ်ဦး၏ စကားများကို နားထောင်ရင်း သွမ့်ဝမ်ယွီနှင့် ကျန်နှစ်ယောက်မှာ မပြုံးဘဲ မနေနိုင်ကြချေ။


ဘော့စ်နှင့် အငယ်ဆုံးလေးတို့ စကားပြောသည့်အချိန်တိုင်းတွင် အမြဲတမ်း အံ့အားသင့်ဖွယ်ကောင်းသည့် ပဋိပက္ခအသေးစားလေးများ ဖြစ်လာတတ်သည်။ ထိုပဋိပက္ခလေးများမှာ သူတို့၏ စိတ်ဝိညာဉ်များကိုပင် သန့်စင်သွားစေနိုင်စွမ်းရှိသည်။


ယင်းသည် သူတို့အား အူလှိုက်သည်းလှိုက် ရယ်မောစေနိုင်သည်။


နင်ဖုန်းနှင့် စကားပြောပြီးနောက်တွင် နျဲ့ရှောင်သည် ဟိုတယ်ခန်းတွင် တစ်ဦးတည်းရှိနေပြီး အခန်းတိုင်းရှိ အပြင်အဆင်များအား တိတ်တဆိတ် စစ်ဆေးလိုက်သည်။ ပြဿနာတစ်စုံတစ်ရာ မရှိကြောင်း သေချာမှသာ ရေချိုးခန်းအတွင်းသို့ဝင်ကာ ရေချိုးသန့်စင်လိုက်သည်။


ထို့နောက် အိမ်အခြေအနေအား ကြည့်ရန် ဖုန်းထုတ်လိုက်သည်။


တစ်ညကုန်လွန်သွားပြီ ဖြစ်သဖြင့် ယခုအချိန်တွင် အကောင်ပေါက်ကလေး နိုးထကာ စားသောက်နေလောက်ပြီ ဖြစ်သည်။


မျှော်လင့်ထားသလိုပင် ပြတင်းပေါက်နံဘေးရှိ ကတ္တီပါစောင်ပေါ်တွင် ဂျုံစေ့ကလေးများ ကိုင်ထားသည့် ဆန်မုန့်လုံးလေးအား တွေ့လိုက်ရသည်။ ဆန်မုန့်လုံးလေး၏ နံဘေးတွင် အီလက်ထရောနစ် ဖန်သားပြင် ရှိနေသည်။


မနေ့ညက ဝူယိလေး သူ၏အသိုက်ထဲသို့ ပြန်မအိပ်ဘဲ ဖန်သားပြင်အနီးတွင်သာ တစ်ညလုံး ရှိနေခဲ့ပုံပင်။


နျဲ့ရှောင်၏ မျက်လုံးများတွင် နူးညံ့မှုတို့ ယှက်သန်းလာသည်။


ဗီလာထဲတွင် ဆန်မုန့်လုံးလေးမှာ ဂျုံစေ့လေးများအား တတိတိဝါးလို့နေပြီး သူ၏အတွေးများမှာလည်း ဤမနက်တွင် ဒယ်ဒီ အိပ်ရာမထနိုင်ဘဲ ရှိနေဦးမည်လား ဆိုသည်ကို သိချင်နေမိသည်။


ဒယ်ဒီက သူ့ရဲ့ ဟမ်းစတားစစ်သည်တော် မရှိဘဲ အိပ်ရာနတ်ဆိုးဘုရင်ကို အနိုင်ယူနိုင်ပါ့မလား ဆိုတာကို ပေါင်ပေါင်းသိချင်နေပြီနော်..


နျဲ့ရှောင် သက်ပြင်းချနေသည့် အကောင်ပေါက်လေးအား ကြည့်ရင်း စကားပြောရန်အတွက် ဖန်သားပြင်အား ချက်ချင်းဖွင့်လိုက်သည်။ တစ်ချိန်တည်းမှာပင် ခေါင်းအုံးတစ်လုံးအားယူကာ ဆိုဖာပေါ်တွင် သက်သောင့်သက်သာရှိမည့် အနေအထားအား ပြင်လိုက်သည်။


ဖန်သားပြင်လင်းလာသည်နှင့် ဟမ်းစတားလေး၏ မျက်လုံးများမှာလည်း တောက်ပလာသည်။ ‘လှောင်အိမ်ထဲမှ လွတ်မြောက်လာသည့် ချစ်စဖွယ်ကြွက်ကလေး’ ကဲ့သို့ ဖန်သားပြင်ရှိရာသို့ ချက်ချင်းပြေးလာတော့သည်။


ချစ်စရာသားရဲပိစိလေး ရောက်လာပါပြီ၊ သတိပြုပါ..!


“ချိ..!” ဒယ်ဒီ မောနင်း..


နျဲ့ရှောင်၏ နှလုံးသားလေးပင် အရည်ပျော်လုနီးနီး ခံစားလိုက်ရသည်။


“မောနင်း ချုံပေါင်ပေါင်း..”


ဒယ်ဒီမရှိဘဲ တစ်ညကုန်ဆုံးပြီးနောက် ချုံပေါင်ပေါင်းသည် နျဲ့ရှောင်အား အစုန်အဆန် ကြည့်ပြီးနောက် အနောက်တွင်ရှိနေသည့် ခေါင်းအုံးအား သတိပြုမိသွားသည်။ နျဲ့ရှောင်မှာ အိပ်ရာထဲတွင်သာ ရှိနေဆဲဖြစ်သည်ဟု တွေးမိလိုက်သဖြင့် ထူးချွန်စစ်သည်တော်တစ်ဦး၏ တာဝန်ရှိသည့်အတိုင်း ဖန်သားပြင်မှတဆင့် နျဲ့ရှောင်၏ ပါးပြင်အား နူးနူးညံ့ညံ့ ထိတွေ့လိုက်သည်။


အကောင်ပေါက်လေး မည်သည့်အရာကို ပြုမူနေမှန်း သဘောပေါက်သွားသည့်အခါ နျဲ့ရှောင်၏ နှလုံးသားလေး နောက်ထပ်တစ်ကြိမ် အရည်ပျော်သွားပြန်သည်။ သို့သော်လည်း ရုတ်တရက် တံခါးခေါက်သံအား ကြားလိုက်သည့်အခါ နျဲ့ရှောင် ထပြီး တံခါးဖွင့်ပေးလိုက်ရသည်။


သို့နှင့် အခန်းအတွင်းသို့ ဝင်လာကြသည့် ဝူဝမ်ချီနှင့် ရှောင်ယန်တို့သည့် နျဲ့ရှောင်၏ ဖုန်းထဲမှ ပျော်ရွှင်မှုတို့အပြည့်နှင့် ချစ်စဖွယ်အော်သံလေးအား ကြားလိုက်ရသည်။


“ချိ..!”


ယနေ့မှာလည်း စစ်သည်တော် ဝူယိလေးသည် မကောင်းဆိုးဝါးအိပ်ရာနတ်ဆိုးဘုရင်ကို နောက်ထပ်တစ်ကြိမ် အနိုင်ရပြီး သူ၏ ဒယ်ဒီကို အောင်အောင်မြင်မြင် ကယ်တင်နိုင်ခဲ့ပြန်သည်။


ဝူဝမ်ချီနှင့် ရှောင်ယန် : “……”


အာ.. ဒီ ဟမ်းစတားကျေးကျွန်ကတော့..!


🐹🐹🐹🐹🐹