အပိုင်း၄
Viewers 9k

Chapter 4


🐹 အခန်း ၄ ဝူယိလေး၏ နောက်ဆုံးဖုန်းကောလ်




သူ့အား နားမလည်နိုင်သည့် အကြည့်များဖြင့် ကြည့်နေပြီး မည်သည့်စကားမျှ ဆိုမလာသည့် အဖွဲ့သားနှစ်ယောက်နှင့် ဆုံရသော်လည်း နျဲ့ရှောင်မှာ အမူအရာကင်းမဲ့စွာဖြင့် ရှိနေဆဲဖြစ်ပြီး ပုံမှန်အတိုင်းပင် ဖုန်းတစ်ဘက်ရှိ ဟမ်းစတားလေးနှင့် အဖွဲ့သားနှစ်ယောက်အား နှုတ်ဆက်စေလိုက်သည်။


ဤပေါ့ပေါ့ပါးပါး အပြုအမူကပင် သူတို့ဘော့စ်၏ ဩဇာအာဏာကို မြင်သာစေသည်။


သူတို့သာ ဇာတ်လမ်းတစ်ခုလုံးအား မသိထားပါက ဝူဝမ်ချီနှင့် ရှောင်ယန်တို့မှာ ထိုအကြည့်ကြောင့် အမှန်တကယ် အရူးလုပ်ခံရနိုင်သည်။


“ဘော့စ် စကားဆက်ပြောပါ.. ကျွန်မ ရေအရင်ချိုးလိုက်ဦးမယ်..”


ရှောင်ယန်သည် နျဲ့ရှောင်၏ ဟမ်းစတားရူးသွပ်မှုအပေါ် နှောင့်ယှက်လိုစိတ် မရှိချေ။ သူမ၏ လည်စည်းနှင့် ကုတ်အင်္ကျီအားချွတ်ကာ အခန်းအတွင်းသို့ လျှောက်သွားလိုက်သည်။


ဤတစ်ကြိမ်တွင် သူတို့ဘိုကင်တင်ထားသည့် ဟိုတယ်မှာ ကိုယ်ပိုင်အခန်းတစ်ခုစီ ပါဝင်သည့် အဆင့်မြင့်အခန်းကြီး ဖြစ်သည်။


ဝူဝမ်ချီသည်လည်း ခရီးတစ်လျှောက် စေးကပ်ကာ အနံ့ထွက်နေပြီဟု ခံစားရသဖြင့် သူ၏အိတ်အားချကာ နျဲ့ရှောင်အား နှုတ်ဆက်ပြီးသည်နှင့် သန့်စင်ဆေးကြောရန် သွားလေသည်။ တစ်ညကုန်လွန်ပြီးနောက် သူ၏မေးရိုးတွင် မုတ်ဆိတ်ငုတ်တိုလေးများ ပေါက်လာပြီ ဖြစ်သည်။


“ကျွန်တော်လည်း သွားဦးမယ်..”


နျဲ့ရှောင် ခေါင်းအသာညိတ်ပြီးနောက် ဂရုမစိုက်ဟန်ဖြင့် ပြတင်းပေါက်ရှိရာသို့ လျှောက်သွားကာ အခြားတစ်ဘက်မှ ဟမ်းစတားလေးအား သူ၏ဖုန်းမှတဆင့် နှင်းများဖုံးလွှမ်းနေသည့် အပြင်ဘက်ကမ္ဘာအား ပြသလိုက်သည်။


တုန်လှုပ်နေပုံရသည့် အကောင်ပေါက်ကလေး၏ သေးငယ်လုံးဝန်းသည့် မျက်လုံးလေးများအား ကြည့်ကာဖြင့် နျဲ့ရှောင် ခပ်ဖွဖွ ရယ်မောလိုက်မိသည်။


“ဒယ်ဒီမလိမ်ဘူးမလား.. ပေါင်ပေါင်းသာ ဒီကိုလိုက်လာရင် ရေခဲတုံးကလေး ဖြစ်သွားမှာ..”


“ချိ..!” အိုးးး ဒယ်ဒီလည်း နွေးနွေးထွေးထွေး နေရမယ်နော်..


နျဲ့ရှောင်မှာ အကောင်ပေါက်လေး၏ စကားများကို နားမလည်သော်လည်း ထိုအခြင်းအရာမှာ ဆန်မုန့်လုံးလေးအပေါ် သူ၏ အလေးအနက်ထားမှုအား လျော့ကျသွားစေနိုင်စွမ်း မရှိပါချေ။ ချုံပေါင်ပေါင်းနှင့် စကားဆက်ပြောလို့နေပြီး ထိုအရာမှာ သူတစ်ဦးတည်း စကားပြောနေသည်နှင့်ပင် တူလေသည်။


ဆေးကြောသန့်စင်ပြီးနောက် အခန်းအပြင်သို့ ထွက်လာသည့် ဝူဝမ်ချီမှာ နျဲ့ရှောင် ဖုန်းပြောလို့ မပြီးသေးသည်အား မြင်လိုက်ရသည်။ ထို့ကြောင့် ရှောင်ယန်နှင့် အတင်းမပြောဘဲ မနေနိုင်တော့ချေ။


“ဘော့စ်သာ အိမ်ထောင်ပြုပြီး ကလေးတွေဘာတွေ ရသွားရင် အတော်လေး ရူးတဲ့အဖေဖြစ်လာမှာ.. သူ့သားကို ဝူယိလေးကို ကျွေးမွေးပြုစုသလိုမျိုး ပြုစုပျိုးထောင်မှာ သေချာတယ်..”


ရှောင်ယန်သည် ဝူဝမ်ချီအား အထင်အမြင်သေးစွာဖြင့် စုန်ချီဆန်ချီ ကြည့်လိုက်သည်။


“ငါကတော့ နင်သာ အစ်မတစ်ယောက်ဖြစ်လာမယ်ဆို ပိုကောင်းမယ်လို့ ထင်တာပဲ..”


ဝူဝမ်ချီ : “……”


အဖွဲ့သားနှစ်ဦးစလုံး ထွက်လာသည်ကို မြင်သည့်အခါတွင် နျဲ့ရှောင်သည် ‘တစ်ဦးတည်း စကားပြောနေခြင်း’ အား ရပ်လိုက်ပြီး ဆန်မုန့်လုံးလေးအား အင်တင်တင်ဖြင့် နှုတ်ဆက်ကာ ဖုန်းချလိုက်ရသည်။


ဝူဝမ်ချီသည် ရှောင်ယန်ယူလာခဲ့သည့် ကျောပိုးအိတ်အလေးကြီးအား ထုတ်ယူကာ တပ်ဆင်ရခြင်း မရှိသေးသည့် သေနတ်နှင့် လက်နက် အပိုင်းအစများအား စုပုံလိုက်သည်။ သူတို့သုံးဦးသည် ငါးမိနစ်အတွင်းမှာပင် လက်နက်များအား အတူတကွ တပ်ဆင်ပြီးသွားကြလေသည်။


“ကျွန်တော်ကတော့ ဒီကောင်တွေကို ဒီမစ်ရှင်မှာ လိုအပ်မယ်လို့တော့ မထင်ဘူး..”


ဝူဝမ်ချီသည် သူ၏လက်ထဲရှိ သေနတ်အား ပွတ်တိုက်ပီးနောက် ကျည်ဖြည့်လိုက်သည်။


“ဘာမှ မရှိတာထက်စာရင် ယူလာတာက ပိုကောင်းတယ်..”


ရှောင်ယန်သည် တရုတ်ပြည်တစ်ဝက်အား ကျော်ဖြတ်ကာဖြင့် သယ်ဆောင်လာခဲ့သည့် လက်နက်များအား လက်ဆောင်ပစ္စည်းများကဲ့သို့ သဘောထားကာ ပြောလေသည်။


“ဒါပေမဲ့လည်း နင်ဖုန်းရဲ့ ‘ဥလေး’ တွေကိုတော့ ယူမလာခဲ့ဘူး.. နေရာကလည်း သိပ်မကြီးဘူးဆိုတော့ အဲလောက်ထိ ကြီးကြီးမားမား လှုပ်ရှားဖို့မလိုဘူးလို့ ထင်တယ်..” {ဗုံး ကိုဆိုလိုခြင်းဖြစ်}


ဝူဝမ်ချီ : “အဲဒါဆိုရင်တော့ အဲဒီကောင်လေးက နှင်းလျှောစီးသွားလိမ့်မယ်.. ဒါပေမဲ့လည်း ယန်ကျဲ ယူမလာဘူးဆိုရင်တောင် သူ့လက်တွေက ထူးဆန်းပြီး ကြောင်တောင်တောင်ပစ္စည်းတွေနဲ့ အစားထိုးဖို့ကို စောင့်နိုင်မှာ မဟုတ်ဘူး.. အဲဒါကြောင့် ဘာပစ္စည်းမှ မရှိဘူးဆိုရင်တောင် အဲဒီကောင်လေးက ယန်ကျဲအတွက် ကြီးကြီးမားမား လှုပ်ရှားပေးနိုင်နေတုန်းပဲ..”


“အဲဒါဆိုလည်း နည်းနည်းပါးပါး ဟိုဟိုဒီဒီ လျှောက်ကြတာပေါ့..”


နျဲ့ရှောင်၏ မျက်လုံးများထဲတွင် အပြုံးရိပ်သန်းလို့နေသည်။


“အဲဒီပြဿနာကောင်လေးကို ပြဿနာရှာဖို့ အခွင့်အရေး မရစေနဲ့..”


“ကျွန်တော်တို့ ထပ်မစောင့်တော့ဘူးလား.. ဟားဟား.. အဲဒါက သူ့ကို အချိန်ဆွဲထားနိုင်မှာ မဟုတ်ဘူး.. သူက မြန်မြန်လေးလုပ်လို့ ပြောထားပေမဲ့ သူကပဲ မစ်ရှင်ရဲ့ အဓိကခန့်မှန်းချက်တွေကို အတိအကျ လုပ်နိုင်တာ..”


ဝူဝမ်ချီ ထူးမခြားနားဟန်ဖြင့် ပြုံးလိုက်သည်။


ဘေးတွင်မူ ရှောင်ယန်သည် နင်ဖုန်း၏ဆံပင်များ ဗုံးကြဲခံရသလို ရှုပ်ပွနေမည်ကို တွေးမိပြီးနောက် မျက်လုံးများပင် မှိတ်ကျသွားသည်အထိ ပြုံးလိုက်မိသည်။


***


အခြားတစ်ဘက်တွင် ပေကျင်းလေဆိပ်မှ ဟာပင်းလေဆိပ်သို့ ကူးပြောင်းနေစဉ် လေယာဉ်ပေါ်တက်ရန် တန်းစီနေသည့် သွမ့်ဝမ်ယွီနောက်မှ လိုက်ပါလာသည့် ‘ဥဖောက်ကျွမ်းကျင်သူလေး’ ရုတ်တရက် နှာချေမိလိုက်သည်။


“အဲဒီဝူဝမ်ချီက ကျွန်တော့်အကြောင်း ပေါက်ကရတွေ လျှောက်ပြောနေပြန်ပြီ ထင်တယ်..”


သွမ့်ဝမ်ယွီသည် ထိုစကားများကို ကြားသည့်အခါတွင် မပြုံးဘဲ မနေနိုင်တော့ချေ။


“အဲဒါဆိုလည်း ကိုယ့်ကိုယ်ကိုယ် ပိုပြီးတော့ သုံးသပ်ကြည့်ပေါ့..”


***


မွန်းလွဲချိန်၊ မော့ဟယ်မြို့။


နျဲ့ရှောင်နှင့် အဖွဲ့သားနှစ်ဦးတို့သည် ဟိုတယ်တွင် နေ့လယ်စာစားကာ ခေတ္တအနားယူလိုက်ကြပြီးနောက် အပြင်သို့ထွက်လာခဲ့ကြသည်။ သွမ့်ဝမ်ယွီနှင့် နင်ဖုန်းတို့ မရောက်သေးသော်လည်း ထိုအရာသည် သူတို့၏ မစ်ရှင်ပစ်မှတ်ကို ခြေရာခံခြင်းမှ မတားဆီးနိုင်ပေ။


သုံးဦးသား ရုပ်ဖျက်လိုက်ကြပြီး တစ်ချက်ကြည့်ရုံနှင့်ပင် ချောမေခံ့ညားသည့် အမျိုးသားနှစ်ဦးနှင့် လှပသည့် အမျိုးသမီးတစ်ဦးတို့ ပါဝင်သော သာမန်ခရီးသည်အဖွဲ့နှင့် တူလေသည်။


လူရှာသည့်နေရာတွင် သွမ့်ဝမ်ယွီမှာ အလွန်ထူးချွန်သော်လည်း မော့ဟယ်၏ ဧရိယာမှာ ကျယ်ဝန်းခြင်း မရှိသည့်အတွက် ဒေသခံအများအပြား မရှိပေ။ အကယ်၍ ရဲများသာ တရားခံအား ဖမ်းဆီးလိုလျှင် ဆူပူအုံကြွမှု ဖြစ်ပေါ်စေခြင်းအား ရှောင်လွှဲနိုင်မည် မဟုတ်ချေ။


ထို့ကြောင့် နျဲ့ရှောင် အခြေအနေအား စုံစမ်းခြင်း မပြုရသေးခင်မှာပင် သူ့ရှေ့သို့ တိုက်ရိုက်ရောက်ရှိလာလေသည်။


ဥဩသံဆူဆူညံညံနှင့် ရဲကားတစ်စီး ဖြတ်သွားပြီး လမ်းသွားလမ်းလာများနှင့် ခရီးသွားများမှာ မကြည့်ဘဲ မနေနိုင်ကြချေ။ ရဲတပ်ဖွဲ့အား အလျင်စလို စေလွှတ်လိုက်သည်ကို တွေ့သည့်အခါတွင် နျဲ့ရှောင်သည် ထိုရဲများ ဦးတည်ရာဘက်အား ကြည့်လိုက်ပြီးနောက် သွားကြည့်သင့်ဟု သိလိုက်သည်။


လူအများ အာရုံစိုက်ခြင်းမှ ရှောင်ကြဉ်ရန်အတွက် နျဲ့ရှောင်တို့သည် အနီးရှိ လယ်တောအိမ်သို့ မထွက်ခွာမီ ကားအား လှည့်ပတ်မောင်းလိုက်သေးသည်။ မျက်လုံးများအား ခွာချပြီးနောက် တားမြစ်ထားသည့် ရဲအရေးပိုင် နှင်းဖုံးနေသည့် တောအုပ်ထဲသို့ အခြားလမ်းတစ်ဘက်မှ ဝင်သွားကြလေသည်။


ဝူဝမ်ချီသည် အနည်းငယ်မြင့်သည့်နေရာတစ်ခု ရှာပြီးနောက် သူ့ကိုယ်သူ ပုန်းအောင်းပြီး မှန်ပြောင်းထုတ်ကာ ဥဩသံများထွက်ပေါ်လာသည့် နေရာသို့ ကြည့်လိုက်သည်။


နှင်းများပေါ်ရှိ အနီရောင်အစွန်းအထင်းများမှာ အတော်လေး သိသာလေသည်။


“ကျွတ်.. အဲဒါက ခရီးသွားအဖွဲ့တစ်ခု ဖြစ်မယ်..”


နျဲ့ရှောင်သည်လည်း ထိုအရာကို မှန်ပြောင်းဖြင့် ကြည့်လိုက်ပြီးနောက် မျက်ခုံးများတွန့်သွားလေသည်။ ကျိုးပဲ့နေသည့် ခြေလက်များမှာ မည်သူက မည်သူဖြစ်သည်ကိုပင် ပြောဆိုရန် မဖြစ်နိုင်ဘဲ အလွန်ဝေးနေသည့်အတွက် နှင်းများရွှဲနေသည့် သွေး၏ ညှီစို့စို့နှင့် သံချေးနံ့ကိုသာ ရနိုင်လေသည်။


နံဘေးရှိ ရဲသားငယ်တစ်ဦးမှာ ဤကဲ့သို့သော စိတ်မချမ်းမြေ့ဖွယ်ရာ မြင်ကွင်းကို မခံစားနိုင်ပုံရှိပြီး သစ်ပင်တစ်ပင်အား မှီထားလေသည်။ အဆက်မပြတ် အန်နေပြီး သူနှင့်အတူရှိနေသည့် အသက်ကြီးကြီး ရဲသားတစ်ဦးမှာလည်း အခြေအနေကောင်းပုံမရပေ။


သေးငယ်လှသည့် ဤနယ်စပ်ဒေသတွင် ဤမျှလောက်သော ကိစ္စကြီးတစ်ခု ဖြစ်ပေါ်လာသည့်အခါတွင် ထိုကဲ့သို့ အဖြစ်အပျက်မျိုး ဖြစ်လာလိမ့်မည်ဟု မည်သူကမျှ တွေးထားကြခြင်း မရှိပေ။


“အဲဒါက ကျွန်မတို့ရဲ့ ငါးခြောက်လေးတော့ မဟုတ်လောက်ပါဘူးနော်.. ဟုတ်တယ်မလား..”


ရှောင်ယန် မခန်းမှန်းဘဲ မနေနိုင်တော့ဘဲ တည်ငြိမ်စွာဖြင့် ပြောလေသည်။


“ဒီလောက်ကြီးမားတဲ့ လူသတ်မှုကြောင့် မြို့တစ်မြို့လုံးကို မာရှယ်လောထုတ်ပြန်လိုက်မယ်လို့ ထင်တယ်..”


“ဗျူဟာက အရမ်းကို အထက်စီးဆန်တယ်.. နေ့ခင်းကြောင်တောင်မှာ လူတွေအများကြီးကို သတ်ရဲတယ်ပေါ့..”


ဝူဝမ်ချီ၏ သားရဲနှင့်တူသည့် အသိစိတ်မှာ အမြဲလိုလို တိကျသည်ကို သိထားသည့်အတွက် ရှောင်ယန် အဓိကအချက်ကို ဖမ်းဆုပ်ကာဖြင့် ပြောလေသည်။


“ဒီနယ်မြေသေးသေးလေးမှာ လူတွေအများကြီးကို စိတ်ဖောက်ပြီး သတ်ပစ်နိုင်တာ ငါတို့ရဲ့ပစ်မှတ်ကလွဲပြီး မရှိနိုင်ဘူး.. အဲဒီလူတစ်ယောက်တည်းပဲ ဖြစ်ရမယ်.. ဘယ်လိုတောင် ရူးနှမ်းနေတာလားပဲ.. သနားဖို့တောင် ကောင်းတယ်..”


နျဲ့ရှောင်သည်လည်း ခေါင်းညိတ်ပြီး ကောင်းကင်သို့ ကြည့်လိုက်သည်။


“မှောင်တဲ့အချိန်ထိ စောင့်ကြတာပေါ့.. ပြီးရင် ဘယ်လိုနည်းလမ်းတွေကို သုံးပြီးတော့ ဒီလူတွေကို သတ်သွားသလဲဆိုတာ နီးနီးကပ်ကပ် ကြည့်ရအောင် အရှေ့တိုးကြမယ်.. ခန္ဓာကိုယ်တွေ အများကြီး ဆုတ်ဖြဲခံထားတာ ဆိုတော့ တောရိုင်းတိရစ္ဆာန်တွေကလွဲရင် သာမန်လူကတော့ လက်ဗလာနဲ့ ဒီလိုလုပ်ဖို့ မဖြစ်နိုင်ဘူး..”


နျဲ့ရှောင်ပြောသည်အား နားထောင်ရင်းနှင့် ဝူဝမ်ချီနှင့် ရှောင်ယန်တို့သည် သူတို့၏ သေနတ်များကို မသိစိတ်အရ ထိလိုက်ကြပြီး သတိအနေအထား ဖြစ်လာကြသည်။


ကံကောင်းစွာဖြင့် ဖေဖော်ဝါရီလများတွင် ညတာရှည်လေသည်။ ထို့ကြောင့် မှောင်လာရန် သိပ်မစောင့်လိုက်ရပေ။ သူတို့သုံးဦးသည် တိတ်ဆိကာ နှင်းဖုံးနေသည့် တောအုပ်အမှောင်ထဲသို့ တဖြည်းဖြည်းချင်း တိုးဝင်ကာ အသံတိုးတိုးနှင့် စကားဆိုနေကြသည်။


“ဒီညတော့ မိုးမရွာလောက်ဘူးထင်တယ်.. ဟမ့်..”


ဝူဝမ်ချီ ကောင်းကင်ပေါ်ရှိ ကြယ်များအား ကြည့်လိုက်ပြီး နှင်းပေါ်တွင် ကျန်ခဲ့သည့် ခြေရာများအားကြည့်ကာ စိတ်အနှောင့်အယှက်ဖြစ်ရလွန်းသည့် မစ်ရှင်နှင့်ပတ်သက်၍ အတွန့်တက်တော့သည်။


လူသုံးဦးသည် အခင်းဖြစ်ရာနေရာသို့ သရဲများသဖွယ် ခိုးဝင်လာကြသည်။ အပြင်ဘက်ရှိ ရဲများမှာလည်း အခင်းဖြစ်ရာကို ပတ်ကာ မီးများထိုးကာဖြင့် ကင်းလှည့်နေကြသည့်တိုင် သဲလွန်စ ရှာမတွေ့ချေ။


ကင်းစောင့်နေသည့် ရဲသားလေးမှာ အေးစက်စက်လေကြောင့် တစ်ကိုယ်လုံး ခိုက်ခိုက်တုန်နေပြီး သူ၏ဘေးရှိ စီနီယာအား စကားမပြောဘဲ မနေနိုင်တော့ချေ။


“အစ်ကိုဝမ်.. ခင်ဗျားကြောက်နေတာလား.. ကျွန်တော်ကတော့ အခင်းဖြစ်တဲ့နေရာကို အခုထိတောင် လှည့်မကြည့်ရဲသေးဘူး.. မော့ဟယ်မြို့လိုမျိုး မြို့ကျဉ်းကျဉ်းလေးမှာဆိုရင် ကျွန်တော့်တစ်သက်လုံး အခုလို အမှုကြီးကြီးမားမားတွေနဲ့ ကြုံရမှာ မဟုတ်‌လောက်ဘူးလို့ ထင်ခဲ့မိတာ..”


“အစ်ကိုဝမ်.. အစ်ကိုဝမ်.. အဲဒီမှာ ရပ်မနေဘဲ တစ်ရေးလောက် လာအိပ်ပါဦး..”


ရဲသားငယ်လေးမှာ ခွန်းတုံ့ပြန်မရသဖြင့် သူ၏စီနီယာအားဆီသို့ လျှောက်သွားကာ တွန်းလိုက်ပြီး လေသံနှင့် ပြောလေသည်။


“ဒီလောက် အေးတဲ့နေ့မှာ အပေါ်တက်ပြီး နွေးနွေးလေးနေပါဦး စီနီယာ..”


သို့သော်လည်း ထိုလူအား မထိခင်မှာပင် အစ်ကိုဝမ်၏ မျက်လုံးပွင့်လာသည်။ သူ၏ အနက်ရောင်မျက်ဆံများသည် ရဲသားလေးအား ကြောက်လန့်သွားစေပြီး အထစ်ထစ်အငေါ့ငေါ့ဖြစ်သွားစေသည်။


“အစ်ကို အိပ်ပျော်နေတာ မဟုတ်ဘူးပေါ့.. ကျွန်တော် စကားပြောနေတာကို ဘာဖြစ်လို့ ပြန်မဖြေတာလဲ..”


ရဲသားလေးသည် တစ်စုံတစ်ခု မှားယွင်းနေသည်အား သတိမပြုမိဘဲနှင့် မူလနေရာသို့ ပြန်ရန်လှည့်လိုက်သည်။ သို့သော်လည်း ထိုအချိန်မှာပင် သူ၏နောက်ကျောကို ပြင်းထန်သည့်အားတစ်ခု ကျရောက်လာပြီး နှင်းပေါ်သို့ လွှင့်ပစ်ခံလိုက်ရသဖြင့် မြေပြင်ပေါ်တွင် လိမ့်ကာ ကြယ်များပင် မြင်လာတော့သည်။


ရဲသားလေးမှာ အော်ချိန်ပင် မရလိုက်ချေ။ အကြောင်းမှာ သူလှည့်ကြည့်လိုက်သည့်အခါတွင် အသက်မဲ့နေသည့် မျက်ဝန်းတစ်စုံနှင့် ဆုံလိုက်ရပြီး အနက်ရောင်မျက်ဆံများမှာ ထူးထူးဆန်းဆန်း တောက်ပလို့နေပြီး အပြာဖျော့ဖျော့ အစွယ်များနှင့် ပါးစပ်တစ်ခုမှာ သူ့အားဦးတည်လာလေသည်။


“အားးးးးးး!—”


တိတ်ဆိတ်နေသည့် ညကောင်းကင်တွင် အော်သံတစ်ခု ပျံ့လွင့်လာပြီး ရုတ်ရုတ်သဲသဲ ခြေသံများနှင့် ကျယ်လောင်သည့် အော်ဟစ်သံများကို အပြင်ဘက်တွင် ဓာတ်မီးများဖြင့် ကင်းလှည့်နေသည့် ရဲများပင် ရှင်းရှင်းလင်းလင်း ကြားလိုက်ရလေသည်။


တောအုပ်ထဲတွင် နျဲ့ရှောင်တို့သည် သဲလွန်စအချို့အား ရှာတွေ့ထားပြီးဖြစ်ပြီး ပုံစံမှာလည်း သိပ်မဟန်ကြပေ။ အပြင်ဘက်မှ အော်သံအချို့အား ကြားသည့်အခါတွင် ရုတ်တရက် ထိတ်လန့်ကာဖြင့် သစ်ပင်နောက်တွင် ပုန်းလိုက်သည်။


“ဒါက ဘာအခြေအနေကြီးလဲ..”


ဝူဝမ်ချီ၏အသံမှာ အလွန်အမင်း တိုးညှင်းနေပြီး စကားများကို နားကြပ်မှတဆင့် ကြားလိုက်ရသည်။


ရှောင်ယန် ရုတ်တရက်ဆိုသလို မအီမသာ ဖြစ်လာသည်။ သူမ၏ မျက်နှာနှင့် နှုတ်ခမ်းများမှာ ဖြူဖျော့လို့နေပြီး လက်မောင်းများအား တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားသည်။ အသံမှာလည်း အားနည်းကာ အက်ရှရှ ဖြစ်နေသည်။


“ဘော့စ်.. ဝမ်ချီ..ကျွန်မ ဘာဖြစ်နေတာလဲတော့ မသိဘူး.. ဒါပေမဲ့ ရုတ်တရက်ကြီး အရမ်းအေးလာတယ်..”


နျဲ့ရှောင်နောက်သို့လှည့်ပြီး ရှောင်ယန်၏ အားနည်းချိနဲ့သည့် အသွင်အပြင်အား မြင်လိုက်ရသည်။ အပြင်ဘက်မှ ‘ကိုက်သည်’ ဟူသည့် စကားလုံးများကိုလည်း တစ်စထက်တစ်စ ကြားလာရပြီး သူ၏နှလုံးသားထဲတွင် အလွန်ဆိုးဝါးသည့် ထင်မြင်ချက်တစ်ခု ဖြစ်ပေါ်လာသည်။


မည်သည်ကြောင့်ရယ်မသိ အန္တရာယ်အား အလိုလိုခံစားမိလေသည်။


ဝူဝမ်ချီ၏ အမူအရာမှာ အလွန်လေးနက်နေပြီး နျဲ့ရှောင်အား မကြည့်ဘဲ မနေနိုင်ချေ။ သူတို့နှစ်ဦးထံတွင် သားရဲနှင့်တူသည့် အလိုလိုသိစိတ်ရှိတတ်ပြီး ရုတ်တရက်ဆိုသလို ဤအနေအထားအတွင် မမျှော်လင့်သည့် သဘောတူညီမှုတစ်ခု ရရှိလိုက်သည်။


“အရင်ဆုံး ပြန်ဆုတ်ကြမယ်..”


ထိုစကားများ ပြောပြီးသည်နှင့် ဝူဝမ်ချီသည် ရှောင်ယန်အား ပွေ့ချီကာ နောက်ဆုတ်လိုက်သည်။ နျဲ့ရှောင် မျက်မှောင်ကြတ်ပြီးနောက် ရုတ်ရုတ်သဲသဲဖြစ်နေသည့် ဧရိယာဘက်သို့ ကြည့်နေခြင်းအား ရပ်လိုက်သည်။ ဝူဝမ်ချီတို့နောက်မှ ခြေတစ်လှမ်းချန်ကာဖြင့် လာလမ်းအတိုင်း လှည့်ပြန်လေသည်။


ခြေရာများကိုလည်း ယခင်က မရှိခဲ့ဖူးသည့်အတိုင်း ဖျက်ပစ်လိုက်ကြသည်။


***


ည ၁၀ နာရီ၊ ဟာပင်းလေဆိပ်။


လေဆိပ်ဆေးပေးခန်းတွင် သွမ့်ဝမ်ယွီမှာ ရုတ်တရက်အဖျားတက်လာသည့် နင်ဖုန်းအား လူနာစောင့်ရင်း ကူကယ်ရာမဲ့စွာဖြင့် ရှိနေလေသည်။


“ပြောပါဦး.. မင်းပဲ သံမဏိနွားတစ်ကောင်လို ခုန်ပေါက်ပြီး နေနေတာလေ.. ဘယ်လိုလုပ်ပြီး ရုတ်တရက် ဖျားရတာတုန်း..”


“ရေငတ်တယ်..”


နင်ဖုန်းမှာ အားနည်းစွာဖြင့် လဲလျောင်းလို့နေပြီး ရေထည့်ရန်ပင် ခွန်အားမရှိတော့ချေ။ မည်သို့ပင်ဖြစ်စေ ဤကောင်လေးမှာ ဖျားနာသည့်အချိန်တွင် နုနယ်ကာ ကောင်းကောင်းပြုမူတတ်သည် အခြားသော ဆယ်ကျော်သက်များနှင့် မခြားပါချေ။


“ကျွန်တော်သေတော့မယ်ထင်တယ်.. အရမ်းနေလို့မကောင်းဘူး..”


“ပေါက်ကရပြောမနေနဲ့..”


သွမ့်ဝမ်ယွီသည် သူ၏အဓိပ္ပါယ်မရှိသည့် စကားများကို နားထောင်ရင်း ဘိုးဘေးလေးအတွက် ရေနွေးသွားမယူခင် နင်ဖုန်း၏ခေါင်းအား အသာပုတ်လိုက်သည်။


လေယာဉ်ပေါ်မတက်ခင် ရုတ်တရက် အဖျားတက်လာခြင်းကြောင့်သာ မဟုတ်ခဲ့လျှင် သူတို့နှစ်ဦးမှာ ဟာပင်းမှ မော့ဟယ် ကုလျန်လေဆိပ်သို့သွားသည့် လေယာဉ်ပေါ်သို့ ရောက်နေကြမည်ဖြစ်ပြီး နျဲ့ရှောင်တို့အား နာရီပိုင်းအတွင်း တွေ့ဆုံကြမည်ဖြစ်သည်။ သို့သော်လည်း ဤအစီအစဉ်မှာ အပြောင်းအလဲများ ဖြစ်လာခဲ့သည်။


သွမ့်ဝမ်ယွီသည် နင်ဖုန်းအား ရေတိုက်ပြီးနောက် ဆေးရုံကုတင်ဘေးတွင် ထိုင်လိုက်သည်။ အချိန်ဖြုန်းမည့်အစား တစ်ခုခုလုပ်နေခြင်းက ပိုကောင်းလေသည်။ သူ၏လက်ပ်တော့ပ်အား ထုတ်လိုက်ပြီးနောက် မစ်ရှင်ပစ်မှတ်၏ တည်နေရာအား စစ်ဆေးကြည့်လိုက်သည်။


သို့သော်လည်း ဤစစ်ဆေးမှုမှာ အကြမ်းဖက်မှုတစ်ခုအား ဖော်ထုတ်မိခဲ့သည်။


***


ယွင်ချန်၊ ဖုန့်ရှန်ဗီလာဝင်း။


နို့လက်ဖက်ရည်အရောင် ဆန်မုန့်လုံးလေး တစ်လုံးသည် သစ်စေ့လေးများ ကိုင်လျက်နှင့် ပြတင်းပေါက်နံဘေးရှိ ကတ္တီပါစောင်ပေါ်တွင် ထိုင်ကာ ရံဖန်ရံခါတွင် သူ၏နံဘေးရှိ ဖန်သားပြင်အားလိုက် ကောင်းကင်ပေါ်ရှိ ကြယ်ပွင့်လေးများအား ကြည့်လိုက်နှင့် အလုပ်ရှုပ်နေလေသည်။ သူ၏အတွေးလေးများမှာ ပျံ့လွင့်နေသေးသည်။


တိတ်ဆိတ်တဲ့ ညကောင်းကင်ကြီး..

ကြယ်ပွင့်လေးတွေကတောင် ဒယ်ဒီနဲ့တူ..


ဟမ်းစတားလေးမှာ စူပုပ်ပုပ်နှင့် ရှိလို့နေသည်။


အရမ်းနောက်ကျနေတာတောင် ဒယ်ဒီက ဘာဖြစ်လို့ ဗီဒီယိုကောလ် မခေါ်သေးတာလဲနော်...



🐹🐹🐹🐹🐹