🐹 အခန်း ၅ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွားသည့် ဝူယိလေး
မော့ဟယ်၊ ည ၁၀ နာရီ။
လူနာတင်ကားနှင့် ရဲကားဥဩသံများ အပြင်ဘက်လမ်းမပေါ်တွင် ရံဖန်ရံခါ ထွက်ပေါ်လာသည့်အတွက် ငြိမ်းချမ်းသည့် ညချမ်းအချိန်မှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားလေသည်။
နျဲ့ရှောင်တို့သုံးဦး ဟိုတယ်သို့ပြန်ရောက်ပြီးနောက်တွင် သွမ့်ဝမ်ယွီထံမှ ဖုန်းခေါ်ဆိုမှု ရရှိလိုက်သည်။
သွမ့်ဝမ်ယွီမှာ အကြောင်းအရာအား တည့်တိုးပင် ပြောလာသည်။ နျဲ့ရှောင်အား သူရှာတွေ့ထားသည်ကို ပို့လိုက်ပြီးနောက် လေးနက်စွာဖြင့် ပြောလေသည်။
“ဘော့စ်.. ငါးကြီးရဲ့ နောက်ဆုံးပုံကို ကျွန်တော်အခုပဲ တွေ့ထားတယ်.. ဒါပေမဲ့ နည်းနည်းမှားနေသလိုပဲ..”
“ကျွန်တော်ထင်တာက သူက ဗိုင်းရပ်ကူးစက်ခံထားရတာလားလို့..”
နျဲ့ရှောင်ထိုအကြောင်းကြားပြီးနောက် ချက်ချင်းပင် သွမ့်ဝမ်ယွီပို့ထားသည့် အချက်အလက်အား ဖွင့်ကြည့်လိုက်သည်။ အတော်လေး ထူးဆန်းကာကြောက်မက်ဖွယ်ကောင်းသည့် ပုံတစ်ခု မြင်ကွင်းထဲ ပေါ်လာသည်။
ဝူဝမ်ချီသည် ဖြူဖျော့နေသည့် ရှောင်ယန်အား ဆိုဖာပေါ်တွင် ထိုင်စေပြီး စောင်တစ်ခုလွှမ်းပေးလိုက်သည်။ သူလှမ်းကြည့်လိုက်သည့်အခါတွင် နျဲ့ရှောင်၏ မျက်လုံးများတွင် အလွန်လေးနက်ပြင်းထန်သည့် အမူအရာတို့ ရှိနေသည်ကို တွေ့လိုက်ရသဖြင့် ထိတ်လန့်သွားလေသည်။
“ဘော့စ်.. ဘာမှားနေလို့လဲ..”
“မင်းတို့နှစ်ယောက်လုံး လာကြည့်ကြ.. ဒါက ဘာနဲ့တူနေတယ်လို့ ထင်လဲ..”
နျဲ့ရှောင် မျက်မှောင်ကြုတ်လိုက်ပြီး သူ၏ဖုန်းရှိပုံကို ထိုနှစ်ယောက်အား ပြလိုက်လေသည်။ ဝူဝမ်ချီနှင့် ရှောင်ယန်တို့၏မျက်လုံးများ ပုံကိုကြည့်လိုက်မိသည့်အခါတွင် သက်ပြင်းရှိုက်လိုက်ကြမိသည်။
ပုံထဲတွင် သူတို့သတ်ချင်သည့် မစ်ရှင်ပစ်မှတ်အား မှတ်မိဖို့ရန်ပင် ခက်ခဲနေပြီဖြစ်သည်။
မှုန်မှိုင်းသည့် မျက်လုံးသေများ၊ အပြာရောင်သွားစွယ်များမှ စိမ်းဝါရောင်သွားရည်များ တစက်စက်စီးကျနေပြီး မျက်နှာမှာလည်း ထူးဆန်းကာ ရွံရှာဖွယ်ဖြစ်လာသည်။ သူ၏ခန္ဓာကိုယ်မှာ ရဲရဲတောက်နေသည့် နှင်းထုပေါ်တွင် ရပ်လျက်ရှိပြီး သွေးများပေကျံလို့နေကာ ပတ်ပတ်လည်တွင် ကျိုးပဲ့နေသည့် အရိုးများ ရှိနေသည်။
ထိုမြင်ကွင်းမှာ ကျောရိုးထဲထိတိုင် အေးစက်လာစေပြီး ကြက်သီးများထလာစေသည်။
ဖုန်းခေါ်ဆိုမှု မပြီးသေးသဖြင့် သွမ့်ဝမ်ယွီ၏အသံမှာ ဖုန်းထဲမှ ထွက်လာနေဆဲဖြစ်သည်။
“ဒီပုံက သေဆုံးသူတစ်ဦးရဲ့ ဖုန်းထဲကနေ ရလာတာ.. အချိန်ကတော့ ဒီနေ့လယ်ခင်းက ရိုက်ထားတာလို့ ပြနေတယ်..”
“ငါတို့သိတယ်..”
ဝူဝမ်ချီဖြတ်ပြောလိုက်သည်။ သားရဲတစ်ကောင်၏ ဆုတ်ဖြဲထားရခြင်းနှင့်တူသည့် ခြေလက်အကျိုးအပဲ့များနှင့် သူတို့ပြန်လာစဉ် ရဲများ၏ အော်ဟစ်သံများကို ပြန်လည်ကြားယောင် မြင်ယောင်မိရင်း ဝူဝမ်ချီ စိတ်ထဲတွင် ရဲတင်းသည့် ခန့်မှန်းချက်တစ်ခု ပြုလုပ်လိုက်သည်။ လည်ချောင်းများပင် ခြောက်ကပ်လာသလို ခံစားရသည်။
“ငါတို့ အခုလေးတင်ပဲ အခင်းဖြစ်ရာက ပြန်လာခဲ့ကြတာ..”
ထိုအချိန်မှာပင် ရှောင်ယန်၏ ခြေလက်တို့မှာ ရေခဲတုံးသဖွယ် အေးစက်လို့နေပြီး နှုတ်ခမ်းများလည်း ဖြူလျော်လာသည်။ သူမ၏အကြည့်မှာ ဓာတ်ပုံပေါ်တွင်သာ ရှိနေဆဲဖြစ်ပြီး ဝူဝမ်ချီ၏ ခန့်မှန်းချက်အား တိုက်ရိုက်ထုတ်ပြောလေသည်။
“အဲဒါ ဇွန်ဘီနဲ့တူတယ်..”
ဇွန်ဘီ..။ ကမ္ဘာပျက်ရုပ်ရှင်ကြည့်ဖူးသည့် မည်သူမဆို ဇွန်ဘီများအား သိကြလေသည်။
—လမ်းလျှောက်နေတဲ့ အလောင်းကောင်တွေ၊ အသက်ရှင်နေတဲ့ ဖုတ်ကောင်တွေ။
ထိုအကြောင်းကြားသည့်အခါတွင် နွေးနွေးထွေးထွေး ရှိလို့နေသည့် သွမ့်ဝမ်ယွီမှာ သူ၏ခြေဖျားများမှ အေးစက်မှုတို့ တဖြည်းဖြည်းတိုးလာသည်အား ခံစားလိုက်ရသည်။
လှောင်ရယ်စရာဟု မတွေးမိဘဲ ထို့အစား ချက်ချင်းဆိုသလို ကိုယ်ကိုမတ်လိုက်သည်။ သူ၏လက်ချောင်းများမှာ ကီးဘုတ်ရိုက်သံများ စတင်ထွက်ပေါ်လာသည်။
“ကျွန်တော်ထပ်စစ်ကြည့်လိုက်ဦးမယ်..”
ရှောင်ယန်သည် သွမ့်ဝမ်ယွီ၏ အတည်ပြုချက်အား စောင့်မနေတော့ဘဲနှင့် တစ်စုံတစ်ခုအား ဆုံးဖြတ်လိုက်သကဲ့သို့ ဝူဝမ်ချီအား အားကုန်တွန်းကာ သူမဘာသာ မတ်တတ်ရပ်လိုက်သည်။ သူမအခန်းဆီသို့ လျှောက်သွားပြီးနောက် တံခါးသော့ခတ်လိုက်သည်။
ထိုဆက်တိုက်အပြုအမူမှာ ဝူဝမ်ချီနှင့် နျဲ့ရှောင်အား ကြောင်အသွားစေလေသည်။
ဝူဝမ်ချီမှာ အရင်ဆုံး တုံ့ပြန်လာသူဖြစ်ပြီး စိုးရိမ်ပူပန်စွာနှင့် နောက်မှ လိုက်သွားလေသည်။ တံခါးခေါက်ပြီး ကျယ်လောင်စွာအော်ဟစ်လေသည်။
“အားယန်.. ဘာလုပ်နေတာလဲ.. တံခါးဖွင့်စမ်း.. စိတ်ကူးယဉ်မနေနဲ့.. ဘာဇွန်ဘီလဲ.. ဇွန်ဘီဆိုတာ မရှိဘူး.. ဆရာဝန်နဲ့ အရင်ပြကြမယ်.. အဲဒါကြောင့် တံခါးဖွင့်နော်..”
တံခါးတစ်ဘက်တွင် ရှောင်ယန်မှာ အလွန်မောပန်းနေဟန်ရှိပြီး ကြမ်းပြင်ပေါ်သို့ တိုက်ရိုက်ပြုတ်ကျသွားလေသည်။ အသက်ညင်းညင်းသာ ရှူနေပြီး သူမ၏ခန္ဓာကိုယ်အပူချိန်မှာ ကြောက်ခမန်းလိလိ လျော့ကျလျက်ရှိသည်။ အခန်းထဲပြေးဝင်ပုန်းရန်အတွက် သူမ၏ ခွန်အားအကုန် သုံးလိုက်မိပုံရသည်။
ရှောင်ယန်သည် သူမ၏အေးစက်ပြာနှမ်းနေသည့် လက်ချောင်းများကို ကြည့်ကာ ခေါင်းယမ်းလိုက်သည်။
“ငါ့ကို ဂရုမစိုက်ကြနဲ့..”
နင်ဖုန်းသည် အတော်လေး ရှုပ်ထွေးလို့နေသည်။ အခြားသူများ ပြောသည်ကို တစ်စိတ်တစ်ပိုင်းသာ ကြားလိုက်ရသော်လည်း မည်သည့်အရာများ ဖြစ်နေသည်ကို ခံစားမိနေဆဲဖြစ်သည်။ ဝူဝမ်ချီ၏ အော်ဟစ်သံအား ဖုန်းထဲမှ ကြားလိုက်ရသည့်အခါတွင် ချက်ချင်းဆိုသလို ထထိုင်လာသည်။ ထို့နောက် စိုးရိမ်သည့်မျက်နှာနှင့် မေးလာသည်။
“သွမ့်ကော.. ယန်ကျဲ ဘာဖြစ်တာလဲ..”
“မင်းကိုယ်မင်း အရင်ဂရုစိုက်.. အခု ပြန်လှဲ..”
သွမ့်ဝမ်ယွီသည် နင်ဖုန်း၏ အချိန်မရွေး ပေါက်ထွက်လုမတတ် နီရဲနေသည့် ပါးများကို မြင်လိုက်ရသည်။ ချက်ချင်းဆိုသလို လက်ပ်တော့ပ်အား ဘေးချကာဖြင့် ကူညီရန် ထသွားသည်။ သို့သော်လည်း သူ့လက်ဖဝါးမှ ခံစားမိလိုက်သည့် အပူချိန်ကြောင့် ထိတ်လန့်သွားလေသည်။
“ဘာဖြစ်လို့ အရင်ကထက် ပိုပူနေတာလဲ..”
နျဲ့ရှောင် သွမ့်ဝမ်ယွီ၏စကားများကို ကြားလိုက်ရပြီး အခြေအနေမှာ ပိုဆိုးလာပုံပင်။ ဖုန်းအား အဖွဲ့နှင့် တိုက်ရိုက်ချိတ်လိုက်ပြီးနောက် မျက်မှောင်ကြုတ်ကာဖြင့် မေးလေသည်။
“ဝမ်ယွီ.. နင်ဖုန်းလည်း နေမကောင်းဖြစ်နေတာလား..”
“အင်း.. သူက ကျွန်တော်တို့ လေယာဉ်ပေါ် မတက်ခင်မှာပဲ အဖျားတက်လာတာလေ.. အဲဒါကြောင့် လေယာဉ်ချိန် မမီတော့ဘူး.. အခုတော့ လေဆိပ်ဆေးပေးခန်းမှာ ဆေးသွင်းနေတယ်.. ခုနကလေးတင် ရေတစ်ပုလင်းလုံး သောက်ထားတာတောင် သူ့ခန္ဓာကိုယ်အပူချိန်က တက်လာပြန်ပြီ..”
သွမ့်ဝမ်ယွီ နင်ဖုန်းအား လှဲစေရင်း ပြန်ဖြေသည်။ နင်ဖုန်း၏ နဖူးပေါ်ကျနေသည့် ဆံပင်အား သပ်တင်ပေးရင်း အနည်းငယ်အေးစေရန်အတွက် မျက်နှာသုတ်ပေးလိုက်သည်။ အမြဲလိုလို မြင့်တက်နေတတ်သည့် နှုတ်ခမ်းထောင့်များမှာလည်း မြေပြင်ပေါ် ညွတ်ကျလို့နေသည်။
ဝူဝမ်ချီသည် သွမ့်ဝမ်ယွီ၏အဖြေအား ကြားသည့်ခါတွင် တံခါးအား ကျယ်လောင်စွာခေါက်နေရင်း မကျိန်ဆဲဘဲ မနေနိုင်တော့ချေ။
“စောက်ကျိုးနည်း.. သာမန်နေ့ဆိုရင် ဒါက ဘာကိစ္စမှ မရှိပေမဲ့ ရုတ်တရက်ကြီး ငါတို့ထဲက နှစ်ယောက်က နေမကောင်းဖြစ်တယ်တဲ့လား..”
“အားယန်.. ပြန်ဖြေဦး..”
ကျန်းကျန်းမာမာ ရှိနေသည့် အမျိုးသားသုံးဦးမှာ မုန်တိုင်းဖြတ်ကျော်သလို ခံစားနေရပြီး နှလုံးသားထဲတွင် ဖြတ်ကျော်ရမည့် အခက်အခဲများနှင့် အကြပ်အတည်းများအား တွေးကာဖြင့် စိုးရိမ်မှုနှင့် စိတ်ပျက်မှုတို့ ဒွန်တွဲလာသည်။
ဇွန်ဘီများအကြောင်း ခန့်မှန်းချက်မှာလည်း အခြေအမြစ်မရှိချေ။
သူတို့၏ စိတ်ထဲတွင် အန္တရာယ်အား ကြိုမြင်နေရပြီး ထိုအသိစိတ်မှာလည်း ဘယ်တုန်းကမှ မမှားခဲ့ဖူးသည့်အပြင် သေခြင်းတရားမှလည်း အကြိမ်ပေါင်းများစွာ လွတ်မြောက်ခဲ့ရသည်။
ဤတစ်ကြိမ်တွင်မူ သူတို့၏ မှန်းဆချက်မှာ အလွန်တိကျလွန်းနေသည့်အတွက် သူတို့ မလိုချင်သလို ယုံကြည်ဖို့လည်း မဝံ့မရဲ ဖြစ်နေမိကြသည်။
သို့သော်လည်း ဤထင်မြင်ချက်အား အတည်ပြုဖို့ရန် အချိန်သိပ်မလိုလိုက်ချေ။
မိုးကုတ်စက်ဝိုင်းဆီမှ ရုတ်တရက် ပေါက်ကွဲသံသည် သူတို့အားလုံးအား ထိတ်လန့်သွားစေသည်။ ခြေထောက်အောက်ရှိ မြေပြင်သည်ပင် လှုပ်ခါနေသယောင်။
နျဲ့ရှောင်သည် ပြတင်းပေါက်မှတဆင့် အဝေးရှိ ညကောင်းကင်အား ကြည့်လိုက်ပြီးနောက်တွင် ဧည့်ခန်းထဲရှိ တီဗွီအားဖွင့်လိုက်သည်။ ထုတ်လွှင့်နေဆဲ အစီအစဉ်အား ဖြတ်တောက်လိုက်ပြီး အထူးသတင်းတစ်ပုဒ် ထုတ်လွှင့်လျက်ရှိသည်။
တီဗွီမှ အမျိုးသမီးသတင်းကြေညာသူ၏အသံ ထွက်ပေါ်လာသည်။
“တရုတ်စံတော်ချိန် ည ၁၁ နာရီ ရှိပြီပဲ ဖြစ်ပါသည်.. ဟွားယန်ဂြိုလ်ထုသတင်းဌာနမှ အထူးသတင်းတစ်ပုဒ် ကြေညာရန် ရှိပါသည်.. လေယာဉ်အမှတ် c7263 သည် ဟာပင်းမှ မော့ဟယ်ကုလျန်လေဆိပ်သို့ ပျံသန်းလာစဉ် အမည်မသိ အရာများနှင့် တိုက်မိသဖြင့် ကြီးမားသည့် ပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်ကာ ပျက်ကျခဲ့ပါသည်.. ရှန်ဟိုင်းမှ ပေကျင်းသို့ x6… အထက်တွင် ဖော်ပြခဲ့သည့် လေယာဉ်များမှာလည်း သူတို့၏ မူလလမ်းကြောင်းများမှ သွေဖယ်သွားခဲ့ပြီး လေယာဉ်ပေါ်ရှိ ခရီးသည်များအကြားတွင် အရေးပေါ်အခြေအနေ ဖြစ်ပွားကာ လေယာဉ်ဝန်ထမ်းများအား ထိခိုက်ဒဏ်ရာ ရရှိစေခဲ့ပါသည်.. လက်တလောအခြေအနေကို မသိရသေးဘဲ....”
တစ်ချိန်တည်းမှာပင် သွမ့်ဝမ်ယွီတို့ရှိနေသည့် လေဆိပ်တွင် လေယာဉ်အများအပြား မတော်တဆ ဖြစ်မှုကြောင့် လေယာဉ်ခရီးစဉ်များအား ရွေ့ဆိုင်းကြောင်း ကြေငြာလေသည်။
အဖြစ်အပျက်များအား မပြတ်မသား ခန့်မှန်းထားခဲ့သည့် လူငါးဦးမှာ ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များကြောင့် ခေတ္တမျှ တိတ်ဆိတ်သွားကြသည်။ ဝူဝမ်ချီမှ ခြောက်ကပ်စွာနှင့် ဆိုလာသည်။
“ဒါက တိုက်ဆိုင်တာလို့ပြောဖို့အတွက် အရမ်းများတယ် မဟုတ်ဘူးလား..”
သူ့ပြောပြီးသည်နှင့် အောက်ထပ်မှ စူးစူးဝါးဝါး အော်ဟစ်သံများ ထွက်ပေါ်လာလေသည်။
“အားးးးးးးး!—”
“ငါ့ကိုမကိုက်နဲ့!!!”
နျဲ့ရှောင်သည် အချိန်နှင့်အမျှ ပို၍တည်ငြိမ်လို့လာသည်။
တံခါးဆီသို့လျှောက်ကာ သော့ပိတ်လိုက်သည်။ ထို့နောက် ဗီဒိုဖြင့် ကာလိုက်ပြီး ရှောင်ယန်၏အခန်းရှေ့ရှိ တံခါးဝတွင် မတ်တတ်ရပ်နေဆဲဖြစ်သည့် ဝူဝမ်ချီအား အမိန့်ပေးလိုက်သည်။
“ဝမ်ချီ.. တံခါးဖွင့်လိုက်..”
“ဟုတ်ကဲ့..!”
ဝူဝမ်ချီ မျက်နှာပွတ်ပြီးနောက် အသက်ပြင်းပြင်းရှူကာ ရှောင်ယန်၏တံခါးအား အားကုန်ကန်ဖွင့်လိုက်သည်။ သူဝင်သွားပြီးနောက် မြေပြင်ပေါ်တွင် လဲကျနေသည့် ရှောင်ယန်အား အလျင်စလို ပွေ့ဖက်လိုက်ပြီး အေးစက်နေသည့် ခန္ဓာကိုယ်အပူချိန်ကြောင့် ထိတ်လန့်သွားမိပြီး သူ၏နှလုံးသားမှာလည်း ခဲဆွဲထားသလို လေးလံသွားလေသည်။
“ဘော့စ်!”
နျဲ့ရှောင် အလျင်စလို ဝင်လာခဲ့ပြီး နှုတ်ခမ်းတင်းတင်းစေ့ကာဖြင့် ရှောင်ယန်အား အိပ်ယာခင်းများဆွဲကာ ထုပ်ပိုးလိုက်သည်။ ထို့နောက်တွင် ဝူဝမ်ချီအား အပူပေးစက်သဖွယ် သူမအနားတွင် ရှိနေစေသည်။
“အဆင်ပြေသွားလိမ့်မယ်..”
နျဲ့ရှောင် ဝူဝမ်ချီအား နှစ်သိမ့်ပြီးနောက် လေဆိပ်ဆေးပေးခန်းတွင် ရှိနေဆဲဖြစ်သည့် သွမ့်ဝမ်ယွီအား တွေးရပြန်သည်။ သူ့မျက်နှာမှာ အနည်းငယ် အကျည်းတန်လာပြီး ရောက်နေသည့်နေရာမှ အော်ရုံသာရှိတော့သည်။
သူ၏စကားလုံးတိုင်းမှာ ကတ္တီတစ်ထောင်မျှ လေးလံလှသည်။ (၁ကတ္တီ = ၀.၅ ကီလို)
“ဝမ်ယွီ.. ဘာတွေဖြစ်လာလာ မင်းကိုယ်မင်းနဲ့ ရှောင်ဖုန်းကို ဂရုစိုက်..”
“ဟုတ်ကဲ့ ဘော့စ်..”
သွမ့်ဝမ်ယွီမှာ နဖူးတွင် ချွေးစို့လို့နေပြီး ဝန်ထမ်းများ မရှိသည့်အချိန်တွင် ဆေးပေးခန်း၏ တံခါးနှင့် ပြတင်းပေါက်များအား အလုံပိတ်လိုက်သည်။
ရံဖန်ရံခါတွင် လေဆိပ်၏ လော်ဘီထဲမှ ဆူဆူညံညံ အော်ဟစ်သံများ ထွက်ပေါ်လာတတ်ပြီး ယခုလက်ရှိတွင် ပြည်သူ့ဥပဒေနှင့် အမိန့်များမှာ အလုပ်မဖြစ်ပုံရသည်။
သို့သော်လည်း ဤသည်မှာ လတ်တလော ကမ္ဘာတစ်ဝှမ်းဖြစ်ပွားနေသည့် အခြေအနေများနှင့်ယှဉ်လျှင် ရေခဲတုံးကြီး တစ်ခုလုံး၏ ထိပ်ဖျားလေးသာ ဖြစ်သည်။
နင်ဖုန်းသည် တံခါးများ၊ ပြတင်းပေါက်များကို လိုက်ပိတ်နေသည့် သွမ့်ဝမ်ယွီအားကြည့်ကာ ခြောက်သွေ့အက်ကွဲနေသည့် နှုတ်ခမ်းများအား လျှာဖြင့်သပ်လိုက်ပြီး ဟောဟဲလိုက်ကာဖြင့် ထထိုင်လိုက်သည်။
“သွမ့်ကော.. ကိုယ့်ဘာသာ ထွက်သွားပြီး လူနည်းနည်းနဲ့ လုံခြုံတဲ့နေရာကိုသွားပါ.. ကျွန်တော်က ဇွန်ဘီနဲ့ပတ်သက်တဲ့ ဝတ္တုတွေဖတ်ထားဖူးတယ်.. ကျွန်တော့်လိုမျိုး အစပိုင်းမှာ ဖျားနာနေတဲ့လူတွေက ဇွန်ဘီတွေအတွက် အမြောက်စာလေးတွေဖြစ်လာကြမှာ..”
“အဲဒါကြောင့်.. ကော.. မြန်မြန်လေး ထွက်ပြေးပါတော့..”
“မဟုတ်ဘူး.. မင်းက ကောရဲ့အသက်ကို ကယ်လိုက်တာလေ.. မဟုတ်လို့ကတော့ အခုလေးတင် ပျက်ကျတဲ့ လေယာဉ်ထဲ ပါသွားလောက်ပြီကွ..”
အဖျားတက်နေသည့် နင်ဖုန်းနှင့် နှိုင်းစာလျှင် ရှောင်ယန်၏ အခြေအနေမှာ ပိုမိုစိုးရိမ်ရလေသည်။
အကြောင်းမှာ ဇွန်ဘီများတွင် အပူချိန်မရှိပေ။
ရှောင်ယန်သည် အလေးအနက်ဖြစ်နေသည့် နျဲ့ရှောင်နှင့် ဝူဝမ်ချီအား ကြည့်ပြီးနောက် ဖျော့တော့နေသည့် ခရမ်းရောင်နှုတ်ခမ်းများမှာ အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။ သူမသည် အလွန်အားနည်းလွန်းပြီး ပါးစပ်မှ ဟောဟဲလိုက်သံများ ထွက်လာသော်လည်း ဟာသတစ်ခု ပြောနိုင်ဆဲဖြစ်သည်။
“ကျွန်မနဲ့ ဝေးဝေးနေကြနော်.. မဟုတ်ရင် နောက်ပိုင်းကျ ကိုက်ပစ်လိုက်မှာ..”
“အခု လူသေကောင်ထက်တောင် အေးစက်နေပြီ..”
ပြက်လုံးမှာ ရယ်စရာမကောင်းလှချေ။ နျဲ့ရှောင်နှုတ်ခမ်းတင်းတင်းစေ့ကာဖြင့် ရီမုဒ်အားကိုင်ကာ အပူချိန်အား အနွေးဆုံးဖြစ်သည်အထိ ချိန်ညှိလိုက်သည်။
“နင် ငါတို့ကို ကိုက်နိုင်မှာ မဟုတ်ဘူး..”
နျဲ့ရှောင်၏ အညှာအတာမဲ့သည့် ဖြေကြားချက်ကြောင့် ရှောင်ယန်မှာ တောင့်ခဲသွားသော်လည်း သူမ၏မျက်လုံးများ ကွေးတက်သွားပြီး ပြောမပြနိုင်လောက်သည့် စိတ်သက်သာမှုတစ်ခုအား ခံစားမိလေသည်။
မှန်သည်။ အဖွဲ့၏ အသန်မာဆုံးတိုက်ခိုက်စွမ်းရည်ရှိသည့် နံပါတ် ၁ နှင့် နံပါတ် ၂ မှာ ဤနေရာတွင် ရှိနေကြသည်။ စိုးရိမ်ရမည်ဆိုလျှင် သူမကိုယ်သူမသာ အရင်ဆုံး စိုးရိမ်သင့်သည်။
သူမအား ပွေ့ဖက်ထားရင်း ဝမ်းနည်းညှိုးငယ်ကာ တိတ်ဆိတ်လို့နေသည့် ဝူဝမ်ချီအားကြည့်ကာဖြင့် ရှောင်ယန် အချိန်နည်းနည်း ပိုကြာအောင် ကြည့်လိုက်သည်။ သို့သော်လည်း သူမ၏မျက်ခွံများ ပိုမိုလေးလံလာသည်။
“နင်ငါ့ကို အခုမပြောစေချင်ဘူးလား..
“မပြောနဲ့.. ပြန်ကောင်းတဲ့အထိ စောင့်..”
“အဲဒါဆိုလည်း သဘောပဲ..”
***
တရုတ်ပြက္ခဒိန် ၂၀၂၅ ခုနှစ်၊ ပထမလ၏ ၁၀ ရက်မြောက်နေ့။
မနက် ၁၂ နာရီ။
ညလယ်ခေါင်းလောင်းထိုးသံနှင့်အတူ မကြုံစဖူး အလွန်ကြီးမားသည့် ဥက္ကာခဲကြီးတစ်ခုသည် အသိပေးခြင်းမရှိဘဲနှင့် ဂြိုလ်တစ်ခုလုံးအား ဝင်တိုက်သွားလေသည်။ ကမ္ဘာတစ်ဝှမ်းလုံးမှ လူပေါင်းများစွာသည် တစ်ချိန်တည်းမှာပင် မော့ကြည့်မိလိုက်ကြပြီး အချို့မှာ ပြတင်းပေါက်မှတဆင့် ကောင်းကင်အား ကြည့်နေကြခြင်း ဖြစ်သည်။
များမကြာမီတွင် ကမ္ဘာကြီးတစ်ခုလုံးအား အနက်ရောင်မြူခိုးများ လွှမ်းခြုံသွားလေသည်။
ပြတင်းပေါက်အပြင်မှ တလက်လက်တောက်ပနေသည့် ဥက္ကာခဲသည် နျဲ့ရှောင်၏ အာရုံအား ဖမ်းစားသွားသည်။ အခြေအနေကြည့်ရန် ပြတင်းပေါက်ဆီသို့ သွားချင်သော်လည်း သူမတ်တတ်ရပ်လိုက်သည့် အချိန်မှာပင် ကမ္ဘာကြီးလည်နေသည်ဟု ခံစားရပြီး မူးမေ့လုမတတ်ပင် ဖြစ်သွားလေသည်။
နျဲ့ရှောင် အလျင်အမြန်ပင် နံရံအား မှီလိုက်ပြီး နောက်သို့ကြည့်လိုက်သည်။
ညီမဖြစ်သူအား ခေါ်ဆိုရန်ကြိုးစားနေသည့် ဝူဝမ်ချီမှာ ရုတ်တရက် ဖျော့တော့လာပြီး လက်ထဲမှဖုန်းလွတ်ကျပြီးနောက် နျဲ့ရှောင်အား ကြောင်အစွာကြည့်ရင်း မြေပြင်ပေါ်သို့ လဲကျသွားလေသည်။
“ဘော့စ်…”
စကားမဆုံးမီမှာပင် ဝူဝမ်ချီသည် ရှောင်ယန်၏နံဘေးတွင် မေ့မျောသွားတော့သည်။
နျဲ့ရှောင်တွင် ဆိုးဝါးသည့် ထင်မြက်ချက်တစ်ခု ရှိနေသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံး ချွေးအေးများစိုလျက်ရှိပြီး အဖွဲ့သားနှစ်ဦးဆီသို့ အားတင်းကာ လျှောက်သွားပြီးနောက် သူတို့နှစ်ဦးအား နေရာတကျ ထားလိုက်သည်။
သွမ့်ဝမ်ယွီနှင့် နင်ဖုန်းတို့ဆီမှလည်း တုံ့ပြန်သံမကြားရတော့ဘဲ တံခါးအပြင်မှ ဆူဆူညံညံ ခြေသံများနှင့် အရာဝတ္တုများ မြေပြင်ပေါ်သို့ တစ်ခုပြီးတစ်ခု ပြုတ်ကျသံများကိုသာ ကြားနေရသည်။ ထိုနှစ်ဦးမှာ ဆေးပေးခန်းထဲတွင် သတိလစ်သွားကြသည်ကို နျဲ့ရှောင်မသိလိုက်ပေ။
ဤအခိုက်အတံ့တွင် နျဲ့ရှောင်မှာ ကမ္ဘာကြီး မည်သို့ဖြစ်ပျက်နေသည်ကို မသိတော့သည့်အတွက် နောက်ဆုံးကျန်သည့် အသိစိတ်အပိုင်းလေးဖြင့် ဖုန်းထုတ်ကာ အိမ်သို့ နောက်ဆုံးအမိန့်ပေးလိုက်တော့သည်။
***
ယွင်ချန်၊ ဖုန့်ရှန်ဗီလာဝင်း။
ကတ္တီပါစောင်အထပ်ထပ်ရှိနေသည့် ပြတင်းပေါက်ဘောင်တွင် နို့လက်ဖက်ရည်အရောင် ဟမ်းစတားလေးသည် ဖန်သားပြင်ရှေ့တွင် ထိုင်နေဆဲဖြစ်သည်။
ကြည်လင်တောက်ပသည့် မျက်လုံးလေးတစ်စုံမှာ မျက်တောင်မခတ်ဘဲနှင့် ကောင်းကင်အား မော့ကြည့်လို့နေသည်။ ရုတ်တရက် ရင်သပ်ရှုမောဖွယ်ရာ ဥက္ကာခဲကြီး ကျရောက်လာသဖြင့် မျက်နှာသေးသေးလေးမှာ အလွန်အံ့အားသင့်တုန်လှုပ်မှုတို့ ပြည့်နှက်သွားလေသည်။
သို့သော်လည်း နျဲ့ရှောင်ထံမှ ဗီဒီယိုကောလ် မလာသေးသဖြင့် မည်မျှလှပသည့် ဥက္ကာခဲဖြစ်စေကာမူ ဆန်မုန့်လုံးလေးအား အချိန်အတော်ကြာအောင် ပျော်ရွှင်မှုပေးနိုင်ချေ။ လှုပ်ရှားမှုမရှိသည့် ဖန်သားပြင်အား ကြည့်ရင်းနှင့် ဆန်မုန့်လုံးလေးသည် ကတ္တီပါစောင်အား သူ၏လက်ကလေးများဖြင့် ဆွဲယူကာ စောင်၏ နူးညံ့ပေါ့ပါးသည့် အမွေးလေးပေါ်တွင် မပျော်ရွှင်စွာဖြင့် လဲလျောင်းလိုက်သည်။
အောက်ထပ်ရှိ အလုပ်သမားများ လဲကျသွားသည့်အချိန်မှာပင် ဆန်မုန့်လုံးလေး၏ အသိစိတ်သည်လည်း တဖြည်းဖြည်း ပျောက်ကွယ်လာလေသည်။
ထိုအချိန်တွင် အခန်းတံခါးမှာ ရုတ်တရက်ဆိုသလို အသံထွက်ပေါ်လာသည်။
—ပိတ်ဆို့မှုပြီးစီး။
ဟမ်းစတားလေး၏ နားရွက်လေးများ လှုပ်ခတ်သွားသော်လည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားပြီ ဖြစ်သဖြင့် မည်သည့်တုံ့ပြန်မှုမှ မရှိတော့ချေ။
***
ကောင်းကင်မှ တလက်လက်တောက်ပနေသည့် ဥက္ကာခဲများ ကျဆင်းလာသော်လည်း မည်သူကမျှ ဤလှပသည့်မြင်ကွင်းအား ခံစားနိုင်ခြင်း မရှိကြပေ။
ထိုညတွင် ကမ္ဘာတစ်ဝှမ်းလုံးရှိ လူများမှာ မေ့မျောမသွားခင် မတူကွဲပြားသည့် လက္ခဏာများ ပေါ်လာကြလေသည်။ အချို့လူများမှာ အချိန်အတော်ကြာအောင် အိပ်ပျော်နေခဲ့ပြီး အချို့မှာ စောစီးစွာ နိုးထလာကြသည်။ သို့သော်လည်း သူတို့အားလုံး၏ မူလစရိုက်များမှာ သိသိသာသာ ပြောင်းလဲသွားခဲ့ကြသည်။ ဖြူဖျော့ပြီး ချွန်ထက်သည့် အပြာရောင်အစွယ်များနှင့် ကြောက်မက်ဖွယ်ရာ မျက်နှာများအား ထုတ်ဖော်ကာ သူတို့အား ဂရုစိုက်မှုပေးခဲ့ကြသည့် ဆွေမျိုးများ၊ ချစ်သူရည်းစားများနှင့် ကလေးများထံ ပြေးဝင်သွားကြလေသည်။
သွေးပျက်ဖွယ်ကောင်းသည့် အော်ဟစ်သံများ၊ နာကျင်စွာ အော်မြည်သံများ၊ ကြောက်မက်ဖွယ်ရာ မြည်ဟီးသံများနှင့် ငိုကြွေးသံများသည် ငြိမ်းချမ်းသည့်ညအချိန်အား ရက်ရက်စက်စက် ဖျက်ဆီးပစ်လေသည်။
ကြောက်မက်ဖွယ်ရာ မိစ္ဆာတစ်ကောင် တိတ်တဆိတ် ဆင်းသက်လာပြီး ကမ္ဘာကြီးတစ်ခုလုံးအား ထူထဲသည့် အခိုးအငွေ့များဖြင့် လွှမ်းခြုံထားသကဲ့သို့ ရှိနေလေသည်။
ကမ္ဘာပျက်ကပ်ကြီး တိတ်တဆိတ် စတင်လေပြီ။
🐹🐹🐹🐹🐹