အပိုင်း၆
Viewers 8k

Chapter 6


🐹 အခန်း ၆ ဝူယိလေးမှာ ခြေထောက်နှစ်ချောင်း ပေါက်လာပြီ/ ဝူယိလေး ခြေနှစ်ချောင်းသတ္တဝါ ဖြစ်သွားပြီ



သုံးရက်ကြာပြီးနောက်။


ယွင်ချန်၊ ဖုန့်ရှန်ဗီလာဝင်း။


နှင်းကဲ့သို့ဖြူဖွေးသည့် အသားအရေရှိသော ဆယ်ကျော်သက်လေးတစ်ယောက်သည် ပြတင်းပေါက်နံဘေးတွင် ကွေးကွေးလေး အိပ်ပျော်လို့နေသည်။ ထိုကောင်လေးမှာ အတော်လေး ချမ်းနေပုံရပြီး မသိစိတ်မှ ခဲပြာရောင်စောင်ထဲသို့ လှိမ့်ဝင်သွားသည်။


အကျည်းတန်ကာ ရွံရှာဖွယ်ကောင်းသည့် ဇွန်ဘီတစ်အုပ်မှာ အိပ်ခန်းတံခါး၏ အပြင်ဘက်တွင် ရှိနေပြီး အပြင်ဘက်မှ ပြင်းပြင်းထန်ထန် ဝင်တိုက်သံများ ကြားနေရသည်။ ဇွန်ဘီများသည် အိပ်ခန်းအတွင်းမှ လတ်လတ်ဆတ်ဆတ် အသားနံ့အား ရရှိလိုက်ခြင်းကြောင့် တံခါးအား အလွန်ပြင်းထန်စွာ ဝင်ဆောင့်နေခြင်း ဖြစ်ပုံရသည်။


ထိတ်လန့်ဖွယ်ကောင်းပြီး ထူးဆန်းသည့်အော်ဟစ်သံများသည် အလွန်ဆိုးဝါးသည့် အနံ့တစ်ခုနှင့်အတူ တံခါးအား ဖြတ်ဝင်လာသည်။


အိပ်ပျော်နေသည့် ဆယ်ကျော်သက်လေး နိုးထလာပြီး နက်မှောင်သန့်စင်သည့် မျက်လုံးများမှာ ပွင့်လာသော်လည်း အနည်းငယ် မူးဝေနေဆဲဖြစ်သည်။


ထထိုင်ပြီးနောက် စိတ်ရှုပ်ထွေးစွာဖြင့် ပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်နေမိပြီး သူ၏ မျက်လုံးများမှာ သူ့လက်များထံ ကျရောက်သွားသည်။ ရုတ်တရက် ထိတ်လန့်မှုကြောင့် မျက်လုံးများ ပြူးကျယ်လာပြီး ပါးစပ်မှ ချစ်စဖွယ် အာမေဋိတ်သံလေး ထွက်ပေါ်လာသည်။


ဆယ်ကျောက်သက်လေးသည် ပြတင်းပေါက်ဘောင်ပေါ်မှ အလျင်စလို ဆင်းလိုက်ပြီးနောက် အိပ်ခန်းအတွင်းရှိ ကိုယ်လုံးပေါ်မှန်ရှိရာသို့ ပြေးသွားလိုက်သည်။


မှန်ထဲတွင် ပန်းပုလက်ရာကဲ့သို့ ချောမွေ့ကာ ပြစ်မျိုးမှဲ့မထင်ဘဲ ကျောက်စိမ်းကဲ့သို့ ရှင်းသန့်ဖြူစင်နေသည့် ခန္ဓာကိုယ်လေးအား မြင်နေရသည်။ အစိတ်အပိုင်းတိုင်းမှာ အံ့ဩဖွယ်ကောင်းရလောက်အောင် ပြီးပြည့်စုံလွန်းလှသည်။


သို့သော်လည်း ဆယ်ကျော်သက်လေးမှာ ထိုအရာအား သဘောကျနေရန် အချိန်မရှိပေ။ ကာယလေ့ကျင့်ခန်း လုပ်သကဲ့သို့ ခြေဆန့်လက်ဆန့်ဖြင့် သူပိုင်ဆိုင်သည့် ခန္ဓာကိုယ် ဟုတ်၊ မဟုတ်အား ထပ်ကာထပ်ကာ စစ်ဆေးလို့နေသည်။


“ဝူယိလေးက ဒယ်ဒီ့လိုမျိုး ခြေနှစ်ချောင်းနဲ့လူ တကယ်ကြီး ဖြစ်လာခဲ့ပြီ..”


စိတ်ထဲတွင် တွေးလိုက်ရုံဖြင့် လူသားဘာသာစကားအဖြစ်သို့ ချောချောမွေ့မွေ့ ဘာသာပြန်ဆိုနိုင်ပြီး ပါးစပ်မှ ထုတ်ပြောနိုင်လေသည်။ အိပ်ခန်းအတွင်းရှိ တိတ်ဆိတ်မှုအား စကားသံဖြင့် ဖြိုခွင်းလိုက်သည်။ အသံမှာ ပေါ့ပါးကာ နူးညံ့လှပြီး ဖိုထဲမှထုတ်ကာစ စေးကပ်ကပ် ဆန်မုန့်လုံးလေးသဖွယ် ဖြစ်သည်။


ဆယ်ကျော်သက်လေးမှာ သူ၏ ကိုယ်ပိုင်အသံကြောင့် အံ့အားသင့်လို့နေပြီး လည်ချောင်းအား လက်နှစ်ဖက်ဖြင့် အုပ်လိုက်သည်။ မျက်လုံးဝိုင်းဝိုင်းလေးများမှာ အံ့အားသင့်မှုနှင့် စိတ်လှုပ်ရှားမှုတို့ကြောင့် တဖျက်ဖျက်လက်လို့နေသည်။


“တကယ်ကြီး စကားပြောနိုင်တယ်..”


ရှောင်ဝူယိမှာ အလွန်ပျော်ရွှင်ကာ သူ့ပါးစပ်မှ ထွက်လာသည့်အသံဖြစ်ကြောင်း အတည်ပြုသည့်အနေဖြင့် နျဲ့ရှောင်၏နာမည်အား အကြိမ်ပေါင်းများစွာ ရေရွတ်လို့နေသည်။


သို့သော်လည်း ထိုအပြုအမူများမှာ တံခါးအပြင်ဘက်ရှိ ဝင်တိုက်မှုနှင့် တရှူးရှူးအော်ဟစ်သံများအား ပိုမိုပြင်းထန်လာစေသည်။


ရှောင်ဝူယိသည် အိပ်ခန်းတံခါးအားကြည့်ကာ မျက်မှောင်ကြုတ်မိသည်။ သို့သော်လည်း ထိုစိတ်မချမ်းမြေ့ဖွယ်ရာ ဆူညံသံများမှာ သူ့အား အလွန်အမင်း မပျော်ရွှင်စေသည့်တိုင် ထိုအသံများကို လျစ်လျူရှုကာဖြင့် နျဲ့ရှောင်၏ ဗီဒိုရှိရာသို့ တန်းတန်းမတ်မတ်သွားကာ အဝတ်တစ်ထည်ရွေးကာ ဝတ်ရန်ပြင်သည်။


အခန်း၏ လေအေးပေးစက်နှင့် အနွေးစက်များမှာ အလုပ်မလုပ်တော့သဖြင့် အမွေးပွပွလေးများ မရှိတော့သည့် ဟမ်းစတားလေးမှာ အနည်းငယ် အေးလို့နေသည်။


သို့သော်လည်း အဝတ်များအား သူ၏လက်ဖြင့် ထိလိုက်သည်နှင့် လေထုထဲတွင် ပျောက်ကွယ်သွားလေသည်။


ရှောင်ဝူယိ တုန်လှုပ်သွားမိသည်။ ဟမ်းစတားဗီဇအရ သူ၏လက်များသည် ကလေးအဆီလေးများ ရှိနေသည့် ပါးဖောင်းဖောင်းလေးများထံ အလိုလိုရောက်ကာ ပွတ်လိုက်မိသည်။


ထိုပွတ်တိုက်မှုမှ အလွန်အံ့ဩဖွယ်ရာ တွေ့ရှိမှုတစ်ခု ဖြစ်လာစေရန် ကူညီပေးလေသည်။


မည်သည်ကြောင့်ရယ်မသိဘဲ သူ၏ ပါးစုံအတွင်းရှိ အိတ်ကလေးနှစ်ခုမှာ အလွန်အမင်း ကြီးမားလာပုံရသည်။


သူ၏စိတ်ထဲတွင် နေရာလွတ်နှစ်ခု ပေါ်လာသည်။ လက်ဝဲဘက်တွင် သပ်ရပ်စွာ စီတန်းထားသည့် အနက်ရောင် လေးထောင့်ကွက်အများအပြား ရှိလို့နေပြီး လက်ယာဘက်တွင် စိမ်းလန်းသည့် တောင်တန်းများ၊ စမ်းချောင်းများ ပါဝင်သည့် တောင်ကြားတစ်ခု ရှိနေသည်။


လက်ဝဲဘက်ရှိ အနက်ရောင်လေးထောင့်ကွက်များထဲမှ တစ်ကွက်တွင် ယခင် ပါးစုံထဲတွင် ဝှက်ထားခဲ့သည့် အခွံမာသီးလေးများဖြင့် ပြည့်နေပြီး နောက်တစ်ကွက်တွင် ယခုလေးတင် ပျောက်ကွယ်သွားခဲ့သည့် အဝတ်အစားများ ရှိလို့နေသည်။


အနည်းငယ် တွေးလိုက်ရုံမျှနှင့် အခွံမာသီးများနှင့် အဝတ်အစားများ ပြန်ပေါ်လာသည်။


ရှောင်ဝူယိသည် သူ၏လက်ပေါ်တွင် ရုတ်တရက်ပေါ်လာသည့် အရာများအားကြည့်ကာ မျက်လုံးများ တလက်လက် တောက်ပလာသည်။ မျက်လှည့်အသစ်တစ်ခုအား တတ်မြောက်လိုက်သလို အကြိမ်အနည်းငယ်ခန့် သိမ်းလိုက်၊ ထုတ်လိုက်နှင့် ပြုလုပ်လို့နေသည်။ နှာချေလာသည့်အခါမှသာ အဝတ်ဝတ်ရန် အမှတ်ရတော့သည်။


ဝတ်ဆင်ပြီးသည့်နောက်တွင် ရှောင်ဝူယိသည် နျဲ့ရှောင်၏ အိပ်ယာထက်တွင် တင်ပုလ္လင်ခွေထိုင်ကာဖြင့် သူ၏ ပါးစုံအိတ်လေးများ၏ ပြောင်းလဲမှုများအား ဆက်လက်လေ့လာလို့နေသည်။


လက်ဝဲဘက်ရှိ အနက်ရောင်အကွက်များမှာ သက်မဲ့ပစ္စည်းများကိုသာ သိမ်းဆည်းထားနိုင်ပုံရပြီး အလိုအလျောက် အမျိုးအစားခွဲခြားနိုင်စွမ်းနှင့် အကန့်အသတ်မဲ့ သိမ်းဆည်းနိုင်စွမ်း ရှိပုံရသည်။ လက်ယာဘက်ရှိ တောင်တန်းစိမ်းစိမ်းများနှင့် တောင်ကြားမှာ သက်ရှိနှင့် သက်မဲ့ နှစ်မျိုးလုံးအား ထားနိုင်ပုံပင်။


ရှောင်ဝူယိသည် တောင်တန်းစိမ်းများနှင့် စမ်းချောင်းများပါဝင်သည့် တောင်ကြားနေရာလွတ်အား အာရုံစိုက်လိုက်ပြီး အတွေးတစ်ချက်နှင့်ပင် မြေဆီဩဇာကောင်းသည့် ကွင်းပြင်ထက်တွင် ရပ်နေမိသည်အား တွေ့လိုက်ရသည်။ လေပြည်ညင်းလေးက မျက်နှာနုနုလေးကို ဖြတ်တိုက်လာသည့်အခါ ဤကမ္ဘာကြီးမှာ အတုအယောင် မဟုတ်ဘဲ အစစ်အမှန်ဖြစ်သည်ကို ယုံကြည်လိုက်တော့သည်။


လှည့်ပတ်ကြည့်လိုက်သည့်အခါတွင် တောင်ပတ်ပတ်လည်အား တိမ်များဖြင့် ပိတ်ဖုံးထားပြီး မည်သည်မှ စီးဆင်းလာသည်ကို မသိရသည့် ခရစ္စတယ်ကျောက်သားလွှာကဲ့သို့ ကြည်လင်နေသည့် စမ်းချောင်းတစ်ခုနှင့် ထိုစမ်းချောင်းနံဘေးတွင် စိုက်ပျိုးနိုင်သည့် မြေကွက်တစ်ခု ရှိလို့နေသည်။


ဝူယိသည် သူ၏အရှေ့ရှိ ကောင်းကင်ဘုံနှင့်တူသည် မြင်ကွင်းအား ကြည့်ကာဖြင့် စိတ်လှုပ်ရှားပျော်ရွှင်လာသည်။ နျဲ့ရှောင်အား ဤအကြောင်းပြောပြရန် မစောင့်နိုင်တော့ချေ။


ဒီအရွယ်လောက်ရှိတဲ့ ပါးစုံလေးတွေထဲမှာဆိုရင် အစာတွေ ဘယ်လောက်တောင် ထည့်ထားနိုင်မလဲနော်.. နောက်များ ဒယ်ဒီအလုပ်မလုပ်တော့ဘူးဆိုရင်တောင် သေချာပေါက် ဒယ်ဒီ့ကို ကျွေးမွေးနိုင်ဆဲပဲ..


ရှောင်ဝူယိ ပျော်ရွှင်စွာဖြင့် ခေါင်းတညိတ်ညိတ်လုပ်လိုက်ပြီး နေရာလွတ်ထဲတွင် ခေတ္တမျှ ဟိုဟိုဒီဒီ လျှောက်ကြည့်ပြီးနောက် ပြန်ထွက်လာလိုက်သည်။ ထို့နောက်တွင် နျဲ့ရှောင်၏ အိပ်ယာပေါ်တွင် လူးလှိမ့်လို့နေပြီး မည်မျှပျော်ရွှင်နေသည်ကို တွေ့ရပေမည်။


များမကြာမီတွင် ရှောင်ဝူယိသည် ပြတင်းပေါက်ရှိရာသို့ ပြေးကာ အလင်းရောင်ထွက်ပေါ်လာမည်ဟု မျှော်လင့်ကာဖြင့် အီလက်ထရောနစ် ဖန်သားပြင်အား ကောက်ယူလိုက်သည်။ ထိုမှသာ နျဲ့ရှောင်အား စပရိုက်အကြီးကြီး ပေးနိုင်ပေမည်။


သို့သော်လည်း ဝူယိလေးမှာ ညှိုးနွမ်းသွားသည့် ဂေါ်ဖီထုပ်လေးအဖြစ်သို့ ပြောင်းလဲသွားသည့်တိုင် ဖန်သားပြင်မှာ လင်းမလာခဲ့ချေ။


ရှောင်ဝူယိသည် နျဲ့ရှောင်၏ အိပ်ယာထက်တွင် ဝမ်းနည်းစွာဖြင့် လဲလျောင်းလို့နေသည်။ စူပုပ်ပုပ် မျက်နှာလေးသည် သက်ပြင်းများချကာဖြင့် လက်ချောင်းသေးသေးလေးများဖြင့် ရက်များအား ရေတွက်လို့နေသည်။ တစ်ပတ်ပြည့်ပြီး နှစ်ရက်ပင် ကျော်လို့နေပြီ ဖြစ်သည်။


ဝူးးး ချိ.. ဒယ်ဒီက ဘာဖြစ်လို့ အခုထိတောင် ပြန်မလာရသေးတာလဲနော်.. QAQ


ထိုအချိန်မှာပင် တံခါးအပြင်ဘက်မှ ပြင်းပြင်းထန်ထန် ထုနှက်မှုများနှင့် စူးစူးဝါးဝါး အော်ဟစ်သံများ ရုတ်တရက် ပျောက်ကွယ်သွားပြီးနောက် လူပေါင်းများစွာ၏ ခြေသံများ ထွက်ပေါ်လာသည်။


ထိုလှုပ်ရှားမှုများကြောင့် ရှောင်ဝူယိ ငြိမ်ငြိမ်ထိုင်နေရန် မဖြစ်နိုင်တော့သဖြင့် မျက်မှောင်ကြုတ်ပြီးနောက် တတွတ်တွတ် ရေရွတ်ပြောဆိုကာ ထူထဲသည့် သစ်သားတံခါးရှိရာသို့ မပျော်ရွှင်စွာဖြင့် ထသွားလေသည်။


“ဒယ်ဒီပြန်လာတာနဲ့ ပြောမှကိုဖြစ်မယ်.. ဒီနေ့ အိမ်ကအလုပ်သမားတွေက ဆိုးဝါးပြီး ဒီဟမ်းစတားလေးကို အရမ်းနားငြီးအောင်လုပ်တယ်လို့..”


အောက်ထပ်တွင်..။


တုတ်များ၊ ဓားများနှင့် ပုဆိန်များ ကိုင်ဆောင်ထားသည့် လူများသည် ဗီလာ၏ အပြင်အဆင်အား ကြည့်နေကြသည်။


သူတို့အား တူကြီးကြီးတစ်လက်ကိုင်ကာ ဂျက်ကက်ထူထူဝတ်ဆင်ထားပြီး လည်ပင်းတွင် အပြာရောင်တက်တူး ရှိသည့်လူမှ ဦးဆောင်လေသည်။ ဆိုဖာပေါ်တွင် ထိုင်ကာဖြင့် သစ်သီးပန်းကန်ထဲမှ ပန်းသီးတစ်လုံး ကောက်ယူကာ ကိုက်လိုက်သည်။


“နောက်ဆုံးတော့ မြို့ထဲက ထွက်လာနိုင်ပြီ.. လောင်ဇီက အဲဒီနေရာကို လုံးဝစွန့်ပစ်လိုက်ပြီ..”


ထိုသို့ပြောပြီးနောက် ရှဲ့ကျွင်းသည် နောက်ထပ်ပန်းသီးတစ်လုံး ကောက်ယူကာ သူ၏နံဘေးရှိ ရိုးသားပုံရသည့် လူထံသို့ ရွေ့သွားသည်။


ပုဆိန်တစ်လက် ကိုင်ထားသည့် လျှိုတာ့ရှန်အတွက် လူချမ်းသာများ နေထိုင်သည့် ဤဗီလာဝင်းသို့ ပထမဆုံးအကြိမ် ရောက်ဖူးခြင်းပင်။ လက်ရာမြောက်သည့် အပြင်အဆင်များကို ကြည့်ရင်း သူ၏ ခြေလက်များအား မည်သို့ထားရမည်ကိုပင် မသိတော့ချေ။


“ငါမစားတော့ဘူး..”


လျှိုတာ့ရှန် တုံ့ဆိုင်းစွာဖြင့် ပြောသည်။


ရှဲ့ကျွင်းသည် အထင်အမြင်သေးစွာဖြင့် ‘ကျွတ်’ ဆတ်လိုက်ပြီးနောက် မတ်တတ်ရပ်လိုက်သည်။ လျိုတာ့ရှန်အား ဆိုဖာပေါ်သို့ တွန်းချပြီးနောက် လက်ထဲသို့ ပန်းသီးထိုးထည့်လိုက်သည်။


“ညီကိုရေ.. ဒါက ကမ္ဘာကြီးရဲ့ အဆုံးသတ်ပဲကွ..”


“ငါ အသားမကျသေးဘူး..”


လျှိုတာ့ရှန် ခေါင်းငုံကာဖြင့် ရိုးရိုးသားသား ပြောသည်။


သူ့အတွက် ဤအရာနှင့် အသားမကျသေးခြင်း မဟုတ်ဘဲ ကမ္ဘာပျက်ကပ်နှင့် အသားမကျလိုခြင်းသာ ဖြစ်သည်။ ရှဲ့ကျွင်း ပန်းသီးဆက်မစားတော့ဘဲ ခေတ္တမျှ တိတ်ဆိတ်သွားလေသည်။


ထိုအချိန်မှပင် အပေါ်ထပ်သို့တက်ကာ အခြေအနေများအား စစ်ဆေးနေသည့် လူငယ်လေးများ အမောတကြီး ပြေးဆင်းလာကြပြီးနောက် ရှဲ့ကျွင်းနှင့် လျှိုတာ့ရှန်အား ပြောလေသည်။


“အစ်ကိုရှဲ့.. အစ်ကိုလျှို.. အပေါ်ထပ်က အခန်းထဲမှာ အသက်ရှင်နေတဲ့ လူတစ်ယောက် ရှိပုံပဲ.. ဇွန်ဘီတွေက တံခါးရှေ့မှာ ပုံနေကြတာ အခုတော့ ကျွန်တော်တို့ သတ်ပစ်လိုက်ပြီ.. ဒါပေမဲ့ တံခါးက လော့ကျနေပြီး ဖွင့်မရဘူး..”


“အပေါ်တက်ကြည့်ကြမယ်..”


ရှဲ့ကျွင်းနှင့် လျှိုတာ့ရှန် ထိတ်လန့်စွာဖြင့် မတ်တတ်ရပ်လိုက်ကြပြီး အခြေအနေအားကြည့်ဖို့ အပေါ်တက်ရန် အဆင်သင့်ဖြစ်နေသည်။ လမ်းတစ်လျှောက်တွင် ရှဲ့ကျွင်းသည် ဇွန်ဘီများအား လှလှပပ အနိုင်ယူနိုင်ခဲ့ကြသည့် လူငယ်လေးများအား မချီးကျူးဘဲ မနေနိုင်ချေ။ ထို့ကြောင့် လူငယ်လေးများမှာ ရှက်ရွံ့စွာဖြင့် ခေါင်းကုတ်နေမိကြသည်။


“အနာဂတ်မှာလည်း အခုလိုမျိုး ကြုံလာရင် ခေါင်းကိုပဲ တိုက်ရိုက်ပစ်ဖို့ မမေ့ကြနဲ့.. ဒီနည်းလမ်းကပဲ အဲဒီအရာတွေကို လုံးဝသေအောင်သတ်နိုင်မှာ..”


“ဟုတ်.. ကျွန်တော်တို့ မှတ်ထားပါ့မယ်..”


ရှောင်ဝူယိသည် ကုတင်အစွန်းတွင် လှဲရင်းဖြင့် သူ၏ အရုပ်ကလေးများအား ကြည့်ကာ အရသာရှိလှသည့် အခွံမာသီးလေးများအား ဝါးလို့နေပြီး ဟမ်းစတားလေးအဖြစ်သို့ ပြန်ပြောင်းရန် စဉ်းစားလျက်ရှိသည်။ ထို့နောက်တွင် ယခင်ကြားခဲ့ရသည့် အသံများမှာ ပျောက်ကွယ်သွားပြီးမှ ရုတ်တရက် ပြန်ရောက်လာပြန်သည်။


ထို့ကြောင့် ဒေါသတကြီး ထထိုင်လိုက်ပြီး ဆူသံများမှာ မဆုံးနိုင်တော့ပုံပင်။


ရှဲ့ကျွင်းနှင့် လျှိုတာ့ရှန်တို့သည် လူငယ်လေးများအား ဦးဆောင်ကာ ဒုတိယထပ်ရှိ အိပ်ခန်းကျယ်ကြီး၏ တံခါးပေါက် ရှိရာသို့ လာနေကြသည်။ ဇွန်ဘီများ၏ ခြေလက်အင်္ဂါများအား ဘေးသို့ ကန်ထုတ်လိုက်သည်။


ရှဲ့ကျွင်း ဦးဆောင်ကာဖြင့် တံခါးလက်ကိုင်အား လှည့်ဖွင့်ကြည့်သော်လည်း ပွင့်မလာချေ။ ထို့အစား အော်ပြောလိုက်သည်။


“အထဲမှာ တစ်ယောက်ယောက် ရှိနေတာလား.. ငါပြောတာ ကြားရဲ့လား.. မင်းကို ကယ်ဖို့အတွက် ရောက်လာတာ.. လူရှိရင် တံခါးဖွင့်ပေးဦး..”


ထိုအသံကို ကြားပြီးနောက် တံခါးအပြင်ဘက်ရှိ လှုပ်ရှားမှုများမှာ အိမ်မှ အလုပ်သမားများ ပြုလုပ်ခြင်း မဟုတ်ကြောင်း ရှောင်ဝူယိ သဘောပေါက်လာသည်။ ခန္ဓာကိုယ်တစ်ခုလုံး သတိအပြည့်နှင့် ကုတင်ရှိရာသို့ နောက်ဆုတ်လိုက်သည်။


ခေါင်းမော့ကာဖြင့် အခန်းတံခါးတွင် ပေါ်နေသည့် အစက်လေးအား ကြည့်လိုက်သည်။ မည်သည့်အချိန်က ပြောင်းသွားသည်ကို မသိသော်လည်း ထိုအစက်လေးမှာ အစိမ်းရောင်အစား အနီရောင်သို့ ပြောင်းနေလေသည်။ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်မိသည်။


ဒယ်ဒီက အန္တရာယ်ရှိတာကို သိထားပုံရတယ်.. ဒါဆိုရင် မကြာခင် ပြန်လာမှာ သေချာတယ်..


သို့သော်လည်း ဤအခန်းမှာ သံလှောင်အိမ်တစ်ခုနှင့် တူသည်ကို သိထားသည့်တိုင် ဝူယိလေး လုံးလုံး စိတ်မချနိုင်ပါချေ။ သတိအပြည့်နှင့် ရှိနေပြီး နားရွက်များစွင့်ကာ အပြင်ဘက်မှ လှုပ်ရှားမှုများအား သေသေချာချာ နားထောင်လို့နေသည်။


ရှဲ့ကျွင်းသည် အထဲတွင် ဖြစ်ပျက်နေသည်များကို မကြားရသဖြင့် အခန်းတံခါးအား အကြိမ်အနည်းငယ်ခန့် ခပ်ပြင်းပြင်းကန်လိုက်သည်။ ထို့နောက်တွင် သူ၏ခြေထောက်များ ထုံကျင်လာသည့်တိုင် တံခါးမှာ လှုပ်ရှားမှု ကင်းမဲ့နေဆဲပင်။ ရှဲ့ကျွင်းသည် အခန်းထဲ၌ မည်သူမျှ မရှိလောက်ဟုပင် ထင်လာမိသည်။


အပြင်ဘက်ရှိ ဇွန်ဘီအကြွင်းအကျန်များအား ကြည့်ကာ လျှိုတာ့ရှန် လက်မလျော့ချင်သေးပေ။


“ထပ်ကြိုးစားကြည့်ပါဦး.. အထဲကလူက မေ့မျောနေရင် ဘယ်လိုလုပ်မလဲ.. တစ်ယောက်ပဲဖြစ်ဖြစ် ကယ်နိုင်သလောက် ကယ်ရမှာပဲ..”


ရှဲ့ကျွင်းသည်လည်း ထိုသည်မှာ ဖြစ်နိုင်သည်ဟု ခံစားရသဖြင့် တံခါးအား သူ၏တူကြီးဖြင့် ထုရိုက်တော့သည်။ အိမ်တစ်ခုလုံး တုန်ခါလာသည်ကို ခံစားရသော်လည်း တံခါးတွင် ချိုင့်ရာသေးသေးလေးသာ ပေါ်လာခဲ့သည်။


ရှဲ့ကျွင်းသည် ခွန်အား အားလုံးနီးပါး ကုန်ဆုံးသည့်အထိ အကြိမ်နည်းငယ်ခန့် ဆက်တိုက်ထုရိုက်နေသည်။ ရလဒ်အနေဖြင့် သူ၏တူကိုသာ လွှင့်ပစ်ချင်စိတ် ပေါ်လာသော်လည်း တံခါးအား မချိုးဖြတ်နိုင်သေးချေ။


နံဘေးရှိ လူငယ်လေးများသည် တစ်စုံတစ်ခု မူမမှန်ဟု ခံစားမိကြသည်။ ရှဲ့ကျွင်း၏ ခွန်အားမှာ သူတို့ထဲတွင် အသန်မာဆုံးဖြစ်ပြီး သူ့လက်ထဲတွင် ကိုင်ထားသော တောင်ကိုပင် လှုပ်ခါနိုင်စွမ်းရှိသည့် တူကြီးအကြောင်း ထည့်မပြောရသေးချေ။


တူဖြင့် အလုပ်မဖြစ်လျှင် ပုဆိန်နှင့် ကြိုးစားကြည့်မည်။ လျှိုတာ့ရှန်သည် သူ၏ပုဆိန်ကြီးအား သယ်ကာဖြင့် အကြိမ်အနည်းငယ်ခန့် ပေါက်လိုက်သည်။ တံခါးအား မဖွင့်နိုင်သေးသော်ငြား တံခါး၏ သစ်သားစများ အက်ကွဲကာ အတွင်းရှိ သတ္တုလွှာ ပေါ်လာသည်။


ထိုအရာအားကြည့်ကာ လူတိုင်း တုန်လှုပ်သွားမိကြသည်။


“ငါထပ်ဖွင့်ကြည့်မယ်.. ဒီအိမ်ထဲမှာ ဘယ်လိုလူမျိုး နေတာပါလိမ့်..”


ရှဲ့ကျွင်းသည် ပထမဆုံးအကြိမ်အဖြစ် ဆင်းရဲခြင်းသည် သူ၏စိတ်ကူးယဉ်နိုင်စွမ်းကို ကန့်သတ်ထားသည်ဟု ခံစားမိသည်။ ယခုအခါတွင် ဤတံခါးကို ဖွင့်ရန် ဆုံးဖြတ်ချက်ခိုင်မာလာပြီး အထဲတွင် ဖြစ်ပျက်နေသည်များအား မြင်ချင်နေသည်။


သူတို့အားလုံးသည် အတွင်းသတ္တုလွှာ၏ အပြင်ဘက်ရှိ သစ်သားပိုင်းများအား ဆွဲခွာပြီးနောက် သတ္တုစပ်ကြောင်း တစ်ခုအား တွေ့လိုက်ရသည်။ ဤသတ္တုလွှာအား သစ်သားတံခါး၏ နံရံဘေးနှစ်ဘက်ရှိ အခေါင်းပွထဲသို့ တိုက်ရိုက်ထည့်သွင်းထားပုံရပြီး အခန်းတစ်ခုလုံးအား သံလှောင်အိမ်တစ်ခုသဖွယ် ပြုလုပ်ထားခြင်း ဖြစ်သည်။


ဤကဲ့သို့သော နည်းလမ်းမျိုးအား သာမန်လူများ တွေးပင် တွေးရဲလိမ့်မည် မဟုတ်ချေ။


ခေတ္တမျှကြာသည့်အခါ ရှဲ့ကျွင်း၏လူများသည် အတွင်းတွင် ရှိနေသည့်အရာကို မြင်တွေ့ရန် အနည်းငယ် ကြောက်ရွံ့နေမိသည်။


သို့သော်လည်း ကမ္ဘာပျက်ကပ် ဖြစ်ပျက်နေစဉ်တွင် သူတို့၏ သူရဲဘောကြောင်သည့် စိတ်ဓာတ်အား စွန့်ပစ်ရမည် ဖြစ်သည်။ သတိမေ့နေသည့် လူချမ်းသာတစ်ဦး ဖြစ်မည်ဆိုပါက ထိုလူအား ကယ်တင်နိုင်ခဲ့မည်ဆိုလျှင် ကောင်းပေလိမ့်မည်။


ထို့နောက် သံတူရွင်းတစ်ခုရှာကာ ထိုစပ်ကြောင်းအတွင်း ထိုးသွင်းဖို့ ကြိုးစားကြသည်။ အတူတကွ အားသွန်ခွန်စိုက် ကြိုးစားပြီးသည့်နောက်တွင် သတ္တုနံရံအား အနောက်သို့ တွန်းဖွင့်လိုက်နိုင်သည်။


အဆုံးတွင် တံခါး၏ ကျန်ရှိနေသည့် သစ်သားချပ်မှာ ခပ်သာသာ အကန်ခံရပြီးနောက် ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားသည်။


ချက်ချင်းဆိုသလို အခန်းအတွင်းရှိ မြင်ကွင်း ထွက်ပေါ်လာသည်။


ကုတင်ပေါ်တွင် ခြေဗလာဖြင့် ရပ်နေသည့် ဆယ်ကျော်သက်ကောင်လေးအား မြင်လိုက်ရသည့်အခါ ဤနေရာတွင် ရှိနေသည့်လူတိုင်း အံ့အားသင့်သွားမိကြသည်။


ထိုကောင်လေးမှာ သူတို့အား စိန်းစိန်းဝါးဝါး ကြည့်နေသည့်တိုင်အောင် သူတို့အနေဖြင့် ယခင်က ထိုမျှလောက် ချောမောကြည့်ကောင်းသည့် လူမျိုးအား မမြင်ခဲ့ဖူးပါချေ။



🐹🐹🐹🐹🐹😤😤😤😤😤