အပိုင်း၇
Viewers 9k

Chapter 7


🐹 အခန်း ၇ ဒေါသထွက်နေတဲ့ ဝူယိလေးဟာ ကြောက်စရာ



အသားဖြူဖြူ မျက်ခုံးထင်းထင်းနှင့် မင်းသားငယ်လေးတစ်ပါးနှင့်တူသည့် လူငယ်လေးမှာ ကုတင်ကြီး၏ အလယ်တွင် ခြေဗလာဖြင့် မတ်တတ်ရပ်လျက်ရှိပြီး ဖိတ်ခေါ်မထားသည့် စိတ်အနှောင့်အယှက်ဖြစ်ဖွယ် ဧည့်သည်များအား အထက်စီးဆန်စွာ စိုက်ကြည့်လို့နေသည်။ ခန္ဓာကိုယ်တစ်ခုလုံးမှာ ပေါက်ကွဲတော့မည် ဖြူကောင်လေးကဲ့သို့ သတိအပြည့်နှင့်ပင်။


“မင်းတို့က ဘယ်သူတွေလဲ.. ငါ့အိမ်ထဲကနေ မြန်မြန်ထွက်သွားစမ်း..”


ရှောင်ဝူယိ၏ အော်သံမှာ အထင်ကြီးလောက်ဖွယ် ဖြစ်သော်လည်း လက်တွေ့တွင်မူ သူ၏မျက်နှာမှာ ကြောက်ရွံ့ထိတ်လန့်မှုကြောင့် ဖြူဖျော့လို့နေပြီး လက်သီးလေးများအား ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်။ ဤလူများ အမှန်တကယ် ချိုးဖျက်ဝင်ရောက်နိုင်လိမ့်မည်ဟု သူမျှော်လင့်မထားခဲ့ပါလေ။ ထို့အပြင် နျဲ့ရှောင်သည်လည်း သူ့အား အချိန်မီ လာရောက်ကယ်တင်နိုင်စွမ်း ရှိမည်မဟုတ်ချေ။


ဝူယိလေးက ဟမ်းစတားလေးပါ.. ဒါမျိုးကို တကယ် ခံနိုင်ရည် မရှိပါဘူးနော်.. QAQ


ထိုစကားအား ကြားသည့်အခါတွင် ရှဲ့ကျွင်းသည် အံ့ဩနေရာမှ အသိပြန်ဝင်လာပြီး အလျင်စလို ရှင်းပြလေသည်။


“မင်း အထင်လွဲနေတာပါ.. ငါတို့က မင်းကို ကယ်ဖို့ ဒီကိုရောက်နေတာ.. ငါတို့က လူကောင်းတွေ..”


“အလိမ်အညာတွေ...!!”


လူဆိုးတွေကတော့ သူတို့က လူကောင်းပါလို့ ပြောကြတာပဲ။ ရှောင်ဝူယိလေးက ထိုအဓိပ္ပါယ်မဲ့ စကားများအား အယုံအကြည် မရှိပါ။ သူ၏စူးရှသည့် နှာခေါင်းသည် လေထုထဲတွင် ပျံ့လွင့်နေသည့် သွေးနံ့များအား ရှူရှိုက်မိသည့်အတွက် တံခါးအပြင်ဘက် ကြမ်းပြင်ဆီသို့ အကြည့်ရောက်သွားလေသည်။ သူ၏မျက်ဆံများ ကျဉ်းမြောင်းလာပြီး မျက်နှာမှာလည်း အရုပ်ဆိုးလာသည်။


ကြမ်းပြင်ပေါ်ရှိ ခန္ဓာကိုယ်မဲ့နေသည့် ဦးခေါင်းမှာ အိမ်၏ သန့်ရှင်းရေးတာဝန်ယူထားရသော သန့်ရှင်းရေးအန်တီဖြစ်သည်။


“မင်းတို့က အားလုံးကို သတ်ပစ်လိုက်တာ.. အဲဒါတောင် လူကောင်းတွေလို့ ပြောနေသေးတာလား..”


ရှဲ့ကျွင်းတို့ လူတစ်စုသည် အခြေအနေအား ရှင်းရှင်းလင်းလင်း သတိမပြုမိသေးသည့် ငယ်ရွယ်လှပသည့် ကောင်လေးအား ကြည့်လိုက်ကြသည်။ သူတို့သည် စကားလုံးအနည်းငယ်ဖြင့် ရှင်းပြချင်ခဲ့သော်ငြား သူတို့စကားမပြောခင်မှာပင် ကောင်ငယ်လေးသည် ခြေနှစ်လှမ်း နောက်ဆုတ်ကာဖြင့် ကုတင်ဘေးရှိ အံဆွဲထဲမှ သေနတ်တစ်လက်ထုတ်ကာ အလျင်အမြန် ကျည်ဖြည့်လိုက်သည်။


သေနတ်ပြောင်းအား ရှဲ့ကျွင်းတို့ဘက်သို့ ချိန်လိုက်သည်။


ရှဲ့ကျွင်း တံတွေးမြိုချမိသည်။ ဤသည်မှာ အရုပ်သေနတ်ဖြစ်မည်ဟု သံသယရှိသော်လည်း ကမ္ဘာပျက်ကပ် ဆိုက်ရောက်နေပြီ ဖြစ်သဖြင့် မဖြစ်နိုင်သည့်အရာ ဘာမှမရှိချေ။


“သခင်လေးခင်ဗျ.. လက်ထဲက သေနတ်ကို အရင်ချလိုက်ပြီး ကျွန်တော်တို့ စကားအေးအေးဆေးဆေး ပြောကြတာပေါ့..”


ရှဲ့ကျွင်း လက်မြောက်ကာ အပြုံးတစ်ခုဖြင့် ပြောသည်။


နံဘေးရှိ လူငယ်တစ်ဦးသည် သူတို့ဘော့စ် ဤမျှလောက်အထိ နာခံကျိုးနွံနေပုံအား မမြင်ဖူးချေ။ ချက်ချင်းဆိုသလို ဒေါသတကြီးဖြင့် ခြေနှစ်လှမ်းခန့် ရှေ့တိုးလိုက်သည်။


“ငါတို့က သနားတတ်လို့ မင်းကို ကယ်ခဲ့တာကွ.. မင်းက ဘာဖြစ်လို့ ငါတို့ပြောနေတာကို နားမထောင်တဲ့အပြင် နားမလည်နိုင်ရတာလဲ.. ဘော့စ်.. သူ့ကို အဓိပ္ပါယ်မရှိတာတွေ မပြောနဲ့တော့.. သူက အရုပ်သေနတ်နဲ့ ကျွန်တော်တို့ကို ခြောက်ဖို့ ပြင်....”


ထိုလူငယ်မှာ ဝူယိအား ကုတင်ပေါ်မှာ ဆွဲချရန်အတွက် အရှေ့တိုးရန် ရည်ရွယ်လိုက်သော်လည်း ကြမ်းပြင်သို့ ခြေလှမ်းပင် မချရသေးချန် ‘ဘန်း’ ဟူသည့်အသံ ထွက်ပေါ်လာသည်။ ဝူယိ လှည့်ဖြားနေခြင်း ဟုတ်၊ မဟုတ် သူတို့အား တိုက်ရိုက် အသိပေးလိုက်သလိုပင်။


အားလုံး တုန်လှုပ်သွားကြသည်။


သူ့ခြေထောက်နားရှိ ကျည်ဆန်ရာအားကြည့်ကာ အရှေ့သို့တိုးလာသည့် လူငယ်မှာ ကြောက်ရွံ့မှုကြောင့် ရင်ဘတ်ထဲရှိ နှလုံးသားလေးပင် ပေါက်ကွဲလုမတတ် ဖြစ်လာတော့သည်။ ဒူးများတုန်နေသည့်အတွက် ခြေမခိုင်တော့ဘဲ ဒူးထောက်ချလိုက်ရသည်။


ရှဲ့ကျွင်းတို့ လူစုမှာ ချက်ချင်းဆိုသလို ချွေးအေးများ စီးကျလာသည်။


ဒီနှစ်ထဲ လူကောင်းလုပ်ဖို့ အရမ်း‌တွေ ခက်ခဲနေတာများလားကွာ.. QAQ


“ဘယ်သူမှ လှုပ်မယ်မကြံနဲ့..”


ရှောင်ဝူယိ နှုတ်ခမ်းတင်းတင်းစေ့ကာဖြင့် သေနတ်အားကိုင်ကာ စိတ်မအေးနိုင်ပါချေ။ ထိုလူများအား အမိန့်ပေးလိုက်သည်။


“ပါလာသမျှ အကုန်ချပြီး လက်တွေကို ခေါင်းနောက်မှာထားလိုက်..”


ရှဲ့ကျွင်းတို့သည် ငြင်းဆန်ခြင်းမပြုဘဲ ဝူယိပြောသည့်အတိုင်း ချက်ချင်း ပြုမူလေသည်။ ပုဆိန်များ၊ တူများ အားလုံးကို ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်သည်။


လာနောက်နေတာလား.. ရက်စက်ကြမ်းတမ်းတဲ့ စစ်သားတွေတောင်မှပဲ ကျည်ဆန်ရဲ့ အမြန်နှုန်းကို မရှောင်နိုင်ဘူးကွ..


သူတို့သည် ပြတ်ပြတ်သားသားနှင့် အရှုံးပေးလိုက်သော်လည်း နှလုံးသားထဲတွင် မျက်ရည်များ စီးကျလို့နေသည်။ ဤဘိုးဘေးလေးအား ကယ်တင်လိုခဲ့ခြင်းဖြစ်သော်လည်း သေနတ်ထုတ်၍ အခြေအနေအား ပြောင်းလဲလိုက်သည်။


ဘယ်လိုမိသားစုမျိုးမှာ ဒီလို တာ့ကောတစ်ယောက် ရှိနေရတာလဲလို့..


တရုတ်ပြည်၏ တင်းကြပ်သည့် စည်းမျဉ်းများအောက်တွင် သူဆင်းရဲများ၏ စိတ်ကူးနိုင်စွမ်းမှာ အကန့်အသတ် ရှိနေဆဲဖြစ်သည်။


ရှောင်ဝူယိသည် အလုအယက် အညံ့ခံနေသည့် ‘ရာဇဝတ်ကောင်များ’ အား ကြည့်နေသည်။ ချွေးများအား တိတ်တဆိတ် သုတ်လိုက်သည်။ စိတ်ချလက်ချ မနေရဲဘဲ ကုတင်ပေါ်မှ ရဲရင့်စွာ ခုန်ဆင်းမလာခင် သေနတ်အား ကိုင်ထားဆဲဖြစ်သည်။


ဤသွက်လက်တက်ကြွသည့် မြင်ကွင်းအား မြင်သည့်အခါတွင် ရှဲ့ကျွင်းသည် မျက်တောင်တဖျက်ဖျက်ခပ်ကာဖြင့် ဖော်ရွေသည့်စကားအချို့ ပြောလာသည်။


“ညီလေးရေ.. မင်းရဲ့သေနတ်ကြီးကို အောက်ချပြီး စကားပြောလို့ရမလား.. မတော်တဆ ကျည်ချော်မထွက်လာအောင်ပါ..”


ရှောင်ဝူယိသည် ရှဲ့ကျွင်းအား စိုက်ကြည့်ပြီး နျဲ့ရှောင်၏ အံဆွဲထဲရှိ ကျည်အပြည့်ရှိသည့် ကျည်ကပ်များအား ထုတ်ယူလိုက်သည်။ ရှဲ့ကျွင်းသည် ထိုအရာအား မြင်သည့်အခါတွင် ပါးစပ်ပိတ်ကာ တိတ်ဆိတ်သွားတော့သည်။


“အားလုံးအပြင်ထွက်..”


ဝူယိ အပြင်ဘက်ရှိ အခြေအနေအား မြင်ချင်သည်။ ထို့ကြောင့် ထိုလူအုပ်အား အခန်းတွင်းမှ ပြန်ထွက်ရန် အမိန့်ပေးလိုက်သည်။


သို့သော်လည်း ထိုအခိုက်အတံ့တွင် ရှဲ့ကျွင်း စကားပြောလာပြန်သည်။


“အဲဒါက.. မင်း ဘာဖြစ်လို့ ဖိနပ်အရင်မစီးတာလဲ..”


ရှဲ့ကျွင်း မပြောဘဲ မနေနိုင်တော့ချေ။ ဝူယိ၏ ခြေဗလာအားကြည့်ကာ သူ့အစား စိတ်မချမ်းမသာ ဖြစ်မိသည်။


လျှိုတာ့ရှန်နှင့် အဖွဲ့ထဲရှိ လူငယ်တစ်စု : “...”


ရှဲ့ကျွင်း (ဘော့စ်ရှဲ့) က ယောက္ခမတစ်ယောက်လိုပဲဆိုတာ ပထမဆုံး သိလိုက်ရတာပဲ..


ရှဲ့ကျွင်းသည် သူ(ဝူယိ)၏ ခံ့ညားနေသည့် အသွင်အပြင်အား ဖျက်ဆီးလိုက်သည်ဟု ရှောင်ဝူယိ ခံစားနေရသည်။ လူတိုင်း၏ မျက်လုံးများကို ရှောင်ဖယ်ကာဖြင့် သူနှင့် အနည်းငယ်ကြီးနေသော နျဲ့‌ရှောင်၏ ကွင်းထိုးဖိနပ်အား စီးလိုက်ရသည်။


“သွား.. အပြင်ထွက်..”


ရှောင်ဝူယိ အေးစက်စက်နှင့် အမိန့်ပေးလိုက်သည်။ များမကြာမီတွင် ယုန်ဖြူဖြူလေးနှင့်တူသည့် ကောင်ငယ်လေးတစ်ယောက်သည် သန်သန်မာမာ လူတစ်စုအား အနောက်ပြန်လမ်းလျှောက်ရန် ဖိအားပေးနေသည့် မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။ အဝေးမှကြည့်မည်ဆိုလျှင် ထိုမြင်ကွင်းမှာ အတော်လေး ခမ်းနားလွန်းလှသည်။


ဝူယိ အိပ်ခန်းအတွင်းမှ ထွက်လာပြီးနောက် စင်္ကြံ၏ နှစ်ဘက်စလုံးတွင် ကျိုးပဲ့နေသည့် ခြေလက်အင်္ဂါများအား တွေ့လိုက်ရသည်။ သူ၏မြင်ကွင်းထဲတွင် ဝမ်းနည်းဖွယ်ရာ ပုံရိပ်များ ထင်ဟပ်လာပြီး သွေးနံ့များနှင့် ပုပ်အဲ့အဲ့ အနံ့များသည် သူ၏ဝမ်းဗိုက်အား အလိပ်လိပ်ထစေပြီး မျက်နှာလေးမှာ ဖြူဖျော့လာသည်။


ပတ်ပတ်လည်အား ကြည့်လိုက်သည့်အခါတွင် သူ၏အကြည့်မှာ အောက်ထပ်ရှိ ခေါင်းပြတ်များ၊ ရိရော်နေသည့် အလောင်းများနှင့် ဟိုဟိုဒီဒီ ပြန့်ကျဲနေသည့် အင်္ဂါအစိတ်အပိုင်းများထံ ကျရောက်သွားသည်။ သူတို့အိမ်ထဲရှိ အလုပ်သမားများတွင် ရှင်သန်ကျန်ရစ်သူ မရှိချေ။


ဝူယိသည် နျဲ့ရှောင်၏ မစ်ရှင်တိုင်းတွင် လိုက်ပါခဲ့ဖူးသည့်တိုင် ယခုလက်ရှိ မြင်ကွင်းကဲ့သို့ သွေးပျက်ကာ ကြောက်မက်ဖွယ်ရာ အခြေအနေမျိုးအား မမြင်ခဲ့ဖူးပါချေ။


အိပ်ယာမှ နိုးလာသည့်အခါတွင် ကမ္ဘာကြီး ပြောင်းလဲသွားသည်ကို တွေ့ရလိမ့်မည်ဟု စိတ်ကူးခဲ့ဖူးခြင်း မရှိခဲ့ချေ။


ကောင်ငယ်လေးသည် သူ့အရှေ့ရှိ မြင်ကွင်းကြောင့် ထိတ်လန့်နေသော်လည်း သတ္တိရှိယောင်ဆောင်ကာ အရှေ့သို့ ဆက်သွားနေသည်ကို မြင်ရသည့်အခါတွင် ရှဲ့ကျွင်းတို့ လူတစ်စု၏ နှလုံးသားများမှာ မခံစားနိုင်တော့ပေ။


သို့သော်လည်း ဤသည်မှာ ကမ္ဘာပျက်ကပ်ပင် ဖြစ်သည်။


သုံးရက်မျှသော ကာလအတွင်း၌ သူတို့သည် ဤအခြေအနေထက် ပိုမိုကြောက်မက်ဖွယ်၊ ဝမ်းနည်းဖွယ်ရာ မြင်ကွင်းများအား ကြုံတွေ့ခဲ့ရသည်။


“ဘာတွေ အတိအကျ ဖြစ်နေတာလဲ..”


ရှောင်ဝူယိသည် ရှဲ့ကျွင်းတို့အား စိုက်ကြည့်လိုက်သည်။ ကြောက်ရွံ့မှုအား ထုတ်ဖော်လိုသည့်တိုင် ခေါင်းမာစွာဖြင့် နှုတ်ခမ်းတင်းတင်းစေ့ထားသည်။ ယခု မြင်နေရသည့် အရာများမှ သဲလွန်စများ ရရှိနေပြီ ဖြစ်သည်။ ဤအရာများအား သူ့အရှေ့ရှိ လူအနည်းငယ်မှ လုပ်နိုင်လိမ့်မည် မဟုတ်ချေ။


သေနတ်ချလိုက်ပြီဖြစ်သည့် ကောင်ငယ်လေးအား မြင်သည့်အခါတွင် ရှဲ့ကျွင်းတို့ စိတ်သက်သာရာရစွာဖြင့် အသက်ရှူနိုင်တော့သည်။


ရှဲ့ကျွင်းမှ ဦးဆောင်ကာဖြင့် မည်သည့်အရာကိုမျှ ထိန်ချန်ထားခြင်း မရှိချေ။ လွန်ခဲ့သည့် သုံးရက်အတွင်း စတင်ခဲ့သည့် ကမ္ဘာပျက်ကပ်အကြောင်း ဝူယိအား တိုက်ရိုက်ပြောလိုက်ပြီး သုံးရက်လုံးလုံး အိပ်ပျော်နေခဲ့သည့် ဘာမှမသိရှာသည့် ကောင်ငယ်လေးအား လက်ရှိကမ္ဘာအား အပြည့်အဝနားလည်လာစေသည်။


“မင်းအခန်းရဲ့ အရမ်းမိုက်တဲ့ တံခါးကို ကျေးဇူးတင်ရမယ်.. မဟုတ်ရင် ဇွန်ဘီတွေက တံခါးကိုဖျက်ပြီး မင်းအိပ်နေတုန်း အစပါမကျန်အောင် ဝါးစားပစ်ကြမှာ..”


ရှဲ့ကျွင်းမှာ သက်ပြင်းချမိပြီး ဝူယိအစား ကံကောင်းသည်ဟု ခံစားနေရသည်။ ကမ္ဘာပေါ်သို့ ဥက္ကာခဲများ ကျရောက်လာ၍ အားလုံး သတိမေ့သွားကြစဉ်တွင် ဇွန်ဘီများ ပထမအကြိမ် နိုးထမှုကြောင့် လူပေါင်းမည်မျှ အသတ်ခံခဲ့ရသည်ကို မည်သူကမျှ မသိနိုင်ပေ။ သေဆုံးသည့် အရေအတွက်မှာ မရှင်းလင်းသော်လည်း ခုခံနိုင်မည့် အခွင့်အရေးလည်း မရသေးချေ။


ရှောင်ဝူယိသည် ရှဲ့ကျွင်း၏ စကားများအား နားထောင်ကာ တုန်လှုပ်သွားမိသည်။ မျက်လုံးများတွင် မျက်ရည်လေးများ ဝေ့သီလာပြီး ငိုမဲ့မဲ့ဖြစ်လာတော့သည်။


“တံခါးကို ငါ့ဒယ်ဒီက အပြင်ကနေ သော့ခတ်သွားတာ.. တံခါးကို တားမြစ်တဲ့အမိန့်ပေးနိုင်တာလည်း ငါ့ဒယ်ဒီပဲ လုပ်နိုင်တာ.. ငါက အိပ်ပျော်သွားပြီး ဘာမှတောင် မသိရဘူး.. ဒယ်ဒီက မစ်ရှင်ထွက်သွားတာ မကြာခင် ပြန်လာမယ်လို့ ပြောခဲ့တယ်.. အခုကျတော့ သုံးရက်တောင် ကုန်သွားပြီ..”


ဝူယိသည် သူအိပ်ပျော်မသွားခင် တစ်စက္ကန့်အလိုတွင် တံခါးမှ ‘ချောက်’ ခနဲ မြည်သံအား ကြားလိုက်ရသည်ကို အမှတ်ရမိလိုက်သည်။ ထိုအချိန်တွင် နျဲ့ရှောင်မှာ အန္တရာယ်အား ခန့်မှန်းမိပုံရသည်။


ရှဲ့ကျွင်းတို့သည် ထိုစကားအား ကြားသည့်အခါတွင် မှင်တက်နေမိကြသည်။


ထိုကောင်လေးအား နှစ်သိမ့်ဖို့ရန် နောက်ကျသွားလေပြီ။ ကောင်ငယ်လေးသည် ရုတ်တရက်ဆိုသလို ဧည့်ခန်းအတွင်းရှိ ကြိုးဖုန်းရှိရာသို့သွားကာ နျဲ့ရှောင်၏ နံပါတ်အား ထပ်ကာထပ်ကာ ခေါ်ဆိုလို့နေသည်။ သို့သော်လည်း အကြိမ်ပေါင်းများစွာ ခေါ်သည့်တိုင် တုံ့ပြန်မှုမရှိချေ။


အခန်းအတွင်းလေထုမှာ လေးလံလာသည်။ ရှဲ့ကျွင်းသည် ထိုမြင်ကွင်းအား မခံစားနိုင်တော့သဖြင့် ပါးစပ်ဖွင့်လိုက်သည်။


“နှောင့်ယှက်တာတော့ မဟုတ်ပါဘူး.. ဒါပေမဲ့လည်း ကမ္ဘာပျက်ကပ်ရဲ့ ပထမနေ့မှာပဲ တရုတ်ပြည် ဆက်သွယ်ရေးကွန်ယက်တစ်ခုလုံး ရပ်တန့်သွားပြီး မရှေးမနှောင်းမှာပဲ ဓာတ်အားလိုင်းတွေလည်း ပျက်စီးသွားခဲ့တယ်..”


“အခုတော့ လူတွေက သူတို့ဘာသာ ဂရုစိုက်နိုင်ကြပါပြီ.. မင်းရဲ့ ဒယ်ဒီကတော့.. အခြေအနေ တိုးတက်မှုအပေါ် မူတည်ပြီး ကောင်းဖို့ထက် ဆိုးဖို့က ပိုများနိုင်တယ်လို့ ခန့်မှန်းရတယ်..”


“ပိတ်ထား.. ဒယ်ဒီက သေမှာမဟုတ်ဘူး..”


ရှောင်ဝူယိသည် ရှဲ့ကျွင်းအား ဒေါသတကြီး ကြည့်လာသည်။ မျက်လုံးများမှာ နီရဲလို့နေပြီး မျက်နှာလေးမှာလည်း ခေါင်းမာမှုတို့ ရှိနေသည်။


“ဒယ်ဒီနဲ့ သူ့လူတွေက ကမ္ဘာပေါ်မှာ အစွမ်းအထက်ဆုံးပဲ.. ဒယ်ဒီက မစ်ရှင်သွားတာ တစ်ပတ်အတွင်း ပြန်လာမယ်လို့ ပြောခဲ့တယ်.. ဒယ်ဒီက လုံးဝသေမှာ မဟုတ်ဘူး..”


ထိုသို့ပြောပြီးနောက် ရှောင်ဝူယိသည် ထိုလူအုပ်အား ပစ်ကာ အ‌ပေါ်ထပ်ရှိ အိပ်ခန်းအတွင်းသို့ ပြေးတက်သွားသည်။


ရှဲ့ကျွင်းတို့သည် ထိုပုံရိပ်လေး၏ နောက်ကျောအားကြည့်ကာ ခေတ္တမျှ တိတ်ဆိတ်သွားကြသည်။


ထိုအချိန်မှာပင် ရုတ်တရက်ဆိုသလို ဗီလာအပြင်ဘက်တွင် ဇွန်ဘီအုပ်ကြီး ရောက်ရှိလာသည်။ အစောပိုင်း ကြားလိုက်ရသည့် သေနတ်ပစ်သံမှာ ထိုဇွန်ဘီများအား ဆွဲဆောင်မိလိုက်ပုံရသည်။ ပိတ်ထားသည့် တံခါးများနှင့် ပြတင်းပေါက်များအား ‘ဘုန်း.. ဘုန်း..’ မြည်အောင် ရိုက်နှက်နေကြသည်။ ရှဲ့ကျွင်းတို့အဖွဲ့ မျက်နှာထား တင်းလာကြသည်။


ကျည်ကာတံခါးနှင့် ပြတင်းပေါက်များ မည်မျှကြာအောင် ခံနိုင်ရည်ရှိမည်ကို မသိသည့်အတွက် ရှဲ့ကျွင်းသည် လူငယ်နှစ်ဦးအား ပြောလိုက်သည်။


“မင်းတို့နှစ်ယောက် အပေါ်တက်ပြီး ဟိုကောင်လေးကို ခေါ်လာခဲ့.. ဇွန်ဘီတွေကို နောက်မှသတ်မယ်..”


“ရက်စ် ဘော့စ်!”


ထိုသို့ပြောပြီးသည့်နောက်တွင် ရှဲ့ကျွင်းနှင့် လျှိုတာ့ရှန်တို့ တွေးလိုက်သည်နှင့် အပေါ်ထပ်တွင် ကျန်နေခဲ့သည့် သူတို့၏ တူနှင့် ပုဆိန်များ ရုတ်တရက်ဆိုသလို လက်ထဲ၌ ပြန်ပေါ်လာကြသည်။ ဤသည်မှာ အလွန်မျက်လှည့်ဆန်သော်လည်း လူငယ်လေးများမှာ ကျင့်သားရနေကြပြီ ဖြစ်သည်။


အပေါ်ထပ် အိပ်ခန်းထဲတွင် ဝူယိလေးသည် အဝတ်အစားများအား အလျင်စလို လဲလိုက်သည်။ နျဲ့ရှောင် သေဆုံးမည်ဟု မယုံကြည်သဖြင့် သူ၏ဒယ်ဒီအား ရှာဖွေရန် ဆုံးဖြတ်လိုက်သည်။


အကယ်၍ မတော်တဆ ဖြစ်ခဲ့လျှင်တောင် အနည်းဆုံးတော့... လူတစ်ယောက်သေလျှင် အလောင်းကျန်ရှိရမည်။


သူ၏အတွေးများ ဤအထိရောက်လာသည့်အခါ ရှောင်ဝူယိ ပါးနှစ်ဘက်အား ပုတ်လိုက်သည်။ နီရဲနေသည့် မျက်လုံးများအား ပွတ်လိုက်ပြီးနောက် စိတ်ဓါတ်ကျဖွယ် အတွေးများအား ခေါင်းခါထုတ်လိုက်သည်။


“ဖွီ.. ဖွီ.. ဘာအလောင်းမှ မတွေ့ရဘူး ဆိုရင်တော့ ဒယ်ဒီက သေချာပေါက် အသက်ရှင်နေမှာ..”


ရှောင်ဝူယိသည် ခန္ဓာကိုယ်ပေါ် ပေါ့ပေါ့ပါးပါး ဝတ်ဆင်ထားသည့် အင်္ကျီရှည်အား ချွတ်ကာ အဝတ်များအား အတွင်းမှအပြင် သေသေချာချာ ရွေးဝတ်လိုက်သည်။ နျဲ့ရှောင်၏ သားရေစစ်ဖိနပ်တစ်ရံကို စီးလိုက်သည်။ ဖိနပ်မှာ ရှောင်ဝူယိထက် ကြီးနေသော်လည်း ဖိနပ်ကြိုးအား တင်းတင်းလေး ချည်ထားမည်ဆိုလျှင် ကျွတ်ကျတော့မည် မဟုတ်ပေ။


ခေါင်းအစ ခြေအဆုံး အဝတ်များ လဲပြီးသည့်နောက်တွင် ဝူယိ၏ မျက်လုံးများမှာ အခန်းအတွင်း ပရိဘောဂများထံ ရောက်သွားတော့သည်။ ထို့နောက်တွင် သူသယ်သွားချင်သည့် အရာများအား အလွန်ကြီးမားသည့် ပါးစုံလေးများထဲသို့ ထည့်လိုက်သည်။ သို့သော်လည်း ပစ္စည်းများ ထုပ်ပိုးနေသည့် လမ်းတစ်ဝက်မှာပင် ဝန်လေးစွာဖြင့် ပစ္စည်းများအား ပြန်ထုတ်လိုက်သည်။


ဤအိမ်ကြီးတစ်ခုလုံးမှာ သူနှင့် နျဲ့ရှောင်တို့အတွက် အမှတ်တရတစ်ခု ဖြစ်သည်။


ထိုအကြောင်းကို တွေးမိသည့်အခါတွင် ဝူယိ အောက်ထပ်သို့ ရုတ်တရက်ဆိုသလို အလင်းတစ်ခုသဖွယ် ပြေးဆင်းသွားသည်ကြောင့် အပေါ်သို့တက်လာသည့် လူငယ်နှစ်ဦးနှင့် ဝင်တိုက်တော့သည်။


လူငယ်နှစ်ယောက်မှာ အနည်းငယ် မူးဝေသွားပြီးနောက် မျက်နှာအရောင်ပြောင်းကာ အသက်ဝင်လာသည့် ကောင်ငယ်လေးအား ကြည့်လိုက်ကြပြီးနောက် လျင်လျင်မြန်မြန် ပြုမူလိုက်ကြသည်။ အောက်ထပ်ရှိ အခြေအနေအား အလျင်စလို ရှင်းပြပြီး ကြမ်းပြင်ပေါ်တွင် ကျနေသည့် လက်နက်များအား ကောက်ယူပြီးနောက် ဝူယိ၏ လက်ထဲသို့ သံတူရွင်းတစ်ခု ထည့်ပေးလိုက်သည်။


“ငါတို့ကို ဇွန်ဘီတွေဝိုင်းထားပြီ.. အပြင်ကို ထွက်တာနဲ့ သူတို့ရဲ့ ခေါင်းတွေကိုပဲ ရိုက်ဖို့မမေ့နဲ့နော်.. အကိုက်ခံရတာ ထိခိုက်မိတာမျိုးလည်း မဖြစ်စေနဲ့.. အဲလိုဖြစ်တာနဲ့ ဇွန်ဘီဖြစ်သွားမယ်..”


ဝူယိသည် လက်ထဲရှိ သံတူရွင်းအားကြည့်ပြီး ခေတ္တမျှ အေးခဲသွားသော်လည်း သူတို့နှင့်အတူ အောက်ထပ်သို့ အလျင်စလို ပြေးဆင်းသွားလေသည်။ အောက်ထပ်သို့ ရောက်သည့်အခါတွင် ရှဲ့ကျွင်းတို့သည် ပြတင်းပေါက်များ တံခါးများအနီးတွင် ဆောင့်ကြောင့်ထိုင်ကာဖြင့် စောင့်ကြည့်နေသည်ကို တွေ့လိုက်ရပြီး ဇွန်ဘီများ ချိုးဖြတ်ဝင်ရောက်လာသည်နှင့် အခွင့်ကောင်းယူကာ ပြန်တိုက်ခိုက်ပြီး သတ်ဖြတ်ဖို့ရန် စောင့်ဆိုင်းနေကြသည်။


ရှောင်ဝူယိသည် ပတ်ပတ်လည်အား ကြည့်လိုက်ပြီးနောက် ဇွန်ဘီများသည် သူတို့၏အိမ်အား ဝန်းရံကာ ပြတင်းပေါက်များကို ထုရိုက်ပြီး မှန်တံခါးများပေါ်တွင်‌ သွေးများစွန်းနေသည့် လက်ရာများ ချန်ထားသည်ကို တွေ့လိုက်ရသည်။ သူ၏စိတ်ထဲရှိ ဒေါသများအား မီးညှိပေးလိုက်သလိုပင်။


ဟမ်းစတားလေးက အရမ်းစိတ်ဆိုးနေပါပြီနော်..


“ငါ့အိမ်ကို ညစ်ပတ်အောင် ထပ်မလုပ်နဲ့..”


ရှဲ့ကျွင်းတို့မှာ ကောင်ငယ်လေးအား ကြောင်အစွာဖြင့် ကြည့်လိုက်ကြသည်။


သူတို့သည် ဤကလေးအား ကာကွယ်ပေးရန် တွေးနေကြဆဲဖြစ်သော်လည်း နူးညံ့ချောမောသည့် သွင်ပြင်အောက်တွင် ကြမ်းတမ်းဆိုးသွမ်းသည့် ဝိညာဉ်တစ်ခု ရှိနေလိမ့်မည်ကို မည်သူမျှ မသိခဲ့ကြပေ။



🐹🐹🐹🐹🐹