အပိုင်း၈
Viewers 9k

Chapter 8


🐹 အခန်း ၈ ဝူယိလေးက အိမ်ရှင်းဖို့ကို အလွန်ဝါသနာပါသူလေး




ကမ္ဘာပျက်ကပ် ဆိုက်ရောက်လာပြီဖြစ်သည်။ လူတိုင်း အန္တရာယ် ရှိနေကြပြီး လက်တွေ့ကျစွာဖြင့် ချွင်းချက်မရှိ ကိုယ့်ကိုယ်ကိုယ် ကာကွယ်စောင့်ရှောက်ရပေမည်။ ထို့ကြောင့် ရှဲ့ကျွင်းတို့အနေဖြင့် ဤကဲ့သို့သော မဆင်မခြင် ပြုမူတတ်သူကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်းဖြစ်သည်။


ရှောင်ဝူယိသည် ပြင်သစ်စတိုင် ပြတင်းပေါက်အရှည်အား ရဲတင်းစွာ ဖွင့်လိုက်ပြီးနောက် ဇွန်ဘီများ၏ ခေါင်းကို တစ်ချက်ကောင်း ပစ်လို့နေသည်။ ဇွန်ဘီများ၏ ဦးခေါင်းအား အုန်းသီးခွဲသလို ခွဲနေခြင်းပင်။


ဘုရားရေ.. သခင်ငယ်လေးက အရမ်းသန်မာတာပဲလို့..


ကြည့်နေကြသည့် လူငယ်လေးများမှာ ရှက်ရွံ့မှုအပြင် သိမ်ငယ်စိတ်များပါ ခံစားနေကြရသည်။ သူတို့အားလုံးသည် ကမ္ဘာပျက်ကပ်၏ သုံးရက်တာ အတွေ့အကြုံများ ရှိကြသော်လည်း သူတို့လုပ်ကိုင်ခဲ့သည့် အရာများမှာ ယခုလေးတင် နိုးထလာပြီး ကမ္ဘာပျက်ကပ်၏ ပထမဆုံးရက်ကိုသာ တွေ့ကြုံရသေးသည့် ကောင်ငယ်လေးကဲ့သို့ သန့်ရှင်းသပ်ရပ်မှု မရှိချေ။


(╥﹏╥)


ကျန်ဇွန်ဘီးများသည် ဒီရေလှိုင်းအလား အပေါက်ကိုဖြတ်ကာ ဝင်ရောက်လာကြသည်။ ရှဲ့ကျွင်းတို့သည်လည်း ကြောင်အစွာ ကြည့်မနေရဲတော့ဘဲ ဗီလာပတ်လည်ရှိ ဇွန်ဘီများအား လျင်မြန်စွာ သုတ်သင်လို့နေသည်။


ဇွန်ဘီများအား သတ်ဖြတ်ပြီးသည့်အခါတွင် ရှဲ့ကျွင်းတို့သည် ကြမ်းပြင်ပေါ်တွင် ထိုင်ကာဖြင့် အသက်ရှူလို့နေသည်။ မတ်တတ်ရပ်နေဆဲဖြစ်သည့် ကောင်ငယ်လေးအား ကြည့်လိုက်သည့်အခါတွင် သက်ပြင်းမချဘဲ မနေနိုင်တော့ချေ။


ငယ်ရွယ်ရတာ ကောင်းလိုက်တာနော်..


ရှောင်ဝူယိသည် ပြင်သစ်ပြတင်းပေါက်ရှေ့တွင် ရပ်ကာဖြင့် ဇွန်ဘီအပုံလိုက်အား မျက်မှောင်ကြုတ်၍ ကြည့်လို့နေသည်။ သူ၏မျက်နှာလေးတွင် မပျော်ရွှင်မှုတို့ အထင်းသားရှိနေပြီး အတော်လေး စိတ်အနှောင့်အယှက် ဖြစ်စွာဖြင့် တတွတ်တွတ် ပြောဆိုလို့နေသည်။


“အိမ်က အရမ်းညစ်ပတ်နေပြီ.. ဒယ်ဒီ လုံးဝသဘောကျမှာ မဟုတ်ဘူး..”


ရှဲ့ကျွင်းနှင့် အဖွဲ့သားများ : “???”


ဘာကိစ္စနဲ့ သန့်ရှင်းမှု ရှိမရှိကို ဂရုစိုက်နေရသေးတာတုန်း.. ဒီအခြေအနေ ရောက်နေတာတောင် ဒီဇွန်ဘီသေတွေကို မျက်နှာသာပေးချင်စိတ် မရှိဘူးလားကွ..


သာမန်လူတစ်ဦးအတွက် ဇွန်ဘီတစ်ကောင်အား ပထမဆုံးအကြိမ် သတ်ဖြတ်ရန် ရဲစွမ်းသတ္တိများစွာ လိုအပ်သည်။ ဇွန်ဘီများမှာ သက်ရှိလူသားများ ဖြစ်ခဲ့ဖူးကြသည် ဟူသည့်အကြောင်း အမှတ်ရရုံမျှနှင့် လက်မြှောက်ဖို့ပင် မပြုနိုင်ကြချေ။ သို့သော်လည်း ဝူယိအတွက်မူ ဤပြဿနာမှာ လုံးဝရှိမနေခဲ့ပါလေ။


သူသည် အခြားလူသားများနှင့် မတူညီပေ။ အသက်ရှင်နေသည့် လူများအား သတ်ဖြတ်ဖို့ရန် တုံ့ဆိုင်းနေမည် ဖြစ်သော်လည်း ဇွန်ဘီများမှာ လူသားမျိုးနွယ်ထဲတွင် မပါဝင်တော့သည်ကို နားလည်ပြီးသည်နှင့် ဝူယိထံတွင် တုံ့ဆိုင်းမှု အနည်းငယ်မျှပင် မကျန်တော့ချေ။


ထပ်ပြောပြောရမည်ဆိုလျှင် ဟမ်းစတားလေးများမှာ အလွန်ချစ်စဖွယ်ဖြစ်သော်လည်း ဆာ‌လောင်သည့်အခါ ကလေးများကိုပင် ပြန်စားတတ်ကြသည်။ 🙂


ရှောင်ဝူယိသည် ရှုပ်ပွနေသည့်အိမ်အားကြည့်ကာ အနည်းငယ် စိုးရိမ်နေမိသည်။ သူ၏စိတ်ကူးမှာ အလုပ်ဖြစ်မည်၊ မဖြစ်မည်အား မသိချေ။ သက်ပြင်းချပြီးနောက် စိတ်ရှုပ်ထွေးဟန်ရှိသည့် ရှဲ့ကျွင်းတို့အား ခြံဝင်းအပြင်သို့ မောင်းထုတ်လိုက်သည်။


များမကြာမီတွင် ကောင်ငယ်လေးမှာ တံခါးရှေ့တွင် ဆောင့်ကြောင့်ထိုင်ကာ သူ၏ဖြူဖွေးနူးညံ့သည့် လက်နှစ်ဘက်အား မြေကြီးနှင့် ထိကပ်ထားသည်ကို တွေ့လိုက်ကြရသည်။


မျက်လုံးများ မှိတ်လိုက်သည်။


ရှဲ့ကျွင်းတို့သည် ဝူယိအား နားမလည်နိုင်စွာဖြင့် ကြည့်နေပြီး မြေကြီးထဲတွင် ရွှေများရှိနေခြင်းများလားဟု ထင်နေမိကြသည်။ ထို့နောက်တွင် ရုတ်တရက်ဆိုသလို အံ့ဩဖွယ်မြင်ကွင်းတစ်ခု ပေါ်လာခဲ့သည်။ တုန်လှုပ်မှုကြောင့် သူတို့၏ ခြေထောက်များပင် ခွေယိုင်ကျပြီး ဒူးထောက်မိကာ နှလုံးသားထဲတွင် ခံစားချက်အပြည့် အော်ဟစ်လို့နေကြသည်။


——ဖာ့ခ်!!!


ဗီလာတစ်ခုလုံးနှင့် ပတ်ပတ်လည်မြေပြင်မှာ လေထုထဲသို့ ရောက်ရှိသွားပြီး အစအနပင်မကျန်အောင် ပျောက်ကွယ်သွားလေသည်။ မြေကြီးပေါ်တွင် မြေဆီလွှာများနှင့် သွေးအပျစ်အချွဲများ၊ ဇွန်ဘီများသာ ကျန်ရစ်ခဲ့သည်။


ရှဲ့ကျွင်းတို့သည် သူတို့အရှေ့မှ ကောင်ငယ်လေးအားကြည့်ကာ စိတ်ထဲတွင် စာလုံးကြီးများနှင့် ပြည့်သွားလေသည်။


——နေရာလွတ်စွမ်းရည်ပိုင်ရှင်!!!


သွေးများနှင့် ပေပွနေသည့် အလောင်းကောင်များကို ဖယ်ကာ အိမ်ကို သန့်ရှင်းစေရန်အတွက် ရှောင်ဝူယိသည် သူ၏စွမ်းရည်ကို အလွန်အကျွံ အသုံးပြုလိုက်ပုံရပြီး မတ်တတ်ရပ်နေသည့်နေရာတွင် ခန္ဓာကိုယ်မှာ ယိမ်းထိုးလို့နေသည်။


ကံကောင်းစွာဖြင့် ရလဒ်မှာ အလွန်ကျေနပ်ဖွယ်ကောင်းလှသည်။ ရှောင်ဝူယိသည် နေရာလွတ်ထဲသို့ ကြည့်လိုက်သည့်အခါ ဗီလာတစ်ခုလုံးမှာ တောင်ကြားထဲတွင် ဘေးကင်းစွာဖြင့် ရှိနေသည်ကို မြင်လိုက်ရသည်။ အိမ်ထဲရှိ အရာအားလုံးမှာ မူလအတိုင်း သန့်ရှင်းသပ်ရပ်လို့နေသည်။အချို့လုပ်ဆောင်ချက်များမှာ ပျက်ဆီးနေဆဲ ဖြစ်သော်လည်း အမှတ်တရအရှိဆုံး အစိတ်အပိုင်းများအား ကောင်းမွန်စွာ ထိန်းသိမ်းထားနိုင်သည်။


အိမ်တစ်ခုလုံးအား ယူလာခဲ့ခြင်း ဖြစ်သဖြင့် ဒယ်ဒီ့အား ရှာတွေ့ပြီးလျှင် ဒယ်ဒီအလွန်ပျော်သွားလိမ့်မည်။


ရှောင်ဝူယိသည် စိတ်ကျေနပ်စွာဖြင့် လက်ကလေးများနှင့် လက်ခုပ်တီးလိုက်သည်။ ပါးနှစ်ဘက်တွင် ပါးချိုင့်ရာလေးများ ပေါ်လာသည်။


သို့သော်လည်း သူလှည့်ကြည့်လိုက်သည်နှင့် ရှဲ့ကျွင်းတို့၏ စိတ်အားထက်သန်သည့် မျက်လုံးများကြောင့် ရှောင်ဝူယိမှာ ကြောက်လန့်ကာဖြင့် ခြေနှစ်လှမ်းခန့် နောက်ဆုတ်မိလိုက်သည်။ ထိုလူများသည် သူ့အား ဝဝဖြိုးဖြိုး သိုးတစ်ကောင်ကဲ့သို့ ကြည့်နေကြသည်ဟု ခံစားနေရသည်။


ဝူယိလေးက ဟမ်းစတားလေးပါနော်..


“တာ့ကောရေ.. ညီငယ်လေးတစ်ယောက်လောက် လိုနေသေးလားခင်ဗျာ..”


ရှဲ့ကျွင်းသည် တောက်ပနေသည့် မျက်လုံးများဖြင့် လက်နှစ်ဘက်အားပွတ်ကာ မျက်နှာတွင် စိတ်အားထက်သန်မှု အပြည့်နှင့် ရှိနေသည်။


“ချက်ပြုတ်.. လျှော်ဖွတ်.. မီးပူတိုက်.. ဓားသွေး.. သစ်ခုတ်နိုင်တဲ့ ညီငယ်လေးမျိုးလေ..”


ရှဲ့ကျွင်းပြောပြီးသည်နှင့် သူ့အနားတွင်ရှိသည့်လူတိုင်း ခေါင်းညိတ်ကာ ရှောင်ဝူယိအား မျှော်လင့်တကြီး ကြည့်နေကြသည်။


ရှောင်ဝူယိလေးမှာ ဤမြင်ကွင်းကြောင့် အနည်းငယ် ခြိမ်းခြောက်ခံရသလို ဖြစ်နေသည်။ ခေတ္တမျှကြာသည်အထိ ထိုသူများအား မည်သို့ရင်ဆိုင်ရမည်ကို မသိတော့ချေ။ ထို့နောက် ခြောက်ကပ်ကပ်ဖြင့် ဆိုသည်။


“ဒါပေမဲ့ ငါက ဒယ်ဒီ့ကို သွားရှာရဦးမှာ..”


“ကျွန်တော်တို့လည်း ဒယ်ဒီ့ကို ရှာမယ်လေ..”


“ငါ့ဒယ်ဒီ...!”


“အာ.. တာ့ကောရဲ့ ဒယ်ဒီ..” ヾ(≧∇≦)ゞ


မည်သို့ပင်ဖြစ်စေ ရှဲ့ကျွင်းတို့သည် ဤရွှေပေါင်လုံးကြီးအား ဖက်ထားရန် ဆုံးဖြတ်လိုက်ကြပြီ ဖြစ်သည်။ နေရာလွတ်စွမ်းရည်ပိုင်ရှင် — ဤသည်မှာ ကမ္ဘာပျက်ကပ် ဝတ္ထုများထဲတွင် ဇာတ်ကောင်သည်သာ ပိုင်ဆိုင်နိုင်သည့် အရာဖြစ်သည်။


အတိုချုပ် ဆိုရလျှင် တာ့ကောနောက်သို့ လိုက်ကြမည်။


***


မော့ဟယ်။


သုံးရက်သုံးညတိုင်တိုင် မေ့မြောနေပြီးနောက်တွင် နျဲ့ရှောင် နိုးထလာခဲ့သည်။ မျက်လုံးဖွင့်လိုက်သည့်အခါ သူ့အား ဆီးကြိုနေသည့် ဝူဝမ်ချီ၏ မျက်နှာကြီးအား မြင်လိုက်ရသည်။ ဝူဝမ်ချီမှာ အလွန်ခံ့ညားချောမောသော်လည်း သူ၏ ချစ်စဖွယ် ချုံပေါင်ပေါင်း မဟုတ်ချေ။


“ဘော့စ်.. နောက်ဆုံးတော့ နိုးလာပြီပေါ့..”


နျဲ့ရှောင် ထထိုင်လိုက်ပြီး ပတ်ဝန်းကျင်အား အမူအရာမဲ့စွာဖြင့် ကြည့်လိုက်သည်။ လုံလုံခြုံခြုံနှင့် ကောင်းကောင်းမွန်မွန် ရှိနေသည့် ဝူဝမ်ချီအား ကြည့်ပြီးနောက် နံဘေးရှိ ရှောင်ယန်ထံ အကြည့်ရောက်သွားသည်။


ရှောင်ယန် ပုခုံးတွန့်ပြီး ပြုံးလိုက်သည်။


“ကံတရားက ပုံသေ မဟုတ်ဘူး..”


ခဏချင်းမှာပင် နျဲ့ရှောင်သည် စိတ်အေးသွားမိသည်။


လူထွားကြီး ဝူဝမ်ချီသည် အစောပိုင်းတွင် မျက်လုံးများ နီရဲလို့နေခဲ့သည်။


“ဘော့စ်.. ကျွန်တော်တို့က ဘော့စ် တောင့်ခံထားနိုင်မှာ မဟုတ်တော့ဘူးလို့ ထင်နေခဲ့တာ.. ဘော့စ်က သုံးရက်တောင် အိပ်ပျော်နေခဲ့တာလေ.. အပြင်မှာ ဇွန်ဘီတွေအများကြီး ရောက်နေကြပြီ..”


အချိန်အကြာကြီး အိပ်ပျော်နေခဲ့သည်ကို ကြားလိုက်သည့်အခါတွင် နျဲ့ရှောင် တုန်လှုပ်သွားမိသည်။ တံခါးအား အားပြင်းပြင်းနှင့် ထုရိုက်နေသည်ကို တွေ့လိုက်ရပြီးနောက် ခပ်မြန်မြန်ပင် တည်ငြိမ်လာပြီး အဖွဲ့သားများအား ဤအတောအတွင်း ဖြစ်ပျက်ခဲ့သည်များအား ပြန်ပြောစေသည်။


ပထမဆုံး ရုပ်ပိုင်းဆိုင်ရာ မတည်ငြိမ်မှုများ ဖြစ်လာခဲ့သည့် ရှောင်ယန်မှာ အစောဆုံး နိုးထလာသူ ဖြစ်သည်။ ဥက္ကာခဲမိုးရွာကျပြီး နောက်တစ်နေ့နံနက်တွင် သူမသက်သာလာပြီး ဤသုံးရက်အတွင်း ဖြစ်ပျက်ခဲ့သည်များအား ရှင်းရှင်းလင်းလင်း သိရှိထားသူလည်း ဖြစ်သည်။


ပဟေဠိဆန်ကာ နားလည်ရခက်သည့် ဥက္ကာခဲမိုးသည် အသိပေးခြင်းမရှိဘဲ ရွာကျလာခဲ့ပြီး ကမ္ဘာလူဦးရေ ထက်ဝက်ကျော်အား ဇွန်ဘီများအဖြစ် ပြောင်းသွားစေခဲ့သည်။ နှစ်ထောင်ပေါင်းများစွာ တည်ထောင်ခဲ့ရသည့် လူသားများ၏ အကျင့်စရိုက်များသည်လည်း သုံးရက်အတွင်း ပြိုလဲပျက်စီးခဲ့ရသည်။


“ကျွန်မနိုးကာစကတော့ ဆက်သွယ်ရေးကွန်ယက်က လုံးဝပြတ်တောက်မသွားသေးဘူး.. နင်ဖုန်းနဲ့ ဝမ်ချီရဲ့ ညီမလေးကို ချက်ချင်းဆက်သွယ်ခဲ့ပေမဲ့လည်း.....”


ဖြေကြားခြင်း မရှိခဲ့ချေ။ ထို့နောက်တွင် ဆက်သွယ်ရေးကွက်ယက် လုံးလုံး ပြတ်တောက်သွားပြီးနောက် အဆက်အသွယ်များလည်း မရှိတော့ပေ။


ရှောင်ယန်မှာ စကားပြောနေသော်လည်း ဝမ်းနည်းမှုကြောင့် ဆက်ပြောနိုင်စွမ်း မရှိတော့ချေ။


နံဘေးတွင် ဝူဝမ်ချီသည် သူ့ညီမလေးနှင့် သေသလား၊ ရှင်သလား မသိရသည့် အဖွဲ့သားများအကြောင်း တွေးမိသည့်အခါ မျက်လုံးများအုပ်ကာဖြင့် ‌ခေါင်းမော့လိုက်သည်။ သူတို့၏ ခန္ဓာကိုယ်များအား အတည်မပြုရမချင်း မျက်ရည်ကျခွင့် မပြုနိုင်သေးပါ။


ရုတ်တရက်လေးလံလာသည့် လေထုကြောင့် နျဲ့ရှောင် ခေတ္တမျှ တိတ်ဆိတ်သွားမိသည်။ သူ၏မျက်နှာမှာ တဖြည်းဖြည်းချင်း ခံ့ညားလာသော်လည်း ကူကယ်ရာမဲ့စွာဖြင့် နှစ်သိမ့်စကား ပြောရလေသည်။


“အဆင်ပြေကြမှာပါ..”


ထိုစကားအား ကြားသည့်အခါ ရှောင်ယန် အနည်းငယ် ပျော်ရွှင်လာပြီး ဝူဝမ်ချီ၏ပုခုံးအား ပုတ်ကာ နှစ်သိမ့်လိုက်သည်။


“ကြားလား.. အဆင်ပြေမှာတဲ့.. ဘော့စ်က စကားပြောလိုက်တာနဲ့ အလင်းရောင်လေးတွေ ဆောင်ကြဉ်းပေးတာပဲ.. ငါ့ကိုလည်း ဇွန်ဘီဖြစ်မှာ မဟုတ်ဘူးလို့ ပြောခဲ့တယ်‌လေ.. အဲဒါကြောင့် လူတိုင်းအဆင်ပြေနေကြမှာ..”


ဝူဝမ်ချီ၏ စိတ်ခံစားချက်များ သက်သာရာ ရမိသည်။ ရှောင်ယန်အား နီရဲနေသည့် မျက်လုံးများဖြင့် လှည့်ကြည့်ကာ လေးနက်စွာ ပြောလေသည်။


“နင်လည်း နောက်ကျရင် ထေ့တဲ့ငေါ့တဲ့ စကားတွေကိုပဲ ဆက်ပြောသင့်တယ်.. ဟာသပြက်လုံးတွေက နင်နဲ့ မသင့်တော်ဘူး..”


ရှောင်ယန် : “……”


သက်သောင့်သက်သာမရှိသည့် လေထုပြိုကွဲပြီးနောက် နျဲ့ရှောင်၏ နှုတ်ခမ်းထောင့်လေးများ အနည်းငယ်မြင့်တက်လာပြီး ‘အဆင်ပြေသွားမှာ အဆင်ပြေကြမှာ’ ဟူသည်အား ထပ်ကာထပ်ကာ ရေရွတ်လို့နေသည်။


ဝူဝမ်ချီနှင့် ရှောင်ယန်တို့ ရယ်မောလိုက်ကြသည်။


ထို့နောက်တွင် တစ်စုံတစ်ခုအား အမှတ်ရမိပုံဖြင့် ဝူဝမ်ချီသည် နျဲ့ရှောင်အား တလက်လက်တောက်နေသည့် မျက်လုံးများဖြင့် ကြည့်လိုက်သည်။


“ဘော့စ် တစ်ခုခု ထူးဆန်းတယ်လို့ ခံစားမိလား..”


နျဲ့ရှောင်သည် အလွန်လေးနက်သည့် အမူအရာဖြင့် ရှိနေသော ဝူဝမ်ချီနှင့် ရှောင်ယန်တို့အား ကြည့်လိုက်ပြီးနောက် မျက်လုံးများမှိတ်ကာ ခန္ဓာကိုယ်အခြေအနေအား သေသေချာချာ လေ့လာလိုက်သည်။ အားလုံးအဆင်ပြေသည်ဟု‌ ပြောမည်ပြင်ဆင်မှာပင် ရုတ်တရက်ဆိုသလို အခန်းအတွင်းရှိ လျှပ်စစ်ပစ္စည်းများ လည်ပတ်လာပြီး တစ်ချိန်တည်းမှာပင် မည်သည်ကလာသည် မသိရသော လေပြည်ညင်းလေးက သူတို့သုံးဦး၏ ပါးပြင်များအား ဖြတ်တိုက်ခတ်လာသည်။


လျှပ်စစ်မီးသီး ခေတ္တမျှ လင်းလာသည့်အခါ ဝူဝမ်ချီနှင့် ‌ရှောင်ယန်၏ မျက်နှာများတွင် အံ့ဩမှုတို့ ထင်ဟပ်လာသည်။


“လေစွမ်းအင်နဲ့ လျှပ်စီးစွမ်းအင်.. စွမ်းအင် နှစ်ခုပိုင်ရှင်..”


နျဲ့ရှောင် မည်သို့မျှ မတုံ့ပြန်ဘဲနှင့် သူ၏လက်များအား ပြန်ကြည့်လိုက်သည်။ အနည်းငယ် တွေးလိုက်ရုံမျှနှင့် အပြာရောင်အလင်းတစ်ခု သူ့လက်မောင်းမှ ထိုးထွက်လာပြီး တစ်ချိန်တည်းမှာပင် လက်ဖဝါးပေါတွင် နူးညံ့ညင်သာသည့် လေပွေတစ်ခု ဖြစ်တည်လာသည်။


နျဲ့ရှောင် ခေါင်းမော့ကြည့်လိုက်သည်။ ဝူဝမ်ချီနှင့် ရှောင်ယန်တို့သည်လည်း သူတို့၏ ကိုယ်ပိုင်စွမ်းရည်များအား ထုတ်ဖော်နေသည်ကို မြင်လိုက်ရသည်။


ရှောင်ယန် မျက်လုံးများမှိတ်ကာ အာရုံစိုက်လိုက်သည်နှင့် သူမ၏ လက်ချောင်းထိပ်များနှင့် ဆံပင်ဖျားလေးများ ခဲလာသည်။ ဝူဝမ်ချီ မြေပြင်ပေါ်သို့ လက်နှစ်ဘက်ဖြင့် ထိလိုက်သည်နှင့် နဂိုပြန့်ပြူးနေသည့် နေရာတွင် အဖုလေးတစ်ခု ပေါ်လာသည်။


အေးခဲခြင်းနှင့် မြေပြင်..။ ရေခဲစွမ်းအင်နှင့် မြေစွမ်းအင်များ ဖြစ်သည်။


“ဘော့စ်.. ကျွန်တော်တို့အားလုံး စွမ်းရည်ပိုင်ရှင်တွေ ဖြစ်လာကြပုံပဲ..”


“အင်း..”


နျဲ့ရှောင် သူ၏လက်အား လေးနက်စွာ ကြည့်လိုက်သည်။


ဝူဝမ်ချီနှင့် ရှောင်ယန် : “……”


ဤပေါ့ပျက်ပျက် တုံ့ပြန်မှုကြောင့် သူတို့နှစ်ဦးမှာ နင်ရှောင်ဖုန်းအား သတိရမိလိုက်သည်။


***


ဟာပင်းလေဆိပ် ဆေးပေးခန်း။


သွမ့်ဝမ်ယွီ မျက်လုံးများပွင့်လာသည်နှင့် နင်ဖုန်းသည် အနက်ရောင်အလုံးတစ်ခုအားကိုင်ကာ ဆေးပေးခန်း၏ ပြတင်းပေါက်အပြင်အား မြန်မြန်ဆန်ဆန် ပစ်လွှတ်လိုက်သည်ကို မြင်လိုက်ရသည်။ ကျယ်လောင်သည် ပေါက်ကွဲသံကြောင့် ခေါင်းအနည်းငယ် အူသွားသည်။


“ဒါနဲ့ ဆော့ပြီး ပေါက်ကွဲလိုက်ကြလေ သရဲတွေ..”


နင်ဖုန်း အသံနိမ့်နိမ့်ဖြင့် ပြောဆိုလို့နေပြီး ‌ပေါက်ကွဲသံကြောင့် ဇွန်ဘီများ အဝေးသို့ ထွက်သွားသည်အား ကြည့်နေသည်။ ထိုမှသာ တိတ်တဆိတ်ဖြင့် စိတ်သက်သာသာ ရတော့သည်။ ပြန်ပြီး ပေါက်ကွဲစေနိုင်သည့် ပုလင်းအနည်းငယ် ထပ်လုပ်ရန် ပြင်စဉ်မှာပင် မျက်လုံးပင့်ကြည့်လိုက်သည်နှင့် နိုးထနေပြီဖြစ်သော သွမ့်ဝမ်ယွီအား မြင်လိုက်သည့်အခါ ကြောင်အသွားမိသည်။


မျက်ရည်ပိုးပိုးပေါက်ပေါက် ကျဆင်းလာသည်။


“အူးဝါးးးးးး ခင်ဗျားက ဇွန်ဘီဖြစ်မသွားဘူး..”


သွမ့်ဝမ်ယွီ : “...” အေးလေ.. ဇွန်ဘီဖြစ်မလာဘူး မဟုတ်လား.. ဖြစ်လာလို့လား..


နင်ဖုန်း၏ ဖြူဖပ်ဖြူရော်မျက်နှာနှင့် မျက်လုံးတစ်ဝိုက်ရှိ အနက်ရောင်အကွင်းများအားကြည့်ကာ သွမ့်ဝမ်ယွီ၏ နှလုံးသား နူးညံ့သွားလေသည်။ လမ်းလျှောက်သွားပြီးနောက် ဆယ်ကျော်သက်ကောင်လေး၏ ခေါင်းအား ခပ်ဖွဖွ ပုတ်လိုက်ပြီးနောက် နှစ်သိမ့်စကားဆိုသည်။


“မင်းအများကြီး ကြိုးစားခဲ့တယ်နော်..”


“ကြိုးစားလွန်းလို့ သေတော့မလိုပဲဗျ.. သုံးရက်နီးပါး မျက်လုံးတောင် မပိတ်နိုင်ဘူး..”


နင်ဖုန်း ဒေါသတကြီး ပြောပြီးနောက် လက်သုံးချောင်းထောင်ကာဖြင့် မျက်ရည်များ သုတ်လိုက်သည်။


“လေဆိပ်ထဲမှ ဇွန်ဘီတွေ အများကြီးပဲ.. ခင်ဗျားသာ နိုးမလာဘူးဆိုရင် သုံးလုံးရတဲ့ ပစ္စည်းတွေနဲ့ ပေါက်ကွဲနိုင်တဲ့ ပုလင်းတွေအားလုံး ကုန်နေလောက်ပြီ..”


သွမ့်ဝမ်ယွီမှာ စားပွဲပေါ်ရှိ ပုလင်းများ၊ ဖန်ခွက်များအပေါ် အကြည့်ရောက်သွားမိသည်။ ဆေးပေးခန်းအတွင်းရှိ အရာအားလုံး ဤနေရာသို့ ယူလာခံရပုံပင်။


“ကျွန်တော် ဒီသုံးရက်လုံးလုံး ဂလူးကိုစ့်ဖျော်ရည်ပဲ သောက်နေရတာ.. ဗိုက်ထဲမှာ ပြောင်းဆန်နေကြပြီ..”


နင်ဖုန်းမှာ စက်သေနတ်ပစ်သလို မကျေနပ်မှုများ တရစက် ထွက်လာပြီး လွန်ခဲ့သည့်ရက်များတွင် ဖြစ်ပျက်ခဲ့သည့် အခြေအနေများအား သွမ့်ဝမ်ယွီထံ ပြောပြလို့နေသည်။


သွမ့်ဝမ်ယွီ စိတ်ရှည်လက်ရှည် နားထောင်ပြီးနောက် နင်ဖုန်း၏ခေါင်းအား မပွတ်ဘဲ မနေနိုင်တော့ချေ။ နင်ဖုန်းမှာ အတွန့်တက်စကားများ ဆိုနေသော်လည်း သွမ့်ဝမ်ယွီနိုးထလာသည်ကို မြင်သည့်အခါ သူ့စိတ်ထဲတွင် အလွန်ပျော်နေမိကြောင်း မငြင်းပယ်နိုင်ပါချေ။


“ပြီးတော့ ခင်ဗျားသိလား ဒီဆေးပေးခန်းထဲမှ မီးခြစ်မရှိဘူးလေ.. ဘယ်နေရာမှာမှ ရှာမတွေ့တာ.. ဒါပေမဲ့ ပုလင်းတွေကို ဘယ်လိုမျိုး မီးရှို့လိုက်လဲ မှန်းကြည့်..” (ㅅ´ ˘ `)


နင်ဖုန်းသည် သွမ့်ဝမ်ယွီအား ဂုဏ်ယူမှုတို့ ပြည့်နေသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။


သွမ့်ဝမ်ယွီ မျက်ခုံးပင့်လိုက်သည်။


“မီးလိပ်နဲ့လား..”


နင်ဖုန်းသည် သွမ့်ဝမ်ယွီအား အထင်သေးစွာ ကြည့်လိုက်သည်။ ထို့နောက် သွမ့်ဝမ်ယွီ ကြည့်နေစဉ်မှာပင် သူ၏ လက်ခလယ်အား ဂုဏ်ယူစွာ ထုတ်ပြီးနာက် လေထုထဲတွင် မီးတောက်တစ်ခု ပေါ်လာသည်။


သွမ့်ဝမ်ယွီ ထခုန်မိလိုက်သည်။


“ကြောက်သွားပြီမလား.. ဟမ့်.. ကျွန်တော်က မီးစွမ်းရည်ပိုင်ရှင်လေ.. ဟားဟားဟား..” ꉂ (´∀`)ʱªʱªʱª


နင်ဖုန်းမှာ ရယ်မောရင်း ကြွားဝါလို့နေသော်လည်း နှစ်စက္ကန့်မျှပင် မကြာလိုက်ဘဲ ဟာသတစ်ခု ဖြစ်သွားခဲ့သည်။


သွမ့်ဝမ်ယွီ၏အသံမှာ ရေကဲ့သို့ သိမ်မွေ့လို့နေပြီး လက်မြှောက်လိုက်သည်နှင့် လက်ချောင်းထိပ်များမှ ရေစက်ကလေးများ တစက်စက် ကျဆင်းလာသည်။


“အိုး.. တိုက်ဆိုင်ချက်ပဲကွာ.. ငါကလည်း ရေစွမ်းရည်ပိုင်ရှင် ဖြစ်ပုံရတယ်..”


နင်ဖုန်း၏ လက်ချောင်းပေါ်သို့ ရေစက်ကလေးများ ကျဆင်းလာပြီး ဂုဏ်ယူဝံ့ကြွားနေသည့် မီးတောက်ကလေးအား ငြှိမ်းသတ်လိုက်လေသည်။


နင်ဖုန်း : QAQ


ဒီလူက ငါ့အတွက်တော့ တကယ့်ဂြိုလ်ဆိုးပဲ..

Note - မီးလိပ်ဆိုတာ ဒုတိယကမ္ဘာစစ်မှာ စစ်အကျဉ်းသားတွေက ထောင်ထဲမှာ ဆေးလိပ်သောက်ဖို့ အသုံးပြုခဲ့တဲ့ အရာပါတဲ့။ သူက ဆေးလိပ်လိုမျိုး ပုံစံရှိပေမဲ့ လုံးရှည်ပုံမဟုတ်ဘဲ ကန်တော့ချွန်ပုံစံလေးထဲမှာ ဂွမ်းတို့ တခြား မီးပွင့်လာနိုင်တဲ့ ပစ္စည်းအချို့ကို ထည့်ပြီး အသုံးပြုရတာမျိုးပါ။ စိတ်ဝင်စားရင် “Fire Roll” လို့ ရှာကြည့်လို့ရပါတယ်။ YouTube မှာလည်း အသုံးပြုပုံတစ်ချို့ ရှိပါတယ်။




🌪⚡️❄️🔥💧🌚