အပိုင်း၉
Viewers 9k

Chapter 9


🐹 အခန်း ၉ ဝူယိလေးက ဒယ်ဒီ့ကိုရှာဖို့ ပြင်ပါပြီ



ယွင်ချန်။


ရှောင်ဝူယိသည် သူ၏ပိုင်ဆိုင်မှုများအား ထုပ်ပိုးသိမ်းဆည်းပြီးနောက်တွင် တောင်အောက်သို့ဆင်းကာ နျဲ့ရှောင်အား မြောက်ပိုင်းတွင် သွားရှာရန် အဆင်သင့်ဖြစ်လို့နေလေပြီ။


ဖုန့်ရှန်ဗီလာဝင်းမှာ ယွင်ချန်၏ ဆင်ခြေဖုံးအရပ်တွင် ရှိနေခြင်းဖြစ်သည်။ တောင်ပေါ်တွင်နေထိုင်ကြသည့် လူများမှာ ချမ်းသာကြွယ်ဝသူများ ဖြစ်သည့်အတွက် ဤနေရာရှိ ဇွန်ဘီအရေအတွက်မှာ အတော်လေး နည်းပါးသည်ဟု ဆိုနိုင်သည်။ သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရသည့် ဇွန်ဘီတစ်အုပ်ပြီးနောက် တောင်ပေါ်တွင် ဇွန်ဘီမကျန်တော့သလောက် ဖြစ်သွားသည်။


ထို့ကြောင့် ရှောင်ဝူယိ၏ တောင်အောက်ဆင်းသည့် ခရီးလမ်းတစ်လျှောက်မှာ ချောချောမွေ့မွေ့ ရှိလေသည်။ ဇွန်ဘီများသည် တစ်ဦးတည်းဖြစ်နေသည့် လူသားကို တိုက်ခိုက်ဖို့ထက် သူ့အနောက်တွင် ရှိနေသည့် လူအုပ်အား တိုက်ခိုက်ရန် ပိုလိုလားပုံရခြင်းသည်လည်း လမ်းတစ်လျှောက် အကူအညီတစ်ခု ဖြစ်ခဲ့သည်။


ရှောင်ဝူယိမှာ အရှေ့သို့ တစ်ယောက်တည်း လျှောက်နေရင်း အနောက်ဘက်မှ တိုက်ခိုက်သံများ ကြားသည့်အခါ တိတ်တဆိတ် နောက်လှည့်ကြည့်လိုက်သည်။ ရှောင်ဝူယိ၏ မျက်နှာလေးတွင် စိတ်ဖိစီးမှုနှင့် တုံ့ဆိုင်းမှုတို့ ထင်ဟပ်နေသည်။ ထိုလူတစ်အုပ်အား ယခုထိတိုင်အောင် လက်ခံရန် သင့်၊ မသင့် မဆုံးဖြတ်ရသေးချေ။


ရှဲ့ကျွင်းတို့က စိတ်ပျက်ခြင်း မရှိကြချေ။ သူတို့ကိုလှည့်ကြည့်နေသည့် ဝူယိအား မြင်လိုက်သည်နှင့် ချက်ချင်းဆိုသလို တောက်တောက်ပပ ပွင့်လန်းနေသည့် ပန်းတစ်ပွင့်ကဲ့သို့သော အပြုံးများ ပြုံးလိုက်ကြသည်။


“တာ့ကော ရှေ့ဆက်သွားပါ.. နောက်မှာ ကျွန်တော်တို့ ရှိတာမို့ စိတ်အေးအေးထားနော်..”


“ငါက တာ့ကောမဟုတ်ဘူး..”


“ဟုတ်ပါပြီ တာ့ကောရဲ့..”


ရှောင်ဝူယိ၏ မျက်နှာသေးသေးလေးမှာ ရုတ်တရက်ဆိုသလို ရှုံ့တွနေသည့် ဘန်းမုန့်များကဲ့သို့ ဖြစ်လာသည်။


ဇွန်ဘီများ၏ လက်ရှိစွမ်းရည်မှာ အကန့်အသတ်နှင့်သာ ရှိနေသေးသည်။ သူတို့လမ်းတွင်ရှိသည့် အရာများအား တွန်းတိုက်ခြင်း၊ ရိုက်ပုတ်ခြင်းများသာ ပြုလုပ်နိုင်ကြသည့်အတွက် ရှဲ့ကျွင်းတို့သည် ချောချောမွေမွေ့ ကိုင်တွယ်နိုင်ကြသည်။ နာရီဝက်ခန့်အကြာတွင် သူတို့အဖွဲ့သည် တောင်ခြေသို့ အောင်အောင်မြင်မြင် ရောက်ရှိခဲ့ကြသည်။


လမ်းဆုံအားကြည့်ကာဖြင့် ရှောင်ဝူယိသည် သူ၏ ပထမဆုံး ဟမ်းစတားပြဿနာအား ကြုံတွေ့ရလေပြီ။ ဘယ်ကိုကြည့်ပြီးနောက် ညာကိုကြည့်သည်။ သူ့မျက်လုံးထဲတွင် ရှုပ်ထွေးမှုတို့ ပေါ်လာသည်။


ဘယ်လမ်းက မြောက်ပိုင်းကို သွားတာလဲလို့..


ရှောင်ဝူယိမှာ ကူကယ်ရာမဲ့စွာဖြင့် မျက်လုံးများ မှိတ်ကျသည်အထိ ပြုံးလို့နေဆဲဖြစ်သော ရှဲ့ကျွင်းတို့အား လှည့်ကြည့်လိုက်သည်။ အဆုံးတွင် မျက်နှာထားတင်းတင်းအား စိတ်မပါစွာဖြင့် ဖြေလျှော့လိုက်ရသည်။


“ဘယ်လမ်းကို သွားရမလဲဆိုတာ မသိဘူး..”


ရှဲ့ကျွင်းတို့မှာ ကတိမမည်သည့် ထိုစကားအား ကြားသည့်အခါ အပျော်လွန်သွားကြသည်။ လူငယ်တစ်ဦးသည် တက်ကြွစွာဖြင့် အလျင်စလို ပြေးလာပြီး ဝမ်းသာအားရ ပြောလေသည်။


“ကျွန်တော်တို့ အားလုံး လမ်းသိတယ်.. တာ့ကော ဘယ်ကိုသွားချင်တာလဲ..”


“ငါက မြောက်ပိုင်းကိုသွားမှာ.. အရမ်းအေးပြီး နှင်းကျတဲ့နေရာ.. ဒယ်ဒီက အဲဒီမှာ ရှိနေတယ်..”


ရှဲ့ကျွင်းနှင့် အဖွဲ့သားများ : “……?”


“တာ့ကောရေ.. နည်းနည်းလေး တိတိကျကျ ပြောပေးလို့ရမလားဗျ..”


“နှင်းကျတယ်.. မြောက်ပိုင်း.. အဲဒါက မတိကျသေးလို့လား..”


ဟမ်းစတားလေး၏ မျက်နှာတွင် နားမလည်မှုနှင့် စိတ်ရှုပ်ထွေးမှုတို့ ထင်ဟပ်နေသည်။


ရှဲ့ကျွင်းနှင့် အဖွဲ့သားများ : “.......” ဒီလောက်ဆို ရပါပြီ.. ငါတို့ရဲ့ တာ့ကောက မြင်ရသလို ထက်မြက်တဲ့ ကလေးဖြစ်ပုံမရဘူး..


ရှဲ့ကျွင်း၏ ရှည်လျားလှသည့် ရှင်းပြချက်အပြီးတွင် ရှောင်ဝူယိလေး နားလည်သွားခဲ့လေပြီ။ မြောက်ပိုင်းမှ နှင်းထု၏ အကျယ်ပမာဏအား သိရှိပြီးနောက်တွင် ချက်ချင်းပင် ဝမ်းနည်းအားငယ်လာမိသည်။


“ငါ့ဒယ်ဒီက မစ်ရှင်သွားတဲ့နေရာကို မပြောခဲ့ဘူး.. ဒါပေမဲ့ အဲဒီနေရာက မြောက်ပိုင်းမှာ အရမ်းအေးပြီး နှင်းတွေအများကြီးရှိတာကိုပဲ ငါက သိထားတာ..”


ရှဲ့ကျွင်းသည် သာမန်နှင့် ကွဲထွက်နေပုံရသည့် ‘မစ်ရှင်’ ဟူသည့် စကားလုံးအား ကြားပြီးနောက် သေနတ်အား ပြန်အမှတ်ရလိုက်သည်။ အမျိုးမျိုးသော အသေးစိတ်အရာလေးများအား ပေါင်းစပ်လိုက်သည့်အခါတွင် သူ၏ ဦးနှောက်သည် ရှောင်ဝူယိအား စစ်တပ်မိသားစုမှ ကလေးတစ်ဦးဖြစ်သည်ဟု တံဆိပ်ကပ်လိုက်တော့သည်။ မိသားစုမှ စစ်အရာရှိမှာ မစ်ရှင်ပြုလုပ်နေချိန်တွင် မိသားစုဝင်များမှာ နေရာအတိအကျအား မသိရှိနိုင်ချေ။


ရှဲ့ကျွင်း ချက်ချင်းပင် တည်ငြိမ်စွာဖြင့် ပြောသည်။


“တာ့ကောရဲ့ ဒယ်ဒီက မစ်ရှင်လုပ်နေတာဆိုတော့ နေရာအတိအကျကို မသိထားတာ ပုံမှန်ပါပဲ.. မြောက်ပိုင်းတဝိုက် နည်းနည်းချင်းစီ ရှာကြတာပေါ့.. စစ်သားတွေက ဖရိုဖရဲဖြစ်နေပေမဲ့လည်း နိုင်ငံတော်က သိပ်မကြာခင် ပြန်လည်ထိန်းချုပ်နိုင်မယ်လို့ ယုံတယ်.. အချိန်ကျလာရင်တော့ သူတို့က သာမန်လူတွေကို ကယ်တင်ဖို့ သေချာပေါက် ထွက်လာကြမှာပဲ.. အဲဒါဆိုရင် ကျွန်တော်တို့လည်း တာ့ကောရဲ့ ဒယ်ဒီအကြောင်း လမ်းတစ်လျှောက် မေးမြန်းလို့ရနိုင်လိမ့်မယ်..”


ရှဲ့ကျွင်းသည် ဝူယိတို့အိမ်၏ အခြေအနေအား ပြန်မြင်ယောင်မိသည့်အခါတွင် သူ့ဒယ်ဒီ၏ အနေအထားမှာ ခပ်နိမ့်နိမ့် မဟုတ်လောက်ဟု သတ်မှတ်လိုက်သည်။


“အဲဒါဆို မြို့တော်ရှိတဲ့ဘက်ကို အရင်ဆုံးသွားကြမယ်.. မြို့တော်က နိုင်ငံရဲ့ ဗဟိုအာဏာထိန်းချုပ်ရာပဲ.. ပြီးရင် ကျွန်တော်တို့ အဲဒီမှာ အရင်ဆုံး အခြေချကြမယ်.. တာ့ကောရဲ့ ဒယ်ဒီက မြောက်ပိုင်းမှာ ရှိနေတာဆိုတော့ သူအသက်ရှင်နေသေးရင် အရင်ဆုံး မြို့တော်ကို ပြန်လာမှာ သေချာတယ်..”


ရှောင်ဝူယိသည် ရှဲ့ကျွင်း၏ စစ်မှန်သည့် သုံးသပ်ချက်အား နားထောင်ပြီး မျှော်လင့်ချက်တိုးလာသည်။


“အဲဒါဆို အခုပဲ မြို့တော်ကို သွားကြမယ်..”


ရှောင်ဝူယိ ပျော်ရွှင်စွာဖြင့် ပြောသည်။


“ဒါပေမဲ့ ကျွန်တော်တို့က ဗိုက်ဆာနေပြီရယ်..”


လူငယ်လေးများသည် ရှဲ့ကျွင်းနှင့် ဝူယိအား စိတ်အားထက်သန်စွာဖြင့် စိုက်ကြည့်လာကြပြီး သနားစဖွယ် အပြုအမူများဖြင့် ပြောလာသည်။


“ကျွန်တော်တို့ မသွားခင် စားစရာတစ်ခုခု သွားရှာလို့ရလားဟင်..”


လျှိုတာ့ရှန်မှာ ရှက်ရွံ့စွာဖြင့် တဂွီဂွီမြည်နေသည့် ဝမ်းဗိုက်အား လက်ဖြင့်အုပ်လိုက်သည်။


ရှဲ့ကျွင်းသည်လည်း ရှောင်ဝူယိအား မျှော်လင့်တကြီး စိုက်ကြည့်လာသည်။ ရှောင်ဝူယိ နေရာလွတ်ထဲ ထည့်လိုက်သည့် ဗီလာထဲတွင် စားစရာများ ရှိနေလိမ့်မည်ဟု သူယုံကြည်ထားသည်။


ဟမ်းစတားလေး : “……” QAQ


လူတိုင်းစိုက်ကြည့်ခြင်းကို ခံနေရသဖြင့် ရှောင်ဝူယိမှာ ဗီလာ၏ ‌ရေခဲသေတ္တာထဲမှ အစားအစာများနှင့်အတူ အိုးများ၊ အကြော်အိုးများကို ထုတ်လိုက်ရတော့သည်။


ရှောင်ဝူယိသည် ကျောက်တုံးကြီးတစ်ခုပေါ်တွင် ထိုင်ကာဖြင့် သက်ပြင်းချရင်း သူ၏ ပါးဖောင်းဖောင်းလေးများကို ပွတ်ကာဖြင့် ချက်ပြုတ်ရန် ပြင်ဆင်နေကြသည့် လူငယ်လေးများအား ကြည့်နေမိသည်။


မူလက သူ၏ ဒယ်ဒီကိုသာ ကျွေးမွေးထောက်ပံ့လိုခဲ့ခြင်း ဖြစ်သော်လည်း ရုတ်တရက်ဆိုသလို စောင့်ရှောက်ပေးရမည့် ညီငယ်လေးများ ရလာခဲ့သည်။ ရှောင်ဝူယိလေးဟာ ဘဝကို ကြမ်းကြမ်းတမ်းတမ်း ဖြတ်သန်းနေရတဲ့ ဟမ်းစတားလေး ဖြစ်နေပါလားနော်..။


အိုင်း.. ဟမ်းစတားဖြစ်ရတာ ခက်ခဲလိုက်တာ..


ရှောင်ဝူ ‘မဟာအလက်ဇန္နား’ ယိ သည် နံဘေးတွင်ထိုင်ကာ သက်ပြင်းချလိုက်သည်။ ညီငယ်လေးများ ယူလာသည့် ခေါက်ဆွဲပြုတ်အား ဟမ်းစတားလေးသည် မဝံ့မရဲဖြင့် တစ်ငုံသောက်ကြည့်လိုက်ပြီးနောက် ကောင်းကင်ဘုံသို့ တက်တော့မလို တုန်လှုပ်သွားလေသည်။


အိုးးးး လူတွေစားတဲ့ အစာက အရမ်း အရမ်းကြီး အရသာရှိတယ်နော်..


ဟမ်းစတားလေးသည် အံ့အားသင့်နေသည့် မျက်နှာလေးအား အလျင်အမြန် ဖုံးလိုက်ပြီးနောက် သူ့နံဘေးတွင် ခေါက်ဆွဲစားနေသည့် ရှဲ့ကျွင်းတို့အား တိတ်တဆိတ် လှမ်းကြည့်လိုက်သည်။ ညီငယ်လေးများ ပျိုးထောင်ပေးရခြင်း၏ အကျိုးအမြတ်အား သိရှိလိုက်ရလေပြီ။


သူ့နံဘေးရှိ ညီငယ်လေးများမှာလည်း တိတ်တဆိတ် တွေးမိနေကြသည်။


ဒီသေးသေးသွယ်သွယ် နူးနူးညံညံ သခင်ငယ်လေးက မမျှော်လင့်ဘဲ ကမ္ဘာပေါ် ရောက်လာပြီး စားသောက်တဲ့အခါ ရိုးရှင်းတဲ့ ခေါက်ဆွဲတစ်ခွက်ကတောင် သူ့အတွက် ဒီလောက်ကြီး အရသာရှိသွားစေတာလား...


ပြီးတော့ စားနေတဲ့ပုံလေးကလည်း အရမ်းချစ်စရာကောင်းမနေဘူးလားလို့..


ဗိုက်ဖြည့်ပြီးသည့်နောက်တွင် ရှောင်ဝူယိတို့အဖွဲ့သည် ဒယ်ဒီ့အား မြောက်ပိုင်းတွင် ရှာဖွေရန် ခရီးစကြလေသည်။ မြောက်ပိုင်းသို့သွားသည့် အဝေးပြေးလမ်းသည့် မြို့လယ်အား ဖြတ်သွားရမည် ဖြစ်သဖြင့် မြို့ထဲမှ ထွက်ပြေးလာခဲ့ကြသော ရှဲ့ကျွင်းတို့မှာ ကျည်ဆန်ကိုက်ကာဖြင့် ပြန်သွားရပေမည်။


သို့သော်လည်း ရှဲ့ကျွင်းတို့မှာ ကြောက်ရွံ့နေကြခြင်း မဟုတ်ပေ။ သူတို့၏ အတွေးများမှာ အလွန်ရိုးရှင်းလှသည်။ ဆင်ခြေဖုံးတွင် ဇွန်ဘီအနည်းငယ်သာ ရှိသော်လည်း ဤနေရာတွင်သာ ထိုင်စားမည်ဆိုလျှင် တောင်တစ်ခုလုံး ပြောင်သွားပေမည်။ နေရာလွတ်စွမ်းရည်ရှိသည့် ကောင်ငယ်လေးနောက်သို့ လိုက်မည်ဆိုလျှင် သူ၏ အရင်းအမြစ် စုဆောင်းနိုင်စွမ်းနှင့်ဆိုလျှင် ကမ္ဘာပျက်ကပ်အတွင်း၌ အစာငတ်ကာ သေဆုံးမည့်ဘေးမှ ရှောင်ကြဉ်နိုင်မည် ဖြစ်သည်။


ထိုအဖွဲ့သည် မြို့လယ်သို့ လျှောက်လာကြသည်။ အိမ်များအား ဖြတ်သွားသည့်အချိန်တွင် ဟမ်းစတား‌လေးနှင့် ရှဲ့ကျွင်းတို့မှာ ဆွေးနွေးတိုင်ပင်ရန်ပင် မလိုအပ်ဘဲနှင့် ဤကမ္ဘာပျက်ကပ်အတွင်း ဖြစ်တည်လာသည့် အလိုလို သိစိတ်အရ အစားအစာနှင့် ရိက္ခာများအား အရူးအမူး စုဆောင်းကြလေသည်။


သိုလှောင်စုဆောင်းခြင်းနှင့် ပတ်သက်၍ ဟမ်းစတားလေးမှာ သူ၏ညီငယ်လေးများအား ရှုံးနိမ့်သွားပြီဟု ခံစားနေရသည်။


“တာ့ကောရေ.. ဒီခေါင်းအုံးလေး ယူလိုက်ပါဦး.. ဒီဇွန်းလေးကောပဲနော်..”


“တာ့ကောရေ.. ပစ္စည်းတွေထည့်ဖို့ နေရာကျန်နေသေးလား.. ကျွန်တော်ကတော့ ဒီသံဗူးကို ထားမပစ်ခဲ့နိုင်ဘူးလို့..”


“ဒီဟာလေးကော.. ဒီဟာကောပဲ....”


ကျိုင်းကောင်များဖြတ်လာလျှင် မြက်ပင်များပင် ကျန်တော့မည် မဟုတွဆိုသလိုပင်

ညီငယ်လေးများ ရွာထဲဝင်လာလျှင် ဟမ်းစတားလေး ပင် ကြောက်နေမိပေပြီ။


ဤအချိန်တွင် ရှောင်ဝူယိသည် ရှဲ့ကျွင်းတို့အကြောင်း အနည်းအကျဉ်းမျှ နားလည်လာပြီဖြစ်သည်။ ရှဲ့ကျွင်းနှင့် လျှိုတာ့ရှန်တို့မှာ ပန်းပဲသမားနှင့် လက်သမားဆရာတို့ ဖြစ်ကြသည်။ သူတို့နှစ်ဦးမှာ သူငယ်ချင်းများဖြစ်ပြီး ကျန်လူငယ်လေးများမှာ သူတို့၏ တပည့်တပန်းများ ဖြစ်သည်။


“ဒါနဲ့ တာ့ကောရေ.. ကျွန်တော်တို့ တာ့ကောနာမည်ကို မသိရသေးဘူးနော်..”


“ငါ့နာမည်က ဝူယိ.. ဒယ်ဒီက ငါ့နာမည်ကို ပေးထားတာ..” (ㅅ´ ˘ `)


ရှောင်ဝူယိသည် ခေါင်းကလေးမော့ကာဖြင့် ဂုဏ်ယူစွာ ပြောသည်။


“မေဒေး.. အလုပ်သမားနေ့လား..”


“မဟုတ်ဘူး.. ဝူယိက အလုပ်သမားနေ့ မဟုတ်ဘူး.. ဝူယိက ဟမ်းစတားလေး..” ( •‌ - •‌ )


“????”


အမြီးအမောက်မတည့်သည့် စကားလုံးများကို ကြားပြီးနောက် ရှဲ့ကျွင်းတို့ ခေါင်းပေါ်တွင် အမေးသင်္ကေတများ ပြည့်လာသော်လည်း ကောင်ငယ်လေး၏ မျက်နှာပေါ်တွင် လေးနက်မှုနှင့် ‌ဒေါသအရိပ်အယောင်များ မြင်လိုက်ရသဖြင့် ချက်ချင်းဆိုသလို ထိုအကြောင်းအား ထပ်မပြောဖို့ရန် ဆုံးဖြတ်လိုက်ကြသည်။


သူတို့၏ တာ့ကောမှာ ထက်ထက်မြက်မြက် မဟုတ်ဘဲ ခပ်နုံနုံကလေးဖြစ်ကြောင်း စောစီးစွာ သိလိုက်ကြရလေပြီ။ ဤသို့ဆိုလျှင် မည်သည်ကြောင့် ထိုအကြောင်းအား ဆက်ပြောဖို့ လိုတော့မည်နည်း။


ဘယ်လိုပဲဖြစ်ဖြစ် အရမ်းချစ်စရာကောင်းနေတာကိုလို့.. ଘ(੭˃ᴗ˂)੭♡


ရှဲ့ကျွင်းတို့၏ အမူအရာများကို သတိပြုမိသည့်အခါတွင် ထိုလူများသည် ရှောင်ဝူယိအား လျှော့တွက်နေသည်ဟု အမြဲတမ်း ခံစားမိနေသော်လည်း သက်သေမရှိချေ။


ဘာကြောင့်မှန်းမသိ အရမ်းစိတ်ဆိုးလာပြီနော်.. ( 。 •‌ ᴖ •‌ 。)


ညအချိန်။


ရှောင်ဝူယိတို့အဖွဲ့သည် အိမ်သေးသေးတစ်လုံးတွင် တစ်ညနေရန် ဆုံးဖြတ်လိုက်ကြသည်။ ဇွန်ဘီများသည် ညအချိန်တွင် ပိုမိုမြန်ဆန်စွာ လှုပ်ရှားနိုင်သည့်အတွက် လူတိုင်း သတိအပြည့်နှင့် အလှည့်ကျ ကင်းစောင့်ရန် လိုအပ်လေသည်။


အိမ်မှ ပထမဆုံး ထွက်လာခဲ့သည် ရှောင်ဝူယိမှာ ကောင်းကောင်းအိပ်မပျော်ချေ။ ထို့ကြောင့် ပြတင်းပေါက်မှတဆင့် ကောင်းကင်ပေါ်ရှိ လကိုကြည့်ရင်း နျဲ့ရှောင်အား လွမ်းနေမိသည်။


ထိုအချိန်တွင် ကင်းစောင့်ရန် အလှည့်ကျသူမှာ ရှဲ့ကျွင်းဖြစ်သည်။ ကောင်ငယ်လေး၏ ထိုအခြေအနေအား မြင်လိုက်သည့်အခါ မမေးဘဲ မနေနိုင်တော့ချေ။


“တာ့ကောရေ.. မင်းရဲ့ ဒယ်ဒီကို အဲလောက်တောင် သဘောကျနေတယ်ဆိုမှတော့ မင်းဒယ်ဒီက တကယ်ကောင်းတဲ့သူပဲ ဖြစ်ရမယ်..”


ရှောင်ဝူယိ စိတ်ပါလက်ပါ ခေါင်းညိတ်ပြီးနောက် ဂုဏ်ယူစွာဖြင့် ပြောသည်။


“ဒါပေါ့.. ငါ့ဒယ်ဒီက ငါ့အပေါ် တကယ်ကောင်းတာ.. သူက ငါ့ကို ကောက်လာခဲ့တာလေ..” (˶‾᷄ ⁻‌ ‾᷅˵)


ထိုစကားကို ကြားလိုက်ရသူတိုင်း ထိတ်လန့်သွားကြသည်။ ဝူယိနှင့် သူ့ဒယ်ဒီမှာ သားအဖအရင်းများ ဖြစ်ကြသည်ဟု သူတို့ထင်နေခဲ့ကြခြင်း ဖြစ်သည်။ ထို့ကြောင့် ဤစကားမှာ လူများ၏ ဝမ်းနည်းစိတ်အား ထိလိုက်မိသလိုပင်။


လေထုမှာ ခေတ္တကြာအောင် တိတ်ဆိတ်သွားလေသည်။


“...ငါလည်း ငါ့ရဲ့လူအိုကြီးကို လွမ်းတယ်..”


ရှဲ့ကျွင်း နီရဲနေသည့် မျက်လုံးများဖြင့် ပြောလာသည်။ ညအချိန်၏ အမှောင်ထုသည် လူများအား သဲသဲကွဲကွဲ မမြင်ရသော်လည်း အက်ရှရှ အသံများကိုမူ ရှင်းရှင်းလင်းလင်း ကြားနိုင်လေသည်။ ညီငယ်လေးများမှာ ငိုရှိုက်သံများ ထွဥ်ပေါ်လာပြီး အမြဲလိုလို တိတ်ဆိတ်နေတတ်သည့် လျှိုတာ့ရှန်ပင်လျှင် ခြွင်းချက်မဟုတ်ပေ။


ထိုအခါမှသာ ရှဲ့ကျွင်းတို့သည် သူ့ကဲ့သို့ပင် မိဘအရင်းများကို မသိကြဘဲ မွေးစားခံခဲ့ရသူများ ဖြစ်သည့်အကြောင်း ရှောင်ဝူယိ သိလိုက်ရသည်။ သူတို့အား မွေးစားခဲ့သည့် အဖိုးကြီးမှာ လက်သမားပညာနှင့် ပန်းပဲပညာရပ်များကို သင်ကြားပေးခဲ့ပြီး ကမ္ဘာပျက်ကပ် အစမှာပင် ဇွန်ဘီများ၏ သတ်ဖြတ်ခြင်း ခံခဲ့ရသည်။


တိတ်ဆိတ်သည့် ညအမှောင်ထုထဲကြည့်ကာ ဟမ်းစတားလေးသည် ဇွန်ဘီများအား ပို၍ပင် မုန်းတီးလာမိသည်။


***


အခြားတစ်ဘက်ရှိ မော့ဟယ်မြို့။


နျဲ့ရှောင်သည် အဖွဲ့သားနှစ်ဦးနှင့်အတူ ဟိုတယ်မှထွက်လာပြီး လမ်းတစ်လျှောက် ဇွန်ဘီများအား သတ်ဖြတ်ခဲ့သည်။ ရိက္ခာများနှင့် အသက်ရှင်သူအများအပြားကိုလည်း ကယ်တင်စုဆောင်းခဲ့ကြသည်။ ကယ်တင်ခံခဲ့ရသူများသည် နျဲ့ရှောင်တွင် အထူးစွမ်းရည်များရှိကြောင်း သိရှိထားသဖြင့် နျဲ့ရှောင်နောက်သို့လိုက်ရန် ဆုံးဖြတ်လိုက်ကြသည်။


နျဲ့ရှောင်တို့ သုံးယောက်အဖွဲ့သည် သူတို့နောက်သို့ လိုက်လာသည်ကို ဂရုမစိုက်သလို ထိုလူများအပေါ်တွင်လည်း စာနာစိတ်မရှိပေ။ သူတို့အား တစ်ကြိမ်ကူညီပေးရုံနှင့် လုံလောက်ပြီ ဖြစ်သည်။ အလွန်အမင်း စာနာသနားတတ်ခြင်းသည် လူသားများအား မှီခိုတတ်လာစေသည်။ စားသောက်ရှင်သန်လိုလျှင် ဇွန်ဘီများကို မိမိဘာသာ သတ်ဖြတ်ဖို့ သင်ယူရန် လိုအပ်သည်။


သူတို့အနေဖြင့် ခေတ္တခဏသာ ကူညီပေးနိုင်မည်ဖြစ်ပြီး တစ်သက်လုံး အတွက် မဟုတ်ပေ။


ရှောင်ယန်သည် သူမ၏ မျက်နှာချင်းဆိုင်မှ ဆာလောင်နေသည့် လူထွားကြီးများအား အေးစက်စွာ ကြည့်လိုက်သည်။ သူတို့၏ အနှောင့်အယှက်ဖြစ်ဟန် အမူအရာကို လျစ်လျူရှုကာဖြင့် နောက်ဆုံးကျန်သည့် ကွတ်ကီးအား စားလိုက်သည်။ ထို့နောက်တွင် သူမ၏ ကျောပိုးအိတ်အားမှီကာဖြင့် မျက်လုံးများမှိတ်ပြီး အနားယူလိုက်သည်။ နျဲ့ရှောင်နှင့် ဝူဝမ်ချီတို့သည်လည်း သူမနှင့် တစ်ဘက်တည်းတွင် ထိုင်နေကြပြီး ပတ်ဝန်းကျင်အား အလှည့်ကျ စောင့်ကြည့်နေကြသည်။


နျဲ့ရှောင်၏ အစီအစဉ်မှာ အလွန်ရှင်းလေသည်။ ပထမဆုံး ဟာပင်းသို့သွားကာ နင်ဖုန်းနှင့် သွမ့်ဝမ်ယွီအား ရှာဖွေမည်။ ထို့နောက်တွင် ယွင်ချန်နှင့်မဝေးသည့် ဖုန်းချန်သို့သွားကာ ဝူဝမ်ချီ၏ ညီမအား ရှာမည်။


နောက်ဆုံးတွင် သူတို့အဖွဲ့၏ ဆန်မုန့်လုံးလေးအား ခေါ်ဆောင်ရန် ယွင်ချန်သို့ ပြန်ကြမည် ဖြစ်သည်။


တိတ်ဆိတ်သည့် ညအချိန်တွင် နျဲ့ရှောင်မှာ အိမ်တွင်ကျန်ခဲ့သည့် ချုံပေါင်ပေါင်းကို မတွေးမိဘဲ မနေနိုင်ချေ။ ဤအချိန်မှာ ချုံပေါင်ပေါင်းလေး၏ အိပ်ချိန်ဖြစ်သည်။ ဝမ်းဗိုက်သေးသေးလေးအား လှန်ကာဖြင့် ချစ်စဖွယ်ကောင်းစွာ ရှိနေလိမ့်မည်။


အခန်းအတွင်း၌ ဆန်မုန့်လုံးလေး လပေါင်းများစွာ ရှင်သန်နိုင်ရန် အစာနှင့်ရေ လုံလုံလောက်လောက် ရှိလေသည်။ သူပြန်ရောက်သည့်အချိန်ထိ တံခါးနှင့် ပြတင်းပေါက်များ ခိုင်ခိုင်ခန့်ခန့် ရှိနေပြီး ချုံပေါင်ပေါင်းအနေဖြင့် မည်သည့်အရာကိုမျှ သတိမပြုမိဘဲ စိတ်အေးလက်အေး နေထိုင်ဖို့ရန်သာ မျှော်လင့်မိပါသည်။


အလွန်အမင်းတိတ်ဆိတ်သည့် ညအချိန်မှာ လူတိုင်းအား အတွေးထဲ နစ်မြောသွားစေသည်။ သို့သော်လည်း ရုတ်တရက်ဆိုသလို လမ်းပေါ်မှာ ရှိုက်သံတိုးတိုး ထွက်ပေါ်လာသည်။ လူကြီးတစ်ယောက်သည် ကောင်ကလေးတစ်ယောက် သိမ်းထားသည့် စားစရာအား ကြိမ်းမောင်းကာဖြင့် လုယူသွားခြင်း ဖြစ်သည်။


နျဲ့ရှောင်တို့ ချက်ချင်းပင် မည်သို့ဖြစ်သည်အား ကြည့်လိုက်ကြသည်။ သူမ၏ဒေါသအား အချိန်ကြာမြင့်စွာ ထိန်းချုပ်ထားခဲ့ရသည့် ရှောင်ယန်မှာ ထိုလူဆီသို့သွားကာ ဖြေရှင်းချင်သော်လည်း ဝူဝမ်ချီနှင့် နျဲ့ရှောင်တို့သည် သူမအား တစ်ပြိင်နက်တည်း တားလာခဲ့သည်။


သူတို့အားလုံး အံ့အားသင့်မိသည်မှာ ခဏလေးအတွင်းမှာပင် ထိုကောင်ကလေးသည် မည်သည်က မသိရသော ဓားမြှောင်တစ်လက် ထုတ်ကာဖြင့် ထိုလူအား ထိုးစိုက်လိုက်ပြီး အလျင်အမြန်ဖြင့် ထိုလူ၏ပါးစပ်အား လက်များဖြင့် အုပ်ထားလိုက်သည်။ ထိုမှသာ သူ၏အော်သံကြောင့် ဇွန်ဘီများအား ဆွဲဆောင်ခြင်း မပြုနိုင်တော့မည်ဖြစ်သည်။


ကောင်ကလေးသည် အခြားလူများ၏ ထိတ်လန့်ကြောက်ရွံ့မှုနှင့် ရှောင်ဖယ်လိုမှုတို့ကို ဂရုမထားဘဲ ပါးပြင်ပေါ်ရှိ မျက်ရည်များအား သုတ်လိုက်သည်။ ကွတ်ကီးများအား ဆွဲယူကာ နျဲ့ရှောင်တို့ဆီသို့ လျှောက်လာလေသည်။


ရှောင်ယန်သည် ထိုသို့ဖြစ်လာရန် မမျှော်လင့်ထားသည့်အတွက် ပြန်ထိုင်လိုက်သည်။ ဝူဝမ်ချီသည် သဘောကျစွာဖြင့် မေးစေ့အား ပွတ်ပြီးနောက် စိတ်ဝင်စားမှုအပြည့်ဖြင့် ပြောလေသည်။


“ဒီကလေးက တကယ်စိတ်ဝင်စားဖို့ကောင်းတာပဲ.. မင်းအသက်ရှင်ချင်ရင် အဲဒီလူလို မလုပ်နဲ့နော်..”


နျဲ့ရှောင်သည် အခြားတစ်ဘက်တွင်ရှိနေသည့် အရွယ်ရောက်ပြီးသူများအား အေးဆေးစွာဖြင့် ကြည့်လိုက်သည်။ ထို့နောက် မနီးမဝေးရှိ ကောင်ကလေးအား ကွတ်ကီးတစ်ထုတ် ပစ်ပေးလိုက်သည်။


ရှောင်ယန်သည် နျဲ့ရှောင်၏ အပြုအမူနှင့် ဝူဝမ်ချီ၏ အပြုံးကိုကြည့်ပြီး ရုတ်တရက်ဆိုသလို အရာအားလုံးကို နားလည်သွားလေသည်။ သူမနံဘေးရှိ အမျိုးသားနှစ်ဦးထံမှ အေးစက်စက်နှင့် ဂရုမထားဟန်ကိုသာ ခံစားမိလေသည်။


သို့သော်လည်း အဆင်ပြေပါသည်။


ဤသည်ကပင် ကမ္ဘာပျက်ကပ်အတွင်း အသင့်လျော်ဆုံးသော ရှင်သန်နိုင်မည့်နည်းလမ်း ဖြစ်သည်။


ရှောင်ယန်သည် ဒေါသတကြီး ကြိမ်းမောင်းနေခဲ့သော ဒဏ်ရာရသွားသည့်လူအား ကြည့်လိုက်မိသည်။ ထို့နောက်တွင် ထိုလူ၏ဘေးတွင်ရှိပြီး သူ၏ကတိစကားအပေါ် မှီခိုနေကြသည့် လူရွယ်များအားကြည့်ကာ သူမ ယခင်က ကန်းနေခဲ့သည်ဟု ရုတ်တရက် ခံစားမိလိုက်သည်။ ကလေးများ၏ ပတ်ဝန်းကျင် အခြေအနေပေါ်လိုက်ပြီး ပြောင်းလဲနိုင်စွမ်းသည် လူကြီးများထက် အလွန်မြင့်မားသည်ဟုသည့် အချက်အား သက်သေပြပြီး ဖြစ်လေသည်။


ရှောင်ယန်၏ ရွံရှာသည့်အကြားအား သတိပြုမိပုံရသည့် တစ်ဘက်ခြမ်းရှိ ဒဏ်ရာရနေသည့်လူသည် သူ၏သွေးထွက်နေသည့်နေရာအား လက်ဖြင့်အုပ်လိုက်သည်။ နာနာကျင်ကျင်ဖြင့် အသက်ရှူပြီးနောက် သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ဘဲ ရှောင်ယန်ရှိရာသို့ကြည့်ကာ တီးတိုးပြောလေသည်။


“နံစော်နေတဲ့ ခွေးမက ယောက်ျားတစ်ယောက်အနား ကပ်နေတဲ့ပုပ်ပွနေတဲ့ အရာသက်သက်ပဲ မဟုတ်ဘူးလား.. ဘာတွေ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေတာလဲ..”


တိတ်ဆိတ်သည့်ညအချိန် ဖြစ်သည့်အတွက် မည်မျှတိုးညှင်းသည့် အသံဖြစ်နေပါစေ လူတိုင်း ရှင်းရှင်းလင်းလင်း ကြားနိုင်သည်။


နျဲ့ရှောင်နှင့် ဝူဝမ်ချီတို့၏ မျက်လုံးများ အေးစက်သွားကြသည်။


ဤတစ်ကြိမ်တွင် ထိုအမျိုးသားနှစ်ဦးအား ရှောင်ယန် ပြန်တားရသည့်အလှည့် ဖြစ်လာသည်။ သူမသည် ထိုကဲ့သို့သော စော်ကားပြောဆိုသည့် စကားများအား ဂရုမစိုက်ချေ။


“သူမနက်ဖြန်မနက်အထိ အသက်ရှင်နေသေးတယ်ဆိုမှ ဒီအကြောင်း ထပ်ပြောကြတာပေါ့..”


အေးစက်စွာ ပြောသည်။


သူမတို့ သုံးဦးသည် ဒဏ်ရာရထားသည့်လူအား လူသေတစ်ဦးကဲ့သို့ ကြည့်နေကြသည်ကို မြင်သည့်အခါတွင် ထိုလူမှာ ကြောက်ရွံ့မှုကြောင့် တိတ်ဆိတ်သွားပြီး မည်သည့်စကားမျှ ထပ်မဆိုရဲတော့ချေ။



🐹🐹🐹🐹🐹