🐹 အခန်း ၁၀ ဝူယိလေးက နေရာတိုင်းမှာ အမြုတေတွေကို ကောက်နေတယ်
မိုးလင်းပေါက်ခဲ့ပြီ။
နေထွက်လာပြီးနောက်တွင် နျဲ့ရှောင်တို့သည် အိတ်များထုပ်ပိုးကာဖြင့် ရှေ့ဆက်ဖို့ပြင်ကြသည်။ မနေ့က တစ်နေ့လုံး နောက်ရက်အနည်းငယ်အတွက် ရိက္ခာလုံလုံလောက်လောက် စုဆောင်းနိုင်ခဲ့သည်။ ထို့ကြောင့် သူတို့အတွက် ကျန်ရှိသည်မှာ မြန်မြန်ဆန်ဆန် သွားလာနိုင်ရေးအတွက် ကားတစ်စီး ရှာဖွေရန် ဖြစ်သည်။
ရှောင်ယန်သည် ယမန်နေ့ ပစ္စည်းများစုဆောင်းစဉ် တွေ့ခဲ့ရသည့် ကိုယ်ထည်မြင့်မြင့် ခရီးကြမ်းမောင်း ကားတစ်စီးအား တွေ့ခဲ့သည့်နေရာသို့ ချက်ချင်းသွားလေသည်။ သူမသည် ဆံညှပ်ထားသည့် ကလစ်တစ်ခုအား ဆွဲထုတ်ကာ အစွန်းနှစ်ဘက်အား ဖြောင့်လိုက်သည်။ ထို့နောက်တွင် ကားသော့ထဲသို့ ထည့်လိုက်သည်။ သုံးစက္ကန့်ပင် မကြာလိုက်ဘဲ ကားသော့ပွင့်သွားသည်။
နျဲ့ရှောင်တို့ ကားဖြင့်ထွက်သွားကြတော့မည်ကို မြင်သည့်အခါတွင် ကျန်ရှိသည့်လူများ ထိတ်ထိတ်ပျာပျာ ဖြစ်သွားကြသည်။ လမ်းဘေးမှ ကျောက်ခဲများ၊ ကျောက်တုံးများ ကောက်ယူကာ နျဲ့ရှောင်တို့ ကားမှန်များအား ပစ်ပေါက်ကြလေသည်။ ဤကဲ့သို့ ရမ်းကားမှုသည် နျဲ့ရှောင်တို့အား တစ်ပြိုင်နက်တည်း မျက်မှောင်ကြုတ်သွားစေသည်။
မျှော်လင့်ထားသလိုပင် များမကြာမီတွင် ဇွန်ဘီများအား ဆွဲဆောင်လိုက်နိုင်သည်။
ဒဏ်ရာမှ ထွက်လာသည့် သွေးနံ့ကြောင့် မနေ့ညက ဒဏ်ရာနှင့်လူမှာ ဇွန်ဘီများ၏ ဦးစွာတိုက်ခိုက်ခြင်း ခံရလေသည်။ လက်ထဲတွင် တုတ်တစ်ချောင်းကိုင်ကာဖြင့် ကြောက်လန့်တစ်ကြား အော်ဟစ်နေရုံသာ တတ်နိုင်သည်။
“အားးး အားးးး အားးးး သွား မလာနဲ့..”
အခြားသူများသည် ဇွန်ဘီများ ဝိုင်းထားခံရသည့် ထိုလူကို မသိမသာဖြင့် ရှောင်ဖယ်ထားကြသည်။ ဒဏ်ရာနှင့်လူသည် အခြားသူများအား မျက်ရည်များဖြင့် ကြည့်လိုက်ပြီးနောက် နျဲ့ရှောင်တို့အဖွဲ့အား ကြံရာမရဖြစ်စွာဖြင့် လက်ညှိုးထိုးပြောလေသည်။
“မင်းတို့က သေမှာမဟုတ်တာနဲ့ပဲ ဒီလောက်တောင် လူမဆန်နိုင်ရတာလားကွ..”
ထိုလူသည် ထိုစကားများအား ပြောပြီးသည့်နောက် အကူအညီပင် မတောင်းနိုင်တော့ဘဲ ဇွန်ဘီအုပ်၏ ကိုက်ဆွဲခြင်းအား ခံလိုက်ရလေသည်။ သူနှင့်အတူ ရှိနေခဲ့သည့် လူများမှာလည်း ထိုလူမှာ သူတို့အား ဦးဆောင်နိုင်မည်ဟု ထင်ခဲ့သော်လည်း ဇွန်ဘီအုပ်၏ တိုက်ခိုက်ခြင်းကိုသာ ခံလိုက်ကြရသည်။
နောက်တွင်ကျန်ရစ်သည့် လူများမှာလည်း ဇွန်ဘီအုပ်၏ ဝိုင်းတိုက်ခိုက်ခံရမှုကြောင့် အလွန်အမင်း ကြောက်လန့်လာကြသည်။ ကားထဲတွင် လုံလုံခြုံခြုံ ရှိနေဆဲဖြစ်သည့် နျဲ့ရှောင်တို့အဖွဲ့အား မကျေမနပ်ဖြင့် ကြည့်လိုက်ကြသည်။ သူတို့တွင် စွမ်းအားရှိသည်ဆိုလျှင် မည်သည်ကြောင့် လာမကယ်ရသနည်း။
အဆုံးတွင် နျဲ့ရှောင်တို့သုံးဦးသည် ကျန်ရှိသည့်လူများအား ဇွန်ဘီများလက်မှ ကယ်တင်ရန် ကားထဲမှထွက်လိုက်ကြသည်။ ဤလူများအား နောက်ဆုံးအကြိမ်အဖြစ် ကယ်တင်ခြင်းဖြစ်သည်။
သို့သော်လည်း နျဲ့ရှောင်တို့သည် ဇွန်ဘီများအား သတ်ဖြတ်နေရင်း အလွန်အရေးကြီးသည့် ပြဿနာတစ်ခုအား ရှာတွေ့လိုက်ရသည်။ ဇွန်ဘီများ၏ ခွန်အားမှာ တစ်ညအတွင်း ထပ်မံတိုးမြင့်လာပုံရပြီး သူတို့၏ လှုပ်ရှားမှုများမှာလည်း ပိုမိုမြန်ဆန်ကာ သွက်လက်လာသည်။
——ဇွန်ဘီများ ဆင့်ကဲပြောင်းလဲသွားလေပြီ။
ထိုအကြောင်းအား နားလည်ပြီးသည့်နောက်တွင် နျဲ့ရှောင်နှင့် ရှောင်ယန်တို့ စိုးရိမ်လာမိကြသည်။ ဝူဝမ်ချီမှာ ထိုအခိုက်အတံ့တွင် မကျိန်ဆဲဘဲ မနေနိုင်တော့ချေ။
ထိုနယ်မြေအား ရှင်းလင်းပြီးသည့်နောက်တွင် ရှောင်ယန်သည် မျက်လုံးထဲတွင် မကျေချမ်းမှုများအပြည့် ရှိနေကြသည့် ပုန်းအောင်းနေသော အသက်ရှင်ကျန်ရစ်သူများဘက်သို့ လှည့်လိုက်သည်။ ထို့နောက်တွင် ထိုလူများအား အေးစက်စက်ကြည့်ကာ ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။
“ဒါက နင်တို့ကို နောက်ဆုံးအကြိမ် ကယ်လိုက်တာပဲ..”
ထိုပြတ်သားပြီး မထီမဲ့မြင်ဟန်ရှိသည့် စကားလုံးများကို ကြားသည့်အခါတွင် လူတိုင်းမှာ ကြောင်အလို့သွားသည်။ လူငယ်များထဲမှ တစ်ဦးသည် မတ်တတ်ရပ်ပြီးနောက် ဒေါသတကြီး အော်ဟစ်လာသည်။
“ဘယ်လိုတောင် လူမဆန်တာလဲ.. ခင်ဗျားတို့က ဘာအကြောင်းပြချက်နဲ့ ကျုပ်တို့ကို မကယ်နိုင်ရတာလဲ.. ခင်ဗျားတို့က အရမ်းသန်မာတယ်မဟုတ်ဘူးလား.. ကျုပ်တို့ကို ကယ်ဖို့ဆိုတာ အသာလေးပဲလေ.. ခက်ခက်ခဲခဲ လုပ်နေရသလို ဟန်ဆောင်မနေစမ်းပါနဲ့..”
ထိုမျက်နှာပြောင်တိုက်သည့် စကားများကို ကြားသည့်အခါတွင် ဝူဝမ်ချီ နှုတ်ခမ်းတင်းတင်းစေ့လိုက်သည်။ ရှာဖွေတွေ့ရှိမှုအသစ်ကြောင့် စိတ်အခြေအနေ ဆိုးဝါးနေသည့်အတွက် ကမူးရှူးထိုး ပြန်ပြောလိုက်သည်။
“ငါတို့က မင်းတို့ရဲ့ မိဘတွေလား.. မင်းတို့ကို ကယ်ပြီးတာတောင် နေ့တိုင်းအစာရှာကျွေးရဦးမယ်ပေါ့.. ကလေးသေးသေးလေးကတောင် မင်းတို့လို ဆန်ကုန်မြေလေးတွေထက် ကောင်းကောင်းလုပ်တတ်သေးတယ်..”
ဝူဝမ်ချီသည် အသက် ၁၁ နှစ်၊ ၁၂ နှစ်ခန့်သာ ရှိဦးမည့် မနေ့ညက ကလေးလေးအား လက်ညှိုးထိုးကာ ပြောလိုက်သည်။ ထိုကောင်လေးသည် သူ၏ ဓားမြှောင်လေးအား အသုံးပြုကာဖြင့် သူတို့အား ကူညီကာ ဇွန်ဘီများအား သတ်ဖြတ်နေစဉ်တွင် ကျန်အရွယ်ရောက်ပြီးသူများမှာ ဖရိုဖရိုများ၏အဝေး ထောင့်နေရာများတွင် ပုန်းအောင်းနေခဲ့ကြသည်။
လူတိုင်းသည် ဇွန်ဘီအကြွင်းအကျန်များဘေးတွင် ဝပ်ဝပ်လေးရှိနေသည့် ကလေးလေးအားကြည့်ကာ ရှက်ရွံ့လာမိပြီး စကားထပ်ပြောရန်ပင် ခွန်အားမရှိတော့ချေ။ နျဲ့ရှောင် ထပ်မံအချိန်ဆွဲမနေတော့ဘဲနှင့် ရှောင်ယန်နှင့် ဝူဝမ်ချီအား ကားထဲသို့ ချက်ချင်းဝင်ရန် အမိန့်ပေးလိုက်သည်။
တစ်ချိန်တည်းမှာပင် အဝေးတွင်ရှိသည့် ကောင်ငယ်လေးအား လက်ယပ်ခေါ်လိုက်သည်။
“လာခဲ့.. ကားထဲကိုဝင်..”
နျဲ့ရှောင်၏ခေါ်သံအား ကြားသည့်အခါ ကောင်ကလေး၏ မျက်လုံးများ တဖျက်ဖျက်လက်လာသည်။ ထို့နောက် ခုန်ပေါက်ကာဖြင့် ကားပေါ်သို့ တက်လိုက်သည်။
ဝူဝမ်ချီသည် ကားစက်နှိုးပြီးနောက် အပြင်ဘက်တွင် ကျန်နေရစ်သည် ရွံ့ရှာဖွယ်ရာ လူတစ်အုပ်အား အာရုံမထားတော့ပေ။ အနောက်ခုံတွင်ထိုင်နေသည့် ကောင်ငယ်လေးအား ကြည့်ပြီးနောက် စိတ်အခြေအနေလည်း အတော်လေးကောင်းလာသည်။
“မင်းက အတော်လေးရဲရင့်တဲ့ ကောင်လေးပဲကွ.. ဇွန်ဘီတွေကို မကြောက်ဘူးလား..”
ကောင်ကလေးသည် သူ၏ ဖြူရော်နေသည့် မျက်နှာအား အင်္ကျီလက်ဖြင့် သုတ်လိုက်ပြီးနောက် ငယ်ရွယ်နူးညံ့သည့် မျက်နှာလေးတွင် ဝံပုလွေပေါက်ကဲသို့သော မျက်လုံးများ ရှိနေသည်။ သို့သော်လည်း သူ့ပါးစပ်မှ ထွက်လာသည့် စကားများမှာမူ ဆန့်ကျင်ဘက်ဖြစ်ကာ ရက်စက်လှသည်။
“ကျွန်တော် မကြောက်ဘူး.. သူတို့က ကျွန်တော့် မိဘတွေကို သတ်ပစ်လိုက်တာ.. အဲဒါကြောင့် သူတို့ကို ပြန်သတ်ပစ်မယ်..”
“ဟားဟားဟားဟား.. မဆိုးဘူးပဲ.. သူတို့ကို အပြီးအပြတ် ချေမှုန်းပစ်ရမယ်..”
ဒရိုက်ဘာဘေးခုံတွင် သတိအနေအထားဖြင့် ထိုင်နေသည့် နျဲ့ရှောင်ပင်လျှင် ရှားရှားပါးပါး ပြုံးလာသည်။ အနောက်ခုံတွင်ထိုင်နေသည့် ရှောင်ယန်မှာ ကောင်ကလေး၏ ဆံပင်အား ခပ်သာသာဖွလိုက်သည်။
“နင်က အဲဒီလူကြီးတွေထက် အများကြီးပိုသာတယ်..”
ထိုသို့ပြောပြီးသည့်အခါ လူတိုင်းမှာ ကားနောက်သို့ မကြည့်ဘဲ မနေနိုင်ကြချေ။ ဝူဝမ်ချီ “ကျွတ်” ခနဲ လျှာတောက်လိုက်သည်။ ထိုလူများမှာ တကယ်ကို ပြဿနာပင်။
ရှောင်ယန်သည် အနောက်ခုံတွင်ထိုင်ကာ ကောင်ကလေးနှင့် စကားပြောလို့နေသည်။ သူ၏နာမည်မှာ ‘မော့ယဲ့’ ဖြစ်ကြောင်း သိလိုက်ရပြီး အသက် ၁၁ နှစ်သာ ရှိနေသေးသည်။ သူ၏မိဘများသည် မော့ယဲ့အား အခန်းတစ်ခုထဲတွင် သော့ပိတ်ထားခဲ့ပြီး မကြာမီမှာပင် အိမ်နီးချင်းဇွန်ဘီ၏ သတ်ဖြတ်ခြင်းခံလိုက်ရသည်။
သူတို့မိသားစုတွင် သူတစ်ဦးတည်းသာ ကျန်ရှိတော့သည်။
အကြောင်းအရာမှာ ရုတ်တရက် လေးလံလာသည့်အတွက် ဝူဝမ်ချီသည် ကလေးလေး ဝမ်းနည်းသွားမည်ကို စိုးရိမ်လာသည်။ ထို့ကြောင့် အကြောင်းအရာပြောင်းလိုက်သည်။
“မော့ယဲ့ ဆိုတော့ မင်းနာမည်က ကန်းကျန်းမော့ယဲ့က ယူထားတာလားကွ..”
“မဟုတ်ပါဘူး..”
ရှောင်မော့ယဲ့သည် သူ့မိဘများ စောစီးစွာ သေဆုံးသွားပြီဆိုသည့် အချက်အား လက်ခံထားပြီးဖြစ်သည့်အတွက် ခေါင်းခါလိုက်ပြီး ဝမ်းနည်းမှုနှင့် မပျော်ရွှင်မှုတို့ ရှိမနေချေ။
“ဖေဖေရဲ့ မျိုးရိုးက မော့.. မေမေ့မျိုးရိုးက ယဲ့.. အဲဒါကြောင့် ကျွန်တော့်နာမည်က မော့ယဲ့ ဖြစ်လာတာ..”
“ဟားဟား.. တကယ်ကို ရှင်းသွားတာပဲ..”
ကားမှာ တိတ်တဆိတ်ဖြင့် ရှေ့ဆက်သွားနေဆဲဖြစ်သည်။ မော့ယဲ့သည် ခေတ္တမျှကြာအောင် တိတ်ဆိတ်နေသော်လည်း ရုတ်တရက် လှုပ်ရှားကာ သူ့အိတ်ကပ်ထဲမှ တစ်ခုခု ထုတ်ယူလိုက်သည်။ ဂရုတစိုက်ဖြင့် လှပသည့် ခရစ္စတယ်အနည်းငယ်အား ထုတ်ယူကာ ရှောင်ယန်၏ အင်္ကျီလက်အားဆွဲကာဖြင့် ကမ်းပေးလိုက်သည်။
“ဒါ ကျဲကျဲအတွက်..”
ဝူဝမ်ချီနှင့် နျဲ့ရှောင်သည် အဖြစ်အပျက်များအား နောက်ကြည့်မှန်မှတဆင့် မြင်လိုက်ပြီးနောက် ရယ်မောလိုက်ကြသည်။ ဝူဝမ်ချီမှာ အရွှန်းမဖောက်ဘဲ မနေနိုင်တော့ချေ။
“ငယ်ငယ်လေး ရှိသေးတာတောင် ကောင်မလေးတွေကို ပျော်အောင်လုပ်ပေးတတ်နေပြီပေါ့ ဟုတ်လား..”
မော့ယဲ့ ရုတ်တရက် ရှက်လာပြီးနောက် လျင်မြန်စွာ ခေါင်းခါလိုက်သည်။ ထို့နောက် အမှန်တရားအား ပြောလိုက်သည်။
“ဒါတွေကို ဇွန်ဘီအသေတွေဆီကနေ ကောက်လာခဲ့တာ.. တချို့တလေ ကျန်နေတုန်းပဲ.. ဒါပေမဲ့ အဲဒါကို လက်ထဲမှာ ကိုင်ထားလိုက်ရင် ပျောက်သွားရော.. ဒါကို လက်ထဲမှာကိုင်ထားလိုက်တာနဲ့ ခန္ဓာကိုယ်က နွေးထွေးလာတယ်..”
ထိုစကားအားကြားသည့်အခါ နျဲ့ရှောင်တို့ စကားတစ်လုံးအား တွေးမိလိုက်ကြသည်။
——ဇွန်ဘီအမြုတေ။
“ငါစမ်းကြည့်မယ်..”
နျဲ့ရှောင် ချက်ချင်း နောက်လှည့်လိုက်သည်။ ရှောင်ယန်၏လက်ထဲမှ ကြည်တောက်နေသည့် ခရစ္စတယ်အမြုတေအား ယူလိုက်ပြီး လက်ဖဝါးထဲ ထည့်လိုက်သည်။ ခရစ္စတယ်အမြုတေ တဖြည်းဖြည်းကျုံ့ကာ ပျောက်ကွယ်သွားဖို့ အချိန်သိပ်မကြာလိုက်ဘဲ သာမန်မျက်စိဖြင့်ပင် မြင်နိုင်သည်။
ထို့နောက်တွင် နျဲ့ရှောင်သည်လည်း ခန္ဓာကိုယ်တစ်ခုလုံး နွေးလာသည်ကို ခံစားမိပြီးနောက် လက်ဆန့်ကာ စွမ်းရည် ထုတ်ကြည့်လိုက်သည်။ သူ့လက်မောင်းရှိ လျှပ်စီးကြောင်းနှင့် လက်ဖဝါးပေါ်မှ လေပွေမှာ ယခင်ကထက် အနည်းငယ် သန်မာလာသည်။
မော့ယဲ့သည် နျဲ့ရှောင်၏ မှော်ဆန်သည့်လက်မောင်းအားကြည့်ကာ အံ့အားသင့်စွာဖြင့် ဆိုလေသည်။ ထို့နောက်တွင် သူ၏လက်အား လှုပ်ရှားလိုက်ရာ လက်ဖဝါးပေါ်တွင် ဓားမြှောင်တစ်လက် ပေါ်လာသည်။
“အစ်ကိုကြီးကလည်း ကျွန်တော့်လိုပဲ.. ကျွန်တော်တစ်ယောက်ပဲ ထူးဆန်းနေတယ်လို့ ထင်နေခဲ့တာ..”
သူတို့သုံးဦးသည် မော့ယဲ့၏ မူကွဲစွမ်းရည်အား မြင်ပြီးနောက် အံ့အားသင့်သွားကြသည်။
အံ့အားသင့်ပြီးနောက်တွင် ရှောင်ယန်မှာ ရယ်မောလာလေသည်။
“ဘော့စ်က ရှောင်မော့ယဲ့ကို ထွေထွေထူးထူး စဉ်းစားမနေဘဲ ခေါ်လာခဲ့တာ ဒါပေမဲ့ နောက်ထပ် အထူးစွမ်းရည်ပိုင်ရှင် တစ်ယောက်ကို ကောက်ယူခဲ့လိုက်သလိုပဲ.. ဟားဟားဟား.. အရင်ကလည်း ရှောင်ဝူယိကို အဲဒီလိုမျိုး ကောက်လာခဲ့တာမဟုတ်လား.. ဟားဟားဟား..”
ရတနာစုဆောင်းရေးဘုရင် - နျဲ့ရှောင် : “……”
***
တစ်ချိန်တည်းမှာပင် အလွန်ဝေးကွာသည့် ယွင်ချန်တွင် ရှိနေသည့် ဆန်မုန့်လုံးလေးတို့အဖွဲ့မှာ မြို့လယ်သို့ ဆက်လက်ချီတက်လို့နေသည်။ လက်ရှိတွင် ကမ္ဘာတစ်ဝှမ်းမှ ရှင်သန်ကျန်ရစ်သူများသည် ဇွန်ဘီများအား သတ်ဖြတ်ကာ ဇွန်ဘီများ၏ ဦးခေါင်းထဲတွင် ရှိနေသည့် ခရစ္စတယ်အမြုတေများအား ရှာတွေ့သွားကြပြီ ဖြစ်သည်။
ဇွန်ဘီများ ဆင့်ကဲပြောင်းလဲလာမှုမှာ အလွန်မုန်းတီးဖွယ်ဖြစ်သော်လည်း ဇွန်ဘီအမြုတေများမှာမူ လူသားများအတွက် စွမ်းအားလာနိုင်သည့် အခွင့်အရေးတစ်ခု ဖြစ်သည်။
ရှဲ့ကျွင်းသည် အန်ချင်စိတ်ကို ထိန်းချုပ်ကာဖြင့် ဇွန်ဘီဦးခေါင်းထဲမှ အမြုတေအား ထုတ်ယူလိုက်သည်။ တစ်ညလုံး အော့အန်နေမိတော့မည်ဟု ခံစားနေရသည်။
“ဒီစောက်.. ဆင့်ကဲပြောင်းလဲလာတဲ့ အမြုတေတွေကို သုံးရမှာ ရွံ့စရာကောင်းလိုက်တာကွာ.. ဇွန်ဘီတွေသာ ပိုပြီးတော့ မသန်မာလာဘူးဆိုရင် အနှေးနဲ့အမြန် မျိုးတုန်းကုန်မှာ.. ဒီအမြုတေတွေကို ထိချင်စိတ်တောင် မရှိဘူး..”
လျှိုတာ့ရှန်မှာလည်း သက်ပြင်းချလိုက်မိသည်။ ကမ္ဘာကြီးအား ကမ္ဘာပျက်ကပ်မတိုင်မီကဲ့သို့ ပြန်လည်ပြောင်းလဲဖို့ရန် အလွန်ခက်ခဲကြောင်း သိသာလွန်းလှသည်။
အချိန်နှင့်အမျှ လူတိုင်း၏စိတ်ထဲမှာလည်း လေးလံလို့လာသည်။
နံဘေးရှိ ရှောင်ဝူယိမှာ ငေးငိုင်ကာဖြင့် အမြုတေများအား ကောက်ယူလို့နေသည်။ သူ၏နေရာလွတ်စွမ်းရည်အား အသုံးပြုပြီး စိတ်စွမ်းအားဖြင့် ကောက်ယူစုဆောင်းနေခြင်း ဖြစ်သည့်အတွက် ရွံရှာဖွယ်မကောင်းလှချေ။
ရှောင်ဝူယိသည် ရှဲ့ကျွင်းတို့၏ စကားဝိုင်းအား နားထောင်နေခြင်း မရှိပေ။ သူ၏စိတ်ထဲတွင် ထူးဆန်းသည့် မေးခွန်းတစ်ခုသာ စွဲထင်လို့နေသည်။ လျှိုတာ့ရှန်နှင့် ရှဲ့ကျွင်းတို့ နှစ်ဦးလုံးမှာ အမြုတေများအား ချောချောမွေ့မွေ့ စုပ်ယူနိုင်ကြသော်လည်း ရှောင်ဝူယိမှာမူ အမြုတေများအား သေးငယ်လာအောင် လုပ်နိုင်စွမ်းမရှိချေ။
ရှောင်ဝူယိ ခေါင်းငုံ့လိုက်ပြီး သူ့လက်ဖဝါးပေါ်တွင် အချိန်ကြာမြင့်စွာ ထားသည့်တိုင်အောင် ပြောင်းလဲသွားခြင်းမရှိသည့် ကြည်လင်တောက်ပနေသည့် အမြုတေအား ကြည့်နေမိသည်။ ထိုအရာများအား သူ၏နေရာလွတ်ထဲသို့ ထည့်သွင်းလိုက်ပြီး အမြုတေများအား စုပ်ယူပြီးသယောင် ဆောင်လိုက်သည်။
ဟမ်းစတားလေး၏ အလိုလိုသိစိတ်သည် ထိုအကြောင်းအရာအား သူ၏ဒယ်ဒီမှလွဲ၍ အခြားသူများကို ပြောပြဖို့ မသင့်ကြောင်း ပြောနေလေသည်။
အမြုတေများအား စုဆောင်ပြီးသည့်နောက်တွင် အတူတကွ ရေတွက်လိုက်ကြသည်။ အဖွဲ့ထဲတွင် ဝူယိ၊ ရှဲ့ကျွင်းနှင့် လျှိုတာ့ရှန်တို့တွင်သာ စွမ်းရည်များရှိကြသည်။ ထို့ကြောင့် အမြုတေများအား သုံးပုံအညီအမျှ ပုံလိုက်ကြသည်။
ရှောင်ဝူယိသည် အမြုတေများအားကြည့်ကာ စိတ်ထဲတွင် တွက်ချက်လို့နေသည်။ သူ့အနေဖြင့် အမြုတေများအား ကိုယ်တိုင်စုပ်ယူနိုင်စွမ်း မရှိသော်လည်း သူ၏ဒယ်ဒီမှာ လုပ်နိုင်ပေလိမ့်မည်။ ထိုသို့တွေးမိသည့်အခါ ဟမ်းစတားလေးသည် သူ့အတွက် အသုံးမဝင်သည့် အမြုတေများအား နျဲ့ရှောင်ထံပေးအပ်ရန် ဆုံးဖြတ်လိုက်လေသည်။
ဒယ်ဒီက အရမ်းစွမ်းအားကြီးတာမို့ သေချာပေါက် စွမ်းရည်တွေ ရှိနေမှာ.. ( ̄^ ̄)
ရှောင်ဝူယိ သူ၏ပါးနှစ်ဘက်အား မပွတ်ဘဲ မနေနိုင်ချေ။ ရုတ်တရက်ဆိုသလို အမြုတေများများစုဆောင်းရမည်ဟု ခံစားမိလိုက်သည်။ ရှဲ့ကျွင်း၏ တူကြီးနှင့် လျှိုတာ့ရှန်၏ ပုဆိန်ကြီးအားကြည့်ကာ ရှောင်ဝူယိမှာ သူ့ဒယ်ဒီ၏ စွမ်းရည်အား စိတ်ကူးမကြည့်ဘဲ မနေနိုင်တော့ချေ။
အဲဒါက စတော်ဘယ်ရီလေးတွေများ ဖြစ်နေမလားနော်.. ૮꒰˵• ﻌ •˵꒱ა
ဒယ်ဒီ့ရဲ့ စတော်ဘယ်ရီတွေက လုံးဝကို အရသာရှိနေမှာ သေချာတယ်..
ရှဲ့ကျွင်းနှင့် လျှိုတရှန်တို့သည် သူတို့၏ ညီငယ်လေးများနှင့် ပေါင်းစည်းမိသည့်အခါ မလှုပ်မယှက်ဘဲ ရှိနေသည့် ကောင်ငယ်လေးအား ကြည့်လိုက်ကြသည်။ ထိုကောင်လေးမှာ မျက်နှာသေးသေးလေးကို လက်ကလေးများဖြင့် အုပ်ကာ အရသာရှိသည့် တစ်စုံတစ်ခုအား မြင်တွေ့ရသကဲ့သို့ တောက်ပလင်းလက်သည့် မျက်လုံးလေးများဖြင့် ဟင်းလင်းပြင်အား ကြည့်လို့နေသည်။ မျက်နှာသေးသေးလေးမှာ ရူးနှမ်းနှမ်းအပြုံးတစ်ခုရှိနေပြီး ကြောင်တောင်တောင် အခြေအနေသို့ ရောက်နေလေသည်။
လူတိုင်းခေါင်းခါကာဖြင့် သက်ပြင်းချမိလိုက်ကြသည်။
အိုင်း.. ငါတို့ရဲ့ တာ့ကောရူးနှမ်းနှမ်းလေးက ကယ်တင်လို့ မရတော့ဘူးပဲ..
***
ဟာပင်းလေဆိပ်။
သွမ့်ဝမ်ယွီနှင့် နင်ဖုန်းတို့သည် လေဆိပ်မှ ခပ်ဝေးဝေးမသွားဘဲ လေဆိပ်တစ်ဝိုက်တွင်သာ နေထိုင်ကြသည်။ သူတို့သည် လေဆိပ်အတွင်းနှင့် အပြင်ရှိ ဇွန်ဘီအကြွင်းအကျန်များအား ရှင်းလင်းကာ အနီးတစ်ဝိုက်မှ အသက်ရှင်ကျန်ရစ်သူ အနည်းငယ်အား ကယ်ဆယ်ထားသည်။
လေဆိပ်မှာ ဇွန်ဘီများ ထူထူထပ်ထပ်ရှိသည့် နယ်မြေတစ်ခုဖြစ်ခဲ့သော်လည်း နင်ဖုန်း၏ ဗုံးကြဲတိုက်ခိုက်မှု အပြီးတွင် ဇွန်ဘီများ ပျက်ဆီးကျိုးပဲ့ကာ အစအနပင် မကျန်တော့ချေ။ လေဆိပ်ထိန်းသိမ်းပြုပြင်ရေးအခန်းထဲတွင် နင်ဖုန်းအတွက် အသုံးတည့်သည့် ပစ္စည်းများ အပြည့်ရှိလို့နေသည်။
သွမ့်ဝမ်ယွီနှင့် နင်ဖုန်းတို့သည် လေဆိပ်နှင့် မနီးမဝေးရှိ နေရာတစ်ခုဆီသို့ ဇွန်ဘီများကို ဆွဲဆောင်ရန် ပေါက်ကွဲသံများ ပြုလုပ်ခဲ့ပြီး ပေါက်ကွဲအားပြင်းထန်စေရန်အတွက် ပိုမိုအစွမ်းထက်သည့် ဗုံးများကိုပင် အသုံးပြုခဲ့ကြသည်။ အချိန်အနည်းငယ် ကြာပြီးသည့်နောက်တွင် ပတ်ဝန်းကျင်တစ်ဝိုက်ရှိ ဇွန်ဘီများ သိသိသာသာ လျော့ကျသွားခဲ့သည်။
ဇွန်ဘီများ တိုက်ခိုက်မှုမှ ရှင်သန်ကျန်ရစ်သူ မည်မျှရှိကြောင်း မသိရပေ။
ထိုအချိန်မှာပင် နင်ဖုန်းနှင့် သွမ့်ဝမ်ယွီတို့သည် ပေါက်ကွဲမှုပြီးနောက် ရှင်းလင်းသွားသည့် နယ်မြေထဲတွင် အမြုတေများ ကောက်ယူနေကြသည်။ အသံကြားရာသို့ လိုက်ပါလာကြသည့် အသက်ရှင် ကျန်ရစ်သူများသည်လည်း ကျေးဇူးတင်စွာဖြင့် ကူညီကောက်ပေးလာကြသည်။ ထိုသူနှစ်ဦးကြောင့်သာ လေဆိပ်မှာ ဇွန်ဘီများရန်မှ ကင်းဝေးသော လုံခြုံသည့်နေရာတစ်ခု ဖြစ်လာခဲ့ခြင်းဖြစ်သည်။
နင်ဖုန်းသည် ကိုယ်ကိုကိုင်းကာဖြင့် အမြုတေများ ကောက်ယူလို့နေသည်ကြောင့် ခါးနာလာသည့်အတွက် ခေတ္တအနားယူလိုက်ရသည်။ သွမ့်ဝမ်ယွီမှာမူ ပင်ပန်းနွမ်းနယ်ဟန်မရှိပေ။ ထို့ကြောင့် နှုတ်ခမ်းစူကာဖြင့် ပြောလာသည်။
“သွမ့်ကောရေ.. ဘော့စ်က ကျွန်တော်တို့ဆီ ရောက်မလာဘူးဆိုရင် ဘယ်လိုလုပ်ကြမလဲ..”
ဤနေရာတွင်သာ တစ်ချိန်လုံးစောင့်ဆိုင်းနေရန်မှာ မဖြစ်နိုင်ချေ။
သွမ့်ဝမ်ယွီသည် အမြုတေများအား အိတ်ထဲထည့်ပြီးနောက် နင်ဖုန်း၏ခေါင်းကို ပုတ်လိုက်ပြီး စိတ်ရှည်လက်ရှည်ဖြင့် ဖြောင်းဖျလို့နေသည်။
“နောက်တစ်ပတ်လောက် ထပ်စောင့်ကြတာပေါ့.. ဘော့စ် အသက်ရှင်နေမယ်ဆိုရင်တော့ ဒီနေရာကို သေချာပေါက် ရောက်လာလိမ့်မယ်.. သူတို့ရဲ့ လမ်းကြောင်းအရ ငါတို့ကို အရင်ဆုံးလာရှာမှာ သေချာတယ်.. ပြီးရင် တောင်ပိုင်းကိုသွားပြီး ဝမ်ချီရဲ့ ညီမလေးဆီ လိမ့်မယ်.. နောက်ဆုံးကျရင်တော့ ရှောင်ဝူယိကို သွားခေါ်လိမ့်မယ်.. ဒါက မြောက်ကနေ တောင်ကို အဆင်အပြေဆုံး လမ်းကြောင်းပဲ.. သူတို့လည်း သေချာပေါက် ဒါကိုသိထားကြတယ်.. အဲဒီအတိုင်းပဲ ဖြစ်လိမ့်မယ်..”
သို့တိုင်အောင် နင်ဖုန်း စိုးရိမ်နေမှုအား မရပ်တံ့နိုင်ချေ။ ထို့ကြောင့် မျက်နှာတွင် အရေးအကြောင်းများ ပေါ်လာသည်။
သွမ့်ဝမ်ယွီသည် နင်ဖုန်းအားကြည့်ကာဖြင့် မျက်မှန်ပင့်တင်လိုက်သည်။ ထို့နောက် နင်ဖုန်းအား လေးလေးနက်နက် မေးလိုက်သည်။
“မင်း သွမ့်ကောရဲ့ IQ က ဘယ်လောက်လဲသိလား.. ငါ့ရဲ့ ခန့်မှန်းချက်မှာ တစ်ခုခု မှားနေလို့လား..”
“၂၀၅ လေ.. လုံးဝ မှားနေတာ မရှိပါဘူးနော်..”
နင်ဖုန်း နှုတ်ခမ်းစူလိုက်သည်။ ဘာမှတတ်နိုင်တာ မရှိသည့်အတွက် ပျင်းရိစွာဖြင့် အမြုတေများအား ဖိနပ်ထိပ်ဖြင့် ကန်လို့နေသည်။
သွမ့်ဝမ်ယွီ၏မျက်လုံးများ အနည်းငယ် မှေးကျဉ်းသွားသည်။
ဘော့စ်ရေ.. တောင်းပန်ပါတယ်နော်.. ဒီလူဆိုးကောင်လေးကို သေသေချာချာ စောင့်ရှောက်နိုင်မယ်လို့ မထင်ပါဘူးဗျာ..
🐹🐹🐹🐹🐹