🐹 အခန်း ၁၁ ဝူယိလေး မြို့လယ်ကို ရောက်ပါပြီ
ရှဲ့ကျွင်းတို့အဖွဲ့သည် ရှောင်ဝူယိနှင့်အတူ ယွင်ချန်မြို့လယ်သို့ ရောက်သည်အထိ ကားမောင်းလာခဲ့ကြသည်။ ရှောင်ဝူယိမှာ ‘ထူးချွန်သည့် ပို့ဆောင်ရေးယာဉ်သေးသေးလေး’ ဖြစ်နေသည့်အတွက် လမ်းအလယ်တွင်ရှိနေသည့် မော်တော်ယာဉ်များအား လျင်မြန်စွာ ဖယ်ရှားနိုင်သည်ကြောင့် လမ်းတစ်လျှောက် အတားအဆီး မရှိခဲ့ကြချေ။
ယခင်က မြို့လယ်မှထွက်ခွာရန် အချိန်သုံးရက် ကြာမြင့်ခဲ့သည်နှင့် နှိုင်းယှဉ်လျှင် ဤတစ်ကြိမ်ခရီးမှာ မယုံကြည်နိုင်လောက်အောင် ချောချောမွေ့မွေ့ ဖြစ်ခဲ့သည်။
မြို့ထဲသို့ဝင်လာသည်နှင့် လူတိုင်းသည် ရိက္ခာများအား စုဆောင်းတော့သည်။ ဤအချိန်တွင် ညီငယ်လေးများ အားလုံးမှာ ဟမ်းစတားလေးများ ဖြစ်လာကြသည်ကြောင့် အစစ်အမှန် ဟမ်းစတားလေး ရှောင်ဝူယိမှာ ဘေးကပ်နေရုံသာ ရှိတော့သည်။
အဆုံးတွင် ညီငယ်လေးများမှာ ရှောင်ဝူယိ၏ နေရာလွတ်ထဲသို့ ပစ္စည်းဘယ်လောက်များများ သိုလှောင်စုဆောင်းခဲ့ကြသည်ကိုပင် မမှတ်မိတော့ချေ။ သူတို့သည် ရှောင်ဝူယိ၏ နေရာလွတ်မှာ မည်မျှကျယ်ဝန်းမည်ကို စတင်သတိပြုလာမိကြပြီး နောက်တွင် လေးလေးနက်နက် ခံစားမိလာသည်။
ထို့ကြောင့် ရှဲ့ကျွင်းမှာ အွန်လိုင်းဝတ္ထုများတွင် ဖတ်ခဲ့ဖူးသည့် အကြောင်းအရာများကြောင့် မစိုးရိမ်ဘဲ မနေနိုင်တော့ချေ။ ထပ်ပေါင်းပြောရမည်ဆိုလျှင် စွမ်းအားကြီးသူအချို့သည် ရှောင်ဝူယိကဲ့သို့သော နေရာလွတ်စွမ်းရည်ပိုင်ရှင်များအား ဖမ်းဆီးသွားမည်ကို ကြောက်ရွံ့နေခြင်းဖြစ်သည်။
ကမ္ဘာပျက်ကပ်အတွင်း ရိက္ခာများရှာဖွေရန် ခက်ခဲသည့်အချိန်တွင် ရတနာထုပ်ကြီးအား သယ်ဆောင်သွားလာခြင်းမှာ လူအများအား အငမ်းမရဖြစ်စေနိုင်သည်။
ရှောင်ဝူယိမှာ ရှဲ့ကျွင်း၏ပုခုံးအား အသာပုတ်လိုက်ပြီး စိုးရိမ်ပူပန်နေသည့် ‘မေမေရှဲ့’ အား နှစ်သိမ့်လိုက်သည်။ သူ၏ ကြည်လင်တောက်ပနေသည့် မျက်လုံးများထဲတွင် လေးနက်မှုတို့ အပြည့်နှင့်ပင်။
“မစိုးရိမ်ပါနဲ့ ရှောင်ကျွင်းကျွင်းရဲ့.. ငါ့ကို ဒယ်ဒီ ပိုင်တာလေ.. ဘယ်သူကမှ ခေါ်သွားလို့မရပါဘူး..” <(˶ᵔᵕᵔ˶)>
“……”
ရှဲ့ကျွင်းသည် ကောင်ငယ်လေး၏ အပြစ်ကင်းစင်သည့် (ခပ်တုံးတုံး) အမူအရာလေးအားကြည့်ကာ ရုတ်တရက်ဆိုသလို ရင်ဘတ်တဝိုက် နာကျင်လာမိသည်။ နာကျင်နေသည့် ရင်ဘတ်အား ချက်ချင်းဆိုသလို လက်ဖြင့်ဖိလိုက်ရသည်။
မင်းက အဲလိုဖြစ်လေလေ ငါတို့တွေ ပိုစိုးရိမ်ရလေလေပဲကွ.. သိရဲ့လား.. ( ̄〽️ ̄)
ကောင်ငယ်လေးအား “ဒယ်ဒီ့ဝူကလေး” တစ်ယောက်ဖြစ်လာရန် ပျိုးထောင်ခဲ့သည်အား တွေးမိသည့်အခါ ရုတ်တရက်ဆိုသလို ထိုလူမှာ စူပါလူသားတစ်ယောက် ဖြစ်ရမည်ဟု ခံစားမိကြသည်။
ထိုအချိန်မှာပင် လျှိုတာ့ရှန်သည် သူ၏နောက်ကျောရှိ ကျောပိုးအိတ်အား ရှေ့သို့ပို့လိုက်ပြီးနောက်တွင် လေးလေးနက်နက် အဆိုပြုလာသည်။
“ဒီလိုလုပ်ကြမယ် ဆိုရင်ကော.. ငါတို့တွေက ကိုယ့်အိတ်ထဲကိုယ် ရိက္ခာတွေ ထည့်ထားကြမယ်.. အိတ်ထဲမှ ကုန်သွားပြီဆိုတော့မှ တာ့ကောကို ပြန်ဖြည့်ပေးဖို့ ရှာကြမယ်.. အဲဒီလိုဆို တာ့ကောလည်း ကျောပိုးအိတ်တစ်လုံး လိုလာပြီ.. အဲဒါကြောင့် ပုံမှန်အတိုင်း ပစ္စည်းတွေ ထုတ်ချင်တယ်ဆိုရင် ကျောပိုးအိတ်ကို အကာအကွယ်အနေနဲ့ သုံးလို့ရတယ်.. အဲဒီလိုဆိုရင် နတ်ဘုရားတွေလည်း သိမှာမဟုတ်တော့ဘူး.. သရဲတွေလည်း အာရုံမခံနိုင်တော့ဘူး.. တာ့ကောရဲ့ နေရာလွတ်ထဲမှာ ပစ္စည်းဘယ်လောက်များများ ရှိသလဲဆိုတာ ငါတို့တွေကလွဲပြီး ဘယ်သူကမှ မသိနိုင်တော့ဘူးလေ..”
ရှောင်ဝူယိသည် လျှိုတာ့ရှန်၏ အကြံအားကြားသည့်အခါ မျက်လုံးများဖွင့်လိုက်ပြီး ပါးစပ်လေးဟကာဖြင့် အံ့အားသင့်နေသည့်အသံများ ထွက်လာသည်။
နံဘေးတွင်ရှိနေသည့် ရှဲ့ကျွင်းမှာ လျှိုတာ့ရှန်၏ပုခုံးအား ရိုက်ကာ မျက်နှာတွင် စိတ်လှုပ်ရှားမှုတို့ ထင်ဟပ်လို့နေပြီး စိတ်သက်သာရာရစွာဖြင့် ပြောလေသည်။
“အစ်ကိုရေ.. မင်းဆီမှာ အခုလိုမျိုး အကြံကောင်းကောင်း ထွက်လာတယ်ဆိုတာ အရမ်းရှားတယ်ကွာ..”
လျှိုတာ့ရှန် ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းပွတ်လိုက်သည်။
ထို့နောက်တွင် လူတိုင်းသည် နှစ်ရက်၊ သုံးရက်စာ ရိက္ခာများထည့်ထားသည့် ကျောပိုးအိတ်တစ်လုံးစီ ရလာကြသည်။ ရှောင်ဝူယိသည်လည်း လက်ဗလာအဖြစ်မှ ကျောပိုးအိတ်တစ်လုံးနှင့် ဖြစ်လာသည်။ သို့သော်လည်း အိတ်မှာ အယောင်ပြသက်သက်သာ ဖြစ်ပြီး မည်သည့်အရာမှ ပါဝင်နေခြင်း မရှိသည့်တိုင် ရှောင်ဝူယိသည် သူ၏နေရာလွတ်ထဲရှိ ကျောပိုးအိတ်ပုံထဲမှ အကောင်းဆုံးတစ်ခုအား ရွေးချယ်လိုက်သည်။
စတော်ဘယ်ရီ နီရဲရဲနှင့်တူသည့် အမာသားကျောပိုးအိတ်အားကြည့်ကာ လူတိုင်း၏ နှုတ်ခမ်းထောင့်များ ထိန်းချုပ်မရနိုင်အောင် မဲ့ကျလာတော့သည်။
... ထားလိုက်ပါတော့လေ.. တာ့ကောပျော်နေရင် ပြီးတာပါပဲ..
ရှောင်ဝူယိသည် စတော်ဘယ်ရီအား ပျော်ရွှင်စွာ လွယ်ပိုးလိုက်ပြီးနောက် ရှဲ့ကျွင်းတို့နှင့်အတူ မြို့အား ရှင်းလင်းရေး ဆက်လုပ်ကြသည်။ သို့သော်လည်း လျှစ်လျူရှုဖို့ရန် မဖြစ်နိုင်သည့် ပြဿနာတစ်ရပ်အား ရှာတွ့ဖို့ရန် သိပ်မကြာလိုက်ချေ။
သူတို့ ကံကောင်းသည်လား၊ ကံဆိုးသည်လည်း မသိသော်လည်း ယခုထိတိုင် အသက်ရှင်သန်သူ တစ်ဦးတစ်ယောက်ကိုမျှ မတွေ့ရသေးချေ။ မူလက ရှဲ့ကျွင်းစိုးရိမ်နေမိသည်မှာ ရှောင်ဝူယိအား နေရာလွတ်စွမ်းရည်ကြောင့် ငမ်းငမ်းတက် လိုချင်နေကြသူများ ရှိနေမည်ကို ဖြစ်သည်။ သို့သော်လည်း ယခုတွင်မူ ဤနေရာတွင် သူတို့မှလွဲ၍ အခြားသူများ မရှိချေ။
ချက်ချင်းဆိုသလိုပင် ထူးထူးခြားခြား ရိတ်သိမ်းခဲ့ရသည့် ရိက္ခာများအတွက် ပျော်ရွှင်နေမှုမှာ အောက်ဆုံးအထိ ထိုးကျသွားလေသည်။ လူတိုင်းသည် လမ်းလျှောက်နေသည့် ဇွန်ဘီများသာရှိသည့် မြို့အလွတ်ကြီးအား ကြည့်လိုက်ကြပြီး အရိုးထိတိုင် အေးစိမ့်မှုမှာ ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့လာသည်အား ခံစားလိုက်ကြရသည်။
မြို့တစ်မြို့လုံးရှိ လူများအားလုံး ဇွန်ဘီအဖြစ်သို့ ပြောင်းလဲသွားကြသည်ဆိုပါက ဤသည်မှာ မြို့ပျက်တစ်ခုနှင့် ဘာများခြားနေဦးမည်နည်း။
ယွင်ချန်မြို့ခံများ ဖြစ်ကြသည့်အတွက် ညီငယ်လေးအချို့မှာ ထိန်းချုပ်မရနိုင်တော့ဘဲ မျက်လုံးများရဲကာ မျက်ရည်များ စီးကျလာလေသည်။ မျက်လုံးကို လက်ဖြင့် အဆက်မပြတ် ပွတ်နေမိကြသည်။
“ဘော့စ်.. ကျွန်တော် ပန်းပွင့်ကိတ်ကို ဘယ်တော့မှ ထပ်မစားရတော့ဘူးလားဟင်..”
“အဲဒီလို မတွေးနဲ့.. ဒီမြို့က အရမ်းကြီးတယ်.. ငါတို့တွေက နေရာနည်းနည်းကိုပဲ ရှာဖွေရသေးတာ.. ဘယ်လိုလုပ်ပြီး အသက်ရှင်ကျန်တဲ့သူ မရှိဘဲနေမှာလဲ..”
ရှဲ့ကျွင်းထိုအချက်အား လက်မခံနိုင်ပါချေ။ မျက်လုံးများ ရဲနေကြသည့် လူငယ်လေးများ၏ခေါင်းအား ခပ်ပြင်းပြင်းလေး ရိုက်ကာဖြင့် ပြောသည်။
“ဘာဖြစ်လို့ အာခေါင်ခြစ်အော်ငိုနေရတာတုန်းကွ.. အနှေးနဲ့အမြန် ပန်းပွင့်ကိတ်စားရမှာပဲကို..”
ရှောင်ဝူယိသည် ရှဲ့ကျွင်းနှင့် သူ့လူများအား ကြည့်လိုက်သည်။ သူသည်လည်း မြို့ခံဟမ်းစတားလေး မဟုတ်သော်ငြား သူတို့၏ ဝမ်းနည်းမှုအား ခံစားနိုင်ဆဲဖြစ်သည်။ ဒယ်ဒီသည် ဟမ်းစတားလေးများမှာ ပန်းပွင့်ကိတ်အား မစားသင့်ဟု အမြဲပြောနေခဲ့သော်ငြား သူစားသည့်အခါတိုင်းတွင် နူးညံ့မွှေးကြိုင်သည့် ပွင့်ဖတ်လေးများ ပေးနေဆဲဖြစ်သည်။
သူနှင့် ဒယ်ဒီ့အတွက် အမြဲလိုလို ကောင်းမွန်သည့် အချိန်လေးများ ရှိခဲ့ကြသည်။
“ငါ့ဒယ်ဒီကလည်း ပန်းပွင့်ကိတ်တွေကို ကြိုက်တယ်..”
ရှောင်ဝူယိလေးမှာ မြို့အား လှည့်မကြည့်ဘဲ မနေနိုင်တော့ချေ။ ဒယ်ဒီသာ ပန်းပွင့်ကိတ်များ မစားနိုင်တော့ဘူးဆိုလျှင် မည်သည့်စကားမျှ ဆိုမည်မဟုတ်သော်လည်း သေချာပေါက် ဝမ်းနည်းနေပေလိမ့်မည်။
လျှိုတာ့ရှန်သည် ရှောင်ဝူယိနှင့် စိတ်ဓာတ်ကျနေသည့် လူများအား ကြည့်လိုက်သည်။ သူသည်လည်း စိတ်ထဲတွင် အလွန်ဝမ်းနည်းနေသော်ငြား လေးလံနေသည့် လေထုအား ပေါ့ပါးသွားစေရန် စကားအနည်းငယ် ပြောချင်မိသည်။ ကံမကောင်းစွာဖြင့် အပြောမကောင်းသူ ဖြစ်သည့်အတွက် မည်သည့်စကားပြောရမည်ကို မသိချေ။
ထိုအချိန်မှာပင် ရုတ်တရက်ဆိုသလို စူးရှသည့် အော်ဟစ်ကာ အကူအညီတောင်းသည့် အသံတစ်သံအား နားထဲကြားလိုက်ရသဖြင့် တုန်လှုပ်သွားမိကြသည်။ ထိုစူးစူးဝါးဝါးအော်ဟစ်သံမှာ ချက်ချင်းဆိုသလို သူတို့ဘဝတွင် အလှပဆုံးသော သင်္ကေတစ်ခု ဖြစ်လာကြပုံပင်။
“ငါမပြောဘူးလား.. သေချာပေါက် အသက်ရှင်နေတဲ့လူ တစ်ယောက်ယောက် ရှိမှာပါလို့..”
ရှဲ့ကျွင်းစိတ်လှုပ်ရှားစွာဖြင့် ပြောပြီးနောက် သူ၏တူကြီးအား ကောက်ယူကာ အော်သံထွက်ပေါ်လာသည့် အရပ်သို့ တုံ့ဆိုင်းခြင်းမရှိဘဲ ပြေးသွားလေသည်။
ရှဲ့ကျွင်းတို့ ရောက်ရှိသွားချိန်တွင် ဇွန်ဘီများ ဝိုင်းရံထားခံရပြီး ရုန်းမထွက်နိုင်ဘဲ ပိတ်မိနေကြသည့် ဝရုန်းသုန်းကားဖြစ်နေသော ကောလိပ်ကျောင်းသားအချို့အား မြင်လိုက်ရသည်။ ထိုထဲမှ ကျောင်းသားအများစုမှာ သွားစရာနေရာမရှိတော့သည့်အတွက် ကြံမိကြံရာဖြင့် ခေါင်းမော့ကြည့်လိုက်သည့်အခါ မဝေးသည့်တစ်နေရာတွင် ရုတ်တရက် ပေါ်လာကြသည့် ဝူယိတို့အား မြင်လိုက်ကြလေသည်။ မျှော်လင့်ချက်မဲ့နေသည့် မျက်လုံးများမှာ မျက်ရည်များပြည့်လျှံလာပြီး ကောက်ရိုးတစ်မျှင်အား မြင်လိုက်ရသကဲ့သို့ ရုတ်တရက်ဆိုသလို မျှော်လင့်ချက်ရောင်ခြည် ထွန်းလင်းလာခဲ့သည်။
“ကယ်ကြပါဦး....”
လင်းမုန့်ဖေး ချက်ချင်းဆိုသလို အကူအညီတောင်းခံလိုက်သည်။ သို့သော်လည်း ဤအော်သံမှာ ဇွန်ဘီများအား ပိုမိုကြမ်းတမ်းလာစေခဲ့သည်။ တုတ်ချောင်းနှစ်ချောင်းအား ကိုင်ကာဖြင့် သူမအား ကာကွယ်ပေးနေသည့် ကောင်လေးနှစ်ယောက်အား ကူညီရန် ကြိုးစားလိုက်သော်လည်း ဇွန်ဘီများသည် ထိုကောင်လေးနှစ်ယောက်အား မြေပြင်ပေါ်သို့ လွှင့်ပစ်လိုက်လေသည်။
အပြာရောင်သွေးများပေနေသည့် အဖြူရောင်အစွယ်များမှာ ထိုကောင်းလေးနှစ်ယောက်အား ကိုက်ဖြတ်ရန် ဦးတည်လာကြသည်။ လင်းမုန့်ဖေးမှာ အလွန်ကြောက်ရွံ့ကာ တဆတ်ဆတ် တုန်ယင်နေသည်။ သို့သော်လည်း ထိုကောင်လေးနှစ်ယောက်သည် မျက်လုံးများပိတ်ကာဖြင့် သူတို့၏ ကံတရားအား လက်ခံရန်ပြင်ဆင်မှာပင် သူတို့ဘေးနံရံမှ ‘ဘုန်း ဘုန်း’ ဟူသည့်အသံ တုန်ဟည်းထွက်ပေါ်လာသည်။ ဇွန်ဘီများ၏ ပျစ်နှစ်ကာ အနံ့အသက် ဆိုးဝါးသည့်သွေးများ သူတို့သုံးဦး၏ မျက်နှာသို့ ပေကျံသွားသည်။
ဇွန်ဘီနှစ်ကောင်၏ ဦးခေါင်းများမှာ နံရံထဲသို့ တူဖြင့်ရိုက်သွင်းခံထားရသည်။
“မင်းမေ... ကပ်သီးလေးပဲ.. ငါ့မှာမင်းတို့ကိုကယ်ဖို့ နောက်ကျသွားပြီထင်နေတာ..”
ရှဲ့ကျွင်း ရင်ဘတ်ပုတ်လိုက်ပြီးနောက် တူကြီးအား ပြန်ဆွဲထုတ်လိုက်သည်။ လျှိုတာ့ရှန်နှင့် အခြားလူများသည်လည်း လျင်မြန်စွာပင် ကျန်ရှိနေသည့် ဇွန်ဘီများအား တစ်ကောင်ပြီးတစ်ကောင် သတ်ဖြတ်လို့နေသည်။ ရှောင်ဝူယိ၏ နေရာလွတ်ထဲတွင် ကျောက်လုံးချောအနည်းငယ် ရှိနေသော်လည်း ထိုအရာများကို မထုတ်မီမှာပင် ဇွန်ဘီများအား ရှင်းလင်းပြီးသွားလေသည်။
ကောလိပ်ကျောင်းသားသုံးယောက်မှာ မြေပြင်ပေါ်တွင် မလှုပ်မယှက် ဖြစ်နေကြပြီး ကယ်တင်ခံလိုက်ရသည့်အတွက် အော်ဟစ်ငိုနေကြသည်။
“မငိုကြနဲ့.. မြန်မြန်ထ.. မဟုတ်ရင် မင်းတို့က ဇွန်ဘီတွေကို ထပ်ပြီးတောင် ဆွဲဆောင်မိသွားလိမ့်မယ်..”
ရှဲ့ကျွင်းရှေ့သို့လှမ်းကာ တည်ငြိမ်စွာပြောသည်။ သို့သော်လည်း နှလုံးသားနူးညံ့သူဖြစ်သည့်အတွက် တစ်ရှူးနှစ်ထုပ်အားထုတ်ကာ သူတို့၏မျက်နှာများတွင် ပေကျံနေသည့် သွေးများအား သုတ်ခိုင်းလိုက်သည်။
သူတို့သုံးဦးသည် အချင်းချင်း ကူညီကာ မတ်တတ်ရပ်လိုက်ကြပြီး ဝမ်းနည်းတကြီးဖြင့် ကျေးဇူးတင်စကား ဆိုလေသည်။ ထို့နောက်တွင် ရှဲ့ကျွင်းနောက်မှနေ၍ အတော်အသင့်လုံခြုံမှုရှိသည့် ဘန်ဂလိုတစ်လုံးဆီသို့ လိုက်ပါလာခဲ့ကြသည်။
အကျဉ်းချုံး ပြောဆိုပြီးနောက်တွင် ထိုကောလိပ်ကျောင်းသားများ မည်သည့်နေရာမှလာသည်ကို လူတိုင်း နားလည်သွားကြသည်။ ကျောင်းသားသုံးဦးမှာ ယွင်ချန်တက္ကသိုလ်မှ ဖြစ်ကြသည်။ ထိုထဲတွင် မိန်းကလေးမှာ ပထမနှစ်ကျောင်းသူဖြစ်ပြီး ယောကျ်ားလေးနှစ်ဦးမှာ စီနီယာတန်းများ ဖြစ်ကြသည်။
ဆာလောင်နေပုံရသည့် ထိုသုံးယောက်အား သတိပြုမိသည့်အတွက် ရှဲ့ကျွင်းသည် အသင့်စားခေါက်ဆွဲ သုံးထုပ်အား ထုတ်ပေးလိုက်သည်။ ကောင်လေးနှစ်ဦးမှာ ခေါက်ဆွဲထုပ်များအား တုံ့ဆိုင်းခြင်းမရှိဘဲ ချက်ချင်းဖောက်ကာ ဝါးစားကြလေသည်။
လင်မုန့်ဖေးသည် စိတ်ထိခိုက်သယောင် အပြစ်ရှိသယောင်နှင့် တီးတိုးပြောလေသည်။
“ကျွန်မက ရေနွေးမပါဘဲ ဒါတွေကို မစားနိုင်ဘူး..”
လျောင်ယုံ ထိုစကားအား ကြားသည့်အခါ ‘စောက်ပိုတွေ’ ဟု တီးတိုးပြောပြီးနောက် အေးစက်စွာဖြင့် ခေါင်းတစ်ဖက်လှည့်လိုက်သည်။ နံဘေးတွင်ရှိသည့် ကျန်းဝမ်ကျွင်းမှာမူ လင်းမုန့်ဖေး၏ သနားစဖွယ်ပုံစံအား လျစ်လျူမရှုနိုင်သဖြင့် ရှဲ့ကျွင်းတို့အား လှည့်ကြည့်ကာ ပါးစပ်ဖွင့်ကာဖြင့် ပြောပေးဖို့ပြင်လေသည်။
ရှဲ့ကျွင်းသည် ဒေါသတကြီးဖြင့် တွင်းရေပုလင်းအား ပစ်ပေးလိုက်သည်။
“ဒီအခြေအနေ ရောက်နေတာတောင် ဇီဇာကြောင်နေသေးတာလား.. ရေနွေးမရှိဘူး.. ရေအေးပဲရှိတယ်..”
လူကယ်နိုင်ခဲ့သည့်အတွက် အတော်လေး ကျေနပ်နေခဲ့သည့် လူများမှာ ထိုကြီးကျယ်ကာ ဟန်များပြီး မောက်မာပုံရသည့် အမှိုက်စကို မြင်လိုက်ရသဖြင့် မျက်မှောင်ကြုတ်သွားကြသည်။
ငါတို့ရဲ့ တာ့ကောတောင် ဒီလိုမလုပ်ဘူးကွ.. ကမ္ဘာပျက်ကပ်ထဲ ရောက်နေတာတာတောင် အလိုလိုက်ခံထားရတဲ့ သူဌေးသမီးလေး ဖြစ်ချင်နေတာလား.. ⁽⁽(੭ꐦ •Д• )੭*⁾⁾
အခြားသူများ၏ မကျေနပ်မှုကို ခံစားမိပုံရသည့်အတွက် လင်းမုန့်ဖေး နှုတ်ခမ်းကိုက်လိုက်သည်။ အထင်လွဲခံနေရသည့်လူကဲ့သို့ ငိုချတော့မည့်ပုံရသည်။ သို့သော်လည်း ထိတ်ထိတ်ပျာပျာဖြစ်နေသည့် ကျန်းဝမ်ကျွင်းမှအပ ကျန်လူများမှာ ခေတ္တမျှကြာအောင် ပြောစရာစကား မဲ့နေမိသည်။
ရှဲ့ကျွင်း မျက်လုံးများလှိမ့်လိုက်မိလေသည်။ မည်သည့်အခါတွင်မျှ ငိုကြွေးခြင်း၊ အော်ဟစ်ခြင်း မရှိခဲ့ဖူးသည့် သူတို့၏ တာ့ကောအား လှည့်ကြည့်လိုက်ပြီး ရုတ်တရက် အလွန်ချစ်ဖို့ကောင်းလာသည်ဟုပင် ခံစားမိလိုက်သည်။ ထို့နောက်တွင် နို့တစ်ဘူးထုတ်ကာ ရှောင်ယိဆီသို့ သွားလေသည်။ မပေးမီ ပိုက်ကလေးပင် သေသေချာချာ တပ်ပေးလိုက်သေးသည်။
“တာ့... သခင်လေး.. နို့သောက်ဦးမလား..”
“?”
ရှောင်ဝူယိမှာ ရုတ်တရက် မတူညီသည့် နာမ်စားကြောင့် အနည်းငယ် ထူးဆန်းသလို ခံစားရသော်လည်း သူ၏ အာရုံအား နို့ဘူးမှ ဆွဲဆောင်သွားလေသည်။ ပျော်ရွှင်စွာဖြင့် ခေါင်းညိတ်လိုက်ပြီးနောက် နို့ဘူးအား လက်နှစ်ဘက်ဖြင့်ကိုင်ကာ တဂွတ်ဂွတ်ဖြင့် သောက်လေသည်။
သူ့လက်ထဲရှိ စားစရာအပေါ် အာရုံစူးစိုက်မှုအပြည့်နှင့် အလေးအနက်ထား ဆက်ဆံနေခြင်းပင်။
လျှိုတာ့ရှန်တို့ ကြည့်လိုက်သည့်အခါတွင် ချက်ချင်းပင် မျက်လုံးနှင့် စိတ်ဝိညာဉ် နှစ်ခုစလုံး သန့်ရှင်းသွားသလို ခံစားလိုက်ရသည်။
ထိုအချိန်တွင် လင်းမုန့်ဖေးတို့ အဖွဲ့သည်လည်း အဖွဲ့ထဲရှိ နူးညံ့လှပသည့် ကောင်ငယ်လေးအား သတိထားမိသွားကြသည်။ ထိုကောင်လေးမှာ အနောက်ဘက်တွင် တိတ်ဆိတ်ငြိမ်သက်စွာ ထိုင်နေပြီး ပတ်ပတ်လည်တွင် သန်မာတောင့်တင်းသည့် လူများ ဝိုင်းရံထားသည့်အတွက် သေသေချာချာ မကြည့်မိလျှင် ရှိနေမှန်း သတိထားမိလိမ့်မည် မဟုတ်ပေ။
လင်းမုန့်ဖေးသည် ဂရုစိုက်ခံနေရသည့် ကောင်ငယ်လေးအားကြည့်ကာ မျက်လုံးများ တောက်ပလာသည်။ နောက်ဆုံးတွင် သူမ၏ခေါင်းအားငုံ့ကာဖြင့် ခေါက်ဆွဲခြောက်များကိုသာ ခါးသီးစွာ ဝါးလိုက်ရသည်။ ခေါက်ဆွဲခြောက်များ၏ ကြမ်းတမ်းသည့် အရသာကြောင့် မျက်လုံးများပင် နီရဲလာသည်။
နံဘေးရှိ ကျန်းဝမ်ကျွင်းမှာ ဤတစ်ကြိမ်တွင် မည်သည့်စကားမျှ မဆိုရဲတော့ဘဲ ရေဘူးအဖုံးကို တိတ်တဆိတ်ဖွင့်ကာ ကမ်းပေးလိုက်သည်။
သို့သော်လည်း လျောင်ယုံမှာ ခေါက်ဆွဲခြောက်များအား လျင်လျင်မြန်မြန်ပင် စားသောက်ပြီးစီးသွားပြီး အထုပ်ထဲတွင် တစ်မှုန်မျှပင် မကျန်တော့ချေ။ အရသာမှုန့်များအား သူ၏အိတ်ကပ်ထဲသို့ ထည့်လိုက်သည်။
ဗိုက်ပြည့်သွားပြီ ဖြစ်သည့်အတွက် စကားပြောနိုင်စွမ်း ရှိလာပုံရသည်။ လျောင်ယုံသည် ရှဲ့ကျွင်းနှင့် လျှိုတာ့ရှန်အားကြည့်ကာ နီရဲနေသည့် မျက်လုံးများဖြင့် မြေပြင်ပေါ်တွင် ဒူးထောက်ကာ စိတ်အားထက်သန်မှုအပြည့်နှင့် ရိုးသားစွာ တောင်းဆိုလေသည်။
“ကျေးဇူးပြုပြီး ကျွန်တော်တို့နဲ့ အတူလိုက်ပြီး ယွင်ချန်တက္ကသိုလ်က အတန်းဖော်တွေကို ကယ်တင်ပေးပါ..”
ဤဖြစ်ရပ်ကြောင့် လူတိုင်းအတော်လေး စိတ်ရှုပ်ထွေးသွားကြသည်။ သို့သော်လည်း ရုတ်တရက်ဆန်သည့် အဖြစ်အပျက်ကြောင့် ရှဲ့ကျွင်းတို့ အံ့ဩလို့မပြီးခင်မှာပင် လင်းမုန့်ဖေး ဦးစွာမတ်တတ်ရပ်လိုက်သည်။ သူမသည် စိတ်အနှောင့်အယှက်ဖြစ်စရာ ကောင်းလောက်အောင် အော်ဟစ်လာသည်။
“နင်ရူးသွားပြီ.. ကျောင်းကအခု ဇွန်ဘီတွေနဲ့ ပြည့်နေတာ.. ငါတို့ပဲ ထွက်ပြေးလာနိုင်ခဲ့တာ.. ငါမသေချင်ဘူး.. နင်သွားချင်တယ်ဆို နင့်ဘာသာသွားပါလား.. တခြားသူတွေကိုပါ ရေထဲဆွဲချမနေနဲ့..”
ထိုသည်အား ကြားသည့်အခါတွင် ကျန်းဝမ်ကျွင်းမှာ နှုတ်ခမ်း ဖွင့်ချည်ပိတ်ချည် ပြုလုပ်နေသော်လည်း အဆုံးတွင် မဝံ့မရဲဖြင့် ခေါင်းငုံ့လိုက်သည်။
“ငါက နင့်လိုမျိုး ကျေးဇူးမသိတတ်ပြီး ရက်စက်တဲ့လူ မဟုတ်ဘူး.. ငါ့ရဲ့ သူငယ်ချင်းတွေနဲ့ အတန်းဖော်တွေကို ဇွန်ဘီအုပ်ထဲထည့်ပြီး ဒီနေရာမှာ စိတ်အေးလက်အေး ထိုင်ပြီး စားသောက်မနေနိုင်ဘူး..”
လျောင်ယုံ အော်ဟစ်ကာဖြင့် မျက်ရည်သုတ်လိုက်သည်။ ထို့နောက် ရှဲ့ကျွင်းနှင့် လျှိုတာ့ရှန်ဘက်သို့လှည့်ကာ ကြည့်နေလေသည်။ ထိုလူနှစ်ဦး၏ သန်မာသည့်ခွန်အားနှင့် စွမ်းရည်အား သူ့မျက်လုံးများနှင့် မြင်တွေ့ခဲ့ရသည်။
“ကျေးဇူးပြုပြီးတော့ ကျွန်တော်တောင်းပန်နေတာပါ..”
လျောင်ယုံသည် နောက်တစ်ကြိမ် ဦးညွတ်လိုက်ပြီးနော်က သူ၏နဖူးမှာ အေးစက်သည့်မြေပြင်နှင့် တိုက်မိသွားသည်။
***
ယွင်ချန်တက္ကသိုလ်။
ဝူဝမ်ယွီ၏မျက်နှာမှာ ဖျော့တော့လို့နေပြီး လက်နှစ်ဘက်အား ဆန့်ထုတ်ထားဆဲဖြစ်သည်။ ပြွတ်ခဲနေသည့် ဇွန်ဘီအုပ်အလယ်တွင် အတန်းဖော်များနှင့် ဆရာများအား အနောက်တွင်ထားကာ ကာကွယ်ပေးနေသည့် ဘေးကင်းဇုံတစ်ခု ရှိလို့နေသည်။
ချွေးအေးများ တစက်စက်စီးကျနေသည့်အတွက် သူမ၏ ကော်လံတစ်ခုလုံး စိုရွှဲလို့နေသည်။
🐹🐹🐹🐹🐹