Chapter 1
"ဥက္ကဋ္ဌချီ မအိပ်တာနှစ်ရက်ရှိပြီ...ခဏလှဲလိုက်ပါဦး..."
"ရှင်းရှင်းမှ မနိုးသေးတာ...ငါ အနားမယူနိုင်ဘူး...အဖေနဲ့ အမေရော ဘယ်မှာလဲ..."
"သူတို့က ဘေးက နားနေခန်းမှာပါ...သူတို့လည်း အခုထိ မအိပ်ကြသေးပါဘူး..."
ဘယ်သူစကားပြောနေတာလဲ...
ချီရှင်းချန်က လူနှစ်ယောက်၏ စကားဝိုင်းကြောင့် နိုးလာလေသည်။ သူက စကားပြောနေသည့် သူများကို မြင်ချင်သော်လည်း မျက်လုံးမဖွင့်နိုင်ခဲ့ပေ။
အမျိုးသားတစ်ယောက်က "ဥက္ကဋ္ဌချီ"ဟုခေါ်ကာ ဆက်ပြောလာလေသည်။
"စားဖိုမှူးချုပ်ကို ခေါ်ပြီး သခင်ကြီးချီတို့အတွက် ဆန်ပြုတ်ပို့ခိုင်းလိုက်ရမလား..."
"အဲ့လိုလုပ်လိုက်...ဒါနဲ့ ရှင်းရှင်း ဘာလို့ခေါင်းထိသွားလဲ ရှာတွေ့ပြီလား..."
တစ်ဖက်လူက တစ်ခဏမျှ တိတ်ဆိတ်သွားလေသည်။ အခြေအနေက တိုးတက်မှု မရှိပုံပေါ်၏။
"နှစ်ရက်တောင်ရှိပြီ...အတွင်းရေးမှူးရုံးက မင်းတို့ဆယ့်နှစ်ယောက် ဘာလုပ်နေကြတာလဲ...ဒါလေးတစ်ခုကိုတောင် မရှာနိုင်ဘူးလား..."
"ဒုတိယသခင်လေး ခေါင်းထိသွားတဲ့နေရာက နော်ရာအင်တာတိန်းမန့်ရဲ့ ကင်မရာတွေ ကွယ်ရာမှာပါ...ရှာတာနောက်ကျသွားလို့ သက်သေတွေလည်း မတွေ့ဘူး...ဒါကြောင့်..."
ဥက္ကဋ္ဌချီဆိုသူ၏ ဒေါသတကြီးပြောဆိုနေသံကြောင့် ချီရှင်းရှန်က နောက်ဆုံးတွင် မျက်လုံးဖွင့်လိုက်နိုင်လေသည်။
သူ ပတ်ပတ်လည်ကို ဝေ့ကြည့်လိုက်သောအခါ သူက ဆေးရုံခန်းထဲတွင် ရှိနေကြောင်း သိလိုက်ရသည်။ ကုတင်၏ဘေးတွင် ကြီးမားသော ထောက်လှမ်းရေးကိရိယာနှစ်ခုရှိလေသည်။ သူ့၏နာမည်နှင့် "ကျင်းအန်ဆေးရုံ"ဟူသော နာမည်ကို ကုတင်ထောင့်ရှိ ကတ်တွင် ရေးထားလေသည်။ သူက ဆေးရုံအ၀တ်အစားကိုလည်း ၀တ်ဆင်ထားခဲ့၏။
သို့သော် လက်ရှိနေရာက ဆေးရုံခန်းနှင့်ပင် မတူချေ။ သာမာန်ဆေးရုံခန်းထက် ကြီးမားပြီး ရေချိုးခန်းနှင့် အခန်းငယ်တစ်ခန်း ထပ်မံ ပါရှိနေလေသည်။ လိုက်ကာများကို ရွှေချည်မျှင်များဖြင့် ပြုလုပ်ထားပြီး ပြတင်းပေါက်များတွင် ကျည်ကာမှန်နှစ်ထပ် တပ်ဆင်ထားလေသည်။ အိပ်ရာခင်းနှင့် ဆေးရုံအ၀တ်အစားကိုပင်လျှင် နူးညံ့သော ပိုးချည်မျှင်များဖြင့် ရက်လုပ်ထား၏။
အကျဉ်းချုပ်ပြောရလျှင် ဤနေရာက မယ်ရီဆူး၀တ္ထုများတွင်သာ ရှိသော ဇိမ်ခံဆေးရုံခန်းဖြစ်သည်။
အသက်နှစ်ဆယ်ကျော်အရွယ် အနက်ရောင် အနောက်တိုင်း၀တ်စုံကို ၀တ်ဆင်ထားသော အမျိုးသားတစ်ယောက်က ကုတင်စွန်းတွင် ထိုင်နေပြီး သူ့၏ နက်ကတိုင်ပေါ်ရှိ လက်သည်းခွံအရွယ် စိန်ပြာတစ်ပွင့်က ရောင်ချည်သန်းနေလေသည်။ သူ့၏ မျက်နှာသွင်ပြင်က အလွန်ချောမောလှ၏။
ထိုအမျိုးသားက မျက်မှောင်ကြုတ်ထားသောကြောင့် ဥက္ကဋ္ဌချီဖြစ်ကြောင်း သိသာသော်လည်းပြဿနာက ချီရှင်းချန် ထိုအမျိုးသားကို မသိပေ။
ဥက္ကဋ္ဌချီက သူ့လူများအကြောင်းရင်းကို ရှာမတွေ့သေးသည့်အတွက် ဒေါသထွက်နေဆဲဖြစ်ပြီး အေးစက်စွာ ပြောလိုက်သည်။
"ကောင်းပြီ...နော်ရာတစ်ခုလုံးကို ရှင်းရှင်းဆီ လာတောင်းပန်ခိုင်းလိုက်...ပြီးတော့ မနက်ဖြန် လုံခြုံရေးဌာနနဲ့ ဥပဒေဌာနကို နော်ရာရဲ့ ရှယ်ယာ၆၀%ကို ရဖို့ အစီအစဉ်ဆွဲခိုင်းလိုက်..."
"ဥက္ကဋ္ဌချီ နော်ရာအင်တာတိန်းမန့်ရဲ့ ရှယ်ယာဖွဲ့စည်းပုံက ရှုပ်ထွေးပါတယ်...အဲ့လောက်ရှယ်ယာတွေရဖို့ဆို စိုက်ထုတ်အားနဲ့ ကုန်ကျစရိတ်အများကြီး လိုလိမ့်မယ်..."
"ရှင်းရှင်းအတွက်သာဆို နည်းနည်း ပင်ပန်းလည်းရတယ်...နော်ရာက ရှယ်ယာရှင်တွေဆီ ပိုက်ဆံတွေကို နှစ်သစ်ကူးလက်ဆောင်အဖြစ် ပို့ပေးလိုက်..."
ဥက္ကဋ္ဌချီ၊ နော်ရာအင်တာတိန်းမန့်...
ချီရှင်းချန် ပိုနားထောင်လေလေ၊ ပိုထိတ်လန့်လာလေလေဖြစ်သည်။ သူ တဖြည်းဖြည်းနှင့် သူကစာအုပ်ထဲသို့ ကူးပြောင်းလာခြင်းဖြစ်ကြောင်း နားလည်လာခဲ့သည်။
မနေ့က သူက သူ့အိုင်ဒေါလ်ပိုင်ရဲ့၏ ဖျော်ဖြေပွဲအတွက် မိန်းကလေးတစ်ယောက်ထံမှ လက်မှတ်၀ယ်ခဲ့သည်။ သို့သော်ငြားလည်း လမ်းတစ်၀က်တွင် ဖျော်ဖြေပွဲ၌ မတော်တဆမှု ဖြစ်ပွားခဲ့ကြောင်း သတင်းကို ရရှိခဲ့ပြီး သူလည်း ကားမတော်တဆဖြစ်ခဲ့သည်။
သူ သေတော့မည်ဟု တွေးခဲ့သော်လည်း မမျှော်လင့်စွာဖြင့် စာအုပ်ထဲသို့ ကူးပြောင်းလာခဲ့သည်။
သို့သော် ဤကား ကောင်းသော ဖြစ်ရပ်တော့ မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ဤစာအုပ်က အမျိုးသမီးဖန်တစ်ယောက် ရေးသားထားသောစာအုပ်ဖြစ်ပြီး ပိုင်ရဲ့ကို အမျိုးသားဇာတ်ဆောင်အဖြစ်ထားကာ သူ့ကိုယ်တိုင်က အမျိုးသမီးဇာတ်ဆောင်အဖြစ် ပါ၀င်ထားသော ဖျော်ဖြေရေးနောက်ခံ၀တ္ထု"အမှောင်ည၏ မက်မွန်သီးလေးများ"၀တ္ထုစာအုပ်ဖြစ်သည်။ထိုစာအုပ်ထဲတွင် ချိုမြိန်သောအချစ်၊ လန်းဆန်းသော ဇာတ်ကြောင်းနှင့် နိုင်ငံရေးလျှို့ဝှက်ကြံစည်မှုများကို ရောယှက်ထားလေသည်။
ဤစာအုပ်က အကောင်းဆုံးသရုပ်ဆောင်ဆုဖြစ်သော ရွှေမြင်းဆုကို ရယူနိုင်ခဲ့သည့် အမျိုးသမီးဇာတ်ဆောင်ထောင်ထောင်၏ ကြီးကျယ်ခမ်းနားသော ဘ၀အကြောင်းရေးသားထားခြင်းဖြစ်သည်။
သူက သူနှင့်နာမည်တူ အမြောက်စာဇာတ်ကောင်ထဲသို့ ကူးပြောင်းလာခြင်းဖြစ်ပြီး ကံကောင်းစွာနှင့် အလွန်ချမ်းသာသော အမြောက်စာမိသားစုကို ရရှိခဲ့သည်။
အမှန်တွင် ထိုသို့ မဟုတ်ပေ။ သူက အမြောက်စာပင် မဟုတ်ချေ။ သူ့တွင် ဇာတ်ကြောင်း မရှိပေ။သူက နာမည်သာ ပေါ်လာရသူဖြစ်သည်။
စာအုပ်ထဲတွင်:
[ဆောင်းဦးရောက်နေပြီ။ အေးမြသည့် လေပြေလေညှင်းလေးက သစ်ရွက်ခြောက်များကို ပွတ်သပ်ကျီစယ်နေသည်။ သင်္ချိုင်း၏ ထောင့်တစ်နေရာတွင် ထောင်ထောင်က ပိုင်ရဲ့၏ကုတ်အင်္ကျီကို ၀တ်ဆင်ထားကာ ပိုင်ရဲ့နှင့် ဘေးချင်းကပ် ရပ်နေ၏။ သူ့အကြည့်က သူ့ရှေ့မှ အုတ်ဂူများပေါ်သို့ ကျရောက်နေသည်။
"ချီရှောင်မင်၊ ချီယွမ်ရှောင်၊ ချီယွီကျီး၊ ချီရှင်းချန်၊ ချီကျားကျစ်၊ လျန်ကျင်း..."
ထောင်ထောင်၏ ချယ်ရီရောင်နှုတ်ခမ်းပါးက တုန်ရီနေသည်။
"အားရဲ့ နင်ကောင်းကောင်းလုပ်ခဲ့တာပဲ...သူတို့အားလုံးက ဒီမှာပဲ...အရေးအကြီးဆုံးက မိသားစုတွေ နီးနီးကပ်ကပ်ရှိနေဖို့မလား..."]
ဟုတ်တယ်...သူက စာအုပ်ထဲမှာ နာမည်ပဲ ပါခဲ့တဲ့သူ...
ဤမိသားစုတွင် ဇာတ်ကွက်များစွာ မရှိပေ။ သူတို့အားလုံးက အမျိုးသားဇာတ်ဆောင်၏ ဂရုစိုက်ခြင်းကို ခံခဲ့ရပြီး အဆုံးသတ်သွားရသည်။ ဤကား စာအုပ်ထဲရှိ သူတို့၏ အဆုံးသတ်ဖြစ်၏။
"ရှင်းရှင်း မ...မင်း သတိရလာပြီလား..."
ဥက္ကဋ္ဌချီက ချီရှင်းချန်သတိရလာကြောင်း သတိထားမိသွားသောအခါ သူ့၏ အုပ်မှိုင်းနေသော အမူအရာက ချက်ချင်းဆိုသလို အံ့အားသင့်နေသော အမူအရာသို့ပြောင်းသွားပြီး တံခါး၀မှ သက်တော်စောင့်များကို ဆရာ၀န် အမြန်ခေါ်ခိုင်းလိုက်သည်။
လူအုပ်ကြီးက ဆေးရုံခန်းထဲ ပြေး၀င်သောကြောင့် ချီရှင်းချန်၏ စိတ်က ဗလာဖြစ်သွားလေသည်။ သူ့ကို စစ်ဆေးရန်အတွက် CTခန်းသို့ ခေါ်သွားကြမှန်းပင် သူ မသိလိုက်ချေ။
သူ သတိပြန်၀င်လာသောအခါ ဆေးရုံခေါင်မိုးထိပ်ရှိ ဂျက်လေယာဉ်ဆီသို့ ရောက်ရှိနေပြီဖြစ်သည်။
မာဟွားထန်ပင်လျှင် အိမ်ပြန်ရန် ကိုယ်ပိုင်ဂျက်လေယာဉ်မသုံးပေ။
ချီရှင်းချန်က လူပေါင်းများစွာ၏ ပံ့ပိုးကူညီမှုနှင့်အတူ ဂျက်လေယာဥ်ထဲသို့ ၀င်လိုက်လေသည်။
............
ချီမိသားစု၏ အိမ်သို့ ရောက်ရှိလာသောအခါကိုယ်ပိုင်ဂျက်လေယာဉ်ဆိုသည်က ဘာမှမဟုတ်ကြောင်း သူ သိလိုက်ရလေသည်။
မြို့လယ်ခေါင်ရှိ ချီမိသားစုခြံထဲတွင် ရေကန်ကြီးတစ်ကန်ရှိပြီး ချီမိသားစုက ငွေကြေးအကုန်အကျခံကာ ထိုရေကန်ကို တူးထားခြင်းဖြစ်သည်။
ကန်ထဲတွင် ရေချိုငါးများရှိပြီး စတင်တည်ထောင်ခဲ့စဉ်က လူများ ထမင်းစားပြီး အနားယူရန် နေရာဖြစ်ခဲ့သည်။
ချီမိသားစုက အနှောင့်အယှက်ဒဏ်ကို မခံနိုင်ပေ။ ထို့ကြောင့် ခြံ၀န်းပတ်ပတ်လည်တွင် သစ်ပင်များ စိုက်ထားပြီး လုံခြုံရေးစခန်းများ ဆောက်ထားလေသည်။
လူအုပ်ကြီးက ချီရှင်းချန်ကို အိမ်ထဲအထိ လိုက်ပို့ပေးလေသည်။ အပြန်လမ်းတွင် သူ သူတို့၏နာမည်များကို သိရှိခဲ့သည်။ သူတို့က ချီမိသားစု၀င်များနှင့် ချီမိသားစု၏အလုပ်သမားများဖြစ်ကြသည်။
ချီရှင်းချန်က ခပ်တည်တည်ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ်...ကျွန်တော် ကျွန်တော့်အခန်းကို သွားပြီး အနားယူလို့ရမလား..."
"ငါတို့က မိသားစုတွေပဲ...နောက်ဆို ကျေးဇူးတင်စကား မပြောနဲ့..."
အဖေချီက ချီရှင်းချန်ကို ကူညီပေးလိုက်သည်။
"သွားရအောင်...ငါ မင်းကို အပေါ်ထပ် ခေါ်သွားပေးမယ်..."
မူလပိုင်ရှင်၏အခန်းက ဗီလာဒုတိယထပ်ရှိ ညာဘက်တွင် ဖြစ်သည်။ ကူးပြောင်းလာသည့် ချီရှင်းချန်က အခန်းနေရာကို မသိသောကြောင့်သုံးနှစ်အရွယ်ကလေးကဲ့သို့ အဖေချီ၏ ကူညီမှုကို လက်ခံရန်သာ တတ်နိုင်သည်။
အဖေချီက ဤနှစ်တွင် အသက်၆၀နီးပါးရှိပြီဖြစ်သော်လည်း သူ့ကိုယ်သူ ဂရုစိုက်သောကြောင့်အသက်၄၀ကျော်ဟုပင် ထင်ရလေသည်။ သူက ပုံမှန်အားဖြင့် ရုပ်တည်သော်လည်း သူ့သား သတိပြန်ရလာသောကြောင့် ယခု ပြုံးပျော်နေလေသည်။
သူတို့ တံခါးရှေ့ရောက်သောအခါ အဖေချီ၏အပြုံးက ပိုမိုနက်ရှိုင်းလာလေသည်။
"ရှင်းရှင်း တံခါးကို ဖွင့်ကြည့်လိုက်..."
ချီရှင်းချန်: "?"
သူက စိတ်ရှုပ်ထွေးစွာနှင့် တံခါးကို ဖွင့်လိုက်သောအခါ ကြမ်းပြင်ပေါ်ရှိ လက်ဆောင်သေတ္တာများကြောင့် လန့်အော်လုမတတ် ဖြစ်သွားလေသည်။
လက်ဆောင်များကြောင့် လူရပ်ရန် နေရာပင် မရှိတော့ချေ။
ဒါက ဘာတွေလဲ...
"အဟမ်း..."
အဖေချီက အနည်းငယ်ရှက်ရွံ့နေသောကြောင့် လည်ချောင်းရှင်းလိုက်ပြီး ပြောလိုက်သည်။
"ဒါတွေက အဖေပေးထားတဲ့ ရှင်းရှင်းအတွက်ဆေးရုံဆင်းလက်ဆောင်တွေပဲ..."
"အရမ်းများလွန်းတယ်..."
"အဖေက အသက်ကြီးတော့ လူငယ်တွေ ဘာကြိုက်လဲ မသိဘူး...ဒရိုင်ဘာက သူ့သားက ဖိနပ်တွေ ကြိုက်တယ်လို့ ပြောတာ ကြားဖူးလို့တစ်ယောက်ယောက်ကို အကန့်အသတ်နဲ့ထုတ်တဲ့ ဖိနပ်တွေ၀ယ်ခိုင်းလိုက်တာ...မင်း ကြည့်ကြည့်လေ...သူတို့ကို ကြိုက်လားလို့...မကြိုက်လည်းရတယ်..."
အဖေချီ ထပ်ဖြည့်ပြောလိုက်သည်။
"လွှတ်ပစ်လိုက်ရုံပဲ..."
ချီရှင်းချန်က မည်သို့ အဖြေပြန်ပေးရမည်ကို မသိသောကြောင့် ခေါင်းငြိမ့်လိုက်ပြီး လက်ဆောင်သေတ္တာများကို ကျော်ခွကာ အခန်းထဲ၀င်လိုက်သည်။
သူ အခန်းက အပြင်ဘက်ကဲ့သို့ ဇိမ်ခံအခန်းမျိုးဖြစ်မည်ဟု ထင်ခဲ့သော်လည်း လက်တွေ့တွင် အထင်နှင့် ကွဲလွဲစွာ ကြီးမားသန့်ရှင်းပြီး ရိုးရှင်းလေသည်။
လက်မှတ်ထိုးထားသော ဘတ်စကတ်စ်ဘောလုံးများနှင့် ဂီတာများကို စင်ထဲတွင် ထည့်ကာ ပြသထားပြီး ကုတင်တစ်လုံး၊ ကွန်ပျူတာစားပွဲတစ်လုံးနှင့် အဝါရောင် သစ်တော်သားထိုင်ခုံ တစ်လုံးသာရှိလေသည်။
သူက အိပ်ရာပေါ် ပစ်လှဲလိုက်ပြီး မျက်လုံးကို မှိတ်ကာ သူ့ဦးနှောက်ထဲမှ မှတ်ဉာဏ်များကိုစဉ်းစားနေလိုက်သည်။
စာအုပ်ထဲတွင် မူလပိုင်ရှင်အတွက် ဇာတ်ကွက်မရှိသော်လည်း လက်တွေ့တွင်မူ မူလပိုင်ရှင်၏ ကိုယ်ပိုင်ဘ၀ရှိလေသည်။
မူလပိုင်ရှင်က ချီမိသားစု၏ တတိယသားဖြစ်ပြီး ဤနှစ်တွင် အသက်၂၀ရှိပြီဖြစ်ကာ အနုပညာကောလိပ်တွင် ဒုတိယနှစ်တက်ရောက်နေသူဖြစ်သည်။ ပြီးခဲ့သည့်နှစ်က သူ့အေ့ဂျင်က သူ့ကိုရှာတွေ့ခဲ့ပြီး အမျိုးသားဇာတ်ဆောင်ရှိသည့် နော်ရာအင်တာတိန်းမန့်နှင့် စာချုပ်ချုပ်ဆိုခဲ့သည်။
သူ့ကိုယ်သူ သက်သေပြရန်အတွက် မူလပိုင်ရှင်က ချီမိသားစု၀င်ဖြစ်ကြောင်း အထောက်အထားကို ဖုံးကွယ်ခဲ့ကာ အေ့ဂျင့်နှင့်အတူ လိုက်သွားပြီး အိမ်မှ ခွဲနေခဲ့သည်။
မူလပိုင်ရှင်က နော်ရာတွင် ရှိနေသည်မှာ တစ်နှစ်ခန့် ကြာပြီဖြစ်သည်။
“.....”
ဒါတွေက ဘာတွေလဲ...
ချီရှင်းချန်က အသက်ပြင်းပြင်းရှူလိုက်ပြီး မျက်နှာသစ်ရန် ရေချိုးခန်းထဲသွားလိုက်သည်။ မျက်နှာကို သုတ်ပြီးနောက် မူလပိုင်ရှင်၏ မျက်နှာကို စစ်ဆေးလိုက်သည်။
လက်ရှိပုံစံက သူ့၏ပုံစံနှင့် များစွာ မကွာခြားပေ။ အရပ်လေး နည်းနည်း ပိုပုပြီး မေးစေ့က ပိုပါးကာ ပိုချွန်ရုံသာဖြစ်သည်။
ထို့အတွက်ကြောင့် သူက အခြားလူကို ခန္ဓာကိုယ်ကို သုံးနေရသော်လည်း ကိုးရိုးကားယား သိပ်မဖြစ်ပေ။ သူက ရေစက်များကို ခါလိုက်သည်။ လက်ရှိတွင် အရေးအကြီးဆုံးကိစ္စမှာ စာအုပ်ထဲမှ ထွက်ရမည့်ကိစ္စဖြစ်သည်။
ထို့မတိုင်မီ သူ့ကိုယ်သူ ဦးစွာ ကယ်တင်ရပေမည်။ စာအုပ်ထဲမှ အချိန်ကာလအရ ချီမိသားစုက လ၀က်အတွင်း ဖျက်ဆီးခံရတော့မည်ဖြစ်သည်။
အဲ့လိုတော့ အဖြစ်မခံနိုင်ဘူး...သူ ဖျော်ဖြေပွဲကို မကြည့်ရသေးဘဲ မသေနိုင်ဘူး...
...........
သူ့၏အသက်ကို ကယ်တင်ရန်အလို့ငှာ စာအုပ်ထဲမှ အမျိုးသားဇာတ်ဆောင်ကို ရှင်းပစ်ရန် လိုလေသည်။
အနုပညာရှင်တစ်ယောက်ကို ရှင်းပစ်ရန်က သာမာန်လူတစ်ယောက်ကို ရှင်းပစ်ရန်ထက် ပိုလွယ်ကူလေသည်။ သူ လုပ်ရန်လိုသည်ကလူထုအမြင်ကို လက်နက်အဖြစ် သုံး၍ အမျိုးသားဇာတ်ဆောင်၏ ပုံရိပ်ကို တဖြည်းဖြည်းဖျက်ဆီးရန်သာဖြစ်သည်။
ချီရှင်းချန်က ကွန်ပျူတာရှေ့တွင် ထိုင်လိုက်ပြီး ဝေ့ပေါ်ကို ဖွင့်လိုက်ကာ "ပိုင်ရဲ့"ဟု ရိုက်ရှာလိုက်သည်။
ထိုအခါ ချက်ချင်းဆိုသလို များပြားလှသော ဓာတ်ပုံများနှင့် ဗီဒီယိုများတက်လာလေသည်။ အချို့ကို ဖန်များက တည်းဖြတ်ထားကြခြင်းဖြစ်ပြီး အချို့ကို ပွဲများက တည်းဖြတ်ထားကြခြင်းဖြစ်သည်။
ဓာတ်ပုံထဲတွင် အရပ်ရှည်ပြီး ပိန်ပါးသော လူငယ်လေးတစ်ယောက်ရှိပြီး မျက်ခုံးများက ပါးလွှာထင်ရှားကာ အနက်ရောင်မျက်လုံးထဲ၌ မာနကြီးမှုများနှင့် ရန်လိုမှုများ ပြည့်နေလေသည်။
လူငယ်လေး၏ သွင်ပြင်က သူ့၏ အိုင်ဒေါလ်နှင့်အတူတူပင်ဖြစ်သည်။
ဝေ့ပေါ် ပေါ်ရှိ ပရိသတ်အရေအတွက်ကလည်းတူလေသည်။
သန်း၈၀နီးပါးရှိသောပရိတ်သတ်။ အကျော်ကြားဆုံးသူဟု ခေါ်ထိုက်ပေသည်။
ချီရှင်းချန်က အမျိုးသားဇာတ်ဆောင်ဖြစ်သည့် ပိုင်ရဲ့ကို ကြည့်ပြီး အချိန်အတော်ကြာ တုံ့ဆိုင်းနေလေသည်။ သူက ခုနစ်နှစ်ကြာမျှ ထိုလူ၏ပရိသတ်ဖြစ်ခဲ့သော်လည်း ယခုအခါ ထိုလူကို တိုက်ခိုက်ရတော့မည်ဖြစ်သည်။ ယင်းကို လက်ခံရန် ခဲယဉ်းလေသည်။
ကောင်းကင်ကြီး လုံး၀မမှောင်သေးမီအထိ သူက ဖန်တစ်ယောက်ဖန်တီးထားသော မယ်ရီဆူး၀တ္ထုထဲသို့ ကူးပြောင်းလာသည်ကို သံသယရှိနေဆဲ ဖြစ်သည်။ ထို့နောက် သူ လက်ခံလိုက်သည်။ စာအုပ်ထဲမှ ပိုင်ရဲ့က 2Dပုဂ္ဂိုလ်ဖြစ်ပြီး သူ့၏အိုင်ဒေါလ်မဟုတ်ပေ။
သူ့၏ အိုင်ဒေါလ်က လက်တွေ့ကမ္ဘာတွင် ရှိနေဆဲဖြစ်ပြီး စတိတ်စင်မတော်တဆဖြစ်ခဲ့လေသည်။
သူက စာအုပ်ထဲမှ အသက်ရှင်လျက် ထွက်သွားပြီး သူ့၏ အိုင်ဒေါလ် အဆင်ပြေမပြေကို သွားကြည့်ရန် လိုလေသည်။
ချီရှင်းချန်က စိတ်ဆုံးဖြတ်ပြီးနောက် ဝေ့ပေါ်အကောင့်ဖွင့်လိုက်သည်။
မူလပိုင်ရှင်၏ ဝေ့ပေါ်အကောင့်ကို အေ့ဂျင့်မှ စီမံပေးခြင်းဖြစ်ပြီး အခြားအကောင့်ဖွင့်ရန် လိုလေသည်။ သူက အသေအကြေကြိုက်သောဖန်တစ်ယောက်က မုန်းတီးသူဆယ်ယောက်နှင့်ညီမျှသည်ဟူသော နိယာမကို သိလေသည်။ သူက ပရိသတ်အဖြစ် ဟန်ဆောင်ကာ သတင်းတု များနှင့် သတင်းစစ်များကို ရောယှက်ကာထုတ်ပြရမည်ဖြစ်သည်။ ထိုသို့ဖြစ်ရန် ဦးစွာ ဩဇာလွှမ်းမိုးနိုင်သော ပရိသတ်ဖြစ်ရန် လိုလေသည်။
အမျိုးသားဇာတ်ဆောင်၏ အားနည်းချက်များကို ဆုပ်ကိုင်မိသောအခါမှ ပရိသတ်အဖြစ်မှ ရပ်တန့်ကာ မုန်းတီးသူတစ်ယောက်အဖြစ် အမျိုးသားဇာတ်ဆောင်ကို ရိုက်ချရပေမည်။ ထိုသို့ လုပ်ဆောင်ရန်အတွက် သု့အထောက်အထားများကို ဖုံးကွယ်ထားရပေမည်
အကောင့်ဖန်တီးပြီးသောအခါ ဝေ့ပေါ်က နာမည်ပြောင်တောင်းလာလေသည်။
[ကျေးဇူးပြုပြီး သင့်၏ နာမည်ပြောင်ကို ရိုက်
ထည့်ပါ...]
ချီရှင်းချန် စာရိုက်လိုက်သည်။
[ပိုင်ရဲ့ ရဲ့ မိန်းမ...]
— — [တောင်းပန်ပါတယ်...ဤနာမည်ကို အသုံးပြုသူ ရှိပြီးဖြစ်ပါသည်...]
သူက ထပ်မံစာရိုက်လိုက်သည်။
[ပိုင်ရဲ့ရဲ့ ချစ်သူ...]
— — [တောင်းပန်ပါတယ်...ဤနာမည်ကို အသုံးပြုသူ ရှိပြီးဖြစ်ပါသည်...]
သူက စိတ်ကို ထိန်းကာ စာထပ်ရိုက်လိုက်သည်
[ပိုင်ရဲ့ရဲ့ ချိုမြိန်တဲ့နှလုံးသားလေး...]
— — [တောင်းပန်ပါတယ်...ဤနာမည်ကို အသုံးပြုသူ ရှိပြီးဖြစ်ပါသည်...]
ဒါတောင် အလုပ်မလုပ်သေးဘူးလား...တခြားဘာနာမည်ရှိသေးလဲ...
ချီရှင်းချန်က စိတ်ရှုပ်ထွေးလာပြီး ဒေါသတကြီး စာရိုက်လိုက်သည်။
[ည၌ ပြင်းပြခြင်း...]
[နာမည်ပေးခြင်း အောင်မြင်ပါသည်...သင့်ရဲ့
ဝေ့ပေါ်ခရီးကို စတင်နိုင်ပါပြီ...]
အလုပ်ဖြစ်သွားပြီလား...
ချီရှင်းချန်က ဆံပင်ကို သပ်ကာ နှုတ်ခမ်းထောင့်ကို ကွေးညွှတ်လိုက်သည်။
ဟမ်...ဒါက 2Dအမျိုးသားဇာတ်ဆောင်ပဲ...
မင်းက ငါ့ကို ရှင်းပစ်လာရင် ငါက မင်းကို ပြန်ရှင်းပစ်လိုက်မယ်...