အပိုင်း ၂
Viewers 28k

Chapter 2




နောက်တစ်နေ့တွင် ချီရှင်းချန် မနက်ခင်းဆယ်နာရီခန့်တွင်နိုးလာခဲ့သည်။


မည်သည့်နေရာတွင် ထားရမည်မသိသောလက်ဆောင်‌သေတ္တာများကို မျက်နှာသေဖြင့်ကြည့်လိုက်ပြီးနောက် သွားကိုတိုက်၍ ရိုးရှင်းသောတီရှပ်တစ်ထည်ကိုလဲလှယ်လိုက်သည်။


တံခါးကိုဖွင့်လိုက်ချိန်၌ အန်တီကျန်းမှာ လျှောက်လမ်းကို သတိထား၍သုတ်နေခဲ့သည်။ ပထမဦးဆုံးအနေနှင့် သူမဤတန်ဖိုးကြီးကြမ်းခင်းများကို အခြစ်ရာထင်အောင်လုပ်၍မရသလို ဒုတိယအချက်အဖြင့် သခင်လေးအနားယူခြင်းကို ‌အနှောင့်အယှက်ပေးမိမည်အား ထိတ်လန့်နေခဲ့သည်။


" ဒုတိယသခင်လေး…"


သူထွက်လာသည်ကိုမြင်လိုက်ချိန်တွင် အန်တီကျန်းမှ ဘေးသို့ဖယ်ပေးလိုက်ပြီး သူ့အတွက်လျှောက်လမ်းထားပေးလိုက်သည်။ ချီရှင်းချန်မှာ ဤသို့အခေါ်ခံရခြင်းကို အသားမကျသေးသည့်အတွက် အသံတိုးတိုးဖြင့်ပြောလိုက်လေသည် " အခုကစပြီး ကျွန်တော့်ကို ရှင်းရှင်းလို့ပဲခေါ်ပါနော်…"


" ဒါကစည်းမျဉ်းတွေနဲ့သွေဖယ်…"


" ရပါတယ်…" ချီရှင်းချန်လက်ကိုဝှေ့ယမ်းလိုက်ပြီး မဟော်ဂနီရောင်လက်ရန်းမှကျော်၍ ပထမထပ်ရှိထမင်းစားခန်းသို့ လှမ်းကြည့်လိုက်သည်။


ချီမိသားစုဗီလာမှာ တရုတ်စတိုင်အဆောက်အအုံမျိုးဖြစ်ပြီး ပရိဘောဂအများစုမှာ လက်ဖြင့်ပြုလုပ်ထားကြသည်များဖြစ်ကြသည်။ ထမင်းစားပွဲမှာလည်း ထိုကဲ့သို့ပင်။ စားပွဲတစ်ခုလုံးကို တောက်ပသောကျန်းနန်သစ်သားဖြင့် ပြုလုပ်ထားပြီး ဖီးနစ်ငှက်မြီးအကွက်ပုံဖော်ထားကာ လူခုနစ်ဦးမှဆယ်ဦးအထိ တပြိုက်နက်တည်းထိုင်နိုင်လောက်အောင် ကြီးမားလှသည်။


စားပွဲပေါ်တွင် ကြွေပန်းကန်ပြားများကို အစီအရင်ချခင်းထားပြီး အပူခံအဖုံးများဖြင့် ဖုံးအုပ်ထားသောကြောင့် အထဲတွင်ရှိနေသည့်အရာကို မမြင်ရပေ။ မူလကိုယ်၏အစ်မဖြစ်သူချီယွီကျီးမှာ စားပွဲတွင်ထိုင်ကာ ဖုန်းသုံးနေပြီး အခြားသူများမှာမူ စားသောက်ပြီးပြီဖြစ်သောကြောင့် ထွက်သွားကြလေပြီ။


အန်တီကျန်းသာ ပြန်၍သုတ်ပေးရမည်ဆိုပါက သူ့အဖို့ ဒုက္ခများပေတော့မည်ဖြစ်ရာ ချီရှင်းချန် အောက်ထပ်သို့ ခြေရာမကျန်စေရန် သတိထား၍ ဆင်းလာခဲ့သည်။


သူထမင်းစားခန်းတွင်းသို့ ဝင်လိုက်သည်နှင့် ချီယွီကျီး၏ညည်းညူနေသောအသံကိုကြားလိုက်ရသည်။


" တို့အဲဒီဘရန်းစီက ဖိတ်စာရထားပေမယ့် မသွားချင်ဘူး…"


" ဘာဖြစ်လို့လဲလား…ဘာလို့လဲဆိုတော့ ဒီနှစ်ရဲ့ ထိပ်တန်းဖက်ရှင်ရှိုးမှာ စိတ်ဝင်စားတာသိပ်မရှိလို့လေ…"


" ပြီးတော့ ဒုတိယမောင်ငယ်ကလည်း မနေ့ကမှ ဆေးရုံဆင်းလာတာ တို့သူ့ကိုအဖော်ပြုပေးချင်သေးတယ်…"


" တို့ကမောင်လေးကိုပဲကပ်နေတယ်လို့ ရှင်ပြောတော့မယ်ဆိုတာသိတယ်နော်… ထားလိုက်တော့ ကျွန်မရှင်နဲ့အတူမီလန်ကိုလိုက်ပေး…အာ မင်းနိုးလာပြီပဲ…"


ချီရှင်းချန် ဆင်းလာသည်ကိုမြင်လိုက်နှင့် ချီယွီကျီးမှ အလျင်အမြန်လက်ယမ်းပြကာ စားပွဲတွင် လာထိုင်စားစေလိုက်သည်။ ထို့နောက် တစ်ဖက်ဖုန်းမှလူကို ပြောလိုက်လေသည် " ကျွန်မ ဟိုတယ်ကအကူကို ရှင်ကြိုက်တဲ့အခန်းရွေးခိုင်းဖို့ ပြောလိုက်မယ်…ရောက်တာနဲ့တန်းသွားလိုက်ချည်.. နောက်မှဆက်ပြောတာပေါ့… ညကြရင် ဖုန်းခေါ်လိုက်မယ်…"


ထို့နောက် ချီယွီကျီး ဖုန်းကိုကပျာကယာချလိုက်ပြီးနောက် စားဖိုမှုးအား စားပွဲပေါ်တွင်ရှိနေသောမနက်စာကို ဖယ်၍အသစ်ပြန်လုပ်ခိုင်းလိုက်သည်။


" ထားလိုက်ပါ ကျွန်တော်စားလိုက်လို့ရပါတယ်…" ချီရှင်းချန် သူမကိုတားလိုက်ပြီး " လွှင့်ပစ်လိုက်ရင် နှမြောစရာကြီးကို.."


" မရပါဘူး မင်းအစာအိမ်ကကောင်းသေးတာမဟုတ်ဘူး အအေးစာတွေမစားတာကောင်းတယ် ပြီးတော့ ငါလည်းအခုထိမစားရသေးဘူးလေ…"


ချီရှင်းချန် သူမအဘယ့်ကြောင့်မစားသေးသည်ကို စပ်စုချင်ပုံရသောကြောင့် ချီယွီကျီး အပြုံးတစ်ပွင့်ဖြင့် ရှင်းပြလိုက်သည် " မင်းတစ်ယောက်တည်းစားရရင် ပျင်းနေမှာစိုးလို့လေ အဲဒါကြောင့် ခဏထိုင်စောင့်နေတာ…"


ချီရှင်းချန်တွင် နောက်ကျမှအိပ်ရာထတတ်သောအကျင့်မရှိသော်လည်း ယနေ့တွင် သူကောင်းစွာအနားမယူရသေးသည့်အပြင် အချိန်အတော်ကြာသည်အထိ စိတ်ကိုပြင်ဆင်နေရသဖြင့် နောက်ကျမှ အိပ်ရာနိုးလာခဲ့သည်။


ချီရှင်းချန်မှာ အသက်လေးနှစ်အထိ မိဘမဲ့ဂေဟာတွင်နေထိုင်ခဲ့ရပြီး ထို့နောက်တွင်မှသာ စုံတွဲတစ်တွဲ၏မွေးစားခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။ တိုတောင်းသည့်နှစ်တစ်နှစ်အပြီးတွင် သူ့အား အေရိုးဗစ်အဖွဲ့အတွင်းသို့ ပစ်ထည့်ခဲ့ကြလေရာ သူတို့မည်သည့်နေရာတွင်ရှိနေပါစေ အစားအ‌စာရောက်ရှိလာချိန်တွင် လူတိုင်းမှာဗိုက်ပြည့်အောင်မစားရမည်ကို စိုးရိမ်‌ကြသည့်အတွက် အပြေးအလွှားလုယက်စားသောက်ကြမည်ဖြစ်သည်။


သူနှင့်အတူစားရန်အတွက် စောင့်ပေးခဲ့ကြခြင်းမျိုး ဘယ်သူမှမလုပ်ခဲ့ဖူးချေ။


သူမည်သို့ပြန်ဖြေရမည်ကို မသိနေသည့်အတွက် မုန့်များရောက်လာချိန်တွင် ခေါင်းကိုငုံ့၍ စကားလမ်းကြောင်းလွှဲလိုက်သည် " ခုနကဖုန်းခေါ်တာ ကျိုးယွီမလား…"


ကျိုးယွီမှာလည်း နော်ရာအင်တာတိန်းမန့်မှ အနုပညာရှင်တစ်ဦးဖြစ်သည်။ သူ့ကို တစ်ဆယ့်ခုနစ်ဆင့်သရုပ်ဆောင်ဟူ၍မှတ်ယူနိုင်ကာ မော်ဒယ်ရှိုးတစ်ခုတွင် ပေါ်ပေါက်ခဲ့ခြင်းဖြစ်ပြီး တစ်ဆယ့်ရှစ်ဆင့်ဝင်သရုပ်ဆောင်များထက် အနည်းငယ်သာပိုသာသူဖြစ်သည်။


တစ်ချိန်တည်းမှာပင် ကျိုးယွီမှာ ချီယွီကျီး၏ချစ်သူကောင်လေးဖြစ်လေသည်။ သူတို့နှစ်ဦး ညစာစားပွဲတစ်ခုတွင် ဆုံတွေ့ခဲ့ကြပြီး သူ၏နူးညံ့သိမ်မွေ့မှုကြောင့် ချီယွီကျီးမှာ လွှမ်းမိုးခံလိုက်ရကာ အရူးအမူးချစ်မိသွားခဲ့သည်။


ကံမကောင်းစွာဖြင့် ချီယွီကျီးမှာ လူမှားချစ်မိခဲ့ခြင်းသာဖြစ်သည်။ ကျိုးယွီမှာ သူမကို ငွေထုတ်စက်တစ်ခုအဖြစ်သာ သတ်မှတ်ထားရုံသာမက တစ်ခါတစ်ရံ သူ၏သူငယ်ချင်းများရှေ့တွင် ချီယွီကျီးသည် ရင်သားကြီးသော်လည်း ဦးနှောက်မပါသည့်မိန်းမဖြစ်ကြောင်း ပြစ်တင်ရှုံ့ချခဲ့ဖူးသည်။


မူလကိုယ်မှာ ထိုစကားများကို ကြားလိုက်ရချိန်၌ အလွန်ဒေါသထွက်သွားခဲ့ရပြီး ကျိုးယွီနှင့်စကားများနေစဉ် လှေကားမှပြုတ်ကာ ခေါင်းထိ၍ ကွယ်လွန်ခဲ့ရခြင်းဖြစ်သည်။


တစ်နည်းအားဖြင့် ဤကျိုးယွီမှာ ဆိုးရွားသော ခွေးကောင်တစ်ကောင်သာဖြစ်နေသော်လည်း သူ၏အစ်မမှာ ဝက်ဆီကြောင့် မျက်လုံးကန်းနေကာ ကျိုးယွီကို တမြတ်တနိုးမြောက်စားထားမိခဲ့သည်။


ပို၍ဆိုးသည်မှာ လာမည့်လဝက်အတွင်း ကျိုးယွီသည် ရသစုံရှိုးတစ်ခုတွင် ဇာတ်လိုက်မကို ချစ်မိသွားမည်ဖြစ်ပြီး ချီယွီကျီးမှ သတင်းများပြန်ကြားရစဉ် သူ့ကိုသွားရှာ၍ ချော့မော့ခဲ့လေသည်။ သို့သော်လည်း အဆုံး၌ သူမ ကျိုးယွီ၏ " မင်းကသူမရဲ့ဆံပင်လေးတစ်ချောင်းစာနဲ့တောင် ရှင်လို့မရဘူး…" ဟူသည့်စကားများဖြင့် နှိပ်ကွပ်ခံလိုက်ရသည်။


ထိုအချိန်မှစ၍ ‌စိတ်တိုနေသောအစ်မဖြစ်သူမှာ ဇာတ်လိုက်မကို ဆက်တိုက်ပြသနာလိုက်ရှာနေခဲ့ပြီး သူမမှာအလွန်အဆိပ်ပြင်းကာ တတ်နိုင်သမျှ အမြောက်စာမှန်သမျှကို အသုံးချခဲ့လေသည်။ ဤသို့ဖြင့် ချီမိသားစုမှာ ဇာတ်လိုက်ကောင်၏မြင်ကွင်းအတွင်းရောက်ရှိသွားပြီး သေခြင်းတရားကိုစတင်ရေတွက်မိခဲ့ကြသည်။


မောင်ဖြစ်သူမှာ ခန့်မှန်းလိုက်နိုင်သည့်အတွက် ချီယွီကျီးဖုံးမထားတော့ဘဲ ပြုံးလျက် " ဟုတ်တယ် သူပဲ… သူကငါ့ကိုမီလန်မှာ ရှိုးပွဲသွားကြည့်ဖို့ပြောနေတာလေ… အဲဒီအချိန်ကြရင် အစ်မမင်းကိုနောက်ဆုံးပေါ်ပစ္စည်းတွေယူလာခဲ့ပေးမယ်… ဒါနဲ့ စကားမစပ်…"


သူမ သပ်ရပ်စွာထုတ်ပိုးထားသောဘူးတစ်ဘူးကိုထုတ်ကာ " အစ်မရဲ့မင်းအတွက်ဆေးရုံဆင်းလက်ဆောင်က သေချာပေါက် အဖေ့ထက်သာမှာပဲ… မင်းနောက်ကျရင် ဂရုစိုက်ရမယ်နော် ဒီအစ်မကိုစိတ်မပူစေနဲ့တော့ ဟုတ်ပြီလား…"


ချီရှင်းချန် ယူကာဖွင့်ကြည့်လိုက်ချိန်၌ အတွင်းတွင် ရစ်ချက်မိုင်လီဟုစာတမ်းထိုးထားသောအမျိုးသားဝတ်နာရီတစ်လုံးကို မြင်တွေ့လိုက်ရသည်။ သူထိုဘရန်းအကြောင်းကို မသိနေသည့်တိုင် ၎င်းမှာ အလွန်ဈေးကြီးမည်ဖြစ်ကြောင်း ချီရှင်းချန်သိနေခဲ့လေသည်။


မူလကိုယ်၏မိသားစုမှာ မူလကိုယ်အား အလွန်ပင် ချစ်မြတ်နိုးကြသည်။


ဤခန္ဓာကိုယ်၏ပိုင်ရှင်မှာပြောင်းလဲသွားပြီဖြစ်ရာ ချီရှင်းချန်လာမည့်လဝက်အတွင်းဖြစ်လာမည်များကို ထပ်ဖြစ်ခွင့်မပေးနိုင်တော့ချေ။


မနက်စာစားအပြီးတွင် သူတက်စီတစ်စီးကိုငှား၍ နော်ရာအင်တာတိန်းမန့်သို့ သွားလိုက်လေသည်။


မက်မွန်သီးများညဝတ္ထုတွင် နော်ရာအင်တာတိန်းမန့်မှာ မီဒီယာအသိုင်းအဝိုင်းအတွင်း ထိပ်တန်းအင်တာတိန်းမန့်သုံးခုထဲမှ တစ်ခုအပါအဝင်ဖြစ်ပြီး ထူးချွန်သာအနုပညာရှင်များစွာကို မွေးထုတ်ပေးခဲ့သည်သာမက သူတို့၏ဆုတံဆိပ်များမှာ စင်ပင်မဆန့်နိုင်လောက်အောင် ပြွတ်သိပ်နေခဲ့သည်။


ချီရှင်းချန် ဆုတံဆိပ်များတင်ထားသည့်စင်ရှေ့တွင်ရပ်ကာ ထိပ်ဆုံးမှ ပိုင်ရဲ့၏အမည်ကိုကြည့်၍ အနည်းငယ်အစစ်အမှန်မဟုတ်သလို ခံစားလိုက်ရသည်။


" ရှင်းရှင်း ပြန်ရောက်ပြီလား.."


ထိုအချိန်၌ တစ်စုံတစ်ယောက်မှ သူ့ကိုလျှောက်လမ်းမှနေ၍လှမ်းခေါ်သံကိုကြားလိုက်ရသောကြောင့် ချီရှင်းချန် လှည့်ကြည့်လိုက်ချိန်တွင် သူနှင့်ရွယ်တူလောက်ဖြစ်မည့်ကောင်လေးတစ်ဦးမှ လက်ယမ်းပြနေသည်ကို မြင်လိုက်ရသည်။


သူ၏အမည်မှာ ဟန်ချင်းဖြစ်ပြီး နော်ရာအင်တာတိန်းမန့်မှ ချီရှင်းချန်၏တစ်ဦးတည်းသောသူငယ်ချင်းဖြစ်ကာ သူတို့နှစ်ဦးရင်းနှီးကြသည်မှာ တူညီသော နှစ်ဦးစလုံးဆင်းရဲကြသည့်အချက်ကြောင့်ပင်ဖြစ်သည်။


မူလပိုင်ရှင်၏မိသားစုမှာ သူ့အပေါ်အလွန်အမင်းအလိုလိုက်ကြသည့်အတွက် မူလကိုယ်အနေနှင့် သူ့ကိုကန့်သတ်ထားသည် သို့မဟုတ် အကျဉ်းချထားသည်ဟု မှတ်ယူနေသောကြောင့် ပို၍ပို၍ပုန်ကန်လာခဲ့သည်။


သူ၏ကောလိပ်စာမေးပွဲရလဒ်များမှာ မကောင်းလှသည့်အတွင် မူလကိုယ်မှာနိုင်ငံအတွင်းရှိ အနုပညာတက္ကသိုလ်တစ်ခုကိုသာတက်ရောက်နိုင်ခဲ့သည်။ ကျောင်းသို့ရောက်ပြီးမကြာမီမှာပင် သူ့ကိုလက်ရှိအေဂျင့်မှရှာတွေခဲ့ပြီး နော်ရာနှင့်စာချုပ်ချုပ်ခဲ့ခြင်းဖြစ်သည်။


ချီမိသားစုမပါဝင်ဘဲ ရှင်သန်နိုင်သည်ဟု သူ၏မိသားစုကိုသက်သေပြနိုင်ရန်အတွက် မူလကိုယ်မှာ သာမန်အလုပ်လုပ်သည့်မိသားစုမှလာသည်ဟူသော အထောက်အထားအတုပြုလုပ်၍ ဝင်လာခဲ့သည်ဖြစ်ရာ ယခုအချိန်ထိပင် နော်ရာမှလူများမှာ သူ့ကိုသာမန်မိသားစုမှကလေးဟု ထင်နေကြဆဲပင်။


ထိုအချက်ကပင် ချီရှင်းချန်အတွက် ပို၍အဆင်ပြေသွားစေသည်။ အကယ်၍သာ မူလကိုယ်မှ ချမ်းသာသည့်သခင်ငယ်လေးကဲ့သို့ ပြုမူနေခဲ့ပါက သူ မူလကိုယ်ကိုအတုခိုး၍နေနိုင်မည်မဟုတ်ချေ။


" ကိစ္စတစ်ခုရှိလို့ ငါနားရက်နှစ်ရက်ယူလိုက်တာပါ…" ချီရှင်းချန် ခေါင်းကိုစောင်း၍ " နေ့ခင်းကြရင် အကလေ့ကျင့်ဖို့ရှိတယ်မဟုတ်လား…မင်းဘာလို့ထွက်လာတာလဲ.."


" သူတို့ပြောတာတော့ အရေးကြီးပြောစရာရှိလို့တဲ့…အေဂျင့်တွေအကုန် အစည်းအဝေးခေါ်ခံရတယ်…"


ချီရှင်းချန် မေးလိုက်သည် " ပရောဂျက်အသစ်ရှိလို့လား…"


" ငါတော့မထင်ဘူး… ပိုင်ရဲ့နဲ့ပတ်သက်တာပဲဖြစ်မှာပေါ့… ဒါနဲ့ ရှင်းရှင်း မင်းဒီနှစ်ရက်ကို အိမ်ပြန်သွားတာလား…"


အိမ်ကိုပြန်တာလား…


ချီရှင်းချန် အောက်သို့ငုံ့၍ " ငါ့မှာအိမ်မရှိဘူးလေ.."


ဤသည်မှာ မူလကိုယ်၏အိမ်ဖြစ်ပြီး သူ၏အိမ်မဟုတ်ပေ။


" ‌အာ တောင်းပန်ပါတယ်ကွာ.." ဟန်ချင်း ချီရှင်းချန်၏အနာကိုသွားထိမိသည်ဟု ထင်မိသွားသည့်အတွက် အလျင်အမြန်တောင်းပန်လိုက်သည်။


သူတို့နှစ်ဦး စကားပြောရင်းဖြင့် လေ့ကျင့်ရေးခန်းစီသို့ လျှောက်လာခဲ့ကြသည်။ တစ်စုံတစ်ယောက်၏ပါးစပ်မှ ပိုင်ရဲ့ဟူသောအမည်ကို ကြားလိုက်ရလေရာ ချီရှင်းချန်၏အစစ်အမှန်မဟုတ်သည့်ခံစားမှုမှာ ပို၍ပင် ကြီးမားလာခဲ့သည်။ ထို့နောက်တွင်မှ သူတဖြည်းဖြည်းဖြင့် တစ်စုံတစ်ခုကို သတိပြုမိသွားသည်။ မူလကိုယ်နှင့်ပိုင်ရဲ့တို့မှာ ကုမ္ပဏီတစ်ခုတည်းမှဖြစ်လေရာ မူလကိုယ်မှာ ပိုင်ရဲ့နှင့်အနီးကပ်ဆုံဖူးလေမည်။


ကံမကောင်းစွာဖြင့် သူ၏အတုအယောင်အိုင်ဒေါနှင့်မဆုံနိုင်ခင်မှာပင် တစ်စုံတစ်ယောက်ကို ဦးစွာတွေ့ခဲ့ရသည်။ သူတို့ ပီယာနိုအခန်းကို ဖြတ်သွားချိန်တွင် ပြတင်းပေါက်မှနေ၍ ကျိုးယွီမှ နာရီကိုကြည့်လျက် လူအချို့နှင့်စကားပြောနေသည်ကို မြင်လိုက်ရသည်။


ပုံပန်းသွင်ပြင်ကို ကြည့်လိုက်ရုံနှင့်ပင် ၎င်းမှာ ချီယွီကျီး သူ့ကိုလက်ဆောင်ပေးထားသည့်နာရီနှင့်တံဆိပ်အတူတူပဲဖြစ်လေရာ ချီယွီကျီးမှ ကျိုးယွီကို ဝယ်ပေးထားခြင်းဖြစ်နိုင်ပေမည်။


ချီရှင်းချန်၏မျက်လုံးများမှောင်မိုက်သွားပြီး တံခါးလက်ကိုင်ကိုင်ကာ အခန်းတွင်းဝင်သွားရန် ပြင်လိုက်စဉ် ဟန်ချင်းမှ သူ့ကိုချက်ခြင်းတားမြစ်လိုက်သည် " အထဲမှာ ကျိုးယွီနဲ့တခြားလူတွေရှိသေးတယ်လေ…"


" ငါတွေ့တယ်လေ…"


" တွေ့ရင် ဘာလို့သွားမှာလဲ ငါတို့အလှောင်ခံထားရတာကို မေ့သွားပြီလား…"


မူလကိုယ်မှာ သူ၏အကြောင်းကို ချီမိသားစုအား မည်သူ့ကိုမှ ထုတ်ဖော်မပြောရန် ပြောကြားခဲ့လေရာ ကျိုးယွီလည်း ချီရှင်းချန်မှာ ချီယွီကျီး၏ဒုတိယမောင်ငယ်ဖြစ်ကြောင်းကို မသိခဲ့ပေ။ ထို့ကြောင့် ကျိုးယွီမှ သူနှင့်ဟန်ချန်းတို့ကို သူတို့၏ဈေးပေါသောအဝတ်အစားများကြောင့် လှောင်ပြောင်ခဲ့ဖူးလေသည်။


ချီရှင်းချန် မျက်ခုံးကိုပင့်၍ ဟန်ချင်းကိုလျစ်လျူရှူလိုက်ပြီး တံခါးကိုတွန်းကာ ကျိုးယွီထံသို့ တည့်တည့်သွားလိုက်သည်။


အနားသို့ကပ်သွားသည်နှင့် " မီလန် ၊ အဆင့်မြင်ဖက်ရှင်ဒီဇိုင်းနှင့် ရှိုးပွဲကြည့်ရန် " ဟူသောစကားလုံးများကို ခပ်သဲ့သဲ့ကြားလိုက်ရသောကြောင့် ချီရှင်းချန် လည်ချောင်းကိုရှင်း၍ " အဟမ်းး အစ်ကိုယွီ ဘယ်လိုတောင်တိုက်ဆိုင်တာလဲ…"


ထိုအချိန်မှ သူ၏ဘေးတွင်လူရှိကြောင်း ကျိုးယွီသတိပြုမိသွားပြီး ကြားဖြတ်ခံလိုက်ရခြင်းကို မနှစ်သက်သည့်အတွက် " ငါတို့ပီယာနိုခန်းသုံးနေတာမင်းမမြင်ဘူးလား… နောက်မှပြန်လာခဲ့ချည်…"


" အစ်ကိုယွီ…" ချီရှင်းချန်မှာ မလှုပ်ရှားခဲ့ချေ " အခုပဲမင်းပြောလိုက်တာ မီလန်ကို ဖက်ရှင်ရှိုးသွားကြည့်မလို့ဆို…"


ကျိုးယွီ မနေနိုင်ဘဲ အံ့ဩသွားမိသည်။ သူတို့မှာ ရန်ပွဲတစ်ခုဖြစ်ခဲ့သောကြောင့် လက်စားချေရန်လာသည်ဟုထင်လိုက်မိသော်လည်း တစ်ဖက်လူမှ သူ့ကို အစ်ကိုယွီဟုယဉ်ယဉ်ကျေးကျေးခေါ်လာမည်ကိုမူ သူမျှော်လင့်မထားမိခဲ့ပေ။ ချီရှင်းချန်မှာ သူ့ကိုယခင်ကထိုသို့မခေါ်ခဲ့ဖူးချေ။


သဘာဝကျစွာပင် လူများမှသူ့ကိုမြောက်ပင့်ကြသောအခါတွင် ပို၍ပျော်ရွှင်ရသောကြောင့် ကျိုးယွီ တုန့်ဆုတ်ဟန်ဆောင်လိုက်ပြီး " ဟုတ်တယ် ဘရန်းကသန်ဘက်ခါကြရင် ငါ့ကိုရှိုးပွဲကြည့်ဖို့ခေါ်ထားလို့လေ…သွားတိုင်းဓာတ်ပုံတွေအများကြီးရိုက်ရတာ အရမ်းပင်ပန်းတာပဲ…"


" အစ်ကို့ကောင်မလေးကကော.."


" သူကတော့ သွားဖို့ခေါင်းမာနေတယ်လေ.." ကျိုးယွီသက်ပြင်းချလိုက်ပြီး " သူကငါ့ကိုဟိုဟာဝယ်ခိုင်း ဒီဟာဝယ်ခိုင်းနဲ့ အရမ်းစိတ်ရှုပ်ဖို့ကောင်းတာပဲ…"


အမျိုးသမီးနာမည်ကျော်များနှင့်မတူဘဲ ကျိုးယွီမှာ ပေါင်းသင်းဆက်ဆံရေးကောင်းသူဖြစ်ကာ ထိုကဲ့သို့သောချစ်သူကောင်မလေးကိုရှာတွေ့နိုင်ခြင်းမှာ တိုက်ရိုက်ပင် ယောင်္ကျားတစ်ယောက်၏ဆွဲဆောင်မှုဟုသက်သေပြခဲ့လေသည်။ အထူးသဖြင့် ထိုလူကုံထန်ချစ်သူကောင်မလေးမှာ သူ့အပေါ်ရူးသွပ်နေပြီး သူ့အတွက်နံရံနှင့်ခေါင်းနှင့်ပင် တိုက်ရဲသူဖြစ်ရာ လူတိုင်းမှာ သူ့ကိုအားကျသည့်မျက်လုံးများဖြင့်သာ ကြည့်နေကြရသည်။


" စိတ်ရှုပ်ဖို့ကောင်းတယ်လား…" ချီရှင်းချန်၏မျက်လုံးထဲတွင် မည်သည့်ခံစားချက်မှရှိမနေဘဲ မေးကိုလက်ဖြင့်ထောက်ကာ " အစ်ကိုကနာရီအသစ်ကိုမကြိုက်ဘူးလား…"


ကျိုးယွီ ကြောင်အသွားခဲ့သည်။


" မင်းကတစ်စုံတစ်ယောက်ရဲ့ပစ္စည်းကိုယူပြီးတော့ သူ့ကိုစိတ်ရှုပ်ဖို့ကောင်းတယ်လို့ ပြောနေတာပဲ…နောက်တစ်နည်းနဲ့ပြောရမယ်ဆိုရင်တော့ ဘာတဲ့…"


အနီးမှကောင်လေးမှာ သိချင်သွားပြီး " ဘာတဲ့လဲ…"


" ငါမှတ်မိပါသေးတယ်.." ချီရှင်းချန် ရယ်လျက်ဖြင့် " မင်းကခွေးတစ်ကောင်ဖြစ်နေတာတောင် သန့်ရှင်းစင်ကြယ်တဲ့ပုံဖမ်းနေသေးတယ်တဲ့…"


ကျိုးယွီ : "..."


ကျိုးယွီ၏မျက်နှာကွက်ခနဲပျက်သွားခဲ့ရသည်။ ထိုအချိန်မှသာ သူ၏သူငယ်ချင်းများသည်လည်း ကျိုးယွီကျိန်းမောင်းခံလိုက်ရကြောင်းကို သတိပြုမိသွားသည့်အတွက် ချီရှင်းချန်၏အနားတွင် ဝိုင်းပတ်လိုက်ကြသည်။


အပြင်ဘက်တွင်ရပ်နေခဲ့သည့်ဟန်ချင်းမှာ လေထုအပြောင်းအလဲကိုသတိပြုမိသွားသည့်အတွက် ချီရှင်းချန် တစ်ခုခုဖြစ်သွားမည်ကိုစိုးသောကြောင့် အံတင်းတင်းကြိတ်လျက် အခန်းတွင်းသို့အမြန်ပြေးဝင်လာကာ " မင်းတို့… ဘာတွေလုပ်နေကြတာလဲ.. ပီယာနိုခန်းထဲမှာ စီစီတီဗီရှိတယ်နော် ရန်မဖြစ်ကြနဲ့…"


အခန်းတွင်း စီစီတီဗီရှိသည့်စကားကြောင့် ထိုသူများမှာ စိတ်လျော့သွားခဲ့ကြသည်။ ချီရှင်းချန်လည်း သူတို့မလုပ်ရဲသည်ကို သိနေသောကြောင့် တောင်းပန်ချင်ဟန်ဆောင်ကာ " တောင်းပန်ပါတယ် အစ်ကိုယွီ… ကျွန်တော်မှားပြောမိတာပါ…အစ်ကိုက ပိုကြီးတဲ့သူမလို့ ကျွန်တော့်အဆင့်ထိ နှိမ့်ချလိုက်ဖို့မလိုပါဘူး…ဒါနဲ့ ဖက်ရှင်ရှိုးပွဲက အစ်ကို့ရဲ့ဖိတ်ကြားစာကော ကျွန်တော်တို့မြင်ဖူးအောင် ထုတ်လာပြပါဦး…"


ကျိုးယွီ၏မျက်နှာမှာမဲမှောင်သွားခဲ့သည်။ အစပိုင်းတွင် ချီယွီကျီး၏ရှိုးမှ အနီရောင်ကော်ဇောပြင်ပုံအချို့ကို အသုံးပြု၍ သူဖိတ်ကြားခံရသည့်ဟန်ဆောင်မည်ဟု ပြင်ဆင်ထားခဲ့လေသည်။


သူ့ထံတွင် ဘယ်လိုလုပ်ပြီး ထိုမျှကောင်းမွန်သည့်ဖက်ရှင်အရင်းအမြစ်မျိုးရှိနိုင်ပါမည်နည်း…


ထုတ်ဖော်ခံလိုက်ရသဖြင့် ကျိုးယွီ၏မျက်နှာမှာ နီရဲလာကာ သူ၏ချောမောသည့်ရုပ်ရည်မှာ လူပြက်တစ်ယောက်နှင့်တူနေခဲ့သည်။


မည်သို့ပင်ဆိုစေကာမူ သူ၏သူငယ်ချင်းများရှေ့တွင် ကျိုးယွီ ချီရှင်းချန်ကိုရန်လုပ်၍မရပေ။ ထိုသို့ဆိုပါက သူ့ထံတွင်အမှန်တကယ်ဖိတ်စာမရှိသည့်သဘောသက်ရောက်သွားပေသည်မလား…


" ဖိတ်စာကို ငါအိမ်မှာထားခဲ့တယ်…" ကျိုးယွီ သူ၏ဒေါသကိုဖိနှိပ်၍ " ဘယ်သူကများ ဒီဟာကိုအမြဲလျောက်သယ်နေမှာမလို့လဲ.."


ချီရှင်းချန် အိုးး ဟူအသံပြုလိုက်ပြီးနောက် စိတ်ပျက်နေပုံရသည့်ဟန်ချင်းနှင့်အတူ ထွက်သွားလိုက်သည်။


တံခါးမှမထွက်ခင် ချီရှင်းချန် လှည့်ပြောလိုက်လေသည် " အစ်ကိုယွီ ကျွန်တော်တို့က အဆင့်မြင့်ဖက်ရှင်ရှိုးပွဲဖိတ်စာကို မမြင်ဖူးတော့လေ မနက်ဖြန်အစ်ကိုအားတဲ့အခါကြ တစ်ချက်ပြဦးနော်…"


ကျိုးယွီ : "...."


သူငယ်ချင်းများ၏မျက်လုံးထဲမှ သံသယဝင်နေသောအကြည့်များကိုကြည့်ကာ ကျိုးယွီ နဖူးကြောများပင်ပေါက်ကွဲလုမတတ် စိတ်တိုနေခဲ့ရသည်။


ကျိုးယွီ၏တုန့်ပြန်မှုအရ လုံလောက်အောင်ဉာဏ်ကောင်းသည့်သူတိုင်း ဖိတ်စာနှင့်ပတ်သက်၍တစ်စုံတစ်ရာအညှီနံ့ထွက်နေကြောင်း ပြောနိုင်ပေမည်။


ပီယာနိုအခန်းမှ ထွက်လာပြီးနောက် ဟန်ချင်း ချီရှင်းချန်ကိုမှီလျက် ပြောလာခဲ့သည် " ဝိုးးးး ရှင်းရှင်း မင်းအခုအရမ်းမိုက်တာပဲ…ကျိုးယွီရဲ့မျက်နှာကို မင်းမြင်လိုက်သေးလား…သူ့ရဲ့အတုအယောင်ခန္ဓာကိုယ်ကြီးတစ်ခုလုံး နှာခေါင်းထဲကထွက်လာတော့မတတ်ကို ပွက်ပွက်ဆူနေတာလေ…"


ချီရှင်းချန် ခေါင်းကိုသာယမ်းပြလိုက်ပြီး မည်သည့်စကားမှပြောမလာသောကြောင့် ဟန်ချင်းဆက်ပြောလိုက်သည် " နောက်‌ဆုံးတော့ အရင်‌တစ်ခေါက် သူငါ့အင်္ကျီတွေကိုလှောင်ပြောင်ခဲ့တာအတွက် လက်စားချေနိုင်ခဲ့ပြီ…ဒါနဲ့ ရှင်းရှင်းသူ့မှာဖိတ်စာမရှိမှန်း မင်းဘယ်လိုသိတာလဲ…"


" ရှောင်ချင်း…" ချီရှင်းချန် ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်သည် " လူတွေနောက်ကွယ်မှအတင်းမပြောရဘူးလေ…"


သူဖျော်ဖြေရေးနယ်ပယ်သို့ရောက်နေလျှင်ပင်မဆိုထားနှင့် သူ၏အစစ်အမှန်ဘဝတွင်လည်း ချီရှင်းချန် ဘယ်တုန်းကမှ လူများနောက်ကွယ်တွင် အတင်းမပြောခဲ့ဖူးပေ။


" ကောင်းပြီ ကောင်းပြီ ငါမပြောတော့ဘူး…" ဟန်ချင်းလက်ကိုယမ်းကာပြောလိုက်သည်။


ထို့နောက် ဟန်ချင်း ခေါင်းကိုပြန်လှည့်ကာ ပြောလာခဲ့သည် " ရှင်းရှင်း မင်းပြောင်းလဲသွားသလိုပဲ…"


"...."


" ဘယ်လိုမျိုးလဲ…"


" သေချာမပြောနိုင်ပေမယ့် မင်းအရင်ကနဲ့မတူတော့ဘူးလို့ ခံစားနေရတယ်…မင်းရဲ့မျက်လုံးတွေကအရင်ကထက်ပိုတောက်လာသလိုပဲ နောက်ပြီးမင်းရဲ့စိတ်ကလည်း ဘယ်လိုပြောရမလဲ…အရင်ထက်ပိုလေးနက်လာပြီး ပေါ့ပျက်ပျက်မဟုတ်တော့ဘူး…"


သိသိသာသာကွဲလွဲမှုများကို သူသတိမထားမိသေးသောကြောင့် ချီရှင်းချန်တိတ်တခိုးသက်ပြင်းချလိုက်ပြီး ဟန်ချင်းနှင့်စကားအနည်းငယ်ဆက်ပြောနေလိုက်သည်။


" အားးးးး အရမ်းချောတာပဲ…"


" ဝူးးးး အစ်ကိုကြီးရေ ကျေးဇူးပြုပြီးဒီကိုကြည့်ပါဦး…"


" ပိုင်ရဲ့ ငါကမင်းရဲ့ထာဝရကောင်းကင်ညပဲ…"


" ဘုရားရေ ငါတော့ အစ်ကိုရဲ့ကိုအပြင်မှာမြင်ဖူးသွားခဲ့ပြီပဲ… ဒီနေ့တော့ နောင်တမရှိဘဲ သေနိုင်သွားပြီ…"