အပိုင်း၃
Viewers 38k

Chapter 3

Chapter 3




ပီယာနိုအခန်းမှ ထွက်လာပြီးနောက် ဟန်ချင်း ချီရှင်းချန်ကိုမှီလျက် ပြောလာခဲ့သည် " ဝိုးးးး ရှင်းရှင်း မင်းအခုအရမ်းမိုက်တာပဲ…ကျိုးယွီရဲ့မျက်နှာကို မင်းမြင်လိုက်သေးလား…သူ့ရဲ့အတုအယောင်ခန္ဓာကိုယ်ကြီးတစ်ခုလုံး နှာခေါင်းထဲကထွက်လာတော့မတတ်ကို ပွက်ပွက်ဆူနေတာလေ…"


ချီရှင်းချန် ခေါင်းကိုသာယမ်းပြလိုက်ပြီး မည်သည့်စကားမှပြောမလာသောကြောင့် ဟန်ချင်းဆက်ပြောလိုက်သည် " နောက်‌ဆုံးတော့ အရင်‌တစ်ခေါက် သူငါ့အင်္ကျီတွေကိုလှောင်ပြောင်ခဲ့တာအတွက် လက်စားချေနိုင်ခဲ့ပြီ…ဒါနဲ့ ရှင်းရှင်းသူ့မှာဖိတ်စာမရှိမှန်း မင်းဘယ်လိုသိတာလဲ…"


" ရှောင်ချင်း…" ချီရှင်းချန် ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်သည် " လူတွေနောက်ကွယ်မှအတင်းမပြောရဘူးလေ…"


သူဖျော်ဖြေရေးနယ်ပယ်သို့ရောက်နေလျှင်ပင်မဆိုထားနှင့် သူ၏အစစ်အမှန်ဘဝတွင်လည်း ချီရှင်းချန် ဘယ်တုန်းကမှ လူများနောက်ကွယ်တွင် အတင်းမပြောခဲ့ဖူးပေ။ ပို၍ဆိုးသည့်အချက်မှာ သူတို့သည်လက်ရှိတွင် အနုပညာလောက၏ရေနက်ပိုင်းထဲသို့ရောက်ရှိနေခြင်းဖြစ်သည်။


" ကောင်းပြီ ကောင်းပြီ ငါမပြောတော့ဘူး…" ဟန်ချင်းလက်ကိုယမ်းကာပြောလိုက်သည်။


ထို့နောက် ဟန်ချင်း ခေါင်းကိုပြန်လှည့်ကာ ပြောလာခဲ့သည် " ရှင်းရှင်း မင်းပြောင်းလဲသွားသလိုပဲ…"


"...."


" ဘယ်လိုမျိုးလဲ…"


" သေချာမပြောနိုင်ပေမယ့် မင်းအရင်ကနဲ့မတူတော့ဘူးလို့ ခံစားနေရတယ်…မင်းရဲ့မျက်လုံးတွေကအရင်ကထက်ပိုတောက်လာသလိုပဲ နောက်ပြီးမင်းရဲ့စိတ်ကလည်း ဘယ်လိုပြောရမလဲ…အရင်ထက်ပိုလေးနက်လာပြီး ပေါ့ပျက်ပျက်မဟုတ်တော့ဘူး…"


သိသိသာသာကွဲလွဲမှုများကို ဟန်ချင်းသတိမထားမိသေးသောကြောင့် ချီရှင်းချန်တိတ်တခိုးသက်ပြင်းချလိုက်ပြီး ဟန်ချင်းနှင့်စကားအနည်းငယ်ဆက်ပြောနေလိုက်သည်။


" အားးးးး အရမ်းချောတာပဲ…"


" ဝူးးးး အစ်ကိုကြီးရေ ကျေးဇူးပြုပြီးဒီကိုကြည့်ပါဦး…"


" ပိုင်ရဲ့ ငါကမင်းရဲ့ထာဝရကောင်းကင်ညပဲ…"


" ဘုရားရေ ငါတော့ အစ်ကိုရဲ့ကိုအပြင်မှာမြင်ဖူးသွားခဲ့ပြီပဲ… ဒီနေ့တော့ နောင်တမရှိဘဲ သေနိုင်သွားပြီ…"


သူတို့စကားပြောလျက် လျှောက်လာကြစဉ် ရုတ်တရက်ဆိုသလို အဓိက‌ဝင်ပေါက်မှ မိန်းကလေးများ၏အော်သံများနှင့်ကင်မရာတချပ်ချပ်သံများထွက်ပေါ်လာခဲ့သည်။


" ဝိုးး ပိုင်ရဲ့လည်းဒီရောက်နေတယ်လို့ ငါ့ကိုမပြောနဲ့နော်…" ဟန်ချင်း၏အာရုံမှာချက်ချင်းဆိုသလို ဆွဲဆောင်ခံလိုက်ရကာ ချီရှင်းချန်ကို ဆွဲခေါ်၍ အမြန်ပြေးလာလိုက်သည်။


သို့သော်လည်း သူတို့အလွန်နောက်ကျသွားဆဲပင်။ သူတို့အဓိကခန်းမသို့ရောက်သည်နှင့် အမျိုးသားတစ်ဦးကို ခြံရံထားသည့်သက်တော်စောင့်အုပ်လိုက်ကြီးကိုမြင်လိုက်ရကာ သူတို့ကိုအလျင်အမြန်ဖြတ်ကျော်သွားခဲ့သည်။


ထိုအမျိုးသား၏ဘေးဘက်ခြမ်းသွင်ပြင်မှာ ကောင်းမွန်စွာထုဆစ်ထားသကဲ့သို့အချိုးကျပြီး နေကာမျက်မှန်နှင့် ဘေ့စ်ဘောဦးထုပ်ကိုဝတ်ဆင်ထားခဲ့သည်။ သူ၏မေးရိုးမှာကျဉ်းမြောင်းကာ ချွန်မြနေပြီး ကျယ်ပြန့်သောပုခုံး၊ သွယ်လျသောခါးနှင့်ခြေထောက်ရှည်ကြီးများကို ပိုင်ဆိုင်ထားခဲ့သည်။ ထိုသူ၏တစ်ကိုယ်လုံးမှာ သန်မာသောလွှမ်းမိုးနိုင်သည့်စွမ်းအင်မှာ ဖြာထွက်နေခဲ့လေသည်။


တစ်စုံတစ်ယောက်မှ သူ့ကိုစူးစမ်းနေသည်ဟု ခံစားလိုက်ရသည့်အတွက် ထိုသူမှ လှမ်းကြည့်လာခဲ့သည်။


ကောင်းကင်မှပြုတ်ကျလာသောပိုင်မုန့်ကြီးနှင့်ခေါင်းကိုရိုက်မိသွားသကဲ့သို့ ချီရှန်းချန်မူးလဲမလိုပင်ခံစားလိုက်ရကာ သင်္ချိုင်းဂူမှကျောက်တိုင်များ၊ ပျက်စီးသွားသောမိသားစုနှင့် လူသေများမှာ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားခဲ့သည်။


ဤအခိုက်တွင် ချီရှင်းချန်၏စိတ်ထဲ၌ အတွေးတစ်ခုသာကျန်ရစ်ခဲ့လေသည်။


ဒီစာအုပ်ထဲကူးပြောင်းလာရတာက သောက်ကျိုးနည်းကို မိုက်နေတာပဲ…



မဟုတ်သေးဘူး…


လာမည့်စက္ကန့်အနည်းငယ်အတွင်း ချီရှင်းချန်သတိပြန်ဝင်လာကာ သူ့ကိုယ်သူမေးခွန်းထုတ်လိုက်မိသည်။


ငါသေချင်နေတာလား…. သေချင်နေလား…


ငါသာမသေချင်ဘူးဆိုရင် ဘာလို့ဒီဝတ္ထုထဲကဇာတ်ကောင်ကို တွယ်ကပ်နေရမှာလဲ…


သူကဒီအတိုင်းမယ်ရီဆူးဝတ္ထုရဲ့ဇာတ်လိုက်ကောင်တစ်ယောက်ပဲ တကယ့်ပိုင်ရဲ့မဟုတ်ဘူး…


ငါ့ရဲ့တကယ့်အိုင်ဒေါနဲ့ဘယ်လိုလုပ်ယှဉ်နိုင်မှာလဲ…


တံခါးအပြင်ဘက်မှ မီဒီယာများကို ရှောင်တိမ်းရန်အတွက် သက်တော်စောင့်များမှ ပိုင်ရဲ့ကိုခြံရံကာ အလွန်လျင်မြန်စွာလျှောက်လာကြသောကြောင့် သူတို့မြင်ကွင်းမှပင် ပျောက်လုမတတ်ဖြစ်သွားခဲ့သည်။ ချီရှင်းချန် တိတ်တခိုးလက်သီးဆုပ်ကာ ထိုအရပ်ရှည်ပြီးချောမောသည့်လူကို တစ်ချက်ချောင်းကြည့်လိုက်လေသည်။


ရှေ့ဆက်လျှောက်ရမည့်လမ်းခရီးမှာ ရှည်လျားဝေးကွာလှကာ သူ့ကိုဆွဲဆောင်နိုင်ရန်မှာလည်း ဤဇာတ်လိုက်သည်ကိုင်တွယ်ရလွယ်ကူသူမျိုးမဟုတ်ချေ။


ည၏မက်မွန်ဝတ္ထု၏အဓိကအကြောင်းအရာမှာ ဇာတ်လိုက်မအတွက်သာဖြစ်ပြီး ဇာတ်လိုက်မတွင်ဖြစ်ပျက်ခဲ့သောအရာအားလုံးကို ရေးသားထားခြင်းဖြစ်ကာ ဇာတ်ကြောင်းအရလိုအပ်မှသာ အခြားသူများအကြောင်းထည့်သွင်းဖော်ပြပေးခြင်းမျိုးဖြစ်သည်။


ထို့ကြောင့် ပိုင်ရဲ့ ကုမ္ပဏီသို့ပြန်ရောက်လာသည့်ဇာတ်ကြောင်းမှာ စာအုပ်ထဲတွင် မပါဝင်ခဲ့ပေ။ သူအဘယ့်ကြောင့်ပြန်ရောက်လာသည်နည်းကိုလည်း ချီရှင်းချန်သိ‌မနေသည့်အတွက် ဟန်ချင်းနှင့်သာ ဦးဆုံးအကလေ့ကျင့်ခန်းသို့ ထွက်သွားလိုက်သည်။


ချီရှင်းချန် နာရီဝက်ခန့်ကြွက်သားများကို ဖြေလျော့လိုက်ပြီးနောက် ကိုယ်ကိုကိုင်းကာ ခြေထောက်များကိုခွဲရန်ကြိုးစားလိုက်သည်။ မူလကိုယ်မှာ အဆိုနှင့်အကကိုသင်ကြားထားခဲ့ဖူးသူဖြစ်သည်။ သူ့ထံတွင် အခြေခံရှိနေသော်လည်း အချိန်အတော်ကြာမလေ့ကျင့်ခံရပေ။ ထို့ထက်ပိုသည်မှာ မူလကိုယ်မှာ ငယ်ရွယ်စဉ်ကတည်းကအလိုလိုက်ခံထားရပြီး ခက်ခဲမှုများကို မခံစားခဲ့ရသူဖြစ်လေရာ သူ၏အခြေခံမှာ များစွာမခိုင်လှချေ။


သို့သော်လည်း သူ၏ခန္ဓာကိုယ်မှာ လုံလောက်အောင် ကွေးလွယ်ဆန့်လွယ်ရှိသောကြောင့် ရက်အနည်းငယ်ခန့်ဆက်၍လေ့ကျင့်လိုက်ပါက သူ၏အစစ်အမှန်ဘဝမှ အေရိုးဗစ်ကျွမ်းကျင်မှုများကို ပြန်လည်ရရှိပေလိမ့်မည်။


" ဝိုးးးးး " ချီရှင်းချန်လေ့ကျင့်နေစဉ် ရေထည့်ရာမှပြန်လာသည့်ဟန်ချင်းမှာ သူ၏ပါးစပ်ကိုကျယ်ကျယ်ဖွင့်၍ " ရှင်းရှင်း မင်းငါ့ကိုခြောက်နေတာပဲ… အခုလေးတင် မင်းနှစ်ပိုင်းပိုင်းသွားတော့မလို့နော်…"


"...."


ချီရှင်းချန် ထိုကဲ့သို့ဖော်ပြမှုမျိုးကိုတစ်ခါမှမကြားခဲ့ဖူးပေ။ ထို့ကြောင့် သူဝတ်ကျေတမ်းကျေသာပြန်ပြောလိုက်သည် " မလေ့ကျင့်တာကြာလို့လေ ငါ့ကြွက်သားတွေလျော့ပေးနေတာ…"


" ကြွက်သားတွေလျော့နေတာ…ဘာလို့လုပ်တာလဲ မင်းကသရုပ်ဆောင်မဖြစ်ချင်တော့ဘူးလားဟေ…"


ဟန်ချင်း လျှို့ဝှက်စွာတီးတိုးပြောလာသည် " ရှင်းရှင်း ငါဘာကြားလာလဲမှန်းကြည့်ကြည့်…"


" အစည်းအဝေးနဲ့ပတ်သက်တာတစ်ခုခုလား…"


" မင်းဒီရက်ပိုင်းအတွင်းဦးနှောက်ကိုများ အဆင့်မြှင့်နေတာလားဟေ… ဟုတ်တယ် ငါကြားလာတာ ကုမ္ပဏီက ပိုင်ရဲ့ကို ဟော့နေတဲ့ရသစုံရှိုးတစ်ခုယူပေးထားတယ်တဲ့…"


ချီရှင်းချန် မေးလိုက်မိသည် " တစ်ခါတလေသွားတဲ့ဧည့်သည်အနေနဲ့လား…"


" ဘယ်ကသာ အမြဲတမ်းဧည်သည့်အနေနဲ့တဲ့…" ဟန်ချင်း ခဏရပ်လိုက်ပြီး " မင်းသိတဲ့အတိုင်းပဲ ပိုင်ရဲ့ရဲ့အခြေအနေနဲ့ဆိုရင် ရသစုံရှိုးရလာဖို့ကမခက်ဘူးလေ…ငါထင်တာတော့ စာချုပ်ကရှယ်ကြီးပဲထင်တယ်…"


လက်တွေ့တွင်ဖြစ်စေ စာအုပ်ထဲတွင်ဖြစ်စေ ပိုင်ရဲ့မှာ ပုံမှန်အားဖြင့် တရုတ်နိုင်ငံတော်ရုပ်သံလိုင်းမှလွဲ၍ ကျန်သည့်ရသစုံရှိုးများကိုလက်မခံတတ်ပေ။


သူလက်ခံခဲ့လျှင်ပင် ၎င်းမှာ ရံဖန်ရံခါလာသောဧည့်သည်အနေနှင့်ဖြစ်ပြီး ပိုင်ရဲ့အနေနှင့် သူ၏ကျော်ကြားမှုနှုန်းကိုမြှင့်တင်ရန်အတွက် ရသစုံရှိုးများကို မှီခိုနေစရာမလိုပေ။


ဟန်ချင်းပြောခဲ့သည့်အရာမှာမူ ကုမ္ပဏီများ၏သုံးနေကြ " ငါ့တို့စီကအကောင်ကြီးကို ဖိတ်ခေါ်ချင်ရင် ပိုက်ဆံပေးရုံတင်မကဘူး ငါတို့ကုမ္ပဏီကနောက်ထပ်အနုပညာရှင်တစ်ယောက်ကိုလည်း ခေါ်ပေးရလိမ့်မယ်…" ဟူသောနည်းလမ်းပင်ဖြစ်လိမ့်မည်။


ပွင့်ပွင့်လင်းလင်းပြောရမည်ဆိုပါက ၎င်းမှာ တစ်ခုဝယ်တစ်ခုအပိုရနေ့လယ်စာကဲ့သို့ အခြားသောသူတစ်ဦးအား ရေစီးကြောင်းတွင် အတူလိုက်ပါစီးနင်းခွင့်ပြုခြင်းဖြစ်သည်။


ဤကဲ့သို့ အသစ်အသစ်တင်မြောက်ခြင်းအခွင့်အရေးဖြင့်ဆိုပါက ဒုတိယ သို့မဟုတ် တတိယအဆင့်သရုပ်ဆောင်အရည်အချင်းနှင့်ပင်လျှင် များစွာသက်ရောက်ခံရမည်မဟုတ်ချေ။


ချီရှင်းချန် အနည်းငယ်ထူးဆန်းနေသလိုခံစားလိုက်ရသည်။ ည၏မက်မွန်ဝတ္ထုမှဇာတ်ကြောင်းအရဆိုပါက ယခုအချိန်တွင် ပိုင်ရဲ့မှာအနားယူနေရမည်ဖြစ်ပြီး ဇာတ်လိုက်မနှင့်ပင်စားသောက်ဆိုင်တွင် ဆုံတွေ့ခဲ့ပြီးဖြစ်လေရာ အဘယ့်ကြောင့်ရသစုံရှိုးသို့သွားနေရသည်နည်း။


" ကုမ္ပဏီကစီစဉ်တဲ့နောက်ကိုလိုက်ရတာပေါ့…" ချီရှင်းချန် ခေါင်းကိုယမ်းကာ အကဗီဒီယိုကိုဖွင့်လိုက်ပြီး " ချင်း မင်းငါ့ကိုဒီနေရာလေးပြပေးလို့ရမလား…."


သူတို့နှစ်ဦး တစ်နေ့ခင်းလုံးကုန်သည်အထိလေ့ကျင့်ခဲ့ကြသည်။ ဟန်ချင်း၏အိမ်မှာ ကုမ္ပဏီမှာအတော်အတန်ကွာဝေးပေးရာ အဝတ်လဲခန်းတွင် အဝတ်အစားများကိုပြန်လည်လဲလှယ်လိုက်ပြီးနောက် ဟန်ချင်း ချီရှင်းချန်ကိုနှုတ်ဆက်လိုက်သည် " ရှင်းရှင်းရေ နောက်ဆုံးဘတ်စ်ကားမီဖို့အတွက် သွားရမလို့ ငါစောစောပြန်နှင့်ပြီနော်…"


" အေးအေး…" ချီရှင်းချန် ပြန်ဖြေလိုက်သည် " မနက်ဖြန်တွေ့ကြမယ်…"


ဟန်ချင်းစကားအနည်းငယ်ပြောလိုက်ပြီးနောက် ထွက်ခွာသွားခဲ့သည်။ အဆုံး၌ ချီရှင်းချန် ဟန်ချင်းကိုကိုင်တွယ်နိုင်ခဲ့ပြီဖြစ်သောကြောင့် နံရံကိုမှီ၍ ထိုင်ချကာ နဖူးမှချွေးများကို သုတ်ပစ်လိုက်သည်။


သူ၏အခြေခံအရည်အချင်းမှာ အားနည်းလှပြီး အချိန်အတော်ကြာအောင် လေ့ကျင့်ခဲ့သော်လည်း ယခုထိ အက၏အလယ်ပိုင်းသို့ပင်မရောက်နိုင်သေးပေ။ အကယ်၍သာ သူဇာတ်လိုက်နှင့်ဇာတ်လိုက်မတို့နှင့် ရင်းနှီးချင်သည်ဆိုပါက သူသေချာပေါက်လုပ်နိုင်မည်မဟုတ်ချေ။


ချီရှင်းချန် နာရီကိုကြည့်လိုက်ချိန်တွင် ည၉နာရီကျော်နေပြီဖြစ်သောကြောင့် ရေအနည်းငယ်သောက်ကာ ခဏမျှထပ်လေ့ကျင့်လိုက်သည်။


အကယ်၍ သူဒီနေ့ထိုအက၏အလယ်ပိုဒ်ကိုမရခဲ့ပါက ပြန်မည်မဟုတ်ချေ။


" တစ် နှစ် သုံး လေး…"


ချီရှင်းချန် မှန်ရှေ့တွင် ဆက်လက်လေ့ကျင့်နေသည်။ ညဆယ်နာရီအချိန်၌ နောက်ဆုံးကျန်ရစ်ခဲ့သောအနုပညာရှင်ပင်လျှင် ထွက်သွားပြီဖြစ်သောကြောင့် အဆိုလေ့ကျင့်ရေးအခန်းမှာ လုံးဝမဲမှောင်နေခဲ့ပြီဖြစ်သည်။


ညဆယ့်တစ်နာရီအချိန်တွင် အကလေ့ကျင့်ရေးခန်းမှလူများသည်လည်း အိမ်သို့ပြန်သွားကြပြီဖြစ်သောကြောင့် အစောင့်မှ အခြားလေ့ကျင့်ရေးခန်းများရှိ မီးများကိုလိုက်ပိတ်ပေးခဲ့ကာ ချီရှင်းချန်၏အခန်းတစ်ခုတည်းသည်သာ မီးလင်းနေခဲ့သည်။


ချီရှင်းချန် လေကောင်းလေသန့်အနည်းငယ်ရှုနိုင်ရန်အတွက် လေ့ကျင့်ရေးခန်း၏တံခါးကို အနည်းငယ်ဟလိုက်သောကြောင့် မီးရောင်တစ်ချက်လက်သွားပြီး သီချင်းသံမှာ တိတ်ဆိတ်မှောင်မိုက်နေသောလျှောက်လမ်းသို့ပင် ပြန့်နှံ့သွားခဲ့လေသည်။


ပိုင်ရဲ့ သူ၏သီချင်းဖန်တီးသည့်အခန်းမှထွက်လာချိန်တွင် ဆူညံသံကိုသတိပြုမိသွားသောကြောင့် အသံနောက်ကိုလိုက်ကာ အခန်း၏တံခါးအပြင်ဘက်တွင် ရပ်လိုက်သည်။


မိနစ်နှစ်ဆယ်ကုန်‌ဆုံးသွားခဲ့သည်….


မိနစ်လေးဆယ်ကုန်ဆုံးသွားခဲ့သည် …


ချီရှင်းချန်မှာမူ ရုတ်တရက် ယောင်္ကျားလေးသံတစ်ခုမှ သူ၏အတွေးများကိုမနှောင့်ယှက်လာခင်အထိ ပင်ပန်းရကောင်းမှန်းမသိသေးချေ " ကလေး မင်းဒီလိုလေ့ကျင့်လို့မရဘူး…"


အသံနိမ့်နိမ့်ထဲတွင် သံလိုက်ကဲ့သို့ဆွဲဆောင်နိုင်သည့် ပျင်းရိသံခပ်ပါးပါးပါဝင်နေကာ သူ၏နားထဲသို့ရောက်လာသည်နှင့် ချီရှင်းချန်၏ခေါင်းတစ်ခုလုံး ပေါက်ကွဲလုမတတ်ဖြစ်သွားခဲ့ရသည်။


သောက်ကျိုးနည်း… ဒါကသူ့အိုင်ဒေါရဲ့အသံမဟုတ်ဘူးလား…


ချီရှင်းချန် တောင့်တင်းစွာဖြင့် အနောက်သို့လှည့်မကြည့်နိုင်ခင်အထိ ကြောင်အနေခဲ့ရသည်။ သူပထမဦးဆုံးမြင်ခဲ့ရသည့်အရာမှာ ရှည်လျားသောခြေထောက်တစ်စုံဖြစ်ပြီး ဆက်ကြည့်လိုက်ချိန်တွင် လက်ပိုက်ကာ တံခါးကိုပျင်းတိပျင်းရွဲ့ဖြင့်မှီလျက် ဦးထုပ်ကိုအောက်သို့ငိုက်ငိုက်ဆောင်းထားသည့် ပိုင်ရဲ့ကို မြင်လိုက်ရလေသည်။ 


" အားသုံးတဲ့အနေအထားက မှားနေတယ်… မင်းဘယ်လောက်လေ့ကျင့်ကျင့် အသုံးဝင်မှာမဟုတ်ဘူး…" ပိုင်ရဲ့ သူ၏မေးကိုမော့လျက် " ငါ့ကိုမကြည့်နေနဲ့လေ သီချင်းဖွင့်ပြီး အစအဆုံးထပ်ကကြည့်ချည်…"


ချီရှင်းချန် တောင့်တင်းစွာဖြင့် ပြန်လှည့်သွားချိန်၌ သူ၏စိတ်ထဲတွင် ဗလာဖြစ်နေခဲ့သည်။


ချီရှင်းချန် ခေါင်းကိုငုံ့ကာ သူ၏မျက်နှာကို တဖပ်ဖပ်ရိုက်၍ မျက်တောင်ခပ်ကြမ်းကြမ်းခပ်ကြည့်လိုက်သည်။ ဤသည်မှာ အတုအယောင်ဖြစ်နေလျှင်ပင် သူ၏အသိစိတ်မှာရှိနေသေးသည်ပင်။


လေ့ကျင့်သည့်အခန်းတွင် နှစ်ဖက်မြင်မှန်များကပ်ထားသည့်အတွက် ချီရှင်းချန်၏သေးငယ်သောလှုပ်ရှားမှုလေးကို မြင်တွေ့လိုက်ရချိန်၌ နှာခေါင်းတစ်ချက်ရှုံ့လိုက်မိသည်။ ကံကောင်းစွာဖြင့် သူအကြာကြီးစောင့်ရန်မလိုလိုက်ဘဲ ချီရှင်းချန်မှာနောက်ဆုံးတွင်အသိဝင်လာက စတင်၍ကလာခဲ့သည်။


အက၏ပထမတစ်ဝက်သို့ရောက်ချိန်၌ ချီရှင်းချန် သူ့ကိုယ်သူ အနောက်ပြတင်းပေါက်မှဆရာကြည့်နေခြင်းကို ခံရသည့်မူလတန်းကလေးကဲ့သို့ခံစားလိုက်ရသည်။ ၎င်းမှာ မဆိုးသော်လည်း ကောင်းမနေခဲ့ချေ။


ဒုတိယတစ်ဝက်တွင် ပိုင်ရဲ့ပြသနာကိုရှာတွေ့သွားခဲ့ကာ လက်ပိုက်လျက် လျှောက်လာခဲ့သည်။ ထို့နောက် သူ၏လက်ထဲမှဇာတ်ညွှန်းကိုလိပ်ကာ ချီရှင်းချန်၏ခါးကိုရိုက်လိုက်လေသည်။


" ခါးအနေအထားက မှားနေတာ…"


ချီရှင်းချန် သူ၏ခြေထောက်များကို ရွှေ့လိုက်ချိန်တွင် ပိုင်ရဲ့မှသူ၏ပေါင်ကို ထပ်ရိုက်လာပြန်သည် " ခြေထောက်အနေအထားကလည်း မမှန်ဘူး…ပေါင်ကိုပင့်ထားရမှာ.."


သူ၏အိုင်ဒေါထံမှအရိုက်ခံလိုက်ရခြင်းကြောင့် ချီရှင်းချန် အံကြိတ်လျက်သာ တောင့်ခံလိုက်ရသည်။


အကပြီးဆုံးသွားသည့်အချိန်၌ ချီရှင်းချန် သူ၏လည်ပင်းမှလွဲ၍ ကျန်သည့်နေရာအားလုံးကို အရိုက်ခံလိုက်ရလေသည်။


ထိုနေ့လည်း မိုးများသည်းထန်စွာရွာသွန်းနေကာ ယိဖျင် သူမ၏ဖခင်ထံမှအ‌ရိုက်ခံရသည့်နေ့ထက်ပင် ပို၍သည်းထန်နေခဲ့သည်။


ပိုင်ရဲ့ သူ၏ရှေ့မှ မျက်လုံးများအောက်စိုက်ကာရပ်နေသောချီရှင်းချန်ကို‌ကြည့်၍မေးလိုက်သည် " ငါအခုပြောခဲ့တာတွေကို မှတ်မိပြီလား.."


" ဟုတ်ကဲ့…"


" ၄၂၃၄ လှုပ်ရှားမှုကိုလုပ်လိုက်.."


ချီရှင်းချန် ပိုင်ရဲ့၏ညွှန်ကြားချက်အတိုင်း အားပိုသုံးရန်ကြိုးစားလိုက်သည်။ ဤတစ်ကြိမ်မှာတော့ သူအရိုက်မခံရချေ။ သို့သော်လည်း သူ၏မျက်လုံးထောင့်မှချောင်းကြည့်လိုက်ချိန်စဉ် ပိုင်ရဲ့မှာကျေနပ်မှုမရှိသည်ကို မြင်လိုက်ရသည်။


အေရိုးဗစ်ကစားခြင်းနှင့်အကကခြင်းတို့မှာ အားသုံးရာတွင် ကွာခြားလှသည်။ ချီရှင်းချန်မှာ အေရိုးဗစ်ကို အသက်ငါးနှစ်အရွယ်မှစ၍လေ့ကျင့်ခဲ့သူဖြစ်လေရာ အလွန်အသားကျနေပြီဖြစ်သောကြောင့် ပြောင်းလဲမှုလုပ်ရန်အတွက်မူ ခက်ခဲနေခဲ့သည်။


ချီရှင်းချန် သူ၏ချို့ယွင်းချက်များကို ကိုယ်တိုင်သိနေသည့်အတွက် ပိုင်ရဲ့ သူ့အပေါ်စိတ်တိုင်းမကျနိုင်သည်မှာ အံ့ဩစရာမကောင်းပေ။ သူ၏ချွေးများရွှဲနစ်နေသော ဆံမြိတ်ကိုသာ ပွတ်သပ်လိုက်မိသည်။


" ဒါကမှန်ရဲ့လား…" သူ ဖြည်းဖြည်းချင်း ထပ်လုပ်ပြလိုက်သည်။


ပိုင်ရဲ့မှာ လူများကိုသင်ပြရာတွင် မကောင်းလှချေ။ ထို့ကြောင့် သူယခုအချိန်၌ မည်သို့ပြောပြရမည်ကို စဉ်းစားနေရသည်။ သို့သော်လည်း သူ၏ရှေ့မှကောင်လေးမှာ လှုပ်ရှားမှုများကို ကိုယ်တိုင်ချိုးဖျက်နိုင်မည်ဟု ‌သူမထင်ထားမိခဲ့ပေ။ ဤတစ်ကြိမ်မှာ ယခင်တစ်ကြိမ်ထက်ပိုကောင်းလှပြီး ထိုကောင်လေးမှာ အမှန်တကယ်ပင် သူ၏ဦးနှောက်ကိုအသုံးပြုနေပြီဖြစ်ကြောင်း ပိုင်ရဲ့မြင်နိုင်လေသည်။


အဆုံး၌ ပိုင်ရဲ့ သူ့ကိုအနီးကပ်ကြည့်လိုက်မိသည်။ ထိုလူရွယ်ကလေးမှာ သူ၏ဆံပင်များကို ပွတ်သပ်လိုက်ပြီးနောက် ပိုင်ရဲ့ သူကလေး၏လက်ဖဝါးထက်ပင် သေးငယ်သောမျက်နှာလေးကို မြင်တွေ့လိုက်ရသည်။


ထိုကောင်လေးတွင် မျက်ရစ်တစ်ထပ်၊နှာတံမြင့်မြင့်နှင့် သေးငယ်သောမေးရိုးတို့ပိုင်ဆိုင်ထားကာ အလွန်သန့်စင်လန်းဆန်းနေပုံရသည်။ သူ၏အသားအရေမှာ ဖြူဖွေးပြီး‌နူးညံ့ချောမွတ်နေကာ အစက်အပြောက်ဟူ၍မရှိဘဲ ကြယ်ပွင့်ဖြစ်ရန် မွေးဖွားလာသည့်လူအတိုင်းပင်။


ထိုသူမှာ ဘုရားသခင်၏ကောင်းချီးပေးခံရသူဖြစ်ပေလိမ့်မည်။


ဤကဲ့သို့သောရုပ်ရည်ဖြင့်ဆိုပါက သရုပ်ဆောင်အဖြစ် နာမည်ကျော်နိုင်သော်လည်း ဤကလေးမှာ အဘယ့်ကြောင့် ခက်ခက်ခဲခဲအဆိုတော်ဖြစ်အောင် ကြိုးစားနေရသည်လည်းဆိုသည်ကို ပိုင်ရဲ့မမေးခဲ့ချေ။ သူသည် တခြားသူများ၏အကြောင်းကို လိုက်လံစပ်စုချင်တတ်သည့်လူမျိုး မဟုတ်နေပေ။


" အချိန်လင့်နေပြီ လုပ်ကြစို့…" ပိုင်ရဲ့ သူ၏လက်ကို ချီရှင်းချန်၏ခါးပေါ်တွင် တင်လိုက်ကာ " ငါ့လက်နောက်ကိုလိုက်ပြီး မင်းရဲ့ခါးကိုဖြည်းဖြည်းချင်းလိမ်လိုက်ချည်…"


ချီရှင်းချန် သူ၏ကိုယ်ထဲရှိ‌‌သွေးများအားလုံးမှာ သူတို့နှစ်ဦးထိထားသည့်နေရာသို့သာ ကျဆင်းသွားပြီဟုခံစားလိုက်ရသည်။ ၎င်းမှာအလွန်ပူလောင်လှ၏။


အထူးသဖြင့် ပိုင်ရဲ့သူ၏အနီးသို့တိုးကပ်လာချိန်တွင် အေးစက်သည့်မွှေးရနံ့ဖျော့ဖျော့မှာ သူ၏နှာခေါင်းစီသို့ တိုးဝင်လာကာ ယားယံစေပြီး အာရုံမစိုက်နိုင်အောင်လုပ်နေလေသည်။


ချီရှင်းချန် သက်ပြင်းကြီးကြီးတစ်ချက်ချကာ သူ့ကိုယ်သူတည်ငြိမ်အောင်လုပ်လိုက်ပြီး ပိုင်ရဲ့လက်မှခွန်အားကို နည်းနည်းချင်းစီ ခံစားကြည့်လိုက်သည်။


ရလဒ်မှာမူ အလွန်ပင်သိသာလှသည်။ သူတို့နှစ်ဦးပေါင်း၍ကြိုးစားပြီးနောက်တွင် ချီရှင်းချန်လိုချင်သည့်ရလဒ်၏ ရှစ်ဆယ် သို့မဟုတ် ကိုးဆယ်ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့လေသည်။


" ခြေထောက်ကကော ဒီလိုလုပ်ရမှာလား…" ချီရှင်းချန် ခြေထောက်လှုပ်ရှားမှုကို ဖြည်းညင်းစွာလုပ်ဆောင်လိုက်သည်။


" ကောင်းကောင်းနားလည်သွားပြီပဲ…" ပိုင်ရဲ့အံ့ဩမှုများဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။