အပိုင်း၄
Viewers 28k

Chapter 4

Chapter 4




ပိုင်ရဲ့၏သင်ပြမှုဖြင့် ချီရှင်းချန် အကကိုလျင်မြန်စွာ သင်ယူသွားနိုင်ခဲ့ကာ သူ၏စိုရွှဲနေသောအဝတ်များဖြင့် အိမ်သို့ပြန်ရောက်သည့်အချိန်၌ မနက်နှစ်နာရီပင်ထိုးသွားခဲ့လေပြီ။


ချီမိသားစုဝင်များမှာ ယခုအချိန်၌ အိပ်ပျော်နေလောက်ပြီဟု သူထင်မိခဲ့သော်လည်း အိမ်ထဲသို့ဝင်လိုက်ချိန်တွင် ဧည့်ခန်း၏မီးမှာ လင်းနေခဲ့လေသည်။


မူလကိုယ်၏အစ်ကိုအကြီးဆုံးဖြစ်သော ချီယွမ်ရှောင်မှာ နိုးလာချိန်၌ ဧည့်ခန်းတွင်ထိုင်ကာ စာရွက်စာတမ်းများကို ဖတ်ရှုနေခဲ့သည်။


ချီရှင်းချန်အတွက်မှာမူ သူအိမ်သို့အလွန်နောက်ကျမှပြန်လာရသည့်အချက်မှာ အကလေ့ကျင့်ရန်နှင့် ချီမိသားစုဖြင့်ဆက်ဆံခြင်းကို လျော့ချရန်အတွက်ဖြစ်လေသည်။


သူငယ်ရွယ်စဉ်ကတည်းက မည်သည့်ဆွေမျိုးမှမရှိဘဲ တစ်ဦးတည်းနေလာခဲ့သော်လည်း ယခုအချိန်တွင် မိသားစုတစ်အုပ်ကြီးပေါ်ပေါက်လာကာ သူ့ကိုအလွန်ကောင်းစွာဆက်ဆံကြသည့်အတွက် ချီရှင်းချန်အဖို့ သက်တောင့်သက်သာဖြစ်မနေခဲ့ပေ။


တံခါးဖွင့်သံကိုကြားလိုက်ရသည့်အတွက် ချီယွမ်ရှောင် စာရွက်များကိုချကာ ရင့်ကျက်သည့်အမျိုးသားတစ်ဦး၏မျက်နှာကိုထုတ်ဖော်လိုက်ပြီး " ရှင်းရှင်း ပြန်ရောက်ပြီပဲ… သွား …ဆေးကြောပြီး အိပ်တော့…"


ချီရှင်းချန် သူ့ကိုယ်သူအားတင်းထားလိုက်ပြီး " အစ်ကို ညနက်တဲ့အထိစောင့်နေသေးတာလား…"


" မင်းလုံလုံခြုံခြုံပြန်ရောက်လာတာကို မြင်လိုက်ရပြီပဲလေ…" ချီယွမ်ရှောင် ညီငယ်ဖြစ်သူ၏နဖူးကိုပွတ်သပ်လိုက်ကာ " အစ်ကိုလည်းသွားအိပ်တော့မှာပါ…"


မူလကိုယ်မှာ ချီမိသားစုကို နော်ရာ၏အနီးအနားတွင်ပေါ်လာခွင့်မပြုခဲ့‌သဖြင့် ချီယွမ်ရှောင်မှာ သူ့ကိုနော်ရာအထိ လာမကြိုနိုင်ခဲ့ဘဲ အိမ်တွင်စောင့်နေရုံသာ တတ်နိုင်ခဲ့သည်။


ထို့အပြင် ချီယွမ်ရှောင်မှာ ချီရှင်းချန် ဘယ်သွားပြီး ဘာလုပ်နေလဲ ဟု မမေးခဲ့ပေရာ သူ၏ညီငယ်ဖြစ်သူကို အလွန်ပင်လေးစားမှုထားကြောင်း ထင်ရှားနေလေသည်။


ချီရှင်းချန်၏ခံစားချက်များရော‌ထွေးနေသည့်အတွင် " ကောင်းသောညပါ …" ဟုသာပြန်ပြောလိုက်ကာ အပေါ်ထပ်မှ သူ့အခန်းသို့တက်သွားလိုက်သည်။


တစ်နေ့ကုန် ချွေးများရွှဲနေသည်အထိ လေ့ကျင့်ခဲ့ရခြင်းကြောင့် ချီရှင်းချန် ထိုညတွင် ကောင်းစွာအိပ်ပျော်ခဲ့ပြီး နောက်တစ်နေ့မနက်တွင် ကုမ္ပဏီဝင်ပေါက်၌ ဟန်ချင်းကို ဝင်‌တိုက်မလိုဖြစ်သွားခဲ့ရသည်။


နော်ရာ၏ဆုံလည်တံခါးဘေးတွင် လူအများ ငုတ်တုတ်ထိုင်နေခဲ့ပြီး အမျိုးသားရော အမျိုးသမီးများပါ ပါဝင်နေသည်။ ထိုသူများမှာ သူတို့၏လက်ထဲတွင် သစ်သားဆိုင်းဘုတ်များကို ကိုင်ဆောင်ထားကြကာ သူတို့မျက်လုံးအောက်တွင် အမဲကွင်းများရှိနေခဲ့ပြီး သိသိသာသာပင် ၎င်းတို့မှာ ပါပါရာဇီများဖြစ်ကြလေသည်။


ဟန်ချင်းမှာ ယခင်က ဗီဒီယိုပ‌လက်‌ဖောင်းတစ်ခုမှ စွမ်းရည်ပြသသည့်ရှိုးတွင် ပါဝင်ခဲ့ဖူးသော်လည်း စော‌စီးစွာ ထုတ်ပယ်ခံခဲ့ရသောကြောင့် သူ့ထံတွင် ပရိသတ်များစွာမရှိနေဘဲ သင်တန်းသားတစ်ဦးနှင့်မခြားလှချေ။ မူလကိုယ်သည်လည်း အွန်လိုင်းဒရမ်မာတစ်ခုတွင်သာ ပါဝင်ခဲ့ဖူးကာ ထိုဇာတ်ကားအပြီးတွင် မည်သည့်ဇာတ်ကောင်မျှမရရှိခဲ့လေရာ မည်သည့်ကမှသူ့ကိုမသိသည့်အခြေအနေမျိုးဖြစ်နေခဲ့သည်။


ထို့ကြောင့်ပင် ဤလူအုပ်ကြီးမှာ မည်သူ့ကိုစောင့်နေကြကြောင်း ချီရှင်းချန်တို့ကိုယ်တိုင်သိရှိနေကြသည်။


ဟန်ချင်းမှ လျှာကိုကိုက်လိုက်ပြီး " ရှင်းရှင်း ငါတို့ကော ဘယ်အချိန်ကြရင် စီနီယာပိုင်ရဲ့လို နာမည်ကြီးပြီး ဖန်တွေအများကြီးလာစောင့်တာကို ခံရမှာလဲဟင်…"


" ဖန်‌တွေအများကြီးရှိတာကလည်း လုံးဝကောင်းနေတဲ့အရာတော့မဟုတ်ပါဘူးဟ…ကင်မရာတွေက မင်းမျက်နှာကိုတောက်လျှောက်ထိုးနေကြမှာလေ.. တစ်ရက်နှစ်ရက်တော့ဟုတ်တာပေါ့ အချိန်ကြာလာရင် မင်းစိတ်ညစ်လာလိမ့်မယ်…"


" ဟုတ်တယ်…" ဟန်ချင်း သဘောတူလိုက်ပြီး " ရှင်းရှင်း နောင်တစ်ချိန် မင်းလည်းဒီလိုအခြေအနေနဲ့ကြုံလာရရင် ဘယ်လိုလုပ်မှာလဲ.."


မီဒီယာများမှာ ပိုင်ရဲ့ကိုတူညီသည့်မေးခွန်းများ မေးမြန်းနေကြသည်။ ချီရှင်းချန် သူ၏အိုင်ဒေါအကြောင်းကို တွေးကာ ပြုံးလျက် " မင်းက ကျော်ကြားရခြင်းရဲ့အကျိူးအမြတ်ကို ပျော်မွေ့ချင်ရင်တော့ အဲဒါကယူလာပေးတဲ့ဒုက္ခတွေကိုလည်း ခံနိုင်ရည်ရှိရမှာပေါ့…"


ဟန်ချင်း ချီရှင်းချန်ကို အံ့ကြတကြီး ကြည့်လိုက်မိသည်။ ထို့နောက်သူတို့နှစ်ဦး ဓာတ်လှေကားရှိရာသို့ လျှောက်လာခဲ့ကြကာ ဓာတ်လှေကားသုံးခုစလုံးမှာ တက်လိုက်ဆင်းလိုက်ဖြင့် ပြေးလွှားနေကြသည်။


ဓာတ်လှေကားစောင့်နေစဉ် ဟန်ချင်းမှ တီးတိုးပြောလာခဲ့သည် " ရှင်းရှင်း ငါမနေ့ကမင်းကိုဘာပြောခဲ့လဲဆိုတာ မှတ်မိသေးလား…"


" အင်းလေ ဘာဖြစ်လို့လဲ.."


" ယုံကြည်ရတဲ့အချက်အလက်တွေအရဆို ရသစုံရှိုးက ဘတ်ဂျက်ခရီးသွားကြမယ် ဆိုတဲ့ဟာတဲ့… နောက်ရက်အနည်းငယ်အတွင်း ပါမဲ့ဧည်သည့်တွေကို ကြေငြာပေးတော့မယ်လို့ပြောတယ်…"


ဘာ.. ဘတ်ဂျက်ခရီးသွားကြမယ်လား…


ချီရှင်းချန်၏နှလုံးသားမှာ တစ်ချက်ထခုန်သွားခဲ့သည်။


ဇာတ်လိုက်နှင့်ဇာတ်လိုက်မတို့မှာ ဤရှိုးတွင်တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။


တစ်ချိန်တည်းမှာပင် ချီယွီကျီး၏လွှမ်းမိုးမှုနှင့်အတူ ကျိုးယွီမှာ ပိုင်ရဲ့ယူလာပေးသည့်အကျိုးအမြတ်များကို ခံစားလိုက်ရပြီး ဇာတ်လိုက်မကို ဤရှိုးတွင်ချစ်ကြိုက်သွားခဲ့သောကြောင့် ချီယွီကျီးကို လူဆိုးလုံးလုံးဖြစ်သွားစေခဲ့သည်။


သို့သော်လည်း မူရင်းဝတ္ထုတွင် ဤရသစုံရှိုးမှာ လဝက်လောက်နေမှ ကြော်ငြာမည်ဖြစ်လေရာ အဘယ့်ကြောင့် ဤဘဝတွင် ရှေ့သို့တိုးသွားရသည်နည်း….


အကယ်၍သတင်းများသာ မှန်ကန်နေမည်ဆိုပါက သူ၏သေဆုံးခြင်းမှာ အမြန်ခလုတ်ကို နှိပ်လိုက်ခြင်းနှင့်တူညီနေမည်ဖြစ်ပြီး သင်္ချိုင်းဂူကျောက်တိုင်တွင် သူ၏နာမည်ပေါ်လာရန်မှာ များစွာလိုတော့မည်မဟုတ်ချေ။


" ရှင်းရှင်း မြန်မြန်သေချာရပ်ချည် စီနီယာပိုင်ရဲ့လာနေပြီ…" 


ချီရှင်းချန် အတွေးနစ်နေစဉ် ဟန်ချင်းမှ တံတောင်နှင့်တွတ်ကာ သူ့ကိုလက်တွေ့အချိန်သို့ ပြန်ခေါ်လာပေးခဲ့သဖြင့် ချီရှင်းချန်မှာ သက်ပြင်းတစ်ချက်ချလိုက်ရကာ ဖြေရှင်းနိုင်ရန်နည်းလမ်း‌ကို စဉ်းစားနေခဲ့သည်။


ခပ်လှမ်းလှမ်းမှ ပိုင်ရဲ့မှာမူ ယမန်နေ့ကကဲ့သို့ပင် သက်တော်စောင့်တစ်အုပ်ကြီးဖြင့် ပရိသတ်များနှင့်ပါပါရာဇီများထံမှ လွတ်မြောက်လာကာ ဓာတ်လှေကားစီသို့ လျှောက်လာခဲ့သည်။


ဟန်ချင်းမှ " စီနီယာပိုင်ရဲ့ကတော့ ပိုပိုပြီးကို ချောလာတာ… သူသာရသစုံရှိုးမှာပါလိုက်ရင်တော့ တခြားလူတွေ သူ့ကိုလိုက်မှီတေ့ာမယ်တောင်မထင်ဘူး … ရှင်းရှင်း အရန်ပါမဲ့လူအတွက်လည်း တိုက်ခိုက်ကြလိမ့်မယ်ထင်တယ်နော်… နောက်ဆုံးကြဘယ်သူရသွားမယ်ထင်လဲဟင်…"


ချီရှင်းချန်မှ " ငါမမှန်းနိုင်ဘူး …  ဒါပေမယ့် ငါလည်း ဝင်ကြိုးစားကြည့်ချင်တယ်…."


" တကယ်ကြီးလား…" ဟန်ချင်း အံ့ဩသွားရသည် " မင်းကရသစုံရှိုးတွေကို စိတ်မဝင်စားဘူးမဟုတ်လား…"


" တကယ်ပြောတာ…"


ချီရှင်းချန်၏စိတ်ထဲတွင် ပိုင်ရဲ့လျှောက်လာမည့်အချိန်ကို တွက်ချက်လိုက်ကာ အသံကိုနှိမ့်၍ သုံးဆယ်ရာခိုင်နှုန်းကြေကွဲနေပြီး ခုနစ်ဆယ်ရာခိုင်နှုန်းခံစားချက်များအပြည့်နှင့်ပြောလိုက်သည် " ဘာဖြစ်လို့ဆို ငါကပိုင်ရဲ့ရဲ့ဖန်လေ…"


"......" 


ဟန်ချင်း လုံးဝပင် ကြောင်အသွားရသည်။


ဓာတ်လှေကားအနီးသို့ရောက်ခါနီးတွင် ထိုစကားများကိုကြားလိုက်ရသည့်ပိုင်ရဲ့ : " ????? " 


ဒင်ခနဲအသံနှင့်အတူ ဓာတ်လှေကားရောက်ရှိလာပြီဖြစ်သည်။


ပိုင်ရဲ့ ချီရှင်းချန်ကို တစ်ချက်ကြည့်လိုက်ကာ ဓာတ်လှေကားထဲသို့ ဝင်သွားခဲ့သည်။ ချီရှင်းချန်မှာမူ ရှော့ရစေမည့်စကားများပြောထားခဲ့သည်မှာ သူမဟုတ်သည့်အလား မသိချင်ယောင်ဆောင်ကာ သူ၏ဘဝကို မေးခွန်းထုတ်နေသေးသည့်ဟန်ချင်းကို အရှက်မရှိသကဲ့သို့ ဆွဲခေါ်၍ ဓာတ်လှေကားထဲပစ်ထည့်လိုက်သည်။


အနုပညာနယ်ပယ်ထဲတွင် ဘီအဆင့်အနုပညာရှင်များအတွက် အေအဆင့်အနုပညာရှင်များ၏ပရိသတ်များဖြစ်လေ့ရှိသည်မှာ ပုံမှန်ပင်ဖြစ်ပြီး အချို့သူများဆိုလျှင် သူတို့၏အိုင်ဒေါနောက်လိုက်ကာ အိမ်ထောင်စုစာရင်းထဲထည့်နိုင်သည်အထိပင် ဘဝ၏အနိုင်ရရှိသူများဖြစ်ခဲ့ကြသည်။


အထူးသဖြင့် ပိုင်ရဲ့၏လက်ရှိကျော်ကြားမှုကြောင့် များစွာသောဝါရင့်သရုပ်ဆောင်များသည်ပင် သူ့ကိုနှစ်သက်ကြောင်းပြောဆိုကြသည်ဖြစ်ရာ ချီရှင်းချန် သူပိုင်ရဲ့၏သံသယကိုမတူးဖော်မိလောက်ဘူးဟု တွေးလိုက်သည်။


သူထိုအကြောင်းကို ပြောခဲ့ခြင်းမှာ ပိုင်ရဲ့နှင့် ရင်းနှီးမှုရယူနိုင်ရန်အတွက်ဖြစ်လေသည်။ အစပိုင်းတွင် သူတဖြည်းဖြည်းချင်းသာလုပ်ဆောင်ရန်ကြံစည်ထားခဲ့သော်လည်း ကိစ္စများမှာ အရှေ့ရောက်ကုန်မည်ဟု မည်သူကများပြောနိုင်ပါမည်နည်း။ အကယ်၍ ချီရှင်းချန်အဖို့ သူမသေချင်ဘူးဆိုပါက သူသည်လည်း အရှိန်လိုက်မြှင့်ရပေလိမ့်မည်။


ထို့အပြင် ချီရှင်းချန် ဘတ်ဂျက်ခရီးသွားကြမယ် အစီအစဉ်တွင်လည်း နေရာတစ်ခုရရှိရန် လိုနေသေးသည်။ သူ ကျိုးယွီနှင့်ဇာတ်လိုက်မတို့ကို တွေ့ဆုံခွင့်မပေးနိုင်ပေ။ ဇာတ်လိုက်နှင့်ဇာတ်လိုက်မတို့၏လှုပ်ရှားမှုများကို သေချာစွာလေ့လာအကဲခတ်နိုင်မှသာ တစ်စုံတစ်ခုဖြစ်ပျက်လာချိန်၌ သူ့ကိုယ်သူကယ်တင်နိုင်မည်ဖြစ်သည်။


ဓာတ်လှေကားမှ အပေါ်သို့တက်သွားချိန်တွင် ပိုင်ရဲ့မည်သည့်စကားမှမပြောခဲ့ချေ။ အခန်း၏အတွင်းနံရံများကိုဖြတ်ကျော်၍ သူတည့်တည့်ကြည့်နေသည်ကို ဝိုးတဝါးသာမြင်နိုင်သည်ဖြစ်ကာ ချီရှင်းချန်မှာ သူ၏အတွေးများကို ဖြတ်၍မမြင်နိုင်ခဲ့ပေ။


အကလေ့ကျင့်ခန်းမှာ ခြောက်လွှာတွင်ရှိပြီး ဓာတ်လှေကားမှထွက်လာချိန်တွင် ဟန်ချင်းရင်ဘတ်ကိုပုတ်ကာ " သောက်ကျိုးနည်း ငါတော့လန့်သေတော့မှာပဲ…မင်းဘယ်တုန်းက ပိုင်ရဲ့ကိုကြွေသွားတာလဲဟ… ငါဘာလို့မသိခဲ့တာလဲ…"


ထိုစကားမှာ တစ်မျိုးဖြစ်နေသည်ဟု ချီရှင်းချန်ခံစားလိုက်ရသောကြောင့် " ဒါကကြွေသွားတာမဟုတ်ဘူး ဒီအတိုင်း ဖန်တစ်ယောက်က အိုင်ဒေါကိုသဘောကျရုံပဲ…" ဟုရှင်းပြလိုက်သည်။


" ငါလည်း တခြားဟာပြောတာမဟုတ်ပါဘူးလေ… ဒါပေမယ့် မင်းရဲ့အိုင်ဒေါက ဂျိမ်းမဟုတ်ဘူးလား…"


" ပြောင်းသွားပြီ…" ချီရှင်းချန် ပေါ့ပေါ့ပါးပါးပင် ဆင်ခြေတစ်ခုထုတ်ပေးလိုက်သည် " မနေ့ည မင်းပြန်သွားတုန်းက စီနီယာပိုင်ရဲ့က အကလေ့ကျင့်ခန်းကနေ ဖြတ်သွားတယ်လေ… ငါတလွဲတွေကနေတာကိုမြင်ပြီး နည်းနည်းထောက်ပြပေးသွားတာ… ငါတော့ သူကရုပ်လည်းချောတယ်…သန်လည်းသန်မာတယ် ပြီးတော့ သူ့အောက်ကမျိုးဆက်တွေကိုလည်း ကြည့်ရှုပေးတတ်လို့တွေးမိတာနဲ့… အဲဒါကြောင့် ငါသူ့ဖန်ဖြစ်သွားခဲ့တာ…"


ဟန်ချင်းမှာ စိတ်တိုရလွန်းသောကြောင့် မျက်ရည်နှင့်နှာရည်များပင် ကျလုမတတ်ဖြစ်သွားခဲ့ရသည်။ ယမန်နေ့ညတွင် အကလေ့ကျင့်ကာမနေခဲ့မိသည်ကို နောင်တရသွားခဲ့သည်။ သူသာနေခဲ့ပါက သူသည်လည်း ပိုင်ရဲ့ထံမှ သင်ပြမှုအနည်းငယ်ရရှိနိုင်လိမ့်မည်ပင်။


အထူးသဖြင့် ချီရှင်းချန်၏ရုတ်ချည်းပြောင်းလဲသွားသောအမူမယာကိုမြင်လိုက်ရချိန်တွင် သူမနေနိုင်ဘဲ ညည်းတွားမိသွားသည်။


" ရင့်ကျက်တယ်ဆိုတာ အမြဲတမ်းအထီးကျန်တဲ့လမ်းမရှည်ကြီးပဲ…အတွေးအခေါ်နဲ့လေ့ကျင့်မှုတွေက ညွှန်ပြချက်ထက် အများကြီးအရေးပိုပါပါတယ်လေ…" ထိုစဉ် ချီရှင်းချန် သူ၏ ထသွားထလာဘောင်းဘီကို လိပ်တင်လိုက်ကာ သူ၏‌ဖြူဖွေးသေးသွယ်သော ခြေကျင်းဝတ်ကိုထုတ်ဖော်လိုက်ပြီး ဟန်ချင်းကို ကြားဖြတ်ပြောလိုက်သည် " ရှောင်ချင်း သီချင်းဖွင့်လိုက်… ငါနဲ့အရင်ဆုံးဆယ်ခေါက်လောက်အတူကရအောင်…"


ဟန်ချင်း‌ ပြောစရာစကားများပျောက်ရှသွားရသည် " အမေရေ သားတော့သေပြီပဲ…"


ဤအသက်အရွယ်ကောင်လေးများမှာ ထိုကဲ့သို့ပင်။ သူတို့ထံတွင် လုံလောက်အောင်ခိုင်မာသည့်စိတ်ထားမျိုးမရှိပါက အလွယ်တကူလက်လျော့သွားကြမည်ဖြစ်သော်လည်း တစ်စုံတစ်ယောက်မှ သူတို့နှင့်လိုက်ပါလာခဲ့လျှင် သူတို့၏ဂုဏ်သိက္ခာအတွက် အဆုံးတိုင်တောင့်ခံကြမည်ဖြစ်သည်။


အဆုံးပိုင်းသို့ရောက်သွားချိန်၌ ဟန်ချင်း သူ၏ဝိညာဉ်မှ ခန္ဓာကိုယ်မှထွက်ခွာသွားသည်ဟုပင် ခံစားလိုက်ရသည်။ မည်သို့ပင်ဖြစ်စေ ချီရှင်းချန်မှာမူ ၎င်းနှင့်အသားကျနေပြီဖြစ်ကာ စိတ်ရှည်လက်ရှည်ဖြင့် လက်မောင်း၏အနေအထားနှင့် ပြင်ဆင်ထားသောပုံစံကိုထပ်ခါတလဲလဲကြည့်ရှုနေခဲ့သည်။ သူ ထိုအတိုင်းအရှုံးကိုလက်မခံနိုင်ချင်ပေ။


ဆယ်ကြိမ်တိုင်အောင်ကခုန်လိုက်ပြီးနောက် ဟန်ချင်း ကြမ်းပြင်ပေါ်တွင်တွားသွားလျက် " ရှင်းရှင်း မင်းဒီနေ့မကောင်းတာတစ်ခုခုများ ပူးကပ်ခံနေရတာလား… ဘာလို့ဒီလောက်တက်ကြွနေရတာလဲ…"


" မကြိုးစားရင် ဘယ်လိုလုပ်ပြီး ကျွမ်းကျင်သူဖြစ်လာမှာလဲ…" ချီရှင်းချန် အားဖြည့်အချိုရည်ကို ဟန်ချင်းကိုပေးလိုက်ပြီး " ထတော့ ငါတို့ငါးခေါက်လောက်ထပ်လုပ်ရအောင်…"


ဟန်ချင်းမှာ ပြောစရာစကားမဲ့သွားရပြန်သည် " ငါလူးတဲ့မှ "


မည်သည့်လှုပ်ရှားမှုမှ မရှိသေးသော‌ အနုပညာရှင်ပေါက်စများတွင် အချိန်များစွာ ရှိကြသည်ဖြစ်ရာ နေ့လည်ပိုင်းတွင် ချီရှင်းချန် ဟန်ချင်းကို စန္ဒယားခန်းထဲသို့ ဆွဲခေါ်သွားခဲ့သည်။


ညစာစားချိန်သို့ နီးကပ်လာချိန်၌ ဟန်ချင်းဖုန်းတစ်ကောဖြေရန် အပြင်သို့ထွက်သွားခဲ့သည်။ သူပြန်ရောက်လာချိန်၌ သူ၏မျက်နှာမှာ ဝင်းပနေကာ ဖုန်းအားချီရှင်းချန်ထံဝှေ့ယမ်းပြလိုက်ပြီး " ရှင်းရှင်း နှစ်လကြာပြီးနောက် နောက်ဆုံးတော့ ငါ့အေးဂျင့်က ငါ့ကိုသတိရလာခဲ့ပြီ…"


" တစ်ခုခုထုတ်ပြန်ထားတာ ရှိလို့လား…"


" မဟုတ်ဘူး ဒါက ဘတ်ဂျက်ခရီးသွားကြမယ် အစီအစဉ်အတွက် လူတွေ့ဖြေတဲ့အကြောင်းပဲ…" ဟန်ချင်းတုံးအစွာ ပြုံးလျက် သူပြောတာတော့ ငါ့အချက်အလက်တွေကို ထုတ်လုပ်သူစီ သူပို့ပေးထားတယ်တဲ့… ငါသာဒီတစ်ကြိမ်အရွေးခံရမယ်ဆိုရင် ငါတို့အဆင်ပြေသွားလိမ့်မယ်…"


အမှန်တော့ ဟန်ချင်း၏ရုပ်ပိုင်းဆိုင်ရာအရည်အချင်းမှာ မဆိုးလှပေ။ သူသည်ချစ်စရာကောင်းသည့်အပြင် အကနှင့်အဆိုတွင်လည်း သာမန်ထက်သာလွန်နေပြီဖြစ်ရာ သူ့အတွက် ဘီသို့မဟုတ် စီအဆင့်အနုပညာရှင်တစ်ဦးဖြစ်လာရန်မှာ အခွင့်အရေးတစ်ခုသာလိုတော့သည်။


ပျော်ရွှင်နေပြီးနောက် ဟန်ချင်း ချီရှင်းချန်ကို မေးလိုက်သည် " ရှင်းရှင်း မင်းကောသတင်းကြားပြီးပြီလား…"


ချီရှင်းချန် ခေါင်းယမ်းပြလိုက်သည်။


" ငါသာသွားလို့ရမယ်ဆိုရင် ငါလည်းသေချာပေါက်သွားမှာပေါ့… နည်းနည်းလောက်ထပ်စောင့်ကြည့်ရအောင်…"


ကံ‌မကောင်းစွာဖြင့် ညကိုးနာရီအချိန်ထိ ချီရှင်းချန် မည်သည့်သတင်းကိုမှ မကြားခဲ့ရပေ။


ချီရှင်းချန် သူ၏သေဆုံးခြင်းကို ထိုကဲ့သို့ထိုင်မစောင့်နိုင်တော့သောကြောင့် မူလကိုယ်၏အေးဂျင့်ဖြစ်သူ တုလန်ရှင်းကို တိုက်ရိုက်ဖုန်းခေါ်လိုက်သည်။


ပထမတစ်ကောတွင် ကိုင်မည့်သူမရှိခဲ့ချေ။ ဒုတိယတစ်ကောမှာ ဝင်သွားပြီးနောက် ဖုန်းကိုင်လာကာ တစ်ဖက်မှတုလန်ရှင်း၏အသံမှာ ထွက်ပေါ်လာခဲ့သည် " မြန်မြန်ပြော ငါထမင်းစားနေတာကို မနှောင့်နှေးစေနဲ့…"


" …. အစ်မရှင်း…" ချီရှင်းချန် တည့်တည့်သာပြောလိုက်သည် " ကျွန်တော် ခရီးအတူသွားကြမယ်အစီအစဉ်အတွက် လူတွေ့ဖြေချင်တယ်…"


တစ်ဖက်သူမှ အချိန်အတော်ကြာသည်အထိ တိတ်ဆိတ်သွားပြီးနောက် " မင်းကချီရှင်းချန်လား…"


" ဟုတ်ကဲ့…"


" ဒါဆို မင်းဘာတွေအိမ်မက်မက်နေတာလဲ… မင်းကိုယ်မင်းလည်း တစ်ချက်ပြန်ကြည့်ပါဦးလား…"


ထိုသို့ပြောပြီးနောက် တုလန်ရှင်း သူမစကားများအလွန်ကြမ်းတမ်းမိသွားပြီဟု ခံစားလိုက်ရသည့်အတွက် " ချီရှင်းချန် ငါအပေါက်ဆိုးတာကို အပြစ်မတင်နဲ့…ဒါပေမယ့် မိုင်မန့်တီဗွီရဲ့ နာမည်ကြီးရသစုံရှိုးက လူတိုင်းသွားလို့ရတဲ့နေရာမဟုတ်ဘူးဆိုတာ မင်းသိသင့်တယ်…"


" ကျွန်တော်သိပါတယ်…" ချီရှင်းချန် ပြန်ဖြေလိုက်သည်။


" ဒါဆိုရင် ငါမင်းကိုပွင့်ပွင့်လင်းလင်းပဲပြောလိုက်မယ်…အရင် မင်းကိုကျောင်းမှာတွေ့တုန်းက မင်းရဲ့ရုပ်ရည်ကို ငါတကယ်သဘောကျခဲ့ပြီးတော့ ကောင်းကောင်းလေ့ကျင့်ပေးချင်ပေမဲ့လည်း မင်းကဒီလောက်ရမ်းကားမှာကိုတော့ ငါမထင်ထားခဲ့ဘူး…"


သူမ ခဏရပ်တန့်လိုက်ပြီး " တကယ်လို့ လူသစ်တွေက တစ်ခုခုလိုချင်တယ်ဆိုရင် ပြန်ပေးစရာတစ်ခုခုလည်းရှိရမှာပေါ့…ဥပမာပြောရမယ်ဆိုရင် ငါမနှစ်ကမင်းတို့ ချမ်းသာတဲ့အမျိုးသမီးတွေပြည့်နေတဲ့ပါတီကို ခေါ်သွားပေးခဲ့တယ်… အဲဒီထဲက ဘယ်သူမဆို မင်းကို ထောက်ပံ့ပေးနိုင်ပေမယ့် မင်းကတော့ အကြောင်းပြချက်ပေးပြီး ထွက်ပြေးသွားခဲ့တယ်…"


" မင်းမှာ မင်းသားလေးလိုဘဝမျိုးမရှိပေမယ့် မင်းကမင်းသားရူးရူးနေတာပဲ…" တုလန်ရှင်း နှာခေါင်းရှုံ့လိုက်ပြီး " မင်းလိုနောက်ခံနဲ့သာဆိုရင် မင်းကိုယ်ပေါ်မှာတန်ဖိုးအကြီးဆုံးက မင်းမျက်နှာလေးပဲဖြစ်မှာ…ဖြောင့်မတ်ချင်ယောင်ဆောင်နေရအောင် မင်းကဘာမလို့လဲ…နောက်ဆုံးကြတော့ မင်းတစ်ယောက်ပဲ ခံစားလိုက်ရတာမလား…"


" ပြီးတော့ ချမ်းသာတဲ့လေဒီတစ်ယောက်ကို ခစားတယ်ဆိုတာ ယောင်္ကျားတစ်ယောက်အတွက် မရှုံးပါဘူး…ငါမင်းကို ယောင်္ကျားချင်းသဘောကျတဲ့ နှာဘူးကောင်တွေစီပို့တာတောင်မဟုတ်ဘူးနော်…ဒါပေမယ့် မင်းကငါ့ကိုလုံးဝနားလည်မပေးဘူးပဲ...ဟူးးး ငါကြိုးကြိုးစားစားပျိုးထောင်ပေးခဲ့တာတွေက အချည်းနှီးဖြစ်သွားခဲ့ရပြီ…"


တုလန်ရှင်း သက်ပြင်းချဟန်ဆောင်လိုက်ချိန်၌ ချီရှင်းချန်၏မျက်လုံးများမှာ ပို၍နက်မှောင်လာခဲ့သည်။