အပိုင်း၅
Viewers 26k

Chapter 5

Chapter 5



ချမ်းသာသောမိသားစုမှသက်ဆင်းလာပြီး သူ့ကိုသူသက်သေပြရန်အတွက် ကြိုးစားပုန်ကန်နေခဲ့သောမူလကိုယ်နှင့် နှိုင်းယှဉ်ပါက ချီရှင်းချန်မှာ ငယ်ရာမှကြီးလာသူဖြစ်သောကြောင့် တုလန်ရှင်းပြောနေသည့် အရွယ်ရောက်သူများ၏စည်းမျဉ်းများကို သိရှိနေခဲ့သည်။


သို့သော်လည်း ….


" အစ်မရှင်း…"


ချီရှင်းချန် ဒေါသကိုဖိနှိပ်ကာ သူ၏အသံကိုတည်ငြိမ်အောင်ကြိုးစားလိုက်ပြီး " ဆင်းရဲတာက အပြစ်မဟုတ်ဘူး…ပြီးတော့ ကိုယ့်ရဲ့ကျင့်ဝတ်နဲ့ခန္ဓာကိုယ်ကို ရောင်းစားဖို့အကြောင်းပြချက်လည်း မဟုတ်ဘူး… အောင်မြင်ဖို့အတွက် ဒီလိုမျိုးအိပ်ရာပေါ်တက်သွားတဲ့‌ဖြတ်လမ်းနည်းတစ်ခုပဲရှိတာမှမဟုတ်တာ…" 


ဆယ်ကျော်သက်ကလေး၏စကားများကို နားထောင်ပြီးနောက် တုလန်ရှင်း ယမန်နှစ်ပါတီမှထွက်ပြေးသွားသည့်အချိန်၌ သူ့ထံဖုန်းခေါ်ကာပြောခဲ့သည့်ချီရှင်းချန်၏စကားများကို ပြန်လည်သတိရသွားသည်။


ချီရှင်းချန်မှ သူ့ကို " အနံ့ထွက်နေတဲ့ခွေးမ၊ သေနေတဲ့ပြည့်တန်ဆာခေါင်း ၊ ကားတိုက်သေပါစေလို့ဆုတောင်းပါတယ်…" စသည်တို့‌ဖြင့် ကျိန်းမောင်းခဲ့လေရာ ယခုဖုန်းမှာ တစ်စုံတစ်ယောက်မှ ဉာဏ်ဆင်ထားသည်ဟုပင် သူမအလွန်သံသယဖြစ်မိသွားသည်။


တုလန်ရှင်း နှုတ်ခမ်းကိုကိုက်ကာ လှောင်ပြောင်လိုက်သည် " ဒါဆိုရင် မင်းမှာဘယ်လိုလမ်းကြောင်းတွေများရှိနေတာမလို့လဲ…"


" ဝင်ခွင့်ဖြေဖို့ အစ်မကူညီနေသေးသရွေ့…" ချီရှင်းချန် အပေးအယူလုပ်ဟန်ဆောင်ကာ " ကျွန်တော် ဒီနှစ်ရသစုံရှိုးကရသမျှ လစာတစ်ပြားမှမယူဘဲ အကုန်အစ်မကိုပေးမယ်…ဘယ်လိုလဲ…"


အကုန်ပေးမှာလား… 


သူမသာပိုက်ဆံမလိုချင်ဘူးဆိုပါက ၎င်းမှာအလကားဖြစ်သွားပေလိမ့်မည်။ ထို့အပြင် ၎င်းမှာ ချီရှင်းချန်၏အချက်အလက်များကို ထုတ်ဝေသူထံပို့ပေးရန်သာဖြစ်သောကြောင့် တုလန်ရှင်း၏စိတ်မှာ ချက်ချင်းဆိုသလို တက်ကြွလာကာ သူမအလွယ်တကူသဘောတူလိုက်သည်။


အပေးအယူဖြစ်သွားပြီးနောက် တုလန်ရှင်းမှ ဦးစွာဖုန်းချသွားခဲ့သည်။ ချီရှင်းချန် ဖုန်းကောကို အသံဖမ်းယူထားသည့်ဖိုင်ကိုဖွင့်၍ ပြန်လည်နားထောင်ကြည့်ကာ မည်သည့်လွဲချော်မှုမှမရှိကြောင်း အတည်ပြုပြီးသည့်နောက်တွင် ခုံပေါ်သို့ လေးလံစွာဖြင့် မှီချလိုက်သည်။


ထို‌အေးဂျင့်မှာ အလွန်ရွံရှာစက်ဆုပ်ဖွယ်ကောင်းသောကြောင့် သူ၏ဖုန်းကိုထုခွဲလုမတတ်ဖြစ်သွားခဲ့ရသော်လည်း သူ၏ရှေ့မှအခွင့်အရေးမှာ တုလန်ရှင်းသာ ပေးနိုင်သည့်အရာဖြစ်သောကြောင့် ချီရှင်းချန်ယခုအချိန်ထိ သည်းခံနေရခြင်းဖြစ်သည်။


ချီရှင်းချန် သူ့ကိုယ်သူတည်ငြိမ်သွားစေရန် ရေအနည်းငယ်သောက်လိုက်ပြီးနောက် ယမန်နေ့က ဖွင့်ထားခဲ့သည့်ဝေ့ပေါ်အကောင့်ကိုဝင်ကာ ပိုင်ရဲ့၏ဝေ့ပေါ်နှင့်ပိုင်ရဲ့၏စူပါရေစီးကြောင်းကို ဖောလိုးလုပ်လိုက်သည်။


ထို့နောက် အလွန်ချောမွေ့စွာပင် ဝေ့ပေါ်အကောင့်ကိုဝင်ကာ အခြားသူများ၏ပို့စ်များတွင် ကွန်မန့်ရေးခြင်းနှင့် ပြန်တင်ခြင်းတာဝန်များကို လုပ်ဆောင်လိုက်ပြီးနောက် သူ၏ပထမဦးဆုံးဝေ့ပေါ်ပို့စ်ကို တင်လိုက်သည်။


ဆည်းဆာသို့တောင့်တခြင်း : [ ငါတော့သေမျိုးလောကကို သက်ဆင်းလာတဲ့နတ်သားတစ်ပါးကို ချစ်မိသွားခဲ့ပြီ ]


ငါးမိနစ်အကြာတွင် ဒုတိယပို့စ်ကို ထပ်တင်လိုက်လေသည်။


ဆည်းဆာသို့တောင့်တခြင်း : [ ငါရဲ့ကောရဲ့ သူငယ်ချင်းတစ်ယောက်စီက ကြားထားတာတော့ လောင်ကုန်းက ဘတ်ဂျက်ခရီးသွားကြမယ်ရဲ့ ဒီတစ်ခေါက်ရာသီမှာ ပါမယ်တဲ့…ငါတော့ မျှော်လင့်နေမိပြီ ]


ခဏအကြာတွင် ဝေ့ပေါ်တွင် ပတ်ကြည့်နေသောဖန်တစ်ဦးမှာ စာပြန်လာခဲ့သည်။


ဆာမန်ရှ် : [ တကယ်လား… ]


ငါ့ပေါ်မှာရှိနေတဲ့ပိုင်ရဲ့ : [ အသိသားကြီးကို အဲဒီသူငယ်ချင်းက အတုပဲဖြစ်ရမယ် ကောလဟာလတွေပြောတဲ့သူ ထွက်သွားစမ်း ]


သမိုင်းမတင်မီခေတ်က ကောင်မလေး : [ ကျယ်မေ့ရဲ့အိုင်ဒီအဓိပ္ပါယ်က ချစ်သူတွေက ညတာရှည်ကို ကိုယ်စားပြုပြီးတော့ တစ်ယောက်ကိုတစ်ယောက်တစ်ညလုံးတမ်းတနေရတယ် လို့ဆိုလိုတာမလား… အရမ်းရိုတာပဲ ]


မင်းရဲ့နှင်းဆီ : [ ဟမ့် ဒီတီဗွီကတော့ ငါ့ရဲ့ကျော်ကြားမှုတွေကို အခွင့်ကောင်းယူချင်နေပုံပဲ… နောက်တစ်ခါကြရင် ငွေများများသုံးပြီးတော့ ဖန်တွေပါတဲ့ရေတပ်တွေများများဝယ်ထားနော် ဟုတ်ပြီလား ]


ချီရှင်းချန် : "....."


သူ၏ ဖောလိုးထားသူတစ်ဦးနှင့် ပရိသတ်သုညဟူသော အခြေအနေကိုကြည့်လိုက်မိသည်။ ကြည့်ရသည်မှာ သူအမှန်တကယ်ပင် ဤသည်ကို လျစ်လျူရှုမိခဲ့ပုံပင်။


သူထောင်ပေါင်ကိုဖွင့်ကာ မူလကိုယ်၏ဘဏ်ကဒ်ဖြင့် ပရိသတ်သုံးထောင်ခန့်ကိုရက်ရောစွာဝယ်လိုက်ပြီးနောက် သူ၏ဝေ့ပေါ်သို့ပြန်ပြောင်းကာ သူ့နာမည်ကိုရိုက်ထည့်လိုက်သည်။


ပထမထွက်ပေါ်လာသည့်အသုံးပြုသူမှာ သူ၏နော်ရာမှအနုပညာရှင်အဖြစ် တရားဝင်စာရင်းသွင်းထားသောသူ၏အကောင့်ဖြစ်သည်။


ပရိသတ်ဦးရေ : ၂၃၀၀၀


ချီရှင်းချန် အတွေးနက်ထဲကျရောက်သွားခဲ့သည်။ ဖန်များဝယ်မပြီးသေးသောအခြားအကောင့်ပေါင်းများစွာရှိနေသည်ဖြစ်ရာ မူလကိုယ်မှာမည်သည့်အရာများမှားယွင်းနေသည်နည်း။ အဘယ့်ကြောင့်ဤသို့ ရှုပ်ပွနေခဲ့ရသည်လဲ….


သူအဓိကစာမျက်နှာသို့ ထပ်မံဝင်လိုက်သည်။ ၎င်းတွင် ပို့စ်အနည်းငယ်သာရှိကာ နောက်ဆုံးတင်ထားသည်မှာ လွန်ခဲ့သည့်နှစ်ဝက်ကပင်ဖြစ်လေသည်။


လူသစ်များအနေဖြင့် ကောင်းမွန်စွာကိုင်တွယ်နိုင်ခြင်းမရှိသောကြောင့် မူလကိုယ်၏တရားဝင်ဝေ့ပေါ်ကို သူ၏အေးဂျင့်ဖြစ်သူတုလန်ရှင်းမှစီမံနေပေးခဲ့ပြီး ယခုအချိန်တွင် မူလကိုယ်မှာ တုလန်ရှင်းကိုစော်ကားခဲ့သောကြောင့် သူမလည်း မူလကိုယ်၏ဝေ့ပေါ်ကို ကူညီစီမံပေးနေခြင်းမရှိတော့ချေ။


အကယ်၍သာ သူ၏အေးဂျင့်မှမကူညီပေးဘူးဆိုပါက ချီရှင်းချန်အနေဖြင့် ကိုယ်တိုင်လုပ်ဆောင်ရပေမည်။ ကံကောင်းစွာဖြင့် မူလကိုယ်၏ဝေ့ပေါ်‌အကောင့်မှာ သူ၏ဖုန်းနှင့်ချိတ်ဆက်ထားခဲ့သောကြောင့် အလွယ်တကူပင် သူလျှို့ဝှက်နံပါတ်ကို ပြောင်းနိုင်ခဲ့သည်။


ထို့နောက် သူရှုထောင့်ကောင်းတစ်ခုရှာကာ ဆယ်ဖီရိုက်ယူလိုက်ပြီးနောက် ပြုပြင်၍ဝေ့ပေါ်တွင် တင်လိုက်လေသည်။


ချီရှင်းချန် : [ ဟိုင်းးး ကြယ်အလင်းတန်းလေးတို့ရေ မတွေ့တာကြာပြီနော် ]


ပိုက်ဆံအတွက်ကြောင့် တုလန်ရှင်းမှာ အလွန်အလုပ်ကြိုးစားနေခဲ့သည်။ မနက်ခင်းစောစောမှာပင် သူလူတွေ့ဖြေရန်အသိပေးစာများကို ရရှိခဲ့ပြီး မနက်တစ်ခင်းလုံး အိမ်တွင်ပြင်‌ဆင်နေခဲ့သည်။


လူတွေ့ဖြေခြင်းမှ နော်ရာမှအနုပညာရှင်များကိုသာ ရွေးချယ်မည်ဖြစ်သောကြောင့် ရသစုံရှိုး၏ထုတ်ဝေသူများလာရောက်ကြခြင်းမရှိချေ။ ဒါရိုက်တာနှင့် နော်ရာမှလူများသာရောက်နေခဲ့ကြသည်။


နေ့လည်နှစ်နာရီအချိန် အပေါ်ဆုံးထပ်၏အစည်းအဝေးခန်းမရှေ့တွင် အငယ်တန်းအနုပညာတစ်ဒါဇင်ခန့် လေ့ကျင့်နေကြပြီး စာသားများကို ပြန်လည်ရွတ်ဆိုနေကြသည်။ ဟန်ချင်းမှ ချီရှင်းချန်ကိုဆွဲခေါ်ကာ တတွတ်တွတ်ရေရွတ်နေပြီး ချီရှင်းချန်မှာမူ ဟန်ချင်းပြောသမျှကို နားထောင်ကာ ကျိုးယွီကိုစောင့်ကြည့်နေခဲ့သည်။


ကျိုးယွီလည်း ခဏမျှတီးတိုးရေရွတ်လိုက်ပြီးနောက် ဘေးဘီဝဲယာသို့ကြည့်ကာ လျှောက်လမ်းအဆုံးရှိပြတင်းပေါက်စီသို့ ထွက်သွားလိုက်ပြီး သူ၏ဖုန်းကိုထုတ်ယူလိုက်သည်။


" ဟေးး ယွီကျီး ကိုယ့်ကိုလွမ်းနေလား…"


" လက်သည်းတွေပြင်မနေနဲ့လေ ဒါကမင်းရဲ့ကျန်းမာရေးအတွက် ကောင်းတာမဟုတ်ဘူး…ကိုယ်ဘာလုပ်နေလဲလား…ကိုယ်က ဘတ်ဂျက်ခရီးသွားကြမယ်အစီအစဉ်အတွက်ရွေးချယ်ခံမလို့လေ… လူတွေ့‌ဖြေဖို့စောင့်နေတာ…"


" အင်း ဒါပေါ့ ကိုယ်ရှိုးမှာပါချင်တယ်လေ.. ဒီတစ်ခေါက်တော့ ဖက်ရှင်ပွဲကိုမသွားတော့ဘူးနော်… ကိုယ်သာရွေးချယ်ခံရမယ်ဆိုရင် လက်မှတ်ဖြတ်ပြီးတော့ မြောက်ဝင်ရိုးစွန်းကို ဝင်ရိုးစွန်းအလင်းတန်းတွေကြည့်ဖို့ ခေါ်သွားပေးမယ်နော်…"


" မင်းထုတ်ဝေသူနဲ့သိတာလား… ဒါကတကယ်…"


" အစ်ကိုယွီ မင်းလည်းလူတွေ့လာဖြေတာလား…"


ကျိုးယွီ စကားမဆုံးခင်မှာပင် အသံတစ်ခုမှ သူ့ကိုဖြတ်ပြောလာခဲ့သည်။


မည်သူဖြစ်ကြောင်း သိလိုက်ရချိန်၌ ကျိုးယွီဒေါသထွက်သွားကာ " ချီရှင်းချန် ငါဖုန်းပြောနေတာ မင်းမမြင်ဘူးလား…"


" တောင်းပန်ပါတယ် အစ်ကိုယွီ ကျွန်တော်နောက်ဘက်ကနေ မမြင်လိုက်ရလို့ပါ…" ချီရှင်းချန်း အားနည်းစွာပြောလိုက်သည် " ကျွန်တော့်အမှားပါ စိတ်မဆိုးပါနဲ့နော်…"


ပြီးနောက် ချီရှင်းချန် တိတ်ဆိတ်စွာထွက်သွားလိုက်သည်။ ဖုန်းတစ်ဖက်မှ ချီယွီကျီးမှာမူ သူမ၏မောင်လေးကို ဆူပူနေသံကိုကြားလိုက်ရသဖြင့် အလွန်ဒေါသထွက်သွားသောကြောင့် ဖုန်းကို ချပစ်လိုက်သည်။


ချီမိသားစုမှာ နယ်ပယ်များစွာတွင် ကျယ်ပြန့်စွာပါဝင်ပတ်သက်နေပြီး အနုပညာလောကတွင်လည်း ရင်းနှီးမြုပ်နှံထားသောကြောင့် သူတို့ထံတွင် အဆက်အသွယ်များစွာရှိလေသည်။ ဤအတွက်ကြောင့်ပင် ကျိုးယွီ ထိုအရင်းအမြစ်များကိုလိုချင်သည့်အတွက် ချီယွီကျီးကို တမင်တကာချဉ်းကပ်ခဲ့ခြင်းဖြစ်သည်။


ကျိုးယွီစိတ်ပျက်သွားရပြီး ချီယွီကျီးကို အကြိမ်အနည်းငယ်မျှ ထပ်မံခေါ်ဆိုလိုက်သော်လည်း ဖုန်းကိုင်မလာခဲ့ပေ။


သူ၏ပါးစပ်ထဲရောက်နေပြီဖြစ်သောဘဲမှာ ထိုကဲ့သို့ပျံပြေးသွားခဲ့သည်။ ပို၍စိတ်တိုစရာကောင်းသည်မှာ အဘယ့်ကြောင့်ပျံပြေးသွားသည်ကို သူမသိနေခဲ့ချေ။ ကျိုးယွီ အံကိုကြိတ်ကာ စိတ်ထဲတွင် မိန်းမ‌များမှာ ပြသနာများလွန်းလှသည်ဟူ၍ ဆဲဆိုလိုက်ပြီးနောက် စည်းဝေးခန်းထဲသို့ သူ၏အေးဂျင့်နှင့်အတူ ဝင်သွားလိုက်သည်။


သိသိသာသာပင် ပြန်ထွက်လာချိန်၌ သူ၏မျက်နှာမှာ ပျော်ရွှင်နေပုံမရချေ။


နောက်တစ်ယောက်မှာ ဟန်ချင်းဖြစ်ပြီး သူပြန်ထွက်လာချိန်၌ အခြေအနေကောင်းမွန်နေပြီး ဟန်ချင်း ချီရှင်းချန်စီသို့သွားကာ အားပေးလိုက်သည် " ရှောင်ရှင်းချန်ရေ ဒါကလုံးဝမခက်ဘူးသိလား…ဝင်သွားရင် စိတ်မလှုပ်ရှားနဲ့နော်…အထဲမှ မင်းရဲ့အိုင်ဒေါလည်း မင်းကို‌ကြည့်နေမှာ…"


" ပိုင်ရဲ့လည်း ရောက်နေတာလား…"


" အင်း ဘယ်လိုပဲဖြစ်ဖြစ် သူကဒီအစီအစဉ်ရဲ့အဓိကကြယ်ပွင့်ပဲလေ…" ဟန်ချင်း မျက်စိမှိတ်ပြလိုက်ပြီး " မင်းရဲ့အိုင်ဒေါနောက်လိုက်တာအောင်မြင်ပါစေလို့ ငါဆုတောင်းပေးလိုက်တယ်နော်…"


၎င်းမှာအောင်မြင်သည်ဖြစ်စေ မအောင်မြင်သည်ဖြစ်စေ ချီရှင်းချန်အတွက် ရှိုးထဲသို့ပါဝင်ရန်ကိုသာ လိုအပ်နေခဲ့သည်။ နောက်ဆုံးကျန်သည့်လူအနည်းငယ်ကို အင်တာဗျူးပြီးနောက် ဒါရိုက်တာ၏လက်ထောက်မှထွက်လာကာ သူ၏နာမည်ကိုခေါ်လာခဲ့သည်။


ချီရှင်းချန် အိတ်ကိုမကာ ဝင်သွားလိုက်သည်။ အခန်းတွင်းသို့ရောက်ချိန်၌ အစည်းအဝေးခန်း၏ပထမတန်းမှာ လူပြည့်လုနီးပါးဖြစ်နေခဲ့ကာ ပိုင်ရဲ့နှင့်သက်လတ်ပိုင်းအမျိုးသားနှစ်ဦးမှာ အလယ်တွင်ရှိနေခဲ့သည်။


ပိုင်ရဲ့မှာ ယနေ့တွင် အနက်ရောင်ဂျာကင်နှင့် ဂျင်းဘောင်းဘီကိုဝတ်ဆင်ထားခဲ့ပြီး မိတ်ကပ်လိမ်းခြယ်ထားခြင်းမရှိသော်လည်း သူ၏နှာခေါင်းစည်းနှင့်ဦးထုပ်ကိုဖယ်ရှားပြီးချိန်၌‌ တောက်ပနေဆဲပင်။


ပိုင်ရဲ့မှ သူ့ကိုကြည့်လာချိန်တွင် ချီရှင်းချန် နားမလည်နိုင်စွာဖြင့် ယမန်နေ့ သူ၏ခါးပေါ်မှ လက်ဖဝါးအကြောင်းပြန်တွေးမိသွားခဲ့ပြီး ခေါင်းကိုငုံ့ကာ သူ၏နှာခေါင်းထိပ်ကို ထိလိုက်မိသည်။


" ချီရှင်းချန် ဟုတ်တယ်မလား…" ဒါရိုက်တာမှာ သူ၏ရုပ်ရည်ကြောင့် အလွန်ကျေနပ်နေခဲ့ပြီး အဆုံး၌ သူ၏မျက်နှာပေါ်တွင်ညှာတာသောအပြုံးတစ်ပွင့်ပေါ်လာကာ " စိတ်လျော့ထားနော် မင်းကိုယ်မင်းပြသလို့ရပါပြီ…"


ချီရှင်းချန်၏ရှေ့မှလူများမှာ " ဟယ်လို ဒါရိုက်တာကြီး ကျွန်တော့်နာမည်က **** ဖြစ်ပါတယ်… ကျွန်တော်က အဆိုအကနဲ့ ရက်ပ်ရွတ်တာမှာ တော်ပါတယ်…" စသဖြင့်သာပြောခဲ့ကြသောကြောင့် ဒါရိုက်တာမှာ သူ့အပေါ်များစွာ မျှော်လင့်ထားခဲ့ခြင်းမရှိပေ။


" ဟုတ်ကဲ့…" ချီရှင်းချန် ငယ်ရွယ်သောလူငယ်လေးတစ်ဦး၏ ကြည်လင်သည့်အသံဖြင့်ပြန်ဖြေလိုက်သည်။ ထို့နောက် လွယ်အိတ်ထဲမှ ပန်းကန်လုံးအထပ်လိုက်ကြီးကို ဆွဲထုတ်လိုက်လေသည်။


" ဒါဆိုရင် ကျွန်တော်လူကြီးမင်းတို့ကို ပန်းကန်လုံးစေတီတည်ပြမှာပါ…"


ဒါရိုက်တာမှာ ပြောစရာစကားများ ပျောက်ရှသွားခဲ့ရသည်။


မင်းဘာပြောလိုက်တာလဲဟေ….


ဒါရိုက်တာသည်သာမက အခန်းတွင်းရှိလူအားလုံး အံ့အားသင့်သွားခဲ့ရသည်။


ဘာကိုပန်းကန်လုံးစေတီလည်းဟေ ဒါ သူတို့ငယ်ငယ်တုန်းက မြင်ဖူးတဲ့အေရိုးဗစ်မဟုတ်လား….


ထိုအချိန်တုန်းက အင်တာနက်မှာ များစွာဖွံ့ဖြိုးခြင်းမရှိသေးရာ လူအများမှာ သူတို့အားလပ်ချိန်တွင် ဇာတ်ရုံသို့သွားရောက်၍ အေရိုးဗစ်ကြည့်ခြင်းနှင့်ပြဇာတ်ကြည့်ခြင်းတို့ကိုသာ လုပ်နိုင်ခဲ့ကြသည်။ သို့သော်ငြား ယခုမှာ မည်သည့်ခေတ်သို့ရောက်နေပြီနည်း။ ထိုအရာကိုသိသည့်သူရှိသေးတာလား…


ထိုမျှသာမက သူတို့၏ရှေ့မှလူငယ်ကလေးမှ ငယ်ရွယ်လွန်းလှပြီး အသက်နှစ်ဆယ်ပိုင်းတွင်သာရှိဦးမည်ဖြစ်လေရာ ဤကဲ့သို့သောအရာမျိုးကို သူမည်သည့်နေရာကသင်လာခဲ့သည်လဲ…ဒီအတိုင်းအာရုံစိုက်မှုရရန်အတွက် ထူးဆန်းသောပစ္စည်းများဖြင့် လာနောက်နေသည်လားဟု လူတိုင်းတွေးထင်နေကြသည်။


ဒါရိုက်တာမှ စကားမပြောလာသည်ကို မြင်လိုက်ရခြင်းကြောင့် ချီရှင်းချန် မေးလိုက်လေသည်


" ကျွန်တော်စလို့ရပြီလား…."


အေရိုး‌ဗစ်အကမှာ ကျွမ်းကျင်မှုသည်သာမက အာရုံစိုက်မှုကို မျှတအောင်ထိန်းသိမ်းထားနိုင်ရန်နှင့် အလှအပတို့တွင်လည်း မူတည်နေသေးသည်။


ချီရှင်းချန် သူ၏ဖိနပ်ကိုချွတ်ကာ ဘယ်ဘက်ခြေထောက်ကို ခြေတစ်လှမ်းဆုတ်လိုက်ပြီး သူ၏ခေါင်းထိပ်တွင် သရဖူကဲ့သို့ ပန်းကန်လုံးများကို စီလိုက်သည်။ ရိုးရာသီချင်းထွက်ပေါ်လာချိန်၌ ချီရှင်းချန် ခေါင်းကိုအနည်းငယ်ညွှတ်၍ အစည်းအဝေးခန်းမတွင်းရှိလူအားလုံးကို နှုတ်ခွန်းဆက်သလိုက်သည်။


ချီရှင်းချန် ဦးညွှတ်ကာနှုတ်ဆက်လိုက်ပြီးနောက် သူ၏လက်ထဲမှ ပန်းကန်လုံးတစ်လုံးခုန်ထွက်လာကာ ခေါင်းထိပ်မှ ပန်းကန်လုံးအပုံပေါ်တွင် ခိုင်မြဲစွာတင်နေခဲ့သည်။


ပြသမှုတစ်ခုလုံးတွင် ချီရှင်းချန် ပန်းကန်လုံးများကိုဖမ်းယူရန်အတွက် အနေအထားပြောင်းခြင်းမျိုး မလုပ်ခဲ့ပေ။ သူ့အတွက် သာမန်ကာလျှံကာ ပစ်ထုတ်နေသလိုမျိုးသာ ဖြစ်နေလေသည်။


ကျွမ်းကျင်သူပင်ဖြစ်စေ နကန်းတစ်လုံးမှမသိသည့်သူပင်ဖြစ်စေ ချီရှင်းချန်၏ကျွမ်းကျင်ပြောင်မြောက်သောစွမ်းရည်မှာ အာရုံစိုက်မှုကို လိုချင်ရုံလောက်ဖြင့် လာနောက်နေခြင်းမဟုတ်မှန်း ပြောနိုင်ပေမည်။


သူ့ထံတွင် သေချာပေါက်ကို ခိုင်မာသည့်အခြေခံရှိလေသည်။


ဂီတသံ၏စည်းချက်မှာ ပို၍မြန်လာသည်နှင့်အမျှ ချီရှင်းချန် ရိုးရာအကအချို့ကိုထုတ်ဖော်လိုက်ပြီး သူ၏ခေါင်းပေါ်တွင် ပန်းကန်လုံးအချို့ကို ထပ်တင်လိုက်သည်။ ထို့နောက် လေးလံသောဗုံသံအပြီးတွင် သူ့ခန္ဓာကိုယ်အပေါ်ပိုင်းကို ကွေးကာ ဘယ်ဘက်ခြေထောက်ကို‌အရှေ့အနောက်ရွေ့လျားလိုက်ပြီး " ပင်လယ်ပြင်ရှာဖွေခြင်း " ကိုယ်ဟန်ကို ပြုလုပ်လိုက်သည်။


ထိုအချိန် နောက်ထပ်ဗုံသံတစ်ချက်ထွက်ပေါ်လာစဉ် သူ၏‌အနောက်ဘက်သို့ ပန်းကန်လုံးတစ်လုံးပစ်လိုက်ရာ အံ့ဩဖွယ်ကောင်းသောအရာတစ်ခုဖြစ်ပေါ်လာခဲ့သည်။


ပန်းကန်လုံးမှာ သူ၏ခြေဖဝါးပေါ်၌ မြံမြဲစွာတင်နေခဲ့လေသည်။


ဒုတိယတစ်ကြိမ်၊ တတိယတစ်ကြိမ် စသည်ဖြင့် ဗုံသံတစ်ချက်ထွက်ပေါ်လာတိုင်း သူပန်းကန်လုံးများကို ပစ်ထုတ်နေကာ ပန်းကန်လုံးတိုင်းမှာ ပန်းကန်လုံးပုံကြီး၏ထိပ်တွင် အတိအကျရှိနေခဲ့သည်။ အခန်းတွင်းရှိလူအားလုံးမှာ အံ့ဩရလွန်းသောကြောင့် အားပေးရန်ကိုပင် မေ့လျော့သွားကြသည်။


ဂီတသံပြီးဆုံးသွားချိန်၌ ချီရှင်းချန်မှာ ဦးခေါင်းထိပ်နှင့်ညာဘက်ခြေထောက်တွင် ပန်းကန်လုံးများပုံကာ ကြမ်းပြင်ပေါ်တွင် သံတစ်ချောင်းကဲ့သို့ မြံမြဲစွာရပ်နေခဲ့သည်။ သူ၏မျက်နှာမှာ နီမြန်းခြင်းမရှိသလို အသက်ရှုပြတ်လပ်နေခြင်းမျိုးလည်းမရှိဘဲ သူ၏ရှေ့မှလူများကို ပြုံးလျက် ဦးညွှတ်ပြလိုက်လေသည်။


" ချီး…." ထုတ်လုပ်သူမှာ မနေနိုင်ဘဲ ဆဲမိသွားခဲ့သည် " ဒါကအရမ်းမိုက်တာပဲ… ရှောင်လျို သွားပြီး သူ့စီကပန်းကန်လုံးတွေယူပေးလိုက်ပါဦး…"


" ဖြောင်း ဖြောင်း ဖြောင်း ‌ဖြောင်း…."


ထိုအချိန်မှသာ လူတိုင်းအသိပြန်ဝင်လာကြပြီး ဒါရိုက်တာမှ ဦးဆောင်ကာ အစည်းအဝေးခန်းထဲတွင် လက်ခုပ်သံများပြည့်နှက်သွားခဲ့သည်။


ချီရှင်းချန် ဦးညွှတ်ကာ ကျေးဇူးတင်လိုက်ပြီး သူ၏နောက်တွင်စောင့်ဆိုင်းနေသောလူများရှိသည့်အတွက် သူတို့၏အချိန်ကိုမဖြုန်းတီးချင်သောကြောင့် ပန်းကန်လုံးများကို အလျင်အမြန်သိမ်းကာ ပြန်ထွက်လာလိုက်သည်။


ခြေလှမ်းအနည်းငယ်လှမ်းလိုက်ပြီး သူ၏နောက်မှ ခေါ်သံတစ်ခုထွက်ပေါ်လာခဲ့သည် " ချီရှင်းချန် ဒီကိုပြန်လာဦး…"


ထိုသူမှာ ပိုင်ရဲ့ဖြစ်နေကာ ချီရှင်းချန် အနောက်သို့လှည့်ကြည့်လိုက်လေသည်။


" မင်းဖိနပ်မစီးရသေးဘူး…" ပိုင်ရဲ့ သူ၏ခြေထောက်ကို ညွှန်ပြကာ ပြောလာခဲ့သည်။


" အာ… ကျေးဇူးတင်ပါတယ်…"


ချီရှင်းချန် ဤဖျော်ဖြေမှုအတွက် များစွာအားမရခဲ့ပေ။


အေရိုးဗစ်မှာ ခန္ဓာကိုယ်၏ပျော့ပျောင်းမှုနှင့် ဟန်ချက်ညီမှုတို့ မြင့်မားစွာလိုအပ်လေရာ သူ၏ယခုခန္ဓာကိုယ်နှင့် အစစ်အမှန်ခန္ဓာကိုယ်တို့ကြားတွင် ကွာဟမှုများရှိနေသေးသည့်အတွက် သူ့ကျွမ်းကျင်မှု၏တစ်ဝက်ခန့်ကိုသာ ပြသနိုင်ခဲ့သည်။


ဟန်ချင်းမှာ အပြင်ဘက်‌တွင် ချီရှင်းချန်ကိုစောင့်ပေးနေခဲ့ပြီး ထွက်လာသည်ကို မြင်လိုက်ရချိန်တွင် သူ၏နောက်မှလိုက်ကာ ဓာတ်လှေကားရှိရာသို့ ထွက်လာခဲ့ကြသည် " ရှင်းရှင်း မင်းဖျော်ဖြေမှုက ဘယ်လိုလဲ…"


" ဒီအတိုင်းအဆင်ပြေသလောက်ပါပဲ…"



" ဟ ဘာကိုအဆင်ပြေတာလဲ…" ဤတစ်ကြိမ်မှာတော့ ကျိုးယွီမှာ သူတို့ထံလျှောက်လာကာ " မင်းလိုအရည်အချင်းလောက်နဲ့များ ထုတ်လုပ်သူအဖွဲ့ဆီက အရွေးခံရမယ်ထင်နေတာလား…"


ကျိုးယွီမှာ ဟန်ချင်းနှင့်ချီရှင်းချန်တို့ထက်အရင် ဖျော်ဖြေခဲ့ရခြင်းဖြစ်ပြီး ပုံမှန်အားဖြင့် ယခုအချိန်တွင် အိမ်သို့ပြန်ရောက်နေမည် သို့မဟုတ် လေ့ကျင့်ရေးအခန်းတစ်ခုခုသို့ ရောက်နေရမည်ဖြစ်သော်လည်း သူတို့နားတွင်သာရှိနေရသည့်အဖြစ်နိုင်ဆုံးအကြောင်းအရင်းမှာ ချီယွီကျီးအားချော့မော့ခြင်းကို ကြားဝင်နှောင့်ယှက်ခဲ့သည့်ချီရှင်းချန်ကို လွန်စွာမုန်းတီးနေခြင်းကြောင့်ပင်။ ကျိုးယွီမှာ တမင်တကာပြသနာလာရှာခြင်းသာဖြစ်လေသည်။


ချီရှင်းချန်မှာ ထိုသူကိုကြည့်ရန်ပင် ပျင်းရိနေကာ အေးစက်စွာဖြင့် ပြောလိုက်သည် " ငါမရဘူးဆိုရင် မင်းရမှာလား…အဆက်အသွယ်တွေရှာဖို့ မိန်းမတွေအပေါ်မှီခိုတတ်တဲ့ ယောင်္ကျားကစားစရာကလေ…"


ကျိုးယွီမှာ မော်ဒယ်တစ်ဦးဖြစ်ခဲ့ဖူးပြီး သူ၏မူလသေးငယ်သောကုမ္ပဏီလေးမှ ချီယွီကျီးကြောင့် နော်ရာသို့ပြောင်းရွှေ့လာနိုင်ခြင်းဖြစ်သည်။ ယခုအချိန်၌ ဇာတ်ကားနှစ်ကားထက်ပို၍မရိုက်ဖူးသေးရာ သူ၏အရည်အချင်းမှာ သာမန်ဟုသာ ဆိုနိုင်ပေမည်။