အပိုင်း၆
Viewers 28k

Chapter 6


Chapter 6




ကျိုးယွီ၏ချီယွီကျီးအားအကူအညီတောင်းမည့်အစီအစဉ်ကို ဖျက်စီးလိုက်ပြီးနောက် ချီရှင်းချန် အခြေခံအားဖြင့် ကျိုးယွီအရွေးမခံရနိုင်ကြောင်း သေချာသွားသည့်အတွက် ယခုအချိန်တွင် ကျိုးယွီကိုရင်ဆိုင်‌ရန် ပျင်းရိနေပြီဖြစ်ကာ သူ ကျိုးယွီကို အနောက်တွင်ချန်ထားခဲ့လိုက်ပြီး ဓာတ်လှေကားသို့ တိုက်ရိုက်လျှောက်လာလိုက်သည်။


ကျိုးယွီမှာမူ ချီရှင်းချန် သူ့ကိုအနည်းငယ်တိုက်မိသွားချိန်၌ တုန်လှုပ်သွားခဲ့ရသည်။ မကြာသေးမီကပင် သူ့ကို အစ်ကိုယွီဟုခေါ်နေသည့်သူမှာ အဘယ့်ကြောင့် အချိန်တိုအတွင်း ဤသို့ပြောင်းလဲသွားရခြင်းကို သူနားမလည်နိုင်ခဲ့ပေ။ ကျိုးယွီ အရှေ့သို့အမြန်ပြေးလိုက်ကာ ပြောလိုက်သည်


" ချီရှင်းချန် မင်းသတ္တိရှိရင် ထပ်ပြောလိုက်…"


" မင်းရဲ့တောင်းဆိုမှုက အတော်လေးဆန်းကြယ်တာပဲ…"


ချီရှင်းချန် မျက်လုံးကိုပင့်လိုက်ပြီး " ကောင်းပြီလေ ဒါဆိုလည်း ထပ်ပြောပြရမှာပေါ့…အရွေးခံရသည်ဖြစ်စေ မခံရသည်အဖြစ်စေ အနည်းဆုံးတော့ ငါကလူတိုင်းနဲ့တရားမျှတစွာ ယှဉ်ပြိုင်ခဲ့တာပဲလေ…မင်းလိုမျိုး ကောင်မလေးကို စကားချိုချိုလေးတွေနဲ့ချော့မော့ပြီး အနောက်တံခါးဖွင့်ခိုင်းတာမျိုးမဟုတ်ဘူး…"


"...."


ကျိုးယွီမှာ ဒေါသထွက်ရလွန်းသောကြောင့် စကားပင်ကောင်းစွာ မရွေးလိုက်နိုင်ချေ " မင်းလို ဘာကျောထောက်နောက်ခံမှမရှိတဲ့ဆင်းရဲသားကတော့ ဒီလိုပဲပြောမှာပေါ့….ဒီလောကထဲမှာ ဘယ်သူကကော ဒီလိုမဟုတ်လို့လဲ…ငါ့ကိုကူပေးမဲ့သူတစ်ယောက်ရှာနိုင်တယ်ဆိုတာ ငါစွမ်းဆောင်နိုင်လို့ပဲလေ…"


သူတို့နှစ်ဦး၏စကားသံများကြောင့် လျှောက်လမ်းပေါ်ရှိလူများမှာ စပ်စုလိုစိတ်များဖြင့် လှမ်းကြည့်လာကြသည်။ ထိုသူများမှာ အလွန်စိတ်ဝင်စားနေကြပုံပင်။


အချို့မှာ ပြဇာတ်ကောင်းကောင်းကြည့်ရရန် စောင့်ဆိုင်းနေကြပြီး အချို့မှာမူ တခြားသူ၏ကံဆိုးမှုကြောင့် ကြိတ်၍ပျော်ရွှင်နေကြကာ အချို့မှာ ချီရှင်းချန်နှင့် ကျိုးယွီတို့ကြောင့် လွန်ခဲ့သောအချိန်များကပင် မကျေမနပ်ဖြစ်နေရသူများဖြစ်ကြသည်။ ထိုသူများမှာ သူတို့နှစ်ဦး တတ်နိုင်သမျှ မြန်မြန်ပျောက်ကွယ်သွားနိုင်ရန်အတွက် မစောင့်နိုင်လောက်အောင် ဖြစ်နေကြရသည်။


မည်သို့ပင်ဆိုစေကာမူ ကျိုးယွီ၏စကားများမှာ ရယ်စရာကောင်းသည်ဟု မည်သူကမှမခံစားနေရပေ။


ဤနယ်ပယ်မှာ ဤသို့သာဖြစ်သည်။ ခန္ဓာကိုယ်ကိုရောင်းစားသည့်သူများထက် ဆင်းရဲသူများကို လှောင်ပြောင်ခြင်းကပို၍ကောင်းပေလိမ့်မည်။ ဘဝကောင်းကောင်းတွင် နေထိုင်ရခြင်းသည်လည်း ကျွမ်းကျင်မှုတစ်ခုဖြစ်လေရာ မည်သူကမှ သင်မည်သည့်နည်းဖြင့် ဘဝကောင်းကောင်းရထားကြောင်းကို ဂရုစိုက်လိမ့်မည်မဟုတ်ချေ။


ချီရှင်းချန် အနားတွင်လူအုံလာမည်ကိုမလိုချင်သောကြောင့် ဓာတ်လှေကားခလုတ်ကိုနှိပ်ကာ ပြောလိုက်သည် " ငါမွေးဖွားလာတာကို ရွေးချယ်လို့မရပေမယ့် ငါဘယ်လိုနေထိုင်မလဲဆိုတာတော့ ရွေးချယ်လို့ရတယ်လေ…မင်းနဲ့သဘောမတူနိုင်ခဲ့တဲ့အတွက် ခွင့်ပြုပါဦး…"



" မင်း မင်း…" ကျိုးယွီ၏မျက်နှာမှာ ဖျော့တော့သွားပြီး အချိန်အတော်ကြာသည်အထိ မင်းတစ်လုံးတည်းကိုသာ ရေရွတ်နေကာ စကားဆုံးအောင်ပြောမနိုင်ခဲ့ပေ။


သူ ချီရှင်းချန်ကို မချေပနိုင်တော့ပါ…


ကြည့်ရှုနေသည့်လူများ ပို၍များပြားလာသည့်အတွက် ကျိုးယွီ အရှက်ကွဲသည်ဟု ခံစားလိုက်ရပြီး အခြားမည်သည့်အရာကိုမှ မတွေးနိုင်တော့ဘဲ ချီရှင်းချန်ကိုရိုက်ရန် လက်သီးတစ်လုံးပစ်လွှတ်လိုက်လေသည်။


ချီရှင်းချန် မရှောင်ခဲ့ချေ။ ကျိုးယွီ၏လက်သီးမှ သူ၏မျက်နှာပေါ်သို့ ကျရောက်လာတော့မည့်အချိန်၌ ရုတ်တရက်ဆိုသလို အရပ်ရှည်ရှည်ဖြင့် ပုံရိပ်တစ်ခုမှ သူ၏ရှေ့သို့ရောက်လာခဲ့သည်။


ပိုင်ရဲ့ ကျိုးယွီ၏လက်ကို အလွယ်တကူပင် ဆုပ်ကိုင်ကာ အေးစက်စွာ ပြောလာခဲ့သည် " မင်းကကုမ္မဏီရဲ့စည်းကမ်းတွေကို ဖတ်ကောဖတ်ပြီးပြီလား…"


ထိုသို့ပြောပြီးနောက် ကျိုးယွီကို ဖယ်ထုတ်ကာ ယခုပင်ပွင့်လာသောဓာတ်လှေကားတွင်းသို့ သူ၏လက်ထောက်ကိုဦးဆောင်ကာ ဝင်သွားလိုက်သည်။


ချီရှင်းချန် အဓိကဇာတ်လိုက်မှ သူ့အတွက်ရန်ဖြစ်ပေးမည်ဟု မထင်ထားခဲ့သောကြောင့် နေရာတွင်ပင် ကြောင်အနေရသည်။


" မင်းကကော ဘာကြောင်ရပ်နေတာလဲ…"


ပိုင်ရဲ့ မျက်ခုံးကြုတ်လျက် အသံနိမ့်နိမ့်ဖြင့်ပြောလိုက်‌သည်


" ကောင်လေး မင်းဝင်မှာလား မဝင်ဘူးလား…"


ချီရှင်းချန် သူ၏အိုင်ဒေါပိုင်ရဲ့၏တူညီသောမျက်မှောင်ကြုတ်ပုံကို အကြိမ်ပေါင်းများစွာ မြင်ဖူးခဲ့ပြီးဖြစ်သည်။


ပိုင်ရဲ့မှာ စိတ်ရှည်သူမဟုတ်ချေ။ အချိန်အတော်ကြာသည်အထိပင် မီဒီယာများနှင့် ကမ္ဘာကြီးကို ပြောင်းပြန်လှန်ချင်နေသည့် အနက်ရောင်ပရိသတ်များမှာ ထိုအချက်ကို လက်မလွှတ်ခဲ့ကြပေ။ သူတို့ပြောကြသည်မှာ ပိုင်ရဲ့မှာ အင်အားကြီးသူဟန်ဆောင်နေကာ ပရိသတ်များအပေါ် ဒေါသထွက်တတ်ပြီး အောင်မြင်သွားပြီးနောက်ဘဝမေ့သွားသည်ဟုပင်။


[ အနက်ရောင်ပရိသတ် - Anti- Fan၊ တရုတ်စာတွင် Anti-Fanကို ဟေးဖန် ဟုသုံးကြသည် ]


သူ၏ဖန်များဖြစ်ကြသည့် " ညဉ့်ကောင်းကင် " များသည်သာ ပိုင်ရဲ့ထံတွင် နူးညံ့မှုနှစ်ခုရှိကြောင်းသိကြသည်။ တစ်ခုမှာ သူချစ်သော အဆိုနှင့်အကအတွက်ဖြစ်ပြီး အခြားတစ်ခုမှာမူ ညဉ့်ကောင်းကင်များအတွက် ဖြစ်သည်။


ပိုင်ရဲ့မှာ ပရိသတ်များအပေါ်ကောင်းသလောက်ပင် သူ့ကိုယ်သူအပေါ် မကောင်းလှချေ။


ပိုင်ရဲ့ထံတွင် ဖမ်းမိသွားခြင်းကြောင့် ကျိုးယွီ၏မျက်နှာမှာ ဒေါသဖြင့် နီမြန်းလာကာ အရေးပေါ်မီးဘေးအတွက်သုံးသည့်ထွက်ပေါက်မှ ထွက်ပြေးသွားခဲ့သည်။


ချီရှင်းချန်မှာမူ ကြောင်အမ်းအမ်းဖြင့် ဓာတ်လှေကားတွင်းသို့ ဝင်လာခဲ့ပြီး ခြောက်လွှာသို့ မရောက်ခင်အထိ သတိမဝင်လာသေးပေ။ ထို့နောက်မှသာ ခေါင်းကိုလှည့်၍ ရှက်ရွံ့စွာဖြင့် ပြောလိုက်သည် " ကျေးဇူးတင်ပါတယ်…"


" ရပါတယ်…" ပိုင်ရဲ့ ခေါင်းကိုယမ်းလိုက်ပြီး " နောက်တစ်ကြိမ်ကြ ဖျော်ဖြေပြီးရင် ဖိနပ်ပြန်ဝတ်ဖို့သတိရပါ…."


".... ဟုတ်ကဲ့…"


" ပြီးတော့…" ပိုင်ရဲ့ အချိန်ခဏမျှရပ်တန့်သွားပြီး " ‌ထပ်ပြီး တစ်စုံတစ်ယောက်က မင်းကိုရိုက်လာတဲ့အချိန်ကြရင် ဒီအတိုင်းရပ်မနေနဲ့… နောက်တစ်ကြိမ်ကြရင် ငါရှိနိုင်မှာမဟုတ်ဘူးနော်…"


" ဟုတ်ကဲ့…" ချီရှင်းချန် ပူလောင်နေသည့်သူ၏နားရွက်ထိပ်လေးကို တို့ထိကာ " ကျွန်တော်သိပါပြီ…"


တကယ်တမ်းမှာတော့ သူတမင်သက်သက် မရှောင်ခြင်းဖြစ်သည်။ အကယ်၍သာ ကျိုးယွီသူ့ကိုအမှန်တကယ်ထိုးရဲပါက သူထိုဗီဒီယိုကို ချီယွီကျီးထံယူသွားပြီး ဤလူလိမ်ကောင်၏မျက်နှာအစစ်အမှန်ကို သူ့အစ်မအား မြင်တွေ့စေမည်။


အဆုံး၌ မူရင်းဝတ္ထုထဲတွင် ချီယွီကျီးမှာ ရူးမိုက်လွန်းပြီး ကျိုးယွီမှ သူ၏နှလုံးသားသည်ဇာတ်လိုက်မထံတွင်သာ ရှိနေပါသည်ဟု ပြောနေသည့်တိုင် သူမ သူ့အချစ်ကိုပြန်ရရန်ကြိုးပမ်းနေမိခဲ့လေသည်။


အကယ်၍သာ သူချီယွီကျီးကို ကျိုးယွီထံမှ ဖယ်ထုတ်လိုပါက သူမ၏မောင်ဟူသောအရာကိုသာ အသုံးပြုနိုင်မည်ဖြစ်ပြီး စကားပြောရုံဖြင့်မလုံလောက်ဘဲ သက်သေပြနိုင်ရန်လိုအပ်သည်။


သူဤတစ်ကြိမ်အခွင့်အရေးကို ဆုံးရှုံးရလျှင်လည်း ပြသနာမရှိပေ။ နောက်တစ်ကြိမ်သူစောင့်နိုင်သေးသည်။ ချီရှင်းချန် ဆက်လက်လေ့ကျင့်ရန်အတွက် လေ့ကျင့်ရေးခန်းမထဲသို့ ပြန်လာခဲ့သော်လည်း ပိုင်ရဲ့၏ပုံရိပ်များမှာ သူ၏စိတ်ထဲတွင် ဆက်တိုက်သလို ထွက်ပေါ်နေခဲ့သည်။


ဆိုရိုးအတိုင်းပင် ကျား၏အရိုးကိုဆွဲရန်မှာ ခက်ခဲလှသည်။ တစ်စုံတစ်ယောက်၏အပြင်ဘက်ပုံပန်းသွင်ပြင်ကိုရေးဆွဲရန်မှာ လွယ်ကူသော်လည်း သူ၏စိတ်နေစိတ်ထားအကြောင်း ပြီးပြည့်စုံစွာဖော်ပြနိုင်ရန်မှာမူ အလွန်ပင်ခက်ခဲလှပေသည်။


သူ မူရင်းဝတ္ထုကိုဖတ်ရှုခဲ့စဉ်က ဝတ္ထုထဲတွင် ဇာတ်လိုက်နှင့်အခြားဇာတ်ပို့များမှ ထောင်ထောင်ကိုမည်မျှအလိုလိုက်ကြောင်းသာ ဖော်ပြထားခဲ့သည်။ ယောင်္ကျားအားလုံးမှာ အသုံးချခံပစ္စည်းများဖြစ်ကြကာ စာရေးသူမှ အဓိကဇာတ်လိုက်အကြောင်းကိုပင် မည်သည့်အချိန်ကမှ အသေးစိတ်ဖော်ပြပေးခြင်းမျိုး မရှိခဲ့ပေ။


ထိုမျှသာမက ဤပိုင်ရဲ့မှာ အဘယ့်ကြောင့် အစစ်အမှန်ပိုင်ရဲ့နှင့် တူညီနေရသည်နည်း။


ညဘက်အိမ်သို့ပြန်ရောက်ချိန်၌ သူမှန်းထားသည့်အတိုင်းပင် ချီယွမ်ရှောင်မှာ ဧည့်ခန်းတွင် စာရွက်စာတမ်းများဖြင့်အလုပ်ရှုပ်နေခဲ့ပြီး ချီယွီကျီးမှာမူ သူ၏ဘေးတွင် ပေါင်းတင်ကပ်ခွာကပ်လျက်ဖြင့် ခဏမှေးနေခဲ့သည်။


ချီယွမ်ရှောင်မှ " ရှင်းရှင်းပြန်လာပြီပဲ….မင်းကမကြာသေးခင်ကမှ ဆေးရုံကဆင်းလာရတာနော် အရမ်းအပင်ပန်းမခံနဲ့ဦး…သွားအိပ်ချည်တော့…"


" ခဏလေး…" မောင်ဖြစ်သူ၏နာမည်ကို ကြားလိုက်ရသဖြင့် ချီယွီကျီးနိုးလာကာ ထိုင်ခုံမှ ထလိုက်ပြီး " ရှင်းရှင်း မင်းလည်းရသစုံရှိုးမှာ ပါဖို့ဝင်အရွေးခံတာလား…"


" ဟုတ်ကဲ့…"


" မင်းကတော့…" ချီယွီကျီး ခြေဖျားထောက်ကာ ချီရှင်းချန်၏နဖူးကိုထိလိုက်ပြီး " မင်းလည်းရှိုးမှာပါချင်တယ်ဆိုတာ ဘာလို့အစ်မကို မပြောရတာလဲ…အစ်ကိုကြီးက မိုင်မန့်တီ‌ဗွီရဲ့သူဌေးနဲ့သိတယ်လေ…အစ်မကလည်း ထုတ်လုပ်သူရဲ့သမီးနဲ့လည်း ခင်နေတာကို ဘာလို့ ကိုယ့်ကိုကိုယ်ဒုက္ခခံပြီးများ သွားအရွေးခံနေရတာလဲ…"


သူမ၏စကားများမှာ သူ့အားအပြစ်တင်နေသည်နှင့်တူသော်လည်း ချီယွီကျီး၏အသံမှာ နူးညံ့နေကာ အနည်းငယ်နာကျင်ကိုက်ခဲနေဟန်ရှိသောကြောင့် ချီရှင်းချန် ထိုအရာကို အသားမကျသည့်အတွက် အနောက်သို့ဆုတ်ကာ " ကျွန်တော့် ကိုယ့်ဘာသာကြိုးစားကြည့်ချင်လို့ပါ…"


မူလကိုယ်မှာ မိသားစုထဲတွင် မည်သူကမှ သူ့ကိုအကူအညီမပေးရန်နှင့် သူ၏အကြောင်းကိုမ‌ထုတ်ဖော်ရန်တို့ကို ပြင်းထန်စွာပြောကြားထားခဲ့သည်။ ထိုအတွက်ကြောင့်သာ ချီယွီကျီး ယနေ့ကျိုးယွီကို ဒေါသတကြီးဖုန်းချပစ်လိုက်သော်လည်း သူအော်ငေါက်နေသည်မှာ သူ၏ယောက်ဖဖြစ်လာမည့်သူဖြစ်ကြောင်း မပြောလိုက်ချေ။


" အင်းပါ အင်းပါ… လိုတာရှိရင် အစ်မကိုပြောရမယ်နော်…" ချီယွီကျီး သူမ၏မောင်လေးမှ ထပ်မံပုန်ကန်လာမည်ကို စိုးရိမ်သည့်အတွက် ထပ်မပြောရဲတော့ပေ။ သူမ ချီရှင်းချန်၏အင်္ကျီပေါ်မှ ဖုန်များကိုသာ ခါပေးလိုက်ကာ " ဒီနေ့ဘာကားမောင်းပြီးပြန်လာလို့ ဒီလောက်ပေတူးရတာလဲ…"


" ကျွန်တော်ဘတ်စ်ကားနဲ့ပြန်လာတာပါ…"


" ? " ချီယွမ်ရှောင်‌နှင့်ချီယွီကျီတို့နှစ်ဦးစလုံး ရှော့ရသွားခဲ့ကြသည်။ ထို့နောက် အချင်းချင်းကြည့်ကာ တစ်ချိန်တည်းမှာပင် ဖုန်းကိုထုတ်၍ သူတို့သိသည့်ကားအရောင်းသမားများကို စာပို့လိုက်ကြသည်။


ချီရှင်းချန်မှာမူ သူတို့လုပ်ဆောင်နေသည့်အရာကို မသိနေခဲ့ပေ။ သူ၏အခန်းသို့ထွက်ပြေးနိုင်မည့်အခွင့်အရေးကိုသာ အမိအရဆုပ်ကိုင်လိုက်သည်။ ဆေးကြောပြီးနောက် အိပ်ရာပေါ်သို့ ပစ်လှဲလိုက်ပြီး ဖုန်းကိုထုတ်ကာ ရက်အနည်းငယ်မျှ အသုံးမပြုရသေးသည့် သူ၏ဝေ့ပေါ်ကို ဖွင့်ကြည့်လိုက်သည်။ ဦးဆုံးအနေဖြင့် သူ၏အရန်အကောင့်စီသို့သွားလိုက်သည်။


သူဝယ်ယူထားသည့်ဖန်များမှာ နေရာတကျရှိနေပြီး ထပ်ပေါင်းရမည်ဆိုလျှင် သူ၏အိုင်ဒီကိုရှာကာ အပ်လာခဲ့သည် ညဉ့်ကောင်းကင်ခုနစ်ဦးပင် ရှိနေခဲ့ကာ သူတို့ထဲမှ သုံးယောက်မှ သူ၏ဝေ့ပေါ်ပို့စ်ကို ပြန်လည်မျှဝေခဲ့ကြသည်။


ကောင်းပြီ ဒီလောက်ဆို အ‌ဆင်ပြေတယ်… ဘာမှမရှိတာထက်တော့ တော်သေးတာပေါ့…


ချီရှင်းချန် ကျေကျေနပ်နပ်ဖြင့် သူ၏အဓိကအကောင့်သို့ ပြောင်းလဲချိန်၌ အံ့ဩစရာကောင်းစွာ သူ၏အဓိကအကောင့်မှပုံအောက်တွင် မန့်ပေါင်းလေးဆယ်ခန့်ရှိနေခဲ့သည်။


အချို့မှာ သူလွန်ခဲ့သည်နှစ်ဝက်အတွင်း မည်သည့်နေရာသို့ရောက်နေကြောင်းမေးမြန်းနေကြပြီး အချို့မှာမူ သူပြန်ပေးဆွဲခံလိုက်ရသည်ဟု သံသယရှိနေကာ မျက်တောင်ခပ်ပြရန် တောင်းဆိုနေကြသည်။ အချို့မှာလည်း အဆုံး၌ သူလူလုံးထွက်ပြနိုင်ခဲ့ပြီဟု ခန့်မှန်းနေကြသည်။


ထိုမန့်များထဲမှ လိုက်ခ်အများဆုံးရထားသည်မှာ ရိုးရှင်းသောစာတစ်ကြောင်းသာဖြစ်သည်။


လော့လော့ : [ မင်းပြန်လာတာကောင်းလိုက်တာ… ငါတို့အမြဲဒီမှာရှိနေမယ်နော် ] 


သူ၏နာမည်ကျော်ကြားမှုတိုးလာသည့်အချိန်မှသာလျှင် သူ အဓိကဇာတ်လိုက်နှင့်ဇာတ်လိုက်မအနားသို့ ပို၍နီးကပ်နိုင်မည်ဖြစ်ရာ ယမန်နေ့တွင် ချီရှင်းချန် နာမည်ကျော်ကြားမှုများကို ရယူနိုင်ရန်အတွက် ဆယ်ဖီတစ်ပုံတင်ခဲ့လေသည်။


သူ ဝတ္ထုထဲသို့ စတင်ကူးပြောင်းလာသည့်အချိန်မှစ၍ ယခုအထိ သူစိတ်ထဲတွင် မည်သို့ရှင်သန်ရန်နှင့် သူ၏ဘဝကိုကယ်တင်နိုင်ရန်အတွက် နောက်ထပ်ခြေလှမ်းကိုမည်သို့လှမ်းရမည်ကိုသာ တွေးနေမိခဲ့သည်။ သို့သော်လည်း ထိုစာကြောင်းကို မြင်လိုက်သည့်အချိန်၌ ရုတ်တရက်ဆိုသလို သူသည် ဒီအတိုင်းရိုးရိုးချီရှင်းချန်သာ မ‌ဟုတ်ကြောင်း သဘောပေါက်သွားခဲ့သည်။


လူများစွာမသိသေးသည့်တိုင် သူသည်လည်းအနုပညာရှင်တစ်ဦးဖြစ်သည်။


သူသည်လည်း ထိုလက်တစ်ဆုပ်စာမျှသောမိန်းကလေးများ၏ အိုင်ဒေါဖြစ်လေသည်။


သူပိုင်ရဲ့ကို သဘောကျသလိုပင် ထိုမိန်းကလေးများသည်လည်း သူ့ကိုသဘောကျကြသည်။


ချီရှင်းချန်၏နှာခေါင်းမှာ အနည်းငယ်ချဉ်စူးလာခဲ့ပြီး မန့်ပေါင်းလေးဆယ်ကျော်ကို တစ်ခုစီ စာပြန်လိုက်ကာ သူ၏လက်ချောင်းများမှာ တောင့်တင်းနေခဲ့လေသည်။


ထိုစဉ် သူ၏ဖုန်းမှ အသံမြည်လာခဲ့သည်။


၎င်းမှာ တုလန်ရှင်းထံမှဖြစ်ပြီး သူမ၏အသံမှာ အံ့ဩကာ ကျေနပ်နေပုံပင်။


" ယို့ ကောင်စုတ်လေး မင်းကံကောင်းခြင်းခွေးချီးများတက်နင်းမိလာလားဟင်…မင်းတကယ်အရွေးခံလိုက်ရတယ်တဲ့…"


သူ၏နာမည်အတိုင်းပင် ဘတ်ဂျက်ခရီးသွားကြမယ် ဟူသောအစီအစဉ်မှာ ခရီးသွားရသည့်ရသစုံရှိုးမျိုးဖြစ်ပြီး ပရိသတ်များလိုချင်နေကြသည့် နာမည်ကြီးကြယ်ပွင့်များ၏ ဒုက္ခသုတ်ခများနှင့်အရှက်ကွဲမှုများကို တိကျစွာရိုက်ကူးပေးသည့်အစီအစဉ်ပင်ဖြစ်သည်။ အထူးသဖြင့် နာမည်ကျော်အနုပညာရှင်များကို ဝေးလံခေါင်ဖျားမှရွာငယ်လေးများ သို့မဟုတ် အလွန်ကုန်ကျစရိတ်များပြားသည့်နေရာများသို့ ပစ်ထည့်ကာ ခရီးစရိတ်အလွန်နည်းပါးစွာပေးခြင်းမျိုးဖြစ်သည်။ ထိုမှသာလျှင် ၎င်းတို့မှာ နာမည်ကျော်များနှင့်ဧည့်သည်များ၏ဒုက္ခရောက်ပုံများနှင့်စကားများပွဲများကို ရိုက်ယူနိုင်မည်ဖြစ်သည်။


ထိုရသစုံရှိုးအတွက် ပြင်ဆင်ကြစဉ်က မိုင်မန့်တီဗွီမှာ သူတို့၏ရှိုးကို ကုမ္ပဏီ၏အဆင့်အတန်းမြင့်မားသည့်ရသစုံရှိုးအဖြစ်ပြောင်းလဲစေချင်သည့်အတွက် ပထမဆုံးအသုတ်တွင် အေအဆင့်ရှိကြယ်ပွင့်များနှင့် ထိုအချိန်ကလူပြောများသောဧည့်သည်များကိုခေါ်ယူခဲ့ကြသည်။ လူထု၏ခိုင်မာသောအမြင်များနှင့်အတူ ထိုနှစ်၏နံပါတ်တစ်ခေါင်းစီးအဖြစ် တက်လှမ်းနိုင်ခဲ့လေသည်။


ယခု‌နှစ်တွင်မူ ရှိုးရိုက်ကူးခဲ့သည်မှာ ရာသီလေးခုရှိနေပြီဖြစ်ပြီး ၎င်း၏ကျော်ကြားမှုမှာ အနည်းငယ်ကျဆင်းနေခဲ့သည်။ ထို့ကြောင့်ပင် ထုတ်လုပ်သူများမှာ တစ်နည်းနည်းဖြင့် နော်ရာသို့သွားကာ နတ်ဘုရားကြီးဖြစ်သော ပိုင်ရဲ့ကို ဖိတ်ခေါ်ခဲ့ကြရသည်။


မူရင်းသတင်းများမှ ပြောခဲ့သည်မှာ ထုတ်လုပ်သူနှင့်ပိုင်ရဲ့တို့ကြားတွင် ကိုယ်ရေးကိုယ်တာရင်းနှီးမှုရှိခြင်းကြောင့် ပိုင်ရဲ့မှ ထိုရသစုံရှိုးကို လက်ခံခဲ့သည်ဟုပင်။ သို့သော်လည်း ယမန်နေ့မှလူတွေ့ဖြေရာ၌ ပိုင်ရဲ့မှာသူ၏ဘေးမှ ထုတ်လုပ်သူနှင့် မရင်းနှီးကြောင်းကို ချီရှင်းချန်ရှင်းလင်းစွာမြင်တွေ့ခဲ့ရလေသည်။


အတိုချုပ်ဆိုရမည်ဆိုပါက အရာအားလုံးမှာ လျှို့ဝှက်ဆန်းကြယ်နေသည်။


လာမည့်အပတ်တွင် အိမ်မှအချိန်အတော်ကြာထွက်ခွာရမည်ဖြစ်သောကြောင့် မနက်ခင်းမနက်စာစားချိန်၌ ချီရှင်းချန် ရသစုံရှိုးအကြောင်းကို သူ၏မိသားစုအား ပြောပြလိုက်သည်။


" ဒါကဘတ်ဂျက်နည်းတဲ့ရသစုံရှိုးမလား…" ချီယွီကျီး သူမလက်ထဲမှ လက်ဖက်ရည်ခွက်ကို ချကာ " နင်အပျော်ဝင်အရွေးခံတယ်လို့ အစ်မကထင်နေတာ… တကယ်ကြီးမသွားဘူးမလားဟင်… ဟုတ်တယ်မလား…"


ချီရှင်းချန် : " ဒါကအမှန်ပါ ကျွန်တော်သွားမှာ…"


" အစ်မအဲဒီရှိုးကိုနည်းနည်းကြည့်ဖူးတယ်… အဲဒါကအတော်လေးကြမ်းတမ်းတယ်နော်…" ချီယွီကျီးမှာ စိတ်ပူနေခဲ့သည်


" နင်ကအားနည်းတယ်လေ… သည်းခံနိုင်ပါ့မလား…ခဏနေကြ ပစ္စည်းတွေဝယ်ဖို့ အစ်မနဲ့ရှော့ပင်းမောလ်ကိုလိုက်ခဲ့နော်…"


မနက်စာစားပြီးသည်နှင့် ချီယွီကျီး ချီရှင်းချန်ကို ဆွဲခေါ်သွားခဲ့သည်။ သူတို့မြေအောက်ကားပါကင်သို့ ဝင်လိုက်သည်နှင့် ဘေးချင်းကပ်ရပ်ထားသည့်ဇိမ်ခံကားနှစ်စီးကြောင့် ချီရှင်းချန်၏မျက်လုံးများကို ကန်းလုမတတ်ဖြစ်သွားခဲ့ရသည်။


တစ်စီးမှာ ငွေရောင်ရိုးလ်ရွိုက်စ်ကားဖြစ်ပြီး အခြားတစ်စီးမှာမူ ခဲရောင်ခိုးနဒ်ဆစ် (Koenigsegg)ပြိုင်ကားတစ်စီးဖြစ်သည်။


ချီယွီကျီး သူမ၏ဆံပင်ကိုသပ်ကာ " ရှင်းရှင်း အဟောင်းကိုမကြိုက်တော့ရင်လည်း အစ်မကိုပြောလေ ဘာလို့ဘတ်စ်ကားစီးရတာလဲ… ဒီနှစ်စီးလုံးက နင့်အတွက်ကြီးပဲနော်…ဒီနေ့ဘယ်ဟာကိုမောင်းချင်လဲရွေးချည်…"


ပြောရင်းဖြင့် အနည်းငယ်စိတ်လှုပ်ရှားနေသောကြောင့် ချီယွီကျီး၏မျက်တောင်များမှာ တဖျတ်ဖျတ်ခပ်နေခဲ့သည်။ ထို့နောက် ချီရှင်းချန် အနည်းငယ်နိမ့်ကျဟန်ရှိမည့် ရိုးလ်ရွိုက်ကို ညွှန်ပြလိုက်လေသည်။


ချီယွီကျီး၏အပြုံးမှာ ပြုတ်ကျသွားလေပြီ။


ထိုအခြင်းအရာကို မြင်လိုက်ရခြင်းကြောင့် ချီရှင်းချန် လက်ရှိအခြေအနေကို ကပျာကယာကယ်တင်လိုက်ရသည်


" ဒီကားမှာက စုံဂဏန်းတွေရှိနေတာလေ…ဒီနေ့အတွက် နံပါတ်ကအကန့်အသတ်ရှိတယ်ဆိုတော့ မဂဏန်းနဲ့ကားကို မောင်းသင့်တာပေါ့…"[ကားလမ်းမပိတ်အောင်လို့ကားတွေထွက်ရတဲ့ရက်ကို စုံ မ ခွဲပြီးသတ်မှတ်ထားတာပါ]


" ‌ယေးးးးး " ချီယွီကျီး ဝီချက်ပေါ်တွင် ပျော်ရွှင်စွာအော်ဟစ်လိုက်သည်


" အစ်ကိုကြီး ရှင်းရှင်းကညီမကားကိုပိုကြိုက်တာတဲ့… ဒီတစ်ခါတော့ ညီမနိုင်သွားပြီနော်…."


ချီရှင်းချန်မှာမူ ပြောစရာစကားများ ကင်းမဲ့သွားရသည်။


" အိုးး ဟုတ်သားပဲ ရှင်းရှင်း ချီမိသားစုကကားတွေမှာ နံပါတ်အကန့်အသတ်မရှိတာ နင်မေ့သွားပြီလား…"


ချီယွီကျီး နှုတ်ခမ်းကိုကိုက်ကာ ပြုံးလျက် " သွားကြစို့…"


အမှန်တကယ်ပင် မယ်ရီဆူးဝတ္ထုထဲမှ ချမ်းသာပြီး အာဏာရှိသည့်ချီမိသားစုမှကားများမှာ နံပါတ်ကန့်သတ်ခြင်းစည်းကမ်းကို လိုက်နာရန်မလိုပေ။ လမ်းတွင်ကားပိတ်နေလျှင်ပင် ချီယွီကျီးမှ ကားဒရိုင်ဘာကို ညွှန်ကြားလိုက်သည်


" လူအိုကြီးကျန်း အရာရှိလီကိုခေါ်ပြီး လမ်းရှင်းတဲ့ကားလွှတ်ပေးဖို့ ပြောပေးပါဦး…"


" မလိုပါဘူး…" ချီရှင်းချန် သူ၏ရှေ့မှ ပိတ်နေသည့်ကားတန်းကြီးကို ကြည့်ကာ " ဒါကဆယ်မိနစ်လောက်ပဲကြာမှာပါ…"


" နင်လေးကို အစ်မနဲ့အတူလိုက်ဖို့ခေါ်ရတာ မလွယ်ဘူးလေ…ငါကနင်နဲ့အချိန်နည်းနည်းကြာကြာလေးရှိချင်လို့ပါ…"


" ယာဉ်ထိန်းရဲကို မခေါ်နဲ့တော့…" ချီရှင်းချန် သူ့ကိုကပ်ချွဲရန်ကြိုးစားနေသည့်အစ်မဖြစ်သူကိုကြည့်ကာ ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်သည်


" ကျွန်တော်ဒီနေ့ကုမ္ပဏီမသွားတော့ဘဲ အစ်မကိုအဖော်လုပ်ပေးပါ့မယ်…"


" ဝိုးးးးးးးး " ချီယွီကျီးမှာ အပျော်လွန်နေခဲ့ကာ ယနေ့လုပ်ရမည့်အရာများကို စတင်ပြင်ဆင်နေခဲ့သည်။