အပိုင်း၇
Viewers 27k

Chapter 7

Chapter 7



ချီယွီကျီး သူ့ကိုပထမဆုံးခေါ်သွားသည့်ဆိုင်မှာ အဆင့်မြင့်အဝတ်အစားဆိုင်ဖြစ်ပြီး သူတို့ဝင်သွားသည်နှင့် ချီယွီကျီးမှ လှမ်းပြောလိုက်သည်


" ငါတို့မိသားစုကရှင်းရှင်းအတွက် မှာထားတဲ့အဝတ်အစားတွေ ရောက်ပြီမလား…"


ဆိုင်ပိုင်ရှင်မှ သုံးမီတာရှည်လျားသည့်အဝတ်စင်ကြီးကို အပူချိန်ထိန်းကိရိယာပါသည့် သိုလှောင်ခန်းတွင်းမှ ထုတ်ယူလာခဲ့သည်။


ဒုတိယတစ်ဆိုင်မှာ အလှပြင်ဆိုင်ဖြစ်ပြီး ဆိုင်တွင်းသို့ဝင်လိုက်သည်နှင့် ဧည့်ကြိုလေးယောက်နှင့် သက်တော်စောင့်လေးယောက်တို့သည် ချီယွီကျီးထံမှကဒ်ကို လွှဲယူလိုက်ကာ ၎င်းမှာ မြေအောက်ဂိုဏ်းစည်းဝေးပွဲထက်ပင် ပို၍အလေးအနက်ထားပုံပေါ်နေလေသည်။


သူတို့လုပ်နေသည့်အရာများကို ချီရှင်းချန် မသိနေခဲ့သောကြောင့် ချီယွီကျီးမှ ရှင်းပြလိုက်သည်


" ဒီဆိုင်ကအဖွဲ့ဝင်ရတဲ့စနစ်မျိုးလေ…အိတ်ခ်ျမြို့မှာ အဖွဲ့ဝင်နှစ်ရာလောက်ပဲရှိတာ…အဖွဲ့ဝင်ဖို့အတွက် သုံးသပ်ချက်ကလည်း အရမ်းတင်းကြပ်တော့ နာမည်ကြီးတဲ့သူတွေနဲ့ အဆင့်တစ်ခုထိရောက်နေတဲ့လူထုကိုယ်စားပြုတွေပဲ ပါလို့ရတာ… ဥပမာပြောရရင် ပိုင်ရဲ့က အိတ်ခ်ျမြို့ရဲ့တစ်‌ဦး‌တည်းသောအနုပညာရှင်ပဲ…"


ကြည့်ရသည်မှာ ဤအလှပြင်ဆိုင်၏ထိပ်တန်းဧည့်သည်များမှာ အလွန်ထူးခြားမည့်ပုံပင်။ ထိုစဉ် ချီရှင်းချန် ချီယွီကျီးယူထားသည့်သီးသန့်ခန်းငယ်လေး၏ အနှိပ်ခုံပေါ်သို့ ဖိချခံလိုက်ရသည်။


သူ၏မျက်လုံးများကို မှိတ်ချလိုက်ပြီး ပြန်ဖွင့်လိုက်ချိန်၌ သူ၏ဆံပင်ပုံစံမှာ ပြောင်းလဲသွားခဲ့လေသည်။


မူလကိုယ်ဆေးရုံသို့ပို့လိုက်ရသည့်အချိန်ကစ၍ ချီရှင်းချန် သူ၏ဆံပင်ကို ဂရုမစိုက်ဘဲ ပစ်ထားမိခဲ့သည်။ ယခုအချိန်တွင် စတိုင်လစ်မှ သူ၏ဆံပင်ကို တိုတိုညှပ်ကာ အညိုရောင်ရင့်ရင့်ဆိုးပေးလိုက်သည့်အတွက် သူ၏နဂိုဖြူဖွေးနေသည့်အသားအရည်ကို ပို၍ဖြူဖျော့သွားစေသည်။


ထိုအချိန်၌ ဘတ်ဂျက်ခရီးသွားကြမယ်အစီအစဉ်၏ဒါရိုက်တာမှ တရားဝင်ဓာတ်ပုံအတွက်တောင်းဆိုလာသောကြောင့် ချီရှင်းချန်ဖုန်းကိုထုတ်ကာ ခလုတ်ကိုနှိပ်လိုက်သည်။


" ဘုရားရေ… မင်းကအိုင်ဖုန်းရဲ့အရှေ့ကင်မရာအောက်မှာတောင် အရမ်းကြည့်ကောင်းနေတာပဲ…"


ဆံပင်ပြင်ပေးသူ၏မျက်လုံးထဲတွင် အံ့အားသင့်မှုများ ပြည့်နေခဲ့သည်


" ဒုတိယသခင်လေးချီ…ဒီပုံကိုဆိုင်ရဲ့နမူနာအဖြစ်သိမ်းထားမှာကို စိတ်မရှိဘူးမလား…"


ချီရှင်းချန် ဂရုစိုက်မနေပေ။ သူထိုပုံ၏မိတ္တူကို ဒါရိုက်တာနှင့် စတိုင်လစ်ထံသို့ ပို့ပေးလိုက်သည်။


မနက်ကိုးနာရီအချိန်တွင် ပရိုဂရမ်မှပထမအဖွဲ့၏ဧည့်သည်များကို ကြေငြာလိုက်သည်။


ဘတ်ဂျက်ခရီးသွားကြမယ်အစီအစဉ် စတုတ္ထရာသီ၏တရားဝင်ဝေ့ပေါ် : [ နွေဦးမှာ မက်မွန်သီးတွေရင့်မှည့်နေပြီး နဂါးငွေ့တန်းမှာ အတောက်ပဆုံးကြယ်ပွင့်လေးတွေရှိတယ်…မင်းတို့နှစ်ယောက်ရဲ့ ချိုမြိန်တဲ့အလှအပတို့နဲ့အတူ ထောင်ထောင်နဲ့ ‌ချီရှင်းချန်ကို ကြိုဆိုလိုက်ပါတယ်…]


[ ဓာတ်ပုံ ] [ ဓာတ်ပုံ ] 


မကြာမီအချိန်တွင်း တရားဝင်ထုတ်ပြန်ချက်ကို စောင့်မျှော်နေကြသည့်ပရိသတ်များမှာ ပေါက်ကွဲထွက်သွားခဲ့ကြသည်။


[ သောက်ကျိုးနည်း ဒီမျက်နှာ ဒီခန္ဓာကိုယ်နဲ့မသေမျိုးမောင်ငယ်လေးက ဘယ်ကထွက်လာတာလဲနော်…သုံးမိနစ်အတွင်း ငါသူ့ရဲ့အချက်အလက်အားလုံးကိုလိုချင်တယ် ]


တိုတောင်းသည့်နေ့လည်တစ်ခင်းမှာပင် ချီရှင်းချန်၏ဝေ့ပေါ်မှာ ပရိသတ်များကြောင့် လျှံကျလုမတတ်ဖြစ်သွားခဲ့ရသည်။


တကယ်တော့ ၎င်းမှာ သုံးသောင်းမျှသာတိုးလာသည်ဖြစ်ပြီး  မများလှချေ။ မည်သို့ပင်ဖြစ်စေ သူ၏နောက်ဆုံးတင်ထားသည့်ဓာတ်ပုံမှမန့်များမှာ ထောင်ချီအထိထိုးတက်နေသည့်အတွက် ချီရှင်းချန် အချို့ကိုရွေးကာပြန်‌လိုက်သော်လည်း လူတိုင်းကိုပြန်မဖြေနိုင်သည်ကို သိရှိသွားသောကြောင့် သူလက်လျော့လိုက်ရသည်။


ချီယွီကျီးမှာမူ လုံလောက်သည်ဟုထင်မနေခဲ့ပေ။ သူမ မောင်ငယ်အတွက် မျက်နှာပေါင်းတင်ကပ်ခွာကို‌ ကောက်ယူလိုက်ပြီး တစ်ဖက်မှ ဖုန်းဖြင့်စာရိုက်နေခဲ့သည်


" ရှင်းရှင်း နင့်ဖန်တွေက သောင်းကျော်ပဲရှိတာ ထောင်ထောင်ထက်နည်းနေသေးတယ်…အစ်မ နင့်အတွက်ဖန်တိုးအောင် ရေပန်းစားမှုခေါင်းစီးဝယ်ပေးမယ်…"


" ? " ချီရှင်းချန် အလျင်အမြန်ငြင်းပယ်လိုက်သည် " မဝယ်နဲ့နော်…"


ချီယွီကျီးမှ " အစ်မဝယ်ပြီးသွားပြီ… တောင်းပန်ပါတယ်နော် ရှင်းရှင်း အစ်မပြန်ဖျက်လိုက်မယ်…."


အစ်မဖြစ်သူ၏လက်မှာ ထိုမျှလျင်မြန်လိမ့်မည်ဟုမထင်မိသည့်အတွက် ချီရှင်းချန် ပြောမည့်စကားပင် ပျောက်သွားခဲ့ရသည်။


" ရေပန်းစားမှုခေါင်းစီးဝယ်ဖို့ဆို ဘယ်လောက်ကုန်လဲ.." ချီရှင်းချန် မေးလိုက်သည်။


ချီယွီကျီး အနည်းငယ်မှားယွင်းသလို ခံစားလိုက်ရသည် " တစ်သိန်းထဲပါ…"


".... ဒါဆိုလည်းထားလိုက်ပါတော့လေ.. ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော့်မှာဖန်များများစားစားရှိတာမှမဟုတ်တာ…ကျွန်တော့်ကျော်ကြားမှုက အဖုံးခံလိုက်ရဖို့ သိပ်မကြာလောက်ပါဘူး…"


ချီရှင်းချန်ပြောသည်မှာ မမှားပေ။ သူ၏ကျော်ကြားမှုကို ထိန်းသိမ်းရန်အတွက် ပရိသတ်နှင့်ထိတွေ့မှုမရှိခဲ့လေရာ ရေပန်းစားမှုစာရင်းတွင် သူ၏နာမည်မှာသုံးနာရီမျှတင်ခဲ့ပြီးနောက် တဖြည်းဖြည်းပြန်လည်ကျဆင်းသွားခဲ့သည်။ ထိုသုံးနာရီအတွင်း သူ၏ဖန်အရေအတွက်မှာမူ တစ်သိန်းခွဲအထိ သုံးဆတက်လာခဲ့လေသည်။


ချီရှင်းချန် လျှာကိုသာကိုက်ထားလိုက်ရသည်။ ဒါကမြို့တော်ရဲ့စွမ်းအားပဲလား….


သောကြာနေ့တွင် မိုင်မန့်တီဗွီမှ ချီရှင်းချန်ကို သူ၏ပထမဦးဆုံးအင်တာဗျူးဖြေဆိုရန်အတွက် အကြောင်းကြားလာခဲ့သည်။


မည်သူမှမသိသည့်အခြေအနေနှင့်ပင်မခြားသောသူ့အတွက် ကုမ္ပဏီမှ နာနီကားမပေးခဲ့ချေ။ ထို့ကြောင့် တုလန်ရှင်းမှ သူ့ကိုယ်တိုင်မောင်းပို့ခဲ့ရကာ စတူဒီယိုအပြင်မှ စောင့်ဆိုင်းခန်းတွင်ရှိနေစဉ် သူ့ကိုတောက်လျောက်မှာကြားနေခဲ့သည်။


" ခဏနေကြရင် မိတ်ဆက်ဖို့အတွက် ဗီဒီယိုအတိုလေးရိုက်ရလိမ့်မယ်… အဓိကက ပရိတ်သတ်ကို မင်းနဲ့ရင်းနှီးသွားဖို့ပဲဆိုတော့ သူတို့စိတ်ဝင်စားဖို့ကောင်းတဲ့ဟာသတွေနဲ့အခက်အခဲတွေကို ပြောပြလို့ရတယ်… ဖုံးကွယ်မထားနဲ့…"


" ပိုင်တုစွယ်စုံကျမ်းအရ မင်းရဲ့အရပ်နဲ့အသက်ကို မင်းကိုယ်မင်းသိထားသင့်တယ်… အသက်ကတော့ မပြောင်းလဲပေမယ့် အရပ်ကတော့သုံးစင်တီမီတာတိုးသွားပြီနော်…"


" ပြောသင့်တာကိုပြော မပြောသင့်တာကို မပြောနဲ့…မင်းရဲ့လက်လုပ်လက်စားမိသားစုနောက်ခံကိုလည်း မထုတ်ဖော်မိစေနဲ့… အခုခေတ်ကြည့်ရှုသူ‌တွေက အရပ်ရှည်ရှည် ရုပ်ချောချောနဲ့ချမ်းသာတာမျိူးကိုသဘောကျကြတာ…မြက်ပင်လိုလူတွေကို မကြိုက်ကြဘူးနော်….သူတို့မေးလာခဲ့ရင်ဒီအတိုင်း ခေါင်းသာယမ်းပြလိုက်… အင်တာဗျူးမဲ့သူက မင်းအရမ်းခက်ခဲအောင်လုပ်မှာမဟုတ်ပါဘူး…"


" ငါပြောတာကိုကော နားထောင်နေရဲ့လား…"


ချီရှင်းချန်ပြန်ဖြေမလာသည့်အတွက် တုလန်ရှင်းစိတ်တိုလာပြီး " ငါ့စကားတွေကို လျစ်လျူရှုနေတာလား… မင်းမျက်နှာနဲ့ဆံပင်ကကော ဘာဖြစ်တာလဲ…မင်းမိတ်ကပ်လိမ်းမလာဘူးလား…"


တုလန်ရှင်းမှာ အသက်သုံးဆယ်ခန့်ရှိနေပြီး အနီရောင်နယ်မြေများကို မကြာခဏသွားနေခြင်းကြောင့် သူမ၏ခန္ဓာကိုယ်မှာ ပုံပျက်နေပြီဖြစ်သည်။ သူမစကားပြောလိုက်တိုင်း မျက်နှာပေါ်မှအဆီပြင်များမှာ လှုပ်ခါနေသည် ချီရှင်းချန် သူမကိုကြည့်လိုက်ပြီးနောက် သူ၏အကြည့်ကို ဘေးသို့ပြန်လွှဲလိုက်ရသည်။


" ကျွန်တော့်မှာ စတိုင်လစ်မရှိဘူး…"


တုလန်ရှင်း သီးသွားခဲ့ရသည်။ အမှန်တကယ်ပင် သူချီရှင်းချန်ကို နှစ်ဝက်လောက်ပစ်ထားခဲ့မိသောကြောင့် ထိုအချက်ကို မေ့နေမိခဲ့သည်။


တုလန်ရှင်း ချီရှင်းချန်ကို ဤဆံပင် ဤမိတ်ကပ်ဖြင့် လွှတ်ပေးလိုက်၍မရချေ။ သူမ၏ငွေပင်အသစ်ကြီးအတွက် ပိုက်ဆံရေတွက်လိုက်ပြီး စတူဒီယိုစီသို့ ရောင်ပြန်ပြားကြီးကိုကိုင်ကာ အလောတကြီးသွားနေသည့် စတိတ်စင်ကြီးကြပ်သူတစ်ဦးကို လှမ်းတားလိုက်ပြီး " ဟေးး လူငယ်လေး ငါတို့ကြယ်ပွင့်ကအလျင်လိုနေတာနဲ့ မိတ်ကပ်မလိမ်းခဲ့ရလို့ ခဏနေကြရင် မင်းတို့ရဲ့မိတ်ကပ်ပညာရှင်ကို တစ်ချက်လောက်လွှတ်ပေးပါဦး…."


" ကောင်းပါပြီ…" စတိတ်စင်ကြီးကြပ်သူလေးမှာ ရောင်ပြန်ပြားကြီးနှင့် ကွယ်နေသောကြောင့် မည်သူဖြစ်ကြောင်းကို သေချာမမြင်ရသဖြင့် သာမန်သာပြန်ဖြေလိုက်သည် " ဒါလေးလုပ်တာ ခဏစောင့်ပေးးး… အာ့…"


စကားပြောနေရင်းမှ ခြေထောက်အောက်ရှိ ဝိုင်ယာကြိုးများကို မမြင်မိလိုက်သောကြောင့် ခြေထောက်ခေါက်ကာ ရောင်ပြန်ပြားကြီးနှင့်အတူ လဲကျလာခဲ့သည်။


ချီရှင်းချန်မှာ ထိုသူ၏ရှေ့မှခုံတွင် ထိုင်နေခြင်းဖြစ်ရာ အနက်ရောင်ပစ္စည်းကြီးတစ်ခု သူ၏ခေါင်းပေါ်ကျရောက်လာသည်ကို မြင်လိုက်ရသောကြောင့် ရှောင်ရန်ကြိုးစားလိုက်သော်လည်း အလွန်နောက်ကျသွားခဲ့လေသည်။


ချီရှင်းချန် လက်မောင်းဖြင့် ခေါင်းကိုအုပ်ကာ ကာကွယ်လိုက်ပြီး သူဇာတ်ကြောင်းကိုပြောင်းလဲမိသည့်အတွက် ဤနေရာတွင်အသတ်ခံရတော့မလားဆိုသည်ကို တွေးနေမိသည်။ သို့သော်လည်း ခဏအကြာတွင် သူမည်သည့်နာကျင်မှုကိုမှ မခံစားခဲ့ရချေ။


သူမျက်လုံးများကိုဖွင့်လိုက်ချိန်၌ ပိုင်ရဲ့မှာ လက်တစ်ဖက်ဖြင့် ရောင်ပြန်ပြားကိုကိုင်ကာ တစ်ဖက်မှ စတိတ်စင်ကြီးကြပ်သူကောင်လေးကို ထိန်းထားပေးခဲ့သည်။


ဖြစ်နိုင်သည်မှာ ပိုင်ရဲ့သည် အခြားသောရိုက်ကွင်းမှလာရောက်ရခြင်းကြောင့် သူ၏အသံထဲတွင် မောပန်းနွမ်းနယ်နေမှုများကို ဖုံးကွယ်မထားနိုင်ခဲ့ပေ။


" သတိထားပါ…"


" ကျေးဇူးတင်ပါတယ်… ကျေးဇူးတင်ပါတယ်…"


စတိတ်စင်ကြီးကြပ်သူမှာ အလျင်အမြန် ဦးညွှတ်လိုက်ပြီး သူခေါင်းကိုမော့လိုက်ချိန်၌ သူ့ကိုထိန်းထားပေးသူမှာ မည်သူဖြစ်ကြောင်းသိသွားခဲ့သောကြောင့် ရုတ်တရက်ဆိုသလို ကုန်းဖျံတစ်ကောင်ကဲ့သို့ အော်ဟစ်လာခဲ့သည်


" အားးးးးး ပိုင်ရဲ့လား….ငါကသက်ရှိထင်ရှားရှိနေတဲ့ပိုင်ရဲ့ကို မြင်လိုက်ရတာလား…. အားးးးးးးးး …."


သူ၏အိတ်ထဲမှ တုန်ယင်နေသည့်လက်များဖြင့် ဘောပင်တစ်ချောင်းကိုထုတ်ကာ ပြောလိုက်သည် " ကျွန် ကျွန်တော်က ညဉ့်ကောင်းကင်ပါ…အစ်ကို ကျွန်တော့်ကို လက်မှတ်လေးထိုးပေးရမလားဟင်…"


ပိုင်ရဲ့ ပြန်မပြေခဲ့ဘဲ ချီရှင်းချန်ဘက်သို့လှည့်ကာမေးလိုက်သည် " မင်းအဆင်ပြေရဲ့လား…"


ချီရှင်းချန် : " ဟုတ်ကဲ့…"


" ကောင်းပြီ…" ပိုင်ရဲ့ ပြန်လှည့်လာပြီး " ဘယ်မှာလက်မှတ်ထိုးပေးရမလဲ.."


စတိတ်စင်ကြီးကြပ်သူတွင် မှတ်စုစာအုပ်ပါမလာသည့်အတွက် အဆုံး၌ ပိုင်ရဲ့ ထိုသူ၏အင်္ကျီပေါ်တွင် လက်မှတ်ထိုးပေးလိုက်ရသည်။ ချီရှင်းချန် ပိုင်ရဲ့၏လက်ရေးကို ဂရုတစိုက်ကြည့်လိုက်မိသည်။ ၎င်းမှာ သူ၏အစစ်အမှန်ဘဝတွင်ရှိနေသောအဆောင်မှ လက်မှတ်ထိုးထားသည့်အယ်လ်ဘမ်နှင့် တစ်ထပ်တည်းပင်။


တုလန်ရှင်းမှာ ပိုင်ရဲ့နှင့်ပို၍ရင်းနှီးချင်သည့်အတွက် စတိတ်စင်ကြီးကြပ်သူထွက်သွားပြီးနောက် ပိုင်ရဲ့အနားသို့တိုးသွားကာ သူမတွေးထားသည့်အရာကို ပြောမည့်ဆဲဆဲတွင် ပိုင်ရဲ့မှ ချီရှင်းချန်ဘက်သို့လှည့်၍ " စတိုင်လစ်မရှိဘူးလား…"


" ဟုတ်ကဲ့…"


" ငါ့နောက်လိုက်ခဲ့…" ပိုင်ရဲ့ တုလန်ရှင်းကို ဖြတ်ကျော်သွားကာ သူ၏လက်ထောက်ကို လမ်းပြရန်ပြောလိုက်သည်။ ထို့နောက် စတူဒီယိုမှ သူ့အတွက်ပြင်ဆင်ပေးထားသောအခန်းသို့ တိုက်ရိုက်ပင်ထွက်ခွာသွားခဲ့သည်။


လက်ရှိပိုင်ရဲ့၏အခြေအနေအရ သူမည်သည့်နေရာသို့ သွားသည်ဖြစ်စေ နေရာတိုင်းတွင် သူ့အတွက် မိတ်ကပ်ပြင်ရန်၊ အဝတ်စားလဲရန်၊ ထမင်းစားရန် ၊ရိုက်ကူးရေးကိုစောင့်ဆိုင်းရန် စသည့်အရာများကိုလုပ်ဆောင်ရန် သီးသန့်အနားယူခန်းတစ်ခုရရှိမည်ဖြစ်သည်။


ထိုအချိန်၌ အဝတ်အစားနှင့်မိတ်ကပ်များမှာ အဆင်သင့်ဖြစ်ပြီဖြစ်သောကြောင့် မိတ်ကပ်ပြင်ပေးမည့်သူမှာ ဖော့တုံးကို ရေဖြန်းနေခဲ့သည်။


ပိုင်ရဲ့ဝင်လာသည်ကို မြင်လိုက်ရချိန်တွင် အဘယ့်ကြောင့်နောက်ကျနေရသည်နည်းဟု မေးရန်ပြင်လိုက်သော်လည်း ပိုင်ရဲ့၏အနောက်မှလူတစ်ယောက်ပါလာသည်ကို သတိပြုမိသွားသည်။


" ဘော့စ် ဒါက…"


" ချီရှင်းချန်…" ပိုင်ရဲ့တည်ငြိမ်စွာပြောလိုက်သည် " ရှောင်မန် ငါအရင်ဆုံး အဝတ်အစားသွားလဲလိုက်ဦးမယ်… သူ့ကိုမိတ်ကပ်ကူပြင်ပေးလိုက်ပါ…"


" အိုးး ကောင်းပါပြီ…" ရှောင်မန် ချီရှင်းချန်ကို အံ့ဩစွာကြည့်ကာ " ချီလောင်ရှီး ဒီကိုလာထိုင်ပေးပါ…"


[ Note - တရုတ်အနုပညာနယ်ပယ်တွင် အနုပညာရှင်များကို လေးစားသမှုနှင့် လောင်ရှီးထည့်ခေါ်လေ့ရှိကြသည် ]


လူငယ်လေးများကို မိတ်ကပ်လိမ်းပေးရန်မှာ ပို၍ပင်လွယ်ကူလှပြီး အထူးသဖြင့် ချီရှင်းချန်ကဲ့သို့ မျက်နှာသေးသေးနှင့် ပြစ်မျိုးမှဲ့မထင်အသားအရေပိုင်ရှင်မျိုးအတွက် ရှောင်မန် ဖောင်ဒေးရှင်းအနည်းငယ်လိမ်း၍ လိုသည့်နေရာဖြည့်ပေးရုံသာလိုသည်။


ရှောင်မန် မရပ်တန့်ခဲ့ပေ။ သူမ၏အသံကိုနှိမ့်၍ မေးလာခဲ့သည် " ချီလောင်ရှီး မင်းကငါတို့ဘော့စ်ရဲ့သူငယ်ချင်းလား…"


" မဖြစ်နိုင်တာ…" ချီရှင်းချန် ထိုသူမှာ မည်သူဖြစ်ကြောင်း မသိနေသောကြောင့် " ကျွန်တော်က နော်ရာကအနုပညာရှင်တစ်ယောက်ပါ…ဒီနေ့ အလျင်လိုတာနဲ့ ဆံပင်မပြင်ခဲ့ရလို့လေ…စီနီယာပိုင်နဲ့ အမှတ်မထင်ဆုံတွေ့ခဲ့ပြီးတော့ သူကမိတ်ကပ်ပြင်ဖို့ခေါ်လာပေးတာပါ…"


ရှောင်မန်မှာ ပို၍ပင်အံ့ဩသွားခဲ့ရသည်။ ပိုင်ရဲ့မှာ တိတ်ဆိတ်ခြင်းကိုနှစ်သက်ကာ လူမှုဆက်ဆံရေးကိုမုန်းတီးပြီး သူ၏နားနေခန်းတွင်းသို့ မည်သူ့ကိုမျှခေါ်လာခဲ့ခြင်းမျိုးမရှိချေ။


အဘယ့်ကြောင့် ယခုအချိန်တွင် ပြောင်းလဲခဲ့ရသည်နည်း။ ပိုင်ရဲ့မှာ သူ့ကိုခေါ်လာရုံသာမက သူငယ်ချင်းပင်မဖြစ်သေးသောလူငယ်လေးတစ်ယောက်ကိုလည်း ခေါ်လာသေးသည်။


သေချာပေါက်ပင် ၎င်းမှာ မရိုးရှင်းနိုင်သည့်အတွက် ရှောင်မန်မျက်လုံးကို လှိမ့်လိုက်ပြီး " ချီလောင်ရှီး မင်းတို့အချင်းချင်းဘယ်လိုသိကြတာလဲ…"


" မင်းသူ့မိသားစုအကြောင်းထိ မေးတော့မလို့လား…" ပိုင်ရဲ့ ထွက်လာပြီးနောက် ရှောင်မန်ကို သတိပေးသည့်အကြည့်တစ်ချက်ပေး၍ " အလုပ်ပဲကြိုးစားပါ…"


ရှောင်မန် ချီရှင်းချန်ကို ကြည့်ကာ လျှာထုတ်ပြလိုက်ပြီး ကြောက်ရွံ့သွားဟန်ဆောင်လိုက်သော်လည်း သူ၏အမူအယာအရ သိသိသာသာပင် သူပိုင်ရဲ့ကို ကြောင်မနေပေ။


ပိုင်ရဲ့၏ဝန်ထမ်းများမှ ထုတ်ဖော်ခဲ့သည့် ပိုင်ရဲ့မှာအပေါ်ယံတွင် အေးစက်သော်လည်း လေထုကိုဖိနှိပ်တတ်သည့်လူမျိုးမဟုတ်ဘူးဆိုသည့်စကားမှာ မှန်နေလောက်သည်။


ရှောင်မန် ချီရှင်းချန်အတွက် မိတ်ကပ်ပြင်နေသည်မှာ မပြီးစီးသေးသဖြင့် ပိုင်ရဲ့ ချီရှင်းချန်၏ဘယ်ဘက်တွင်ထိုင်ကာ သူ၏ဆံပင်ကို ပြင်ဆင်နေလိုက်သည်။


ချီရှင်းချန် မည်သည့်အချိန်ကမှ သူ့အိုင်ဒေါ၏ရိုက်ကွင်းနောက်ကွယ်ကမျက်နှာကို မမြင်ခဲ့ဖူးပေ။ ထိုအရာမှာ အတုဖြစ်နေသည့်တိုင် သူမအောင့်နိုင်ဘဲ ဘယ်ဘက်သို့ မျက်လုံးကို စွေကြည့်နေမိသည်။


ထို့နောက် သူ၏အကြည့်များကို ပြန်ရုတ်သိမ်းလိုက်သည်။


တစ်ဖန် ပြန်ခိုးကြည့်လာပြီးနောက် ထပ်မံ၍အလျင်အမြန်အကြည့်ပြန်လွှဲလိုက်ပြန်သည်။


သောက်ကျိုးနည်း ငါတော့ကောင်းကင်ပေါ်ကိုပျံတက်တော့မှာပဲ… အလှအပကသာအခွန်ဆောင်ရမယ်ဆိုရင် ပိုင်ရဲ့ကတော့ ဒေဝါလီတောင်ခံရနိုင်တယ်…


ချီရှင်းချန်၏မျက်လုံးများမှာ တတိယအကြိမ်မြောက် ခိုးကြည့်လာခဲ့ပြန်သည်။


ပိုင်ရဲ့နောက်‌ဆုံး၌ သည်းမခံနိုင်တော့ဘဲ မှန်ထဲမှ ချီရှင်းချန်ကို စိုက်ကြည့်လာသည်။


သူတို့နှစ်ဦး၏မျက်လုံးများဆုံတွေ့သွားသည်နှင့် ချီရှင်းချန် ချက်ချင်းဆိုသလို ဆရာဖြစ်သူမှ အိမ်စာကူးချနေသည်ကိုအမိခံလိုက်ရသည့်ကျောင်းသားတစ်ဦးကဲ့သို့ ခါးကိုမတ်လိုက်သည်။ သူ၏ပုံစံမှာ မည်သည့်အမှားကိုမှ ကျူးလွန်ထားပုံမရချေ။


ချီရှင်းချန်၏တုန့်ပြန်မှုမှာ အလွန်ကြီးမားနေသောကြောင့် ပိုင်ရဲ့မျက်ခုံးကိုပင့်ကာ မေးလိုက်သည်


" မင်းငါ့ကိုကြောက်နေတာလား…"


" မဟုတ်ပါဘူး… မဟုတ်ဘူး…"


" ဒါဆို မင်းဘာလို့ဒီလောက်လန့်နေရတာလဲ…"


ချီရှင်းချန်၏အတွေးထဲတွင် " ဘာလို့ဆိုရင် မင်းကငါ့အိုင်ဒေါနဲ့တူနေလို့လေ…မင်းကိုတွေ့တိုင်း ငါစိတ်မထိန်းနိုင်ဘဲ သူ့ကိုတွေးမိပြီး စိတ်လှုပ်ရှားစေတယ်…" ဟုတွေးနေမိသည်။


" ဒါကဘာဖြစ်လို့လဲဆိုတော့…" ပိုင်ရဲ့ခဏမျှတုန့်ဆိုင်းသွားပြီးနောက် " ငါမင်းကို အဲဒီနေ့တုန်းက လေ့ကျင့်ရေးအခန်းထဲမှာ ရိုက်ခဲ့မိလို့ မင်းလန့်နေတာလား…."


ချီရှင်းချန် : "....."


မဖြစ်နိုင်ပေ… ချီရှင်းချန်အတွက် သူ၏အိုင်ဒေါကို ချစ်မြတ်နိုးရန်ပင် မစောင့်နိုင်ဖြစ်နေလေရာ ဘယ့်အတွက်ကြောင့် လန့်နေရမည်နည်း….


" မကြောက်ပါဘူး.. တကယ်ပြောတာပါ…"


ချီရှင်းချန်မှာ အလွန်စိတ်လှုပ်ရှားနေသည့်အတွက် သူ၏ရှေ့မှလူသည် အစစ်အမှန်ဟုတ်မဟုတ်ကိုပင် သတိမပြုနိုင်ဘဲ သူကောင်းစွာရှင်းမပြနိုင်မည်ကို စိုးရိမ်နေသောကြောင့် သူ၏ဘောင်းဘီကို စိုးရိမ်တကြီးကုတ်ခြစ်ကာ " ကျွန်တော့်ကို ကြိုက်သလောက်ရိုက်လို့ရပါတယ်…ဘယ်လောက်ပဲဖြစ်ဖြစ်ပါ…စီနီယာဆန္ဒရှိနေသရွေ့ ကျွန်တော်က ပျော်ပျော်ကြီးအရိုက်ခံမှာပါ…"


ရှောင်မန် : "....."


ဆံပင်အတွက် စတိုင်လစ် : "…."


ပိုင်ရဲ့၏လက်ထောက် : "....."


နားနေခန်းတွင်းရှိလူတိုင်းမှာ ကြီးမားသော S.M မြင်ကွင်းကြီးကို မြင်တွေ့လိုက်ရသကဲ့သို့ တိတ်ဆိတ်သွားခဲ့ကြသည်။


"....."


ထိုအချိန်မှသာ ချီရှင်းချန် သူအလွန်တရာမသင့်တော်သောအရာအား ပြောမိသွားသည်ကို သိသွားသောကြောင့် အပူရှိန်မှာ သူ၏မျက်နှာပေါ်သို့ ထိုးတက်လာကာ နီမြန်းလာခဲ့သည်။


ချီရှင်းချန် ရှင်းပြချင်မိသော်လည်း အခြေအနေကို ပို၍ဆိုးရွားအောင်သာ လုပ်မိသွားသောကြောင့် သူ၏ခေါင်းကိုငုံ့နိုင်ကာ သူ့ကိုယ်သူလိမ်ညာနေလိုက်သည်။


" သူတို့မမြင်ရဘူး… သူတို့ငါ့ကိုမမြင်ကြဘူး…ငါမလာခဲ့သလိုပဲနေမယ်…"


တစ်မိနစ်ပြည့်သွားချိန်တွင် ချီရှင်းချန် သူ၏ဘေးမှ တသိမ့်သိမ့်ရယ်သံသဲ့သဲ့ကို ကြားလိုက်ရသည်။


ပိုင်ရဲ့မှာ သူ၏လက်ကိုဆုပ်ကာ ပါးစပ်တွင်ကိုက်၍ ရယ်မောနေပြီး သူ၏မျက်နှာပေါ်မှရေခဲများမှာ အ‌ရည်ပျော်ကျသွားပြီဖြစ်သည်။


လွန်ခဲ့သောရက်အနည်းငယ်က စင်မတော်တဆမှုကြောင့် သူ့ကိုဤလောကသို့ကူးပြောင်းစေကာ မရင်းနှီးသည့်လူနှင့်အရာဝတ္ထုများကြောင့် ပိုင်ရဲ့ကို လူရောစိတ်ပါ ပင်ပန်းနွမ်းနယ်စေခဲ့သည်။


သူ၏ဘေးမှ ငှက်ကုလားအုတ်နှင့်တူသောလူငယ်လေးကိုကြည့်ကာ သူကူးပြောင်းလာသည့်အချိန်မှစ၍ ပထမဆုံးအနေဖြင့် သူ၏နှလုံးသားထဲမှ ပြုံးမိခြင်း‌ဖြစ်လေသည်။