အပိုင်း၈
Viewers 26k

Chapter 8

Chapter 8




အနုပညာရှင်များ၏အချိန်ကို မဖြုန်းတီးမိစေရန်အတွက် အင်တာဗျူးများကို အဖွဲ့လိုက်ခွဲခြားထားပြီး ယနေ့မနက်တွင် ပိုင်ရဲ့နှင့်ချီရှင်းချန်တို့ ရိုက်ကူးကြရမည်ဖြစ်သည်။


ယေဘူယျအားဖြင့် ပိုင်ရဲ့တွင် အခြားသောအလုပ်များရှိနေကာ ချီရှင်းချန်မှာမူ အနည်းငယ်ပို၍စောင့်နိုင်သည့်အတွက် ပိုင်ရဲ့အရင်သွားသင့်ပေသည်။


သို့သော်လည်း ပိုင်ရဲ့မှ ပြောလာခဲ့သည် " မင်းအရင်သွားလိုက်ပါ…"


ချီရှင်းချန် ထိုနေရာတွင်ဆက်မနေရဲတော့ပေ။ သူ့ကိုယ်သူအရှက်ရအောင်လုပ်မိသည့်အတွက် သူ၏စိတ်ကိုတည်ငြိမ်စေမည့်နေရာကို ရှာဖွေချင်သောကြောင့် ခြေလှမ်းအနည်းငယ်လှမ်းကာ စတူဒီယိုစီသို့ လျှောက်သွားလိုက်သည်။


လက်ထောက်ဒါရိုက်တာမှာ ပစ္စည်းများကို ပြင်ဆင်ညှိုနှိုင်းပြီးဖြစ်ကာ သူ့ကိုစောင့်ဆိုင်းနေခြင်းဖြစ်သည်သည်။ ချီရှင်းချန်ဝင်လာကာ ခေါင်းငုံ့၍နှုတ်ဆက်လိုက်ပြီးနောက် လက်ထောက်ဒါရိုက်တာမှ မေးလာခဲ့သည်


" အဆင်သင့်ဖြစ်ပြီလား…."


" ဟုတ်ကဲ့…" ချီရှင်းချန် ခေါင်းငြိမ့်ပြလိုက်ပြီး " စလို့ရပါပြီ…"


ပုံမှန်အတိုင်းပင် ပထမဦးဆုံးအင်တာဗျူးမှာ မိမိကိုယ်ကို မိတ်ဆက်ရန်သာဖြစ်ကာ တစ်ယောက်ချင်းစီရိုက်ကူးရသည့်အတွက် အခမ်းအနားကြီးကြီးမားမားမျိုးမဟုတ်ဘဲ စတူဒီယိုမှာအလွန်သေးငယ်နေသည်။


ပြင်ဆင်ထားပုံမှာလည်း လွန်စွာမှရိုးရှင်းလှကာ ထိုင်ခုံနှစ်ခုံ၊ စားပွဲတစ်လုံးနှင့် " ခရီးအတူသွားကြမယ် " ဟူသောစာတန်းပါသည့်ဆိုင်းဘုတ်တစ်ခုသာဖြစ်သည်။


ပိုင်ရဲ့ အပြင်ဘက်တွင်စောင့်နေကာ အတွင်းမှအသံများကို ဝါးတဝါးကြားနေရသည်။


" အားလုံးပဲ မင်္ဂလာပါ ကျွန်တော်ကတော့ ချီရှင်းချန်ဖြစ်ပါတယ်…"


လက်ထောက်ဒါရိုက်တာမှ " ဒါအကုန်ပဲလား…"


" ဒါဆို နောက်ထပ်တစ်ကြောင်းထပ်ပေါင်းပါ့မယ်…ကျွန်တော့်ကို ရင်းနှီးကြဦးမှာမဟုတ်တာကြောင့် ရှင်းရှင်းလို့ခေါ်လို့လည်းရပါတယ်…"


" ကောင်းပြီ ရှင်းရှင်း…"


လက်ထောက်ဒါရိုက်တာမှ ဆက်မေးလိုက်သည်


" တရားဝင်ထုတ်ပြန်ချက်ပြီးတော့ ပရိသတ်တွေက မင်းအကြောင်းသိချင်ကြတယ်လို့ အများကြီးပြောနေကြတယ်ဆိုတော့ မင်းသူတို့ကို ကိုယ်တိုင်စိတ်ကျေနပ်စေမှာလား…"


" ပရိသတ်တွေသိချင်တဲ့အချက်အလက်က ဘယ်လိုမျိုးလဲဗျ အရပ်နဲ့ကိုယ်အလေးချိန်လိုမျိုးလား…"


" မင်းရဲ့လက်ရှိအချစ်ရေးအခြေအနေနဲ့ မိတ်ဖက်ရွေးချယ်မှုနဲ့ပတ်သက်တဲ့အချက်တွေကို ထပ်ပေါင်းပေးလို့ရပါတယ်…"


လက်ထောက်ဒါရိုက်တာမှာ သူ့အတွက် တွင်းတူးပေးနေခြင်းပင်။ ချီရှင်းချန် လက်ကိုကပျာကယာယမ်းလိုက်ရပြီး " ဒီအတိုင်းဆိုရင် ကျွန်တော့်ကို မကြာခင်ကြင်ဖက်တွေ့ခိုင်းတော့မဲ့ပုံပဲ…ကျွန်တော်ကအခုမှ၂၁ပဲရှိ‌သေးတာပါ ပြီးတော့ဒီအစီအစဉ်က ကျွန်တော့်ရဲ့ရသစုံရှိုးလေ…ကျွန်တော့်ကို နှစ်အနည်းငယ်လောက် အရင်ဆုံးအလုပ်ပေးလုပ်လိုက်လို့မရဘူးလားဟင်…"


" ဟားဟားဟား ကောင်းပါပြီ မင်းကအရမ်းအလုပ်ကိုသစ္စာရှိတာပဲ…"


လက်ထောက်ဒါရိုက်တာမှာ အံ့ဩနေမိပြီး " ဒါဆိုရင် မင်းရဲ့အခြေခံအချက်အလက်တွေကို ပြောပြပေးပါဦး…"


ချီရှင်းချန် သူ၏အ‌လေးချိန်နှင့်အရပ်တို့၏ အချက်အလက်အမှန်ကိုသာ ပြောပြလိုက်သည်။ လက်ထောက်ဒါရိုက်တာမှ အချိန်အတော်ကြာအထိ အတွေးနစ်သွားခဲ့ကာ ထို့နောက် " မဟုတ်သေးဘူး မင်းရဲ့အရပ်က ၁၈၁စင်တီဆို ဘာလို့အခု၁၇၈စင်တီဖြစ်သွားရတာလဲ…"


" ၁၈၁ ကမှားယွင်းနေတာပါ…ကျွန်တော်က ၁၇၈ပဲရှိတာလေ… ကျွန်တော့်မန်နေဂျာက ပုတယ်လို့ခံစားရတာနဲ့ ဘိုင်တုကအချက်အလက်တွေနဲ့ ကျွန်တော့်ကိုယ်ရေးအကျဉ်းကို ရည်ရွယ်ချက်ရှိရှိပြောင်းလဲခဲ့တာလေ…ဒီလိုဟာတွေကို မယုံပါနဲ့နော်…"


သူ၏လက်တွေ့ဘဝတွင် ချီရှင်းချန်၏အရပ်မှာ ၁၈၀စင်တီမီတာရှိသော်လည်း မူလကိုယ်မှာမူ သူ့ထက်အနည်းငယ်ပို၍ပုလေသည်။ ချီရှင်းချန်၏ လက်ကို ထပ်ခါထပ်ခါယမ်းကာ ပွင့်လင်းပြီးခိုင်မာသည့်အမူအယာကြောင့် လက်ထောက်ဒါရိုက်တာမှာမူ အံ့ဩပြီးရင်း အံ့ဩနေရကာ တံခါးအပြင်ဘက်တွင်ရပ်စောင့်နေသည့်ပိုင်ရဲ့သည်လည်း မပြုံးဘဲ မနေနိုင်ခဲ့ချေ။


ဤသို့ဖြင့် လက်ထောက်ဒါရိုက်တာမှ ကျပန်းမေးခွန်းအနည်းငယ်ထပ်မေးလိုက်သည်။ အင်တာဗျူးကိုအဆုံးသတ်ခင် လက်ထောက်ဒါရိုက်တာမှ မေးခွန်းတစ်ခုမေးလာခဲ့သည်


" ရှင်းရှင်း ဘာလို့ခရီးအတူသွားကြမယ်အစီအစဉ်မှာ ပါဝင်ဖြစ်သွားတာလဲ…"


" နာမည်ကျော်တစ်ယောက်ဖြစ်လာဖို့ပါ.. ပြီးတော့…" ချီရှင်းချန် ရပ်တန့်လိုက်သည်။


" ပြီးတော့ ဘာရှိသေးလဲ…"


" ကျွန်တော့်ရဲ့အိုင်ဒေါလည်းပါလို့ပါ…"


လက်ထောက်ဒါရိုက်တာမှ သူ၏ပင်ကိုယ်အသိစိတ်ဖြင့် နက်နက်တူးဖော်နိုင်သေးသည်ဟု ခံစားမိလိုက်သော်ကြောင့် ဆက်မေးလိုက်သည်


" မင်းကအိုင်ဒေါကဘယ်သူလဲ…"


ချီရှင်းချန် ခေါင်းကိုယမ်းလိုက်ပြီး " ကျွန်တော် သူ့ရဲ့ကျော်ကြားမှုကို မှီပြီးမတက်ချင်တဲ့အတွက် ပြောမှာမဟုတ်ပါဘူး…"


" မင်းရဲ့အိုင်ဒေါသိရင်လည်း မင်းကိုအပြစ်မတင်လောက်ပါဘူး… ဘယ်လိုပဲဖြစ်ဖြစ် မင်းကသူ့ရဲ့ဖန်ပဲလေ…"


" ကျွန်တော့်ကို အပြစ်တင်တယ် မတင်ဘူးဆိုတာက သူ့ရဲ့အပိုင်းပါ… ကျွန်တော့်အပိုင်းကတော့ လုပ်ဖို့ မလုပ်ဖို့ပဲ ဖြစ်ပါတယ်…"


ချီရှင်းချန် လက်ထောက်ဒါရိုက်တာ၏လှည့်ကွက်တွင်းသို့ ကျဆင်းမသွားခဲ့ပေ။


တကယ်တမ်းမှာတော့ သူမရိုက်ကူးခင် အပြင်မှအသံအချို့ကိုကြားလိုက်ရသည့်အတွက် အပြင်ဘက်တွင် အဓိကဇာတ်လိုက်ရှိနေကြောင်း ချီရှင်းချန် သိရှိနေခဲ့သည်။


သို့သော်လည်း ဤစကားမှာမူ သူ၏နှလုံးသားအောက်ခြေမှ ထွက်လာခဲ့ခြင်းဖြစ်သည်။ ပိုင်ရဲ့၏လက်ရှိကျော်ကြားမှုနှင့်ဆိုပါက သူ၏အမြီးကိုခိုးစီးချိန်၌ သေချာပေါက်အစွန်းအထင်းကျန်ခဲ့လိမ့်မည်ဖြစ်သည်။


အခြားရှူထောင့်မှ တွေးကြည့်ရမည်ဆိုလျှင် အကယ်၍သူ၏လက်တွေ့လောကမှအိုင်ဒေါသည်သာ ဤလောက၏အဓိကဇာတ်လိုက်နေရာသို့ ရောက်ရှိနေပါက သူ ပိုင်ရဲ့မကြိုက်မည့်အရာတစ်ခုတစ်လေကိုပင် လုံးဝပြုလုပ်လိမ့်မည်မဟုတ်ပေ။


သူ ပိုင်ရဲ့‌မျက်မှောင်ကြုတ်ရမည်ကို မခံစားနိုင်ပါ…


ဒါရိုက်တာမှ မည်မျှပင်တူးဖော်ရန်ကြိုးစားနေပါစေ တစ်ခွန်းမှဟမလာသောကြောင့် ခဏအကြာတွင် ဒါရိုက်တာသည်လည်း လက်လျော့လိုက်သည်။ လက်ထောက်ဒါရိုက်တာမှ ထရပ်ကာ ချီရှင်းချန်နှင့် လက်ဆွဲနှုတ်ဆက်လိုက်ပြီး " နောက်အပတ်ကြရင် ပျော်ရွှင်နိုင်ပါစေ…" ဟုပြောလိုက်ပါသည်။


ပိုင်ရဲ့၏အင်တာဗျူးမှာမူ ပို၍ပင်ရိုးရှင်းလှသည်။ ပိုင်ရဲ့ဆိုသူမှာ ဤလောကတွင်မသိသူမရှိဟု တင်စားရလောက်သူတစ်ဦးဖြစ်လေရာ သူ၏အစားအသောက်အနေအထိုင်တို့ကို အတိုချုံးဖော်ပြလိုက်ပြီးနောက် သူ့အတွက်ဆက်လက်တူးဖော်ရန် မရှိတော့ချေ။


အင်တာဗျူးအပြီးတွင် ချီရှင်းချန်မှာ သူထိုင်ရမည့်နေရာတွင်သာ ထိုင်နေကာ ပျင်းရိမှုကြောင့် ဖုန်းဖြင့်ကစားနေခဲ့သည်။


ပိုင်ရဲ့ သူ့စီသို့ တဖြည်းဖြည်းချင်းလျှောက်လာခဲ့ပြီး လက်ညှိုးကိုကွေး၍ ချီရှင်းချန်ထိုင်နေသည့်နေရာအရှေ့မှ စားပွဲကို နှစ်ချက်ခေါက်ကာ မေးလိုက်သည် " မင်းဘာလို့မသွားသေးတာလဲ…"


" ကျွန်တော်အစ်ကို့ကိုစောင့်နေတာပါ…" ချီရှင်းချန် သူ၏‌ဖုန်းကို ကပျာကယာဘေးချ၍ " ဒီနေ့ကျွန်တော့်ကို အများကြီးကူညီပေးခဲ့ပေမယ့် ကျေးဇူးမတင်ရသေးလို့လေ…"


ပိုင်ရဲ့မှာ ရပ်နေသည့်အတွက် ချီရှင်းချန် စကားပြောနေစဉ် သူ၏ခေါင်းကိုမော့ထားရသည်။ သူ၏မျက်ရစ်တစ်ခုတည်းသောမျက်လုံးဖြင့် လူများကို အောက်မှအပေါ်သို့မော့ကြည့်လိုက်ချိန်တွင် ချီရှင်းချန်၏မျက်လုံးမှ ခပ်ဖျော့ဖျော့အရာလေးမှာ ပို‌၍ထင်ရှားလာကာ အထူးသဖြင့် သူ့ကို အလွန်ရိုးသားဟန် ပေါ်စေခဲ့သည်။


ပိုင်ရဲ့ ချီရှင်းချန်၏အနောက်ကိုကြည့်လိုက်ချိန်တွင် တုလန်ရှင်းမှာရှိ‌မနေသည့်အတွက် အသံနိမ့်နိမ့်ဖြင့် မေးလိုက်လေသည်


" မင်းအိမ်ပြန်မှာလား…"


" ဟုတ်ကဲ့…"


" မင်းအိမ်ကဘယ်မှာလဲ…"


ချီရှင်းချန် သူ့အိမ်ရှိရာကို အကြမ်းဖျင်းပြောလိုက်လေသည်။


ပိုင်ရဲ့မှ " ငါ့ကားပေါ်တက်လေ…ဘယ်လိုပဲဖြစ်ဖြစ် လမ်းတူတာပဲဟာ.."


ချီရှင်းချန် သူ၏နောက်မှ လိုက်သွားလိုက်သည်။ အဓိကဇာတ်လိုက်နှင့်ပို၍ရင်းနှီးလာစေမည့်ဤအခွင့်အရေးကို မယူမိပါက အချည်းနှီးဖြစ်သွားလိမ့်မည်ပင်။


ပိုင်ရဲ့မှာ ယနေ့တွင် သီးသန့်စီးပွားရေးသုံးကားကိုယူလာခဲ့ပြီး ကုမ္ပဏီမှာ နာနီကားမဟုတ်ချေ။ သို့သော်လည်း ကံမကောင်းစွာဖြင့် လိုင်စင်ပြားမှ အဖွခံလိုက်ရကာ ပျံ့နှံ့သွားပြီဖြစ်သောကြောင့် သူတို့မြေအောက်ကားပါကင်မှထွက်လာသည်နှင့် ပါပါရာဇီများနှင့်ဖန်တစ်အုပ်ကြီးမှာ ကားကိုဝန်းရံထားကြကာ သူတို့ဆက်မမောင်းနိုင်ခဲ့ချေ။


ဒါရိုင်ဘာမှာမူ ဤသို့သောအခြေအနေမျိုးကို အကြိမ်ပေါင်းများစွာ ကြုံတွေ့ခဲ့ရပြီးဖြစ်သောကြောင့် ကားကိုကျွမ်းကျင်စွာမောင်းထွက်နိုင်ခဲ့သည်။ ထိုစဉ် ပိုင်ရဲ့မှ လည်ချောင်းကို ပွတ်ကာ ပြတင်းပေါက်မှန်ကို ချလိုက်လေသည်။


" အားးးးးးးးးးး "


ပိုင်ရဲ့၏မျက်နှာထွက်ပေါ်လာသည်နှင့် အပြင်ဘက်မှ အော်ဟစ်သံများမှာ ပေါက်ကွဲထွက်လာခဲ့သည်။ အမျိုးသမီးပရိသတ်များမှာမူ တစ်ဦးထက်တစ်ဦးပိုသာစေရန် ပြိုင်ဆိုင်ကာ အော်ဟစ်နေကြသည်။


" ကောရေ ဒီကိုကြည့်ပါဦး…"


" ဟူးဟူးဟူးဟူး ငါရဲ့လောင်ကုန်းကိုဒီနေ့တွေ့လိုက်ရတယ်… သူကအလှအပစံနှုန်းကို ထပ်ပြီးဖြတ်ကျော်သွားပြန်ပြီ…_


" အစ်ကို ဒီနေ့မိုင်မန့်ကရသစုံရှိုးအတွက်ရိုက်ခဲ့ရတာ အဆင်ပြေခဲ့ရဲ့လား…"


ပိုင်ရဲ့ ပရိသတ်များကို လက်ယမ်းကာ နှုတ်ဆက်လိုက်ပြီး " စိတ်မပူကြပါနဲ့ အဲဒါက အဆင်ပြေခဲ့ပါတယ်…."


ပိုင်ရဲ့မှာ ‌မနက်မိုးလင်းခါနီးအချိန်အထိ ညလုံးပေါက်ကြော်ငြာရိုက်ကူးခဲ့ရပြီး ဤမနက်ခင်းတွင်လည်း ကြော်ငြာအတွက် စတူဒီယိုတွင် အသံသွားသွင်းခဲ့ရကာ ပြီးနောက် မိုင်မန့်ရုံးချုပ်သို့လာခဲ့ရသဖြင့် သူ၏လည်ချောင်းမှာ အလွန်ပင်ပန်းနေခဲ့ရသည်။


ပရိသတ်များမှာ ရနိုင်သမျှအခွင့်အရေးအားလုံးကို အသုံးပြုကာ ပိုင်ရဲ့ကိုမေးခွန်းများမေးခဲ့ကြသည်။ ပိုင်ရဲ့လည်း တစ်ခုချင်းစီကို စိတ်ရှည်လက်ရှည်ဖြင့် ဖြေကြားပေးခဲ့ပြီး ဆယ်မိနစ်မျှ စကားပြောဆိုပြီးနောက်တွင် သူ၏အသံမှာ စတင်အက်ကွဲလာခဲ့သည်။


သူ၏အစစ်အမှန်အိုင်ဒေါသည်လည်း ထိုကဲ့သို့ဖြစ်ခဲ့ဖူးသောကြောင့်  ချီရှင်းချန် အနည်းငယ်စိုးရိမ်သွားကာ ဓာတ်ဆားရေတစ်ပုလင်းကို အလျင်အမြန်ဖောက်ပေးလိုက်လေသည်။


ရေပုလင်းကို မြင်လိုက်ရချိန်၌ ပိုင်ရဲ့ ကြောင်အသွားရသော်လည်း သူယူကာ တစ်ငုံသောက်လိုက်သည်။


ထိုအပြုအမူကြောင့် ပရိသတ်များမှာ ပိုင်ရဲ့၏အနောက်မှ ချီရှင်းချန်ကို မြင်သွားခဲ့ကြကာ မိန်းကလေးများထဲမှ တစ်ဦးမှ ထမေးလိုက်သည်


" ကော ဒါကဘယ်သူလဲ…"


" သူ့နာမည်က ချီရှင်းချန်တဲ့ နော်ရာကအနုပညာရှင်တစ်ယောက်ပဲ နောက်ကြရင်အစ်ကိုနဲ့အတူ အလုပ်တွဲလုပ်ကြမှာ…"


" ချီရှင်းချန်…." ထိုမိန်းကလေးမှ နှုတ်ခမ်းကိုကိုက်လိုက်ပြီးနောက် အံ့ဩနေသည့်အသံဖြင့် ပြောလာခဲ့သည်


" သူကခရီးအတူသွားကြမယ်မှာ တရားဝင်ကြော်ငြာထားတဲ့ချီရှင်းချန်မဟုတ်လား…မနေ့တုန်းကလည်း လူတစ်ယောက်က အစ်ကိုအဲဒီအစီအစဉ်ကိုသွားမှာလို့ ပြောနေသေးတယ်…တကယ်လားဟင်…"


တရားဝင်ထုတ်ပြန်ချက်မတိုင်ခင်အထိ လျှို့ဝှက်ထားရမည်ဖြစ်သောကြောင့် ပိုင်ရဲ့ပြန်မဖြေခဲ့ဘဲ အခြားအရာတစ်ခုကိုသာ ပြောလိုက်သည် " ကောင်းပြီ အစ်ကိုလည်းအလုပ်ရှိသေးတော့ မင်းတို့နဲ့စကားဆက်ပြောလို့မရတော့ဘူး…မင်းတို့အားလုံး အိမ်စောစောပြန်သင့်တယ်နော်…"


ထို့နောက် ကားမှန်ကို ပြန်တင်လိုက်သောကြောင့် ပရိသတ်များ၏တွန့်ဆုတ်နေသည့်အသံနှင့် မကျေမနပ်သံများမှာ ချက်ချင်းဆိုသလို ပိတ်ဆို့ခံလိုက်ရသည်။


ပိုင်ရဲ့ သူ့ကိုရေပေးခဲ့သည့်ကောင်လေးကို လှည့်ကြည့်လိုက်ရာ ချီရှင်းချန်မှာ ခေါင်းကိုအောက်စိုက်ထားပြီး သူ၏အမူအယာသည် အလွန်ပင် မရှင်းမလင်းဖြစ်နေခဲ့သည်။


" သူတို့မင်းကို နှောင့်ယှက်မိလို့လား…" ပိုင်ရဲ့မေးလိုက်လေသည်။


" မဟုတ်ပါဘူး ကျွန်တော်ဒီအတိုင်း ခံစားမိလို့ပါ…"


ချီရှင်းချန်၏အသံမှာ တိမ်ဝင်သွားပြီး " အစ်ကို့ရဲ့လည်ချောင်းက အရမ်းအဆင်မပြေဖြစ်နေတာလေ… အစ်ကိုသူတို့နဲ့အချိန်အကြာကြီး စကားမပြောသင့်ဘူး…"


" အကြာကြီးလား… ငါသူတို့နဲ့စကားပြောတာ ဆယ့်ငါးမိနစ်တောင် မကြာလိုက်ပါဘူးလေ…ဒါပေမယ့် ပရိသတ်တွေက ငါတို့မိုင်မန့်ထဲစရောက်တဲ့အချိန်ကနေ စရေကြည့်ရင် သုံးလေးနာရီလောက် စောင့်ခဲ့ကြရတာလေ… သူတို့စောင့်ရတာ အလကားဖြစ်သွားစေလို့ ဘယ်ရမလဲ…"


ချီရှင်းချန် ပြောစရာစကားများ ပျောက်ရှသွားခဲ့သည်။ ပိုင်ရဲ့လည်း ဒါရိုက်ဘာကို မြန်မြန်မောင်းရန် ညွှန်ကြားလိုက်ပြီးနောက် ချီရှန်းချန်ကို ပြန်မေးလိုက်သည်


" မင်းအိမ်ပြန်ဖို့ အလျင်လိုနေတာလား…"


" မဟုတ်ပါဘူး…."


ချီရှင်းချန်၏လက်များမှာ သူ၏ဘောင်းဘီကို ကုတ်ခြစ်နေမိသည်။ သူဆက်လက်၍စကားမပြောချင်တော့ပေ။ အဘယ့်ကြောင့် ဤဝတ္ထုထဲမှာဇာတ်ကောင်မှာ သူ၏အစစ်အမှန်အို‌င်ဒေါကဲ့သို့ စိတ်နေစိတ်ထားမျိုးရှိနေရသည်နည်း။


အကယ်၍သာ ပရိသတ်များမှ သင့်ကိုအမှန်တကယ်နှစ်သက်ခဲ့ပါလျှင် သူ၏ပင်ပန်းမှုများကို နားထောင်ပေးနိုင်ကြမည်ဖြစ်ကာ သင့်အတွက်စိတ်မကောင်းဖြစ်ပေးကြရမည်ဖြစ်သည်။


ယခုကဲ့သို့ ပိုင်ရဲ့နှင့်စကားပြောဆိုနိုင်ရန် ရသမျှအခွင့်အရေးအားလုံးကိုသိမ်းကြုံးယူခြင်းမျိုးမဟုတ်ချေ။


ပိုင်ရဲ့မှာမူ ချီရှင်းချန်တွေးနေသည့်အရာကို သိမနေသည့်အတွက် သူ၏လည်ချောင်းကို အစိုဓာတ်ရစေရန် ဓာတ်ဆားရည်အနည်းငယ်သောက်လိုက်သည်။


ရှောင်မန်နှင့်အခြားသူများမှာလည်း မောပန်းနေကြပြီဖြစ်သောကြောင့် ခုံကိုမှီ၍ သူတို့မျက်လုံးများကို ပိတ်ထားကြကာ ကားထဲရှိလေထုမှာ လုံးဝပင် တိတ်ဆိတ်နေခဲ့သည်။


လမ်းတစ်ဝက်ခန့်အရောက်တွင် လူတိုင်းမှာ ဒရိုက်ဘာ၏ရုတ်တရက်အသံမှ လှုပ်နိုးခြင်းကို ခံလိုက်ရလေသည်။ ပိုင်ရဲ့၏ကားဒရိုင်ဘာမှ လူတိုင်းကို သူ၏အရှေ့မြောက်ပိုင်းသံဝဲဝဲဖြင့် ပြောလာခဲ့သည် " ကျွန်တော်တို့အနောက်မှ SUV တစ်စီးရှိနေတာ ဘာလို့များတောက်လျောက်ကပ်လိုက်နေလဲမသိဘူး…."


သွားတက်သေးသေးလေးနှင့်လူငယ်လေးအားလွင်မှာ ပိုင်ရဲ့၏လက်ထောက်တစ်ယောက်ဖြစ်ပြီး ထိုစကားကို ကြားချိန်၌ သူ၏နောက်ကြည့်မှန်မှနေ၍ လှမ်းကြည့်လိုက်ကာ " တိုက်ဆိုင်တာများဖြစ်နေမလား…"


" တိုက်ဆိုင်တာမဟုတ်ဘူး… သူတို့လိုက်လာတာ လမ်းဆုံလေးခုလောက်ကျော်ပြီးနေပြီ…"


" ဒါဆိုရင် အရှေ့ကြကွေ့ချလိုက်ချည်…" အားလွင် တုန့်ဆိုင်းဆိုင်းဖြင့်ပြောလိုက်သည်။


ဒရိုက်ဘာမှ ချက်ချင်းဆိုသလိုပင် ဘယ်ဘက်လမ်းကြောကိုယူကာ လာမည့်လမ်းဆုံတွင် ဘက်ဘက်လမ်းသို့ ကွေ့ချလိုက်ကာ ဖြစ်စဉ်တစ်ခုလုံးမှာ ဆယ်စက္ကန့်ကျော်မျှသာ ကြာမြင့်ခဲ့သည်။


သူတို့နောက်မှကားမှာ သိသိသာသာပင် အချိန်မီမတုံ့ပြန်နိုင်ခဲ့သောကြောင့် နှစ်မီတာလောက်အကွာတွင် ဘီးချော်ကာ ကြမ်းတမ်းစွာ ဘရိတ်ကိုဆွဲချလိုက်သည်။ ထို့နောက် သူတို့သတိပေးချက်များအားလုံးကို လေနှင့်အတူလွှင့်ပစ်လိုက်ကြကာ ပြန်လှည့်လာပြီး နယ်နမိတ်စည်းကိုဖြတ်ကာ သူတို့နောက်မှလိုက်ပါလာခဲ့သည်။


ကံကောင်းစွာဖြင့် လမ်းမပေါ်တွင် ကားအနည်းငယ်သာရှိနေသေးသည့်တိုင် ထိုသူတို့၏လုပ်ရပ်မှာ လူအချို့ကို ချွေးအေးများပြန်သွားစေခဲ့သည်။ SUV ကိုထိုကဲ့သို့မောင်းနှင်ခြင်းမှာ ယာဉ်တိုက်မှုများဖြစ်ပေါ်စေရန် အလွန်လွယ်ကူသည့်အပြင် တရားလည်းမဝင်ပေ။


အခြေအနေမှာ ပို၍ဆိုးရွားလာသည့်အတွင် အားလွင်အံတင်းတင်းကြိတ်ကာ စကားအနည်းငယ် ညှစ်ထုတ်ပြောလိုက်ရသည် " လာပြန်ပြီ နောက်ထပ်သောက်စစ်ရှန်းဖန်တွေ…"


စစ်ရှန်းဖန်များမှာ အနုပညာနယ်ပယ်တွင် ကြယ်ပွင့်များကို အလွန်အမင်းစွဲလမ်းနေကြသည့် ပုံမှန်မဟုတ်သောပရိသတ်များဖြစ်ကြသည်။ ထိုသူများမှာ သူတို့၏ပျော်ရွှင်မှုအတွက် သူတို့နှစ်သက်သောအိုင်ဒေါများ၏အချက်အလက်များကိုခိုးယူခြင်းနှင့် ကိုယ်ရေးကိုယ်တာအချိန်များတွင်ပင် တကောက်ကောက်လိုက်နေခြင်းကို လုပ်လေ့ရှိကြသည်။ တစ်ခါကဆိုလျှင် အမျိုးသားကြယ်ပွင့်တစ်ယောက်မှ အိမ်သို့ပြန်ရောက်ချိန်၌ သူ၏အိပ်ရာပေါ်တွင် အဝတ်အစားမပါသည့် ထူးဆန်းသောအမျိုးသမီးတစ်ဦးကို မြင်‌တွေ့လိုက်ရသောကြောင့် အကြောက်လွန်ကာ သတိလစ်မလိုပင် ဖြစ်သွားခဲ့ရဖူးသည်။


စစ်ရှန်းဖန်များမှာ ဤကဲ့သို့ရွံရှာဖွယ်ကိစ္စရပ်မျိုးကိုပင် လုပ်ရဲကြသူများဖြစ်ရာ SUV တစ်စီးဖြင့် အိုင်ဒေါနောက်သို့လိုက်ကြခြင်းသည် သူတို့အတွက်ကိတ်မုန့်စားရသည်ထက်ပင် ပို၍လွယ်ကူနေသေးသည်။


" မြန်မြန်မောင်း နောက်ကကားကို မျက်ခြေဖြတ်လိုက်တော့…" ပိုင်ရဲ့ ခဏမျှတွေးလိုက်ပြီး " သူတို့ကိုမထိခိုက်စေမိဖို့အတွက် အတတ်နိုင်ဆုံးကြိုးစားပေးပါ…"


အမိန့်ရသွားပြီဖြစ်သောကြောင့် ဒရိုက်ဘာမှ ကားကိုအရှိန်တင်လိုက်ကာ ‌ကျဉ်းမြောင်းသောလမ်းကြားများကို ဖြတ်၍မောင်းနှင်လိုက်သည်။ သူတို့နောက်မှကားမှာမူ လိုက်လာဆဲပင်ဖြစ်ကာ ဘယ်ညာယိမ်းခါနေခဲ့သည်။ ထိုကား၏လုံခြုံရေးအတွက် သူတို့မှာ ချီမိသားစုရပ်ကွယ်နားသို့ ရောက်လာချိန်အထိပင် ဖယ်ထုတ်မရနိုင်ဖြစ်နေခဲ့ရသည်။


ပိုင်ရဲ့၏အိမ်လိပ်စာကို ကောင်းမွန်စွာကာကွယ်ထားသည့်အတွက် စစ်ရှန်းဖန်များတွေ့သွားရန်မှာ မဖြစ်နိုင်သော်လည်း အဓိကပြသနာမှာ သူတို့သည် ပိုင်ရဲ့အိမ်သို့သွားနေခြင်းမဟုတ်ဘဲ ချီရှင်းချန်ကိုအိမ်ပြန်လိုက်ပို့နေကြခြင်း ဖြစ်လေသည်။


အကယ်၍သာ တစ်စုံတစ်ယောက်မှ သူ၏အိမ်လိပ်စာကို တွေ့ရှိသွားပါက ထိုအမျိုးသားကြယ်ပွင့်ကဲ့သို့ပင် ချီရှင်းချန်ကိုထောင်ချောက်ဆင်ခြင်းမျိုးလည်း ဖြစ်ပွားနိုင်နေသည်။