အပိုင်း၉
Viewers 28k

Chapter 9

Chapter 9



ပိုင်ရဲ့ ကူကယ်ရာမဲ့စွာဖြင့် သူ၏မျက်ခုံးကို နှိပ်နယ်ကာ ပြောလိုက်သည် " ကုမ္ပဏီအရင်ပြန်ပြီး ကားပြောင်းကြတာပေါ့… ပြီးမှလူခွဲလိုက်ကြမယ်… တောင်းပန်ပါတယ် ငါမင်းကို ဒီအထဲ ဆွဲခေါ်မိသွားပြီ…"


ချီရှင်းချန်မှာ လက်သီးတင်းတင်းဆုပ်ကာ တိတ်ဆိတ်နေသည့်အတွက် ပိုင်ရဲ့လည်း သူသဘောတူသည်ဟု ထင်မှတ်သွားသောကြောင့် ဒရိုင်ဘာကို ကုမ္ပဏီသို့သာမောင်းရန် ညွှန်ကြားလိုက်သည်။


" မဟုတ်သေးဘူး… မင်းပြောတာမှန်တယ်…"


ခပ်လှမ်းလှမ်းမျှ မောင်းလာပြီးနောက် ချီရှင်းချန် သူ၏စိတ်ကို ပြင်ဆင်လိုက်ပြီး ရုတ်တရက်ထပြောလာသည် " ဟုတ်တယ် ဒါကစစ်ရှန်းဖန်တွေရဲ့အပြစ်ပဲ…မစ်စတာ ကျေးဇူးပြုပြီး ကားကိုရပ်ပေးပါ…"


ဒရိုင်ဘာမှာ သူ၏စကားကို နားထောင်ရမည်လား နားမထောင်ရမည်လားကို မသိသောကြောင့် ဆက်မောင်းလာကာ ပိုင်ရဲ့ကို မေးခွန်းထုတ်လိုသည့်အကြည့်ဖြင့် ကြည့်နေခဲ့သည်။ပိုင်ရဲ့သည်လည်း ချီရှင်းချန်လုပ်ချင်သည့်အရာကို မသိနေသည့်အတွက် ကားကိုရပ်ရန်သာ အချက်ပြလိုက်လေသည်။


ကားရပ်ကာ တံခါးပွင့်လာချိန်တွင် သူတို့အနောက်မှ SUV လည်းရပ်တန့်သွားပြီး ဆယ့်ရှစ်ဆယ့်ကိုးခန့် ကောင်မလေး လေးယောက်ဆင်းလာကာ ကောင်လေးတစ်ယောက်မှာမူ သူ၏အသက်နှစ်ဆယ်တွင်းသို့ရောက်ရှိနေပြီဖြစ်သည်။ ကားပေါ်မှ လူတစ်ယောက်ဆင်းလာချိန်၌ သူတို့၏မျက်လုံးများမှာ စိတ်လှုပ်ရှားမှုကြောင့် တက်ကြွနေကြသည်။


သူတို့ထင်ထားသည်မှာ ပိုင်ရဲ့ဆင်းလာပြီး သူတို့ကိုမလုပ်ရန် သင်ပြပေးလိမ့်မည်ဟုပင်။ အိုင်ဒေါအများစုမှာ လူထု၏အမြင်ကို ကြောက်ရွံ့ကြသည့်အတွက် ကြမ်းကြမ်းတမ်းတမ်းမပြောရဲကြဘဲ သူတို့လွန်စွာစိတ်တိုနေလျှင်ပင် အများဆုံးပြောကြမည်မှာ ထိုသို့လိုက်ကြခြင်းသည် အန္တရာယ်များကြောင်းလောက်ပင်။ အဆုံး၌ သူတို့ကိုချော့မော့ကာ အိမ်စောစောပြန်ရန် နား‌ချလိမ့်မည်သာ ဖြစ်သည်။


သူတို့၏အိုင်ဒေါကို အနီးကပ်မြင်ရမည့်အပြင် သူတို့ထံမှ ချော့မော့ခြင်းကိုခံရမည်မှာ ခဲတစ်လုံးတည်းနှင့် စာနှစ်ကောင်ပစ်ခြင်းဖြစ်သောကြောင့် သူတို့အနေဖြင့် မည်သည့်အရာကိုမှ ကြောက်ရွံ့နေခြင်းမရှိချေ။


သို့သော်လည်း ကားပေါ်မှဆင်းလာသူမှာ သူတို့ရှေ့သို့ရောက်လာချိန်၌ သူတို့အားလုံးကြောင်တောင်တောင်ဖြစ်သွားခဲ့ရသည်။


ဒီကောင်လေးကဘယ်သူလဲ… သူကဘာလို့ပိုင်ရဲ့ရဲ့ကားထဲမှာ ရှိနေတာလဲ..  သူကအရမ်းကြည့်ကောင်းတာပဲ…


ထိုကောင်လေးမှ သူတို့ရှေ့သို့လျှောက်လာချိန်၌ သူတို့အားလုံး ကြောင်အနေမိခဲ့ကြသည်။ ချီရှင်းချန်၏အသံမှာမူ အေးစက်နေကာ တစ်လုံးခြင်းစီပြောလိုက်လေသည်


" မင်းတို့သူ့ကိုတကယ်ချစ်တာလား…"


ပျားပန်းခတ်မတတ်သွားလာနေသည့်လမ်းမပေါ်တွင် ကားဟွန်းတီးသံများ၊လမ်းသွားလမ်းသာများနှင့် အသံပေါင်းများစွာ ဆူညံနေခဲ့သည်။ ချီရှင်းချန်၏စကားသံမှာ များစွာကျယ်လောင်ခြင်းမရှိသော်လည်း ထိုသူများ၏နားထဲသို့ ဆူညံသံများကို ဖြတ်ကျော်ကာ တိုက်ရိုက်ပင် ဝင်ရောက်သွားခဲ့သည်။


" အင်း ချစ်တယ်လေ…" မိန်းကလေးတစ်ခုမှ တစ်စွန်းတစ်စနှင့်ပြန်ဖြေလိုက်သည်။


" မဟုတ်ဘူး…" ချီရှင်းချန်၏နှုတ်ခမ်းမှာ ကော့တက်သွားခဲ့သော်လည်း သူပြုံးမနေချေ


" ဒါကအချစ်မဟုတ်ဘူး ဒီအတိုင်းမင်းတို့ရဲ့တစ်ကိုယ်ကောင်းဆန်တဲ့စိတ်ဆန္ဒသက်သက်ပဲ…မင်းတို့သာ သူ့ကိုတကယ်ချစ်ကြတယ်ဆိုရင် သူသက်တောင့်သက်သာရှိပြီး ပျော်ရွှင်နေတာကိုပဲ လိုချင်ရမှာလေ…သူ့ရဲ့အပြုံးကိုပဲ မြင်တွေ့ချင်ရမှာ ကြောင်ကကြွက်ကို လိုက်သလိုမျိုးတောက်လျောက်လိုက်နေရမှာမဟုတ်ဘူး…"


" ဒါပေမယ့် ငါတို့သူ့ကိုဘာအန္တရာယ်မှ မပေးဘူးလေ…" သူတို့အထွန့်တက်လိုက်ကြသည်


" ငါတို့ကဒီအတိုင်းသူ့ကိုမြင်ချင်ကြရုံလေးပါ ဘာများမှားသွားလို့လဲ…"


ချီရှင်းချန် နှာခေါင်းရှုံ့လိုက်ပြီး " မင်းတို့သူ့ကိုဘယ်နေရာမှာမှ မတွေ့ရတော့ဘူးလား…ရိုက်ကူးတဲ့နေရာကိုသွားကြည့်လို့မရဘူးလား…လက်မှတ်ထိုးပွဲကို သွားလို့မရဘူးလား…သူ့ရဲ့ရှိုးပွဲကိုကော သွားလို့မရဘူးလား… မင်းတို့ဒီနည်းလမ်းကိုသုံးမှရမှာလား…"


စစ်ရှန်းဖန်များ၏ခေါင်းများ ငုံ့သထက်ငုံ့သွားကြသည်ကို မြဲမြံစွာကြည့်ကာ " မင်းတို့ သူ့ကိုချစ်တာထက် ကိုယ့်ကိုကိုယ်ပဲ ပိုချစ်ကြတာပါ…"


" ကိုယ့်ကိုကိုယ် ပိုချစ်ကြတာ…" မိန်းကလေးများမှ ရေရွတ်နေကြသည်။ သူတို့၏မျက်နှာမှာ ဖြူရာမှ နီလာပြီး မျက်ရည်များဝေ့သီလာခဲ့ကြသည်။


ဤသည်မှာ မကောင်းကြောင်းသူတို့အမှန်တကယ်သိနေခဲ့သော်လည်း မတတ်နိုင်ကြပေ။ သူတို့ အိုင်ဒေါနှင့်ပရိသတ်ဟူသောအခြေအနေမျိုးဖြင့် မကျေနပ်နိုင်ကြဘဲ ပိုင်ရဲ့နှင့်ပို၍နီးကပ်ချင်ကြသည်။


တစ်ဦးတည်းပါလာသည့်‌ကောင်လေးသည်သာ အသိမဝင်သေးပေ။ သူ ချီရှင်းချန်ကို လက်ညှိုးထိုး၍ ပြောလိုက်သည် " ဒါဆိုရင် မင်းကကော ဘာမလို့လဲ ပိုင်ရဲ့တောင်ငါတို့ကိုဘာမှမပြောတာ မင်းကဘာကောင်မလို့လာပြီးသင်ပြနေရတာလဲ…"


" ဘာဖြစ်လို့လဲဆိုတော့ ငါကပိုင်ရဲ့ရဲ့…"


" ဘာဖြစ်လို့လဲဆိုရင် သူကငါ့သူငယ်ချင်းဖြစ်နေလို့ပဲ…"


ချီရှင်းချန် ဖန်ဟူသောစကားကို မပြောလိုက်ရခင် သူ၏နောက်ဘက်မှ အမျိုးသား၏အသံထွက်ပေါ်လာခဲ့သည်။ ပိုင်ရဲ့ရောက်နေသည်မှာ ကြာနေပြီဖြစ်ကာ အချိန်အတန်ကြာနားထောင်ပြီးနောက် တစ်စုံတစ်ရာကိုကြားလိုက်ရသဖြင့် ဝင်ပြောလာခြင်းဖြစ်သည်။


ပိုင်ရဲ့ ချီရှင်းချန်လက်ကောက်ဝတ်ကိုကိုင်ကာ အနောက်သို့ပို့လိုက်ပြီး ထိုစစ်ရှန်းဖန်များကို ကြည့်ရန်ပင် လွန်စွာပျင်းရိနေသည့်အတွက် " ‌နောက်တစ်ခါဒီလိုကိုယ်ရေးကိုယ်တာကို ချိုးဖောက်တာမျိုးလုပ်လာရင် ငါမင်းတို့နဲ့တရားရုံးမှာတွေ့ရလိမ့်မယ်…" ဟူပြောလာခဲ့ကာ သူ၏အသံတွင် ပုံမှန်ရှိနေကြနွေးထွေးမှုမျိုး ပျောက်ဆုံးနေခဲ့သည်။


....


သုံးရက်ကြာပြီးနောက် ဘက်ဂျက်ခရီးသွားကြမယ်အစီအစဉ်တွင် ပါဝင်မည့်ဧည့်သည်များအားလုံးကို ကြေငြာပြီးပြီဖြစ်သည်။ မျှော်လင့်ထားသည့်အတိုင်းပင် ပိုင်ရဲ့၏ပါဝင်မှုမှာ ဝေ့ပေါ်စကားဝိုင်းများကြားတွင် ပေါက်ကွဲမှုတစ်ခုဖြစ်သွားစေပြီး ဘတ်ဂျက်ခရီးသွားကြမယ်အစီအစဉ်ကို ရေပန်းစားမှုစာရင်း၏ထိပ်ဆုံးရောက်အောင် တွန်းပို့ပေးနိုင်ခဲ့သည်။


ဤသို့‌အစကောင်းဖြင့် ဘတ်ဂျက်ခရီးသွားကြမယ်အစီအစဉ်၏ ရိုက်ကူးရေးမှာ တရားဝင်စတင်ခဲ့ပြီဖြစ်သည်။


ဘတ်ဂျက်ခရီးသွားကြမယ်အစီအစဉ်မှာ တိုက်ရိုက်ထုတ်လွှင့်ပြသသော အစီအစဉ်တစ်ခုဖြစ်ပြီး ယခုရာသီတွင် အပိုင်းခြောက်ပိုင်းပါမည်ဖြစ်ကာ နေရာခြောက်နေရာသို့သွား၍ရိုက်ကူးကြမည်ဖြစ်သည်။ အပိုင်းတစ်ပိုင်းအတွက် တစ်ပတ်ကြာမြင့်မည်ဖြစ်ပြီး ပထမဆုံးထုတ်လွှင့်မည့်အပိုင်းမှာ လာမည့်အပတ်တွင်ရိုက်ကူးရမည်ဖြစ်သည်။ ထို့နောက် ဆက်တိုက်ဆိုသလို အပတ်တိုင်းတွင် ထုတ်လွှင့်ပြသကြမည်ဖြစ်လေသည်။


ရိုက်ကူးရမည့်အချိန်မှာ တစ်လခွဲခန့်ကြာမြင့်မည်ဖြစ်ပြီး ၎င်းမှာ ဧည့်သည့်များသာမက ရိုက်ကူးရေးအဖွဲ့အတွက်ပါ ပြင်းထန်သောစိန်ခေါ်မှုတစ်ခုဖြစ်သည်။


ရုံးပိတ်ရက်တစ်ရက်၏မနက်ခင်းတွင် ချီရှင်းချန်မသွားခင်အထိ ချီယွီကျီးမှာ စိတ်ပူနေဆဲပင် " ရှင်းရှင်း အစ်မမင်းကိုလေဆိပ်လိုက်ပို့ပေးမယ်နော် ရမယ်မလားဟင်…"


ချီရှင်းချန် တုန့်ဆိုင်းနေပြီးမှ " ရိုက်ကူးရေးက လေဆိပ်မှာစရိုက်ရမှာ…"


" ဒါဆိုလည်း အစ်မ ကားပါကင်အထိပို့ပေးမယ်လေ ပြီးမှကိုယ့်ဘာသာဆက်သွားပေါ့…" ချီယွီကျီးသနားစဖွယ်ပြောလိုက်သည် " မဟုတ်ရင် မင်းနဲ့အကြာကြီးခွဲရလို့ အစ်မလွမ်းနာကျနေရမှာ…"


ချီရှင်းချန် : ".... ကောင်းပါပြီ…"


ချီရှင်းချန်ရွေးချယ်စရာမရှိတော့သောကြောင့် သဘောတူလိုက်ရသည်။ ထို့နောက် အပေါ်ထပ်သို့တက်ကာ သူ့အစ်မဝယ်ပေးထားသော စူပရင်းတံဆိပ်လက်ဆွဲသေတ္တာကြီးကို ပစ်ထုတ်လိုက်ကာ သူ၏ကိုယ်ပိုင်သာမန်လက်ဆွဲသေတ္တာနှင့် အစားထိုးလိုက်ရသည်။


သူအေရိုးဗစ်အဖွဲ့တွင်ရှိစဉ် ဖျော်ဖြေရန်ခရီးသွားချိန်များ၌ လက်ဆွဲသေတ္တာသုံးလေ့မရှိချေ။ အမြဲတိုင်းလိုပင် သူ၏ကျောပိုးအိတ်နှင့်သာသွားလေ့ရှိသည်။


ဤတစ်ကြိမ်တွင်လည်း သူလက်ဆွဲသေတ္တာမယူသွားချင်ပေ။ သို့သော်လည်း ချီယွီကျီးမှာ သူလုံလောက်စွာမစားရမည်နှင့် နွေးနွေးထွေးထွေးမနေရမည်ကိုစိုးရိမ်သောကြောင့် အဝတ်အစားနှင့်မုန့်များစွာ ဝယ်ပေးခဲ့လေရာ သူ၏ကျောပိုးအိတ်လေးနှင့် မဆန့်နိုင်ခဲ့ပေ။


ချီရှင်းချန် လက်ဆွဲသေတ္တာကို ကားနောက်ဖုံးထဲသို့ပို့လိုက်ပြီးနောက် ကားတံခါးကို ဖွင့်လိုက်ချိန်၌ ရုတ်တရက်ဆိုသလို ကားအနောက်ခုံတွင် ချီယွီကျီးသည်သာမက သူ၏ဖခင်ဖြစ်သူလည်းရှိနေသည်ကို သိလိုက်ရသည်။


" အဖေ…" ချီရှင်းချန် ထိုကဲ့သို့ မည်သည့်အချိန်ကမှ ခေါ်လေ့မရှိသဖြင့် ပြောထွက်လာစေရန် အချိန်အနည်းငယ်ယူလိုက်ရပြီး " အဖေ ဘယ်အချိန်တုန်းကရောက်နေတာလဲ…"


" အခုလေးတင် မင်းအထုပ်ထည့်နေတုန်းကလေ…"


ဖေဖေချီမှ အလွန်ကို့ရို့ကားယားနိုင်သောအကြောင်းပြချက်တစ်ခုပေးလာခဲ့သည် " လေဆိပ်က ကုမ္ပဏီကိုသွားတဲ့လမ်းမှာမလို့ ငါလည်းလမ်းကြုံလိုက်မလို့လေ…"


သူ၏ပုန်ကန်ချင်စိတ်ကြောင့် မူလကိုယ်မှာ ဖခင်ဖြစ်သူနှင့်များစွာရင်းနှီးနေခြင်းမရှိချေ။ ချီရှင်းချန်လည်း သူ့ကိုယ်သူဖော်ထုတ်မနေဘဲ ကားထဲသို့သာ ဝင်ထိုင်လိုက်သည်။


လမ်းတစ်လျှောက်လုံးတွင် ချီယွီကျီးမှ ဆက်တိုက်ဆိုသလို မည်သည့်အရာကိုသတိထားရမည် မည်သည်ကိုလုပ်ရမည် စသည်တို့ကို တတွတ်တွတ်ပြောလာခဲ့သည်။ သူတို့လေဆိပ်သို့ရောက်ချိန်တွင်မူ ၎င်းတာဝန်မှာဖေဖေချီ၏အလှည့်သို့ ကျရောက်သွားခဲ့သည်။


" ရှင်းရှင်း အဖေမင်းကဒ်ကို ပိုက်ဆံနည်းနည်းလွှဲပေးထားတယ်… သားမငြင်းရဘူးနော်…"


ချီရှင်းချန်၏ပြောင်းလဲသွားသော မျက်နှာအမူအယာကြောင့် ဖေဖေချီ ကပျာကယာဆက်ပြောလိုက်ရသည်


" အဖေလည်း အဲဒီရှိုးကို အပိုင်းနည်းနည်းလောက်ကြည့်ခဲ့ဖူးတယ်လေ…မင်းတို့ကိုယ်ပိုင်ပိုက်ဆံသုံးခွင့်မရှိဘူးဆိုတာသိပေမယ့် အိမ်မှာနေတုန်း ချွေတာမယ်ဆိုရင်တောင် ခရီးသွားတဲ့အချိန်လေးတော့ ငွေပိုငွေလျှံရှိရမှာပေါ့… ဘာပဲပြောပြော မင်းစီမှာ ငွေရှိနေမှန်းသိရတော့ အဖေလည်းပိုပြီး စိတ်ဖြောင့်ဖြောင့်နေလို့ရတယ်…"


အသက်ခြောက်ဆယ်ပြည့်ပြီးသောလူအိုကြီးမှ သားဖြစ်သူအတွက် ရသစုံရှိုးများကိုလေ့လာပေးနေသည့်မြင်ကွင်းကိုတွေးမိသွားသောကြောင့် ချီရှင်းချန် နှုတ်ခမ်းကိုကိုက်၍ ‌" ကောင်းပါပြီ " ဟူ၍သာပြောလိုက်ရသည်။


" သားကိုယ်သား အတင်းတွန်းအားမပေးရဘူးနော်…မတရားဘူးလို့ခံစားရရင် အဖေတို့ကိုပြောပြ ဟုတ်ပြီလား… ငါတို့မင်းကိုမွေးဖို့ မတတ်နိုင်ကြတာမှမဟုတ်တာကို…."


" ကျွန်တော်နားလည်ပါပြီ…" ချီရှင်းချန် သက်ပြင်းတစ်ချက်ချလိုက်ကာ " အချိန်ကျလာပြီဆိုတော့ သွားလိုက်ပါဦးမယ်…"


ချီယွီကျီးနှင့် ဖေဖေချီတို့ တပြိုင်နက်တည်းခေါင်းငြိမ့်လိုက်ကြပြီး ကားဒရိုက်ဘာမှာလည်း တွန့်ဆုတ်နေဟန်ရှိသည်။


ချီရှန်းချန် အနောက်သို့ ပြန်လှည့်မကြည့်ဘဲ ထွက်လာခဲ့လိုက်သည်။


ဘက်ဂျက်ခရီးသွားကြမယ်အစီအစဉ်သို့ပါဝင်သည့် အိတ်ခ်ျမြို့မှ လာကြမည့်အနုပညာရှင်သုံးဦးမှာ ပိုင်ရဲ့၊ ည၏မက်မွန်ဝတ္ထု၏အဓိကဇာတ်လိုက်မထောင်ထောင်နှင့် သူကိုယ်တိုင်တို့ဖြစ်သည်။ ရိုက်ကူးရေးအဖွဲ့မှ သူတို့ကိုယ်စားလေယာဉ်လက်မှတ်များကို ဝယ်ယူပေးထားပြီးဖြစ်ကာ သူတို့တွေ့ဆုံကြမည့်နေရာမှာ ဗီအိုင်ပီနားနေခန်းတွင်ဖြစ်သည်။


အဓိကဇာတ်လိုက်မနှင့်တွေ့ဆုံရတော့မည်ဖြစ်သောကြောင့် ချီရှင်းချန်မနေနိုင်ဘဲ မျက်ခုံးကြုတ်မိသွားခဲ့သည်။ ထိုအချိန်၌ သူ၏ဖုန်းထဲသို့ စာတစ်စောင်ဝင်လာခဲ့သည်။


ဆောက်လုပ်ရေးဘဏ်မှ : [ သင်၏၉၉၉၉နှင့်ဆုံးသည့်ဘဏ်ကဒ်ထဲသို့ ၅၀၀၀၀၀၀.၀၀ ယွမ်ရောက်လာရှိပါပြီး သင်၏လက်‌ကျန်ငွေမှာ ၇၆၃၃၂၅၄.၂၁ယွမ်ဖြစ်ပါသည် ]


တစ်နှစ်သုံး…သုညခြောက်လုံးတောင်… သောက်ကျိုးနည်း ငါးမီလီယံဟ… ဒါကအဖေ‌ချီပြောတဲ့ခရီးစရိတ်လားဟေ….


ချီရှင်းချန် သက်ပြင်းချလျက် လျှောက်လာပြီးနောက် နားနေခန်းထဲသို့ဝင်လိုက်ချိန်၌ သူ၏ခြေလှမ်းများရပ်တန့်သွားခဲ့သည်။


လက်ရှိအချိန်မှာ နွေဦးရာသီအကုန်ပိုင်းသို့ရောက်နေပြီဖြစ်သောကြောင့် ခရီးသွားများစွာ မရှိဘဲ တချို့တလေသာ ဟိုဟိုဒီဒီပြန့်ကျဲနေခဲ့သည်။


သို့သော်လည်း သူတစ်ချက်ကြည့်လိုက်သည်နှင့် မည်သည့်အရာကိုမှမမြင်နိုင်သကဲ့သို့ သူ၏အကြည့်များမှာ ထောင့်နားတွင်ထိုင်နေသောမိန်းကလေးတစ်ယောက်စီသို့ ကျရောက်သွားခဲ့သည်။


ထိုမိန်းကလေးမှာ စာအုပ်ဖတ်နေကာ အဖြူရောင်တီရှပ်နှင့် အရောင်ဖျော့ဖျော့ဂျင်းဘောင်းဘီကိုဝတ်ဆင်ထားပြီး ဆံပင်မြင့်မြင့်စည်းထားခဲ့သည်။ သူမ၏မျက်နှာကိုကောင်းစွာ မမြင်နိုင်သည့်တိုင် ခေါင်းမှခြေဖျားအထိ ဖြာကျနေသည့်အလင်းဖျော့ဖျော့နှင့်ပင် ထိုမိန်းကလေးမှာလွန်စွာလှပသူဖြစ်ကြောင်း ပြောနိုင်နေသည်။


" မဟုတ်သေးဘူး…" ချီရှင်းချန် ချက်ချင်းဆိုသလို ခေါင်းကိုယမ်း‌လိုက်ပြီး သူ၏ခန္ဓာကိုယ်မှ ဆံပင်မွှေးများပင်ထောင်ထသွားရသည်။


ဒါကဘယ်လိုလုပ်ပြီး အရမ်းလှပတာပဲဆိုတဲ့ အလင်းဖျော့လေးဖြစ်မှာလဲ… သောက်ကျိုးနည်းကို ဇာတ်လိုက်ရောင်ဝါကြီးပဲဟ…


ချီရှင်းချန် ယခင်ကသူ၏ပုံကိုမြင်ဖူးခဲ့လေရာ သိသိသာသာပင် ထိုမိန်းကလေးမှာ ည၏မက်မွန်ဝတ္ထုမှ အဓိကဇာတ်လိုက်မဖြစ်သောထောင်ထောင်ဖြစ်ကြောင်း သိနေခဲ့သည်။


ထိုအချိန်၌ ရိုက်ကူးရေးအဖွဲ့မှ သူ့ကိုသတိပြုမိသွားကာ ကင်မရာဖြင့် ပြေးလာခဲ့သည် " ရှင်းရှင်း လူတိုင်းကို နှုတ်ဆက်လိုက်ပါဦး…"


" အားလုံးပဲ မင်္ဂလာပါ ကျွန်တော်ကတော့ ချီရှင်းချန်ပါ…အခုကမနက်ဆယ်နာရီရှိပြီဆိုတော့ မင်းတို့အားလုံးနေ့လည်စာစားပြီးကြပြီလား…"


ကင်မရာမန်းမှ စောဒကတက်လိုက်သည် " ဒီအချိန်ကြီး ဘယ်သူကနေ့လည်စာစားမှာမလို့လဲ…"


ချီရှင်းချန်မှ " မင်းသာတက်တက်ကြွကြွမစားဘူးဆိုရင် မင်းရဲ့အတွေးကတစ်ခုခုလွဲနေပြီနော်…"


သူ၏ကျိုးကြောင်းမညီသည့်စကားမှ ကင်မရာမန်းနှင့် ရိုက်ကူးရေးလက်ထောက်တို့ကို ရယ်မောသွားစေခဲ့သည်။ ထောင်ထောင်သည်လည်း အသံများကိုကြားလိုက်သဖြင့် စာအုပ်ကိုချကာ လှမ်းကြည့်လာခဲ့လေသည်။


ချီရှင်းချန် ဥယျာဉ်ထဲမှ ပန်းများတိတ်တဆိတ်ပွင့်လန်းလာသကဲ့သို့ခံစားလိုက်ရသည် : ဒါကအရမ်းကို သန့်စင်ကာရှက်တတ်ပြီးတော့ လှပတာပဲ….


ဇာတ်လိုက်မရောင်ဝါမှာ လွန်စွာ‌အားကောင်းကြောင်း သူဝန်ခံရပေမည်။ ထောင်ထောင်မှာ ကျက်သရေရှိသောအလှမျိုးမဟုတ်သော်လည်း အခြားသူများအား သူမမှာအလွန်အမင်းကြည့်ကောင်းသည်ဟု ခံစားသွားစေနိုင်သည်။


" နင်ကချီရှင်းချန်ပဲဖြစ်ရမယ် ဟုတ်တယ်မလား…"


ထောင်ထောင် သူမ၏စာအုပ်ကိုချကာ လျှောက်လာခဲ့သည်။ စကားပြောလိုက်ချိန်တိုင်း သူမ၏ပုံစံမှာ အနည်းငယ်ရှက်တတ်ကာ သနားစဖွယ်ဖြစ်နေခဲ့သည်


" ငါကထောင်ထောင်ပါ…"


" ကျွန်တော့်ကိုရှင်းရှင်းလို့ခေါ်လို့ရပါတယ်…" ချီရှင်းချန် သူ၏အပြုံးကိုဆက်လက်ထိန်းသိမ်းထားဆဲဖြစ်ကာ " တွေ့ရတာဝမ်းသာပါတယ် ‌အစ်မထောင်ထောင်…"


မိတ်ဆက်လိုက်ကြပြီးနောက် ရိုက်ကွင်းလက်ထောက်မှ သူတို့နှစ်ဦးကို အချင်းချင်းစကားဆက်ပြောရန် အချက်ပြလာခဲ့သည်။


ပန်းပွင့်ဖြူလေးကဲ့သို့သောစိတ်နေစိတ်ထားဖြင့် ထောင်ထောင်မှာ သဘာဝကျစွာပင် သက်ဝင်လှုပ်ရှားလှသူမဟုတ်ချေ။ ထို့ကြောင့် ချီရှင်းချန် ကော်ဖီသွားဝယ်ရန်သာ ထွက်သွားလိုက်သည်။ ရိုက်ကူးရေးအဖွဲ့မှလူများကို ကော်ဖီခွက်များ ဖြန့်ဝေပေးပြီးနောက် တစ်ခွက်ကို ထောင်ထောင်ထံသို့ကမ်းပေးလိုက်သည် " အမေရိကာနို ၊ သကြားထပ်မထည့်ထားဘူး…"


" နားလည်ပေးတဲ့အတွက် ကျေးဇူးပါ…" စကားပြောနေစဉ်ထောင်ထောင်၏မျက်လုံးများမှာ အနည်းငယ်ပို၍ပွင့်လာခဲ့ကာ အလွန်ပင်စိတ်ရင်းမှန်ပုံရပြီး " အစ်မကဘယ်လောက်စားစားဝမလာတာဆိုတော့ အစ်မကို ဂရုစိုက်ပေးဖို့မလိုတော့ဘူးနော်…"


ထင်ထားသည့်အတိုင်းပင် ဇာတ်လိုက်မရောင်ဝါကြောင့် ထောင်ထောင်မှာ မည်မျှပင်စားနေပါစေ ဝလာမည်မဟုတ်ပေ။ ချီရှင်းချန် သူမနှင့်အနည်းငယ်နောက်ပြောင်လိုက်ပြီးနောက် အကဲစမ်းကြည့်လိုက်သည်


" ဘတ်ဂျက်ခရီးသွားကြမယ် အစီအစဉ်မှာပါခွင့်ရတာက ကျွန်တော့်အတွက်တော့ တကယ့်အံ့ဩစရာကိစ္စပဲ… ကျွန်တော်ပါခွင့်ရမယ်လို့ လုံးဝထင်မထားမိခဲ့ဘူးရယ်…"


သူ၏လက်ရှိနေရာမှာ မူလဇာတ်ကြောင်းထဲတွင် ကျိုးယွီ၏အပိုင်ဖြစ်သော်လည်း ယခု သူ၏ပေါ်ပေါက်လာမှုက ဇာတ်ကြောင်းကိုနှောင့်ယှက်မိသွားပြီဖြစ်လေရာ ဇာတ်လိုက်မမှသတိပြုမိမည်လားကို ချီရှင်းချန်တွေးနေမိသည်။


" ဘယ်သူကကော မဟုတ်လို့လဲ…" ထောင်ထောင်ပြုံးလျက် " အစ်မဆိုလည်း မကြာသေးခင်ကမှ အနားယူချင်တယ်လို့ ပြောလိုက်မိတာကို အခုတော့ ဘဝအကြောင်းအတွေ့အကြုံယူဖို့ ဒီထဲပစ်ထည့်ခံလိုက်ရတယ်လေ…"


အဖြေမှာ တိုက်ရိုက်ဖြေကြားခြင်းမျိုးမဟုတ်သည့်အတွက် ချီရှင်းချန်၏အကဲစမ်းမှုမအောင်မြင်လိုက်ပေ။ သူတို့နှစ်ဦး အချိန်အနည်းငယ်ကြာသည်အထိ ဆက်လက်စကားပြောနေပြီးနောက် ခဏအကြာတွင် အပြင်ဘက်မှ သိသိသာသာပင်ကြားနေရသည့် အော်ဟစ်သံများထွက်ပေါ်လာခဲ့သည်။


အသံမှာ ပိုင်ရဲ့၏ဖန်များထံမှ ထွက်လာခြင်းဖြစ်ပြီး ကြည့်ရသည်မှာ ပိုင်ရဲ့သည်လည်း ဤနေရာသို့ရောက်လာပြီဖြစ်သည်။ ထို့ကြောင့် ရိုက်ကွင်းလက်ထောက်နှင့်ကင်မရာမန်းတို့မှ ပစ္စည်းများယူကာ အလျင်အမြန်ပြေးသွားလိုက်ကြရသည်။