အပိုင်း၁၀
Viewers 26k

Chapter 10


Chapter 10




ဝတ္ထု၏အဓိကဇာတ်လိုက်နှင့် ဇာတ်လိုက်မတို့ တရားဝင်‌ဆုံတွေ့ကြတော့မည်ဖြစ်သည့်အတွက် ချီရှင်းချန် သူ၏လက်ဖဝါးမှာပင် ချွေးများပြန်နေခဲ့သည်။ မူရင်းဇာတ်ကြောင်းတွင် မိန်းမတစ်ယောက်ကို သုံးစက္ကန့်ထက်ပင် ပို၍မကြည့်ခဲ့ဖူးသောပိုင်ရဲ့မှာ ထောင်ထောင်၏အလှအပနှင့်အော်ရာတို့ကြောင့် လေးငါးခြောက်စက္ကန့်အထိပင် ကြောင်အနေခဲ့ရသည်။


အသေအချာပင် ဤစင်မြင့်မှာ အဓိကဇာတ်လိုက်၏နှလုံးသားထဲ၌ ဇာတ်လိုက်မမှာ အခြားသောမိန်းကလေးများနှင့်ကွာခြားနေသည်ဟူသော ဇာတ်ကွက်ကိုကပြခြင်းဖြစ်သည်။ လာမည့်တစ်လခွဲကြာရိုက်ကူးရေးအတွင်း ဇာတ်လိုက်မမှ သူ၏ဖြူစင်ကာ ကြင်နာတတ်သောစရိုက်ကိုအသုံးချ၍ အဓိကဇာတ်လိုက်ကို မည်သူ့နှင့်မျှမတူသည့်အလင်းရောင်အသစ်ကို မြင်တွေ့စေမည်ဖြစ်သည်။


ချီရှင်းချန် ဇာတ်လိုက်မ၏လှုပ်ရှားမှုများကို ဆက်လက်စူးစမ်းလေ့လာနေခဲ့သည်။ ထောင်ထောင်မှ ပိုင်ရဲ့၏ပေါ်ထွက်လာမှု‌အပေါ် ပုံမှန်မဟုတ်သည့်ခံစားချက်မျိုး ပြသလာခြင်းမရှိဘဲ သူမ၏ခေါင်းကိုငုံ့၍ စာအုပ်ကိုသာ ဆက်ဖတ်နေခဲ့သည်။


ခဏအကြာတွင် အားလွင်နှင့်ပိုင်ရဲ့၏လက်ထောက်ဖြစ်သောကျောင်းနျိုတို့မှ ပိုင်ရဲ့ကိုစောင့်ကြပ်ကာ အထဲသို့ဝင်လာခဲ့ကြသည်။


ပိုင်ရဲ့မှာ ယနေ့တွင် သူ၏ပုခုံးနှင့်ခါးကို ကောင်းမွန်စွာဖော်ပြနိုင်သော နက်ပြာရောင်ဂျင်းဂျာကင်ကိုဝတ်ဆင်ထားပြီး ဆံပင်ကိုအနည်းငယ်ပုံသွင်းထားကာ အနက်ရောင်စတုရန်းပုံနေကာမျက်မှန်တပ်ထားခဲ့သည်။ သူ၏လည်ပင်းနှင့်လက်များမှာမူ ပြောင်ရှင်းနေကာ မည်သည့်လက်ဝတ်ရတနာမှ ဝတ်မလာခဲ့ပေ။


ပိုင်ရဲ့ သူ၏နေကာမျက်မှန်ကို ပေါ့ပေါ့ပါးပါးပင် ချွတ်ထားလိုက်ပြီး သူ၏အကြည့်မှာ ချီရှင်းချန်ပေါ်သို့ကျရောက်လာခဲ့သည်။


ချီရှင်းမှန်မှာမူ လာမည့်စက္ကန့်အနည်းငယ်အတွင်း‌ ပိုင်ရဲ့နှင့်ထောင်ထောင်တို့ ဆုံကြတော့မည်ဖြစ်သည့်အတွက် သူ၏နှလုံးသားမှာ ရုတ်တရက်ထခုန်သွားခဲ့သည်။


အဆုံး၌ ပိုင်ရဲ့သူ၏ဘေးဘက်ကို မကြည့်လာခဲ့ချေ။ ထိုအစား သူ၏အကြည့်များမှာ တစ်နေရာတည်းတွင် ထားထားသော ချီရှင်းချန်နှင့်ထောင်ထောင်တို့၏ကော်ဖီခွက်များပေါ်သို့ ကျရောက်သွားခဲ့သည်။


ချီရှင်းချန် ပြောစရာစကားများပျောက်ရှသွားရသည်။


ဇာတ်လိုက်မ၏အော်ရာကြောင့် သူ၏အာရုံများထွေပြားခဲ့ရကာ ကော်ဖီဝယ်ရာတွင် နေရာတွင်ရှိနေသည့်လူများအတွက်သာ ဝယ်မိခဲ့ပြီး ပိုင်ရဲ့ကိုမူ မေ့လျော့သွားခဲ့သည်။


ပိုင်ရဲ့လို ထိပ်တန်းအနုပညာရှင်တစ်ယောက်က ယွမ်အနည်းငယ်ပဲတန်တဲ့ကော်ဖီလေးတစ်ခွက်ကို အရေးမစိုက်လောက်ပါဘူးနော် ဟုတ်တယ်မလားဟင်….


ချီရှင်းချန် စိတ်လှုပ်ရှားစွာ ထရပ်မိသွားသည်။ ထောင်ထောင်သည်လည်း စာအုပ်ကိုချကာ သူနှင့်အတူယှဉ်ရပ်လိုက်ပြီး " တခြားဧည့်သည်တွေလည်း ရောက်လာကြပြီလား…"


သူမစကားအဆုံးတွင် ကင်မရာမန်းမှ ပိုင်ရဲ့ကိုသူတို့နှစ်ဦးစီသို့ ခေါ်ဆောင်လာသည်ကို မြင်လိုက်ရသောကြောင့် ထောင်ထောင် ဝိုးခနဲ အံ့အားသင့်သွားပြီး " တကယ်ကြီးပိုင်ရဲ့ပဲ အံ့ဩစရာကောင်းလိုက်တာ…"


သူမ၏အသံကိုကြားလိုက်ရချိန်၌ ပိုင်ရဲ့မှ နှုတ်ဆက်လာသည် " မင်္ဂလာပါ…"


ထောင်ထောင်ပြန်ပြောလိုက်သည် " မနှစ်က စတားလိုက်ဆုပေးပွဲမှာ ရှင်ဖျော်ဖြေတာကို ကြည့်ခဲ့ရတယ် အရမ်းမိုက်တာပဲ… အထူးသဖြင့် အရမ်းလည်းခန့်ညားတယ်…"


ပိုင်ရဲ့မှ " ကျွန်တော့်ကိုမြှောက်ပင့်နေတာပဲ…"


ကင်မရာမန်းနှင့်ရိုက်ကွင်းလက်ထောက် " ဘာလို့အနေအထားက နည်းနည်းကို့ရို့ကားယားနိုင်နေတာလဲ…"


အမှန်အတိုင်းပြောရမည်ဆိုလျှင် ထိုအချက်ကြောင့်ပင် ပိုင်ရဲ့ရသစုံရှိုးများကို လက်မခံခြင်းဖြစ်သည်။ သူ၏ခပ်ချေချေနေတတ်သောစရိုက်မှာ များစွားအားစိုက်ထားရသည့်အင်တာဗျူးများတွင်ပင် စကားဝိုင်းများကို သတ်ပစ်နိုင်စွမ်းရှိလေရာ ရသစုံရှိုးများသို့သာသွားခဲ့ပါက သူ၏အေးစက်မှုကြောင့် ဧည့်သည်များကို သေသည်အထိ တောင့်ခဲသွားစေခြင်း သို့မဟုတ် ဒါရိုက်တာအပင်ပန်းလွန်၍သေသွားခြင်းပင် ဖြစ်နိုင်သေးသည်။


ထောင်ထောင်မှာမူ ထူးဆန်းသည်ဟုခံစားရပုံမပေါ်ချေ။ ပိုင်ရဲ့ကို ကြည့်လျက် သူမ၏အပြုံးကိုသာ ဆက်လက်ထိန်းထားခဲ့သည်။ 


ပိုင်ရဲ့မှာ အလှလေးကိုမြင်ပုံမရချေ။ ချီရှင်းချန်ကိုသာ ပေါ့ပေါ့ပါးပါးမေးလိုက်သည် " မင်းဘယ်အချိန်ကရောက်တာလဲ…"


" ခုနလေးကပဲ ရောက်လာတာပါ…"


" အင်း…"


ပိုင်ရဲ့အသံတစ်ချက်ပြုလိုက်ပြီးနောက် အားလွင်ကိုခေါ်ကာ ထွက်သွားလိုက်သည်။


ဤအတိုင်း လှည့်ထွက်သွားခဲ့သည်။


ပိုင်ရဲ့မှာ မူရင်းဇာတ်ကြောင်းတွင် ရေးထားသည့်ဇာတ်ကွက်အတိုင်း မပြု‌မူနေပေ။


ချီရှင်းချန် ထပ်မံ၍ အတွေးနစ်သွားခဲ့ရသည်။


ထိုင်ရန် နေရာကောင်းတစ်ခုရှာလိုက်ပြီးနောက် ပိုင်ရဲ့ ခေါင်းအနည်းငယ်စောင်းကာကြည့်လိုက်ရာ မည်သူ့ကမှသူ့နောက်လိုက်မလာသည်ကို မြင်လိုက်ရသည်။


ဖန်တွေက အိုင်ဒေါနောက်ကို လိုက်သင့်တာမဟုတ်ဘူးလား…


အဆုံး၌ တရားဝင်ရိုက်ကူးရေးမစတင်သေးသည့်တိုင် ဘတ်ဂျက်ခရီးသွားကြမယ်အစီအစဉ်၏ ရိုက်ကူးရေးအဖွဲ့မှ လူသားဆန်စွာဖြင့် ဧည်သည့်များကို အထူးတန်းလက်မှတ်ဖြတ်ပေးထားခဲ့သည်။


ထောင်ထောင်၊ ချီရှင်းချန်တို့နှင့် ထိုင်ခုံတစ်တန်းထဲကျသောကျောင်းနျိုမှ ချောမွေ့စွာရှင်းပြလာသည်


" ပိုင်ရဲ့ရဲ့ စိတ်နေစိတ်ထားက ဒီလိုပဲ အေးတိအေးစက်နေတတ်လို့ပါ… သူရဲ့ခုနကအေးစက်စက်နိုင်မှုအတွက် တောင်းပန်ပါတယ်နော်…"


ထောင်ထောင်မှ " ရပါတယ် ကျွန်မတို့လည်းအချင်းချင်းရင်းနှီးကြသေးတာမှမဟုတ်တာ…‌ဒါကပုံမှန်ပါပဲ…"


အမှန်ပဲ… နောက်ကြရင် မင်းတို့ကတစ်ယောက်ကိုတစ်ယောက် ပေါက်ကွဲမတတ်ကိုချစ်ကြတော့မှာလေ…


ချီရှင်းချန် ပျင်းရိမှုကြောင့် ခုံကိုမှီကာ မဂ္ဂဇင်းတစ်အုပ်ကိုသာ ဟိုလှန်ဒီလှောကြည့်နေလိုက်သည်။


ခဏကြာပြီးနောက် ချက်ချင်းဆိုသလိုပင် သူ၏နောက်ခုံမှ အနည်းငယ်လှုပ်သွားသည်ဟုခံစားလိုက်ရသည်။ စကားပြောသံများမှ သူ့ကိုနိုးနေမိသောကြောင့် ဖြစ်နိုင်ပေမည် ပိုင်ရဲ့မှာ ဘေးသို့လှည့်နေခဲ့သည်။


ချီရှင်းချန် အတွေးတစ်ခုပေါ်လာကာ အတွင်းဘက်နံရံအကြားရှိအဟလေးမှ ချောင်းကြည့်လိုက်မိသည်။


ပိုင်ရဲ့မှာ သူလက်နှစ်ဖက်ကိုယှက်ကာ ရင်ဘတ်ပေါ်တင်၍ မျက်လုံးများကို မှိတ်ထားပြီး အနားယူနေခဲ့သည်။


ဤသည်မှာ ပထမဆုံးအဖြစ် ချီရှင်းချန် သူ၏အိုင်ဒေါအိပ်ပျော်နေသည်ကိုမြင်လိုက်ရခြင်းပင်။ သောက်ကျိုးနည်း အိပ်နေတာတောင် ဘာလို့ဒီလောက်ကြည့်ကောင်းနေရတာလဲ… သူက လူသားကောဟုတ်သေးရဲ့လား…


အသိအသာကြီးကို နတ်သားတစ်ပါးပဲဖြစ်ရမယ်…


ချီရှင်းချန် သူ၏အတုအယောင်အိုင်ဒေါကို မည်သည့်စိတ်ပိုင်းဆိုင်ရာဝန်ထုပ်ဝန်ပိုးမှမရှိသည့်အတိုင်း လေ့လာစူးစမ်းနေမိသည်။ ဝတ္ထုထဲမှဇာတ်ကောင်မှ အပြင်ဓာတ်ပုံထဲမှလူကိုမြင်နေရသည့်အတိုင်း ကွာခြားမှုမရှိဟု သူခံစားလိုက်ရသည်။


နဖူးပြည့်ပြည့်၊မြင့်မားခက်ထန်ပုံရသောမျက်ခုံးများနှင့်အတူ နှာခေါင်းချွန်ချွန်လေး၏ဘက်ဘက်တွင်ရှိသည့်မှဲ့အသေးလေးမှာ သူ၏မျက်နှာအနေအထားကို ပို၍စူးရှသွားစေသည်။


ညဉ့်ကောင်းကင်များမှာ ထိုမှဲ့လေးကြောင့် သေသည်အထိပြုစားခံလိုက်ရကာ ဝေ့ပေါ်ပေါ်တွင် " အားးး တကယ်ကြီး အဲဒီမှဲ့လေးကိုယက်ချင်တယ် " ဟူ၍ မြည်တမ်းနေကြရသည်။


ည၏မက်မွန်ကိုရေးသားခဲ့သောစာရေးသူမှာလည်း ခြွင်းချက်မရှိပေ။ ဇာတ်လိုက်နှင့်ဇာတ်လိုက်မတို့ စတင်ချစ်ကြိုက်သွားသည်နှင့် သူမတကယ်ကိုယက်နိုင်ခဲ့လေသည်။


ဟစ်… ပြောလို့မကောင်းပေမယ့် ဇာတ်လိုက်မဘေးမှာရှိနေတုန်း အဓိကဇာတ်လိုက်ကို ချောင်းကြည့်ရတာ တကယ်ကြီးစိတ်လှုပ်ရှားဖို့ကောင်းတာပဲ…


ဇာတ်လိုက်မရှာတွေ့သွားမည်စိုးသည့်အတွက် ချီရှင်းချန် နောက်ဆုံးတစ်ကြိမ် ခိုးကြည့်လိုက်ကာ ကျေနပ်ရခြင်းမှာမူ ဝေးကွာနေသေးသည်။


ချီရှင်းချန် အကြည့်ပြန်လွှဲတော့မည်ဆဲဆဲတွင် တင်းကြပ်စွာပိတ်ထားခဲ့သောပိုင်ရဲ့၏မျက်လုံးများမှာ အမည်မသိသောအကြောင်းရင်းကြောင့် ရုတ်တရက်ပွင့်လာခဲ့လေသည်။


ထို့နောက် သူတို့အကြည့်ချင်းဆုံသွားကြသည်။


ချောင်းကြည့်သည်အား လူမိသွားပြီဖြစ်သည့်အတွက် ချီရှင်းချန် နှလုံးတစ်ချက်ခုန်သွားခဲ့ရသည်။ သူ၏အကြည့်ကို ချက်ချင်းဆိုသလို ရုတ်သိမ်းချင်မိသော်လည်း အပြစ်ရှိကြောင်းဖော်ပြမိသွားမည်ကို စိုးရိမ်နေသည့်အတွက် နေရာတွင်သာ ဆက်လက်နေကာ ပိုင်ရဲ့နှင့်အကြည့်ပြိုင်ပွဲဝင်နေလိုက်ရသည်။


အချိန်တချို့ကုန်လွန်သွားပြီးနောက် အဆုံး၍ ပိုင်ရဲ့၏ပါးစပ်မှာပွင့်လာခဲ့ကာ သူ၏အသံထဲတွင် ပျင်းရိမှုအနည်းငယ်ပါဝင်နေပြီး မေးလာခဲ့သည်


  " ကြည့်လို့ဝပြီလား…"


ချီရှင်းချန် : "...."


ပိုင်ရဲ့မှ ဆက်ပြောလာသည် " ကြည့်လို့ဝရင်လည်း ပြန်ပြီးအနားယူလိုက်တော့… ဒါမှမဟုတ်ကော်ဖီသောက်တာအရမ်းများလို့ မအိပ်နိုင်တော့တာလား…"


............


ပထမဆုံးသွားရောက်ရမည့်နေရာမှာ ဥရောပတိုက်၏မြောက်ပိုင်းမှ ဒိန်းမတ်နိုင်ငံဖြစ်ပြီး သူတို့လေယာဉ်ပေါ်မှ ဆင်းလိုက်သည်နှင့် အခြားဧည့်သည်တော်နှစ်ဦးကိုပါ မြင်လိုက်ရသည်။


ပထမတစ်ဦးမှာမူ အသက်၅၂နှစ်ရှိပြီဖြစ်သော ရွှေမြင်းရုပ်ရှင်ဧကရီ လော့ချိုးမန်ဖြစ်ပြီး ဒုတိယတစ်ဦးမှာမူ ရုပ်ရှင်အင်ပါယာဆုကို နှစ်နှစ်ဆက်တိုက် စကာတင်ဝင်ခဲ့သော ပထမအဆင့်သရုပ်ဆောင် ကျန်းယွင်ဖေးဖြစ်သည်။


လူတိုင်းအချင်းချင်းနှုတ်ဆက်လိုက်ကြပြီးနောက် လောချိုးမန်မှ လူများကို စတင်ရေတွက်လိုက်သည်


" တစ် နှစ် သုံး လေး ငါး…ငါတို့တစ်ယောက်ပျောက်နေတာလား.."


လက်ထောက်ဒါရိုက်တာမှ ပြောလိုက်သည် " ကျီယုရဲ့လေယာဉ်က နည်းနည်းနောက်ကျနေတာတဲ့… နောက်နာရီဝက်လောက်နေရင် ရောက်မယ်ပြောတယ်.."


" ဒါဆိုလည်း နည်းနည်းစောင့်လိုက်ကြတာပေ့ါ…" ထောင်ထောင်မှာ အလွန်နားလည်ပေးဟန်ပေါ်နေခဲ့သည်


" အစ်မချိုးမန် ပင်ပန်းနေပြီလားဟင်…"


" အစ်မပင်ပန်းနေရင် ကျွန်တော့်မှာ နောက်ကြောနှိပ်တဲ့စက်လေးရှိတယ်…" ချီရှင်းချန်မှလည်း ဝင်ပြောလိုက်သည်။


ထိုသို့ပြောပြီးသည်နှင့် သူ၏ဘေးမှ လေအေးများကို ခံစားလိုက်ရသောကြောင့် ချီရှင်းချန် ဘေးသို့လှည့်ကြည့်လိုက်ရာ နေကာမျက်မှန်တပ်ထားသည့် ပိုင်ရဲ့ကို မြင်လိုက်ရသည်။ ပိုင်ရဲ၏အမူအယာကို မျက်မှန်မှတဆင့် ကောင်းစွာမမြင်ရသော်လည်း အချို့သောအကြောင်းပြချက်ကြောင့် အလွန်မသက်မသာဖြစ်သည့်ခံစားချက်မျိုးကို ထုတ်ဖော်နေသည်ဟု ချီရှင်းချန်ခံစားလိုက်ရသည်။


ထို့ကြောင့် ချီရှင်းချန် အစမ်းသဘောဖြင့် မေးလိုက်ရလေသည် " အစ်ကိုကော နောက်ကြောနှိပ်စက်သုံးချင်သေးလား…"


ပိုင်ရဲ့ : "....."


ချီရှင်းချန်မှာ သူ၏ဖန်ဖြစ်ကြောင်းကြားလိုက်ရသည့်နေ့မှစ၍ ပိုင်ရဲ့တစ်ဝက်သာယုံကာ တစ်ဝက်မှာ သံသယဝင်နေခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် သူ၏ဖန်များမှာ နေရာတိုင်းတွင်ရှိနေပြီး အစစ်အမှန်ဘဝတွင်လည်း ကုမ္ပဏီမှ သင်တန်းသားအများစုမှာ သူ၏ဖန်များဖြစ်ကြသည်။


သူသံသယဝင်‌မိနေခြင်းမှာ သူသည်ယခုအချိန်မှသာ ဤလောကသို့ကူးပြောင်းလာခြင်းဖြစ်ပြီး ချီရှင်းချန် အမှန်ကိုပြောနေခြင်း သို့မဟုတ် သူ့ကိုချဉ်းကပ်ရန်ကြံစည်နေခြင်း ဖြစ်မည်လားကို မပိုင်းခြားနိုင်သေးသည့်အတွက်ဖြစ်သည်။


ပိုင်ရဲ့အနေဖြင့် သူသည် ဤလောကနှင့်မရင်းနှီးနေသေးရာ လူတိုင်းအပေါ်သတိထားစောင့်ကြည့်ရန် လိုအပ်လေသည်။


သူတို့ စစ်ရှန်းဖန်များမှအလိုက်ခံရပြီးနောက် ချီရှင်းချန် ထိုဖန်များကိုပြောခဲ့သည့်စကားကို ကြားမှသာ ချီရှင်းချန်မှာ သူ၏ဖန်အစစ်အမှန်ဖြစ်ကြောင်း အသေအချာသိရှိသွားခဲ့သည်။


သို့သော်လည်း ယနေ့တွင် မည်သို့ဖြစ်နေသည်နည်း။


ကော်ဖီဝယ်ရာတွင် သူ့အတွက်မပါသည်ကို မဆိုထားနှင့် ဤနေရာရှိလူတိုင်းမှာ တစ်နေကုန်လေယာဉ်စီးခဲ့ကြရာ သူ၏ဖန်အနေဖြင့် သူ့ကိုအရင်ဆုံးဂရုစိုက်ရမည်မဟုတ်ပါလော…


ဒါကဘယ်လိုတောင် ပလပ်စတစ်ဖန်လဲ…


သူ၏ပလပ်စတစ်ဖန်လေးမှာ သူ့ကိုသတိတကြီးနှင့်စောင့်ကြည့်နေဆဲဖြစ်ကာ မျက်တောင်တစ်ဖျတ်ဖျတ်ခတ်၍ အပြစ်ကင်းသောခွေးလေးတစ်ကောင်သဖွယ် ဖြစ်နေခဲ့သည်။


"....."


ပိုင်ရဲ့ အချိန်ခဏမျှ ပြောရန်စကားများပျောက်ရှသွားရပြီးနောက် " ဟင့်အင်း မလိုတော့ဘူး မင်းဘာသာမင်းပဲ သိမ်းထားလိုက်ပါ…"


ပိုင်ရဲ့၏စကားအဆုံးတွင် ချီရှင်းချန် အနှိပ်စက်ကို အလွန်ချောမွေ့စွာ ပြန်သိမ်းသွားခဲ့သည်။


ပိုင်ရဲ့ : ".... " ကောင်းပြီလေ


လျိုကျီယုကို စောင့်နေရသည့်အချိန်အတွင်း လူတိုင်းမှာ ပျင်းရိနေသည့်အတွက် လူတိုင်းမှာ သူတို့၏အသက်အကြောင်း စကားစမြည်ပြောဆိုနေကြသည်။ သိသိသာသာပင် အကြီးဆုံးမှာ လောချိုးမန်ဖြစ်ပြီး သူမ၏နောက်မှ အသက်၂၈နှစ်ရှိပြီဖြစ်သော ကျန်းယွင်ဖေးဖြစ်ကာ ပိုင်ရဲ့နှင့်ထောင်ထောင်တို့နှစ်ယောက်မှာ အသက်၂၄နှစ်ရှိကြပြီဖြစ်သည်။ ချီရှင်းချန်အလှည့်သို့ရောက်လာချိန်၌ ချီရှင်းချန်မှ ထပြောလိုက်သည် " ကျွန်တော်က ၁၉၉၉ ဒီဇင်ဘာလမှာ မွေးတာပါ…"


" ဒါဆိုရင် ဒီထဲမှာ မင်းအငယ်ဆုံးပေါ့… ငါကတော့ ကျီယုနဲ့ရင်းနှီးတော့ သူ့အသက်ကိုသိတယ်… သူကထောင်ထောင်ထက် တစ်နှစ်ပဲကြီးတာ…" ထို့နောက် ကျန်းယွင်ဖေး ညည်းညူလိုက်သည် " အခုခေတ်ကလေးတွေက ဘာစားပြီးကြီးနေလို့ ဒီလောက်ကြည့်ကောင်းနေကြတာလဲ…"


" ရှင်းရှင်းကလည်း ကြည့်ကောင်းတယ်ဆိုပေမယ့် အစ်ကိုယွင်ဖေးကလည်း ကြည့်ကောင်းတာပဲကို…" ထောင်ထောင်မှ ချိုသာစွာပြုံးလျက် ပြောလိုက်သည်။


ချီရှင်းချန် နှလုံးတစ်ချက် ခုန်သွားခဲ့သည်။ ပွဲသိမ်းပြီပဲ ဇာတ်လိုက်မက သူရဲ့ဆွဲဆောင်နိုင်မှုကို စဖြန့်တော့မယ်… လူပေါင်းထောင်သောင်းမက ဆွဲဆောင်ခံလိုက်ပြီဆို‌တဲ့ ဇာတ်ညွှန်းပွင့်သွားပြီပဲ…


လုံလောက်စွာပင် ကျန်းယွင်ဖေး ထောင်ထောင်၏အပြုံးကို မြင်လိုက်ရချိန်၌ သူ၏ဖုန်းကိုထုတ်ကာ ထောင်ထောင်၏ဝီချက်ကိုအပ်ရန် မပြောခင်အထိ အနည်းငယ်စိတ်ရှုပ်ထွေးသွားရသည်။


မူရင်းဇာတ်ကြောင်းတွင် ဤအချိန်၌ ပိုင်ရဲ့မှာ အနည်းငယ်မပျော််မရွှင်ဖြစ်သွားရမည် ဖြစ်သောကြောင့် ချီရှင်းချန် ပိုင်ရဲ့၏အမူအယာကို တိတ်တခိုးအကဲခတ်နေမိသည်။


ပိုင်ရဲ့မှာ သူ၏လက်ဆွဲသေတ္တာကို ‌တံတောင်ဖြင့်ထောက်လျက် ဖုန်းပွတ်နေပြီး ဤသူနှစ်ဦး၏အခြေအနေကို သတိပြုမိဟန်ပင် မရချေ။


ချီရှင်းချန် : " ? "


ထောင်ထောင် ကျန်းယွင်ဖေးတောင်းဆိုသည်ကို လက်ခံလိုက်ကာ အချင်းချင်းဝီချက်တွင် အပ်လိုက်ကြပြီး ဝေ့ပေါ်တွင်လည်း Followလိုက်ကြသည်။


ခဏအကြာတွင် ကျန်းယွင်ဖေး၏ရယ်သံကြီး ထွက်ပေါ်လာပြီး " ဟားဟားဟားဟား ရှင်းရှင်း မင်းကအရမ်းစိတ်ဝင်စားဖို့ကောင်းတာပဲ…"


ချီရှင်းချန်မှာမူ နားမလည်ခဲ့ပေ " ဘာကိုလဲ…"


" မင်းရဲ့မိတ်ဆက်အင်တာဗျူးလေ…" ကျန်းယွင်ဖေး သူ၏လက်ထဲမှဖုန်းကိုယမ်းကာ " မင်းကဘယ်လိုတောင် အမှန်တွေကြီးပြောနေတာလဲ…ငါသာမင်းအေးဂျင့်သာဆို စိတ်တိုရလွန်းလို့ နတ်ပြည်တက်သွားလိမ့်မယ် ဟားဟားဟားဟား…"


ဖြစ်နိုင်သည်မှာ ရှိူး၏အပူရှိန်ကို ထိန်းထားနိုင်ရန်အတွက် ပရိုဂရမ်အဖွဲ့မှ ဧည့်သည်များ၏အင်တာဗျူးများကို ထုတ်လွှင့်လိုက်သည့်ပုံပင်။ ဧည့်သည်များ၏ကျော်ကြားမှုအနေအထားအရ နိမ့်ရာမှ မြင့်ရာသို့ ထုတ်လွှင့်သွားမည့်ဖြစ်ရာ ပထမဆုံးတစ်ခုမှာ ချီရှင်းချန်၏အင်တာဗျူးပင်ဖြစ်လေသည်။


ပရိုဂရမ်အဖွဲ့မှ သူ၏အင်တာဗျူးကို မည်ကဲ့သို့တည်းဖြတ်ခဲ့၍ ဤသို့ဖြစ်နေရသည်နည်း။ ချီရှင်းချန် သူ၏ဖုန်းကိုယူကာ ဝေ့ပေါ်ကိုဖွင့်ကြည့်လိုက်ချိန်တွင် အချက်ပေးချက်အသစ်များပြည့်သွားခဲ့သည်။ သူ၏အဓိက‌စာမျက်နှာသို့ ဖွင့်လိုက်ချိန်၌ သူကို Followလုပ်ထားသူများမှာ သောက်ကျိုးနည်းကို ၂သိန်းကျော်အထိ ထောင်တက်သွားလေပြီ…


ချီရှင်းချန် ကပျာကယာ ဘတ်ဂျက်ခရီးသွားကြမယ်အစီအစဉ်၏တရားဝင်ဝေ့ပေါ်သို့ပြေးကာ သူ၏အင်တာ‌ဗျူးဗီဒီယိုကို ဖွင့်ကြည့်လိုက်ရသည်။ ပရိုဂမ်အဖွဲ့မှာ များစွာဖြတ်ထုတ်ထားခြင်းမရှိချေ။ သူ၏အရပ်အမှန်‌အကြောင်းပြောနေစဉ် ပြင်ထားသည့်အရာမှာ ချီရှန်းချန်သည် အလွန်ဖြောင့်မတ်ကာ သံဖြင့်လုပ်ထားသည့်ခေါင်းရှိသူဖြစ်ကြောင်း ပြသည့်အနေနှင့် သူ၏ခေါင်းပေါ်တွင် အထူးစပါယ်ရှယ်အဖက်အဖြစ် သံခမောက်ဆောင်းထားခြင်းပင်ဖြစ်သည်။


ထို့နောက် သူဒိတ်မလုပ်နိုင်ကြောင်းနှင့်အလုပ်ပိုလုပ်ရန်လိုကြောင်း ပြောထားသည့်အချိန်၌ သူ့ကိုစက်ရုံလုပ်သားဝတ်စုံဝတ်ပေးထားကာ အလွန်သနားစဖွယ်ဖြစ်နေပြီး ရယ်စရာကောင်းလှသည်။


ဗီဒီယိုအောက်တွင် အင်တာနက်အသုံးပြုသူများမှာ ရယ်မောနေကြပြီဖြစ်သည်။


[ ဟားဟားဟားဟား ဒီမောင်ငယ်လေးကအရမ်း‌ချစ်ဖို့ကောင်းတာပဲ…သူဒီလိုအမှန်တွေပြောလွန်းလို့ အရိုက်ခံရမှာမကြောက်ဖူးလားဟင် ]


[ ချီရှင်းချန် : ငါ့ပါးစပ်ကမြန်နေသရွေ့ ပိုင်တုကတောင် ငါ့ကိုအမှီမလိုက်နိုင်စေရဘူး ]


[ စိတ်ဝင်စရားပဲ ဘယ်လိုတောင်ဖြောင့်မတ်တဲ့ကောင်လေးလဲ… ပြောရဲတဲ့သတ္တိလည်းရှိတယ် ငါတော့သူ့ဖန်ဖြစ်သွားပြီ ]


[ ငါကတော့ အာရုံစိုက်မိတဲ့နေရာပဲမှားနေပြီလား… တကယ်ကြီးကို ရှင်းရှင်းရဲ့အိုင်ဒေါကဘယ်သူလဲဆိုတာပဲ ပိုသိချင်နေတယ် ]


နောက်ဆုံးမန့်မှာ ပရိသတ်များ၏လက်မအပေးခံရဆုံးဖြစ်ပြီး အချို့မှာမူ သူ၏အဓိကစာမျက်နှာတွင်ပင် လာရောက်မေးမြန်းနေကြသည်။


ကျန်းယွင်ဖေး ရယ်လို့ဝသွားပြီးနောက် တူညီသောမေးခွန်းကိုသာ မေးလာခဲ့သည် " ရှင်းရှင်း ငါတို့ကိုပြောပြစမ်းပါ မင်းရဲ့အိုင်ဒေါကဘယ်သူလဲ…"


ချီရှင်းချန် ခေါင်းကိုသာ ယမ်းလိုက်သည်။


" ဒါဆိုလည်း သူ့မှာဘာထူးခြားတာမျိုးရှိလဲ… အနည်း‌ဆုံးဒီလောက်တော့ပြောလို့ရပါတယ်ကွာ…"


" ဒါက…" ချီရှင်းချန် ခဏမျှ တုန့်ဆိုင်းနေပြီးနောက် လည်ချောင်းကိုရှင်းလိုက်သည်။


သူနောက်ဆုံးတော့ ပြောရတော့မှာလား…