Chapter 1
ရှေ့တွင် ရှိနေသူကို စိုက်ကြည့်ရင်း လင်းလောချင်၏ တစ်ကိုယ်လုံး အဆင်သင့် သတိကပ်ထားသည့် အနေအထားသို့ ရောက်ရှိ သွားတော့သည်။ အင်္ကျီတစ်ထည်လုံး ချွေးများ ရွှဲနစ်သွားသည့်တိုင် ကြောက်လန့်စိတ်ကြောင့် စကားတစ်ခွန်းမျှပင် ထွက်မလာရဲ။ နှလုံးသားအောက်ခြေမှ ထွက်ပေါ်လာသည့် ကြောက်ရွံ့စိတ်များကြောင့် သူ့ရှေ့တွင် ရှိနေသူကို ရင်တမမဖြင့်သာ ငေးကြည့်နေမိ တော့သည်။
ထိုသူမှာ အနည်းငယ် ရှည်လျားသော ဆံနွယ်ရှည်တို့ကို ပိုင်ဆိုင်ထားသည့် ခပ်မိုက်မိုက် အမျိုးသားတစ်ဦးဖြစ်သည်။ လက်တစ်ချက် ယမ်းကာ ဆေးလိပ်ကို မီးညှိလိုက်ပြီးနောက် ဖီးနစ်ပုံ မျက်ဝန်းလှလှတို့ အနည်းငယ် ကွေးညွတ်ကာ အပြုံးရိပ် တစ်ခု မပီမသ ထွက်ပေါ်လာတော့သည်။
သူ့လေသံမှာ လွန်စွာ နားဝင်ပီယံ ရှိလှသည်။ နူးညံ့ညင်သာသည့်တိုင် အေးစက်သည့် အရိပ်အယောင်တို့လည်း ရောယှက်နေပေ သည်။
“မစ္စတာလင်းက ဘယ်လိုဖြစ်ပြီး သဘောတူလိုက်တာလဲ ...”
သူ့ပုံစံမှာ အနည်းငယ် ဇဝေဇဝါ ဖြစ်နေသည့်ဟန်၊ အကြည့်တို့တွင်လည်း အပြစ်ကင်းစင်မှုတို့ကို အတိုင်းသား တွေ့မြင်နေရသည်။
“မှတ်မိသလောက်ဆို ကျွန်တော့်ဦးလေးကို အရှက်ခွဲခဲ့တုန်းက မစ္စတာလင်းက အတော်လေးကို မျက်နှာပြောင်တိုက်ပြီး ယုံကြည်ချက်တွေ ပြည့်ဝနေခဲ့တာပါ အဲဒီ့အချိန်တုန်းက ခင်ဗျား ဘာပြောခဲ့လဲ ...”
ကျိလဲ့ယွီက သွယ်လျလှသည့် လက်အစုံဖြင့် ဆေးလိပ်ကို တတောက်တောက် ခေါက်လိုက်သည့်အတွက် ဆေးလိပ်ပြာတို့ ပြန့်ကြဲ ကျလာတော့သည်။ ထို့နောက် တစ်ခုခုကို သတိရသွားဟန်ဖြင့် ခေါင်းတဆတ်ဆတ် ငြိမ့်လိုက်၏။
“အာ ဟုတ်သားပဲ ဦးလေးကို ငန်းသားစားချင်တဲ့ ဖားပြုတ်လို့ ပြောခဲ့တာလေ သူ့လို မသန်စွမ်းက ခင်ဗျားနဲ့ မတန်ဘူးလို့ ပြောခဲ့ တယ် မဟုတ်လား ဘယ်လို အပေါ့သွားရမလဲတောင် မသိတဲ့လူမျိုး၊ ခွေးတစ်ကောင်နဲ့ အတူတူပဲ၊ သူနဲ့ ယူရမယ့်အစား ခွေးကိုပဲ ယူလိုက်မယ်လို့ ပြောခဲ့တာလေ ...”
မျက်တောင်ရှည်ကြီးများကို တဖျတ်ဖျတ်ခတ်ကာ ကောက်ကျစ်သည့် အကြံဉာဏ်တို့ကို ဖုံးကွယ်လိုက်သည်။ လေသံမှာမူ ယခင် အတိုင်း ဆက်လက်နူးညံ့နေဆဲပင်။
“မစ္စတာလင်းက ဒီလိုမျိုး ပြောခဲ့မှတော့ ခင်ဗျားရဲ့ ဆန္ဒတွေကို ဖြည့်ဆည်းပေးမှ ကောင်းမယ် ထင်တယ်နော် မစ္စတာလင်းကို ခွေးတစ်ကောင်နဲ့ပဲ လက်ထပ်ပေးလိုက်ကြတာပေါ့ ...”
လင်းလောချင်က ကြောက်လန့်တကြား ခေါင်းမော့ကာ တစ်ဖက်သူအား မယုံကြည်နိုင်လေဟန်ဖြင့် စိုက်ကြည့်မိသွားတော့သည်။ ခေါင်းကို အသည်းအသန် ခါယမ်းလျက် အမောတကော တောင်းပန်လိုက်၏။
သို့သော်ငြား ကျိလဲ့ယွီမှာမူ သူ့စကားများအား နားထောင်ရန်ပင် ပျင်းရိနေဟန်၊ ထိုင်ခုံနောက်မှီကို မှီလျက် ဆေးလိပ်ငွေ့တို့ကိုသာ တစ်သီတစ်သန်းကြီး မှုတ်ထုတ်နေလိုက်သည်။
သူ့ပုံစံမှာ လွန်စွာ သာမန်ကာလျှံကာ ဖြစ်နေကာ ပျော်ရွှင်ခြင်း၊ စိတ်ဆိုးခြင်းတို့ကို အရိပ်အယောင်မျှပင် မတွေ့ရ။ လင်းလောချင် ကို စိုက်ကြည့်ကာ အေးဆေးစွာ ပြောလိုက်သည်။
“အားဟွေ သူ့အတွက် ခွေးတစ်ကောင် သွားရှာပေးလိုက် ...”
“ဟုတ်ကဲ့ပါ ...”
အားဟွေက တလေးတစား ပြန်ဖြေလိုက်၏။
“နေဦး ...”
အားဟွေပင် ခြေတစ်လှမ်း မရွေ့ရသေး၊ ကျိလဲ့ယွီက သူ့ကို တားမြစ်လိုက်ပြန်သည်။
လင်းလောချင်က သူ့စိတ် ပြောင်းလဲကာ သူ့(လင်းလောချင်)ကို အလွတ်ပေးတော့မည်လားဟု မျှော်လင့်တကြီး ကြည့်နေလိုက်၏။ ထို့နောက် ကျိလဲ့ယွီ၏ အေးစက်လှသည့် စကားသံကို ကြားလိုက်ရတော့သည်။
“နည်းနည်းလောက် များပြီး ရှာလာခဲ့လိုက် ပြောရရင် ဒါက လက်ထပ်ပွဲပဲ မဟုတ်လား မစ္စတာလင်းကို ရွေးချယ်ခွင့် တစ်ခုတော့ ပေးသင့်တာပေါ့ ...”
ထို့နောက် လင်းလောချင်ကို အဓိပ္ပါယ်အပြည့်ဖြင့် စိုက်ကြည့်လိုက်၏။ သူ့လေသံမှာ နူးညံ့သည့်တိုင် မမြင်ရသည့် အဓိပ္ပါယ်တစ်ခု ပုန်းအောင်းနေသည့်ဟန်။
“ဒီအစီအစဉ်ကို မစ္စတာလင်းလည်း စိတ်တိုင်းကျလောက်မှာပါ ဒါက မစ္စတာလင်းရဲ့ ဆန္ဒအတိုင်းပဲ ဆိုတော့လေ ...”
လင်းလောချင်က ခေါင်းကို အသည်းအသန် ခါယမ်းကာ အနူးအညွတ် တောင်းပန်နေသည့်တိုင် ကျိလဲ့ယွီကမူ အမှုမထားလေဟန် ဖြင့် ဆေးလိပ်ကိုသာ သောက်နေလိုက်သည်။
ဆေးလိပ်တစ်လိပ် ကုန်သည့်အချိန်မှာပင် အားဟွေက လမ်းဘေးခွေးအချို့နှင့်အတူ ပြန်ရောက်လာသည်။ ထိုအခါမှ ကျိလဲ့ယွီက စိတ်ဝင်စားစရာ တွေ့သွားသည့်ဟန်ဖြင့် ညစ်ပတ်ပေရေနေသည့် လမ်းဘေးခွေးများကို ဂရုတစိုက် ကြည့်လိုက်တော့သည်။
“ဒါက မစ္စတာလင်းရဲ့ လက်ထပ်ပွဲဆိုတော့ အလောသုံးဆယ် ကျင်းပလို့ ဘယ်ဖြစ်မလဲ အဒေါ်ကြီးရေ မစ္စတာလင်းရဲ့ ဆွေမျိုးတွေ၊ မိတ်ဆွေတွေ၊ အတန်းဖော်တွေကို လက်ထပ်ပွဲ တက်ရောက်ပေးဖို့ အကြောင်းကြားပေးပါဦး တကယ်လို့ သူတို့တွေမှာ အချိန် မရှိဘူး ဆိုရင်လည်း တိုက်ရိုက်ထုတ်လွှင့်ပေးကြတာပေါ့ ...”
ထိုစကားများ ကြားလိုက်ရသည့်အခါ လင်းလောချင်၏ မျက်နှာတစ်ခုလုံး မည်းမှောင်သွားတော့သည်။ ချက်ခြင်း ဒူးထောက်ထိုင်ချ ကာ ကျိယုရှောင်အား အရှက်ခွဲခဲ့သည့် လုပ်ရပ်မှာ မှားယွင်းကြောင်း ဝန်ခံကာ သူ့ကို ခွင့်လွှတ်ပေးရန် အဆက်မပြတ် တိုးလျှိုး တောင်းပန်လိုက်တော့သည်။
သို့သော် ကျိလဲ့ယွီကမူ သူ့စကားများကို နားထဲပင် မထည့်။ မတ်တပ်ထရပ်ကာ ဘေးနားရှိ ခွေးလေခွေးလွင့်များကို သနားစွာဖြင့် စိုက်ကြည့်လိုက်သည်။
“ဒီခွေးတွေမှာ မိဘ မရှိတော့ဘူးဆိုတော့ မစ္စတာလင်းလည်း သူတို့ကို ပြုစုစောင့်ရှောက်ပေးနေစရာ မလိုဘူးပေါ့ တော်သေးတယ် မစ္စတာလင်းရဲ့ မိဘတွေကတော့ သက်ရှိထင်ရှား ရှိနေသေးလို့ မင်္ဂလာပွဲကို ကြီးမှူးကျင်းပပေးဖို့ ကျွန်တော်ပဲ သူတို့ကို ဖိတ်လိုက် ပါ့မယ် ...”
လင်းလောချင်၏ အကြည့်တစ်ခုလုံး တုန်လှုပ်မှုတို့ဖြင့် ပြည့်နှက်သွားတော့၏။ ကျိလဲ့ယွီက ခါးနှင့် လက်မောင်းတို့ကို ဆန့်တန်းရင်း ပျင်းရိလေးလံစွာဖြင့် ပြောလိုက်သည်။
“ဒီနေ့ ရာသီဉတုကလည်း တော်တော်လေး ကောင်းနေတာဆိုတော့ ပျော်ပွဲရွှင်ပွဲ ကျင်းပမယ်ဆို ကွက်တိပဲ ဦးလေးက အစောကြီး ထွက်သွားရတော့ ဒီလိုပွဲမျိုးကို ကိုယ်တိုင် မမြင်ရတော့တာတော့ နှမြောစရာပေါ့ ထားပါ ဒါလည်း သိပ်တော့ ကိစ္စမရှိပါဘူး သူ့ကိုလည်း သေချာပေါက် ပြောပြပေးလိုက်ပါ့မယ် ...”
လင်းလောချင်ကို စောင်းငဲ့ကြည့်လိုက်သည့် သူ့အကြည့်တို့ထံမှ ရက်စက်ခက်ထန်မှုတို့ အဟန့်အတားမရှိ၊ တရစပ် ထွက်ပေါ်လာ တော့သည်။
“ကောင်းကောင်း အနားယူရင်း မင်္ဂလာပွဲအတွက် အဆင်သင့် ပြင်ထားလိုက်ပါ ...”
လင်းလောချင်မှာ စကားတစ်ခွန်းမှ မပြောနိုင်၊ မြေပေါ်သို့ ပုံခနဲ လဲကျသွားတော့သည်။ ]
လင်းလောချင်က စာအုပ်ကို ဆောင့်ပိတ်ကာ နားထင်အား ဖိနှိပ်ထားလိုက်၏။ သူနှင့် နာမည်တူလေသည့် အရန်ဇာတ်ကောင်၏ ဇာတ်ဝင်ခန်းများကို ဖတ်ရလေတိုင်း ထူးဆန်းသည့် ခံစားချက်တို့ အစုလိုက်အပုံလိုက် ထွက်ပေါ်လာတော့သည်။
သိပ်မကြာခင် လင်းလောချင်က ဇာတ်သိမ်းတော့မှာဆိုတော့ တော်သေးတာပေါ့ ...
စာရွက်များကို နောက်အထိ လှန်ကြည့်လိုက်သည့်အခါ ဗီလိန်ကောင် ကျိလဲ့ယွီ၏ ဇာတ်သိမ်းခန်းမှာလည်း သိပ်မလိုတော့ ကြောင်း တွေ့လိုက်ရသည်။ ဇာတ်သိမ်းခန်းတွင် ဇာတ်လိုက်နှင့် ဇာတ်လိုက်မတို့၏ အခန်းကဏ္ဍသစ်တစ်ရပ် ထွက်ပေါ်လာတော့ မည် ဖြစ်သည်။
စာအုပ်ကို အိပ်ယာဘေးရှိ စားပွဲပေါ် တင်ကာ ကျန်သည့် အခန်းများအား မနက်ဖြန်မှ ဆက်ဖတ်ရန် တွေးပြီး အိပ်ရန် ပြင်ဆင် လိုက်တော့သည်။
တကယ်တမ်း ပြောရရင် သူနဲ့ နာမည်တူတဲ့ လူတစ်ယောက်က ခွေးတစ်ကောင်နဲ့ လက်ထပ်ရတယ် ဆိုတာကြီးကို ဘယ်လိုမှ မမြင်ချင်ဘူး ပြီးတော့ ခွေးက တစ်ကောင်တည်းတောင် မဟုတ်ဘူး အုပ်လိုက်ကြီးလေ ...
ဒီ စိတ်မမှန်တဲ့ ကျိလဲ့ယွီဆိုတဲ့ကောင်ကတော့ ဘာမဆို အကုန်ကို လုပ်နိုင်တာပဲ ဇာတ်လိုက်မက ဒီလို တဏှာရူးကောင်မျိုးကို မကြိုက်တာ အံ့ဩစရာ မရှိတော့ပါဘူး သာမန်လူတွေက ဒီလို စိတ်မမှန်တဲ့ကောင်မျိုးကို ဘယ်လိုလုပ် ကြိုက်မှာလဲ သူတို့ကို မြင်တာနဲ့တောင် ထွက်ပြေးလိမ့်ဦးမယ် ...
စောင်ကို ဆွဲမကာ အိပ်ယာပေါ် လှဲချလိုက်၏။ အိပ်မက်လှလှလေး မက်ရန်လည်း မျှော်လင့်မိလိုက်သေးသည်။ အကယ်၍ အိပ်မက်လှလှ မမက်သည့်တိုင် မမက်သင့်သည့် အိပ်မက်မျိုး မမက်သရွေ့ အဆင်ပြေပေသည်။ ဥပမာအားဖြင့် ပြဆိုရပါလျှင် လူသားတစ်ယောက်နှင့် ခွေးတစ်ကောင်ကြား အချစ်ဇာတ်လမ်းမျိုး ဖြစ်သည်။
ခေါင်းကို ခါယမ်းကာ မီးတို့ကို ပိတ်လိုက်ပြီးနောက်တွင်တော့ အိပ်မက်ကမ္ဘာထဲသို့ တစ်ဖြည်းဖြည်း ချဉ်းနင်းဝင်ရောက်သွားတော့ သည်။
နောက်တစ်ဖန် ပြန်လည်နိုးထလာချိန်တွင် မည်သည်ကိုမှ မတုန့်ပြန်နိုင်တော့။
သူ့ရှေ့တွင် ရှိနေသည့် စာအုပ်ဗီရိုကို စိုက်ကြည့်ရင်း မျက်တောင် တဖျတ်ဖျတ် ခတ်လိုက်၏။
သူသာ အမှတ်မမှားရင် မနေ့က အခန်းထဲက အိပ်ယာပေါ်မှာ အိပ်ပျော်ခဲ့တာပါ ဘယ်လိုဖြစ်ပြီး ...
လင်းလောချင်မှာ ရှေ့တွင် ရှိနေသည့် စာအုပ်ဗီရိုထံမှပင် အကြည့်မလွှဲနိုင်သေး။
သူ အိပ်နေရာကနေ ယောင်ပြီး တစ်ခြားလူတစ်ယောက်ရဲ့အိမ်ထဲ ဝင်လာမိတာပဲ ဖြစ်ရမယ် ...
အတွေးနွံထဲ နစ်နေစဉ်မှာပင် နောက်နားဆီမှ အေးစက်လှသည့် အသံတစ်သံကို ကြားလိုက်ရတော့သည်။
“တော်သင့်ပြီ ...”
အယောင်ယောင် အမှားမှားဖြင့် နောက်ပြန်လှည့်ကြည့်လိုက်သည့်အခါ အစောပိုင်းက သူ သတိမထားမိခဲ့သည့် စာရေးစားပွဲ၏ နောက်နားတွင် အေးစက်သော မျက်နှာပိုင်ရှင် အမျိုးသားတစ်ဦး ရှိနေသေးကြောင်း တွေ့လိုက်ရတော့သည်။
ထိုသူမှာ လွန်စွာ ချောမောလှ၏။ ထူထဲသည့် မျက်ခုံးတစ်စုံနှင့် ဖြောင့်တန်းသည့် နှာတံကို ပိုင်ဆိုင်ထားကာ ပါးလျသည့် နှုတ်ခမ်းပါးတို့ကို ခပ်တင်းတင်း စေ့ထားသည်။ ဆီဆေးပန်းချီကားထဲမှ ခုန်ထွက်လာသည့်သူနှယ် သူ့ကို ကြည့်မိလေသူတိုင်းအား အရာအားလုံး မေ့လျော့သွားစေနိုင်သည်အထိ ရုပ်ရည်သွင်ပြင်မှာ ရင်သပ်ရှုမောဖွယ် ကောင်းလွန်းလှသည်။
လင်းလောချင်မှာ ထိုသူ၏ တစ်စထက်တစ်စ ပြောင်းလဲလာသော အကြည့်တို့ကို သတိမပြုမိသေး၊ စိတ်ထဲမှ တိတ်တဆိတ် ရေရွတ်လိုက်သည်။
ဒါ ဘယ်သူကြီးလဲ စာအုပ်ဗီရို ပိုင်ရှင်များလား ...
ဒါဆို သူက တကယ်ကြီး အိပ်နေရာကနေ လမ်းထလျှောက်မိပြီး ပိုင်ရှင်ရှေ့မှာ လက်ပူးလက်ကြပ် မိသွားတာပေါ့ ...
ဒါဆို အခုက တောင်းပန်ရမယ့်အချိန် မဟုတ်ဘူးလား ...
ဒါပေမယ့် မလုပ်သင့်တာတွေကိုတော့ မလုပ်ခဲ့မိဘူး မဟုတ်လား ...
ထိုသို့တွေးကာ လွန်စွာ အားနာလေသည့် လေယူလေသိမ်းဖြင့် စကားပြောမည်ပြုစဉ်မှာပင် တစ်ဖက်သူ၏ အေးစက်လှသည့် စကားသံကို ကြားလိုက်ရတော့သည်။
“ငါကလည်း မင်းကို လက်ထပ်မယ်လို့ ဘယ်တုန်းကမှ သဘောမတူခဲ့ဖူးဘူး မစ္စတာလင်း စိတ်ချလက်ချသာ နေပါ ငါ ကျိယုရှောင် က မင်းကို ဘာမှ လုပ်မှာ မဟုတ်တဲ့အတွက် ဒီအထိ ရောက်လာပြီး မင်းရဲ့ သေချင်စိတ်ကို ပြင်းပြင်းထန်ထန် သရုပ်ပြနေဖို့ မလိုဘူး ...”
ဘာကြီးလဲ ...
လင်းလောချင်က သူ့စကားများကို နားထောင်ပြီးနောက် မယုံကြည်နိုင်လေဟန်ဖြင့် ပြန်မေးလိုက်သည်။
“ထက်သန်လှတဲ့ သေချင်စိတ် ဟုတ်လား ...”
ကျိယုရှောင်က လှောင်ပြုံးတစ်ပွင့် ပြုံးပြလိုက်သည်။
“ဒါပေါ့ ပြောရရင် မင်းက တကယ် သေချင်တာ မဟုတ်ပါဘူး ဒီတိုင်း ငါ့ကို အရှက်ခွဲပြီး မင်းရဲ့ ရွံရှာမုန်းတီးစိတ်တွေကို ထုတ်ပြချင်ရုံပဲ မဟုတ်လား နားလည်ပါတယ် ...”
လင်းလောချင်း “...”
ငါ နားမလည်ဘူးကွ ...
ဘာလို့ ဒီလူကို အရှက်ခွဲရမှာလဲ ရွံရှာမုန်းတီးစိတ်ကို ထုတ်ပြတယ် အဲဒါကရော ဘာကြီးလဲ ...
မင်း ဘယ်သူဆိုတာကိုတောင် မသိဘူးကွ ...
ကျိယုရှောင်က လှောင်ရယ်လိုက်သည်။
“လင်းလောချင် မတော်နိုင်သေးဘူးလား မင်းကို လက်မထပ်ပါဘူးလို့ ပြောပြီးပြီလေ အခုချက်ခြင်း ငါ့မျက်စိရှေ့ကနေ ထွက်သွားလိုက်စမ်း ..."
“လက်ထပ်တယ် ...”
လင်းလောချင်က သူ့ရှေ့တွင် ရှိနေသူကိုသာ အကြောင်သား ငေးကြည့်နေလိုက်သည်။
သူတို့က ဘာလို့ လက်ထပ်ရမှာလဲ ...
ဘာတွေ ဖြစ်ကုန်တာလဲဟ ...
တစ်ဖက်သူ၏ စကားများကို အသေးစိတ် ပြန်လည်ဆန်းစစ်ပြီးနောက်တွင်တော့ သူ့စိတ်အာရုံတို့ အလင်းပွင့်သွားတော့၏။ မယုံနိုင်လေဟန်နှင့် ကြောက်ရွံ့စိတ်တို့ ရောယှက်လျက် မော့ကြည့်လိုက်မိတော့သည်။
“ကျိ ... ကျိယုရှောင် ...”
ကျိယုရှောင်က မျက်မှောင်ကြုုတ်ကာ စိုက်ကြည့်လိုက်၏။ သူ့အကြည့်တို့တွင် ရွံရှာစက်ဆုပ်ကာ မနှစ်မျို့မှုတို့ဖြင့်သာ ပြည့်နှက် နေသည်။ လင်းလောချင်ကို ကြည့်မိလျှင်ပင် သူ့အကြည့်တို့ ညစ်နွမ်းသွားမည်ကို စိုးရိမ်နေသည့်အလားပင်။
“မင်း ဘာပြောချင်လဲ ...”
လင်းလောချင် “...”
လင်းလောချင်မှာ မည်သည်ကိုမှ မပြောလိုတော့ဟုပင် ခံစားလာရတော့သည်။ အမှန်မှာ မပြောလိုခြင်း မဟုတ်၊ မပြောရဲခြင်းသာ ဖြစ်ပေသည်။
နောက်ဆုံးတွင်တော့ အိပ်မက်ယောင်ကာ လမ်းထလျှောက်နေခြင်း မဟုတ်ကြောင်း သဘောပေါက်သွားတော့၏။
တကယ်ကြီးကို ဝတ္ထုစာအုပ်ထဲ ကူးပြောင်းလာတာပါ့လား ပြီးတော့ တစ်ခြားစာအုပ် မဟုတ်ဘဲ အိပ်ခါနီးတုန်းက ဖတ်ခဲ့တဲ့ ခွေးသွေးဝတ္ထုကြီးထဲလေ သူနဲ့ နာမည်တူ လင်းလောချင်နေရာကို ကူးပြောင်းလာရရုံတင် မကဘဲ မူလကိုယ်က ကျိယုရှောင်ကို အရှက်ခွဲနေတဲ့ အချိန်ကြီးမှ တည့်တည့်ကြီးကို ရောက်ချလာရတာပေါ့ ...
နာမည်တူနေရင် စာအုပ်ထဲ ကူးပြောင်းတယ်ဆိုတဲ့ စကားက မမှားဘူးပဲ ဒါပေမယ့် နည်းနည်းပါးပါးလောက် အခြေအနေ၊ အချိန်အခါလေး ကြည့်ပြီးမှ ကူးပြောင်းပေးလို့ မရဘူးလားဟ ...
ရူးကိုရူးတော့မှာပဲ ...
မူလကိုယ်သည် ကျိယုရှောင်တစ်ယောက် သူနှင့် လက်ထပ်ခြင်းမှာ မတော်တဆ ထိခိုက်ကာ ခြေထောက်ဒဏ်ရာ ရသွားခဲ့၍ သူ့အစ်ကို လင်းလောကျင့်နေရာတွင် သူ့ကို အစားထိုးပါသည်ဟု မှားယွင်း တွေးခဲ့မိသည်။ ထို့ကြောင့်လည်း ကျိယုရှောင်ထံ စောစောစီးစီး ရောက်လာကာ အညှာအတာမဲ့စွာ အရှက်ခွဲခဲ့ပြီး “မင်းကို ယူမယ့်အစား ခွေးတစ်ကောင်နဲ့ပဲ လက်ထပ်လိုက်မယ်” ဟူသည့် ရက်စက်သော စကားလုံးများကိုပါ ပြောခဲ့ခြင်း ဖြစ်ပေသည်။
ထို့ကြောင့်လည်း ထိုအရှက်ခွဲမှုကို လက်တုန့်ပြန်သည့် အနေဖြင့် ကျိယုရှောင် ကွယ်လွန်ပြီးနောက် ကျိလဲ့ယွီက သူ့ကို တန်ပြန် အရှက်ခွဲခဲ့ခြင်း ဖြစ်ပေသည်။
ကျိယုရှောင်နှင့် ကျိလဲ့ယွီကို မူလကိုယ်က အရှက်ခွဲခဲ့သည်မှာ တစ်ကြိမ်တစ်ခါသာ မဟုတ်၊ သို့သော် ဤတစ်ကြိမ်၏ သက်ရောက်မှုကသာလျှင် အပြင်းထန်ဆုံး ဖြစ်ပေသည်။
လင်းလောချင်မှာ ရုတ်ချည်း ပျာယာခတ်သွားတော့သည်။
မနေ့ညကမှ ကျိလဲ့ယွီ လက်တုန့်ပြန်တဲ့ အခန်းကို ဖတ်ထားတော့ လမ်းဘေးခွေးတွေနဲ့ ပတ်သက်ပြီး စိတ်ထဲမှာ အရိပ်ဆိုးကြီး ကျန်နေသေးတုန်းပဲ အနာဂတ်မှာ တကယ်ကြီး အဲဒီ့ လမ်းဘေးခွေးတွေနဲ့ လက်ထပ်ရမယ့် အဖြစ်မျိုး မကြုံချင်ပါဘူး ...
အချိန်ကျလာရင် ခွေးက ခွေးလိမ္မာ ဖြစ်နိုင်သေးပေမယ့် လူကတော့ လုံးဝကို လူကောင်း မဖြစ်နိုင်လောက်တော့ဘူး ...
Xxxxx