Chapter 2
ထို့ကြောင့် လင်းလောချင်မှာ သူ့အနာဂတ်ကို ကယ်တင်ရန် အလို့ငှာ ပျူငှာသိမ်မွေ့သည့် အပြုံးတစ်ပွင့်ကိုသာ ဇွတ်အတင်း ဖျစ်ညှစ်ပြုံးပြလိုက်ရတော့သည်။
“ကြည့်ရတာ နားလည်မှု လွဲနေတာလေးတွေ ရှိနေတယ် ထင်တယ် ...”
သူ့လေသံမှာ အလွန်အမင်း ညင်သာသိမ်မွေ့နေ၏။
ကျိယုရှောင်က လှောင်ရယ်လိုက်သည်။
“မစ္စတာလင်းက ဟာသ ပြောတတ်သားပဲ ဘယ်လိုလုပ် နားလည်မှု လွဲရမှာလဲ ကျွန်တော်က ငန်းသားစားချင်တဲ့ ဖားပြုတ်တစ်ကောင်လေ မစ္စတာလင်းလို တောက်ပတဲ့ ကြယ်တစ်ပွင့်ကို သတ္တိကောင်းပြီး ဖမ်းဆုပ်ဖို့ ကြိုးစားရဲတဲ့ မသန်စွမ်းတစ်ယောက်ပဲ မဟုတ်လား အရမ်းအရမ်းကို အရှက်မရှိတဲ့သူလေ မျက်နှာပြစရာကို မရှိဘူး မှန် မပါဘဲနဲ့တောင် အပေါ့စွန့်ပြီး ကိုယ့်မျက်နှာကိုယ် ကြည့်လို့ရတဲ့သူမျိုး မဟုတ်လား မစ္စတာလင်းရဲ့ စကားတွေက အမှန်ပဲနော် ကျွန်တော့်လို ပုပ်သိုးနေတဲ့ ပန်းသီးတစ်လုံးက မစ္စတာလင်းနဲ့ မထိုက်တန်ပါဘူး ဒါပေမယ့် အနာဂတ်မှာ တွေ့စရာ မလိုတော့တဲ့အတွက် မစ္စတာလင်းအနေနဲ့ စိတ်ပူနေဖို့ မလိုအပ်တော့ပါဘူး ...”
လင်းလောချင် “!!!!!!”
အကျိုးနည်း ...
သူက ဒီလောက်အထိကို အံ့ဩစရာ ကောင်းတာလား ...
ရက်စက်တဲ့ စကားတွေတောင် ပြောထွက်ပြီးသွားပြီပေါ့ ...
စစ်ပွဲတောင် ကြေငြာလိုက်ပြီဆိုတော့ သူက တကယ်ကြီး ခွေးနဲ့ လက်ထပ်ရတော့မှာလား ...
လင်းလောချင်က ခေါင်းကို အသည်းအသန် ခါယမ်းပြလိုက်၏။ ငြင်းဆန်လိုသည့် စကားလုံးတို့ကို သူ့မျက်နှာတွင် အတိုင်းသား မြင်နေရသည်။ ကျိယုရှောင်အနား ဝုန်းခနဲ ပြေးသွားကာ တစ်ဖက်သူ၏ လက်မောင်းကို ဆုပ်ကိုင်ရင်း နာကျင်နေသည့် လေသံဖြင့် အမောတကော ပြောလိုက်သည်။
“ဘာတွေ ပြောနေတာလဲ ဘာလို့ မင်းကိုယ်မင်း ဒီလောက်အထိ ချိုးချိုးနှိမ်နှိမ် ပြောနေရတာလဲ ဒီလိုတွေ မပြောရဘူးလေ ...”
ကျိယုရှောင် “...”
ကျိယုရှောင်က သူ့လက်ကို စိုက်ကြည့်ကာ အေးစက်စွာ ပြောလိုက်သည်။
“တစ်ချက်လောက် သတိပေးပါရစေ ဒီစကားတွေ အကုန်လုံးက မစ္စတာလင်းကိုယ်တိုင် ပြောခဲ့တာတွေနော် ...”
လင်းလောချင်၏ အမူအယာမှာ ရုတ်ချည်းပင် စိုးရိမ်မှုတို့ ပြည့်နှက်နေသည့် ခါးသီးဖွယ် အမူအယာအဖြစ် ပြောင်းလဲသွားတော့ သည်။
“မင်းကို ဒေါသထွက်သွားစေချင်လို့ ဒီလို ရက်စက်တဲ့ စကားတွေကို တမင်ပြောခဲ့တာလေ ဘာလို့ အတည်ပေါက်ကြီး အဓိပ္ပါယ် ကောက်လိုက်ရတာလဲ ...”
“ငါ့ဒေါသကို တမင် ဆွပေးတာ ဟုတ်လား ...”
ကျိယုရှောင်က ပြက်ရယ်ပြုလိုက်သည်။
“ဒါဆိုရင်တော့ မင်းရဲ့မစ်ရှင် အောင်မြင်ပါတယ် ...”
“တကယ် မရည်ရွယ်ပါဘူး ...”
လင်းလောချင်မှာ သူ့လုပ်ရပ်များအတွက် အကြောင်းပြချက်အသစ်တစ်ရပ် ရှာတွေ့သွားသည့်ဟန်။
“ငါတို့က လက်ထပ်ရတော့မှာလို့ ထင်လိုက်တော့ မင်းရဲ့ စိတ်နေစိတ်ထားကို စမ်းသပ်ချင်လာလို့ မင်းက အိမ်တွင်း အကြမ်းဖက်မှု ကို လုပ်တတ်တဲ့ သူမျိုးလား မသိရသေးလို့ ဒီလို စကားတွေကို တမင် ပြောခဲ့တာပါ ..."
ကျိယုရှောင်က သူ့ကို တိတ်တဆိတ်သာ စိုက်ကြည့်နေ၏။ သူ့အကြည့်တို့မှာ "မင်း ဘယ်လို ဖုံးဖိပြီး ပြောမလဲ စောင့်ကြည့်ရသေးတာပေါ့” ဟု ပြောနေသည့်ဟန်။
လင်းလောချင်ကမူ ထိုအကြည့်တို့ကို လုံးဝမှ အမှုမထား၊ ကျွမ်းကျင်ပိုင်နိုင်လှသည့် သရုပ်ဆောင်မှုတစ်ရပ်ကိုသာလျှင် အားကြိုးမာန်တက် ထုတ်ဖော်ပြသလိုက်တော့သည်။
“ဘာလို့ဆို ကျောင်းမှာ အားလုံးက မင်းကို အရမ်း အားကြီးတယ်လို့ ပြောကြလို့လေ မင်းကို အနှောင့်အယှက်ပေးမိမှာ ကြောက်လို့ မင်း ငါ့ကို ရိုက်လိုက်ရင် ဘယ်လိုလုပ်ရမလဲ မင်းကို ပြန်ရိုက်နိုင်မှာမှ မဟုတ်တာ အဲဒါကြောင့် မင်းမှာ အိမ်တွင်း အကြမ်းဖက်တတ်တဲ့အကျင့် ရှိမရှိ စမ်းသပ်ချင်စိတ် ပေါ်လာတာပေါ့ ...”
ခေါင်းကိုငုံ့ကာ ကျိယုရှောင်အနီးသို့ အလွန်အမင်း လေးနက်သည့် အမူအယာဖြင့် တရွေ့ရွေ့ ချဉ်းကပ်လာ၏။
“မင်းကတော့ သိပါ့မလား မပြောတတ်ပေမယ့် အခုခေတ် အိမ်ထောင်ရေးတွေရဲ့ အဓိက ပြဿနာက အိမ်တွင်း အကြမ်းဖက်မှု လေ ဒါကြောင့် ငါ့ရဲ့ စိုးရိမ်မှုက ကျိုးကြောင်းဆီလျော်တယ်လို့ ပြောလို့ရပါတယ် ...”
ပေါက်ကရ စကားများကိုသာ နားထောင်နေရသည့် ကျိယုရှောင်မှာလည်း တစ်ဖက်သူ၏ စရိုက်အမှန်ကို လုံးဝ မမှန်းဆတတ်တော့ချေ။
“ဆိုတော့ မင်းဆုံးဖြတ်ချက်က ဘာတဲ့လဲ ...”
“မင်းနဲ့ တကယ်ကို လက်ထပ်ချင်တာပါ ...”
လင်းလောချင်က အမြန်ပြန်ဖြေလိုက်သည်။
ကျိယုရှောင်သည် ကျိလဲ့ယွီ၏ ဦးလေးအရင်းဖြစ်ကာ သူ့မိဘတို့ ကွယ်လွန်သွားပြီးနောက် မွေးစားဖခင် ဖြစ်လာခဲ့သူ ဖြစ်သည်။ ထို့ကြောင့် ကျိလဲ့ယွီအပေါ် သူ၏ လွှမ်းမိုးနိုင်စွမ်းမှာ လွန်စွာ ကြီးမားကာ ဆယ်နှစ်ကျော် ကြာသွားခဲ့သည့်တိုင် သူ့ကို အရှက်ခွဲခဲ့သူများ အား ပြန်လည်ကာ လက်တုန့်ပြန်ပေးခဲ့ခြင်း ဖြစ်သည်။
ဒါဆို တကယ်လို့ သူသာ ကျိယုရှောင်နဲ့ လက်ထပ်လိုက်ရင် သူလည်းပဲ ကျိလဲ့ယွီရဲ့ မွေးစားဖေဖေ ဖြစ်လာမှာ မဟုတ်ဘူးလား ဒါဆို ကျိလဲ့ယွီ ကြီးပြင်းလာတာကိုလည်း စောင့်ကြည့်နိုင်ပြီးတော့ တကယ်လို့ အဲဒီ့ကလေးသာ သူ့ကို ခွေးနဲ့ ပေးစားရဲရင် ကျိယုရှောင်ရဲ့ အုတ်ဂူရှေ့ ဆွဲခေါ်သွားပြီး သူအချစ်ဆုံး ဦးလေးကိုလည်း ခွေးလို့ သဘောထားတာလားလို့ မေးပစ်လိုက်မယ် ...
ကျိယုရှောင်မှာ အမှန်တကယ်ပင် ကျန်းမာရေး ညံ့ဖျင်းလှသူဖြစ်ကာ ခြေထောက်တို့ ထိခိုက်အပြီး တစ်နှစ်အတွင်းမှာပင် ကွယ်လွန် သွားသည်ဟု စာအုပ်ထဲတွင် အသေအချာ ဖော်ပြထားပေသည်။
ထို့ကြောင့် သူ့အနေဖြင့် ကျိယုရှောင်အနီးတွင် တစ်နှစ်သာ နေပေးရန် လိုအပ်ကာ တစ်နှစ်တာ လက်ထပ်ရုံမျှဖြင့် တစ်ဘဝစာ စိတ်အေးသွားရမည်ဖြစ်သည်။
သဘောတူထားပြီးသားကို ဖောက်ဖျက်မယ်ဆို သူက ဘယ်လိုလုပ် ယောကျ်ားဟုတ်တော့မလဲ ...
ထိုသို့ တွေးလိုက်မိသည်နှင့် တစ်ပြိုင်နက် သူ့အမူအယာများ ပိုမိုနူးညံ့သွားကာ ကျိယုရှောင်၏ လက်မောင်းကို လှမ်းဆွဲလိုက်သည်။
ကျိယုရှောင်ကလည်း အညှာအတာ ကင်းမဲ့စွာဖြင့် ရှောင်ရှားလိုက်၏။
လင်းလောချင်ကမူ နည်းနည်းမှပင် အနေခက်မသွား။ ထိုအခြေအနေကို အခွင့်ကောင်းယူကာ တစ်ဖက်သူ၏ ခြေထောက်ကိုပင် နှိပ်နယ်ပေးလိုက်သေးသည်။
“မင်းကတော့ မယုံလောက်ပေမယ့် မင်းကိုလေ ဟိုးအရင်ကတည်းက တိတ်တိတ်လေး သဘောကျနေခဲ့ရတာ ...”
ကျိယုရှောင် “တကယ်လည်း မယုံဘူး ...”
လင်းလောချင်က သူ့ပေါင်တို့ကို ဆွဲကိုင်ကာ လှုပ်ယမ်းလိုက်၏။ သူ့လေသံမှာ လွန်စွာ အပြစ်ကင်းစင်ကာ တက်ကြွနေပေသည်။
“ဒါဆို ငါ့ကို လက်ထပ်ပါနော် အစ်ကိုကြီးရဲ့ နော် ...”
ကျိယုရှောင်က သူ့ကို ရှုပ်ထွေးနေသည့် အကြည့်တို့ဖြင့်သာ စိုက်ကြည့်နေလိုက်သည်။
တစ်ဖက်သူ အသံတိတ်နေကြောင်း တွေ့လိုက်ရသည့်အခါ လင်းလောချင်က သရုပ်ဆောင်စကေးများကို ဆက်လက်ထုတ်သုံးလိုက် ၏။ ကျိယုရှောင်၏ ပေါင်ကို လှုပ်ယမ်းနေရင်း မကိုင်သင့်သည့် နေရာကို မတော်တဆ ထိကိုင်မိသွားတော့သည်။
သူ ကြောင်အသွားစဉ်မှာပင် ကျိယုရှောင်က လက်ကို ဆွဲဖယ်ကာ အေးစက်စွာ ပြောလိုက်သည်။
“မထိနဲ့ ...”
သူ့ကို ငေးကြည့်နေရင်း လင်းလောချင်၏ အတွေးထဲတွင် မေးခွန်းတို့ တန်းစီကာ ထွက်ပေါ်လာတော့သည်။
အခုလက်ရှိ အခြေအနေအရဆို သူတို့တွေ လက်ထပ်ပြီးရင်တောင် ကားမောင်းလို့ ရနိုင်ပါ့မလား ကျိယုရှောင်က စက်တောင် နှိုးလို့ ရပါ့မလား သူ့အင်ဂျင်တွေက အလုပ်ရော လုပ်သေးရဲ့လားလည်း မသိဘူး ...
ခြေထောက်နှစ်ချောင်းလုံး ထိခိုက်သွားတာဆိုတော့ တတိယခြေထောက်ကရော အရင်လို လုပ်နိုင်စွမ်းတွေ ရှိပါဦးမလား ...
ဒါဆို သူတို့ရဲ့ လက်ထပ်ပွဲက နာမည်ခံပဲ ဖြစ်လာမှာများလား ဒါမှမဟုတ် အဆင့်တွေ အကုန်လုံးရော အထမြောက်ပါ့မလား ...
တကယ်ကို တွေးစရာပဲ ...
“မင်း ငါ့ကို တကယ် လက်ထပ်ချင်တာလား ...”
ကျိယုရှောင်က ကောက်ကာငင်ကာ မေးလိုက်သည်။
လင်းလောချင်က အလောတကြီး ခေါင်းငြိမ့်ပြလိုက်၏။
“ဒါပေါ့ ...”
သူ့အင်ဂျင် ကောင်းကောင်း မကောင်းကောင်း လက်ထပ်ပွဲကတော့ သေချာပေါက်ကို အထမြောက်ရမယ် ...
ဒါမှလည်း ကျိလဲ့ယွီရဲ့ လက်ချက်နဲ့ သေရမယ့်စာရင်းထဲ မပါမှာ ...
“ငါ ဒီအကြောင်း စဉ်းစားဖို့ အချိန်လိုတယ် ...”
ကျိယုရှောင်က သူ့ကို အလေးအနက် ပြောလိုက်သည်။
“ဘယ်လောက်လောက် ကြာမှာလဲ ...”
လင်းလောချင်က စိုးရိမ်တကြီး မေးလိုက်၏။
“တစ်နာရီဆို အဆင်ပြေလား တကယ်လို့ တစ်နာရီနဲ့ မလောက်ရင် တစ်ညဆိုရင်ရော ဒါမှမဟုတ် မနက်ဖြန်မှ ပြန်လာမေးရမလား ...”
ကျိယုရှောင် “မင်းက ငါ့ကို တကယ်ကြီး လက်ထပ်ချင်နေတာပဲ ...”
ဘာလို့လဲ ...
ဘာလို့ လင်းလောချင်က သူနဲ့ လက်ထပ်ဖို့ကို မစောင့်နိုင် ဖြစ်နေရတာလဲ ...
အကြောင်းပြချက်က ဘာကြောင့်ပဲဖြစ်ဖြစ် တိတ်တခိုးအချစ်ဆိုတဲ့ ပေါက်ကရစကားတော့ လုံးဝ မဖြစ်နိုင်ဘူး ...
“စဉ်းစားပြီးရင် ပြန်ပြောမယ် ...”
လင်းလောချင်က ဖုန်းကို ချက်ခြင်း ဆွဲထုတ်လိုက်၏။
“ဒါဆို တစ်ယောက်နဲ့တစ်ယောက် We Chat မှာ add ထားကြမလား ဒီလိုဆို အချိန်မရွေး အလွယ်တကူ ပြောလို့ရတယ်လေ ...”
ကျိယုရှောင် “...”
လင်းလောချင်ကမူ scan QR code ကိုပင် ထုတ်လားပေးပြီးဖြစ်သည်။
“ဒီမှာ ဒါ ငါ့ရဲ့ QR code …”
အရမ်းကို တက်ကြွလွန်းနေတာပဲ မင်း ဒီတံခါးပေါက်ကိုဖြတ်ပြီး ရောက်လာကာစနဲ့ကို လုံးဝ မတူတော့ဘူး ...
ကျိယုရှောင်က သူ့ကို စာရွက်နှင့် ဘောပင်တစ်ချောင်း ထုတ်ပေးလိုက်သည်။
“မင်းရဲ့ ဖုန်းနံပါတ် ရေးလိုက် ဖုန်းဆက်လိုက်မယ် ...”
“ကောင်းပြီ ...”
ထိုသို့ ပြောပြီးကာမှ မူလပိုင်ရှင်၏ ဖုန်းနံပါတ်ကို မသိသေးကြောင်း မှတ်မိသွားတော့၏။ ကျိယုရှောင်ဘက်သို့ ပြန်လှည့်ကာ ပြုံးပြလိုက်သည်။
“ဖုန်းနံပါတ် ချရေးတာက အရမ်း သူစိမ်းမဆန်လွန်းဘူးလား အစ်ကိုကြီး မင်းဖုန်းနံပါတ်က ဘာလဲ ငါ ခေါ်လိုက်မယ်လေ ...”
ကျိယုရှောင် “ ...”
ဒီတစ်ယောက်က အရမ်းကို စိတ်အားထက်သန်လွန်းမနေဘူးလား ...
သူ့ဖုန်းနံပါတ်ကို ပြောလိုက်သည်နှင့် တစ်ပြိုင်နက် လင်းလောချင်က ချက်ခြင်း ဖုန်းခေါ်လိုက်တော့သည်။
ဖုန်းမြည်သံ ထွက်လာပြီးနောက် ဖုန်းပြန်ချကာ နောက်တစ်ကြိမ် သတိပေးလိုက်၏။
“မှတ်ထားဖို့ မမေ့နဲ့နော် ...”
“ကောင်းပြီ ...”
ထို့နောက် မျက်တောင်တစ်ချက်ပင် မခတ်ဘဲ ဧည့်သည်ကို ပြန်ရန် နှင်လိုက်တော့သည်။
“ဒါဆို သွားလို့ရပြီ ...”
“အခုချက်ခြင်းကြီးလား ...”
လင်းလောချင်မှာ ထူးချွန်ပြောင်မြောက်လှသည့် သရုပ်ဆောင်စွမ်းရည်ကို ပိုင်ဆိုင်ထားသူဖြစ်ရာ
“နည်းနည်းလောက် ဆက်နေလို့ မရတော့ဘူးလား ...”
မျက်တောင်ကို ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း သနားချစ်ခင်စဖွယ် မျက်နှာထားလေးကို ထုတ်ပြလိုက်၏။
ဒီတစ်ယောက်က တကယ်ကို စိတ်ဝင်စားစရာ ကောင်းတာပဲ ဘာအတွက်နဲ့များ ဒီလိုတွေ ဟန်ဆောင်နေရတာလဲ ...
ဒါမှမဟုတ် ငါက သူ့ကို လက်ထပ်မှာ မဟုတ်ဘူးလို့ တွေးထားလို့များ တမင်တကာ ဟန်ဆောင်နေတာများလား သူ့ကိုယ်သူ စာနာတွေးတောတတ်တဲ့သူတစ်ယောက်လို့ ထင်ရအောင်လေ ...
ထိုသို့တွေးကာ လင်းလောချင်ကို အနားကပ်လာရန် လက်ချောင်းတို့ ကွေးညွတ်ကာ လက်ဟန်ပြလိုက်၏။
လင်းလောချင်မှာ အကြောင်းအရင်းကို မသိသေးသည့်အတွက် အနားတိုးလာစဉ် တစ်ဖက်သူ၏ အမေးစကားကို ကြားလိုက်ရသည်။
“တကယ်ကို မသွားချင်သေးတာလား ...”
သူက အလောတကြီး ခေါင်းငြိမ့်ပြလိုက်သည်။
“ဒါဆို တစ်ခုခု လုပ်ကြမလား ...”
“ဘာကိုလဲ ...”
“လက်တောင်လက်ထပ်တော့မှာ ဆိုမှတော့ တစ်ယောက်နဲ့တစ်ယောက် ဘယ်လောက်အထိ သင့်လျော်သလဲ စမ်းသပ်ကြည့်ကြတာ ပေါ့ ...”
လင်းလောချင် “...”
လင်းလောချင်က သူ့ကို အလန့်တကြား ပြန်ကြည့်လိုက်သည်။
ဖာ့ခ် သားရဲကောင်ကြီးဟ ...
တွေ့တွေ့ချင်းမှာတင် သင့်လျော်မှု ရှိမရှိကို စမ်းသပ်တယ် ဒါ လူသာမန်တွေ လုပ်လေ့ရှိတဲ့ တောင်းဆိုမှုရော ဟုတ်သေးရဲ့လား ...
အလန့်တကြား ဖြစ်သွားသူကို စိုက်ကြည့်ရင်း ကျိယုရှောင်က ခပ်ဖွဖွ ပြုံးလိုက်သည်။
“ငါ့ကို ဟိုးအရင်ကတည်းက ကြိုက်နေတာဆို မင်းရဲ့ အိပ်မက်နတ်ဘုရားက ဒီလို ဘဝရဲ့ ရင်ခုန်စိတ်လှုပ်ရှားဖွယ်လေးတွေ စူးစမ်းရအောင် ကမ်းလှမ်းလာရင် ပျော်တောင် ပျော်နေရဦးမှာ မဟုတ်လား ...”
လင်းလောချင် “...”
ထို့နောက်တွင်မှ အပြုံးတစ်ခုကို ဖျစ်ညှစ်ပြုံးပြလိုက်၏။
“ပျော်တာပေါ့ တကယ်ကို ပျော်ပါတယ် အစ်ကိုကြီးရဲ့ ဒီတိုင်း ...”
တစ်ဖက်သူ၏ ခြေထောက်နှစ်ဖက်အကြားကို တိတ်တဆိတ် စိုက်ကြည့်လိုက်သည်။
“မင်းရဲ့ အင်ဂျင်က ...”
ကျိယုရှောင် “...”
သူက အံတင်းတင်းကြိတ်ကာ ပြန်ပြောလိုက်သည်။
“ထိခိုက်သွားတာ ခြေထောက်တွေ တတိယခြေထောက် မဟုတ်ဘူး ...”
လင်းလောချင်မှာမူ ယုံကြည်ဟန်မတူ။
ကျိယုရှောင်က တကယ်ကြီး အဲဒီ့နေရာကို မထိခိုက်သွားဘူးလား ...
ဘယ်ခြေရော ညာခြေပါ ခိုက်မိသွားတာလေ အလယ်ခြေထောက်က ဘယ်လိုလုပ် အကောင်းအတိုင်း ကျန်ခဲ့တာလဲ ...
သိပ္ပံနည်း မကျလိုက်တာ ...
သူ့အကြည့်တို့ကိ သတိထားမိလိုက်သည့်အခါ ကျိယုရှောင်၏ အမူအယာတို့ ပြောင်းလဲသွားတော့သည်။
“ပစ္စည်းကောင်းမကောင်း စစ်ဖို့အတွက် အဖုံးလှပ်ပြဖို့ လိုသေးလား ...”