Chapter 3
လင်းလောချင် “မလိုပါဘူး”
ထိုသို့ တွေးလိုက်သည့်တိုင် ထုတ်လည်း မပြောရဲ။
“မင်းကို ယုံပါတယ် ...”
သူက အခိုင်အမာ ခေါင်းငြိမ့်ပြလိုက်သည်။
“မင်းအခြေအနေအရဆို အင်ဂျင်ကလည်း တော်တော်လေး ကြီးမားပြီး အားကောင်းမှာပဲ မင်းကို ယုံပြီးသားဆိုတော့ ဖွင့်ပြနေစရာ မလိုပါဘူး ...”
သူ ယုံခြင်း မယုံခြင်းမှာ အရေးမပါ။ ကားမောင်းခြင်း မမောင်းခြင်းကသာ ပို၍ အရေးပါပေသည်။
ဒီဝတ္ထုထဲ ရောက်ကာစပဲ ရှိသေးတယ် ကားစီးလိုက်ရပြီ ဆိုတာမျိုးတော့ မဖြစ်ချင်ပါဘူး အရမ်းကို မြန်လွန်းတယ် ...
ကျိယုရှောင်က မျက်ခုံးတစ်ဖက်ကို ပင့်လျက် မေးလိုက်သည်။
“ဟုတ်လား ဒီတစ်ခါလည်း မင်းက ငါ့ကို ထပ်ပြီး ယုံပြန်ပြီပေါ့ ...”
“မင်းကို အမြဲတမ်း ယုံခဲ့တာပါနော် ...”
လင်းလောချင်က လက်နှစ်ဖက်ကို စုကိုင်လျက် အလွန်အမင်း စစ်မှန်လေးနက်စွာ ပြောလိုက်သည်။
“အမြဲတမ်း မင်းကိုပဲ ယုံကြည်ခဲ့တာ ...”
ကျိယုရှောင် : နောက်တစ်ခါ ထပ်ပြီး သရုပ်ဆောင်ပြန်ပြီ ...
“ငါက မသန်စွမ်း ဖြစ်နေရင်တောင်လား ...”
(T.N : “ ...” ဒီလိုဆို စကားပြော ၊ ... ဒီလိုဆို အတွေးပါ။ ဇာတ်ကောင်တွေ အကုန်လုံးက အတွေးတစ်လှည့်၊ အပြောတစ်လှည့် ဆိုတော့ ဖတ်ရတာ မျက်စိလည်နေမှာ ကြောက်လို့)
“မင်းခန္ဓာကိုယ်က ဒဏ်ရာရနေပေမယ့် ခံယူချက်ကတော့ မပျက်စီးသေးဘူးလေ …”
“ငန်းသားစားချင်နေတဲ့ ဖားတစ်ကောင်ဆို ...”
“ဘယ်မှာလဲ ...”
လင်းလောချင်က ဝန်မခံ။
“ငါကမှ နူးညံ့တဲ့ ဖားပြုတ်လေးပါ မင်းရဲ့ တော်ဝင်ဆန်တဲ့ ငန်းအသားလေးကို စားချင်နေတဲ့ ဖားပြုတ်လေ ...”
“အရှက်မရှိဘူးဆိုတာကရော ...”
ဟေး နေပါဦး မူလကိုယ်က တကယ်ကြီးကို ဒီလို စကားလုံးကြမ်းတွေ အကုန်လုံး သုံးခဲ့တာလား ...
“အဲဒါလည်း ငါပဲ အရှက်မရှိဘူး ဆိုတာကလည်း ငါပဲ ..."
လင်းလောချင်မှာ ဘာဆက်လုပ်ရမှန်းပင် မသိတော့။
ကျိယုရှောင်က တည်ငြိမ်စွာဖြင့် ဆက်ပြောလိုက်၏။
“ငါက အရှက်မရှိဘူးဆို ...”
လင်းလောချင် “...”
လင်းလောချင်မှာ မျက်ရည်စက်လက်ဖြင့်သာ ဆက်ပြောလိုက်ရတော့သည်။
“အဲဒါလည်း ငါပါပဲ ...”
“မှန်မရှိရင်တောင် အပေါ့စွန်ပြီး ငါ့ရုပ်က ဘယ်လိုရုပ်ရည်မျိုးလဲလို့ ကြည့်သင့်တယ်ဆို ..."
“ငါပဲ ငါပဲ ငါပဲ အဲဒါလည်း ငါပဲ ဒါက မင်းအပေါ် ထားတဲ့ ငါ့ရဲ့ နူးညံ့နက်ရှိုင်းပြီး အထိန်းအချုပ်မဲ့တဲ့ အချစ်တွေပဲ ...”
“နေ့တိုင်း ညတိုင်း ဒီလိုမျိုး ကိုယ့်ကိုယ်ကို ပြန်ပြီး သတိကပ်နေရတဲ့ အခြေအနေအောက်မှာကို မင်းအပေါ်ထားတဲ့ အချစ်တွေက ဆက်ပြီး ကြီးထွားနေတုန်းပဲ ဒီတိတ်တခိုးအချစ်ကို အဆုံးသတ် မရှိဘဲ ဆက်ထိန်းသိမ်းထားနိုင်ဖို့ဆိုတာ အရမ်း နာကျင်ရတယ် အစ်ကိုကြီးရေ ငါ့အတွက် အရမ်းအရမ်းကို ခက်ခဲတာနော် ...”
လင်းလောချင်က ထိုသို့ပြောကာ ခေါင်းကို အသာငုံ့ချထားလိုက်၏။ သူ့ပုံစံမှာ ခံစားချက်တို့ကို ထိန်းချုပ်ထားရသည့်အတွက် လွန်စွာ ဝမ်းနည်းကြေကွဲနေသည့်ဟန်။
ကျိယုရှောင် “...”
အဖြူနဲ့အမည်း ပြောင်းပြန်လှန်ပစ်တယ်ဆိုတာ ဒါမျိုးပဲ ဖြစ်ရမယ် သူ့ကြည့်ရတာ သရုပ်ဆောင်ရတာကို တော်တော်လေး စွဲလမ်းနေသလိုပဲ ရုပ်ရှင်ဧကရာဇ်တွေတောင် သူလောက် သရုပ်ဆောင်ကောင်းမယ် မထင်ဘူး ...
“တကယ်ကို ရင်ထဲ ထိရှစရာပဲ ...”
ကျိယုရှောင်က သက်ပြင်းချကာ ပြောလိုက်သည်။
“ဒီ တိတ်တခိုးအချစ်လေးကို ငါတောင် ရင်ထဲ ထိသွားရပြီ မင်းက ငါ့ကို ဒီလောက်အထိ သဘောကျနေမှတော့ ငါလည်း တုန့်ဆိုင်းနေစရာ မလိုတော့ပါဘူး ဘေးက ဧည့်သည်အခန်းမှာ ရေသွားချိုးလိုက် ပြီးရင် ငါလိုက်လာခဲ့မယ် ...”
လင်းလောချင် ?????
မဟုတ်သေးပါဘူး ဘာကိစ္စ ရေချိုးရမှာလဲ ...
သူ့အကြည့်တို့ကို သတိထားလိုက်မိသည့် ကျိယုရှောင်က ခပ်ဖွဖွပြုံးကာ ပြောလိုက်သည်။
“တစ်ယောက်နဲ့တစ်ယောက် လိုက်ဖက်ညီသလား စစ်ဆေးဖို့လေ ငါ စောစောက ပြောထားပြီးသား မဟုတ်လား ...”
စောက်ကျိုုးနည်း ...
သူက တကယ်ကြီး ပြောနေတာဟ ...
တကယ်ကို အတည်ပေါက်ကြီး ...
လင်းလောချင်မှာ ခြေလက်တို့ကိုပင်လျှင် မလှုပ်ရှားနိုင်တော့။
“မလုပ်ချင်ဘူးလား ...”
ကျိယုရှောင်က သူ့ကို မေးလာသည်။
“မင်းက မစောင့်နိုင်လောက်တဲ့အထိကို အရမ်းတွေ စိတ်အားတက်ကြွနေတယ်လို့ ထင်ထားတာ ...”
လင်းလောချင် “...”
“မဟုတ်မှလွဲရော မင်းစကားတွေ အကုန်လုံးက အလိမ်အညာတွေလား ...”
“လုံးဝကို မဟုတ်ဘူးပေါ့ ..”
လင်းလောချင်က အလျင်အမြန် ဆုံးဖြတ်ချက် ချလိုက်သည်။
ရေချိုးရုံလေးပဲ မဟုတ်လား အခုချက်ခြင်း လုပ်လိုက်မယ် ...
“ပျော်စရာ ကိစ္စတွေက ဆိုင်းမဆင့်ဗုံမဆင့် ရောက်လာလိမ့်မယ်လို့ ထင်မထားလို့ပါ အရမ်းကို ပျော်တာပဲ ...”
သူက အလွန်အမင်း စိတ်လှုပ်ရှားနေလေဟန်ဖြင့် ကျိယုရှောင်၏ လက်ကို အသည်းအသန် လှုပ်ယမ်းကာ အခန်းထဲသို့ ဝင်သွားတော့သည်။
အိပ်ယာပေါ်က အခန်းလေးပဲ မဟုတ်လား လုပ်နိုင်ပါတယ် ...
သရုပ်ဆောင်ကောင်းတစ်ယောက်ဆိုတာ ဘယ်တော့မှ စိန်ခေါ်မှုကို မကြောက်တတ်ဘူးကွ ...
အိပ်ယာပေါ်က အခန်းအတွက်ဆိုလည်း အတူတူပဲ ...
ကျိယုရှောင်ကလည်း စိတ်လှုပ်ရှားစွာ ထွက်သွားသူကို ငေးကြည့်ရင်း ထူးဆန်းမှုတစ်ခုကို ခံစားလိုက်ရတော့သည်။
မဖြစ်နိုင်လိုက်တာ ဘယ်သူကရော ဒီလိုအဆင့်အထိ တကယ်ကြီး သွားမှာလဲ သူက တကယ်ကြီး ငါနဲ့ ကားမောင်းချင်နေတာလား အခုလက်ရှိ ငါ့အခြေအနေအရဆို ကားကို သူ့ဘာသာသူ ရွှေ့နေရမှာလေ ...
သူက စက်ဘီးစီးရတာကို မကြိုက်ဘူး မဟုတ်ဘူးလား ...
တော်တော်လေးကို အရှက်ကွဲစရာ ကောင်းတာပဲ ...
ထိုသို့ တွေးနေစဉ်မှာပင် တံခါးခေါက်သံ တစ်ချက်နှင့်အတူ လင်းလောချင်၏ မျက်နှာကိုပါ တံခါးကြားမှ တွေ့လိုက်ရတော့သည်။
“ဟိုလေ ... ညအိပ်ဝတ်စုံလေး တစ်စုံလောက် ငှားပေးလို့ ရမလား အင်္ကျီတစ်ထည်မှ ယူမလာခဲ့ရလို့ ... တစ်ညလုံး အဝတ်ဗလာနဲ့ နေဖို့ကလည်း အဆင်မပြေဘူးလေ ...”
ကျိယုရှောင် : သူက တကယ်ကြီးကို ငါနဲ့အတူ စက်ဘီးစီးချင်နေတာလား ...
ခေါင်းတစ်ခုလုံး တစစ်စစ် ကိုက်လာသည့်အတွက် နဖူးကိုပင် ဖိထားလိုက်ရတော့၏။ ထိုစဉ် စားပွဲပေါ်ရှိ ဖုန်းမှ အသံထွက်ပေါ်လာတော့သည်။
အလောတကြီး ကောက်ကိုင်ပြီးနောက် တစ်ခဏအကြာတွင် ဖုန်းကိုချကာ ပြောလိုက်သည်။
“မင်း အရင်ဆုံး ပြန်လိုက် ..."
သူက တည်ငြိမ်စွာ ပြောလိုက်သည်။
“ငါ့မှာ လုပ်စရာ ရှိသေးလို့ ခဏလောက် အပြင်သွားရမှာ...”
လင်းလောချင်မှာ ဝမ်းသာလွန်း၍ ထခုန်မိလုမတတ်ပင်။ သို့သော် မျက်နှာတွင်မူ စိတ်ပျက်လက်ပျက် ဖြစ်နေသည့် အမူအယာတစ်ခုကိုသာ ချိတ်ဆွဲထားသည်။
“အခုချက်ခြင်းကြီးလား ... နည်းနည်းလောက် နောက်ကျပြီးမှ သွားလို့ မရဘူးလား ...”
ကျိယုရှောင် : မင်းက တကယ်ကြီးကို ငါနဲ့ ကားမောင်းချင်နေတာလား ကားတောင် မဟုတ်တဲ့ စက်ဘီးကိုလေ ...
ဒါက သရုပ်ဆောင်နေတာ ဆိုရင်တောင် မင်းရဲ့ ဖုံးကွယ်နိုင်စွမ်းက တကယ်ကို အံ့မခန်းပဲ ...
“နောက်ရက်မှပေါ့ ...”
“ဘယ်တော့လဲ ဒီနေ့လား ...”
လင်းလောချင်က သူ၏ သရုပ်ဆောင်ချက်ကို ဆက်လက် ထိန်းသိမ်းထားဆဲပင်။
“ဒါမှမဟုတ် မနက်ဖြန် တွေ့ကြမလား ...”
ကျိယုရှောင် “...”
“မင်းက သရုပ်ဆောင်တစ်ယောက်ဆို ဟုတ်လား ...”
“ဟုတ်တယ်လေ ....”
“ဒါဆို မင်းက သရုပ်ဆောင်ကောင်း တစ်ယောက်ပဲ ဖြစ်ရမယ် ...”
“အဆင်ပြေတယ် ဆိုရုံလောက်ပါပဲ ...”
လင်းလောချင်က တော်သင့်ရုံမျှ ဝန်ခံလိုက်သည်။
“အခုထိတော့ ဆုတစ်ဆုမှ မရသေးဘူး ...”
“သိပ်မကြာခင် ရလာမှာပါ ...”
သူ့ရဲ့ သရုပ်ဆောင်စွမ်းရည်ရယ်၊ လုပ်ငန်းပိုင်း ကျွမ်းကျင်ပုံမျိုးရယ်နဲ့ဆို သိပ်မကြာခင်ကို ရုပ်ရှင်ဧကရာဇ် ဖြစ်လာတော့မှာပဲ ...
“ဒါဆို မင်း အခု ပြန်လို့ရပြီ ...”
“ဒါဆို မနက်ဖြန်မှ တွေ့ကြမယ် ...”
လင်းလောချင်က ပြုံးကာ ပြောလိုက်သည်။
“ဒီအကြောင်းက နောက်မှ ပြောကြတာပေါ့ ...”
“အတည်နော် ...”
လင်းလောချင်က နောက်တစ်ခေါက် အတည်ပြုလိုက်သည်။
“မင်းနဲ့ လက်ထပ်ခွင့်ရဖို့ စောင့်နေတုန်းပဲ ...”
ထိုသို့ ပြောပြီးသည်နှင့် တစ်ပြိုင်နက် ကျိယုရှောင်ကို ရှက်သွေးဖြန်းနေသည့် အကြည့်တို့ဖြင့် မမေ့မလျော့ စိုက်ကြည့်ကာ တံခါးကို တိတ်တိတ်လေး ပိတ်ပေးသွားလိုက်တော့သည်။
ကျိယုရှောင်လည်း ထိုင်ခုံကို မှီထိုင်လျက် သူ့ရည်ရွယ်ချက် အစစ်အမှန်ကို စတင် ခန့်မှန်းလိုက်ရတော့သည်။
လင်းလောချင်ကမူ စိတ်သက်သာရာ ရစွာဖြင့် ကျိအိမ်တော်သို့ အမြန်ပြန်လာခဲ့သည်။
ခပ်သုတ်သုတ် ထွက်လာခဲ့ခြင်းဖြစ်ရာ သူ့နောက်နားရှိ အခန်းထဲမှ လေးငါးနှစ်သားအရွယ် ကလေးတစ်ယောက် ထွက်လာသည်ကိုပင်လျှင် သတိမပြုမိလိုက်တော့ချေ။
ထိုကလေးမှာ လွန်စွာ လှပကာ အသားအရေမှာလည်း နှင်းကဲ့သို့ ဖြူဖွေးနေပြီး ယောက်ျားလေး၊ မိန်းကလေး ခွဲခြားနိုင်ရန်ပင် ခဲယဉ်းလွန်းလှသည်။ လက်ရန်းတွင် မှီကာ ပိတ်သွားသည့် တံခါးကို စိုက်ကြည့်ရင်း ဇာမဏီမျက်ဝန်းလှလှတို့ကို အသာခတ်ကာ ခေါင်းကို စောင်း၍ တွေးလိုက်သည်။
ဒီလူက သူ့ရှုရှုကို ကြိုက်နေတာပေါ့ ...
စစချင်း ကြားလိုက်ရတဲ့ စကားတွေက သိပ်ပြီး နားထောင်လို့ မကောင်းပေမယ့် နောက်ပိုင်း တိုးတက်လာတဲ့ အဆင့်တွေကို သုံးသပ်ရရင် သူက ရှုရှုကို ကြိုက်နေတာထင်တယ် ...
ရှုရှုက သူနဲ့ လက်ထပ်ရမှာများလား ...
ထိုသို့ တွေးနေစဉ်မှာပင် စာကြည့်ခန်းထဲမှ လှုပ်ရှားသံများကို ကြားလိုက်ရသည်။ ကျိယုရှောင် ထွက်လာတော့မည့်အသံ ဖြစ်သည့်အတွက် သူ့အခန်းဆီသို့ သုတ်ခြေတင်ကာ ပြန်ပြေးသွားတော့သည်။
“အပြင် ခဏသွားလိုက်ဦးမယ် ...”
ကျိယုရှောင်က သူ့အခန်းတံခါးကို လာခေါက်ကာ ပြောလိုက်သည်။ အခန်းတံခါးကိုပါ ဖွင့်လိုက်သည့်တိုင် အထဲသို့ ဝင်မလာ၊ ဝှီးချဲပေါ် ထိုင်လျက်သာ ပြောလိုက်သည်။
ကျိလဲ့ယွီက ဖြူဖွေးလှပသည့် မျက်နှာလေးဖြင့် မော့ကြည့်ကာ ချိုသာစွာ ပြန်ဖြေလိုက်သည်။
“ဟုတ်ကဲ့ ...”
“ညစာက ချက်ထားပေးပြီးသား အတူတူစားဖို့ မစောင့်နေနဲ့တော့နော် …”
“ဟုတ်ကဲ့ …”
“ဒါဆို သွားပြီ ...”
ကျိလဲ့ယွီက သူ့ကို လက်ယမ်းပြလိုက်သည်။
“ပါး စောစော ပြန်လာခဲ့နော် ...”
“ကောင်းပါပြီ ...”
ကျိယုရှောင်က ဝှီးချဲ၏ ဦးတည်ရာကို ပြောင်းလဲကာ ရှေ့ဆက်သွားလိုက်သည်။
ကျိလဲ့ယွီက သူ့ကို စိုက်ကြည့်နေပြီးနောက် ဘောပင်ကိုချကာ စားပွဲပေါ် မှောက်အိပ်လိုက်၏။ မျက်လုံးတို့ကို မှိတ်ထားသည့်အတွက် မည်သည်ကို တွေးနေကြောင်း ခန့်မှန်း၍ မရချေ။
ကျိယုရှောင်၏ အိမ်မှ ထွက်လာပြီး မကြာမီမှာပင် လင်းလောချင်၏ ဖုန်းသံ မြည်လာ၏။
ဖွင့်ကြည့်လိုက်သည့်အခါ စခရင်တွင် “အေးဂျင့်” ဟု မှတ်ထားသည့် ဖုန်းနံပါတ်တစ်ခုကို တွေ့လိုက်ရသည်။
“ဘာဖြစ်လို့လဲ ...”
“ဘာဖြစ်ရမှာလဲ လင်းလောချင် မင်း ဟိုဇာတ်လမ်းကို တကယ်ကြီး လက်မခံချင်ဘူးလား လူရွေးပွဲကိုတောင် မလာဘူးပေါ့ ငါက မင်း ဒီအတိုင်း စကားအဖြစ် ပြောတယ်ပဲ ထင်နေတာ မင်းက တကယ်ကြီးကို တတိယဇာတ်လိုက် ဇာတ်ကောင်ကို မကြိုက်တာပဲ ...”
လင်းလောချင် ????
“တတိယဇာတ်လိုက် ...”
တတိယဇာတ်လိုက်က ဘာဖြစ်လဲ အရန်ဇာတ်ကောင်လေးဆိုတာနဲ့ပဲ အရေးမပါသလို ဆက်ဆံနေလို့ မရဘူးလေ ...
သူ့ကိုယ်သူ လုပ်ငန်းခွင်အပေါ် အလေးထားတတ်သည့် သရုပ်ဆောင်ကောင်းဟု မှတ်ယူထားသူ လင်းလောချင်က ချက်ခြင်း ပြန်ပြောလိုက်သည်။
“အခုပဲ သွားလိုက်မယ် ကျွန်တော့်ကို လိပ်စာလေး ထပ်ပို့ထားပေး ...”
-အေးဂျင့်က မိုးပေါ် မော့ကြည့်ကာ လက်မှိုင်ချစွာ ပြောလိုက်သည်။
“ဒီတစ်ခေါက်မှ မလုပ်နိုင်ခဲ့ရင် မင်းအတွက် ဘယ်ဇာတ်လမ်းမှ ကူရွေးမပေးတော့ဘူး ...”
လင်းလောချင်က သူ့ကို အာမခံလိုက်သည်။
“လီကော စိတ်ချပါ ကျွန်တော် လူရွေးပွဲကို ကောင်းကောင်း ဝင်ဖြေပြီး အောင်မြင်အောင် လုပ်ခဲ့ပါ့မယ် ...”
လီကောကမူ သူ့ကို မယုံ။
သွားသမျှ လူရွေးပွဲတိုင်း လက်ဗလာနဲ့ ပြန်မလာရတဲ့ လူရွေးပွဲလို့ ရှိလို့လား မျက်နှာလှလှလေးကြောင့်သာ မဟုတ်ရင် မင်းကို အစောကြီးကတည်းက လက်လျော့လိုက်တာ ကြာပေါ့ စိတ်ကသာ ကောင်းကင်ထက်ကို မြင့်မြတ်နေတာ အရည်အချင်းကျ မရှိဘူး သခင်ငယ်လေး မဟုတ်ဘဲနဲ့လည်း နေ့တိုင်းနေ့တိုင်း သခင်လေးတစ်ပါးလို လုပ်ပြနေတာ ...
အေးဂျင့်က သူ့ကို အီးမေးလ်တစ်စောင် ပို့လိုက်သည့်တိုင် ၎င်းကို အာရုံမစိုက်နိုင်သေး၊ အခြားအရာများဖြင့် အလုပ်များနေပေသည်။
လင်းလောချင်က တက်စီတစ်စီးငှားကာ လူရွေးပွဲကျင်းပရာ နေရာသို့ ထွက်လာခဲ့လိုက်၏။
လီကောကမူ ရောက်မလာသေး။ ရိုက်ကူးရေး ဝန်ထမ်းတစ်ဦးက သူ ရောက်မလာသေးဟု ပြောလာ၍သာ ဆက်သွယ်ခဲ့ခြင်း ဖြစ်ရာ သူ့အေးဂျင့် မည်သည့်နေရာတွင် ရှိနေကြောင်း လင်းလောချင်လည်း လုံးဝ မသိချေ။
ထိုအတွက်လည်း သူ့ကို အပြစ်မတင်နိုင်။ မူလပိုင်ရှင်သည် အဆင့် ၁၈ အနုပညာရှင်တစ်ဦးသာ ဖြစ်ကာ အေးဂျင့်ဖြစ်သူကလည်း သူတစ်ဦးတည်းကိုသာ တာဝန်ယူထားခြင်း မဟုတ်သည့်အတွက် လီကော ရှိမနေခြင်းမှာ ဖြစ်ရိုးဖြစ်စဉ်သာ ဖြစ်ပေသည်။
သူက ဝန်ထမ်းတစ်ဦးအား လက်ရှိ အခြေအနေအကြောင်း မေးမြန်းကာ ဆက်သွယ်ရမည့် လိပ်စာအား ပေးပြီး တိတ်ဆိတ်သည့် နေရာတစ်ခုကို လိုက်ရှာလိုက်၏။
ခန်းမထဲမှ ထွက်ကာ လှေကားထစ် ရှိရာစီသို့ ဦးတည်လာစဉ် ဟော်တယ်၏ တည်ဆောက်ပုံမှာ လွန်စွာ ထူးခြားကောင်းမွန်လှကြောင်း သတိပြုမိသွားတော့သည်။ ကားပါကင်ကိုလည်း ခေါင်မိုးထပ်တွင် ထားထားသည့်အတွက် သူ ရောက်ရှိနေသည့် တစ်လွှာလုံး ဆူညံသံ မကြားရဘဲ တိတ်ဆိတ်နေပေသည်။
ဒါမျိုးကိုမှ ကြိုတင်လေ့ကျင့်ဖို့ အဆင်ပြေတဲ့နေရာလို့ မခေါ်ရရင် တစ်ခြား ဘယ်လိုနေရာ ရှိနိုင်ဦးမလဲ ...
ချောင်းအသာဟန့်ကာ ဖုန်းကိုထုတ်ပြီး သူပြောရမည့် စာသားတို့အား ဖတ်နေလိုက်၏။
ကားထဲတွင် ထိုင်နေသည့် ကျိယုရှောင်က လက်တစ်ဖက်ကို မြှောက်ကာ နာရီကို ကြည့်လျက် နောက်တစ်နာရီနေမှ ကားပေါ်က ဆင်းရန် ဆုံးဖြတ်လိုက်သည်။
“သခင်လေး ကားပေါ်ကနေ မဆင်းသေးဘူးလား ...”
ယာဉ်မောင်းက သူ့ကို မေးလိုက်သည်။
“အလျင်မလိုပါဘူး သူတို့ကို စောင့်ခိုင်းထားလိုက် ...”
ကျိယုရှောင်က တီးတိုးပြောလိုက်သည်။
ထို့နောက် လွန်စွာ ဝမ်းနည်းကြေကွဲနေသည့် အမျိုးသားအသံတစ်ခုကို ဖွင့်ထားသည့် ကားပြတင်းပေါက်မှတစ်ဆင့် ကြားလိုက်ရတော့သည်။
“ဘာလို့လဲ ဘာလို့ ငါ့ကို စွန့်ပစ်သွားရတာလဲ ...”
ထို့နောက် ချက်ခြင်းပင် ဝမ်းနည်းမှုတို့ ပြည့်လျှံနေသည့် အသံအဖြစ် ပြောင်းလဲသွားတော့၏။
“ကျွန်မလည်း မလုပ်ချင်ခဲ့ပါဘူး ဒါက ဒါက ... အစ်ကိုကြီး ... ကျွန်မတို့မှာ အနာဂတ် မရှိဘူးလေ ...”
“ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ရှောင်ဝေ ကိုယ် မင်းကို ချစ်တယ်ဆိုတာ သိတယ်မဟုတ်လား မင်းလည်း ကိုယ်ကို ချစ်တယ်လေ မဟုတ်ဘူးလား ...”
“ဒါပေမယ့် ကျွန်မက ရှင့်ညီမလေ အစ်ကိုကြီး ကျွန်မက ရှင် အကြာကြီး ရှာနေခဲ့ရတဲ့ ရှင့်ညီမလို့ ...”
ကျိယုရှောင် “...”
မလှမ်းမကမ်းရှိ ရင်းနှီးနေသည့် မျက်နှာကို ငေးကြည့်နေရင်း ဤဇာတ်ညွှန်းမှာ အကဲဖြတ်မှုကို အောင်မြင်နိုင်လိမ့်မည် မဟုတ်ဟု ကောက်ချက်ချလိုက်တော့သည်။
သို့သော် တစ်ဖက်သူကမူ မောင်နှမချစ်ခြင်း ခွေးသွေးဇာတ်လမ်းတွင် စိတ်ရောကိုယ်ပါ နှစ်မြှုပ်ထားဆဲပင်။ မောင်နှမနှစ်ယောက်၏ ဇာတ်ကောင်ကို တစ်လှည့်စီ သရုပ်ဆောင်ကာ စိတ်ရူးပေါက်သူ အဖြစ် တစ်ဖုံ၊ စိတ်ပျက်ဝမ်းနည်းနေသူအဖြစ် တစ်မျိုး အမျိုးမျိုး ပြောင်းလဲသွားတော့သည်။ ကျိယုရှောင်ကလည်း သူ့ကိုယ်သူပင် သတိမထားမိဘဲ ကားပြတင်းပေါက်မှန်ကို အောက်ချလျက် စိတ်ဝင်တစား ငေးကြည့်နေမိလိုက်တော့သည်။
လင်းလောချင်က သူ့သရုပ်ဆောင်မှုကို လွန်စွာ စိတ်နှစ်မြှုပ်ထားသည့်ဟန်၊ မတူညီသည့် ဇာတ်ကောင် သုံးခုကိုပင် အပြိုင် သရုပ်ဆောင်နေလိုက်သေးသည်။
ထို့နောက် ကျိယုရှောင်မှာ တစ်ဖြည်းဖြည်း အိပ်မောကျလာတော့၏။ ကြည့်လေလေ မျက်တောင်တို့ ပိုမိုစင်းကျလာကာ မနီးမဝေးရှိ ဇာတ်ကောင်အမျိုးမျိုး ပြောင်းလဲသရုပ်ဆောင်နေသူကို ငေးကြည့်ရင်း ပြတင်းပေါက်ကို မှီလျက် အိပ်ပျော်သွားတော့သည်။
သူ့မျက်လုံးတို့ ပြန်ဖွင့်လာချိန်တွင်မူ တစ်နာရီ ကုန်လွန်သွားနှင့်ပြီဖြစ်သည်။ ယာဉ်မောင်းက သူ့ကို နှိုးကာ မေးလိုက်သည်။
“သခင်လေး သွားတော့မလား ...”
ကျိယုရှောင်က နောက်ခုံတွင် ထိုင်နေရင်း တအံ့တဩ ရေရွတ်လိုက်သည်။
“ငါ အိပ်ပျော်သွားခဲ့တာလား ...”
ဒါက တကယ်ကို ရှားပါးဖြစ်ရပ်ပဲ ...
ဤအခိုက်အတန့်တွင် ကျိယုရှောင်သည် အခြား မည်သည်ကိုမှ ဂရုမစိုက်နိုင်တော့။ လင်းလောချင်တွင် အခြား အကြံအစည်တစ်ခု ရှိနေသည်ဖြစ်စေ၊ သူ့နောက်ကွယ်တွင် ကြိုးကိုင်သူတစ်ဦး ရှိနေသည်ဖြစ်စေ အရေးမပါလှတော့ချေ။
သူသာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်ပါလျှင် မည်သည့်အရာကမှ သူ့အတွက် စိတ်အနှောင့်အယှက် မဟုတ်တော့ပေ။
လူသားတို့မည်သည် အသက်ရှင်နေစဉ်တွင်သာ အလိုရှိသည်များကို လုပ်ဆောင်နိုင်ကာ ကောင်းကောင်းမွန်မွန် မအိပ်စက်နိုင်သူ တစ်ဦး အနေဖြင့် ကျန်းမာသန်စွမ်းနိုင်မည် မဟုတ်ပေ။
သူ့တွင် လုပ်ဆောင်ရန် ကိစ္စများစွာ ရှိနေသည့်အပြင် လဲ့ယွီကိုလည်း ပျိုးထောင်ပေးရဦးမည်ဖြစ်ရာ စောစောစီးစီး ဆုံးပါးသွား၍ မဖြစ်ပေ။
ထို့နောက် စိတ်ကို ဆုံးဖြတ်ကာ လင်းလောချင်၏ ဖုန်းနံပါတ်ကို ရှာ၍ စာပို့လိုက်သည်။
[ဂုဏ်ပြုပါတယ် မနက်ဖြန် ငါ့ကို တွေ့ခွင့်ရသွားပြီ ]
ထိုစာကို တွေ့လိုက်ရချိန်တွင် လင်းလောချင်သည် သန့်စင်ခန်းထဲမှ ထွက်လာကာစသာ ရှိသေးသည်။ ခေါင်းကို ယမ်းခါလျက် ရေရွတ်လိုက်၏။
ကြည့်ပါဦး ဒီတစ်ယောက်က နာမည်ကအစ သူ့ကိုယ်သူပဲ ချစ်တတ်ပါတယ်ဆိုတဲ့ အငွေ့အသက်တွေ အပြည့်နဲ့ အခုလည်း ကြည့်လိုက်ပါဦး ငါ့ကို ပို့ထားတဲ့စာကိုက သူနဲ့ တွေ့ခွင့်ရတာ ဂုဏ်ယူစရာဆိုတဲ့ လေသံတွေနဲ့ ပြည့်နေတာ ...
ထို့နောက် အလျင်အမြန်ပင် စိတ်လှုပ်ရှားချင်ဟန်ဆောင်လိုက်တော့သည်။
[တကယ်ကြီးလား ကောင်းလိုက်တာ အရမ်းပျော်တာပဲ]
[ဒါဆို ဒီ့ထက်ပိုပြီး ပျော်ဖို့ ပြင်လိုက်တော့]
ကျိယုရှောင်ဘက်မှ ချက်ခြင်း ပြန်စာရောက်လာသည်။
လင်းလောချင် [ဘာလို့လဲ]
[ဘာလို့ဆို မင်းရဲ့ ဆန္ဒတွေ ပြည့်ဝပြီး အိပ်မက်တွေ အကောင်အထည် ဖော်နိုင်မယ့် အခွင့်အရေးတစ်ခု ပေးမလို့လေ မင်းကို လက်ထပ်မယ်လို့ ကတိပေးတယ်]
လင်းလောချင်က အလွန်အမင်း အူမြူးသွားသည့်ဟန် နမ်းနေသည့် စတစ်ကာများကို တရစပ် ပို့လိုက်တော့သည်။ ထို့နောက် ကျိယုရှောင်၏ WeChat ကို ချက်ခြင်း add ကာ ပြောလိုက်၏။
[အစ်ကိုကြီးရေ မင်းက အရမ်းကို ကြင်နာတတ်တာပဲ မင်းကို ချစ်မိတာ လုံးဝ မမှားမှန်း အစောကြီးကတည်းက သိသားပဲ (နမ်းနေတဲ့စတစ်ကာ)]
ကျိယုရှောင် “...”
ထက်သန်လှသည့် တုန့်ပြန်ချက်ကို မြင်လိုက်ရသည့် တစ်ခဏ၌ လင်းလောချင်တွင် ပြောင်မြောက်သည့် သရုပ်ဆောင်စွမ်းရည်နှင့် စီးပွားရေးဆိုင်ရာ အကွက်မြင်တတ်မှုများ ရှိနေကြောင်း သဘောပေါက်သွားတော့သည်။
ဒီလိုအချိန်မှာတောင် တိတ်တခိုးအချစ်ကို မမေ့ဘူး သူက တကယ်ကို သရုပ်ဆောင်ကောင်းတစ်ယောက်ပဲ ...
👥2