အပိုင်း၄
Viewers 30k

Chapter 4

Chapter 4





လင်းလောချင် ရလိုက်သည့် အဖြေမှာ သေဒဏ်မှ ကင်းလွတ်ခွင့် ဆုတံဆိပ်၊ ကျိလဲ့ယွီ၏ သေစာရင်းမှတ်တမ်းမှ လွတ်မြောက်ခွင့် ရလိုက်သည်နှင့် အတူတူပင်ဖြစ်သည်။


ကောင်းမွန်လာသည့် စိတ်အခြေအနေကြောင့် လူရွေးပွဲအပေါ် ပိုမိုကာ စိတ်ဝင်စားလာတော့သည်။ သူ့သရုပ်ဆောင်ချက်များမှာ ကမ္ဘာမြေကြီး တုန်ဟီးစေနိုင်သည်အထိပင် ကောင်းမွန်လွန်း၍ အင်တာဗျူးရန် တာဝန်ကျသည့် ဝန်ထမ်းများပင်လျှင် သူနှင့်အတူ လိုက်ပါ စီးမြောကာ ငိုကြွေးမိကုန်ကြတော့သည်။


တာဝန်ကျ လက်ထောက်ဒါရိုက်တာက သူ့ကို မေးခွန်းအချို့ မေးမြန်းပြီးနောက် အကြောင်းကြားသည်ကို စောင့်နေရန် ပြောလိုက်သည်။


လူရွေးပွဲများစွာ ဝင်ရောက်ခဲ့ဖူးရာ နောက်ကွယ်ရှိ လှည့်ကွက်နှင့် အပြောင်းအလဲ အမျိုးမျိုးကို ကြုံတွေ့နားလည်ပြီး ဖြစ်သည့်အတွက် ဟိုးယခင်ကတည်းက စိတ်ကို တည်တည်ငြိမ်ငြိမ် ထားတတ်ရန် သင်ယူခဲ့ပြီး ဖြစ်ပေသည်။


ထို့ကြောင့် ထိုဒါရိုက်တာကို ယဉ်ကျေးပျူငှာစွာ ကျေးဇူးတင်စကား ပြော၍သာ အခန်းထဲမှ ထွက်လာလိုက်တော့သည်။


အခန်းထဲမှ ထွက်လာပြီးသည်နှင့် တစ်ပြိုင်နက် ဓာတ်လှေကားရှိရာဆီသို့ တန်းတန်းမတ်မတ်သွားကာ အိမ်ပြန်အနားယူရန် အဆင်သင့်ဖြစ်နေပြီးဖြစ်သည်။


နာရီပိုင်းလေး အတွင်းမှာကို အများကြီး ကြုံတွေ့ခဲ့ရတာပဲ ...


လင်းလောချင်က တက္ကစီတစ်စီး ငှားကာ တည်နေရာတစ်ခုထံ မောင်းနှင်စေလိုက်သည်။ ထိုနေရာနှင့် နီးလာလေလေ သူ့စိတ်ထဲတွင် မှတ်ဉာဏ်တို့ ထွက်ပေါ်လာတော့သည်။


သို့သည့်တိုင် ထိုမှတ်ဉာဏ်တို့မှာ ရှင်းလင်းပြတ်သားခြင်း မရှိ။ မှုန်ရီဝေဝါးကာ အရိပ်တစ်ခုအလားပင်။


သို့သော် လင်းလောချင်က လုံးဝမျှပင် အလျင်မလို။ ကျိလဲ့ယွီဟူသော အကြီးမားဆုံး ဘေးဒုက္ခကို ဖြေရှင်းနိုင်ပြီး ဖြစ်သည့်အတွက် မည်သည်ကိုမှ ကြောက်နေရန် မလိုအပ်တော့ချေ။


ဗီလိန်ကြီးထက် ကြောက်ဖို့ကောင်းတဲ့သူဆိုတာ ရှိလို့လား...


လုံးဝကို မရှိဘူးလေ ...


ဒီလိုဆိုမှတော့ မူလကိုယ်ရဲ့ မှတ်ဉာဏ်တွေ ပြန်ရလာတာကို အေးအေးဆေးဆေး ထိုင်စောင့်နေရုံပဲပေါ့ ...


ကားက အိမ်ယာဝင်း အပေါက်ဝတွင် ရပ်တန့်သွား၏။ လင်းလောချင်က ကားထဲမှ ထွက်ကာ အိမ်ယာဝင်းအတွင်းသို့ လမ်းလျှောက် ဝင်သွားပြီး ခန္ဓာကိုယ်၏ လမ်းညွှန်ချက်အရ ရင်းနှီးနေသည့် အဆောက်အဦး ရှိရာဆီသို့ ချီတက်လာလိုက်သည်။


တွေးနေရန်ပင် မလိုအပ်။ ဓာတ်လှေကားထဲ ဝင်ပြီးသည်နှင့် တစ်ပြိုင်နက် ၁၅ လွှာခလုတ်ကို အလိုလို နှိပ်မိလျက်သား ဖြစ်သည်။


၁၅ လွှာသို့ ရောက်သည့်အခါ ခြေထောက်တို့က အလိုလိုပင် ညာဘက်သို့ ရွေ့ကာ အခန်းတစ်ခန်း၏ တံခါးဝရှေ့တွင် ရပ်မိလျက်သား ဖြစ်သွားတော့သည်။


သော့ကိုထုတ်ကာ တံခါးဖွင့်ပြီးနောက် ရှေ့တွင် မြင်နေရသည့် ကျယ်ဝန်းလှသော အခန်းကို ငေးကြည့်ရင်း စိတ်သက်သာရာ ရစွာဖြင့် သက်ပြင်းချလိုက်မိတော့သည်။


အနားယူနိုင်ဖို့ကလည်း မလွယ်လိုက်တာ ...


ဖိနပ်လဲကာ အထဲဝင်လာလိုက်၏။ မီးဖိုချောင်ရှေ့မှ ဖြတ်လာသည့်အခါ လှုပ်ရှားသံအချို့ကို ဝိုးတဝါး ကြားလိုက်ရသည်။ တအံ့တဩဖြင့် မီးဖိုချောင် ရှိရာဆီသို့ ပြန်လှည့်လာသည့်အခါ ဂတ်စ်မီးဖိုရှေ့တွင် ချက်ပြုတ်နေဟန်ပေါ်သည့် ခြောက်နှစ်အရွယ် ကလေးတစ်ဦးကို တွေ့လိုက်ရတော့သည်။


ကလေးတစ်ယောက် ???


ဘယ်လိုလုပ်ပြီး အိမ်ထဲမှာ ကလေးရှိနေတာလဲ မူလကိုယ်က ကလေးရှိနေတာလား ...


လင်းလောချင်က သူ့ရှေ့တွင် မြင်နေရသည့် ကလေးကို သံသယဖြစ်စွာ စိုက်ကြည့်လိုက်သည်။


ထိုကလေးကလည်း ခြေသံများ ကြားလိုက်မိသည့်အတွက် လှည့်ကြည့်လာရာ သူနှင့် အကြည့်ချင်း ဆုံသွားတော့သည်။


ထိုကလေး၏ ရုပ်ရည်မှာ လွန်စွာ ခန့်ညားလှပေသည်။ သူနှင့် သက်တူရွယ်တူ ကလေးများမှာ ချစ်စရာကောင်းသည်ဟု ဆိုရမည့် ရုပ်ရည်မျိုးကိုသာ ပိုင်ဆိုင်ထားကြဆဲ ဖြစ်သော်ငြား ထိုကလေးမှာမူ ကြည်လင်ရှင်းသန့်ကာ မျက်နှာအချိုးအဆစ်တို့ပင်လျှင် အတော်လေး ပုံပေါ်နေပြီ ဖြစ်ပေသည်။


မျက်တောင်တို့မှာ ရှည်လျားသည့်တိုင် ကော့ညွတ်မနေ။ အောက်သို့ အနည်းငယ် စိုက်ကျနေသည်မှာ ကြည်လင်တောက်ပနေသည့် မျက်ဝန်းတစ်စုံကို ဖုံးကွယ်ထားသည့်အလား။ သူက လင်းလောချင်ကို မအံ့ဩလေဟန်ဖြင့် စိုက်ကြည့်လိုက်၏။ မိဘများ ပြန်လာသည်ကို မြင်လိုက်ရသည့်နှယ် အေးဆေးတည်ငြိမ်နေပေသည်။


“ခေါက်ဆွဲပြုတ်နေတာ စားချင်လား ...”


လင်းလောချင် “...”


လင်းလောချင်က အနားသို့တိုးကာ ခေါက်ဆွဲအိုးကို ငုံ့ကြည့်လိုက်မိတော့သည်။


အိုးထဲတွင် ခေါက်ဆွဲအများအပြား ရှိနေကာ အစိမ်းရောင် အသီးအရွက်အချို့နှင့် ရောနှောချက်ပြုတ်ထားရာ ခေါက်ဆွဲဖတ်အားလုံး ပျော့ပြဲပြီး စားချင်ဖွယ်ရာပင် မရှိတော့။


“ဒါကို စားမလို့လား ...”


သူ့ရှေ့တွင် ရပ်နေသည့် ကလေးကို မေးလိုက်သည်။


ကလေးက သူ့ကို “အမ်း” ဟူ၍ အေးစက်စွာသာ တုန့်ပြန်လိုက်သည်။ သူနှင့် ကြာရှည်စွာ စကားပြောလိုဟန် မတူပေ။


လင်းလောချင်က တစ်ခဏမျှ တွေးကာ ရေခဲသေတ္တာကို ဖွင့်ကြည့်လိုက်၏။


ကြက်ဉအချို့၊ နွမ်းရိနေပြီဖြစ်သည့် အသီးအရွက်အနည်းငယ်၊ ခေါက်ဆွဲခြောက်တစ်ထုပ်နှင့် ခရမ်းချဉ်သီးနှစ်လုံးမှအပ မည်သည့် စားစရာမှ မရှိသော ရေခဲသေတ္တာကို တွေ့လိုက်ရသည့်အခါ ကြောင်အသွားရတော့သည်။


တစ်ဖန် ရေခဲသေတ္တာထဲရှိ အခဲခန်းကို ဖွင့်ကြည့်လိုက်ပြန်၏။


တော်လိုက်တဲ့ကောင် ... သန့်ရှင်းပြောင်လက်နေလိုက်တာမှ အစက်အပြောက်လေး တစ်ခုတောင် မရှိဘူး ...


ဆိုတော့ မူလကိုယ်က အိမ်မှာ ချက်ပြုတ်မစားဘူးပေါ့ ...


ဒီရေခဲသေတ္တာက အလှဆင်ပစ္စည်းသပ်သပ်လား ...


လင်းလောချင်က သက်ပြင်းချကာ မီးဖိုရှိရာဆီသို့ ပြန်လာပြီး မီးကို ပိတ်လိုက်သည်။


ကလေးက သူ့ကို မော့ကြည့်လိုက်၏။ သူ့အကြည့်တို့မှာ မေးခွန်းထုတ်လိုဟန်တို့ ပြည့်နှက်နေသည့်တိုင် မျက်နှာမှာမူ အမူအယာမဲ့နေဆဲပင်။


“ဘာလုပ်နေတာလဲ ...”


“မင်းကို တစ်ခုခုစားဖို့ အပြင်ခေါ်သွားပေးမယ်...”


လင်းလောချင်က သူ့ကို ကြည့်လိုက်သည်။


“ဒီအရွယ်လေးတွေဆိုတာ ကြီးထွားနေတုန်းပဲ ရှိသေးတာ ဒီလိုမျိုး ပြီးစလွယ် စားလို့ မရဘူး မင်းကို အရသာရှိတာလေးတွေ လိုက်ကျွေးမယ် ...”


သူ့ရှေ့တွင် ရှိနေသည့် ကလေး၏ အမူအယာမှာ စိတ်ရှုပ်ထွေးမှု၊ ထူးဆန်းမှုနှင့် လှောင်ပြောင်လိုဟန်တို့ အနည်းငယ် ရောထွေးနေသည့် အမူအယာအဖြစ်သိူ့ ပြောင်းလဲသွားတော့သည်။ သူက စကားတစ်ခွန်းမှ မဆိုဘဲ လင်းလောချင်ကို အသာ စိုက်ကြည့်နေလိုက်၏။


“ပြီးတော့ ...”


သူ ပြောင်းလဲသွားကြောင်း ဖော်ထုတ်ခံရမည်ကို စိုးရိမ်စွာဖြင့် ထိုကလေးကို စိုက်ကြည့်ကာ အုပ်ထိန်းသူတစ်ဦး၏ လေသံဖြင့် ပြောလိုက်၏။


“မင်းကို စစ်ဆေးရဦးမယ် မင်းနဲ့ငါရဲ့ ဆက်ဆံရေးက ဘာလဲ ...”


ကလေး “...”


“မင်း ငါ့ကို ဘယ်လို ခေါ်တာလဲ ...”


ကလေး “...”


“ငါကရော မင်းကို ဘယ်လိုခေါ်လဲ ...”


ကလေး “...”


လင်းလောချင်က ရေရွတ်လိုက်၏။


“ဘာလို့ ဘာမှ မပြောတာလဲ ...”


ထိုကလေးက နက်မှောင်လှသည့် မျက်လုံးတို့ကို လှိမ့်ပြကာ ခေါက်ဆွဲအိုးကို နောက်တစ်ကြိမ် ပြန်ဖွင့်လိုက်သည်။


လင်းလောချင်က သူ့အနား သွားကာ ပင်မဂတ်စ်အိုးကို ပိတ်လိုက်၏။


“အပြင်ထွက်စားဖို့ ခေါ်သွားပါမယ်ဆို ဘာလို့ ခေါက်ဆွဲကို ဆက်ပြီး စားချင်နေဦးမှာလဲ ...”


အနားသို့ ရောက်လာကာ ခုံပေါ်တက်ကာ ချက်ပြုတ်နေသူကို ခုံအောက်ချပေးလိုက်သည်။


ကလေးက သူ့ကို မယုံကြည်နိုင်လေဟန်ဖြင့် တအံ့တဩ စိုက်ကြည့်လိုက်သည်။


လင်းလောချင်က တစ်ခုခုပြောမည်ပြုစဉ်မှာပင် ထိုကလေး၏ လက်မောင်းပေါ်ရှိ ဒဏ်ရာတို့ကို သတိထားမိလိုက်၏။ ထိုဒဏ်ရာမှာ တုတ်ဖြင့် ရိုက်ထားသည့်အတွက် ရလာသည့် ဒဏ်ရာဖြစ်ကြောင်း လွန်စွာ သိသာလှပေသည်။


ကလေး၏ အင်္ကျီလက်ကို ချက်ခြင်း ဆွဲလှန်ကာ ဂရုတစိုက် စစ်ဆေးလိုက်၏။


“ဒီနားက ဘာဖြစ်တာလဲ ..."


လင်းလောချင်က အလားတူပင် ဒဏ်ရာရှိနေသည့် အခြားလက်မောင်းတစ်ဖက်ကိုကိုင်ကာ မေးလိုက်သည်။


“မင်းကို ဘယ်သူ ရိုက်တာလဲ အတန်းဖော်တွေလား ဆရာမလား ...”


ထိုကလေးက သူ့ကို ရှုပ်ထွေးနေသည့် အကြည့်တို့ဖြင့်သာ စိုက်ကြည့်လိုက်၏။ ဤတစ်ကြိမ်တွင်မူ ထိုအကြည့်တို့တွင် စိတ်ရှုပ်ထွေးမှု ၃၀ ရာခိုင်နှုန်း၊ ဆွံ့အမှု ၄၀ ရာခိုင်နှုန်းနှင့် ပြက်ရယ်ပြုလိုမှု ၃၀ ရာခိုင်နှုန်းခန့် ပါဝင်နေပေသည်။


လင်းလောချင် “...”


ဟေး မင်းလို လေးငါးခြောက်နှစ်သားလေးက ဘာလို့များ ဒီလောက်အထိ မထီတရီ အကြည့်မျိုးကို ကြည့်နိုင်ရတာလဲ တကယ််ဆို ငိုယိုပြီးတော့ မင်း ခံခဲ့ရတာတွေကို တိုင်နေရမှာ မဟုတ်ဘူးလား ဘာလို့ ဒီလိုကြီး တုန့်ပြန်နေရတာလဲ ...


“ငါ့ကို ယုံလို့ရတယ် မင်း ငါ့ကို ပြောပါတယ်လို့ ဘယ်သူ့ကိုမှ ပြန်မပြောဘူးလေ မင်းအတွက် တရားမျှတအောင် လုပ်ပေးမယ် မင်းကို ရိုက်တဲ့သူ ဘယ်သူမဆို ပြန်ရိုက်လို့ရအောင် လုပ်ပေးမယ်လေ ...”


ထိုစကားကို ကြားလိုက်ရသည့်အခါမှ သူ့ရှေ့တွင် ရပ်နေသည့် ကလေးလည်း လှုပ်လှုပ်ရွရွ ဖြစ်သွားတော့သည်။.


“ကျွန်တော့်ကို ရိုက်တဲ့သူ ဘယ်သူ့ကိုမဆို ပြန်ရိုက်ခွင့် ပေးမှာလား ...”


“ဒါပေါ့ ...”


လင်းလောချင်က ပြောလိုက်သည်။


“မဟုတ်မှလွဲရော ဘာ အကြောင်းပြချက်မှ မရှိဘဲနဲ့ အရိုက်ခံရတာမျိုးလား ...”


“ဟုတ်တယ် ...”


ကလေးက ခေါင်းငြိမ့်ပြလိုက်သည်။


“ဒါဆို ရိုက်တဲ့သူက အတန်းဖော်လား ဆရာမလား ...”


လင်းလောချင်က စိုးရိမ်တကြီး မေးလိုက်သည်။


“ကျောင်းတက်တယ် မဟုတ်လား ...”


ကလေးက ခေါင်းငြိမ့်ပြလိုက်သည်။


“ဘယ်သူ အနိုင်ကျင့်တာလဲ ...”


ငှက်မွေးသဖွယ် မျက်တောင်ရှည်ကြီးများကို တဖျတ်ဖျတ် ခတ်ပြလိုက်၏။ နူးနူးညံ့ညံ့ ပြုံးပြလိုက်သည့်အခါ ချောမောလှသည့် မျက်နှာတွင် ကလေးဆန်မှုတို့ ရှားရှားပါးပါး ထွက်ပေါ်လာတော့သည်။


“ခင်ဗျား ...”


သူက တီးတိုးပြောလိုက်သည်။


“ဒါဆို အခု ကျွန်တော် ပြန်ရိုက်လို့ ရပြီလား ...”


လင်းလောချင် “...”


လင်းလောချင် “???”


လင်းလောချင် “!!!”


သူ့ရှေ့တွင် ပြုံးပြုံးကြီး ရပ်ကြည့်နေသူကို စိုက်ကြည့်ရင်း “အပြုံးထဲ ဖွက်ထားတဲ့ ဓားတစ်လက်" "ဂွမ်းစထဲ စိုက်ထားတဲ့ အပ်တစ်ချောင်း” ဟူသည့် စကားတို့၏ သရုပ်ပုံကို နက်နက်ရှိုင်းရှိုင်း နားလည် သဘောပေါက်သွားတော့သည်။


ဒီအပြုံးသေးသေးလေးထဲမှာကို အင်အားတွေ အများကြီး ပါနေတာပဲ ...


အနေရခက်စွာဖြင့် ခပ်ဟဟ ရယ်မောကာ တအံ့တဩ ရေရွတ်လိုက်သည်။


“ငါက မင်းကို ဘယ်လိုလုပ် ရိုက်မှာလဲ မင်း အမှတ်မှားနေတာ နေမှာပါ ငါ့ဘဝတစ်လျှောက်လုံး ကလေးတွေကို လုံးဝ မရိုက်ဖူးဘူးနော် ငါက ဒီလောက် ကြင်နာတတ်တာကို ...”


“အိုး ...”


ကလေးက သူ့လက်မောင်းကို ပြန်ဆွဲကာ ဘောင်းဘီစကို ဆွဲတင်ပြီး ခြေသလုံးရှိ ဒဏ်ရာတို့ကိုပါ ပြလိုက်သည်။


လင်းလောချင် “...”


ဖာ့ခ် မူလကိုယ်က လူကို မဟုတ်တော့ဘူးဟေ့


သူက ဒီလို ကလေးပေါက်စလေးကို ရက်ရက်စက်စက် နှိပ်စက်ရက်တယ် ...


နေပါဦး ...


ရုတ်ချည်း တစ်ခုခုကို သတိရသွားတော့သည်။


ကလေးတစ်ယောက် လင်းလောချင်နဲ့ အတူတူ နေတယ် ပြီးတော့ နှိပ်စက်ခံရတယ် ...


သူ့ခေါင်းတစ်ခုလုံး အရိုက်ခံလိုက်ရသည့်နှယ် မူးဝေသွားတော့သည်။


“လင်း ...လင်းဖေးလား ...”


“ဟုတ်တယ် ...”


ကလေးက ပြန်ဖြေလိုက်သည်။


“ဒါဆို ကျွန်တော့်ကို ပြန်ရိုက်ခွင့် ပေးဦးမှာလား ...”


လင်းလောချင် “...”


ဒါကြီးက အရမ်းကို ကံဆိုးလွန်းရာ မကျဘူးလား ...


အရမ်းအရမ်းကိုမှ ကံဆိုးလွန်းတာကြီးလေ ...


အခုမှ ကျိလဲ့ယွီရဲ့ ပြဿနာလေး ရှင်းပြီးမလို့ ရှိသေးတယ် လင်းဖေးဘက်ကို ရှင်းရတော့မှာလား ...


လင်းဖေးက သူ့ကို ခွေးတစ်ကောင်နဲ့ လက်မထပ်ခိုင်းပေမယ့် အခန်းကျဉ်းကျဉ်းမှောင်မှောင်လေးထဲမှာ ပိတ်လှောင်ထားတာလေ ခွေးအဖြစ် ပြောင်းရမှာကိုတောင် မသတီသလိုမျိုး ...


လင်းလောချင်၏ နှလုံးသားတစ်ခုလုံး ကွဲကြေသွားတော့၏။


တစ်ခြားသူတွေ ကူးပြောင်းရင် ဧကရာဇ်ရဲ့ ကိုယ်ထဲတို့ ချမ်းသာတဲ့ မိသားစုက သားရဲ့ ကိုယ်ထဲတို့ ကူးပြောင်းတဲ့ဟာ သူ့ကျမှ ဘာလို့လဲ အခုအချိန်အထိ သေမင်းခံတွင်းဝမှာ ရုန်းကန်နေရဦးမှာလား နောက်ထပ် အခက်အခဲတွေနဲ့ ကြုံဖို့အရေး ဒုက္ခမျိုးစုံနဲ့ ရင်ဆိုင်နေရသလိုပဲဟေး ...


နေပါဦး သူ ဘယ်လိုဖြစ်လို့ မေ့သွားရတာလဲ ကျိလဲ့ယွီနဲ့ လင်းဖေးက အရွယ်မှ မရောက်သေးတာ လင်းဖေးကလည်း အနိုင်ကျင့်တာ ခံရတယ် ဆိုပေမယ့် မူလကိုယ်နဲ့ ဆက်နေနေတုန်းပဲလေ ...


သူက လင်းဖေးကို အနီးကပ် ကြည့်ကြည့်လိုက်၏။ လင်းဖေး၏ ရုပ်ရည်သွင်ပြင်မှာ လွန်စွာ ကြည်လင်သန့်ရှင်းကာ ချောမောသည့်တိုင် သူနှင့်လည်း အနည်းငယ် ဆင်တူနေပေသည်။


ကျိယုရှောင်၏ ဧည့်သည်အခန်းတွင် ရှိခဲ့စဉ်က သူ့ရုပ်ကို မှန်ထဲမှတစ်ဆင့် မြင်ခဲ့ဖူးပြီးဖြစ်ရာ သူ၏ မူလရုပ်ရည်နှင့် မူလကိုယ်၏ ရုပ်ရည်မှာ အံ့ဩဖွယ်ကောင်းလောက်အောင်ပင် ထပ်တူထပ်မျှ တူညီနေပေသည်။ ခြားနားချက်ဟူ၍ သူ့မျက်လုံးအောက်ရှိ မျက်ရည်ခံမှဲ့တစ်ခုသာ ရှိပေသည်။


ထို့ကြောင့် လင်းဖေးက သူနှင့် ရုပ်ချင်း ဆင်တူသည်မှာ ယုတ္တိရှိပေသည်။ ထို့အပြင် သူသည် မူလကိုယ်၏ တူဖြစ်ရာ တူများသည် ဦးလေးနှင့် ရုပ်ချင်းဆင်ကြစမြဲ ဖြစ်ပေသည်။


လင်းဖေး၏ မိခင်  လင်းလောရှီမှာ လင်းလောချင်၏ အစ်မအရင်း ဖြစ်ကာ သူ့ထက် လေးနှစ်ခန့် ပိုကြီးပေသည်။ ငယ်ရွာ်စဉ်ကတည်းက မိခင်ဖြစ်သူကို ဆုံးရှုံးခဲ့ကြရသည့်အပြင် မိထွေးဖြစ်သူ၏ သွေးထိုးမှုကြောင့် ဖခင်အရင်းကလည်း သူတို့ အရွယ်ရောက်သည်နှင့် တစ်ပြိုင်နက် အိမ်မှ နှင်ချခဲ့သည့်အတွက် သူမအပေါ် အမြဲ မှီခိုနေခဲ့သည့် မောင်ငယ်လေးကို ထာဝစဉ် ချစ်ခင်ခဲ့သည်။


သို့သော် အစ်မကြီးမှာ နူးညံ့ကာ ဂရုစိုက်တတ်သည့် မိခင်တစ်ဦးနှင့်တော့ တူညီမည် မဟုတ်ပေ။ လင်းလောချင်က သူမ၏ ဂရုစိုက်မှုတို့ကို လက်ခံရရှိခဲ့သည့်တိုင် ကျေးဇူးတင်ခြင်း အလျဉ်းမရှိ၊ ဖြစ်သင့်သည့် လုပ်ရပ်ဟုသာ ထာဝစဉ် မှတ်ယူထားသည်။ ပြင်းစွာ နာမကျန်းဖြစ်ကာ သေလုမျောပါး ဖြစ်ချိန်တွင် သားဖြစ်သူကို သူ့လက်ထဲသို့ အပ်ခဲ့၏။ လင်းလောချင်မှာ သေဆုံးသွားပြီဖြစ်သော အစ်မဖြစ်သူ၏ ရုပ်အလောင်းကို ငေးကြည့်ရင်း မျက်ရည်ဖြိုင်ဖြိုင် ကျဆင်းခဲ့သော်ငြား ၎င်းနောက်တွင် ထွက်ပေါ်လာသော ပျင်းရိငြီးငွေ့သည့် ခံစားချက်မှာလည်း အစစ်အမှန်ပင်ဖြစ်သည်။


လင်းဖေးသည် ဉာဏ်ရည်ထက်မြတ်ကာ ပါးနပ်ပြီး အခြားသူအား အနှောင့်အယှက် ပေးလိုခြင်း အလျဉ်းမရှိသည့်တိုင် ကလေးတစ်ဦးသာ ဖြစ်သည့်အတွက် အချို့အရာများကို သေချာ နားမလည်နိုင်သေးရာ အုပ်ထိန်းသူတစ်ဦး လိုအပ်နေဆဲဖြစ်သည်။


သူ့အဖို့ အမေပြီးလျှင် ဦးလေးကသာ အရင်းနှီးရဆုံးသူ ဖြစ်ကြောင်း သူ့အမေ မှာခဲ့သည့် စကားများကို မှတ်မိနေသေးသည်။ သူမ မသေဆုံးမီက သူ့ကို အနားခေါ်ကာ ဦးလေးဖြစ်သူ၏ အနောက်သို့ လိုက်ကာ လိမ္မာသိတတ်သည့် တူတစ်ဦးအဖြစ် နေထိုင်ရန် မှာကြားခဲ့ဖူးသည်။


ထို့ကြောင့် မိခင်ဖြစ်သူ၏ ဈာပနအပြီးတွင် လင်းဖေသည် လင်းလောချင်အပေါ် အလုံးစုံ ပုံအပ်ကာ ယုံကြည်အားကိုးခဲ့တော့သည်။


သို့သော် လင်းလောချင်ကမူ သူ၏ ယုံကြည်အားကိုးမှုကို လက်မခံ။ သူ့အဖို့ ကလေးတစ်ဦးနှင့်အတူ နေထိုင်ကာ ကျောင်းပို့ကျောင်းကြို အိမ်စာ ကူလုပ်ပေးရသည့်အပြင် မိဘဆရာ အစည်းအဝေးများနှင့် အားကစားပွဲတော်များကိုပါ တက်ရောက်ရခြင်းမှာ လွန်စွာ စိတ်အနှောင့်အယှက် ဖြစ်ဖွယ်ရာပင်။ သူ့အတွက် အဝတ်အစား ဝယ်ပေးကာ ချက်ပြုတ်ကျွေးမွေး ရေချိုးပေးရသည့် ကိစ္စများမှာမူ ထည့်ပြောရန်ပင် မလိုတော့ချေ။


လင်းလောချင်က ရက်အနည်းငယ်ခန့် ကြိုးစားအားထုတ်ခဲ့သေးသော်ငြား နောက်ပိုင်းတွင်မူ လက်မြှောက်အရှုံးပေးလိုက်တော့သည်။ မိတ်ဆွေ အပေါင်းအသင်းများကလည်း "ဒီလောက် ငယ်ငယ်လေးနဲ့တင် ကလေးတစ်ယောက်ရဲ့ ဒုက္ခကို ခံနေရရင် ဘယ်လိုလုပ် အချစ်ကို ရှာတွေ့တော့မှာလဲ" ဟု ပြောလာကြသည့်အတွက် လင်းဖေးကို စောင့်ရှောက်ရခြင်းအပေါ် ပျင်းရိစိတ်သည် မနှစ်မျို့မှုအဖြစ်သို့ တစ်ဖြည်းဖြည်း ပြောင်းလဲလာတော့သည်။


သူ့တွင် သဘောကျမိသူတစ်ဦး ရှိကာ ထိုသူက သူ့ကို သဘောမကျ၊ ကလေးရှိခြင်း မရှိခြင်းအပေါ်လည်း ဂရုစိုက်မသော်ငြား သူ့အတွေးတွင်မူ ထို မလိုချင်သည့် ကလေးကြောင့်သာ သူ့ကို ပို၍ သဘောမကျခြင်း ဖြစ်ရမည်ဟု ကောက်ချက်ချလိုက်တော့သည်။


ထိုအချိန်က စဉ်းစားဆင်ခြင်နိုင်စွမ်းလည်း မရှိ‌တော့။ အစ်မဖြစ်သူသည် သူ့ကို ဂရုမစိုက်၍သာ ကလေးတစ်ယောက်နှင့် ထားခဲ့သည်ဟုပင် ခံစားမိလာတော့သည်။


သူ့အသက်က ငယ်သေးတဲ့ဟာ ဒီကလေးနဲ့ဆို ဘယ်လိုလုပ် လက်ထပ်နိုင်တော့မှာလဲ ...


ထိုအချိန်မှစကာ သူ့မျက်လုံးထဲတွင် လင်းဖေးသည် မနှစ်မျို့ဖွယ် သက်ရှိအဖြစ်သို့ တစ်ဖြည်းဖြည်း ပြောင်းလဲလာတော့သည်။ ကလေးကို နှုတ်အားဖြင့် တိုက်ခိုက်ညှင်းဆဲရုံသာမက ကိုယ်ထိလက်ရောက် ရိုက်နှက်ခြင်းကိုပါ ပြုလုပ်လာတော့သည်။


အစပိုင်းကမူ လင်းဖေးက အံ့အားသင့်စွာဖြင့် ဤသို့သာ ပြောခဲ့သည်။


"ရှုရှု မလုပ်ပါနဲ့ ..."


သိူ့သော် နောက်ပိုင်းတွင်မူ ထိုသို့ ပြော၍လည်း အသုံးမဝင်သည့်အတွက် မပြောတော့။ အငေါက်ခံရသည့်အခါ တိတ်တဆိတ်သာ စာဖတ်ပြီး အရိုက်ခံရပါလျှင် တည်တည်ငြိမ်ငြိမ်ဖြင့်သာ ရှောင်ရှားတော့သည်။ ပုန်းစရာနေရာ ရှာမတွေ့၍ အရိုက်ခံရလေတိုင်း ထိုဖြစ်ရပ်ကို သူ့နှလုံးသားအောက်ခြေအထိ နက်ရှိုင်းစွာ မှတ်သားထားလိုက်သည်။


စောစောစီးစီး ရင့်ကျက်သည့်အပြင် ဉာဏ်ရည် ထက်မြက်သူလည်း ဖြစ်သည့်အတွက် သူ့အသက်အရွယ်ဖြင့် မည်သည့်အရာကိုမှ အလျင်စလို ပြုလုပ်၍ မရ၊ တစ်ဦးတည်းသော ကျန်ရစ်သည့် ဆွေမျိုးကိုသာ စွန့်ခွါလာပါလျှင် အခြား မကောင်းသည့်သူများဖြင့်သာ တွေ့ကြုံလာနိုင်ကြောင်း ကောင်းကောင်းကြီး သဘောပေါက်ထားပေသည်။ လင်းလောချင်သည်သာလျှင် သူ ရင်းနှီးသည့် တစ်ဦးတည်းသောသူ ဖြစ်ကာ သူ့ကိုလည်း ကျောင်းတက်ခွင့် ပေးထားသည့်အတွက် အကျိုးအပြစ်တို့ကို ချိန်ဆပြီးနောက် သူနှင့်အတူ ဆက်နေရန်သာ ဆုံးဖြတ်လိုက်သည်။



Xxxxxxxx