အပိုင်း၅
Viewers 28k

Chapter 5

Chapter 5



တည်ငြိမ်အေးဆေးစွာဖြင့်သာ ကြီးပြင်းလာကာ မည်ကဲ့သို့သော ဒဏ်ရာမျိုး ရရှိလာပါစေ အလယ်တန်းသို့ ရောက်သည်အထိ ကြိတ်မှိတ်သည်းခံခဲ့သည်။


ထိုကာလများအတွင်း သူစုထားသည့် မုန့်ဖိုးကို အခြေပြုကာ ကျောင်းအိပ်ကျောင်းစား နေထိုင်ရန် ရွေးချယ်လိုက်၏။ လင်းလောချင်ကလည်း ဝန်ထုပ် ပေါ့သွားသည့်အတွက် ဝမ်းသာအားရ သဘောတူလိုက်ရာ သူ့ မျက်ကွယ်တွင် လင်းဖေးတစ်ယောက် မည်မျှအထိ ကြီးပြင်းလာကြောင်း မသိတော့ချေ။



လင်းဖေးအကြောင်း မေ့လုနီးပါး ဖြစ်နေချိန် ပြန်တွေ့လိုက်ရကာမှ သူ့တူမှာ လွန်စွာ အရပ်ရှည်ကာ သူ့ထက်ပင် သန်မာနေပြီဖြစ်ကြောင်း သတိပြုမိသွားတော့သည်။ သူပင် မော့ကြည့်ရလောက်သည်အထိ ကြီးပြင်းလာ၏။


ထိုအချိန်မှစကာ လင်းဖေးသည် သူ ခံစားခဲ့ရသမျှ အားလုံးကို တစ်ခုမကျန် ပြန်လည်ပေးဆပ်စေတော့သည်။


လင်းလောချင်ကို မျက်တောင်တစ်ချက်ပင် မခတ်ဘဲ ပြန်လည်ကာ လက်စားချေလိုက်၏။ ငယ်စဉ်က သူ့ကို ရိုက်နှက်ခဲ့သည့်အတွက် ပြန်လည်ကာ ရိုက်နှက်ရန် ကြေးစားများ ငှားရမ်းကာ သူ့ကို ဆူပူကြိမ်းမောင်းခဲ့သည့် လုပ်ရပ်အတွက်လည်း တစ်ဖန် ဆူပူကြိမ်းမောင်းခံရရန် ကြံစည်ခဲ့သည်။ ဤကဲ့သို့ ခြောက်လခန့် ဆက်တိုက် လက်စားချေပြီးနောက် ပျင်းရိငြီးငွေ့လာသည့်အတွက် လင်းလောချင်ကို ခုနစ်ရက်ဆက်တိုက် ပိတ်လှောင်ထားလိုက်ပြန်၏။ ထိုသူ သေလုနီးပါး ဖြစ်သွားကာမှ ပြန်လွှတ်ပေးကာ သူတို့နှစ်ဦးတွင် ပတ်သက်ဆက်နွယ်ရန်အကြောင်း လုံးဝ မရှိတော့ဟုပါ တစ်ပါတည်း ကြေငြာလိုက်သည်။


သူကဲ့သို့သော လူစားမျိုးမှာ အောင်မြင်ရမည့် ကံကြမ္မာနှင့် မွေးဖွားလာသူများ ဖြစ်ပေသည်။ ထို့ကြောင့် အောက်ခြေအဆင့်မှ စတင်ရသည့်တိုင် ရေခဲရိုက်မျက်နှာပိုင်ရှင် ငရဲဘုရင်အဖြစ် နာမည်ကြီးလာခြင်းမှာ မဆန်းကြယ်လှပေ။


ယခု သူ့ရှေ့တွင် ရပ်နေသည့် ကလေးလေးမှာ ငရဲဘုရင်အဖြစ်သို့ မပြောင်းလဲသေး။ နူးညံ့လှသည့် အသံလေးဖြင့် ခပ်ပြုံးပြုံး ပြောနေဆဲဖြစ်သည်။ သူ့စကားတို့မှာ ကလေးတစ်ဦး၏ မရင့်ကျက်မှုတို့ ရောယှက်နေသေးသည့်တိုင် လင်းလောချင်ကိုမူ တဆတ်ဆတ် တုန်ရီလာစေပေသည်။


"ပြန်ရိုက်လို့ ရလားလို့ စောစောက ရှုရှုပြောတော့ ကျွန်တော့်ကို ရိုက်တဲ့သူ ဘယ်သူ့ကိုမဆို ပြန်ရိုက်လို့ ရတယ်ဆို အဲဒီ့စကားက အခုရော အကျုံးဝင်သေးလား ..."


ဟေး မင်းက အခုအချိန်ကတည်းက နှလုံးသားတွေ အေးစက်နေရတော့မှာ မဟုတ်ဘူးလား ဘာလို့ ဆက်တိုက်ကြီး ပြုံးနေရတာလဲ ပြုံးစမရှိတဲ့သူတွေ ဆက်တိုက်ကြီး ပြုံးနေတာက ပိုကြောက်ဖို့ကောင်းတယ်ဆိုတာ မသိဘူးလား ...


လင်းလောချင်က ကလေး၏ အဆိပ်ကင်းလှသော အပြုံးကို ငေးကြည့်ကာ သက်ပြင်းရှိုက်လျက် သူ့ကိုယ်သူ နောက်တစ်ကြိမ် ကယ်တင်ရန် ဆုံးဖြတ်လိုက်တော့သည်။


လင်းဖေးကို ပွေ့ဖက်ကာ တစ်ဖက်သူက မည်သို့မျှ ပြန်လည် မတုန့်ပြန်နိုင်ခင် ပါးနှစ်ဖက်ကို နမ်းရှိုက်လိုက်သည်။


လင်းဖေးက သူ့ကို ရွံရှာစွာဖြင့် တွန်းထုတ်ရန် ကြိုးစားလိုက်သော်ငြား မအောင်မြင်။ ထိုသူ၏ ပုခုံးတို့ကို တွန်းမထုတ်နိုင်သည့်အတွက် ခေါင်းကို စောင်းကာသာ ရှောင်ရှားလိုက်ရတော့သည်။


"တောင်းပန်ပါတယ် ရှုရှု မှားသွားပါတယ် ..."


လင်းလောချင်က ကလေးကို ပွေ့ဖက်ထားရင်း မျက်ရည်တို့ ပိုးပိုးပေါက်ပေါက် ကျဆင်းသွားတော့သည်။


"ရိုက်တယ်ဆိုတာက မင်းကို ချစ်လို့ ဆူတယ်ငေါက်တယ်ဆိုတာကလည်း ချစ်လို့ပါ တို့တွေသာ သွေးသား မတော်စပ်ရင် ဆူပါ့ရိုက်ပါ့မလား ရှုရှုက မင်းကို ဆူတယ်ရိုက်တယ်ဆိုတာ ချစ်လို့ပါ ..."


လင်းဖေး "..."


လင်းဖေးက သူ့ကို စိုက်ကြည့်လိုက်သည်။


လင်းလောချင်က ဖက်ထားသည့် လက်တို့ကို အနည်းငယ် ဖြေလျော့ကာ လင်းဖေး၏ ဖြူလျော်နေသော မျက်နှာကို ငေးကြည့်လိုက်သည်။


"မင်းကို ရိုက်တဲ့အချိန်တိုင်း ရှုရှုရဲ့ နှလုံးသားလည်း နာကျင်ရပါတယ် ပြောရရင် မင်းကို ရိုက်တဲ့အချိန်တိုင်း မင်းထက်ပိုပြီး စိတ်ထဲမှာ နာကျင်ရလို့ နှလုံးသားတွေ ..."


သူ့ရင်ဘက်ကို လက်ညှိုးထိုးပြကာ ပြောလိုက်သည်။


"ဖက်ထုပ်အစာသွပ်ကို နုတ်နုတ်စင်းထားလိုက်သလိုပဲ ပါးလွှာပျက်စီးကုန်တာ ..."


လင်းဖေး "..."


သူ့နှုတ်ခမ်းထောင့်စွန်းတို့ ကော့တက်သွားတော့၏။


လင်းလောချင်က သူ့ကို လွှတ်ပေးကာ လက်မောင်းနှစ်ဖက်ကိုသာ ကိုင်ထားလိုက်သည်။


"ရှုရှုကိုရိုက် ..."


လင်းဖေး "ဟမ် ..."


"မင်း မရိုက်နိုင်မှန်း သိသားပဲ ..."


လင်းလောချင်က လွန်စွာ ဝမ်းနည်းနေဟန်ဖြင့် ပြောလိုက်သည်။


လင်းဖေး "..."


"ဒါမှမဟုတ် ရှုရှုကို ငေါက်မလား ..."


သူက ထပ်မံ အကြံပြုလိုက်ပြန်သည်။


လင်းဖေး "???"


"မင်းက အရမ်းကြင်နာတတ်တဲ့ဟာ ဘယ်လိုလုပ် ရှုရှုကို အော်ငေါက်ရက်မှာလဲ နော် ..."


လင်းဖေး "..."


"ဘုရားရေ ဖေးဖေးရယ် ဘယ်လိုဖြစ်လို့များ မင်းရဲ့ နစ်နာချက်တွေကို ပြန် လက်တုန့်မပြန်ဘဲ ဒီရွံစရာ ရှုရှုကို ခွင့်လွှတ်ပေးရတာလဲကွယ် အရမ်းကို ခန္တီပါရမီနဲ့ ပြည့်စုံလိုက်တာ ..."


သူက လင်းဖေးကို ပွေ့ဖက်လိုက်ပြန်သည်။


"မင်းက ကလေးလေး အရမ်းကို ငယ်သေးတဲ့ ကလေးပေါက်စလေးပဲ ဖြစ်နေသေးတာကိုတောင် မကျေနပ်ချက်တွေကို ဘယ်လိုမျိုး လွှတ်ချရမယ်ဆိုတာ နားလည်နေပြီ လောကကြီးရဲ့ မကောင်းမှုတွေကို အချစ်တွေနဲ့ လွှမ်းမိုးရမယ် ဆိုတာကိုပါ သိနေပြီပဲ ချင်မင်းဆက်၊ ဟန်မင်းဆက်နဲ့ ဝူမင်းဆက် ‌ဧကရာဇ်တွေက အရမ်းကို ကြီးကျယ်ခမ်းနားပြီး ထန်မင်းဆက်နဲ့ စုန့်မင်းဆက်တွေက အရမ်းကို မြင့်မြတ်ခဲ့တာ နှမြောစရာပဲ နောင်လာနောင်သားတွေရဲ့ ဂုဏ်ယူစရာ ဂျင်ဂျစ်ခန်တောင် ငယ်ငယ်တုန်းက မင်းလိုမျိုး မစဉ်းစားတတ်ခဲ့ဘူး မင်းက နိုင်ငံ့မျှော်လင့်ချက် အမိမြေရဲ့ အနာဂတ်ပဲ ..."


လင်းဖေး "..."


သူ့အကြည့်တို့မှာလည်း တုန်လှုပ်မှု သုံးဆယ်ရာခိုင်နှုန်း၊ မယုံကြည်နိုင်မှု သုံးဆယ်ရာခိုင်နှုန်းနှင့် စကားပင် မပြောလိုတော့မှု လေးဆယ်ရာခိုင်နှုန်းတို့ဖြင့် ပြည့်နှက်သွားတော့သည်။


"ရှုရှုလည်း ကိုယ့်ကိုယ်ကို မှားမှန်း သိပါပြီ ..."


သူက နူးညံ့စွာ ပြောလိုက်သည်။


"မင်းကို နောက်ထပ် လုံးဝ မရိုက်တော့ဘူး ဒီနေ့ကနေစပြီး မင်းက ရှုရှုရဲ့ အချစ်ရဆုံး ပေါင်ပေ့လေးပဲ လမင်းကြီး မပျောက်ကွယ်‌သရွေ့ ရှုရှုလည်း မင်းကို အမြဲတမ်း အဖော်ပြုပေးသွားမှာ ..."


ထိုသို့ပြောကာ လင်းဖေးကို တစ်ဖန် နမ်းလိုက်ပြန်သည်။ လင်းဖေးက သူ့ကို ချက်ခြင်း တွန်းထုတ်ပြီး ရှုပ်ထွေးနေသည့် အကြည့်တို့ဖြင့် စိုက်ကြည့်လိုက်သည်။


"ဒါဆို စောစောက စကားတွေက အကျုံးမဝင်ဘူးဆိုတဲ့ သဘောပေါ့ ..."


လင်းလောချင် "???"


မဟုတ်သေးပါဘူး ကလေးလေးရေ မင်းက အခုထိ ဒီ မုန်းစရာ ရှုရှုကို လက်စားချေဖို့ တွေးနေတုန်းလား ...


ငါ့စကားတွေက လေထဲမှာတင် ပျောက်သွားတာလား ...


တကယ်ဆို ရင်ခွင်ထဲ ပြေးဝင်လာပြီး အရမ်းကို နက်ရှိုင်းတဲ့ ကြင်နာမှုတွေကို ပြရမှာ မဟုတ်ဘူးလား ...


ဘာလို့ အရမ်းကို ဘာသိဘာသာကြီး ဖြစ်နေရတာလဲ ...


လာလေ ပေါင်ပေ့လေးရဲ့ ဒီရှုရှုက မင်းအတွက် လက်မောင်းတွေ ဆန့်တန်းပြီး ရင်ခွင်ကြီးကို ဖွင့်ပေးထားတဲ့ဟာကို ...


သို့သော် လင်းဖေးကမူ သူ့ရင်ခွင်ထဲ ပြေးဝင်မလာ။ အသာ ရပ်ကြည့်နေလိုက်သည်။


လင်းလောချင် "..."


ကောင်းပြီလေ သူက တကယ်ကို အေးစက်တဲ့ ငရဲဘုရင်ကြီးပဲ သကာရည်ဆမ်းထားတဲ့ စကားလေးတွေက သူ့စိတ်ကို လှုပ်ရှားအောင် မလုပ်နိုင်မှတော့ အရိုက်ပဲ ခံလိုက်ပါ့မယ်လေ ဘာပဲဖြစ်ဖြစ် သူ အရွယ်ရောက်လာတဲ့အထိ စောင့်ပြီးမှ ကြေးစားတွေ ရိုက်တာကို ခံရတာနဲ့ စာရင်တော့ တော်ပါသေးတယ် ...


"ကောင်းပြီလေ ..."


သူက ပြောလိုက်သည်။


"မင်းကို ဘယ်လောက်ပဲ ချစ်ချစ် ဘယ်လောက်ပဲ ဂရုစိုက်စိုက် ရိုက်ခဲ့တာက ရိုက်ခဲ့တာပဲလေ ငါ့အမှားတွေ ဆိုမှတော့ မင်း ငါ့ကို ပြန်ရိုက်မယ်ဆိုတာ ဖြစ်သင့်ပါတယ်လေ ..."


လင်းဖေး "???"


လင်းဖေးမှာ အလွယ်တကူ မယုံကြည်တတ်သူဖြစ်ရာ အကြည့်တို့မှာ မယုံသင်္ကာ သုံးဆယ်ရာခိုင်နှုန်း၊ သံသယ သုံးဆယ်ရာခိုင်နှုန်းနှင့် ယုံကြည်ခြင်း အလျဉ်းမရှိမှုတို့ သုံးဆယ်ရာခိုင်နှုန်းဖြင့် ပြည့်နှက်သွားတော့သည်။


လင်းလောချင်ကမူ သူ့အကြည့်တို့ကို နားမလည်နိုင်ခဲ့။


သူက ဘာလို့ ဒီလောက်အထိ ဇယားကွက်တွေ အများကြီး ဆွဲရတာကို ကြိုက်နေရတာလဲ ...


ပန်းချီဆရာ ဖြစ်ချင်လို့များလား ...


ငယ်ငယ်လေးကတည်းက ပန်းချီဆွဲလာတာမျိုးလေ ....


"ရိုက်လေ ..."


လင်းလောချင်က မျက်တောင်တဖျတ်ဖျတ်ခတ်ကာ သူ့လက်ကို ဆန့်ထုတ်ပေးပြီး မျက်ရည်စတို့ ရစ်သိုင်းနေသည့် အကြည့်တို့ဖြင့် လင်းဖေးကို အားတက်သရော စိုက်ကြည့်လိုက်သည်။


လင်းဖေးမှာလည်း ထို အပြစ်ကင်းမဲ့လှစွာသည့် သွင်ပြင်သဏ္ဍာန်ကြောင့် ကြောင်အသွားတော့၏။ မည်မျှပင် ထက်မြက်နေပါစေ သူသည် ငါးနှစ်ခြောက်နှစ်အရွယ်သာ ရှိသေးသည့်အတွက် သူ့ကို "အရှုပ်ထုပ်" ဟု သတ်မှတ်ခဲ့သူမှာ မည်သည့်အတွက်ကြောင့် သူ့ကို လွန်စွာ ဂရုစိုက်လှသူအဖြစ်သို့ ရုတ်ချည်း ပြောင်းလဲသွားကြောင်း နားမလည်နိုင်ပေ။


သို့သော် သူ့အဖို့ လက်တုန့်ပြန်နိုင်မည့် အခွင့်အရေးမှာ လွန်စွာ ရှားပါးလှသည့်အတွက် လက်စားချေရန် လက်ကို တုန့်ဆိုင်းခြင်း အလျဉ်းမရှိဘဲ မြှောက်လိုက်တော့သည်။


လင်းလောချင်ကလည်း လက်မြှောက်လာသူကို ငေးကြည့်ကာ အရိုက်ခံရန် အဆင်သင့်ပြင်လိုက်သည်။


ကလေးတစ်ယောက်ပဲဟာ ဘယ်လောက်အထိ အားရှိနိုင်မှာတဲ့လဲ သေချာပေါက်ကို နူးနူးညံ့ညံ့နဲ့ နာမှာ မဟုတ်ပါဘူး ...


ထို့ကြောင့် လင်းဖေးကို နူးညံ့စွာ စိုက်ကြည့်ရင်းပင် အားပေးလိုက်သေးသည်။


"အဆင်ပြေပါတယ် ရှုရှု မနာပါဘူး ရှုရှုကို သာသာလေး မရိုက်ဘဲ အားထည့်ရိုက်လည်း ရတယ် သိလား မင်းကို လုံးဝ အပြစ်မပြောဘူး ..."


ထိုစကားများ ကြားလိုက်ရကာမှ လင်းဖေးလည်း တစ်ခုခု သတိရသွားသည့်ဟန်။ လက်ကို ပြန်ရုတ်ကာ ပြောလိုက်သည်။


"တစ်ခုခု သွားယူလိုက်ဦးမယ် ..."


လင်းလောချင် "???"


သွားယူမယ် ... ဘာကြီးကို သွားယူမလို့လဲ ...


မီးဖိုတံခါး အနောက်ထဲသို့ ဝင်သွားသူကို အံ့ဩတကြီး ငေးကြည့်နေလိုက်၏။ နောက်တစ်စက္ကန့်ခန့် အကြာတွင် လင်းဖေးက တံမြက်စည်းတစ်ချောင်းကို ကိုင်လျက် တံခါးအနောက်မှ ထွက်လာသည်။


လင်းလောချင် "..."


မဟုတ်သေးပါဘူး တကယ်ကြီးလား ...


ဒီလောက်အထိကို ရက်စက်မှ ရမှာလား ...


ငါက မင်းရဲ့ ချစ်ရတဲ့ ဦးလေးလေ ...


အိုး ချစ်ရတဲ့ဦးလေး ဆိုတာကတော့ မဟုတ်သေးဘူးပဲ ...



လင်းလောချင်သည် သူ့အနားသို့ တစ်လှမ်းချင်း လျှောက်လှမ်းလာသည့် လင်းဖေးကို လွန်စွာ ကို့ရို့ကားယား နိုင်လှသည့် ခံစားချက်မျိုးစုံ ရောထွေးလျက် စိုက်ကြည့်လိုက်သည်။


သူက လင်းဖေးကို လျော့တွက်မိတယ် ဆိုပေမယ့် လင်းဖေးကလည်း ဘာလို့ ဒီလောက်အထိ ခက်ထန်နေရတာလဲ ...


ဒီလောက် ငယ်ငယ်လေးပဲ ရှိသေးတာကိုတောင် ဘယ်လိုဖြစ်ပြီး ပြင်ပခွန်အားတွေ အသုံးပြုရမယ် ဆိုတာကိုပါ သိနေရတာလဲ ...


ဘယ်ခွေးကောင်က သူ့ကို သင်ပေးလိုက်တာလဲကွ ...


ထို့နောက်မှ သတိပြန်ရသွားတော့၏။


တကယ်ဆို မူလကိုယ်ကမှ ခွေးကောင်အစစ် မဟုတ်ဘူးလား သူက လင်းဖေးကို တံမြက်စည်းနဲ့ ရိုက်ခဲ့တာဆိုတော့ လင်းဖေးလည်း သူ့ဆီကနေ အများကြီး သင်ယူခဲ့မှာပဲလေ လူကို ရိုက်တဲ့နေရာမှာ ပစ္စည်းတစ်ခုခုသုံးပြီး ရိုက်တာက လက်ဗလာနဲ့ ရိုက်တာထက် ပိုနာမှန်း သူသိမှာပေါ့ ...


ဆိုတော့ မူလကိုယ်ရေ ငါ မင်းကို ဘာတွေများ အကြွေးတင်ခဲ့လို့လဲကွာ ...


ငါ့ကို ဒီနေရာကနေ ပြန်လည်ကူးပြောင်းခွင့် ပေးပါတော့ ...


လင်းဖေးကမူ သူ၏ စိတ်တွင်းမှ ကြုံးဝါးသံများကို အမှုမထား။ တံမြက်စည်းရိုးကို ကိုင်ထားရင်းသာ ရှေ့သို့ တစ်လှမ်းချင်း တိုးလာလိုက်သည်။


"ရှုရှု ကျွန်တော် ပြန်ရိုက်ချင်တယ် ..."


လင်းလောချင် "..."


လင်းလောချင် :QAQ


သူ ဘာပြောနိုင်ဦးမှာလဲ ...


ရိုက်ဖို့ ကတိပေးခဲ့တာလည်း သူကိုယ်တိုင်ပဲ ဆိုမှတော့ အရှုံးပေးပြီး လက်ခံလိုက်ရုံပဲ ရှိတော့တာပေါ့ ...


သူ့လက်ကိုသာလျှင် ဆန့်ထုတ်ပေးလိုက်တော့၏။ တစ်ဖန် တစ်ခဏမျှ စဉ်းစားကာ ဘယ်ဘက်လက်ကို ပြောင်းထုတ်ပေးလိုက်သည်။



ညာဘက်က ထမင်းစားဖို့၊ စာရေးဖို့ လိုအပ်သေးတယ်လေ ...


လင်းဖေးက တံမြက်စည်းကို မြှောက်ကာ နှုတ်ခမ်းကို ဖိကိုက်ထားလိုက်၏။ လင်းလောချင်က ခေါင်းကို တစ်ဖက်စောင်းကာ စိတ်ထဲမှ တိတ်တိတ်လေး ငိုကြွေးလိုက်သည်။


ငါ့ဘယ်ဘက်လက်ကလေးကလည်း အမှိုက်ပစ်တာတွေ၊ ဖုန်းသုံးတာတွေ လုပ်လို့ရသေးတယ်လို့ ...


ထို့နောက် အသံတစ်ခု ကြားလိုက်ရကာ သူ့မျှော်လင့်ထားသည့် တံမြက်စည်းဖြင့် ရိုက်ချက်ကို မခံစားလိုက်ရ။ ထိုအစား ကလေးတစ်ယောက်၏ လက်အားကိုသာလျှင် ခံစားလိုက်ရသည်။ ခက်ထန်သည့်တိုင် လွန်စွာအားမပြင်းလှ။


လင်းလောချင်က အံ့ဩတကြီး လှည့်ကြည့်လိုက်၏။ လင်းဖေး၏ မျက်နှာပေါ်ရှိ အပြုံးတို့က ပျောက်ကွယ်မသွားသေးသည့်တိုင် သူ လှည့်ကြည့်လာသည်ကို မြင်လိုက်သည်နှင့် တစ်ပြိုင်နက် တည်ငြိမ်သော အမူအယာက အစားထိုး ဝင်ရောက်လာတော့သည်။


စကားတစ်ခွန်းမှ မဆိုဘဲ တံမြက်စည်းကို ကိုင်လျက် မီးဖိုချောင်တံခါးဆီသို့ ပြန်ထွက်သွားလိုက်သည်။


လင်းလောချင်က သူ့နောက်ကျောကို ငေးကြည့်ကာ မေးလိုက်၏။


"ရှုရှုကို ပြန်မရိုက်တော့ဘူးလား ..."


"ပြီးပြီ ..."


သူက ပြန်ဖြေလိုက်သည်။


"ဒါလေးပဲလား ..."


လင်းဖေးက တစ်ခဏမျှ အသံတိတ်သွားပြီးကာမှ ခပ်တိုးတိုး ပြန်ဖြေလိုက်သည်။


"လူတွေကို ရိုက်တာ မကောင်းဘူး မားမားကလည်း မကြိုက်ဘူး ..."


လင်းလောချင်လည်း အတော်ကြာ ကြက်သေသေသွားတော့၏။ လင်းဖေးက ဤမျှအထိ ကောင်းကောင်းမွန်မွန် ပြန်ပြောလိမ့်မည်ဟု လုံးဝ မျှော်လင့်မထားပေ။


အရွယ်ရောက်ပြီးသည့် လင်းဖေးက သူ့ကို နှစ်ဝက်ခန့် မျိုးစုံ နှိပ်စက်ပြီးကာမှ ပြန်လွှတ်ပေးခဲ့သော်လည်း ယခုလက်ရှိ လင်းဖေးကမူ သူ့လက်ကို တစ်ချက်မျှ ခပ်ဖွဖွ ရိုက်ကာ အမုန်းတရားတို့ကို သင်ပုန်းခြေလိုက်သည်။


လင်းလောချင်မှာ ရုတ်ချည်း စိတ်မကောင်းဖြစ်သွားရတော့သည်။


သူ့လို ကလေးမျိုးက တစ်ဖက်လူကို နှစ်ဝက်လောက်အထိ နှိပ်စက်ညှင်းပန်းခဲ့တယ်ဆိုတော့ မူလကိုယ်က သူ့ကို စိတ်ပိုင်းဆိုင်ရာအရရော၊ ရုပ်ပိုင်းဆိုင်ရာ အရပါ ဘယ်လောက်တောင်များ ညှင်းပန်းနှိပ်စက်ခဲ့ပါလိမ့် ပြီးတော့ ဒါတွေကို မူရင်း ဝတ္ထုထဲမှာလည်း ရေးမထားဘူး ...


ဒါတောင်မှ သူ ပင်ပန်းငြီးငွေ့လာတဲ့ အချိန်မှာ မူလကိုယ်နဲ့ ပတ်သက်တဲ့ အညှိုးတွေကို လွှတ်ချပစ်ခဲ့သေးတယ် ...


လင်းဖေးက သူ ထင်ထားတာထက် အများကြီး ညင်သာနူးညံ့တာပဲ ...


သူက ချက်ခြင်း မတ်တပ်ထရပ်ကာ လင်းဖေးအနောက်သို့ သွား၍ ကလေးကို ပွေ့ဖက်လိုက်သည်။


လင်းဖေးမှာ သတိလက်လွတ် ဖြစ်သွားသည့်တိုင် ပျာယာခတ်သွားဟန်လည်း မရှိ။ ထိုအစား အမှုမထားသည့် အမူအယာမျိုးလည်း ပြသမလာတော့ချေ။ မျက်မှောင်ကြုတ်လျက်သာ တစ်ဖက်လူကို စိုက်ကြည့်လိုက်သည်။


"ဘာလုပ်တာလဲ ..."


လင်းလောချင်က သူ၏ ခက်ထန်လှသည့် အမူအယာလေးကို ခပ်ပြုံးပြုံး စိုက်ကြည့်ကာ ကြိမ်ဖန်များစွာ ငုံ့နမ်းလိုက်သည်။



"ဖေးဖေး သားက အရမ်း ချစ်ဖို့ကောင်းတာပဲ ရှုရှုက မင်းကို ချစ်တယ်နော် ..."


လင်းဖေးက သူ့မျက်နှာကို ရွံရှာမှုအပြည့်ဖြင့် တစ်ဖက်သို့ တွန်းလွှတ်လိုက်သည်။


လင်းလောချင်က ဒီနေ့ ရူးနေတာပဲ ဖြစ်ရမယ် သူ့ကို နမ်းပြီး ချစ်တယ်လို့တောင် ပြောလိုက်သေးတယ် ဘယ်သူက ယုံမှာလဲ အရူးမို့လို့ ယုံရမှာလား ...


လင်းလောချင်ကမူ အတွန်းခံလိုက်ရသည့်အတွက် စိတ်ဆိုးဟန်မတူ။ ထိုအစား လင်းဖေး ပြုတ်ကျသွားမည်ကို စိုးရိမ်စိတ်ကြောင့် ပို၍ တင်းကြပ်စွာ ဖက်ထားလိုက်သည်။


လင်းဖေး၏ ရုပ်ရည်မှာ သူနှင့် များစွာ တူညီနေသည့်အတွက် သူ့ငယ်ဘဝကို ကိုယ်တိုင် မြင်နေရသည့်နှယ် ခံစားနေရခြင်းကို လွန်စွာ သဘောကျလာ‌မိတော့၏။


"သွားရအောင် ရှုရှုက အရသာရှိတာတွေ အများကြီး လိုက်ကျွေးမယ် ..."


သူက ပြောလိုက်သည်။


လင်းဖေးကလည်း ထိုစကားအပေါ် မည်သို့မှ ထင်မြင်ချက်မပေး။ သို့သော် ...


"ကျွန်တော့်ကို အရင်ဆုံး အောက်ပြန်ချပေးပါ ..."


"မချပါဘူး ..."


လင်းလောချင်က ပြောလိုက်သည်။


"မင်းက ငယ်ငယ်လေးပဲ ရှိသေးတာ ဒီလို ချီထားတာက ပိုအန္တရာယ်ကင်းတယ် ..."


လင်းဖေး "..."


"ဒီမနက်ကပဲ ပြောတော့ကျ ကျွန်တော်က အရမ်းကို ကြီးနေပြီ ဆီပုလင်းတောင် မဟုတ်တဲ့ ဆီထည့်တဲ့ စည်ပိုင်းကြီးဆို ..."

(ဆီပုလင်းက အရင်အိမ်ထောင်နဲ့ ပါလာတဲ့ သားသမီးတွေကို ရိုင်းရိုင်းစိုင်းစိုင်း သုံးတဲ့ စကားလုံးမျိုးပါ ဒါကိုမှ သူက လင်းဖေးကို ဆီပုလင်းတင် မကဘူး စည်ပိုင်းလောက်ကြီး ဆိုတာက တော်တော်လေးကို စိတ်ပျက်စရာကောင်းတယ်လို့ ပြောချင်တာပါ)


လင်းလောချင် "..."


မူလကိုယ်ကတော့ ထင်ထားတဲ့ အတိုင်းပဲ မင်း ပြောခဲ့သမျှတိုင်းက နားဝင်ဆိုးလိုက်တာ ကံဆိုးမိုးမှောင်ကျတာတောင် နည်းသေးတယ် ...


"ဒီလိုဆို မင်းကို ပိုပြီးတောင် ပွေ့ထားရဦးမှာပေါ့ ..."


လင်းလောချင်က ပြောလိုက်သည်။


"အခုခေတ်မှာ ဆီတစ်ပုလင်းက ဘယ်လောက်အထိ ဈေးကြီးလဲဆိုတာ သိရဲ့လား မင်းလို ဆီစည်ပိုင်းကြီးဆို ပြောမနေနဲ့တော့ လမ်းလျှောက်နေတဲ့ ငွေထုပ်ကြီးပဲ ရွှေရောင်တဖိတ်ဖိတ်တောက်နေတဲ့ ရတနာ‌ကြီးကို လက်လွှတ်မခံနိုင်ပါဘူးနော် ..."


လင်းဖေး "..."


ဒီလိုလည်း ရှင်းလို့ ရသေးတာပဲလား ...


ထိုတစ်ခဏ၌ လင်းဖေးမှာ စကားတစ်ခွန်းမှ မပြောနိုင်တော့၊ ပွေ့ချီခံထားလျက်သာ ဓာတ်လှေကားထဲ ဝင်သွားလိုက်ရတော့သည်။


ဓာတ်လှေကားထဲ ရောက်သည်နှင့် တစ်ပြိုင်နက် ကလေးတစ်ဦးနှင့် လက်ချင်းတွဲကာ ဝင်လာသည့် အမျိုးသားတစ်ယောက်ကို တွေ့လိုက်ရသည်။ လင်းဖေးက ချက်ခြင်း တစ်ဖက်လှည့်ကာ မျက်နှာကို လက်နှစ်ဖက်ဖြင့် အုပ်လိုက်၏။ သူ့ပုံစံမှာ ထိုသူတို့ထံမှ ရှောင်ပုန်းလိုသည့်ဟန်။


သူသည် လင်းလောချင်နှင့် မရင်းနှီးလှရာ တစ်ဖက်သူက ရုတ်ချည်း ပွေ့ချီထားသည့်အပေါ် သက်တောင့်သက်သာ မရှိလှ။ ထိုပုံစံဖြင့် အခြားသူစိမ်းများကို တွေ့လိုက်ရသည့်အခါ အနည်းငယ်ပင် ရှက်ရွံ့လာတော့သည်။


မျက်နှာကို အုပ်ထားသည့် ကလေးအား စိုက်ကြည့်ရင်း လင်းလောချင်က ခပ်တိုးတိုး ရယ်မောလိုက်၏။ လင်းဖေး၏ ခေါင်းကို ကိုင်ကာ နားနားကပ်၍ တီးတိုးပြောလိုက်သည်။


"မရှက်ပါနဲ့ ရှုရှု ချီတာ ခံရတာက ရှက်စရာမှ မဟုတ်တာ မင်းက ဒီအိမ်ယာဝင်းတစ်ခုလုံးမှာ အမိုက်ဆုံးကလေးလေး ဖြစ်နေတုန်းပဲလေ ..."


"မပြောနဲ့တော့ ..."


လင်းဖေးက တီးတိုးပြောလိုက်သည်။


"အိုကေ ..."


လင်းလောချင်က သူ့ကို စနောက်လိုက်သည်။


"ရှုရှုက ဆက်မပြောတော့ဘူးဆိုရင် မင်းလည်း ရှက်နေတာကို ရပ်ပေးမလား ..."


"ခင်ဗျားပဲ ရှက် ..."


လင်းဖေးက သူ့စကားကို သဘောမတူသည့်ဟန် စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။


လင်းလောချင်က ခပ်ဖျော့ဖျော့ပြုံးကာ သူ့ပါးကို ငုံ့နမ်းလိုက်၏။


လင်းဖေးက လက်ကိုမြှောက်ကာ အနမ်းခံရသည့် ပါးအား ရွံရှာစွာဖြင့် သုတ်လိုက်သည်။ သူ့အကြည့်ထဲတွင် မကျေနပ်မှု ၃၀ ရာခိုင်နှုန်း၊ ရှက်ရွံ့မှု ၄၀ ရာခိုင်နှုန်းနှင့် ကလေးဆန်မှု ၃၀ ရာခိုင်နှုန်း ထွက်ပေါ်လာတော့သည်။


လင်းလောချင်က နောက်တစ်ဖန် ခပ်တိုးတိုး ရယ်မောမိလိုက်ပြန်တော့သည်။


ဒီကလေးကတော့ ကြီးလာရင် သင်္ချာတော်လောက်တယ် ဒီလောက်ငယ်ငယ်လေးကတည်းက ဇယားဆွဲတဲ့နေရာမှာ အရမ်း ကျွမ်းကျင်နေတာ ...


နှစ်ဦးသား စားသောက်ကြပြီးနောက် အိမ်သို့ ပြန်လာလိုက်ကြသည်။


လင်းလောချင်မှာ ညဉ့်နက်သည့်တိုင် အိပ်မပျော်နိုင်သေး။ အိပ်ယာပေါ်လှဲလျက် မနက်ဖြန် ကျိယုရှောင်နှင့် တွေးရမည်ကို တွေးပူနေမိသည်။ ထို့ကြောင့် ဖုန်းကိုဖွင့်ကာ WeChat မှတစ်ဆင့် ကျိယုရှောင်ကို စာပို့လိုက်သည်။


[အစ်ကိုကြီးရေ အိပ်နေပြီလား မနက်ဖြန် ဘယ်အချိန် တွေ့ကြမလဲ ]


ကျိယုရှောင်ကလည်း အိပ်မပျော်သေး။ ဖုန်းသံမြည်လာ၍ ဖွင့်ကြည့်လိုက်သည့်အခါ လင်းလောချင်ထံမှဖြစ်ကြောင်း တွေ့လိုက်ရသည်။


လင်းလောချင်၏ "အစ်ကိုကြီး" ဟူသော အသုံးအနှုန်းကို စိုက်ကြည့်ရင်း ၎င်းအခေါ်အဝေါ်မှာ လွန်စွာ ချောမွေ့လွန်းလှသည်ဟု ခံစားမိလာတော့သည်။


ကျိ‌ယုရှောင် [တစ်ခြားတစ်မျိုး ပြောင်းခေါ် ]


လင်းလောချင်က တစ်ခဏမျှ တွေးလိုက်သည်။


[နတ်ဘုရား]


ကျိယုရှောင် [အရမ်းကို အသက်မဲ့လွန်းတယ်]


နာမည်ပြောင်းကာ အသက်ဆက်ရှင်သေးလိုသည့် လင်းလောချင်က တစ်ခဏမျှ တွေးပြီးနောက် သဘောပေါက်သွားတော့သည်ဘ


နားလည်ပြီ နားလည်သွားပြီလို့ ...


တော်လိုက်တဲ့ ကောင်ကလေး မင်းက အခြေအနေကို ဖန်တီးယူတတ်တာပဲ ဒီလောက်အထိ တက်ကြွနေလိမ့်မယ်လို့ မျှော်လင့်မထားဘူး ...


သူက တုန့်ဆိုင်းမနေတော့။


[နားလည်ပါပြီ လောင်ကုန်း~]

........


စာရေးသူမှာ ပြောစရာ ရှိပါတယ်


လင်းလောချင် : ငါက အတော်လေး ဟာသဉာဏ်ရွှင်တာပဲ


ဥက္ကဌကျိ : သူက တော်တော်ကို လိုရာဆွဲတွေးတတ်တာပဲ အရှက်မရှိလိုက်တာ !


Xxxxxx