Ch 2
Viewers 2k

🥚 Chapter 2



"ရှန်ထန်ချီ"


"အသက်ရှူလိုက်"


အစောပိုင်းက ဆူညံနေသော လူအုပ်ကြီးမှာ ရုတ်တရက် သေလုနီးပါး တိတ်ဆိတ်သွားသည်။ လူတိုင်း သူတို့ရှေ့မှ မြင်ကွင်းကို မယုံနိုင်စွာငေးကြည့်နေကြပြီး ရံဖန်ရံခါမှသာ လေစုပ်သံ သဲ့သဲ့လေးများ သူတို့နှုတ်ခမ်းမှ ထွက်ပေါ်လာသည်။


"ဂိုဏ်းတူအစ်ကိုကြီးယွီ ဘယ်လိုလုပ် သူ့ကို ကယ်လိုက်တာလဲ"


"ဂိုဏ်းတူအစ်ကိုကြီးက ဘာလို့ ဒီနေရာကိုရောက်နေတာလဲ၊ ဂိုဏ်းတူအစ်ကိုကြီးကို တောင်အောက်ပို့မယ့် သင်္ဘောကရောက်နေပြီ မဟုတ်ဘူးလား"


"ရှန်ထန်ချီ၊ ကျေးဇူးပြုပြီး ဂိုဏ်းတူအစ်ကိုကြီးရဲ့ ချိန်းထားတဲ့ အချိန်ကိုနောက်မကျစေနဲ့"


ရေဖိအားကြောင့် ဖြစ်ပေါ်လာသော နားအူသံများ တဖြည်း ဖြည်း မှေးမှိန်သွားသည်။


အတော်ကြာ ကြောင်အသွားပြီးနောက်မှ ရှန်ထန်ချီ သတိပြန်ဝင်လာပုံရသည်။ သူ လတ်ဆတ်သော လေကို ရှူရှိုက်လိုက်ရာ အဆုတ်များပုံမှန်အတိုင်း ပြန်လည်အလုပ်လုပ်လာပြီး ရေများကိုအန်ထုတ်လိုက်သည်။ နောက်ဆုံးတွင် သူ့ပတ်ဝန်းကျင်မှ အသံများကိုပြန်လည် ကြားလာရသည်။


သို့သော် သူ့စိတ်ထဲ၌မူ ပန်းရောင်ကြာပန်းများပြည့်နေသည့် ရေကန်ထဲတွင် ထင်ဟပ်နေသော၊ နူးညံ့ပြီး ဖျော့တော့သော အလင်းရောင်ဖြင့် တောက်ပနေသည့် ထိုနှင်းကဲ့သို့ ဖြူဖွေးသော လက်ကောက်ဝတ်ကိုသာ မြင်ယောင်နေသည်။


ကံဆိုးစွာဖြင့် သူသည် အစောပိုင်း အာရုံလွင့်နေသဖြင့် တစ်ဖက်လူ၏အသံ မည်မျှ သာယာသည်ကိုပင် သေချာမခံစားလိုက်ရပေ။ ဂျင်ဆင်းသီးစားနေသော ဝက်ပေါက်လေး (ကျူပါကျဲ) ကဲ့သို့ပင် သူသည် "အသက်ရှူလိုက်" ဟူသော စကားလုံးကိုသာ ကြားလိုက်ရသည်။


ရှန်ထန်ချီသည် မြေပြင်ပေါ်တွင် တဝက်တပျက် လဲလျောင်းနေပြီး သူ့အခြေအနေကို လာကြည့်သော ဂိုဏ်းတူမောင်နှမများက သူ့အား အလျင်အမြန်ဝိုင်းအုံလာကြသည်။ သူသည် ရေထဲမှကယ်တင်ပေးလိုက်သော ထိုအမျိုးသားက သူ့ဓားကိုကောက်ယူ၍ ထရပ်ကာ ဘာမှမဖြစ်ခဲ့သလို လူအုပ်ထဲသို့လျစ်လျူရှုပြီး ထွက်ခွာသွားသည်ကိုသာ လက်မှိုင်ချပြီးကြည့်နေမိသည်။


ထားလိုက်ပါတော့၊ သူ အစက ကျေးဇူးတင်စကားပြောမလို့ပါ။ ထိုအမျိုးသား၏သပ်ရပ်သော ဝတ်စားဆင်ယင်ပုံကို ကြည့်ရသည်မှာ သူသည် နာမည်မဖော်လိုဘဲ ကောင်းမှုကုသိုလ်ပြုချင်သော သူတော်ကောင်းတစ်ဦးဖြစ်ချင်ပုံရသည်။ လူကောင်းသူကောင်းများ အေးချမ်းသောဘဝကို ပိုင်ဆိုင်ပါစေ၊ ကျေးဇူးတင်တတ်သော နှလုံးသားဖြင့်၊ ကျေးဇူးတင်ပါတယ် လေ့ဖုန်းရေ။


ရှန်ထန်ချီ စိတ်ထဲမှ အနည်းငယ် ဝမ်းနည်းနောင်တရမှု ပျောက်ကွယ်သွားပြီး သူ အေးချမ်းစွာဖြင့် သတိလစ်သွားသည်။


ရုန်ယွင် ဇရပ်ဆောင်


ဗျိုင်းဖြူလေး သူ့တောင်ပံများကို နှုတ်သီးဖြင့် တို့ထိနေသည်။ ဘေးနားရှိ စန္ဒကူးမွှေးတိုင် မီးကုန်သွားသဖြင့် အနီးကပ်ပြုစုသောတပည့်ကမူ ကျောက်စိမ်းသေတ္တာထဲမှ အမွှေးတိုင်အသစ် တစ်တိုင်ကို ထုတ်ယူပြီး မီးထွန်းညှိလိုက်သည်။


"ကြာပန်းပွဲတော်ပြီးတဲ့အထိ စောင့်မနေဘဲ တောင်ပေါ်က ဆင်းတော့မလို့လား" 


ဇရပ်ဆောင်ထိပ်ဘက်ရှိ ကန့်လန့်ကာ နောက်ကွယ်မှ သက်ကြီးရွယ်အို အသံတစ်သံထွက်ပေါ်လာသည်။ အမွှေးတိုင် လဲပြီးသွားသော ဘေးတစ်ဖက်တစ်ချက်ရှိ အလုပ်အ ကျွေးပြုသူများသည် ကန့်လန့်ကာကို ဖြည်းညှင်းစွာ ဆွဲဖွင့်လိုက်သည်။


ကန့်လန့်ကာနောက်တွင် တရားထိုင်နေသော သက်ကြီးရွယ်အိုတစ်ဦးရှိနေပြီး မျက်နှာထားမှာ တည်ကြည်လေးနက်နေကာ ပြတင်းပေါက် အပြင်ဘက်မှ တပည့်များ၏ရယ် မောသံနှင့် ဆော့ကစားသံများကို တိတ်ဆိတ်စွာ နားထောင်နေသည်။


ဇရပ်ဆောင် အလယ်ဗဟိုတွင် စောစောက ရှန်ထန်ချီ၏ အသက်ကိုကယ်တင်ခဲ့သော၊ မျက်နှာဖုံးစွပ် ဦးထုပ် ဆောင်းထားသည့် အမျိုးသားမှာ ဒူးထောက်နေသည်။


သူသည် ဦးထုပ်အနားသပ်ကို နှိမ့်ချလိုက်ပြီး ဦးညွှတ်ကာ ပြောလိုက်သည်။ 


"သွားရမယ့် အချိန်ရောက်ပါပြီ၊ ကျန်းတုန်းဒေသမှာ မိစ္ဆာတွေက မကြာခဏ ဒုက္ခပေးနေလို့ ပြည်သူတွေ ဒုက္ခ ရောက်နေကြရတယ်၊ ကျွန်တော် မိစ္ဆာတွေကို သုတ်သင်ရှင်းလင်းပြီးမှ ပြန်လာပါ့မယ်"


သူ ပြောလို့ပြီးပြီးချင်းပင် သက်ကြီးရွယ်အို၏မုတ်ဆိတ်မွေးများ အကြိမ်အနည်းငယ် တုန်ခါသွားပြီး သူ ရုတ်တ ရက် မျက်လုံးဖွင့်ကာ ဒူးထောက်နေသော ရိုးရိုးရှင်းရှင်း ဝတ်ဆင်ထားသည့် လူငယ်ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။ သူက ကျိန်ဆဲလိုက်သည်။ 


"အဲဒီမှာ ဘယ်လောက် အန္တရာယ်များလဲဆိုတာ မင်း သိရဲ့လား၊ မင်းက အတွေ့အကြုံမရှိတဲ့ လူသစ်ပဲ ရှိသေးတယ်၊ တကယ်လို့ မင်းသာ ကျန်းတုန်းမှာ သေသွားရင်၊ ငါက ဒီလောက်ကြီးမားတဲ့ ရုန်ယွင်ဂိုဏ်းကြီးကို ဟို ရှန်မိသားစုက ကောင်စုတ်လေးဆီ လက်လွှဲပေးလိုက်ရမှာလား"


"ကျွန်တော် မလုပ်ရဲပါဘူး"


သူက မလုပ်ရဲပါဘူးလို့ ပြောပေမဲ့၊ သူ့ကျောပြင်ကမူ နည်းနည်းလေးမှ ကွေးညွှတ်မသွားပေ။


သက်ကြီးရွယ်အိုမှာ ဒေါသထွက်လွန်းသဖြင့် အမြင်အာရုံများဝါးသွားရသည်။ သူ လက်ကို ဒေါသတကြီး ဝှေ့ယမ်းလိုက်သည်။


 "ထွက်သွား၊ ပြီးရင် ပြန်မလာနဲ့တော့"


သူ ပြုံးလိုက်သည်။ 


"ကျွန်တော် ပြန်လာမှာပါ"


"မင်း!" 


သက်ကြီးရွယ်အိုသည် အံကိုကြိတ်ပြီး သူ့ကို အကြာကြီး စိုက်ကြည့်နေသော်လည်း လည်ချောင်းဝတွင် ပေါက်ကွဲထွက်လုနီးပါး ဖြစ်နေသော ဒေါသကို မျိုသိပ်လိုက်ရုံမှတစ်ပါး မတတ်နိုင်တော့ပေ။


 "ထားလိုက်ပါတော့၊ ပြဿနာရှာတာ သက်သက်ပဲ!"


ကောင်းပြီလေ၊ ငါ့မှာ တောင်ပံတွေ ပေါက်နေပြီပဲ။


အမျိုးသား၊ အမျိုးသမီး ငယ်ရွယ်သူများ၏ အသံများ သည် သာယာနာပျော်ဖွယ်ကောင်းသော ငှက်ဝါလေးများ၏အသံပမာ ပြတင်းပေါက် အပြင်ဘက်မှ လွင့်ပျံလာသည်။ တပည့်သစ်များ အားလုံးသည် ဤနေရာတွင် ဖုံးကွယ်ထားသော လေးလံလှသည့် ဝမ်းနည်းပူဆွေးမှုကို သတိမထားမိဘဲ ကြာပန်းပွဲတော်၏ပျော်ရွှင်မှုထဲ နစ်မြောနေကြသည်။


အဖြူရောင်ဝတ်ဆင်ထားသော အမျိုးသားသည် ပြတင်းပေါက် အပြင်ဘက်မှ လွင့်မျောနေသော တိမ်တိုက်များကို မော့ကြည့်လိုက်ရာ နေဝင်နေပြီ ဖြစ်သည်။ သူသည် အကြည့်ကို အလျင်အမြန် အောက်သို့ချလိုက်ပြီး သက်ကြီးရွယ်အိုအား တိုးတိုးလေးပြောလိုက်သည်။ 


"ဂိုဏ်းချုပ်၊ ကျန်းမာရေး ဂရုစိုက်ပါခင်ဗျာ၊ တပည့်ကို ခွင့်ပြုပါဦး"


သူ မတ်တတ်ရပ်လိုက်သည့် အချိန်တွင်ပင် ဇရပ်ဆောင် ထိပ်ဘက်ရှိ လူထံမှ စကားသံထပ်ထွက်လာသည်ကို ကြားလိုက်ရသည်။


"နေဦး" 


သက်ကြီးရွယ်အိုသည် ကိုက်ခဲနေသော နားထင်များကို ဖိပွတ်လိုက်ပြီး သူ့အကြည့်က ထိုအမျိုးသားအပေါ် ကျရောက်သွားကာ လေသံမှာ မရေရာမသေချာ ဖြစ်နေသည်။ 


"ဒီနေ့ ကြာကန်ဘေးမှာ မင်း ရှန်ထန်ချီကို ကယ်ခဲ့တယ်လို့ ငါ ကြားတယ်"


ထိုစကားကိုကြားသောအခါ အဖြူရောင် ဝတ်ဆင်ထားသော အမျိုးသား အနည်းငယ် တုံ့ဆိုင်းသွားပြီး ပြန်မဖြေပေ။


သက်ကြီးရွယ်အိုသည် လက်တုံ့ပြန်ရန် အခွင့်အရေး ရသွားသည့်ပုံစံဖြင့် အဓိပ္ပာယ်ပါပါ လှောင်ပြောင်လိုက်သည်။ 


"အဲဒီ ကောင်စုတ်လေးရဲ့ အလိုလိုက်ခံထားရတဲ့ အကျင့်စရိုက်ကို မင်း အမြဲတမ်းရွံရှာမုန်းတီးခဲ့တာ မဟုတ်ဘူးလား၊ မင်း ဘယ်လိုလုပ် သူ့ကို ကယ်ဖို့ စိတ်ကူးရသွားတာလဲ"


အဖြူရောင်ဝတ်ဆင်ထားသော အမျိုးသား သူ့ကို မော့ ကြည့်လိုက်ပြီး မတတ်သာသည့်ပုံစံဖြင့် တခစ်ခစ်ရယ် မောလိုက်သည်။ ချက်ချင်းပင် ဇရပ်ဆောင်ထဲရှိယပ် တောင်ကိုင်ထားကြသော အစေခံများအားလုံး နေရာမှာပင် တောင့်ခဲသွားကြသည်။


ထပ်ခိုးဆောင်ဆီသို့ သွားသော တံခါးငယ်လေး ဖြည်းညှင်းစွာပိတ်သွားပြီး သစ်သားလှေကားထစ်များဆီမှ ခြေသံများ တဖြည်းဖြည်း ဝေးကွာသွားသံထွက်ပေါ်လာသည်။ ပြတင်းပေါက် အပြင်ဘက်တွင် စိုင်ချင်းကျူမှ တပည့်များသည် စိတ်လှုပ်ရှားစွာဟစ်အော်သံများနှင့် စိတ်ပျက်စွာ သက်ပြင်းချသံများဖြင့် နောက်ဆုံးတွင် သူတို့၏ အနိုင်ရရှိသူကို ဆုံးဖြတ်လိုက်ပုံရသည်။


ထိုင်ခုံပေါ်မှ သက်ကြီးရွယ်အိုသာလျှင် တခစ်ခစ် ရယ်မောလိုက်ပြီး ထန်းရွက်ယပ်တောင်ဖြင့် မိမိကိုယ်ကို ဖြည်းညှင်းစွာ ယပ်ခတ်ရင်း ရင်ထဲ ခံစားချက်ပေါင်းစုံရောပြွမ်းနေသည်။


"ရှန်ထန်ချီ၊ မင်း ငါ့ရဲ့တပည့်ကောင်း၊ မင်းရဲ့ဂိုဏ်းတူညီ အကောင်းလေးနဲ့ တွေ့ခွင့်ရတာ ကံကောင်းတာပဲ "


"သူ အကောင်းဆုံး မဟုတ်ရင်တောင်မှ၊ ကျနော် ဂိုဏ်းထဲစရောက်တုန်းက ဦးညွှတ်အရိုအသေပြုခဲ့ရတဲ့ ဂိုဏ်းတူအစ်ကိုကြီးဖြစ်နေတုန်းပါပဲ"


"သူ့ကိုကယ်လိုက်တာက အကူအညီတစ်ခု သက်သက်ပါပဲ၊ သဘာဝကျတဲ့ ကိစ္စတစ်ခုပါပဲ"


ရှန်ထန်ချီ သတိပြန်ရလာသောအခါ ဖန်းဝမ်ရွှင်းနှင့် ရှောင်ချင်းယွီတို့သာ သူ့ဘေးတွင် ရှိနေသည်။


သူ နိုးလာသည်ကို မြင်သောအခါ ရှောင်ချင်းယွီက ရေကမ်းပေးလိုက်ပြီး ဖန်းဝမ်ရွှင်းက သူ့ကို အလျင်အမြန် ထူမပေးကာ ထိုင်စေသည်။


သူတို့နှစ်ယောက်စလုံး၏ပုံစံမှာ တစ်ခုခု ဆိုးရွားသော အဖြစ်အပျက် ဖြစ်ပျက်ခဲ့သကဲ့သို့ တင်းမာနေကြသည်။


ရှန်ထန်ချီ စကားမပြောနိုင်ခင်မှာပင် ဖန်းဝမ်ရွှင်း ဖြတ်ပြောလိုက်သည်။ 


"ဂိုဏ်းတူညီလေးရှန်၊ ကျေးဇူးပြုပြီး ဒီအကြောင်းကို အကြီးအကဲတွေကို မပြောပါနဲ့၊ ကြာကန်ဇရပ်ဆောင်ကို ဆောက်ခဲ့တဲ့ တပည့်ကို ဉာဏ်အလင်းရကျောက်တုံးရှေ့မှာ သူ့အပြစ် သူ ပြန်သုံးသပ်ဖို့ ကျွန်တော် အပြစ်ပေးထားပြီးပါပြီ၊ သူတို့အားလုံးက ကလေးအသစ်တွေပါ၊ ကျေးဇူးပြုပြီး သူတို့ကို အပြစ်မတင်ပါနဲ့၊ တကယ်လို့ မင်း တစ် ယောက်ယောက်ကို အပြစ်တင်ချင်ရင်၊ ကြာကန်ဇရပ်ဆောင်ရဲ့လက်ရန်းက သေချာမပြင်ရသေးဘူး ဆိုတာကို အချိန်မီ သတိမထားမိတဲ့ မင်းရဲ့ဂိုဏ်းတူအစ်ကိုကိုသာ အပြစ်တင်လိုက်ပါ"


ရှန်ထန်ချီ အကြိမ်ကြိမ် တုံ့ဆိုင်းနေမိပြီး စိုးရိမ်ပူပန်ကာ တုန်လှုပ်နေကြသော သူ့ဂိုဏ်းတူအစ်ကိုနှင့် ဂိုဏ်းတူညီလေးကို ကြည့်လိုက်ရာ၊ ဒါက သူ့နာမည်ကိုပြန်လည်သန့်စင်ဖို့ အခွင့်အရေးပဲဆိုတာ သဘောပေါက်လိုက်သည်။


သူ လည်ချောင်းရှင်းလိုက်ပြီး ပြောလိုက်သည်။ 


"ဂိုဏ်းတူအစ်ကို၊ ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါနဲ့၊ ကျွန်တော် သွားတဲ့လမ်းကို သတိမထားမိတဲ့ ကိုယ့်အပြစ်နဲ့ကိုယ်ပါ၊ အဲဒီတပည့်ကို မြန်မြန်ပြန်ခေါ်လိုက်ပါ၊ နွေရာသီ ညဘက်တွေက အေးခဲနေတာ၊ သူ ဖျားသွားရင် မတန်ဘူး"


ရှန်ထန်ချီ ပြောပြီးနောက် သူ တစ်ခုခုအမှားပြောမိလိုက်သကဲ့သို့ လုံးဝမျှော်လင့်ချက်မဲ့နေသော ဖန်းဝမ်ရွှင်းကို ကြည့်လိုက်သည်။


"ကျွန်တော် နားလည်ပါတယ် ဂိုဏ်းတူညီလေး" 


ဖန်းဝမ်ရွှင်းက ရင်ဘတ်ကို ဖိရင်းပြောသည်။


 "ခင်ဗျားက အဲဒီတပည့်ကို ရှန်မိသားစုဆီ လက်လွှဲပေး လိုက်တော့မလို့လား"


ရှန်ထန်ချီ : ...


သူ့ ဘယ်စကားလုံးမှာ ရှန်မိသားစုအကြောင်း ထည့်ပြောလိုက်မိလို့လဲ။


ကြည့်ရတာ ဒီလိုကိစ္စမျိုး အရင်တုန်းက မကြာခဏဖြစ်ခဲ့ပုံရသည်။ ရှန်ထန်ချီ သက်ပြင်းချလိုက်ပြီး နဖူးကို ပွတ်သပ်ကာပြောလိုက်သည်။ 


"ကျွန်တော် ပြောသားပဲ၊ ကျွန်တော် ဖျားတုန်းက အဖျား တက်ပြီး ဦးနှောက် ပျက်စီးသွားလို့ မတော်တဆ ရေကန်ထဲ ပြုတ်ကျသွားတာပါ၊ ဒါပါပဲ၊ ခင်ဗျား စိတ်ပူစရာ မလိုပါဘူး"


ထိုစကားကို ကြားသောအခါ သူတို့နှစ်ဦးမှာ ဝန်ထုပ်ဝန်ပိုး အနည်းငယ်လျော့သွားပုံရသော်လည်း သူတို့၏ အကြည့်များကတော့ စူးစမ်းလိုစိတ်နှင့် ဇဝေဇဝါဖြစ်မှုတို့ဖြင့် ရှန်ထန်ချီအပေါ် စိုက်ကြည့်နေဆဲပင်။


ရှန်ထန်ချီ တံခါးဘက်သို့ လှမ်းကြည့်လိုက်ရာ သက်ဝင်လှုပ်ရှားနေသော ဆူညံသံများ ပျောက်ကွယ်သွားပုံရသည်။ သူက စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။ 


"ကြာပန်းပွဲတော် ပြီးသွားပြီလား"


ရှောင်ချင်းယွီ အလျင်အမြန် သူ့နား ကပ်သွားပြီး ဖြေလိုက်သည်။


 "အဲဒါ ဂိုဏ်းတူအစ်ကိုကြီးယွီလေ"


ဂိုဏ်းတူအစ်ကိုကြီးယွီ ?


ဘယ် ဂိုဏ်းတူအစ်ကိုကြီးယွီလဲ ? အဲဒီနာမည်က ရင်းနှီးနေသလိုပဲ။


"ဂိုဏ်းတူအစ်ကိုကြီးယွီက ဒီနေ့ ရုန်ယွင်ဂိုဏ်းကနေ ထွက်ခွာတော့မှာမို့လို့ ဂိုဏ်းတူမောင်နှမတွေ အားလုံးက သူ့ကို လိုက်ပို့ဖို့ အပြေးအလွှားသွားနေကြတာ၊ ကျွန်တော်..." 


ရှောင်ချင်းယွီ စကားတစ်ဝက်သာ ပြောရသေးချိန် ဖန်းဝမ်ရွှင်းက မျက်စိတစ်ဖက် မှိတ်ပြပြီး အတင်းဟန့်တားလိုက်သည်။


ခဏအကြာတွင် သူတို့၏အကြည့်ချင်း ဖလှယ်မှုမှတစ် ဆင့် ရှန်ထန်ချီ တစ်စုံတစ်ခုကို နားလည်လိုက်သည်။ ဒီ ဂိုဏ်းတူအစ်ကိုကြီးယွီ ဆိုတာ ဒီခန္ဓာကိုယ်ရဲ့ မူလပိုင်ရှင်ရှေ့မှာ သူ ထည့်ပြောလို့ မဖြစ်တဲ့သူ ဖြစ်လောက်တယ်။


သူက ဇာတ်လိုက်မင်းသားများ ဖြစ်နေမလား။


ဇာတ်လမ်းအရဆိုရင် ဇာတ်လိုက်မင်းသားသည် ကြာပန်းပွဲတော်နေ့မှာ အပြင်လောကကို ခရီးထွက်ဖို့ ရုန်ယွင်ဂိုဏ်းကနေထွက်ခွာသွားခြင်းဖြစ်မှန်း သူ မှတ်မိလိုက်သည်။


ဒါ သတင်းကောင်းပဲ။


ရှန်ထန်ချီ အနည်းငယ် စိတ်လှုပ်ရှားသွားပြီး မေးလိုက်သည်။


 "တခြားသူတွေ အကုန်လုံး လိုက်ပို့ကြတာ၊ မင်းတို့ကျတော့ ဘာလို့ မသွားကြတာလဲ"


ဖန်းဝမ်ရွှင်းနှင့် ရှောင်ချင်းယွီတို့ တစ်ယောက်မျက်နှာ

တစ်ယောက် ကြည့်လိုက်ကြပြီး ဖန်းဝမ်ရွှန်း

ပြောလိုက်သည်။


 "အကြီးအကဲရှန်က ခင်ဗျား လန့်သွားတယ်၊ ဒီရက်ပိုင်း ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်း ဂရုစိုက်သင့်တယ်လို့ ပြောတယ်၊ ဂိုဏ်းတူညီလေးချင်းယွီနဲ့ ကျွန်တော့်ကို ခင်ဗျားကို ကောင်းကောင်း ပြုစုစောင့်ရှောက်ဖို့ အမိန့်ပေးထားတယ်"


အကြီးအကဲရှန် ဆိုသည်မှာ မူလပိုင်ရှင်၏ဦးလေးဖြစ်ပုံရပြီး ရုန်ယွင်ဂိုဏ်းတွင် ရှန်ထန်ချီ၏အကြီးမားဆုံး ကျောထောက်နောက်ခံလည်းဖြစ်သည်။


"သြော်၊ ငါ သိပြီ" 


ရှန်ထန်ချီ ထထိုင်လိုက်ပြီး ခရီးဝေးထွက်သွားတော့မည့် ဇာတ်လိုက်မင်းသားကို တွေ့ဖို့ ခုတင်ပေါ်မှ ဆင်းရန် ပြင်လိုက်စဉ် ရှောင်ချင်းယွီက သူ့ကို အလျင်အမြန် ပြန်ဖိချလိုက်သည်။


"ဂိုဏ်းတူအစ်ကို၊ ကျွန်တော် တောင်းပန်ပါတယ်!" 


ရှောင်ချင်းယွီ သူ ဘာလုပ်မိလိုက်မှန်း ချက်ချင်း သဘော ပေါက်သွားပြီး ထစ်ထစ်အအဖြင့် ပြောသည်။ 


"ကျွန်တော်... ကျွန်တော် သမားတော်က ခင်ဗျား ခုတင်ပေါ်က မဆင်းရဘူးလို့ ပြောတာ ကြားလိုက်လို့၊ အဲဒါကြောင့် ဒီလို လုပ်မိတာပါ"


ရှန်ထန်ချီ ခေတ္တရပ်သွားသည်။ နေဝင်ချိန်၏ ပျော့ပျောင်း သော အလင်းရောင်သည် ရှောင်ချင်းယွီ၏ဆံနွယ်များအပေါ် ကျရောက်နေသည်။ ဒီ ဂိုဏ်းတူညီလေးက တကယ် ချောမောခန့်ညားတယ်ဆိုတာ သူ ထပ်ပြီး သတိထားမိလိုက်ပြန်သည်။


တော်တော်လေးကို သူ့အကြိုက်ပဲ။


"ကိစ္စမရှိပါဘူး" 


ရှန်ထန်ချီက ရှောင်ချင်းယွီ၏လက်ကို ညင်သာစွာ ကိုင်လိုက်ပြီး နူးညံ့စွာ ပြောလိုက်သည်။


 "ဂိုဏ်းတူညီလေးရဲ့ ကျွန်တော့်အပေါ် စိုးရိမ်ပူပန်မှုက ကျွန်တော့်ရင်ကို နွေးထွေးစေပါတယ်"


ရှောင်ချင်းယွီ တုံ့ဆိုင်းသွားပြီး လက်ကိုပြန်ရုန်းထွက်ရန် ကြိုးစားသော်လည်း ရှန်ထန်ချီကမူ မြဲမြံစွာ ဆုပ်ကိုင်ထားသည်။


ဖုန်းထျန်းခေတ် ရောက်ပြီးနောက်ပိုင်း အမျိုးသားအချင်း ချင်း လက်ထပ်ခြင်းက သာမန်ဖြစ်ရိုးဖြစ်စဉ် ဖြစ်လာခဲ့ပြီ ဆိုသော်လည်း၊ သူ့မှာ သူ သဘောကျနေတဲ့ မိန်းကလေးရှိပြီးသားလေ!


သူ့မျက်နှာထား တောင့်တင်းသွားသည်ကို မြင်သောအခါ ရှန်ထန်ချီ သူ့လက်ကို အတင်းအကြပ် ကိုင်ထားမိသဖြင့် ရှက်ရွံ့သွားသည်။ သူ လက်ကို လွှတ်ပေးလိုက်ပြီး တိုးတိုးလေးပြောလိုက်သည်။ 


"ကျွန်တော် စိတ်လှုပ်ရှားလွန်းသွားတယ်၊ ဂိုဏ်းတူညီလေး၊ စိတ်ထဲ မထားပါနဲ့"


ဖန်းဝမ်ရွှင်းနှင့် ရှောင်ချင်းယွီတို့သည် ရုန်ယွင်ဂိုဏ်းတစ်ခုလုံးတွင် မောက်မာပြီး ဗိုလ်ကျအနိုင်ကျင့်ဆုံး သခင်လေးက ဤမျှ နူးညံ့သိမ်မွေ့စွာပြောဆိုနေသည်ကို မြင်လိုက်ရသဖြင့် မှင်သက်သွားကြသည်။


ညရောက်ပြီး ဖန်းဝမ်ရွှင်းက ရှန်ထန်ချီကို အိပ်ရာဝင်ရန် ကူညီပေးပြီးနောက်မှသာ၊ သူသည် ပင်ပန်းနွမ်းနယ်နေသော ရှောင်ချင်းယွီကို လေးလံသော မျက်နှာထားဖြင့် ကြည့်လိုက်သည်။


"ဂိုဏ်းတူညီလေး" 


ဖန်းဝမ်ရွှင်းက လေးနက်စွာ ပြောလိုက်သည်။


ရှောင်ချင်းယွီက သူ ဘာပြောမလဲဆိုတာ ဝိုးတဝါး ခန့်မှန်းမိပြီး တိုးတိုးလေးသက်ပြင်းချလိုက်သည်။


ဖန်းဝမ်ရွှင်း ထပ်မံ သက်ပြင်းချလိုက်ပြီး ခုတင်ပေါ်တွင် နှစ်ခြိုက်စွာ အိပ်ပျော်နေပုံရသော ရှန်ထန်ချီကို ကြည့်ကာ ပြောလိုက်သည်။ 


"သူ တကယ်ပဲ ရူးသွားပြီလို့ ငါ ထင်ခဲ့တာ၊ ငါ မမျှော်လင့်ခဲ့မိဘူး၊ သူ ရူးသွားတာ မဟုတ်ဘဲ၊ သူ့နှလုံးသား ပွင့်သွားတာဖြစ်နေတယ်"


စောစောက ရှန်ထန်ချီသည် သူ့ ပုံမှန် မောက်မာပြီး ဗိုလ်ကျတတ်သော အကျင့်စရိုက်ကို ပြောင်းလဲလိုက်ကာ ရေထဲ ပြုတ်ကျသော ကံဆိုးသူကိုပင် ဒေါသမထွက်ခဲ့ပေ။ ဖန်းဝမ်ရွှင်း တစ်ခုခုမှားနေပြီဟု ခံစားလိုက်ရသည်။ နောက်ပိုင်းတွင် သူသည် သူတို့နှစ်ယောက်ကိုနူးညံ့သိမ်မွေ့စွာ စကား ပြောခဲ့ပြီး နူးညံ့သော မျက်လုံးများဖြင့် ရိုးသားစွာကျေးဇူး တင်စကား ဆိုခဲ့သည်။


အဲဒါတွေ အားလုံးက သူတို့ရဲ့ဂိုဏ်းတူညီလေးအသစ် ရှောင်ချင်းယွီကို သဘောကျသွားလို့ ဖြစ်နေတာပဲ!


ရှောင်ချင်းယွီ ခံစားချက်ပေါင်းစုံ ရောပြွမ်းနေသည်။ ဒီလို အလိုလိုက်ခံထားရတဲ့ သခင်လေးတစ်ယောက်ရဲ့ပစ်မှတ်ထားခြင်း ခံရတာက ကောင်းချီးလား၊ ကျိန်စာလား ဆိုတာ သူ မသိတော့ပေ။


"မင်း နောက်ပိုင်း သတိထားရမယ်" 


ဖန်းဝမ်ရွှန်းက စိတ်ရင်းစေတနာဖြင့် အကြံပေးသည်။ 


"သူက သူ လိုချင်တာ မရမချင်း ဘယ်တော့မှ လက်လျှော့မယ့်လူမျိုး မဟုတ်ဘူး၊ ဒါကြောင့် မင်း သူ့ကို ဒေါသထွက်အောင် မလုပ်မိစေနဲ့"


ရှောင်ချင်းယွီ သူ့ခံစားချက်များကို ထိန်းချုပ်လိုက်ပြီး ခေါင်းအနည်းငယ် ညိတ်ပြသည်။


 "ဒီမှာ ဆက်ပြောဖို့ မသင့်တော်ဘူး ဂိုဏ်းတူအစ်ကို၊ ကျေးဇူးပြုပြီး စကားပြော ဆင်ခြင်ပါ"


"စိတ်မပူပါနဲ့၊ သူက စာသင်ချိန်ဆို အမြဲ အိပ်ပျော်သွားတတ်ပြီး အိပ်မောကျသွားရင် ဘယ်သူမှ သူ့ကို နှိုးလို့မရဘူး"


"...အင်း"


သူ့ကို ဒီလိုမြင်ရတော့ ဖန်းဝမ်ရွှန်း သူ့အတွက် ပိုပြီး စိတ်မကောင်း ဖြစ်မိသည်။


 "ဂိုဏ်းတူအစ်ကိုကြီးယွီ ပြန်လာရင် အဆင်ပြေသွားမှာပါ၊ ခဏလောက် သည်းခံလိုက်ပါ"


"ဂိုဏ်းတူအစ်ကိုကြီးယွီ?" 


ဒီနာမည်ကို ကြားလိုက်ရတော့ ရှောင်ချင်းယွီ၏ မျက်လုံးများ အနည်းငယ်တောက်ပလာသည်။ အကယ်၍သာ ရေထဲပြုတ်ကျသွားသော ရှန်ထန်ချီကို ပြုစုစောင့်ရှောက်ရန် အကြီးအကဲရှန်က ရုတ်တရက် တာဝန်မပေးခဲ့လျှင်၊ သူ ဒီနေ့ ဂိုဏ်းတူအစ်ကိုကြီးယွီကို လိုက်ပို့ဖြစ်လောက်သည်။


ဖန်းဝမ်ရွှင်း ခေါင်းကို လေးလေးနက်နက်ညိတ်ပြီး သက် ပြင်းချလိုက်သည်။ 


"မင်းက လူသစ်ဆိုတော့ မသိသေးဘူး၊ မင်းရဲ့ ဂိုဏ်းတူအစ်ကိုကြီးယွီက လမင်းနဲ့ လေပြည်လေညင်းလိုပဲ ဖြူစင်ပြီး အနှောင်အဖွဲ့ကင်းတယ်၊ တကယ့်ကို ကောင်းကင်ဘုံက ဆင်းသက်လာတဲ့ ပုဂ္ဂိုလ်မျိုးပဲ၊ နှမြောစရာပဲ... မိစ္ဆာတွေကို နှိမ်နင်းပြီး တရားမျှတတဲ့ လမ်းစဉ်ကို ကာကွယ်ဖို့ ကျန်းတုန်းဒေသကို သွားတဲ့ သူ့ခရီးစဉ်က ရှည်လျားပြီးကြမ်း တမ်းတယ်၊ သူ ဘယ်တော့ ပြန်လာမလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး"


ရုန်ယွင်ဂိုဏ်းရှိ လူတိုင်း သူ့ကို လေးစားရုံသာမက၊ ဂိုဏ်းတူအစ်ကိုကြီးယွီ၏ နာမည်ကိုထုတ်ပြောလိုက်ရုံဖြင့် တောက်ပသော အလင်းရောင်တစ်ခု ထွက်ပေါ်လာသကဲ့သို့ ဖြစ်နေသည်။


ရှောင်ချင်းယွီသည် ငယ်စဉ်ကတည်းက လှည့်လည်သွား လာနေခဲ့ရသူဖြစ်ပြီး ကောလာဟလများစွာကို ကြားဖူးကာ အကြောင်းအရာ အနည်းငယ် သိထားသည်။ ဂိုဏ်းတူအစ်ကိုကြီးယွီသည် သူ ရုန်ယွင်ဂိုဏ်းသို့ မိုင်ပေါင်းထောင်ချီ ခရီးနှင်ပြီး တပည့်လာခံရခြင်း၏အကြောင်းရင်း ဖြစ် သည်။


သူသည် ဂိုဏ်းတူအစ်ကိုကြီးယွီနှင့် နောက်ဆုံးတွင် တွေ့ဆုံရမည့်နေ့ကို မျှော်လင့်မနေဘဲ မနေနိုင်အောင် ဖြစ်ရပြီး ထိုအချိန်ကျလျှင် "ဂိုဏ်းတူအစ်ကိုကြီး" ဟု ဂုဏ်ယူစွာခေါ်ခွင့်ရမလားဆိုသည်ကို တွေးတောနေမိသည်။


"ကျွန်တော့်အသက် ၁၆ နှစ်တုန်းက၊ ဂိုဏ်းတူအစ်ကိုကြီးယွီက မိစ္ဆာတွေကို နှိမ်နင်းဖို့ ကျွန်တော်တို့ ဆရာသခင်ကြီးနဲ့အတူကျွန်တော့်မြို့ကိုလိုက်ပါလာခဲ့ပြီး၊ ကံကြမ္မာအလှည့်အပြောင်းကြောင့် ကျွန်တော့်အသက်ကို ကယ်ခဲ့တယ်" 


ရှောင်ချင်းယွီ မျက်လွှာချလိုက်ပြီး လက်လှမ်းကာ ဖန်းဝမ်ရွှင်းအတွက် လက်ဖက်ရည် ဖြည်းညှင်းစွာငှဲ့ပေးလိုက်သည်။ 


"ကျွန်တော့်မိဘတွေနဲ့ အစ်ကိုတွေအားလုံး မိစ္ဆာတွေလက် ချက်နဲ့ သေဆုံးခဲ့ကြရပြီး၊ တစ်ဆွေလုံးတစ်မျိုးလုံး သွေးတွေသံတွေနဲ့ ငိုကြွေးရင်း ခြံဝင်းထဲမှာကျန်ရစ်ခဲ့တာဆိုလို့ ကျွန်တော်တစ်ယောက်တည်းပဲ ရှိတော့တယ်..."


ဖန်းဝမ်ရွှင်း အံ့အားသင့်စွာ မော့ကြည့်လိုက်ရာ သူ့လက်ထဲမှ လက်ဖက်ရည်များ အနည်းငယ် လှုပ်ခါသွားသည်။


"အဲဒီတုန်းက" 


ရှောင်ချင်းယွီ အသက်ဖွဖွ ရှူလိုက်ပြီး လေသံကို လျှော့ချရန် ကြိုးစားလိုက်သည်။ 


"ဂိုဏ်းတူအစ်ကိုကြီးယွီက နောက်ဆုံးကျန်တဲ့ မိစ္ဆာကို သူ့ဓားနဲ့ သတ်ပြီးတဲ့နောက်၊ သွေးစွန်းနေတဲ့ သူ့ အဖြူရောင် ဝတ်ရုံနဲ့ ကျွန်တော့်ရှေ့မှာရပ်နေခဲ့တယ်၊ သာမန်လူတစ်ယောက်သာဆိုရင် အဲဒီအချိန်မှာ ကျွန်တော့်ကို သေချာ ပေါက် နှစ်သိမ့်ပေးမှာပဲ"


သူ ရုတ်တရက် ရယ်လိုက်သည်။ 


"ဒါပေမဲ့ ဂိုဏ်းတူအစ်ကိုကြီးယွီက ကျွန်တော့်ကို အေးစက် စက် တစ်ချက်ပဲကြည့်ပြီး သူ့ဓားကို အိမ်ပြန်သွင်းပြီး ထွက်သွားခဲ့တယ်"


အဲဒီအချိန်တုန်းက အရမ်းကိုမှောင်မိုက်နေပြီး၊ သူ့နှလုံး သားလည်း အရမ်းကိုအေးစက်နေခဲ့သည်။


"ကျွန်တော် သူ့ကို ခေါ်သွားပေးဖို့မြေကြီးပေါ်မှာ ဒူးထောက် ပြီး တောင်းပန်ခဲ့တယ်၊ ကျွန်တော့်မိဘတွေအတွက် လက် စားချေချင်တယ်၊ ဒီကမ္ဘာပေါ်မှာ ရှိသမျှ မိစ္ဆာတွေ အကုန် လုံးကို သတ်ပစ်ချင်တယ်လို့ ပြောခဲ့တယ်"


"ဒါပေမဲ့ ကျွန်တော့်ရဲ့ ဂိုဏ်းတူအစ်ကိုကြီးက 'မင်းက ဘယ်သူမဆို ဓားကို ကိုင်စွဲနိုင်တယ်လို့ ထင်နေတာလား' လို့ပဲ ပြောခဲ့တယ်"


ထိုသို့ပြောပြီးနောက် ရှောင်ချင်းယွီသည် လက်အင်္ကျီထဲတွင် ဖုံးကွယ်ထားသော သူ့လက်သီးကိုဆုပ်လိုက်ပြီး တုန်ရီနေမှုကို ထိန်းချုပ်ကာ တိုးတိုးလေးပြောလိုက်သည်။


 "ဒီဓားကို ကိုင်စွဲတယ်ဆိုတာ တစ်နေ့ကျရင် တခြားသူရဲ့ ဓားအောက်မှာ သေဆုံးရမယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ၊ မင်းရဲ့ မိဘတွေနဲ့ အစ်ကိုတွေက မင်းကို ကာကွယ်ရင်း အသက်ပေးခဲ့ကြတာ၊ မင်း သူတို့ကို တန်ဖိုးထားသင့်တယ် လို့ သူ ပြောခဲ့တယ်"


"ကျွန်တော့်မှာ မိဘမရှိဘူး၊ ဘာနှောင်ကြိုးမှမရှိဘဲ မွေးဖွားလာခဲ့တာ၊ ဒါကြောင့် ကျွန်တော် သေရင်လည်း သေပါစေတော့၊ ဒီကိစ္စကို ကျွန်တော် ဖြေရှင်းပါ့မယ်"


တစ်ချိန်တည်းမှာပင် နှစ်ခြိုက်စွာ အိပ်ပျော်နေသင့်သော ရှန်ထန်ချီသည် ရုတ်တရက် မျက်လုံးဖွင့်လိုက်သည်။ သူ့မျက်လုံးများသည် ယိမ်းထိုးနေသော ကြက်ပေါက်လေးပေါ်သို့ ကျရောက်သွားပြီး ထိုအကောင်လေးမှာ ငိုကြွေးနေပြီ ဖြစ်သည်။


"ဘုရားရေ၊ ကျွန်တော်တို့စာအုပ်က အရမ်းကို ထိမိတာပဲ"


"ပါးစပ်ပိတ်ထား"


"ဟုတ်ကဲ့ပါ သခင်"


ထူးဆန်းသော ခံစားချက်တစ်ခု ရှန်ထန်ချီရင်ထဲတွင် ပြည့်တက်လာသည်။ အထူးသဖြင့် ဇာတ်လိုက်မင်းသားက သူ့မှာ မိဘမရှိဘူး၊ သေရင်လည်း သေပါစေတော့လို့ပြောလိုက်တာကို ကြားလိုက်ရတဲ့ အချိန်မှာပေါ့။


လောကကြီးက သူ့ရဲ့ဖြောင့်မတ်တည်ကြည်တဲ့ စရိုက်ကိုပဲ မြင်ကြပြီး၊ မိစ္ဆာတွေရဲ့ နှလုံးသားထဲမှာကြောက်ရွံ့မှုကို ဖြစ်စေခဲ့ပေမဲ့၊ သူ ကြောက်နေသလား၊ အိမ်ကို လွမ်းနေသလား ဆိုတာ ဘယ်သူမှမမေးခဲ့ကြဘူး။


"ကျွတ်၊ သနားစရာ ကောင်းလိုက်တာ"


"ကျွန်တော့်ရဲ့ဂိုဏ်းတူအစ်ကိုကြီးက ကံကောင်းခြင်းတွေနဲ့ ပြည့်စုံသူမို့လို့ ဘေးကင်းလုံခြုံစွာ သေချာပေါက်ပြန်လာမယ်လို့ ယုံကြည်ပါတယ်" 


ရှောင်ချင်းယွီက မျက်လွှာချလျက် တိုးတိုးလေးပြောလိုက်သည်။ 


"ကျွန်တော် တစ်စုံတစ်ခု ဖြစ်လာတဲ့အချိန်ကျရင် သူ့ကို ပြန်တွေ့မှာပါ"


ထိုစကားကို ကြားသောအခါ ဖန်းဝမ်ရွှင်းက သူ ဝမ်းနည်းပူဆွေးမှုဒဏ်ကို ခံစားနေရမည်ကို စိုးရိမ်သဖြင့် စကားလမ်းကြောင်း အမြန်လွှဲလိုက်ပြီး ရှောင်ချင်းယွီပခုံးကို ပျော်ရွှင်စွာ ပုတ်လိုက်သည်။ 


"ကောင်းတယ်၊ အဲဒါမှ စိတ်ဓာတ်ပဲ! ဂိုဏ်းတူအစ်ကိုကြီးယွီ စိတ်ချလက်ချ ရှိရလေအောင် မင်း ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်း ဂရုစိုက်ရမယ်"


"ကျွန်တော် သူ့အစား ဂိုဏ်းတူညီလေးကို ဂရုစိုက်ပေးပါ့မယ်!"


ရှောင်ချင်းယွီနှင့် ဖန်းဝမ်ရွှင်းတို့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြပြီး မည်သူမျှ စကားမပြောနိုင်ဖြစ်သွားကြသည်။


နောက်ဆုံးတွင် သူတို့၏တုန်လှုပ်နေသော အကြည့်များ သည် ခုတင်ပေါ်၌ ရှက်ကိုးရှက်ကန်းပြုံးနေသော ရှန်ထန်ချီအပေါ်သို့ ပြိုင်တူကျရောက်သွားသည်။


"ဆောရီး၊ ကျွန်တော် ဒီခုတင်နဲ့ နည်းနည်းအသားမကျလို့ အိပ်မပျော်ဘူးဖြစ်နေတာ"