Ch 3
Viewers 2k

🥚 Chapter 3


အချိန်တွေ ကုန်သွားလိုက်တာ၊ မျက်စိတစ်မှိတ်အတွင်းမှာပဲ တစ်နှစ်တောင်ကြာသွားပြီ။ ရှန်ထန်ချီသည် ရုန်ယွင်ဂိုဏ်းအကြောင်း တော်တော်များများ စုံစမ်းပြီးသလောက် ဖြစ်နေပြီ။ ဒီဂိုဏ်းလည်း ဝတ္ထုတွေထဲက တခြားကျင့်ကြံရေးဂိုဏ်းတွေနဲ့ သိပ်မကွာလှဘူး။ ရံဖန်ရံခါ ဒုက္ခပေးတတ်တဲ့ ဗီလိန်အသေးစားလေးတွေ ရှိပေမဲ့၊ ဘယ်သူမှ ရှန်ထန်ချီလောက် ဇာတ်လမ်းထဲ ပါဝင်ခွင့်မရကြဘူး။


ကံကောင်းစွာနဲ့ ရှောင်ချင်းယွီနဲ့ ဖန်းဝမ်ရွှင်းတို့က ပေါင်း သင်းဆက်ဆံရ လွယ်ကူပြီး နောက်ကွယ်မှာ မရိုးသားတဲ့ ရည်ရွယ်ချက်တွေ မရှိကြဘူး။ ရှန်ထန်ချီ သူတို့အမြင်မှာ သူ့ရဲ့ နာမည်ဆိုးကို အမြန်ရှင်းပစ်နိုင်ခဲ့တယ်။


ဘဝကတဖြည်းဖြည်း ပိုပြီး သက်တောင့်သက်သာ ရှိလာတယ်။ ရှန်ထန်ချီ ဇာတ်လိုက်မင်းသားဆိုတဲ့ လူတစ်ယောက် ရှိတယ်ဆိုတာတောင် မေ့လုနီးပါးဖြစ်လာခဲ့တယ်။


နေ့တိုင်း သူက System ရယ်၊ ဂိုဏ်းတူမောင်နှမတွေရယ်နဲ့ အချိန်ဖြုန်းပြီး ဂိုဏ်းတံခါးဝက တောရိုင်း ဟင်းသီးဟင်း ရွက် စိုက်ခင်းထဲမှာ ဟင်းသီးဟင်းရွက်တွေ စိုက်၊ ကြက်တွေ မွေးနဲ့ အလုပ်ရှုပ်နေတော့တာပဲ။ သူက တစ်လ ၁၃,၀၀၀ ရနေတာဆိုတော့ တကယ့်ကိုပျော်စရာကောင်းနေတာပေါ့။


System ကြက်ပေါက်လေးက "ကြက်နဲ့ ယူရင် ကြက်နောက်လိုက်၊ ခွေးနဲ့ ယူရင် ခွေးနောက်လိုက်" ဆိုတဲ့ စကား ပုံအတိုင်း ရှန်ထန်ချီ ဟင်းသီးဟင်းရွက်စိုက်ရင် လိုက်စိုက်၊ သစ်သီးခူးရင် လိုက်ခူးနဲ့ နေ့တိုင်း သူ့နောက်က တကောက်ကောက်လိုက်နေပြီး၊ တစ်ခါတလေကျရင် ခန္ဓာကိုယ် သန်မာဖို့ ကျင့်ကြံခြင်းတွေ လုပ်တတ်သေးတယ်။


"ဒါသာ စိုက်ပျိုးရေးဝတ္ထုဆိုရင် ဘယ်လောက် ကောင်းမလဲ" ဟု ကြက်ပေါက်လေးက တစ်ခါမက ရေရွတ်ဖူးသည်။ 


"သခင်၊ ခင်ဗျား စိုက်ထားတဲ့ မုန်ညင်းဖြူပေါက်စလေးတွေက သိပ်ကောင်းတာပဲ၊ ဟော့ပေါ့ထဲ ထည့်စားရင် ရှယ်ဖြစ်မှာ"


ရှန်ထန်ချီ System မျက်စိကျနေတဲ့ မုန်ညင်းဖြူပေါက်စလေးတွေကို ဂုဏ်ယူဝင့်ကြွားစွာခူးပြီး ခြင်းတောင်းထဲ ထည့်လိုက်တယ်။


 "ဒီညကျရင် ချင်းယွီတို့တစ်သိုက်ကို ငါ့လက်ရာ ပြရဦးမယ်၊ မင်းဆီမှာ ဟော့ပေါ့အနှစ် ရှိလား၊ ငါ့ကို နည်းနည်းလောက်ပေး"


ကြက်ပေါက်လေးက တံတွေး တစ်ချက် မျိုချလိုက်ပြီး ပြောတယ်။ 


"ရတာပေါ့၊ ဝန်ထမ်း ခံစားခွင့်ထဲကနေ ကြိုထုတ်ပေးမယ်၊ ဒါပေမဲ့ ကျွန်တော့်ဖို့ နည်းနည်းချန်ထားပေးရမယ်နော်"


"ငါ သိပါတယ်၊ မင်းအတွက် ဝေစု ရမှာပါ" ရှန်ထန်ချီက မော့မကြည့်ဘဲ ပြုံးလျက် ပြောလိုက်သည်။


ဒါ စာအုပ်ထဲကူးပြောင်းရောက်ရှိလာတာ မဟုတ်ဘူး၊ စိတ်အပန်းဖြေ ခရီးထွက်နေသလိုပဲ။


လှပတဲ့ တောင်တန်းတွေ၊ လှပတဲ့ ရှုခင်းတွေ၊ လှပတဲ့ လူတွေ၊ လှပတဲ့ အစားအသောက်တွေနဲ့ လှပတဲ့ System လေး။ ရှန်ထန်ချီ အခုဆိုရင် မပြန်တော့ဘဲ ဒီမှာပဲ နေခဲ့ဖို့ အလေးအနက် စဉ်းစားနေမိပြီ။ ပြန်သွားရင် ဟို မကောင်း ဆိုးဝါး အရင်းရှင်စနစ်အတွက် အလုပ်လုပ်ပေးရဦးမယ်၊ ဒီစာအုပ်ထဲမှာ စားလိုက်သောက်လိုက်နဲ့နေရတဲ့ သက်တောင့်သက်သာ ဘဝမျိုးကို ဘယ်အရာကမှမယှဉ်နိုင်ဘူးလေ။


ရှန်ထန်ချီ ဟင်းသီးဟင်းရွက်ခြင်းတောင်း ကျောပိုးပြီး ဂိုဏ်းရဲ့ဘေးဆောင်ကိုပြန်ရောက်လာတဲ့ အချိန်မှာပင် ဖန်းဝမ်ရွှင်း စိုးရိမ်တကြီးပြေးဝင်လာပြီးပြောလာသည်။ 


"ပြဿနာကြီး တက်ပြီ! ဂိုဏ်းတူညီလေး၊ ချင်းယွီကို သွားကြည့်ပါဦး!"


ဟင်းသီးဟင်းရွက် ခြင်းတောင်းက ဒုန်းခနဲ မြေကြီးပေါ် ပြုတ်ကျသွားပြီး နုနယ်တဲ့ မုန်ညင်းဖြူပေါက်စလေးတွေ မြေမှုန့်တွေကြား လိမ့်ဆင်းသွားသည်။


ရှန်ထန်ချီ ရောက်သွားတဲ့ အချိန်မှာတော့၊ ရှောင်ချင်းယွီက ခုတင်ပေါ်မှာ သတိလစ်မေ့မြောနေပြီး တစ်ယောက်တည်း ရေရွတ်နေသည်။


"ကောင်းကင်ဘုံက ရက်စက်တယ်၊ ကောင်းကင်ဘုံက ရက်စက်တယ်... မိစ္ဆာတွေ အကုန်လုံးကို သတ်ပစ်၊ ငါ့ရဲ့ မိစ္ဆာမျိုးနွယ်ကို ပြန်လည် ထူထောင်ရမယ်!"


ချွေးတွေ ရွှဲနစ်နေပြီဖြစ်တဲ့ ဖန်းဝမ်ရွှင်းက ပူပြင်းတဲ့ ဒယ် အိုးပေါ်က ပုရွက်ဆိတ်တစ်ကောင်လို စိုးရိမ်ပူပန်နေပြီး ရှန်ထန်ချီရဲ့ လက်မောင်းကို ဆွဲကာ မေးလိုက်တယ်။ 


"မြန်မြန် ကြည့်ပါဦး၊ ချင်းယွီ ဘာဖြစ်နေတာလဲ"


ရှန်ထန်ချီ ဒီလိုမျိုး တစ်ခါမှ မမြင်ဖူးဘူး။ သူ စိတ်ငြိမ်အောင်ကြိုးစားပြီး ဖန်းဝမ်ရွှင်းအား ဖိချကာမေးလိုက်သည်။ 


"အကြီးအကဲတွေကို အကြောင်းကြားပြီးပြီလား"


ဖန်းဝမ်ရွှင်း အကြိမ်ကြိမ် တုံ့ဆိုင်းနေပြီးမှ နောက်ဆုံးတော့ ခေါင်းခါလိုက်သည်။ 


"ခင်ဗျား မသိဘူး၊ ဒီရက်ပိုင်း မိစ္ဆာတွေက ပိုပြီးမောက်မာလာကြတယ်၊ ရုန်ယွင်ဂိုဏ်းက ကာကွယ်ပေးထားတဲ့ အနီးနားက မြို့အတော်များများ မိစ္ဆာတွေတိုက်ခိုက်တာ ခံလိုက်ရတယ်"


သူ ပြောပြီးပြီးချင်း၊ ရှန်ထန်ချီ ကြောင်အသွားရသည်။ 


"ဘာလို့ ငါ့ကို ဘယ်သူမှ ဘာမှမပြောကြတာလဲ"


"အကြီးအကဲရှန်က ကျွန်တော်တို့ မထွက်ခွာခင် ခင်ဗျားကို မပြောဖို့ အထူးတလည်မှာထားတယ်၊ တကယ်လို့ ခင်ဗျားသာ သိသွားရင် အပြင်ထွက်ပြီး နာမည်ရအောင် လုပ်ချင်နေလိမ့်မယ်တဲ့၊ မိစ္ဆာတွေက ကြမ်းကြုတ်ပြီး ရက်စက်တယ်၊ သူတို့မြင်တဲ့ ဘယ်သူ့ကိုမဆိုသတ်ပစ်ကြတာ၊ အဲဒါကြောင့် ခင်ဗျား အသက်ဆုံးရှုံးသွားမှာ စိုးလို့ပါ..."


ထိုစကားကို ကြားသောအခါ ရှန်ထန်ချီ မျက်မှောင်ကြုတ်လိုက်ပြီး လုံးဝစကားမပြောနိုင် ဖြစ်သွားရသည်။


သူ တကယ်ကြီး ကောင်းကောင်းမွန်မွန် နေထိုင်ခဲ့တာပဲ၊ ဘယ်လောက်ထိ ကောင်းမွန်နေသလဲဆိုရင် မူရင်းစာအုပ်ရဲ့အဓိကဇာတ်ကွက်က ဇာတ်လိုက်မင်းသားနဲ့ မိစ္ဆာတွေကြားက အာဃာတတွေ၊ အချစ်နဲ့အမုန်း ဆက်ဆံရေးတွေ ဆိုတာကိုတောင် မေ့လုနီးပါးပင်။


ဒီစာအုပ်ထဲက မိစ္ဆာတွေက မယုံနိုင်လောက်အောင် စွမ်း အားကြီးကြသည်။ ၎င်းတို့၏ သဘာဝအလျောက် သန်မာသည့် ခန္ဓာကိုယ်များကိုအားကိုးပြီး မကောင်းမှု ဒုစရိုက်မျိုးစု ကျူးလွန်ကြသည်။ ၎င်းတို့ကျင့်ကြံမှုတိုးမြှင့်ဖို့ရာ လူသာနှင့် တခြားမိစ္ဆာများကို စားသောက်ကြသေးသည်။


"ဒီကိစ္စနဲ့ ပတ်သက်ပြီး ငါ ဘာမှ မလုပ်ပေးနိုင်ဘူး" 


ရှန်ထန်ချီ ပြောလိုက်ရာ သူ့နဖူးပေါ်တွင် ချွေးစို့လာသည်။ သူ မိစ္ဆာတစ်ကောင်ကို အရင်က တစ်ခါမှမမြင်ဖူးသလို၊ သူတို့ရဲ့လှည့်ကွက်များကိုလည်း တစ်ခုမှ မသိပေ။


ခုတင်ပေါ်တွင် ရှောင်ချင်းယွီက ဝါးတားတား ရေရွတ်သံအချို့ ပြုလုပ်လိုက်ပြီး ထိုစကားလုံးများကိုသာ ထပ်ခါတလဲလဲ ပြောနေပုံရသည်။


 "မိစ္ဆာတွေ အကုန်လုံးကို သတ်ပစ်၊ ငါ့ရဲ့ မိစ္ဆာမျိုးနွယ်ကို ပြန်လည် ထူထောင်ရမယ်!"


ကြည့်ရတာ ရှောင်ချင်းယွီရဲ့ "ရောဂါ" က မိစ္ဆာတွေနဲ့ခွဲခြားလို့မရအောင် ဆက်စပ်နေပုံရတယ်။


ဖန်းဝမ်ရွှင်းက စိုးရိမ်တကြီး မေးလိုက်သည်။ 


"အကြီးအကဲတွေလည်း မရှိကြဘူး၊ ဂိုဏ်းတူမောင်နှမတွေထဲမှာ ခင်ဗျားက အစွမ်းအထက်ဆုံးပဲ၊ ခင်ဗျားတောင် ချင်းယွီကို မကယ်နိုင်ဘူးလား"


သူ လား ?  သူက စာအုပ်ထဲ ကူးပြောင်းရောက်ရှိလာတဲ့ ကျင့်ကြံရေး အတွေ့အကြုံမရှိတဲ့ လူသစ်လေးလေ။ ရိုးရိုးသားသား ပြောရရင် ဝိညာဉ်စွမ်းအင်ကို ဘယ်လိုသုံးရမလဲ ဆိုတာတောင် သူ သေချာ မသိသေးဘူး။


သူ အလောတကြီး လုပ်မိသွားမှန်းသိလိုက်ပုံရပြီး ဖန်းဝမ်ရွှင်းက အံကိုကြိတ်ကာ ကိုယ့်ပါးကိုယ် ဒေါသတကြီး ရိုက်လိုက်တယ်။ 


"အကုန်လုံး ငါ့အပြစ်တွေပါ! ငါ့ရဲ့ ပါရမီက ညံ့ဖျင်းပြီး ကျင့်ကြံမှုကလည်း သိပ်မတိုးတက်ဘူး၊ အခု ချင်းယွီကို ကယ်ဖို့ ဂိုဏ်းတူညီလေးကို အခက်တွေ့အောင် လုပ်မိပြန်ပြီ၊ ဆေးဖက်ဝင်အပင်တွေ ခူးဖို့ ချင်းယွီကို တောင်အောက်ခေါ်သွားမိတဲ့ ငါ့အပြစ်ပါ၊ ငါတို့ မိစ္ဆာကျင့်ကြံသူတွေရဲ့ထောင်ချောက်ထဲ ကျသွားခဲ့တာ၊ တကယ်လို့ ဂိုဏ်းတူအစ်ကိုကြီးယွီသာ အခု ဒီမှာ ရှိနေရင်..."


ရှန်ထန်ချီ ယွီဆိုတဲ့ နာမည်ကို မကြားရတာကြာပြီဖြစ် သည်။ သူ ရုတ်တရက် ခေါင်းမော့လိုက်ပြီး ပြောလိုက်၏။


 "ဂိုဏ်းတူအစ်ကို့ အပြစ် မဟုတ်ပါဘူး၊ ဇာတ်လိုက်မင်း သား မရှိရင်တောင်မှ၊ ငါတို့ ချင်းယွီကို သေချာပေါက် ကယ်နိုင်မှာပါ။"


"ဇာတ်လိုက်... ဘာ ဇာတ်လိုက်လဲ"


ရှန်ထန်ချီ မျက်မှောင်ကြုတ်လိုက်ပြီး ရှောင်ချင်းယွီအပေါ်ကစောင်ကို မကာ ခုတင်အစွန်းတွင် ထိုင်လိုက်ပြီး သူ့စိတ်ထဲတွင် တိတ်တဆိတ် ရွတ်ဆိုလိုက်သည်။ 


"System၊ System၊ System၊ မြန်မြန် ထွက်ခဲ့စမ်း... အရေး ကြီးတယ်၊ အရမ်း အရေးကြီးတယ်၊ ငါ စိုးရိမ်လွန်းလို့ သေတော့မယ်၊ မြန်မြန် လာခဲ့!"


တစ်ခဏချင်းမှာပင် ကြက်ပေါက်လေး လေထဲမှခုန်ထွက်လာပြီး တောင်ပံခတ်ကာ ရှန်ထန်ချီ ဘေးသို့ ပျံသန်းလာသည်။


ရှန်ထန်ချီတစ်ယောက်တည်းသာ System ကို မြင်ရပြီး၊ ဖန်းဝမ်ရွှင်းမျက်လုံးထဲတွင်မူ သူ့အသက်ကို ကယ်တင်နိုင်မည့် နည်းလမ်းကို တွေ့ရှိသွားသကဲ့သို့ ရှန်ထန်ချီ၏မျက် နှာပေါ်တွင် ရုတ်တရက် ပျော်ရွှင်သွားပုံပေါ်လာသည်ကိုသာ မြင်လိုက်ရသည်။


"မြန်မြန်၊ မူရင်းစာအုပ် ငါ့ကို ပေး" 


ရှန်ထန်ချီ System နဲ့ စကားပြောပြီး အချိန်ဖြုန်းနေဖို့ မအားချေ။ ကြက်ပေါက်လေး မူရင်းစာအုပ်ကို ဆွဲထုတ်လိုက်ရုံ ရှိသေး ရှန်ထန်ချီ လှမ်းဆွဲယူလိုက်သည်။ သူ စာမျက်နှာတိုင်းကို သေချာ လှန်လှောကြည့်ပြီး ရှောင်ချင်းယွီ၏ ရောဂါလက္ခဏာနှင့် သက်ဆိုင်သည့် စာသားများကို ရှာဖွေနေသည်။


အချိန်ဘယ်လောက်ကြာသွားမှန်း မသိအောင် ရှာဖွေပြီးနောက်၊ နောက်ဆုံးတော့ ဇာတ်လိုက်မင်းသားက မိစ္ဆာမင်းသားနှင့် တိုက်ခိုက်တဲ့ အခန်းက စာမျက်နှာတစ်ခုမှာ ရှောင်ချင်းယွီ၏ ထပ်တူကျသည့် ရောဂါလက္ခဏာတွေကို တွေ့ရှိသွားသည်။


"အနက်ရောင်ဝတ် အမျိုးသားက မည်းနက်နေတဲ့ ကူပိုးကောင် တစ်ကောင်ကိုလွှတ်လိုက်တယ်၊ အဲဒါက တပည့်လေးရဲ့လည်ပင်းကနေတဆင့် ချက်ချင်း တိုးဝင်သွားပြီး ခန္ဓာကိုယ်ရဲ့ သွေးကြောတွေ တလျှောက် လျင်မြန်စွာပျံ့နှံ့သွားတယ်၊ အရင်ဆုံး သူ့စိတ်နဲ့ ဦးနှောက်ကို ထိခိုက်စေပြီး၊ နောက်ပိုင်းမှာ သူ့ခန္ဓာကိုယ်တစ်ခုလုံးကို လုံးဝကျူး ကျော်ဝင်ရောက်သွားကာ သူ့ရဲ့ ရုပ်သွင်ကိုတောင် မိစ္ဆာတစ်ကောင်အဖြစ် ပြောင်းလဲသွားစေတယ်"


သောက်ကျိုးနည်း


ကြောက်စရာကြီးပါလား


"ဂိုဏ်းတူအစ်ကို၊ ဝိုင်းကူပါဦး" 


ရှန်ထန်ချီနဲ့ ဖန်းဝမ်ရွှင်းတို့ ရှောင်ချင်းယွီအား အမြန်တွဲထူလိုက်ကြပြီး၊ တကယ် သူ့လည်ပင်းအနောက်ဘက်မှာ မသိမသာလေးဖြစ်နေသည့် အမည်းရောင် အပေါက်လေး တစ်ပေါက်ကိုတွေ့လိုက်ရ၏။


ဒါက ကူပိုးကောင်ဝင်သွားပြီး ကျန်ခဲ့တဲ့ အပေါက်ဖြစ်လောက်တယ်။


အခြေအနေကို အတည်ပြုပြီးနောက်၊ ရှန်ထန်ချီက ဖန်းဝမ်ရွှင်းကို ရှောင်ချင်းယွီအား ပြန်ချခိုင်းလိုက်ပြီး၊ သူကတော့ စာအုပ်တွေကြားထဲမှာ ဆက်လက်အာရုံစိုက်ကာ ကူပိုးကောင်တွေကို ဖယ်ရှားမယ့် နည်းလမ်းကို စေ့စေ့စပ်စပ် ရှာဖွေနေသညါ။


ဖန်းဝမ်ရွှင်း အမြင်မှာမူ ရှန်ထန်ချီက တစ်စုံတစ်ခုကို ကိုင်ထားပြီး အကြိမ်ကြိမ် အဖန်ဖန်လှန်လှောကြည့်နေသလို ဖြစ်နေသည်။


ဖန်းဝမ်ရွှင်း နားမလည်ပေမဲ့၊ ဒါက ရှန်မိသားစုရဲ့ အမွေ အနှစ် တစ်ခုခုဖြစ်လောက်သည်။ ထိုသည်မှာ အရောင်မရှိ အနံ့မရှိဘဲ ရှောင်ချင်းယွီရဲ့အသက်ကို ကယ်တင်နိုင်စွမ်း ရှိသည်ဟု သူ ခန့်မှန်းလိုက်၏။


လုံ့လရှိသူကို ကောင်းကင်ဘုံက ဆုချလေ့ရှိတယ်၊ ရှန်ထန်ချီ နောက်ဆုံးတော့ ကူပိုးကောင်တွေကို ဖယ်ရှားမယ့် နည်းလမ်းကိုရှာတွေ့သွားရသည်။


"သွေးဆိတ်သုဉ်းချောက်ကမ်းပါးပေါ်မှာ အဆိပ်အားလုံးကို ကုသနိုင်ပြီး ကုပိုးကောင်တွေရဲ့ သဘာဝရန်သူဖြစ်တဲ့ ပြိုင်ဘက်ကင်း ဆေးဖက်ဝင်အပင် တစ်မျိုးပေါက်ရောက်တယ်၊ အဲဒါကို စားသုံးပြီးရင် ကူပိုးကောင်တွေက ချက် ချင်းသွေးနဲ့ အာဟာရဓာတ်တွေအဖြစ် ပြောင်းလဲသွားပြီး ခန္ဓာကိုယ်ထဲပျော်ဝင်သွားကာ ခန္ဓာကိုယ်ကိုသန်မာစေတယ်"


ရှန်ထန်ချီ စိတ်လှုပ်ရှားစွာနဲ့ တစ်လုံးချင်း ဖတ်လို့ပြီးသွားပြီး ဖန်းဝမ်ရွှင်းကို ချက်ချင်း မော့ကြည့်လိုက်ကာ


 "ဂိုဏ်းတူအစ်ကို၊ သွေးဆိတ်သုဉ်းချောက်ကမ်းပါးက ဘယ်နားမှာလဲ"


သူ့မေးခွန်းကို ကြားလိုက်ရချိန် ဖန်းဝမ်ရွှင်းမျက်နှာထား အနည်းငယ်တောင့်တင်းသွားပြီး တားမြစ်ထားတဲ့ အရာတစ်ခုခုကို ကြားလိုက်ရသလိုဖြစ်သွားသည်။ 


"ခင်ဗျား ဘာလို့ ဒါကို မေးတာလဲ..."


"သွေးဆိတ်သုဉ်းချောက်ကမ်းပါးပေါ်မှာ ချင်းယွီရဲ့ အသက်ကို ကယ်နိုင်တဲ့ ဝိညာဉ်ဆေးပင် တစ်မျိုးရှိတယ်" 


ရှန်ထန်ချီက စိတ်အားထက်သန်စွာနဲ့ လက်အင်္ကျီလက်တွေကို ပင့်တင်လိုက်တယ်။ 


"ကျွန်တော် သွားခူးလိုက်မယ်"


သူ စကားမဆုံးခင်မှာပင် ဖန်းဝမ်ရွှင်းက သူ့တောင်းဆိုမှုကို ပြင်းပြင်းထန်ထန် ငြင်းပယ်လိုက်၏။ 


"လုံးဝ မဖြစ်ဘူး! သွေးဆိတ်သုဉ်းချောက်ကမ်းပါး ဆိုတာ ရုန်ယွင်ဂိုဏ်းရဲ့တားမြစ်နယ်မြေတစ်ခုပဲ၊ နှစ်ထောင်ချီ သက်တမ်းရှိတဲ့ အစီအရင်နဲ့ ကာကွယ်ထားတာ၊ အဲဒါက အသွားပဲရှိပြီး အပြန်မရှိတဲ့လမ်းပဲ၊ ချောက်ကမ်းပါး အောက်ခြေမှာ ကြမ်းကြုတ်တဲ့ မိစ္ဆာကောင်ထောင်ပေါင်းများစွာကို ချုပ်နှောင်ထားတာ၊ တစ်ကောင်ချင်းစီက ဒီဒေသကို ဒုက္ခပေးခဲ့ဖူးတဲ့ ကပ်ဆိုးတွေချည်းပဲ! တကယ်လို့ ခင်ဗျားသာ ပြုတ်ကျသွားရင်..."


နောက်ဆက်တွဲ အကျိုးဆက်တွေက တွေးကြည့်လို့တောင် မရဘူး၊ သူ အဲဒီမိစ္ဆာတွေရဲ့ဆွဲဖြဲတာကို ခံရပြီး တစ်စစီ ဖြစ်သွားလောက်သည်။


ထိုစကားကိုကြားသောအခါ ရှန်ထန်ချီ တကယ်တိတ်ဆိတ် သွားသည်။


အခန်းထဲသို့ ဝင်ရောက်လာသော နေဝင်ချိန် အလင်းရောင်အောက်တွင်၊ ခုတင်ပေါ်ရှိ ရှောင်ချင်းယွီမှာ အားအင် လုံးဝ မကျန်တော့သကဲ့သို့ ဖြစ်နေသည်။ သူ့အသံမှာ တဖြည်း ဖြည်း တိုးသထက် တိုးလာပြီး မျက်နှာမှာဖြူဖျော့ကာ ပိန်လှီနေသည်။


ရှန်ထန်ချီအတွက်တော့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ခြင်းက အဉာဏ်ဆုံး ရွေးချယ်မှုသာ။ သူက အမြဲတမ်းသတ္တိနည်းခဲ့ပြီး၊ သူ့အိပ်မက်က ပိတ်ရက်တွေ နားရတဲ့ မနက် ၉ နာရီကနေ ညနေ ၅ နာရီအထိလုပ်ရသည့် ပုံမှန် အလုပ်တစ်ခုရဖို့ပင်၊ အစိုးရဝန်ထမ်းဖြစ်ပါက အကောင်းဆုံးဖြစ်မည်။ သူ့ဘဝ၏အကြီးမားဆုံး ရည်မှန်းချက်ကား အေးအေးဆေး ဆေး သက်တောင့်သက်သာနေရသည့် ဘဝမျိုးမှာနေထိုင်ဖို့သာ။


စာအုပ်ထဲကူးပြောင်းရောက်ရှိလာပြီးနောက် သူ ပျံသန်းနိုင်ဖို့ (သို့) ကြောက်စရာကောင်းသည့် ပုဂ္ဂိုလ်တစ်ယောက်ဖြစ်လာဖို့ မမျှော်လင့်ခဲ့ချေ။ သူကား ငြိမ်းချမ်းပြီး ပူပင်ကြောင့်ကြကင်းသည့် ဘဝမျိုးတွင်နေချင်သည်။


ဟင်းသီးဟင်းရွက် စိုက်၊ ကြက်မွေး၊ ချက်ပြုတ်၊ ပြီးတော့ သူငယ်ချင်းတွေနဲ့ နေကြာစေ့ စားရင်း စကားစမြည် ပြောမယ်။


"System၊ မင်း ဘယ်လိုထင်လဲ... စာအုပ်ထဲ ကူးပြောင်းရောက်ရှိလာတဲ့ သူတွေက များသောအားဖြင့် တကယ့် ဇာတ်လိုက်တွေ ဖြစ်တတ်ကြလား" 


ရှန်ထန်ချီ သူ့ဘာသာ တွေးလိုက်မိပြီး၊ သူ့အကြည့်မှာ ပြတင်းပေါက် အပြင်ဘက်က နေဝင်ဆည်းဆာအပေါ် ရောက်နေသည်။


တကယ်လို့ သူ့မှာလည်း ဇာတ်လိုက်အရှိန်အဝါ ရှိနေမယ်ဆိုရင်၊ သူ ရှောင်ချင်းယွီကို ယုံကြည်မှုရှိရှိကယ်တင်နိုင်မလား။


ဒဏ္ဍာရီလာ အစွမ်းထက်တဲ့ ဂိုဏ်းတူအစ်ကိုကြီးယွီ လိုမျိုးပေါ့။


ကြက်ပေါက်လေးက တောင်ပံခတ်ပြီး နောက်ဆုံးတော့ ရှန်ထန်ချီရဲ့ ပခုံးပေါ် နားလိုက်ကာ သူ့လိုပြတင်းပေါက်အပြင် ဘက်ကို ငေးကြည့်လိုက်သည်။


"သန်းပေါင်းများစွာသော သာမန်လူတွေထဲက သာမန်လူတစ်ယောက် အနေနဲ့၊ သခင်၊ ခင်ဗျား အခုထိ တော်တော်လေး ကောင်းကောင်းလုပ်ဆောင်နိုင်ခဲ့ပါတယ်" 


System က သူ့မေးခွန်းနဲ့ မဆိုင်သလို ပြန်ဖြေလာသည်။


ထိုစကားကို ကြားသောအခါ ရှန်ထန်ချီ ရုတ်တရက် ပိုပြီး စိတ်ပေါ့ပါးသွားသလို ခံစားလိုက်ရပြီး ပြုံးလျက် မေးလိုက်တယ်။ 


"ဒါက မင်းရဲ့ AI ပေးတဲ့ အဖြေလား"


System တစ်ခဏလောက် တိတ်ဆိတ်သွားပြီး


 "AI ဆိုတာ လူသားတွေ ဖန်တီးထားတာ၊ System ဆိုတာလည်း လူသားတွေ ဖန်တီးထားတာပဲ၊ ဒါကြောင့် ဒါက "


ပြတင်းပေါက် အပြင်ဘက်က နေဝင်ရောင်ခြည်က ကြက်ပေါက်လေးတွေအပေါ် ကျရောက်နေပြီး သူတို့ကို ပိုလို့တောင် တောက်ပနေစေသည်။


"လူသားတွေ ပေးတဲ့ အဖြေပဲ"


မျှော်လင့်ထားသည့် အဖြေကိုရလိုက်သဖြင့် ရှန်ထန်ချီ မျက်တောင်ခတ်လိုက်ပြီး ပြုံးလိုက်တယ်။ 


"ကောင်းပြီ၊ ဒီည ဟော့ပေါ့ စားမယ့် အစီအစဉ်ကိုဖျက်လိုက်တော့၊ မင်းသခင်က ဂိုဏ်းတူညီလေးကို ကယ်ဖို့အတွက် ဝိညာဉ်ဆေးပင်ခူးထွက်မယ့် သွေးဆိတ်သုဉ်းချောက်ကမ်းပါးသို့သွားခြင်းဆိုတဲ့ အရံမစ်ရှင်ကိုစတင်တော့မယ်!"