Ch 4
Viewers 2k

🥚 Chapter 4



သွေးဆိတ်သုဉ်းချောက်ကမ်းပါး၏ အစွန်းတစ်နေရာတွင်


မရေမတွက်နိုင်သော မိစ္ဆာစွမ်းအင်များသည် အမည်းရောင် နွယ်ပင်များသဖွယ် ချောက်ကမ်းပါး အောက်ခြေမှ တက်လာပြီး စိမ့်မြေနံ့ ပြင်းပြင်းထန်ထန်ရနေသည်။ ချောက်ကမ်းပါး အစွန်းတွင်ရပ်နေရုံဖြင့် ကြက်သီးမွေး ညင်းထစေပြီး လူကို ပျို့အန်ချင်စိတ်ဖြစ်ပေါ်စေသည်။


ဒီနေ့မှာတော့ ရှန်ထန်ချီက မူလပိုင်ရှင်၏ကြီးမားသည့် ဗီရိုကြီးများထမှ သူ ရွေးချယ်ထား‌သည့် အကောင်းဆုံး အဝတ်အစားကို ဝတ်ဆင်ထားသည်။ ဂုဏ်ယူဝင့်ကြွားနေသည့် အနီရင့်ရောင်ဝတ်စုံကြီးပင်။


ဖန်းဝမ်ရွှင်းကမူ သူ့ဘေးမှာ ရပ်နေပြီး ချောက်ကမ်းပါး အောက်ခြေကနေ တိုက်ခတ်လာတဲ့ ခြောက်ခြားဖွယ်ရာ အေးစက်စက် လေကြောင့် တုန်ရီနေပြီး သွားချင်းရိုက်သံတွေ ထွက်နေသည်။


 "ဂိုဏ်းတူညီလေး၊ ကျွန်တော် အကြီးအကဲတွေဆီ သတင်း ပို့ပြီးပြီ၊ သူတို့ မကြာခင် ပြန်ရောက်လာကြလိမ့်မယ်။ ခင်ဗျား မသွားဘဲ နေလိုက်ပါလား"


"မဖြစ်ဘူး"


 á€›á€žá€”်ထန်ခဝဎ ချက်ချင်း ငြင်းလိုက်သည်။ 


"ချင်းယွီရဲ့ ခန္ဓာကိုယ်က အဲဒီလောက်ထိ ခံနိုင်မှာ မဟုတ်ဘူး။ ဒီ ကူပိုးကောင်က အရမ်းမြန်မြန်အစွမ်းပြနေပြီ။ ငါတို့ အချိန်ဆွဲနေရင် ချင်းယွီမျက်နှာက ရုပ်ဆိုးတဲ့ မိစ္ဆာကျင့်ကြံသူရဲ့ မျက်နှာလိုဖြစ်သွားလိမ့်မယ်။"


ထိုစကားကို ကြားသောအခါ ဖန်းဝမ်ရွှင်း အလွန်စိုးရိမ်ပူပန်စွာဖြင့် ခေါင်းညိတ်လိုက်သည်။


 "ကျွန်တော် ခင်ဗျားကိုယ်မှာ ကြိုးတစ်ချောင်းချည်ပေးထားမယ်၊ တကယ်လို့ တစ်ခုခု ဖြစ်ရင် အော်လိုက်၊ ကျွန်တော် ချက်ချင်းပြန်ဆွဲတင်ပေးမယ်"


ဒါက သူတို့ ကြိုတင် သဘောတူထားတဲ့ အစီအစဉ်ဖြစ်တာကြောင့် ရှန်ထန်ချီ လက်ခံလိုက်ပြီး လက်နှစ်လုံးလောက် အထူရှိတဲ့ လျှော်ကြိုးတစ်ချောင်းကို ကိုယ့်ကိုယ်ကိုယ် ပတ်ချည်လိုက်သည်။


သူ ကြိုးချည်နေတုန်း ဖန်းဝမ်ရွှင်း စကားပြောလိုက်တာကို ရုတ်တရက် ကြားလိုက်ရ၏။


 "ဒါနဲ့ ဂိုဏ်းတူညီလေး၊ ကျွန်တော် ခင်ဗျားကို မေးချင်နေတဲ့ မေးခွန်းတစ်ခု ရှိတယ်" 


သူ ရှန်ထန်ချီရဲ့ အနောက်ဘက်ကို ရွှေ့သွားပြီး ခါးမှာ ကြိုးကို သေချာချည်ပေးလိုက်သည်။


"မေးလေ" 


ရှန်ထန်ချီက သူ့စိတ်ထဲ ဝိညာဉ်ဆေးပင်အကြောင်းပဲ တွေးနေရင်း ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်၏။


သူ့ခွင့်ပြုချက် ရလိုက်တော့မှ ဖန်းဝမ်ရွှင်းက စိတ်ရှုပ်ထွေးစွာနဲ့ မေးလာသည်မှာ


"ခင်ဗျားက ဘာလို့ အမြဲတမ်း အနီရောင်ဝတ်ရတာ ကြိုက်တာလဲ"


ရှန်ထန်ချီ ဒီလို အဓိပ္ပာယ်မရှိတဲ့ စကားတွေနဲ့ အချိန်ဖြုန်းမနေချင်တာကြောင့် ဘာမှမစဉ်းစားဘဲ ချက်ချင်း ပြန်ဖြေလိုက်တယ်။ 


"ဘာလို့လဲဆိုတော့ ငါက တရုတ်အနီရောင် ၊ဆိုရှယ်လစ်အနီရောင်ကို ကြိုက်လို့လေ၊ ဂိုဏ်းတူအစ်ကို၊ နောက် ကျောဘက်မှာ လုံလောက်အောင် တင်းရဲ့လား"


ဖန်းဝမ်ရွှင်းက ရှင်းရှင်းလင်းလင်း နားမလည်ပေမဲ့ ခေါင်း ညိတ်ပြီး


"ခင်ဗျား သေသွားတဲ့အခါ လက်စားချေတတ်တဲ့ သရဲ  ဖြစ်ချင်လို့ အနီရောင်ဝတ်တယ်လို့ ကျွန်တော် ထင်ခဲ့တာ။"


သူ့စကားတွေက ရှင်းပြလို့မရအောင် ထူးဆန်းပြီး နားလည်ရခက်နေသည်။


ရှန်ထန်ချီ သတိလက်လွတ် မေးလိုက်မိသည်။


 "ဘာ"


ဒါပေမဲ့ ဖန်းဝမ်ရွှင်း ရုတ်တရက် ပြုံးလိုက်တာကို သူ တွေ့လိုက်ရပြီး


 "အဲဒါကြောင့် မဟုတ်ဘူးဆိုတော့ ကျွန်တော် တော်တော် စိတ်အေးသွားပြီ"


ရှန်ထန်ချီ သူ့စကားရဲ့ နောက်ကွယ်က အဓိပ္ပာယ်ကို နားမလည်နိုင်ခင်မှာပဲ၊ ဖန်းဝမ်ရွှင်းက ကြိုးတုပ်ခံထားရတဲ့ ရှန်ထန်ချီအား ချောက်ကမ်းပါးပေါ်ကနေ ရုတ်တရက်တွန်းချလိုက်သည်။


ရှန်ထန်ချီ အော်ဟစ်လိုက်ပေမဲ့ သူ့အသံမှာ ချောက်ကမ်း ပါးအောက်ခြေက အဆုံးမရှိသည့်မြူခိုးတွေကြားထဲ လျင်မြန်စွာ ပျောက်ကွယ်သွားသည်။


ဖန်းဝမ်ရွှင်းက ချောက်ကမ်းပါး အောက်ဘက်ကို ငုံ့ကြည့်ပြီး သဘောကျစွာ ပြုံးလိုက်သည်။


"မိစ္ဆာတိုင်း ရုပ်ဆိုးတာမဟုတ်ပါဘူး ကလေးရယ်၊ ကျွန်တော့်လို ချောမောပြီး နူးညံ့သိမ်မွေ့တဲ့ မိစ္ဆာတွေလည်း ရှိပါသေးတယ်"


လူတွေက မကြာခဏပြောလေ့ရှိကြတယ်၊ လူတွေ တိုက်ပေါ်ကနေ ခုန်ချတဲ့အခါ ဘာတွေ တွေးကြသလဲ ဆိုတာကိုပေါ့။


ရှန်ထန်ချီ အရင်တုန်းက Forum တွေမှာ ဒီလို ဆွေးနွေးပွဲတွေထဲ မကြာခဏ ဝင်ပါလေ့ရှိသည်။


တချို့က ပြောကြတယ်၊ လူတွေ ခုန်ချကြတာက မျှော်လင့် ချက် ကုန်ဆုံးသွားလို့၊ ဒါကြောင့် သူတို့ ခံစားရတာက သက်သာရာရမှု တစ်ခုတည်းပဲ ရှိတယ်တဲ့။


တချို့ကျတော့လည်း လူတွေက ရှင်သန်ချင်စိတ် ပြင်းပြမှုကို ရုတ်တရက် ခံစားလိုက်ရတယ်တဲ့။


ဒီအချိန်မှာတော့ ရှန်ထန်ချီ တစ်နာရီ မိုင် ၁၃၀ နှုန်းနဲ့ ချောက်ကမ်းပါး အောက်ခြေကိုထိုးကျနေရင်း သူ့ခေါင်းထဲမှာ အတွေးပေါင်းစုံ ဝင်ရောက်လာသည်။


ဖန်းဝမ်ရွှင်း၊ အဲ့ဒီကောင်က တကယ်တော့ မိစ္ဆာကျင့်ကြံသူ တစ်ယောက်ပဲ!


အံ့သြစရာ မရှိတော့ပါဘူး! အကြီးအကဲတွေ အကုန်လုံး ရုန်ယွင်ဂိုဏ်းကနေ တိတ်တဆိတ်နဲ့တပြိုင်နက်တည်း ဘယ် လို ထွက်ခွာသွားကြတာလဲလို့ သူ တွေးနေခဲ့တာ၊ ဖန်းဝမ်ရွှင်း သူ့ကိုလိမ်ခဲ့တာ ဖြစ်လောက်တယ်။


ပြီးတော့ ရှောင်ချင်းယွီ အဆိပ်မိတာကလည်း ဒီကောင့် လက်ချက်ပဲ ဖြစ်လောက်တယ်။


ဒီလူက တကယ်တော့ ရုန်ယွင်ဂိုဏ်းထဲထည့်ထားတဲ့ မိစ္ဆာသူလျှိုတစ်ယောက် ဖြစ်နေပြီး ရှန်ထန်ချီက ဘာမှသတိမထားမိခဲ့ပေ။


လူတွေက ဘယ်လောက်တောင် သစ္စာဖောက်တတ်သလဲ!


မသေခင်မှာ ရှန်ထန်ချီ နောင်တရတာ တစ်ခုရှိသည်။


သူက ဝိညာဉ်ဆေးပင်ကိုရှာတောင် မရှာရသေးဘူး၊ ပြီးတော့ သူ့ဂိုဏ်းတူညီလေးထက် အရင်စောပြီး သေရတော့မယ်။


System သူ့ဆီမှာ တွဲလျက်ပါနေတော့၊ ဖြစ်နိုင်တာက သူ့လစာဖြတ်တောက်ခံရမယ်၊ နှစ်ကုန် ဘောနပ်စ်ဆုံးရှုံးမယ်၊ ပြီးတော့ သူ့ကမ္ဘာသူ ပြန်ပို့ခံရမယ်၊ ဒီလောက်ပဲ ဖြစ်လောက်တယ်။


ဒါပေမဲ့ ရှောင်ချင်းယွီကတော့ ဒီစာအုပ်ထဲမှာ ထာဝရ သေဆုံးသွားရရှာပြီ။


ဟူး~


သူ ဆက်ပြီး ဘာမှ မစဉ်းစားနိုင်ခင်မှာပဲ၊ သူ့နှလုံးခုန်သံက အရမ်းမြန်လာပြီး သတိလစ်မတတ် ဖြစ်လာသည်။ ကြက်ပေါက်လေးဆီက အရေးပေါ် System သတိပေးသံ သူ့နားထဲ ကြားလိုက်ရသည်။ အရေးကြီးတဲ့ အရာတစ်ခုခုပြောနေသလိုပဲ၊ ဒါပေမဲ့ ရှန်ထန်ချီက အားနည်းလွန်းနေတော့ စကားလုံးတွေကို သေချာ ခွဲခြားလို့မရတော့ဘူး။ သူ ကြားရသမျှက လေတိုးသံတွေချည်းပဲ၊ တခြား ဘာမှမကြားရတော့ဘူး။


ဒါပေမဲ့ လေသံကို ကြည့်ရတာ ကြက်ပေါက်လေးက အလွန်အရေးကြီးတဲ့ ဆုံးဖြတ်ချက်တစ်ခု ချလိုက်ပုံရတယ်။ ရုတ်တရက် အဲဒါက အပိုင်းပိုင်းအစစကွဲကြေသွားပြီး ရှန်ထန်ချီရဲ့ မျက်စိရှေ့မှာ ပျောက်ကွယ်သွားတယ်။


ရှန်ထန်ချီရဲ့မြင်ကွင်းက မည်းမှောင်သွားပြီး၊ ဦးနှောက်က အလုပ်မလုပ်တော့ဘဲ သတိလစ်သွားတယ်။


သူ မျက်လုံးပြန်ဖွင့်ကြည့်လိုက်တဲ့ အချိန်မှာ ပိတုန်းရောင်လို မည်းမှောင်နေတုန်းပဲ၊ ဒါပေမဲ့ မာကျောတဲ့ မြေပြင်ကြောင့် သူ မသေသေးဘူးဆိုတာ သေချာသွားတယ်၊ မှောင်လွန်းလို့ သူ့မျက်နှာရှေ့က ကိုယ့်လက်ကိုယ်တောင် မမြင်ရတာပဲ ရှိတယ်။


သူ့ခန္ဓာကိုယ်က တစစီ ပြိုကွဲထွက်မတတ် ခံစားနေရပေမဲ့၊ သူ့ခေါင်းကတော့ အံ့သြစရာကောင်းလောက်အောင် ဘာမှ မထိခိုက်သေးဘူး။


ရှန်ထန်ချီ System ကို ခေါ်ဖို့ ကြိုးစားပေမဲ့ တဂျစ်ဂျစ်မြည်သံတွေကိုသာ ကြားလိုက်ရသည်။ ကြက်ပေါက်လေးကပုံသဏ္ဍာန်တောင်မပြောင်းလဲနိုင်တော့ဘဲ အီလက်ထရောနစ် အသံအနည်းငယ်သာ မပီမသ ထွက်ပေါ်လာသည်။


"မင်္ဂလာပါ သခင်၊ ကုဒ်နံပါတ် ၃၅၃၀ က ဝန်ဆောင်မှု ပေးနေပါတယ်၊ System ထောက်လှမ်းချက်အရ Host က ထိန်းချုပ်လို့မရတဲ့ ကပ်ဘေးတစ်ခုနဲ့ ကြုံတွေ့ခဲ့ရပါတယ်၊ ၃၅၃၀ က ခွင့်ပြုချက်မရှိဘဲ စီမံခန့်ခွဲသူ လုပ်ပိုင်ခွင့်ကို အသုံးပြုပြီး ခင်ဗျားရဲ့ အသက်ကိုကယ်တင်ကာ အနီးဆုံး ဘေးကင်းတဲ့ နေရာကို အရေးပေါ် နေရာရွေ့ပြောင်းပေး လိုက်ပါတယ်"


ရှန်ထန်ချီ ရှုပ်ထွေးသည့် ခံစားချက်တွေ ရောပြွမ်းသွားပြီး တိုးတိုးလေး ရေရွတ်လိုက်သည်။ 


"ဒါဆို မင်းနာမည်က ၃၅၃၀ ပေါ့၊ ကျေးဇူးတင်ပါတယ်"


"System က ခွင့်ပြုချက်မရှိဘဲ စီမံခန့်ခွဲသူ လုပ်ပိုင်ခွင့်ကို အသုံးပြုခဲ့တဲ့အတွက် ရှော့ခ်ဖြစ်သွားပါတယ်၊ပြုပြင်ဖို့အတွက် Offline နေဖို့ လိုအပ်ပါတယ်၊ ပြုပြင်မှု အခြေအ နေ ၀% - ၁၀၀%၊ Host နားလည်ပေးမယ်လို့ မျှော်လင့်ပါတယ်။"


သြော်၊ ဒီလိုကိုး၊ ကြက်ပေါက်လေးက သူ့လုပ်ပိုင်ခွင့်ကို မဆင်မခြင် သုံးလိုက်လို့ ကိုယ့်ကိုယ်ကိုယ် ပျက်စီးသွားစေခဲ့တာပဲ။


ရှန်ထန်ချီ မျက်လုံးတွေထဲမျက်ရည်တွေ ပြည့်လာသည်။ ဒီသူစိမ်းနယ်မြေမှာ သူ ယုံကြည်ရတဲ့ တစ်ယောက်တည်းသောသူက စာအုပ်ထဲကူးပြောင်းရောက်ရှိလာတုန်းက သူ ခေါ်လာခဲ့တဲ့ System လေး ဖြစ်နေလိမ့်မယ်လို့ သူ မမျှော် လင့်ထားခဲ့ချေ။


သူ့ဘေးနားမှာ ကြက်ပေါက်လေးရဲ့ ကျီကျီတက်အော်သံ မကြားရတော့၊ သူ တကယ်ပဲ နည်းနည်း အထီးကျန်သလို ခံစားလိုက်ရသည်။


"ပြုပြင်ဖို့ပဲ အာရုံစိုက်ပါ၊ ငါ့အတွက် စိတ်မပူနဲ့" 


ရှန်ထန်ချီ အသက်ပြင်းပြင်း ရှူလိုက်ပြီး သူ့အကြည့်တွေ မာကျောသွားတယ်။ 


"ဒီတစ်ခါတော့ ငါ့ကို လိမ်ညာခွင့် ဘယ်သူ့ကိုမှ မပေးတော့ဘူး"


System လိုင်းပိတ်သွားသည်နှင့် ရှန်ထန်ချီ အဆုံးမရှိသည့် အမှောင်ထုထဲ ပြန်လည်ရောက်ရှိသွားသည်။


System ရဲ့မက်ဆေ့ချ်က သူ ဘယ်ရောက်နေလဲဆိုတာ မပြောခဲ့ပေမဲ့၊ ရှန်ထန်ချီက သူ ဂူတစ်ခုထဲကို နေရာရွေ့ပြောင်းခံလိုက်ရသည်ဟု ဝိုးတဝါး ခန့်မှန်းမိ၏။


စိုစွတ်ပြီး အေးစက်နေတယ်၊ ပြီးတော့ ကျောက်ဆောင် အက်ကွဲကြောင်းတွေကြားကနေ ရေစက်ကျသံတွေကို ကြားနေရတယ်။ သူ ခရီးသွားတုန်းက မြင်ဖူးတဲ့ ဂူတွေလိုပဲ မနက်ခင်း မြူနံ့ကိုရနေတယ်။


ရှန်ထန်ချီ မြေပြင်ကို စမ်းတဝါးဝါးနဲ့ စူးစမ်းကြည့်လိုက်တယ်။ မာကျောတဲ့ ကျောက်တုံးတွေအပြင် ထူထပ်တဲ့ ပေါင်းပင်တချို့ ရှိနေတယ်။ သူ ရှေ့ကို လှမ်းစမ်းလိုက်တဲ့အခါ သူ့လက်က ရုတ်တရက် ချောကျိကျိ အရာတစ်ခုကို ထိမိသွားတယ်။


အနည်းငယ် စိုစွတ်နေပြီး နိမ့်ချည်မြင့်ချည် ဖြစ်နေသလိုပဲ။ ရှန်ထန်ချီ ရင်ထိတ်သွားတယ်။


အသက်ရှိနေတာပဲ~


မြွေ ဖြစ်နေမလား! မဟုတ်ဘူး၊ အရမ်းကြီးနေတယ်၊ စပါးအုံးမြွေပဲ ဖြစ်ရမယ်!


စပါးအုံးမြွေတွေက ဂူထဲမှာ နေတတ်ကြလား။ ရှန်ထန်ချီ မသိဘူး။ သူ ကြောက်လန့်သွားပြီး နောက်ဆုတ်ဖို့ ပြင်လိုက်တဲ့အချိန်မှာပဲ ရုတ်တရက် တစ်ခုခုကို တက်နင်းမိပြီးခြေချော်သွားတယ်။


သူ အလိုအလျောက် လက်လှမ်းပြီး ကိုင်လိုက်မိရာ၊ စောစောက ချောကျိကျိ အရာကြီး ဖြစ်နေတုန်းပဲ။


ဒီတစ်ခါတော့ ရှန်ထန်ချီ ကြောက်လွန်းလို့ တောင့်ခဲသွားတယ်။ ထွက်ပြေးစရာ နေရာမရှိဘူး၊ ဘာမှလည်း မမြင်ရဘူး၊ ထွက်ပေါက် ဘယ်နားမှာလဲ ဆိုတာတောင် မသိဘူး။


အချိန်အတော်ကြာတဲ့အထိ ဂူထဲမှာ ကျောက်နံရံတွေကြားက တိုက်ခတ်လာတဲ့ လေအေးအေးလေးနဲ့ ရှန်ထန်ချီရဲ့ အသက်ရှူသံကလွဲလို့ တိတ်ဆိတ်နေတယ်။


အသက်မဲ့တဲ့ အရာတစ်ခုခုကို သူ ကိုင်မိတာများလား။


ရှန်ထန်ချီ တိတ်တဆိတ် ဆုတောင်းလိုက်မိတယ်။


သူ နောက်တစ်ခါ ထပ်ကိုင်ကြည့်သင့်လား။


သူ့မှတ်ဉာဏ်ကို အသုံးပြုပြီး လက်လှမ်းကာ ရှေ့ကို နည်း နည်းချင်း စမ်းကြည့်လိုက်ပေမဲ့၊ သူ ထိမိလိုက်တဲ့ အချိန်မှာပဲ သူ့အပေါ်ဘက်ကနေ အောင့်အီးသည်းခံထားတဲ့ အသံတစ်သံ ရုတ်တရက် ကြားလိုက်ရတယ်။


"မကိုင်နဲ့"


ရိုးရှင်းတဲ့ စကားလုံးသုံးလုံးက ရှန်ထန်ချီအား လိပ်ပြာလွင့်မတတ် ဖြစ်သွားစေသည်။ သူ အော်ဟစ်လိုက်ပြီး ထွက် ပေါက်ကို အသည်းအသန်ရှာဖို့ ကြိုးစားလိုက်ပေမဲ့ သူ့ခြေထောက် ချော်သွားပြီး ဟိုချောကျိကျိ "စပါးအုံးမြွေ" ပေါ်ကို ခေါင်းနှင့်ပစ်ဝင်သွားရသည်။


ညည်းတွားသံ သဲ့သဲ့လေး သူ့နားထဲရောက်လာပြီး "စပါးအုံးမြွေ" ရဲ့အသံမှာ စိတ်မရှည်တဲ့ပုံ ပေါက်နေသည်။ 


"မလှုပ်နဲ့"


စကားဆုံးတာနဲ့ အမြီးကြီးတစ်ချောင်းက သူ့ကို ရစ်ပတ်လိုက်ပြီး ရှန်ထန်ချီကို တင်းကျပ်စွာချည်နှောင်လိုက်တယ်။


ရှန်ထန်ချီ ကြောက်လွန်းလို့ စကားမပြောနိုင်ဘဲ၊ အဲဒီ အမြီးကြီးကို တွန်းဖယ်ဖို့သာ အသည်းအသန် ရုန်းကန်နေမိသည်။


ရုတ်တရက် အပြာရောင် ဝိညာဉ်မီးတောက်တစ်ခု လေထဲမှာ တောက်လောင်လာသည်။


ဂူတစ်ခုလုံး လင်းထိန်သွားတယ်


ရှန်ထန်ချီ သူ့ရှေ့ကအရာကို မြင်လိုက်ရတဲ့အခါ နေရာမှာပင် ကြက်သေသေသွားပြီး မလှုပ်ရှားနိုင်တော့ဘူး။


နဂါးတစ်ကောင်ပဲ


နဂါးဖြူတစ်ကောင်


မိကျောင်းခေါင်း၊ မြွေကိုယ်၊ ပုတ်သင်ညိုခြေထောက်နဲ့ သမင်ချိုတွေ ပါရှိပြီး တစ်ကိုယ်လုံးကို နှင်းကဲ့သို့ဖြူဖွေးတဲ့ အကြေးခွံတွေ ဖုံးလွှမ်းထားကာ ဝိညာဉ်မီးတောက်အောက်မှာ တောက်ပနေသည်။ အေးစက်တဲ့ မြူခိုးတွေ သူ့ပတ်ပတ်လည်မှာ ဝဲပျံနေပြီး သူ့ဆွဲဆောင်မှုရှိသည့် ရွှေရောင် မျက်လုံးတွေကိုဖုံးကွယ်ထားသည်။


တရုတ်လူမျိုးတစ်ယောက် အနေနဲ့ ကိုယ့်မိခင်နိုင်ငံရဲ့ အမှတ်တံဆိပ်ကို မမှတ်မိဘူးဆိုရင် ပုံမှန်မဟုတ်တော့ဘူးလေ။


ရှန်ထန်ချီ ကြောက်လန့်တကြား ရေရွတ်လိုက်သည်။


 "နဂါးတစ်ကောင်ပါလား!"


ဒါက ကျင့်ကြံရေးဝတ္ထုလေ၊ သတ္တဝါဆန်းတွေ ရှိတာ ပုံမှန်ပဲ။ စောစောကမှ မိစ္ဆာတစ်ကောင်ကို သူ တွေ့ခဲ့သေးတယ် မဟုတ်လား။ ဘာမှ မဖြစ်ပါဘူး၊ နဂါးတစ်ကောင်ပါပဲ။


ရှန်ထန်ချီ ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်ဖို့ကြိုးစားလိုက်သည်။


ခဏကြာတော့ ~


ရှန်ထန်ချီ မနေနိုင်ဘဲ အသည်းအသန် ရုန်းကန်မိပြန်သည်။


ဒါ နဂါးကွ!


System က သူ့အသက်ကို ကယ်ပေးထားတာ အခုမှ၊ ဒီလို စုတ်ပြတ်နေတဲ့ ဂူထဲမှာ လွယ်လွယ်လေး ဘယ်လိုလုပ် အသေခံနိုင်မှာလဲ။ ရှန်ထန်ချီ သူ့ကို ရစ်ပတ်ထားတဲ့ နဂါးအမြီးကို အသည်းအသန်ဖက်တွယ်ထားပြီး လှပတဲ့ အကြေးခွံတွေနဲ့ ခန္ဓာကိုယ်ကို တွန်းဖယ်ဖို့ရာ ကြိုးစားလိုက်သည်။


"ငါ မင်းကို မလှုပ်နဲ့လို့ ပြောနေတယ်လေ" 


နဂါးဖြူသည် မသက်မသာ ဖြစ်မှုကို သည်းခံရင်း အေးစက်တဲ့ လေငွေ့ကို မှုတ်ထုတ်လိုက်သည်။ သူ့ နက်ရှိုင်းတဲ့ ရွှေရောင် မျက်လုံးတွေက ရှန်ထန်ချီအပေါ် ကျရောက်လာပြီး သူ့မျက်လုံးထဲမှာ အံ့သြသွားတဲ့ အရိပ်အယောင် ဖြတ်ပြေးသွားသည်။ 


"မင်းကိုး"


ရှန်ထန်ချီ ဒီနဂါးရဲ့ဘယ်မှတ်ဉာဏ် အာရုံကြောကို သွားထိမိလိုက်မှန်း မသိဘူး။ သူ သတ္တိမွေးလိုက်ပြီး ကြောက်ရွံ့မှုကို မျိုသိပ်ကာ တိုးတိုးလေးမေးလိုက်၏။ 


"ခင်ဗျား ကျွန်တော့်ကို သိလို့လား"


"ဒါပေါ့"


နဂါးဖြူမှာ ရန်လိုတဲ့ပုံမရှိတာကြောင့် ရှန်ထန်ချီ အမြန် စိတ်တည်ငြိမ်သွားတယ်။


ဒီစာအုပ်ထဲမှာ လူသားတွေနဲ့ မိစ္ဆာတွေက မဟာမိတ်တွေလို့ သူ ကြားဖူးတယ်၊ ဒါကြောင့် တောရိုင်းနဂါးတွေက လူတွေကိုတွေ့ကရာ လိုက်မစားလောက်ပါဘူး၊ ဟုတ်တယ်မလား။


သူ ရုန်းကန်တာ ရပ်သွားတာမြင်တော့ နဂါးဖြူ ကျောက် ဆောင်ပေါ် ပြန်ခွေလိုက်ပြီး သူ့အား ဖြည်းဖြည်းချင်း လွှတ်ပေးလိုက်ကာ တိုးတိုးလေးပြောလာသည်


 "မင်း ငါ့ကို မှတ်မိပုံမရဘူး"


သူ မျက်လွှာချလိုက်ပြီး နက်ရှိုင်းတဲ့ ပြောမပြနိုင်သော အဓိပ္ပာယ်ကို ဖုံးကွယ်ထားလိုက်သည်။


ရှန်ထန်ချီ ဖုန်ခါပြီး ထရပ်လိုက်ကာ ကြောက်စိတ်မပြေသေးဘဲ မေးလိုက်၏။ 


"ကျွန်တော် ခင်ဗျားကို သိသင့်လို့လား"


"မလိုပါဘူး"


သူတို့ တကယ် သိလား၊ မသိဘူးလား ဆိုတာကို မဖြေရှင်းဘဲ ပြောလိုက်သည်။


ရှန်ထန်ချီ လုံးဝစိတ်ရှုပ်ထွေးသွားပြီး ဒီနဂါးဖြူကို အရင်က ဘယ်အချိန်၊ ဘယ်နေရာမှာ တွေ့ခဲ့ဖူးသလဲ ဆိုတာ စဉ်းစားလို့ မရတော့ပေ။ သူ အခုလိုချင်တာက ခဏလောက် အနားယူပြီး တဒိန်းဒိန်းခုန်နေတဲ့ ရင်ဘတ်ကို ငြိမ်အောင်လုပ်ဖို့ပင်။


ကံကောင်းတာက နဂါးဖြူက သူ ဘာလို့ ချောက်ကမ်းပါးပေါ်ကပြုတ်ကျလာတာလဲ၊ ဘာလို့ ဂူထဲ ရောက်နေတာလဲ ဆိုတာကို စိတ်ဝင်စားပုံမရပေ။ ကျောက်ဆောင်ပေါ်မှာ ခွေလျက်သား မျက်လုံးမှိတ်ပြီး အနားယူနေသည်။


အသက်ရှူမှန်သွားသဖြင့် ရှန်ထန်ချီ မြေကြီးပေါ် ထိုင်ချလိုက်ပြီး လက်တွေ ခြေထောက်တွေကို နှိပ်နယ်နေတုန်း၊ သူ့လည်ပင်း အနောက်ဘက်ကနေ စူးရှသည့်နာကျင်မှုတစ်ခု ရုတ်တရက် ခံစားလိုက်ရသည်။


စောစောက ကြောက်လန့်မှုတွေက သူ့ရဲ့ နာကျင်မှု အာရုံခံ စားမှုကို ထုံသွားစေခဲ့ပေမဲ့၊ အခု စိတ်ငြိမ်သွားတော့မှ သူ့လည်ပင်း အနောက်ဘက်က သေးငယ်ပြီး ထူထပ်တဲ့ပုရွက်ဆိ တ်တွေ ကိုက်ခဲနေသလို နာလည်းနာ ယားလည်းယား ခံစားနေရမှန်း သတိထားမိလိုက်သည်။


သူ မနေနိုင်ဘဲ လက်လှမ်းပြီး ကုတ်လိုက်မိပေမဲ့ ဘာမှ မထိမိဘူး။ စူးရှတဲ့ နာကျင်မှုက ပိုဆိုးလာပြီး ရှန်ထန်ချီ အသက်ရှူ မဝသလိုဖြစ်လာရသည်။


မလှမ်းမကမ်းမှာ အနားယူနေတဲ့ နဂါးဖြူက ရုတ်တရက် မျက်လုံးဖွင့်လိုက်ပြီး နူးညံ့စွာပြောလိုက်တယ်။ 


"ဒီကို လာခဲ့"


ရှန်ထန်ချီ ခဏတာ ကြောင်သွားပြီး သူ့ကို မော့ကြည့်လိုက်တယ်။


နောက်တစ်စက္ကန့်မှာပဲ နဂါးဖြူ၏အစွမ်းထက်တဲ့ အမြီးက သူ့ကို ရစ်ပတ်ဆွဲယူလိုက်ပြီး တူတစ်ချောင်းလို သူ့ရှေ့မှာ ချထားလိုက်သည်။


ရှန်ထန်ချီ :  ...


သူ့အမြီးမှာလှပပြီး ဖောက်ထွင်းမြင်ရလုနီးပါး ဖြူဖွေးနေ ကာ၊ ပျောက်ဆုံးနေသည့် ရေသူမလေးကိုတောင် ပြန်မြင်ယောင်လာစေသည်။


နဂါးအမြီးဖြင့် ရှန်ထန်ချီခေါင်းအနောက်ဘက်ကို ညင်သာစွာ ဖိလိုက်သည်။


ရှန်ထန်ချီရဲ့ ခန္ဓာကိုယ် တောင့်တင်းသွားပြီး သူ့ခေါင်းထဲမှာ အရိုင်းဆန်တဲ့ အတွေးတွေဝင်လာသည်။ ဒီအမြီးသာဆိုရင် သူ့ခေါင်းကို သေချာပေါက်ရိုက်ဖြုတ်ပစ်ပြီး ဘော လုံးလုပ် ကန်နိုင်လောက်တယ်။


နဂါးဖြူကမူ ရှန်ထန်ချီအတွေးတွေကို ဖြတ်ပြီး နူးညံ့စွာ ပြောလိုက်တဲ့ အချိန်အထိပေါ့ ...


"မင်း ပြုစားခံထားရတယ်"