Chapter-7
Viewers 319

ကောင်းကျိုးမပေးသော သမီးပျို

အပိုင်း (၇)


ရှန်ကျူဟာ သူမအတွက် လေ့ကျင့်ချိန် ငါးရက်ရအောင် လုပ်ဆောင်ပေးနိုင်ခဲ့ပါတယ်။အဲ့ဒီ ငါးရက်အတွင်းမှာ အိပ်တာစားတာကလွဲလို့ ရှူရဲ့ သင်ကြားချက်အတိုင်း လိုက်လံလေ့ကျင့်နေခဲ့ပါတယ်။


 ပိတ်ထားတဲ့အခန်းအတွင်းမှာ ရှန်ယန်ရှောင်တစ်ယောက် ကိုယ်ကျပ်အင်္ကျ ီကိုဝတ်ဆင်ထားတာကို တွေ့ရပါတယ်။သူမတစ်ကိုယ်လုံး ချွေးတို့နစ်နေလျက် ကြည်လင်နေတဲ့ချွေးစက်တို့ဟာ သူမရဲ့ နှင်းဆီရောင် ပါးပြင်ပေါ်မှာ စီးကျနေသလို သူမဟာ ကုတင်ပေါ်မှာ တင်ပျင်ခွေထိုင်နေပါတယ်။


    "ဒီငါးရက်အတွင်းမှာ မင်းရဲ့အတွင်းအားဟာ အဆင့်လေးကိုရောက်လာသလို မှော်အစွမ်းက အဆင့်သုံးကို ရောက်လာခဲ့တယ်။လူသားမျိုးနွယ်ထဲမှာဆိုရင်တော့ မဆိုးဘူးလို့သတ်မှတ်လို့ရတာပေါ့လေ"လို့ အေးစက်မြဲအေးစက်လျက်ရှိသော ရှူ၏ အသံထွက်ပေါ်လာပါတယ်။


    သိထားဖို့ကောင်းတာတစ်ခုကတော့ ငယ်စဉ်တည်းက လေ့ကျင့်လာခဲ့ကြတဲ့ ရှန်ကျီယီဟာ အခုမှ အဆင့်ငါးပဲရှိသေးကာ ရှန်ကျီဝေကတော့ အတွင်းအားအဆင့်လေး ပဲ ရှိသေးတာကိုပါ။အဲ့ဒါတောင်မှ ရှန်ဖန်ဟာ ကျေနပ်နေခဲ့တာပါ။


    ရှန်ယန်ရှောင်ကတော့ ငါးရက်တည်းနဲ့ အမှိုက်ဘဝကနေ လက်ရှိအဆင့်ထိ ရောက်အောင် လေ့ကျင့်သင်ယူနိုင်ခဲ့ပါတယ်။ဒီလိုမျိုး မြန်ဆန်အောင် လေ့ကျင့်သင်ယူနိုင်တာကိုသာ အပြင်လောကက သိသွားခဲ့ရင် လူတစ်ချို့အနေနဲ့ လန့်ဖျန့်သေသွားနိုင်စေပါတယ်။


    ငါးရက်တည်းနဲ့ ပညာနှစ်ခုလုံးကို လေ့ကျင့်နိုင်ခဲ့ရုံသာမကဘဲ အဆင့်သုံးနဲ့အဆင့်လေးအထိရောက်အောင် လေ့ကျင့်နိုင်ခဲ့တာပါ။ဒီအဖြစ်ဟာ လောကသဘာဝကို ဆန့်ကျင်တဲ့အဖြစ်မျိုးပါပဲ။


    သာမန်လူတစ်ယောက်အတွက် ငါးရက်မပြောနဲ့ ငါးနှစ်နဲ့ ရှန်ယန်ရှောင်ရဲ့ အဆင့်ကိုရောက်ခဲ့ရင် လူတွေက ပါရမီရှင် ဉာဏ်ကြီးရှင်တစ်ဦးအဖြစ် သရဖူဆောင်းပေးကြမှာမလွဲပါဘူး။ပိုဆိုးတာက သူမဟာ ပညာရပ်နှစ်ခုလုံးကို လေ့ကျင့်နေတာပါပဲ။


    သို့ပေမယ့်လည်း ရှူ၏ပြောစကားအရ ဒီလိုတတ်ကျွမ်းလွယ်တာတောင်မှပဲ မဆိုးရုံအဆင့်ပဲရှိတယ်ဆိုတော့.......


    တစ်ကယ်တန်းကတော့ ရှန်ယန်ရှောင်ဟာ ဒီလောကက အတွင်းအားနဲ့မှော်ပညာ အဆင့်သတ်မှတ်ချက်တွေကို နားလည်မှုမရှိသေးပါဘူး။ဒါကြောင့်လည်း သူမအနေနဲ့ရှူရဲ့ မဆိုးရုံအဆင့်ဆိုတာဟာ သူမရဲ့ သင်ယူတတ်မြောက်မှုဟာ နှေးကွေးနေတာကြောင့် ပြောတာလို့ ထင်မှတ်လိုက်ပါတော့တယ်။


    "ဒီနေ့အဖို့တော့ တော်လိုက်ကြစို့ရဲ့ နက်ဖြန်ရောက်ရင် သန်မာမှုတိုက်ပွဲကို ငါဆက်တိုက်ခိုက်ရဦးမှာဆိုတော့လေ"ဟု အသက်ရှူသွင်းလိုက်ရင်းနဲ့ပဲ ရှန်ယန်ရှောင်ပြောလိုက်ကာ ကုတင်ပေါ်မှာ ခြေပစ်လက်ပစ်လှဲချလိုက်ပါတော့တယ်။လေ့ကျင့်မှုရဲ့ အကျိုးဆက်အနေနဲ့ သူမရဲ့ စိတ်စွမ်းအားနဲ့ အတွင်းအားတို့ဟာ ကုန်ဆုံးနေတဲ့အတွက် သူမလည်း ပင်ပန်းနေပါပြီ။တခြားဟာမပြောနဲ့ သူမရဲ့ လက်ချောင်းတစ်ချောင်းကို လှုပ်ဖို့ရာ အင်အားတောင် သူမဆီမှာ မရှိတော့ပါဘူး။


    မနက်ဖြန်ရောက်ရင် သူမရဲ့ အဖိုးဖြစ်သူ ဇာမဏီမိသားစု ခေါင်းဆောင်ဖြစ်သူ ရှန်ဖန်ကို သွားတွေ့ရဦးမှာပါ။နောက်ပြီးတော့ ကြည့်ရတာက ရှန်ဖန်အနေနဲ့ သားရဲတွင်းကို ဝင်ရောက်ခဲ့တဲ့အတွက် သူမကို အလွတ်ပေးမယ့်ပုံမပေါ်ပါဘူး။


    အရှင်းဆုံးကတော့ သူမအားကိုးစရာလူမရှိသလို ဇာမဏီမိသားစုရဲ့ သနားညှာတာမှုကို ခံရမှာသာ သူမအသက်ဆက်ရှင်နိုင်ဖို့ရှိပါတယ်။ဒါပေမယ့် ရှန်ဖန်ကတော့ လုံလောက်တဲ့အကြောင်းပြချက် မရှိဘဲနဲ့ သူမကို လွှတ်ပေးဖို့မရှိပါဘူး။


    လောလောဆယ်အနေနဲ့ သူမရဲ့ပြောင်းလဲသွားမှုကို ထုတ်ပြောဖို့အစီအစဉ်လည်း သူမမှာမရှိသေးပါဘူး။ပြောရမယ်ဆိုရင် သူမရဲ့လက်ရှိအနေအထားနဲ့ဆို ထုတ်ဖော်ပြောတာဟာ ဆုံးဖြတ်ချက်ကောင်းတစ်ခုမဟုတ်ပါဘူး။ရှန်ဖန်အနေနဲ့ ရိပ်မိသိရှိခဲ့ရင်တောင် သူမနဲ့ရွယ်တူမျိုးဆက်တွေအတွက် ပြိုင်ဖက်တစ်ယောက်ပေါ်လာတာကို ဘယ်သူမှ နှစ်သက်ကြမှာ မဟုတ်ပါဘူး။ဇာမဏီမိသားစုရဲ့ တတိယမျိုးဆက်ထဲမှာ မိသားစုခေါင်းဆောင်ဖြစ်ဖို့ ရှန်ဖန်ရဲ့ အလေးထားမှုကို မခံယူချင်သူ ဘယ်သူရှိမှာလဲ။အဲ့ဒီအတွက်လည်း အရင်ရှန်ယန်ရှောင်ငတုံးမ ဖြစ်စဉ်တုန်းမှာ သူမအပေါ်မှာ လှုပ်ရှားမယ့်တတိယမျိုးဆက်တွေ မရှိခဲ့ဘဲ ဟိုမောင်နှမနှစ်ယောက်သာရှိခဲ့တာပါ။အပျော်အတွက်နဲ့ သူမကို အနိုင်ကျင့်ကြတဲ့ ရှန်ကျီယီနဲ့ရှန်ကျီဝေတို့ မောင်နှစ်မနှစ်ယောက်ကလွဲလို့ သူမအသက်အတွက်စိုးရိမ်စရာ မလိုခဲ့ပါဘူး။


    ဒါပေမယ့် သူမသာ သူမအခြေအနေကို ထုတ်ဖော်ပြောလိုက်မိပါက သူမရဲ့ ဆောက်ရမ်းကောင်းမွန်လွန်းသော ပညာရပ်နှစ်ခုလုံးကို လေ့ကျင့်နိုင်မှုကိုသာ တတိယမျိုးဆက်အနေနဲ့ သူမကို အခုလို လွှတ်ထားတော့မည်မဟုတ်ပါလေ။သူမမှာ မိဘနှစ်ပါးလုံးမရှိတော့သလို အားကိုးစရာ လူလည်းမရှိပါဘူး။မိသားစုခေါင်းဆောင်နေရာအတွက် သူမသာစာရင်းဝင်တစ်ယောက်ဖြစ်ခဲ့ပါက သူမလိုတတိယမျိုးဆက်တွေရဲ့ ဖခင်ဖြစ်သော သူမ၏ ဦးလေးတွေဟာ သူတို့၏ သားသမီးတွေ ခေါင်းဆောင်နေရာ ရဖို့ရန် သူမကို ရှင်းပစ်ဖို့ ကြံစည်လုပ်ဆောင်လာကြမှာ အသေအချာပါပဲ။


    အတွင်းအားနဲ့မှော်ပညာအဆင့် သတ်မှတ်ချက်တွေကို သေချာနားမလည်ပေမယ့် လူတွေရဲ့ အမှောင်ဖက်ခြမ်းက မကောင်းစိတ်တွေကိုတော့ သူမနောကြေနေခဲ့ပါပြီ။


-----

ဟယ်လို ဟယ်လို ပြောစရာရှိလို့ပါ

ဒီ novel က ရေးပြီးထားတာ နှစ်လေးသောင်းလောက်ရှိပါပြီ (၄နှစ်)၊ ဒါကြောင့် စာ‌‌အရေးအသား တွေမှာ မှားတာတွေ၊ လွဲသွားတာ၊ အ‌‌ဆီအလျော်မတည့်တာတွေ အများကြီးပါပေမယ့် အပိုင်းရေ ၇၀၀ကျော်ကြီးများကို RTလည်း ပြန်မပြင်နိုင်တော့ပါဘူး၊ ဒါကြောင့် စာဖတ်သူများ ဖြည့်ဖတ်ပေးကြပါရန်နှင့် အပိုင်းရေ ၇၀၀လုံးကို ဒီမှာလည်း free တင်သွားမှာဖြစ်ကြောင်းပြောချင်ပါတယ်

Update တွေကိုသိချင်ပြီး မြန်မြန်ဖတ်လိုသူများကတော့ RTရဲ့ telegram channel ဖြစ်တဲ့ @RTtran ဆိုပြီးရိုက်ရှာပြီး join ပေးလို့ရကြောင်းပြောချင်ပါတယ်