Ch 7
Viewers 2k

အခန်း (၇)

ဆုဝန်က ချင်းရှီရွာနှင့် ငါးမိုင်ဝေးသော ချင်းယွင်ကောင်တီသို့သွားရန် စီစဥ်ထား၏။ နောက်ပြီး ရှန်မိသားစု အမြန်ဆုံး ကြီးပွားချမ်းသာလာစေရန် အနာဂတ်တွင် မည်သည့်လုပ်ငန်းလုပ်ကိုင်ရမည်အား တွေးတောလျက်ရှိသည်။ သွမ့်အိမ်တော်တွင် အလုပ်လုပ်ရာမှ ရရှိသည့် လစာများရှိပါက အသေးစားစီးပွားရေး လုပ်ငန်းတစ်ခုလောက် စတင်လုပ်ကိုင်နိုင်ရန် အရင်းအနှီးရနိုင်မည်ပင်။

ဆုဝန်သည် ယာယာကို အလေးအနက်မေးလိုက်သည်။

“ နင် ငါနဲ့အတူ မြို့ပေါ်လိုက်မလား”

ချင်းရှီရွာသည် ချင်းယွင်ကောင်တီနှင့် သိပ်မဝေးလှပေ။ ခြေကျင်သွားလျှင် တစ်နာရီအတွင်း ရောက်နိုင်သည်။ ပုံမှန်အားဖြင့် အရွယ်ရောက်ပြီးသားလူကြီးများသည် မြို့ပေါ်သို့ အလုပ်လုပ်ရန် သွားလေ့ရှိကြပြီး ကလေးများကိုတော့ သူတို့နှင့်အတူ ခေါ်သွားခဲလေသည်။

ကလေးများအားလုံးက ချင်းယွင်ကောင်တီသို့ သွားနိုင်ရန် မျှော်လင့်တောင့်တကြ၏။

ဆုဝန်က ပန်းကလစ်နှင့်ကောင်မလေးကို ပြောလိုက်ပြန်၏။

“ နင်က ယာယာရဲ့သူငယ်ချင်းကောင်းပဲ။ နင်လည်း ငါနဲ့အတူလိုက်လို့ရတယ်”

ရှန်ယာယာနှင့် ပန်းကလစ်နှင့်ကောင်မလေးတို့မှာ ပျော်ရွှင်စွာ ခေါင်းညိတ်လိုက်ကြသည်။ မြို့ထဲတွင် ပစ္စည်းပစ္စရာမျိုးစုံ ရောင်းချသည့်ဆိုင်များရှိပြီး ပြဇာတ်တေးဆိုသူများ၊ မျောက်ပြကာ ဖျော်‌ဖြေသူများ၊ ဆပ်ကပ်ပညာရှင်များဖြင့်လည်း စည်ကားသက်ဝင်လျက်ရှိသေး၏။

အနီးတစ်ဝိုက်မှ ကလေးများက ရှန်ယာယာအား အားကျသည့်အကြည့်များဖြင့် ကြည့်နေခဲ့ကြသည်။ 

အစိမ်းရောင်ပန်းကလစ်နှင့် ကောင်မလေးတစ်ဦးတည်းကသာလျှင် လှောင်ပြောင်သရော်ခဲ့၏။

“ မြို့ပေါ်သွားခဲ့ရင်တောင် ဘာမှဝယ်နိုင်မှာလည်း မဟုတ်ဘဲနဲ့များ မသွားတာကမှ ပိုကောင်ဦးမယ်”

အစိမ်းရောင်ပန်းကလစ်နှင့် ကောင်မလေးသည်ကား ဆုဝန်တွင် ငွေမရှိကြောင်း သိနေခဲ့၏။

တခြားကလေးများကတော့ အစိမ်းရောင်ပန်းကလစ်နှင့် ကောင်မလေးကဲ့သို့ မစဥ်းစားကြပါချေ။ ဘာမျှမဝယ်နိုင်ဘူးဆိုဦးတော့ မြို့ပေါ်သို့ တစ်ခါလောက် သွားကြည့်ရမည်ဆိုလည်း ကောင်းသည့်ကိစ္စပင်။ အထူးသဖြင့် မျောက်ပြပွဲပင်။ စိတ်ဝင်စားစရာကောင်းလိုက်မည်ဖြစ်ချင်း။ ထို့အပြင် ငွေတစ်ပြားဖြင့် နှမ်းသကြားလုံးဆယ်လုံး ဝယ်နိုင်သေးရာ တစ်ခုမှ မဝယ်နိုင်တာမျိုး မဟုတ်ရပါချေ။

ဆုဝန်က ရှန်ယာယာနှင့် ပန်းကလစ်နှင့် ကောင်မလေးတို့ကို မြို့ပေါ်သို့ ခေါ်လာခဲ့လိုက်သည်။ ရှန်ယာယာအား အဝတ်အစားသစ်တစ်စုံ ဝယ်ပေးခဲ့သည်။ ပန်းကလစ်နှင့် ကောင်မလေးနှင့် ရှန်ယာယာတို့ကို ဝါးပုစဥ်းနှစ်ခု၊ ပန်းပွင့်ခေါင်းအဆင်တန်ဆာနှစ်ခုတို့ကိုဝယ်ပေးခဲ့သည်။ ထို့အပြင် နှမ်းသကြားလုံးများစွာပါဝယ်ပေးခဲ့သေး၏။

ပန်းကလစ်နှင့်ကောင်မလေးမှာ ဆုဝန်က သူ့အတွက်ပါ ဝယ်ပေးလိမ့်မည်ဟု အမှန်တကယ်ကို ထင်မှတ်မထားခဲ့ပါချေ။ ရှန်ယာယာကဲ့သို့ ဝတ်စုံမဝယ်ပေးခဲ့သော်လည်း ပန်းကလစ်နှင့် ကောင်မလေးသည် အတော်လေး ပျော်ရွှင်နေပြီဖြစ်၏။ သူက ဆုဝန်ကို ကျေးဇူးတင်ကာ အနာဂတ်တွင် အလေ့ကျပေါက်သည့်သစ်သီးများ ခူးခဲ့ပါက ကျိန်းသေပေါက် ဆုဝန်စားဖို့ရန် ပေးမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။ 

ဆုဝန်အနေဖြင့် သူများသားသမီးကို နောက်ကျသည်အထိ ခေါ်ထား၍မကောင်းပေ။ ထို့ကြောင့် သူသည် ချင်းယွင်ကောင်တီကို အကြမ်းဖျင်း နားလည်အောင်လုပ်ပြီး ကလေးနှစ်ယောက်နှင့်အတူ ရွာသို့ ပြန်ခဲ့သော်ငြား နေမင်းကြီးမှာလည်း အနောက်တောင်သို့ ဝင်ရောက်သွားခဲ့ပြီဖြစ်၏။

ရွာထဲတွင်မူ ကလေးများက ဆော့ကစားနေကြဆဲဖြစ်သည်။ 

အစိမ်းရောင်ပန်းကလစ်နှင့် ကောင်မလေးက အခုလေးတင် ကလးတစ်ယောက်ချင်းစီအား မပေးချင်ပေးချင်ဖြင့် ဆီးသီးတစ်လုံးစီ ပေးလိုက်ရာ နောက်တစ်ကြိမ်ထပ်၍ ခေါင်းဆောင် ဖြစ်လို့သွားပြန်၏။ ရှန်ယာယာနှင့် ပန်းကလစ်နှင့် ကောင်မလေးတို့ ပြန်လာကြသည်ကို မြင်သောအခါ အစိမ်းရောင်ပန်းကလစ်နှင့် ကောင်မလေးမှာ သူတို့ဘာမှမဝယ်ဘဲ ပြန်လာသည်ဟု လှောင်ပြောင်မိခါနီးပင်။ ကလေးအုပ်စုမှာမူ ရှန်ယာယာနှင့် ပန်းကလစ်နှင့်ကောင်မလေးလက်ထဲမှ ဝါးပုစဥ်းနှင့် နှမ်းသကြားလုံးလုံးကို မြင်သွားကြလေ၏။

ကလေးအုပ်စုမှာ ရှန်ယာယာနှင့် ပန်းကလစ်နှင့်ကောင်မလေးတို့ဆီ တစ်ဖန်အုံဖွဲ့လာပြန်၏။ သူတို့၏ အပြုအမူများမှာ တစ်ယောက်ထက်တစ်ယောက် ပိုမို စိတ်အားထက်သန်လျက်ရှိပြီး သူတို့နှစ်ယောက်၏ ဝါးပုစဥ်းများဖြင့် ကစားချင်နေကြရှာ၏။ 

ဆုဝန်သည်တော့ ယနေ့ည ဝမ်အိမ်တော်သို့ ပြန်သွားရဦးမည်ပင်။ မည်သို့ပင်ဆိုစေကာမူ သူသည်ကား  ဝမ်မိသားစု၏ချွေးမလောင်းတစ်ဦး ဖြစ်နေဆဲပင်။ သူသာ တစ်ညလုံး အိမ်မပြန်ဘဲနေလိုက်မည်ဆိုပါက ရွာသားများ၏ တံတွေးခွက်တွင် မျောသွားရမည်ဖြစ်၏။

သူသည် ဝမ်လော့ရှန်း၏ သတို့သမီးလောင်း မဟုတ်သည့်အကြောင်း ဝမ်မိသားစုကို သိစေရန် လုပ်ဆောင်ရမည့်နည်းလမ်းကို စိတ်ထဲတွင် တွေးမိပြီးဖြစ်သော်ငြား ယင်းမတိုင်မီ အခွင့်ကောင်းကို စောင့်ရဦးမည်ဖြစ်၏။

ဆုဝန်က ဝမ်အိမ်တော်သို့ ပြန်လာခဲ့လိုက်ကာ တံခါးမကြီးမှ မဝင်မီ သူ့မျက်နှာအား ဖြူဖျော့သွားစေမည့်ဆေးတစ်လုံးကို မျိုချခဲ့လေသည်။

နေ့လယ်တုန်းက ဝမ်မိသားစုမှလူများသည် ဆုဝန်နှင့် ကောင်းကောင်းစာရင်းရှင်းရန် ပြင်နေသည့်ဆဲဆဲမှာပင် ဆုဝန်ကို ရှာမတွေ့ကြတော့ခြင်းဖြစ်သည်။ ဝမ်ရှီးက အရှေ့ခန်းမဆောင်အတွင်းဝယ် ဆုဝန် ပြန်လာမည်ကို တစ်နေ့ခင်းလုံး ထိုင်စောင့်နေခဲ့၏။

ဆုဝန်ပြန်လာသည်ကို မြင်သောအခါ ဝမ်ရှီးသည် သူ့တံမြက်စည်းကို ယမ်းကာ ရှေ့သို့လှမ်းလာခဲ့၏

“ ဆုဝန် ကောင်မစုတ်လေး၊ လော့ရွှယ်က ဒီစားစရာကို သူချက်ထားတာလို့ပြောတယ်၊ တကယ်လည်း သူချက်ထားခဲ့တာပဲ။ ညည်းဘာများ ပြောစရာရှိသေးလဲ”

ဝမ်ရှီးက သူ့တံမြက်စည်းကို လွှဲချလိုက်ရာ ဆုဝန်က သူ့ခန္ဓာကိုယ်အား ညာဘက်သို့လှည့်၍ လွယ်လင့်တကူ ရှောင်တိမ်းလိုက်၏။ သို့သော် ဝမ်ရှီးမှာမူ လက်ဆစ်လွဲသွား၍ နာကျင်စွာ ညည်းညူလိုက်ရသည်။

အတန်းချိန်ပြီးဆုံးသွားသည့် ဝမ်လော့ရွှယ်သည် အခန်းထဲမှထွက်လာကာ

“ ဆုဝန်၊ နင် ဒီနေ့ သိပ်တရားလွန်သွားပြီ။ မိန်းကလေးဆိုတာ သိမ်မွေ့နူးညံ့ပြီး စိတ်ရှည်သည်းခံနိုင်သင့်တာ။ နင် ဒီနေ့လုပ်ခဲ့တာတွေကို ပြန်စဥ်းစားကြည့်စမ်းပါ”

ဝမ်‌လော့ရွှယ်သည်လည်း ဒေါသမျက်နှာကို ချိတ်ဆွဲလျက် ထွက်လာခဲ့ခြင်းပင် “ ဆုဝန် နင် နေ့လယ်က ဘယ်သွားသေနေတာလဲ”

ဆုဝန်က ဖြည်းဖြည်းချင်း ပြောလိုက်သည်။

“ ပန်းကန်ဆေးဖို့’ကျောင်’ ဆပ်ပြာ မရှိတော့တာနဲ့ သစ်တောထဲမှာ သွားခူးရင်း မေ့လဲသွားတာပါ”

အရင်ရက်တွေလည်း ဆုဝန်မှာ သတိလစ်နေခဲ့သည်ဖြစ်ရာ ယခု မူးလဲသွားသည်ဟု အကြောင်းပြချက် ပေးခြင်းက ယုတ္တိရှိသည်ပင်။

“နင် မူးလဲလား မူးမလဲဘူးလားဆိုတာ ငါဂရုမစိုက်ဘူး။ နင် ထမင်းစားနေပြီး ဒီလိုပြောရင် ငါ နင့်ကို သေအောင် ရိုက်ရမှာပဲ “ 

ပြောပြီးသည်နှင့် ဝမ်လော့ရွှယ်က အလောတကြီးရှေ့တိုးလာတော့သည်။

ဝမ်လော့ရွှယ် မလှုပ်ရှားရသေးမီမှာပင် ဆုဝန်မှာ မြေပေါ်သို့ အားနည်းစွာဖြင့်လဲကျသွားကာ ထပ်မံ၍ သတိလစ်သွားပြန်တော့သည်။ 

ဝမ်လော့ရွှယ်သည် ဆုဝန်မူးလဲချင်ယောင်ဆောင်သည်ဟု သံသယ ဝင်မိသွားသော်လည်း ‌ခေါင်းငုံ့ကြည့်လိုက်သောအခါ ဆုဝန်၏အသားအရောင်မှာ ဖျော့တော့နေခဲ့ပြီး နဖူးထက်တွင်လည်း ချွေးသီးချွေးပေါက်များ ထွက်နေသည်ကို မြင်လိုက်ရ၏။

ဝမ်မိသားစုမှာ အင်အားများကို အလကားသက်သက် ဖြုန်းတီးသွားမိသယောင် ခံစားလိုက်ရ၏။ ဝမ်ရှီးသည် ဆုဝန်အား ယခင်ကကဲ့သို့ ရိုက်နှက်ချင်ခဲ့သော်လည်း မနက်ဖြန်ဆိုပါလျှင် ဆုဝန်က သွမ့်မိသားစုထံ သွားရောက်အလုပ်လုပ်ရမည် ဖြစ်ကြောင်း သတိရသွားတော့သည်။ အကယ်၍ ပြင်းပြင်းထန်ထန် ရိုက်နှက်မိလိုက်မိပါက လုပ်ခလစာသုံးဆ ရှိတော့မည်မဟုတ်ပါချေ။

ဝမ်ရှီးနှင့် ဝမ်လော့ရွှယ်တို့သည် ဆုဝန်အား ကျိန်ဆဲလျက် ထင်းတဲအတွင်းသို့ သယ်လာခဲ့ကြသည်။ အရင်တစ်ခေါက်က ဆုဝန်မှာ သူ့ဘာသာသူသတိရလာခဲ့သည့်အတွေ့အကြုံရှိပြီးဖြစ်လေရာ သူတို့က စိုးရိမ်မနေခဲ့ကြပေ။

နောက်တစ်နေ့ မနက်အစောကြီးတွင် ဝမ်ရှီးက ဆုဝန်ကို ခေါ်ကာ မနေ့ကမဆေးရသည့်ပန်းကန်များကို ဆေးခိုင်းတော့သည်။ 

ဆုဝန်သည် သူ၏ပုံမှန်သတိအပြည့်ရှိသည့်ပုံစံမျိုး မဟုတ်ဘဲ အမူအရာ ကင်းမဲ့စွာဖြင့် မီးဖိုခန်းသို့ လာခဲ့လေသည်။

ဝမ်ရှီးနှလုံးသားအတွင်းရှိ ဒေါသတရားတို့မှာ ပို၍ပင်တောက်လောင်လာရပြီး ချက်ချင်းပင် ‌ဒေါကထွက်ထွက်ဖြင့် ဆုဝန်၏ လက်ကောက်ဝတ်ကို ဖမ်းကိုင်လိုက်တော့သည်။

ဆုဝန်က ရှောင်တိမ်းလိုက်သည်ကြောင့် သူစောနလေးတင်မှ ကြမ်းပေါ်က ကောက်ကိုင်ထားသော ကြွေဇလုံကြီးမှာ နှစ်ခြမ်းကွဲသွားရသည်။

ဝမ်ရှီး၏အဝတ်အစားနှင့် ဖိနပ်များအပေါ်လည်း ကြွေဇလုံအတွင်းမှ ညစ်ပတ်နေသည့်ရေများ ပက်ဖျန်းခြင်း ခံလိုက်ရသည်။

ဝမ်ရှီးမှာ ကြက်သေသေသွားရသည်။

ထိုကြွေဇလုံသည်ကား အိမ်တော်အတွင်း၌ အကောင်းဆုံးသော ပန်းကန်ခွက်ယောက်ပင်။ အခုမူ ဆုဝန်က ယင်းအား နှစ်ခြမ်းခွဲလိုက်ချေပြီ။ 

သူဝတ်ဆင်ထားသော ဝတ်စုံသည်လည်း ဆုဝန်မှ ဆီတရွှဲရွှဲပန်းကန်ဆေးရေများဖြင့်ပက်ခြင်းကို ခံလိုက်ရသေးသည်။

အမြဲတွန့်တိုတတ်သည့် ဝမ်ရှီး၏နှလုံးသားမှာ သွေးစိမ်းရှင်ရှင်ထွက်နေရပြီဖြစ်၏။

“ ဆုဝန် ညည်း....”

ဝမ်ရှီးသည် ‌ဒေါသခြောင်းခြောင်းထွက်ကာ တံမြက်စည်းကိုကောက်၍ ဆုဝန်အားထပ်မံရိုက်နှက်ရန် လွှဲယမ်းလိုက်တော့သည်။

ဆုဝန်က ဘယ်ညာ‌ရှောင်တိမ်းရင်း ပန်းကန်အနည်းငယ်ကို တိုက်ချမိသွား၏။

ဝမ်ရှီးမှာ တံမြက်စည်းအား ထပ်မယမ်းရဲတော့ပေ။ ကွဲသွားရသည့်ပန်းကန်ပြားနှင့် ပန်းကန်လုံးတိုင်းက သူ၏နှလုံးသားကို ကွဲကြေသွားစေသယောင်။

ဝမ်ရှီးသည် မတ်တတ်ရပ်နေရင်းဖြင့် 

“ ညည်းခွဲလိုက်တဲ့ ဒီပန်းကန်တွေ ဘယ်လောက်စျေးကြီးလဲဆိုတာသိလား။ ငါ့ခန္ဓာကိုယ်ပေါ်က ဒီဝတ်စုံကရော ဘယ်လောက်အဖိုးတန်လဲသိရဲ့လား။ ညည်းဘယ်လိုအလျော်ပေးမှာလဲ”

နှလုံးသားကို ဓားဖြင့်လှီးဖြတ်သည့်နှယ် ခံစားနေရစဥ်တွင် ဝန်ရှီးသည် အရေးကြီးဆုံးဖြစ်သည့် ဆုဝန်၏ လစာအကြောင်း တွေးမိသွားကာ ချက်ချင်းပင်အလေးအနက်ပြောလိုက်၏

“ နောက်ဆို သွမ့်အိမ်တော်က ပေးတဲ့လစာအားလုံး ငါ့ကိုအပ်ရမယ်။ ဝမ်မိသားစုက ညည်းကို စားစရာ၊ ဝတ်စရာ ပေးထားရတာ။ ညည်းလည်း ဝမ်မိသားစုကို ကောင်းကောင်း ကျေးဇူးပြန်ဆပ်သင့်တယ်”

ဆုဝန်က စိတ်ထဲမှ လှောင်ရယ်လိုက်၏။ သူသည် ဝမ်မိသားစု၌ လူသုံးလေးယောက်စာ အလုပ်လုပ်ရသော်လည်း စားစရာ၊ဝတ်စရာ လုံလုံလောက်လောက်မရရှိခဲ့ပါချေ။ ဝမ်မိသားစုက တကယ့်ကို ကျေးဇူးဆပ်ရန်ပြောလာခဲ့၏။

“ ပြီးတော့ ညည်း သွမ့်အိမ်တော်ကို ချက်ပြုတ်ဖို့ သွားရမယ်ဆိုတာနဲ့ အိမ်ထဲကအလုပ်တွေကို လစ်ဟင်းလို့ မရဘူးနော်”

“မနက်ပိုင်း သွမ့်အိမ်တော်ကိုမသွားခင် မနက်စာနဲ့ နေ့လယ်စာပြင်သွားရမယ်၊ အိမ်သန့်ရှင်းရေး လုပ်သွားရမယ်၊ ကြက်တွေဘဲတွေကို အစာကျွေးသွားရမယ်”

“ ညည်း သွမ့်အိမ်တော်ကနေ ညဘက်ပြန်လာတဲ့အခါကျ ပန်းကန်ဆေးရမယ်၊ ညစာပြင်ရမယ်၊ ပြီးရင် ကြိတ်ဆုံမှာ သွားကြိတ်ရမယ်”ဟု ဝမ်ရှီးက ပြောလိုက်၏။ ဝမ်ရှီးသည် ဆုဝန်၏အချိန်အား တစ်နေကုန်လုံး စီမံခန့်ခွဲလိုက်သည်မှာ သိသာလှကာ အသက်ရှူချိန်လေးတောင် ပေးမထားချေ။

ဆုဝန်မှာ မူလတုန်းကတော့  ဝမ်အိမ်တော်မှ ထွက်သွား၍ အိမ်တစ်လုံး ငှားရမ်းရန် လုပ်ခလစာများ ရပြီးသည်ထိ စောင့်ချင်ခဲ့သည်ပင်။ သို့ပေသိ မနေ့က သွမ့်ကျင်းထျန်သည် သူ့ကို လုပ်ခစရန်ငွေ သုံးပုံတစ်ပုံအား တိတ်တိတ်လေးပေးခဲ့ရာ ဆုဝန်မှာ ဝမ်မိသားစု၏ လူမဆန်မှုများကို ခံစားစရာ မလိုတော့ပါချေ။

ဆုဝန် မ‌လှုပ်ရှားသည်ကိုမြင်သော် ဝမ်ရှီးကပြောလိုက်သည်

“ မြန်မြန် အလုပ်သွားလုပ်တော့လေ။ သွမ့်အိမ်တော်ကိုမသွားခင် အလုပ်တွေ အကုန် ပြီးအောင်လုပ်သွား။ ဒီလောက် အသေးအဖွဲကိစ္စလေးကို လေးတိလေးကန် လုပ်မနေနဲ့” 

ဝမ်အမျိုးသမီး ပြောပြီးသည်နှင့် ခြံဝန်းအပြင်မှ အသံတစ်သံ ပျံ့လွင့်လာ၏။

“သခင်မဝမ် ဒီကိစ္စတွေက အသေးအဖွဲမဟုတ်ဘူးလေ။ ဒါတွေအကုန်လုပ်ပြီးသွားရင် မိန်းကလေးဆုက သွမ့်အိမ်တော်ကို သွားပြီး ချက်ပြုတ်ဖို့ အင်အားမရှိမှာတောင် စိုးရိမ်ရတယ်” 

ပြောသူသည် လှပသည့်မြင်းလှည်းပေါ်မှ ခုန်ဆင်းလာခဲ့ကာ ခြံဝန်းအတွင်းသို့ ဝင်လာခဲ့၏။ သူက အရိုအသေပေးလိုက်ကာ  

“သခင်မဝမ် ကျွန်တော်က သွမ့်အိမ်တော်ရဲ့ အိမ်တော်ထိန်း လီဖုကွေ့ပါ။ အခု ကျွန်တော်က မိန်းကလေးဆုကို မနက်စာပြင်ဖို့အတွက် သွမ့်အိမ်တော်ကိုခေါ်သွားဖို့ လာခဲ့တာပါ” 

တံခါးအပြင်မှာကတည်းက လီဖုကွေ့သည် ဝမ်အမျိုးသမီးက စုဝမ်အား လုပ်ခများ ပေးရန်နှင့် ညနေဘက်တွင် အိမ်အလုပ်များလုပ်ရန် ခိုင်းစေနေသည်ကို ကြားခဲ့ပြီးဖြစ်၏။ 

အစတုန်းကတော့ ဝမ်ရှီးသည် ဧည့်သည်ကို သူတစ်ပါးကိစ္စတွင် ဝင်စွက်ဖက်သည့်အတွက် ဆဲဆိုကြိမ်းမောင်းရန် ကြံစည်ထားခဲ့လေသည်။ သို့ပေသိ သွမ့်အိမ်တော်၏ အိမ်တော်ထိန်း ဖြစ်သည်ဟု ကြားလိုက်သည်နှင့် သူက နှုတ်ခမ်းပေါ်ရောက်နေသည့် အဆဲစကားများကို ပြန်လည်မျိုချကာ မျက်နှာချိုသွေးသည့် အပြုံးတစ်ပွင့်ကို ချိတ်ဆွဲထားလိုက်တော့သည်။