အခန်း (၁၀)
လီဖုကွေ့နှင့် သွမ့်ကျင်းထျန်တို့ ပြန်သွားပြီး မကြာမီပင် ဝမ်အမျိုးသမီးသည် ဆုဝန်အား စူးစူးရဲရဲစိုက်ကြည့်ကာ
“ကြည့် အချိန်တိုင်းနင့်ကြောင့် ဝမ်မိသားစုက သခင်လေးသွမ့်ရဲ့ အမြင်မှာ မကောင်းဖြစ်ရတယ်၊ နင်ဟာလေ တကယ့်အရှုံးသမားပဲ”
“နင် အနာဂတ်မှာ ဝမ်မိသားစုအတွက် ဘယ်လိုဒုက္ခတွေ ယူလာပေးမလဲတော့ ငါမသိဘူး ဒါပေမဲ့ တစ်ခုတော့ ပြောလိုက်မယ်၊ နင် အပြင်သွားရင် ဘယ်သူ့ကိုမှ နင်ဟာ လော့ရှန်းနဲ့ စေ့စပ်ထားပါတယ်ဆိုတဲ့အကြောင်းကို မပြောမိစေနဲ့။ လော့ရှန်း မင်းက ခုဆို ကျော်ကြားတဲ့ လူတစ်ယောက် ဖြစ်နေပြီ။ မင်းမှာ စေ့စပ်ထားတဲ့သူရှိမှန်း လူတွေသိသွားကြရင် လူတွေ ပြုံးပြရယ်ပြတာ ရှိတော့မှာ မဟုတ်ဘူး”
ဝမ်လော့ရှန်းသည် ယခင်နှစ်က ပညာသင်ဆုရ ကျောင်းသားအဖြစ် သတ်မှတ်ခြင်းခံရသည်။ ထို့ကြောင့် ချင်းရှီတစ်ရွာလုံးက ဝမ်လော့ရှန်းနှင့် ဝမ်မိသားစုအပေါ် အထင်ကြီးလေးစားကြပေသည်။
ကလေးသတို့သမီးတစ်ဦးဖြစ်သော ဆုဝန်သည် ဝမ်လော့ရှန်းအတွက် သတို့သမီးကောင်းအဖြစ် မလုံလောက်ပေ။
ဝမ်လော့ရှန်းကိုယ်တိုင်ကလဲ ထိုသို့ပင်တွေးသည်။ ဆုဝန်သည် သူ့အဖို့တော့ ပြေးမလွတ်နိုင်သော အကုသိုလ်ကြီးပင်။ ထို့ကြောင့် ယခုဘဝတွင်တော့ ဆုဝန်က သူ့ကို လက်မထပ်ချင်လာခင် သူ့အဝေးသို့ ပို့ပစ်ရမည်။
ဝမ်မိသားစုပြောသလို ဆုဝန်ကလဲ ဖြစ်ချင်တာမဟုတ်။ ဝမ်မိသားစုက ဆုဝန်ကို လက်မထပ်ချင်သလို ဆုဝန်ကလဲ လက်မထပ်ချင်ပေ။
ဝမ်လော့ရှန်းသည် ဆုဝန်ဆီသို့ လျှောက်လာပြီး အေးစက်စွာ ပြောလိုက်သည်။ “အမေခု ဘာပြောလိုက်တယ်ဆိုတာ မင်းကြားတယ်မလား”
ဝမ်လော့ရှန်း၏ပုံသည် သွေးနားထင်ရောက်နေသည့်အတွက် ဆုဝန်က သူ့ကို စကားမပြောချင်ပေ။
ဆုဝန်က ဘာမှ ပြန်မပြောသောအခါ ဝမ်လော့ရှန်းက သူ့လေသံကိုမြှင့်လိုက်သည်။
“ငါ့မိဘတွေက မင်းကို ဒီကိုခေါ်လာတယ်။ ပြီးတော့ စားစရာလေး ပေးထားတာနဲ့တင် ငါတို့ရဲ့ ကြင်နာမှုကြီးဖြစ်နေပြီ။ မင်း ဒီ့ထက် ဘာမှပိုမတွေးထားရင်ကောင်းမယ်”
ဝမ်လော့ရှန်း၏ စကားများအရ သူသည် ဆုဝန်ကို လက်မထပ်လိုပေ။ ဆုဝန်လိုချင်တာကလဲ ဒါပဲဖြစ်သည်။
သို့သော် ဆုဝန်သည် အပြစ်ကင်း ရိုးသားဟန်ဆောင်ရမည်ဟု တွေးမိပြီး “အစ်ကို လော့ရှန်း ညီမ ဘာအမှားများလုပ်မိလို့လဲဟင်။ ညီမတို့ လက်ထပ်ဖို့ သဘောတူထားပြီးသားမဟုတ်လား”
“ငါသဘောမတူနိုင်ဘူး ဘာပဲဖြစ်ဖြစ် ငါပြောပြမယ်၊ အကယ်၍ မင်းသွမ့်အိမ်တော်မှာ အဓိပ္ပာယ်မရှိတဲ့ စကားတစ်ခုခုကို ပြောမိခဲ့ရင် အနာဂတ်မှာ သွမ့်အိမ်တော်ဆီ ဘယ်တော့မှ မသွားရတော့ဘူးမှတ်”
“ဒါပေမဲ့ ညီမသာ သွမ့်အိမ်တော်ဆီ မသွားတော့ဘူးဆိုရင် အစ်ကိုလဲ သွားလို့မရတော့ဘူးလေ။ သွမ့်မိသားစုရဲ့ စာအုပ်တွေ အားလုံးကို ဖတ်ပြီးသွားပြီလား”
ဝမ်လော့ရှန်းသည် မွန်းကြပ်ကာ ဒေါသထွက်ပြီး အဝေးသို့ ထွက်သွားသည်။
ဆုဝန်သည် အလျင်အမြန်ပင် “အကယ်၍ အစ်ကို လော့ရှန်းမကြိုက်ဘူးဆို ညီမဘာမှမပြောတော့ပါဘူး အစ်ကိုလော့ရှန်း။ စိတ်မဆိုးပါနဲ့ရှင်”
ဝမ်လော့ရှန်းသည် ပို၍ စိတ်ရှုပ်သွားကာ သူ့ခြေလှမ်းများသည် ပို၍ ပို၍ မြန်လာသည်။
ဆုဝန်သည် သူမအပေါ် ဝမ်လော့ရှန်း မုန်းသွားစေချင်သည်။ သို့မှသာ ဝမ်လော့ရှန်းသည် သူမက သူ့၏ ကလေးသတို့သမီးမဟုတ်ကြောင်း တစ်လောကလုံးကို ဦးစွာ လက်ဦးမှုယူပြီးပြောပြမည်ဖြစ်သည်။
ကလေးသတို့သမီးဖြစ်ကြောင်း ဖုံးကွယ်ထားရုံနှင့် မလုံလောက်ပေ။ တစ်ခါတည်းရှင်းလင်းရပေမည်။
နောက်တစ်နေ့ မနက်စောစောတွင် သွမ့်မိသားစုရထားလုံးက ဆုဝန်ကိုခေါ်ဆောင်ရန် နောက်ထပ်ရောက်လာခဲ့ပြန်လေသည်။
အမျိုးသားဝမ်နှင့် အမျိုးသမီးဝမ်တို့ရှေ့သို့ လီဖုကွေ့ လျှောက်လာလျှင်လာချင်း “ အိုး အိမ်တော်ထိန်းလီ၊ ပြောစရာလေးရှိလို့၊ ဆုဝန်ကို သွမ့်အိမ်တော်ဆီ ခေါ်ဖို့ ခုလို လာလာနေစရာမလိုပါဘူး။ အကယ်၍ အချိန်များရှိမယ်ဆိုရင်လေ ကျွန်မရဲ့ အသစ်ရောက်နေတဲ့ မောင်လေးကို နေ့တိုင်း လာခေါ်ပေးလို့များရမလားရှင်။ ကျောင်းကို သွားတဲ့အခါ အိမ်နဲ့ကျောင်းက သိပ်ကို ဝေးလွန်းနေတယ်လေ။ ပြီးတော့လမ်းတွေပေါ် လမ်းလျှောက်ဖို့ဆိုတာလဲ မောင်လေးဖို့ အများကြီး ကြာတယ်လေ။ ဆိုတော့ ဒီခရီးနည်းနည်းလေးကို ဆုဝန်လမ်းလျှောက်ဖို့က ကိစ္စမရှိလောက်ဘူး ထင်ပါတယ်” လီဖုကွေ့မျက်မှာသည် ရုတ်ခြည်း ပြောင်းလဲသွားသည်။ သို့သော် သူသည် ယဥ်ယဥ်ကျေးကျေးပင်
“ဝမ်အမျိုးသမီး ကျွန်တော်လဲ တိုင်ပင်စရာလေးရှိနေတာဗျ။ ကျွန်တော့်သားကလဲ မိန်းကလေးဆုရဲ့ ဟင်းလျာတွေကို သိပ်ကြိုက်တာလေ။ သူက မိန်းကလေးဆု သခင်လေးအဖို့ ညစာ နေ့တိုင်း ချက်ပေးပါလားလို့ မေးနေလေရဲ့။ လုပ်အားခကတော့ နှစ်ဆဖြစ်သွားမှာပေါ့လေ။ ဒါပေမဲ့ အကြံကောင်းပါပဲ။ ညစာစားပြီးချိန်ကျ အရမ်းနောက်ကျသွားပြီဆိုတော့လေ မိန်းကလေးဆုကို သွမ့်အိမ်တော်မှာ နေခွင့်ပေးလိုက်ရင်ရော။ သွမ့်အိမ်တော်မှာ ဧည့်သည်တွေအတွက် အခန်းလွတ်တွေ အများကြီးလဲ ရှိပါတယ်။ ပြီးတော့ ကျယ်လဲ ကျယ်တယ်လေ”
အမျိုးသမီးဝမ်သည် လစာနှစ်ဆဟူသည်ကို ကြားသောအခါ၊ ဆုဝန်တစ်ယောက်တည်း ရမှာမဟုတ်။ လူလေးယောက်စာအဖို့ ဖြစ်သည်။
ဆုဝန်သည် လီဖုကွေ့၏ စကားကိုကြားသောအခါ သဘာဝကျကျပင် လိုက်ကာကို မ၍ ထွက်လာသည်။
“ကျွန်မကတော့ သွားလိုပါတယ် အိမ်တော်ထိန်းလီ”
ဆုဝန်စကားပြောပြီးလျှင်ပြီးချင်း ဝမ်လော့ရွှယ်၏ အသံက ဟိန်း၍ ထွက်လာသည်။
“နင်မသွားရဘူး၊ မသွားရပါဘူး”
မနေ့က ဆုဝန် အိမ်မှာ မရှိသောကြောင့် ဝမ်လော့ရွှယ်သည် အလွန်ဒုက္ခရောက်သည်။ ဘယ်သူကမှ သူမကို အဝတ်အစား မပြင်ဆင်ပေး၊ မလျှော်ဖွတ်ပေးသည့်အပြင် အစားကောင်းကောင်းလဲ မစားရပေ။ ဆုဝန်ထွက်သွား၍မဖြစ်။
ဆုဝန်သည် ဝမ်လော့ရွှယ်၏ စကားများကို လျစ်လျူရှုကာ သူမဘေးတွင်ရှိသော ဝမ်ရှီးကို တီးတိုးပြောလိုက်သည်။
“အဒေါ်ဝမ်၊ လစာက လေးဆဖြစ်သွားမှာနော် အဲ့လစာနဲ့ဆို အဒေါ့်ကို ပြုစုဖို့ အစေခံကောင်းကောင်း တစ်ယောက်တော့ ခန့်ထားလို့ရတယ်”
ဝမ်ရှီးသည် ထိုသို့တွေးလိုက်သောအခါ ဆုဝန်သည် သူမမိသားစုအပေါ် တကယ်ဂရုစိုက်မှန်း သိလိုက်သည်။ သူမတို့သည် ဆုဝန်ကို အစေခံတစ်ယောက်အဖြစ် သတ်မှတ်ထားသော်လည်း ပြင်ပကိုတော့ အိမ်တွင် အစေခံတစ်ဦးရှိသည်ဟု မပြောဖူးပေ။ အကယ်၍ ယခုသာ အစေခံတစ်ဦးကို အိမ်၌ ခန့်ထားလိုက်လျှင် ချင်းရှီရွာတွင် မည်မျှ မျက်နှာပန်းလှမည်ကို စဥ်းစားရုံနှင့်ပင် သိနိုင်သည် ။
အကယ်၍ ဤပိုက်ဆံကိုသာ ရလျှင် အစေခံမိန်းကလေး တစ်ဦး ခေါ်နိုင်ရုံသာမက လိုချင်သမျှကိုလဲ ဝယ်နိုင်မည်၊ စားလိုသမျှကိုလဲ စားနိုင်မည်။ တကယ်ကိုကောင်းသော အပေးအယူဖြစ်ပေသည်။
အမျိုးသမီးဝမ်သည် အလွန်ပျော်သွားသည်။ သို့သော် စဥ်းစားချင့်ချိန်ပြီး သူမမျက်နှာကို အောက်သို့ချကာ ဆုဝန်ကို တိုးတိုးလေးပြောလိုက်သည်။
“နင်လစာရတာနဲ့ ငါ့ကို ချက်ချင်းအပ်ရမယ်နော်။ တစ်ပြားလောက်ပဲဖြစ်ဖြစ် ပိုသုံးရဲသုံးကြည့်။ နင်နဲ့ လော့ရှန်းရဲ့ မင်္ဂလာကိစ္စ မေ့ပစ်လိုက်”
ဆုဝန်က ခေါင်းညိတ်ပြလိုက်သည်။
“ဆုဝန်ကို သခင်လေးသွမ့်အတွက် ချက်ပြုတ်ပေးခွင့်ရတာ ဂုဏ်ယူစရာပါပဲ” ဆုဝန်သည် လီဖုကွေ့ကို တန်းတန်းမတ်မတ်ကြည့်ကာပြောလိုက်သည်။
လီဖုကွေ့သည် သစ်သားခန်းလေးထဲမှ ပစ္စည်းများအား ရထားလုံးထဲသို့ရွှေ့ရန် ဆုဝန်အားကူညီပေးလေသည်။
ဆုဝန် ရထားလုံးထဲသို့ဝင်လျှင်ဝင်ချင်း ဝမ်လော့ရွှယ်သည် ဆံပင်ဖရိုဖရဲနှင့် ထိတ်ထိတ်ပျာပျာ ပြေးထွက်၍လာသည်ကို မြင်လိုက်ရသည်။
“ဆုဝန် နင်သွားလို့မရဘူးလေ နင်က အိမ်ကနေ ထွက်သွားပြီး ဘာလုပ်မလို့လဲ”
ဆုဝန်နှင့် ဝမ်အမျိုးသမီးပြောသောစကားများသည် တိုးလွန်း၍ ဝမ်လော့ရွှယ်က မကြားလိုက်ချေ။
အမျိုးသမီးဝမ်သည် ဝမ်လော့ရွှယ်ကို လှမ်းဆွဲလိုက်ပြီး ဆုဝန်၏လစာကို အစေခံမိန်းကလေးတစ်ယောက် ခန့်ထားမည်ဖြစ်ပြီး အဝတ်အစားများဝယ်မည့်အကြောင်း တိုးတိုး ပြောပြလိုက်သည်။ ထိုမှ ဝမ်လော့ရွှယ်၏ မျက်ခုံးများသည် ပျော်ရွှင်စွာ မြင့်တက်သွားပြီး ဆုဝန်ကို သွားခွင့်ပြုလိုက်သည်။
ရထားလုံးသည် ဝမ်မိသားစုအိမ်တော်ဂိတ်ပေါက်မှ အဝေးသို့ မောင်းထွက်သွားလေသည်။
ဆုဝန်သည် သူမဘာသာ တွေးမိသွားသည်။ ဝမ်မိသားစုသည် ဆုဝန်အလုပ်ကို သာမန် အရေးမပါသော အသေးအဖွဲဟု အမြဲတမ်း ရွဲ့တဲ့တဲ့ပြောတတ်သည်။ သို့သော် သူတို့သည် ထိုအသေးအဖွဲ ကိစ္စရပ်လေးများကိုပင် ကိုယ်တိုင် မလုပ်နိုင်ကြပေ။
လမ်းတွင် လီဖုကွေ့က ဆုဝန်ကိုပြောသည်။
“မိန်းကလေးဆု ဒီဝမ်မိသားစုအိမ်ကို အနာဂတ်မှာ ဘယ်တော့မှ ပြန်မလာတော့ပါနဲ့”
ဆုဝန် ခန့်မှန်းရသလောက် ဝမ်မိသားစုတွင် နေရသည့်သူမအခြေအနေကို လီဖုကွေ့က သွမ့်ကျင်းထျန်အား ပြောပြလိုက်ခြင်းပင်ဖြစ်ရမည်။ ထပ်မံ၍ ကျေးဇူးတင်ရပြန်ပါသည်။
လီဖုကွေ့ကမူ ပြုံး၍ပြန်ပြောသည်။ “ကျေးဇူးတင်စရာမလိုပါဘူး မိန်းကလေး လက်လေးမြှောက်ရုံ ကိစ္စလေးရယ်ပါ။ ကျွန်တော်ကတောင် မနေ့က အဲ့ အရသာရှိတဲ့မုန့်တွေ ပေးလိုက်လို့ ကျေးဇူးတင်ချင်နေတာ။ အိမ်ကို ပြန်ယူသွားလိုက်တယ်လေ။ မိန်းကလေးအဒေါ်က အရမ်းကြိုက်နေလေရဲ့”
ယခုအကြိမ်တွင်မူ ဆုဝန်သည် သွမ့်ကျင်းထျန်အတွက် တစ်နေ့သုံးနပ်စာ ချက်ရမည့်အပြင် ညလယ်စာမုန့်များကိုပါ စီစဥ်ပေးရမည်။ သူမသည် သွမ့်မိသားစုအိမ်တော်တွင် နေထိုင်နိုင်ပြီး ဝမ်မိသားစုလက်မှ လွတ်မြောက်နိုင်ချေပြီ။
သွမ့်မိသားစုအစေခံများသည် သွမ့်အိမ်တော်ဘေးခြံဝန်းရှိ အစေခံများနေသောနေရာတွင် နေကြရသည်။ သို့သော် ဆုဝန်အဖို့ သွမ့်ကျင်းထျန်က ဧည့်သည်များ နေသောနေရာတွင် စီစဥ်ပေးထားသည်။
အိမ်တော်ထိန်းလီက ဆုဝန်ကို “ သခင်လေးက နေသားတော့ကျနေပါပြီ။ ဒါပေမဲ့ မိန်းကလေးက ဒီက မိန်းကလေးတွေရယ် ဘေးကအစေခံတွေရယ်နဲ့ ကွာခြားပါတယ်။ အဲဒါကြောင့် မိန်းကလေးကို ဧည့်သည်အနေနဲ့ထားပြီး သူတို့နဲ့အတူမနေခိုင်းတာပါ”
အမှန်တကယ်တော့ ဆုဝန်သည် နာမည်အားဖြင့်ဆိုလျှင် ဝမ်လော့ရှန်း၏ ညီမဖြစ်သည်၊ ထို့ကြောင့် သွမ့်ကျင်းထျန်အနေဖြင့် သူမကို သာမန်အစေခံတစ်ယောက်ကဲ့သို့ ဆက်ဆံရန် မသင့်လျော်ပေ။
ဆုဝန်နေရသော ဧည့်သည်အခန်းသည် သပ်ရပ်ပြီး ပရိဘောဂများဖြင့် ခင်းကျင်းထားသည်။ ထိုအခန်းသည် ဆုဝန်တစ်ကိုယ်စာလေးတောင် လှည့်၍မရသော ဝမ်အိမ်တော်မှ ဆုဝန်၏အိပ်ခန်းထက် လေးငါးဆ ပို၍ကျယ်သည်။
သွမ့်ကျင်းထျန်သည် ဆုဝန် ချက်ပြုတ်စရာမရှိသော အချိန်များတွင် ခြံထဲသို့ ဆင်းပြီး သူ့နံဘေးတွင် စာဖတ်သည်ဖြစ်စေ၊ အခြားတစ်ခုခုဖြစ်စေ လုပ်နေနိုင်ပြီး အနေအထိုင် ချုပ်တည်းစရာမလို ဟုပြောကြောင်း လီဖုကွေ့က ပြောပြသည်။
ဆုဝန်သည် ယခုလက်ရှိ အခြေအနေအပေါ် အလွန်ကျေနပ် အားရနေမိသည်။ မူလဇာတ်ဆောင်သည် ဝမ်လော့ရှန်းကို ချစ်မိပြီး သူမ၏ပထမဆုံး အနှစ်နှစ်ဆယ်ကို လေးလံပြီး ငြီးငွေ့ဖွယ်ကောင်းသော ဝမ်မိသားစု၏ တာဝန်များကို ထမ်းပိုးရင်း ဝမ်အိမ်တော် ခြံဝင်းကျဥ်းလေးတွင်းမှာ ကုန်ဆုံးခဲ့ရသည်။ ဝမ်လော့ရှန်း၏ အထင်အမြင်သေးမှု၊ ခွဲခြားဆက်ဆံမှု၊ အသုံးချမှုတို့ကိုလဲ ခံခဲ့ရသည်။
လူတို့သည် မှားယွင်းသော အစွဲတစ်ခုကို အချိန်အကြာကြီး စွဲမြဲထားလျှင် ကမ္ဘာသစ်ကိုလဲ ရရှိနိုင်ပေသည်။
နေ့တိုင်း တစ်နေ့သုံးနပ် စားရုံအပြင် ညဘက် သရေစာပါ ချက်ပြုတ်ရခြင်းသည် ဆုဝန်အဖို့ အလွယ်ကူဆုံး ဖြစ်သည်။
ဝမ်လော့ရှန်းနှင့် လီရှန်းတို့သည် ညဘက်ရောက်လျှင် ညစာကို သွမ့်အိမ်တော်သို့ လာရောက် စားသုံးကြသဖြင့် လူနှစ်ယောက်စာ ပိုချက်ရသော်လည်း ဆုဝန်အဖို့တော့ ထူးထူးခြားခြား ဒုက္ခ ဖြစ်မသွားချေ။ ဝမ်မိသားစု၏ လေးလံသော အလုပ်တာဝန်များနှင့် နှိုင်းယှဥ်လျှင် သွမ့်အိမ်တော်တွင် ချက်ပြုတ်ရခြင်းက များစွာပိုလွယ်ကူပေသည်။
ယနေ့ည ဆုဝန်သည် သွမ့်ကျင်းထျန်နှင့် လီရှန်းတို့အဖို့ ကြက်ကုန်းဘောင်ကြော်၊ အမဲသားအစပ်ဟင်းနှင့် မျှစ်ဟင်းအေးအေးလေးတစ်ခွက်၊ ပြောင်းဖူးကြော်တို့အပြင် သူမကိုယ်တိုင် လုပ်ထားသော လိမ္မော်စွပ်ပြုတ်ချိုတစ်ခွက်ကိုပါ ပြင်ဆင်ထားသည်။ သွမ့်ကျင်းထျန်နှင့် လီရှန်းတို့နှစ်ယောက်လုံးသည် ယနေ့ည ဟင်းပွဲများကို နှစ်ယောက်လုံး ဝမ်းပန်းတသာ နှစ်သက်ကြပေသည်။
စားသောက်ပြီးနောက်သူတို့သုံးယောက်သည် အတူတူ စာလေ့လာရန် သွားကြလေသည်။
ဆုဝန်သည်လည်း သွမ့်ကျင်းထျန်အတွက် ညစာချက်ပြုတ်ပေးပြီးနောက် အားသွားသောအခါ နေ့လယ်က လေ့လာရန်ယူလာခဲ့သော ရှေးဟောင်းစာအုပ်တစ်အုပ်ကို စတင်ကာ ဖတ်ပါလေတော့သည်။
သွမ့်ကျင်းထျန်သည် စာပေအရာတွင် အလွန်ကြိုးစားသော လီရှန်းနှင့် ဝမ်လော့ရှန်းတို့နှင့် အတူရှိနေရသောအခါ သူပို၍ မရပ်မနား ကြိုးစားရမည်ဖြစ်ကြောင်း သိလာသည်။
ပုံမှန်အားဖြင့် သွမ့်ကျင်းထျန်သည် ဝမ်လော့ရှန်းနှင့် စာအတူလေ့လာရသည်ကို သဘောကျသည်။ သို့သော် လွန်ခဲ့သော ရက်အနည်းငယ်က ဖြစ်ခဲ့သည့် ကိစ္စက သွမ့်ကျင်းထျန်တစ်ယောက် ဝမ်လော့ရှန်းအပေါ် အနည်းငယ် အမြင်မကောင်း ဖြစ်သွားစေသည်။ သို့သော် သူသည် ဝမ်လော့ရှန်းအပေါ် ယခင်ကဲ့သို့ အလေးပေးနေဆဲပင်ဖြစ်ပေသည်။
အမွှေးတိုင်နှစ်တိုင်စာ ကုန်လောက်သည့်အချိန်အထိ စာလေ့လာကြပြီးနောက် ဝမ်လော့ရှန်းသည် သွမ့်အိမ်တော်မှ စာအုပ်နှစ်အုပ်ကို ငှားပြီး ပြန်ရန် ထစဥ် အစေခံမိန်းကလေးငယ်လေးသည် ဘဲသွေးမြူစွမ်ခေါက်ဆွဲကို စာလေ့လာရာနေရာသို့ သယ်လာသည်။
ဤသည်မှာ သူတို့သုံးယောက်အတွက် ညလယ်စာဟု ပြောလိုက်သည်။
အစေခံမိန်းကလေး အဖုံးကို ဖွင့်လိုက်သောအခါ အနံ့သည် မွှေးကြိုင်ပြင်းရှစွာ ထွက်လာသည်။
ဝမ်လော့ရှန်းသည် ရုတ်တရက် ထူးဆန်းသည်ဟု ခံစားလိုက်ရသည်။ ဝမ်အိမ်တော်မှာတုန်းက သူစာလေ့လာနေလျှင် ဆုဝန်က ညလယ်စာ ယူလာပေးတတ်သည်။ ကြက်စွပ်ပြုတ်ခေါက်ဆွဲ သို့မဟုတ်၊ အမဲသားဖက်ထုပ် သို့မဟုတ်၊ နှမ်းကပ်ကောက်ညှင်းပေါင်းဆုပ် တို့ဖြစ်သည်။
ဝမ်လော့ရှန်းက သာမန်ညလယ်စာ စားတတ်သူများကဲ့သို့ မဟုတ်ဘဲ ဆုဝန်သည် သူနှင့် နီးစပ်လိုသောကြောင့် ရည်ရွယ်ချက်ရှိရှိနှင့် ညလယ်စာ ပြင်ဆင်လာတတ်သည်ဟု အမြဲတွေးတတ်သည်။
သို့သော် အကြိမ်တိုင်း ဆုဝန်ယူလာသော ညလယ်စာသည် ဘာမှ မကျန်အောင် ကုန်မြဲဖြစ်သော်လည်း ဝမ်လော့ရှန်းက မုန်းနေဆဲပင် ဖြစ်သည်။ ဆုဝန်သည် သူနှင့်နီးစပ်ဖို့ နည်းလမ်းအများကြီးနှင့် ကြိုးစားနေသည်ဟုပင် ထင်နေသည်။
ယခုအခါတွင်မူ ဆုဝန်သည် သွမ့်အိမ်တော်တွင် ညလယ်စာ လုပ်ပေးနေသောအခါ ဝမ်လော့ရှန်း၏ ရင်ထဲတွင် တစ်မျိုး ခံစားလိုက်ရသည်။
သူတို့သုံးယောက်လုံးသည် ညလယ်စာကို စားလိုက်ကြသည်။ အနီရောင်စွပ်ပြုတ်သည် စပ်လှသည်။ ဘဲသွေးသည် နူးညံ့ပြီး လတ်ဆတ်သည်။ မြူစွမ်ခေါက်ဆွဲကလည်း နူးညံ့ချောမွေ့သည်။ လှီးထားသော ကြက်သွန်မြိတ်များက ဟင်းရည်ထဲတွင်ပေါ်နေသည်။ အနည်းငယ် စားပြီးနောက် သူတို့သည် ဆောင်းဦးည၏ အအေးဓာတ်နှင့် စာလုပ်ရင်း ထိုင်းမှိုင်းမှုများကိုပါ မောင်းထုတ်လိုက်နိုင်သည်။
စာပေကြိုးစားလေ့လာပြီးနောက် ဤသို့ ဘဲသွေးမြူစွမ်လေး စားလိုက်ရခြင်းသည် ကျေနပ်ဖွယ် ကောင်းလှသည်။
ဝမ်လော့ရှန်းနှင့် လီရှန်းတို့သည် ဘဲသွေးမြူစွမ်ကို စားပြီးနောက် သူတို့အိမ်သို့ ပြန်သွားကြသည်။
လမ်းတစ်လျှောက် လရောင်အောက်တွင် ဝမ်လော့ရှန်းတစ်ယောက် ဆုဝန်ထွက်သွားခြင်းအပေါ် ဝမ်းသာနေမိသည်။
ယနေ့ကျောင်းတွင် ဆုဝန်သည် သွမ့်အိမ်တော်၌ နေမည်ဖြစ်ကြောင်း သွမ့်ကျင်းထျန်ဆီမှ ကြားခဲ့ပြီးဖြစ်သည်။
ဝမ်အိမ်တော်၌ ဆုဝန်သည် မျက်နှာသစ် ရေချိုးပြီးတိုင်း မင် လာသွေးပေးလေ့ရှိပြီး သူ့ကို နည်းမျိုးစုံဖြင့် ချဥ်းကပ်သည်။ ဝမ်လော့ရှန်းသည် စိတ်ရှုပ်လှသည်။
ညခင်းသည် ရေကဲ့သို့အေးစက်နေသည်။ ဝမ်လော့ရှန်းသည် သူ့အဝတ်များကို ပတ်လိုက်သည်။ ဆောင်းဦး၏ အအေးဓာတ်ပင် ဖြစ်သည်။ သူသည် သူ၏ နွေရာသီ အဝတ်အစားများကို ချွတ်လိုက်ပြီး မနက်ဖြန်၌ ဆောင်းဦးအဝတ်များကို ပြောင်းလဲ ဝတ်ဆင်ရပေမည်။
ဝမ်လော့ရှန်းသည် အိမ်ပြန်လာပြီး ဧည့်ခန်းမကြီးတွင်းသို့ ဝင်လိုက်သောအခါ အနည်းငယ် အံ့အားသင့်သွားသည်။ ပုံမှန်သပ်ရပ်နေကျ အခန်းသည် ရှုပ်ပွနေသည်။ အဝတ်ဟောင်းများသည် ခွေးခြေပေါ်သို့ရောက်နေသည်။ ဘယ်သူကမှ ကောက်လဲမကောက်သိမ်းကြ၊ လျှော်လဲ မလျှော်ကြပေ။
ဝမ်လော့ရှန်းသည် ရှုပ်ပွနေသည်များကို ဖြတ်ကာ သူ့ကိုယ်ပိုင်အခန်းသို့ ပြန်လာသည်။ ထို့နောက် သူသည် မီးခြစ်ဆံကို အချိန်အတန်ကြာရှာနေသော်လည်း ရှာမတွေ့ချေ။ အိတ်ထဲ ခေါင်းစိုက်ရင်း ထည့်ကြည့်ကာ ရှာသည်။
ဝမ်လော့ရှန်းသည် ရုတ်တရက် အတိတ်ကို တွေးမိသွားသည်။ ဆုဝန်သည် သူ့အခန်းလင်းအောင် မီးအိမ် လာထားပေးတတ်သည်။ သူစာကြည့်နေစဥ် ဆုဝန်သည် ဆီလာဖြည့်ပေးပြီး မီးပိုတောက်အောင် မီးစာပါ ဖြည့်သွားပေးတတ်သည်။ ဆုဝန် ထိုသို့ လုပ်ပေးလျှင် ဝမ်လော့ရှန်းသည် တကယ်ပင် စိတ်အနှောင့်အယှက် ဖြစ်တတ်သည်။
ဝမ်လော့ရှန်းသည် မီးခြစ်ဆံကို မတွေ့သောအခါ ဝမ်လော့ရွှယ်ကို လှမ်းခေါ်လေသည်။ ဝမ်လော့ရွှယ်သည် စိတ်ဆိုးစွာ အခန်းထဲသို့ ဝင်လာပြီး “ကိုယ့်ပစ္စည်းတောင် ကိုယ်မရှာတတ်ဘူးလား။ ငါက ဘယ်နားကနေသွားရှာပေးရမှာလဲ”
ထိုသို့ပြောပြီးနောက် သူသည် ဝမ်လော့ရွှယ်နှင့် စကားမပြောချင်တော့ပေ။
တာဝန်ကျေသော သားတစ်ယောက်အနေနှင့် ဝမ်အမေကို အနှောင့်အယှက်မပေးလို၊ လာမရှာခိုင်းလိုပေ။ ထို့ကြောင့် သူသည် အမှောင်ထဲ စမ်းတဝါးဝါးလုပ်ရင်း နောက်ဆုံးတ္ငင် ရှာတွေ့သွားသည်။ မီးအိမ်ကို ယူကာ စာအုပ်ကို ထုတ်ဖတ်သည်။
စာအုပ် ဖတ်ပြီးသောအခါ ဆေးကြောသန့်စင်ပြီး အိပ်ရာဝင်ရန် အချိန်ရောက်လေပြီ။ သို့သော် ဝမ်လော့ရှန်းသည် တစ်ခုခုကို ဆုံးရှုံးသွားသလို ခံစားနေရသည်။
မျက်နှာသစ်၊ ခြေထောက်ဆေးရန် ရေကိုအဆင်သင့်ပြင်ဆင်ထားပြီး အိမ်ထဲတွင် ထည့်မထားသောကြောင့်တော့ မဖြစ်နိုင်။ ထိုအချိန်တွင် မျက်နှာသစ်ပြီး ခြေထောက်ဆေးရန် ရေမရှိတော့အခါ သူဘာလုပ်ရမည်နည်း။
ဝမ်လော့ရှန်းသည် သူကိုယ်တိုင်ရေခံရန် ဇလုံကိုယူလိုက်သည်။ သို့သော် ရေနွေးတော့ မရှိပေ။ အကယ်၍ သူသည် မျက်နှာသစ် ခြေထောက်ဆေးရန် ရေနွေးလိုချင်လျှင် သူကိုယ်တိုင် တည်ရမည်သာ။
ဝမ်လော့ရွှယ်သည် အလုပ်လုပ်ရမှာ ပျင်းလွန်းလှသည်။ ထို့ကြောင့် သူမကိုတော့ မျှော်လင့်၍မရပေ။ ထို့ကြောင့် သူကိုယ်တိုင်ပင် ရေနွေးအိုးတည်ရတော့မည်။ ဝမ်လော့ရှန်းသည် ယောက်ချိုကို ယူကာ ရေစည်ထဲမှ ရေကိုခပ်ရန် ပြင်လိုက်သည်။ ရေစည်ထဲမှာလဲ ဘာမှ မရှိပေ။ အကယ်၍ သူသာ ရေနွေးအိုး တည်လိုလျှင် ရေကို အရင်ခပ်ရပေဦးမည်။
အခြားနည်းလမ်းတော့ မရှိတော့ပေ။ ထို့ကြောင့် ဝမ်လော့ရှန်းသည် ရေပုံးကို ကောက်ကိုင်ကာ ရေနှစ်ပုံးခပ်ရန် ရေတွင်းဆီသို့ သွားရပါလေတော့သည်။ ထို့နောက် သူကိုယ်တိုင် ရေနွေးအိုး တည်ရတော့သည်။ အလုပ်တွေအားလုံးပြီးပြီး လုပ်နေကျအတိုင်း လုပ်ပြီးသောအခါ အတော်ပင် နောက်ကျနေပြီ။ ထို့ကြောင့် ဝမ်လော့ရှန်းသည် မောပန်းစွာ အိပ်ရာပေါ်၌ လှဲလျောင်းရင်း အိပ်မောကျသွားပါလေတော့သည်။
နောက် ဒုတိယနေ့၌ ဝမ်လော့ရှန်း မျက်လုံးဖွင့်လိုက်သောအခါ ကောင်းကင်ကြီးသည် တောက်ပ၍နေသည်။ ထို့ကြောင့် ဝမ်လော့ရှန်းသည် ယနေ့နံနက်အတွက် စာဖတ်ရန် နောက်ကျနေပြီမှန်း သိလိုက်သည်။
နောက်ဆုံးအကြိမ် ဝမ်လော့ရှန်း နောက်ကျတုန်းက လူကြီးသည် ဝမ်လော့ရှန်းကို လွှတ်ပေးပြီး နောက်တစ်ကြိမ် ဤသို့နောက်မကျရန် မှာလိုက်သည်။ ထို့ကြောင့် ယနေ့ ထပ်နောက်ကျ၍ မဖြစ်ပေ။
ဝမ်လော့ရှန်းသည် အမြန်လေးထကာ ယနေ့ သူပို၍ ထူထူထဲထဲ ဝတ်ရမည်ဟု တွေးလိုက်သည်။ သို့သော် သူ့အဝတ်ထူများကို ရှာမတွေ့ချေ။
ယခင်က ဆုဝန်သည် ရာသီဥတုပြောင်းလဲမှုကို လိုက်၍ ဝမ်လော့ရှန်း၏ အဝတ်များကို နောက်နေ့အတွက် ကြိုတင် ပြင်ဆင်ပေးလေ့ရှိသည်။
အနည်းငယ် လှည့်ပတ်ကြည့်ပြီးနောက် ရှာမတွေ့သောအခါ ဝမ်လော့ရှန်းတွင် ရွေးချယ်စရာ မရှိတော့သောကြောင့် သူသည် မနေ့က အဝတ်များကိုသာ ထပ်ဝတ်လိုက်ရသည်။ ထို့နောက် ဘေစင်သို့ ကိုယ်လက်သန့်စင်ရန် သွားသော်လည်း ရေစည်ထဲတွင် ရေမရှိကြောင်းတွေ့လိုက်ရသည်။
အိမ်အပြင်ဘက်ကို ကြည့်လိုက်သောအခါ ဝမ်အမေသည် ဘေစင်ထဲမှ ရေများကို အောက်သို့သွန်ချနေသည်ကို တွေ့လိုက်ရသည်။ မေးနေစရာပင် မလိုတော့ပေ။ သူသည် မနေ့ညက ခပ်လာခဲ့သော ရေတစ်ပုံးကို ကိုယ်လက်သန့်စင်ရန် သုံးလိုက်ပြီးဖြစ်ပြီး ကျန်နေသော တစ်ပုံးကို အိမ်မှလူများ သုံးလိုက်ပြီ ဖြစ်သည်။
ဝမ်လော့ရှန်းတွင် အခြားရေတစ်ပုံး ထပ်ခပ်ရန် အချိန်မရှိတော့ပေ။ ထို့ကြောင့် သူသည် ရေနွေးကြမ်းအိုးထဲတွင် ကျန်ရှိသော ရေနွေးကြမ်းအနည်းငယ်ကို ပဝါတွင် ဆွတ်ကာ မျက်နှာအမြန်သစ်ပြီး ကျောင်းသို့အမြန်သွားလေတော့သည်။
ဝမ်လော့ရှန်းသည် ကျောင်းသို့ ရောက်သောအခါ မောပြီး ဒေါသလည်း ထွက်နေသည်။ ကံကောင်းထောက်မစွာပင် သူသည်အမြန်ပြေးခဲ့သည်။ နည်းနည်းလေးများ နောက်ကျလျှင် ပိုဆိုးပြီ။
ဝမ်လော့ရှန်း အဆောင်ထဲသို့ ဝင်သွားသောအခါ ဝင်ဝင်ချင်းပင် ကျောင်းသားများသည် နံနက်ခင်း ဖတ်စာကို ပြိုင်တူ ဖတ်ကြရန် ပြင်နေကြပြီ။
ကျောင်းသားအားလုံးသည် ဝမ်လော့ရှန်းအား ထူးဆန်းစွာ ဝိုင်းကြည့်ကြသည်။ အမြဲ ဂုဏ်ကျက်သရေရှိနေသော ဝမ်လော့ရှန်းသည် ယနေ့ ဘာဖြစ်လာသနည်း။
သူ့ဆံပင်များသည် ရှုပ်ပွနေပြီး လက်ဖက်ခြောက်ရွက်နှင့် တူသည်များက ကပ်၍နေသည်။ သူ့အဝတ်အစားများသည် ကြေမွနေပြီး ဖိနပ်များက ရွှံ့များပေနေသည်။ ဤသည်မှာ ယခင်က သန့်ရှင်းသပ်ရပ်သူနှင့် တကယ်ကိုကွာခြားနေသည်။
ဉာဏ်ကောင်းသောကျောင်းသားများကမူ မှတ်မိနေနိုင်သေးသည်။ လွန်ခဲ့သော နှစ်အနည်းငယ်က ဝမ်လော့ရှန်း ကျောင်းသို့ရောက်လာသောအခါ သူသည် အလွန် မသပ်ရပ် မသန့်ရှင်းသေးပေ။ အချိန်အများစုတွင် သူ့အဝတ်အစားများသည် ကြေမွနေသည်။ သို့သော် လွန်ခဲ့သော နှစ်နှစ်ခန့်က တစ်ရက်တွင် သူရုတ်တရက် ပြောင်းလဲသွားသည်။ အားလုံး သန့်ရှင်းသပ်ရပ်ကာ ပညာသင်ကြားရာတွင်လည်း အဆင့်တွေ တက်လာသည်။ အဆင့်တစ်ဖြစ်သော လီရှန်းကို ကျော်တက်ပြီး နံပါတ်တစ် ဖြစ်လာခဲ့သည်။
အဆောင်တွင် ဝမ်လော့ရှန်း၏ ဂုဏ်သတင်းသည် အကြိမ်များစွာ တိုးတက်လာခဲ့သည်။
သို့သော် ယနေ့ပုံစံကို ကြည့်လျှင် ဝမ်လော့ရှန်းသည် လွန်ခဲ့သော နှစ်အနည်းငယ်က ဝမ်လော့ရှန်းနှင့် ပြန်တူသွားသည်။
နောက်ပြန် ရိုက်ချခံလိုက်ရသည့် ခံစားချက်မျိုးဖြစ်သည်။
ဝမ်လော့ရှန်းသည် နည်းနည်းထူးဆန်းနေပြီး သူ့ထိုင်ခုံဆီသို့ အတွေးများ၊ သံသယများနှင့် သွားထိုင်လိုက်သည်။
မမျှော်လင့်ဘဲ သူထိုင်လျှင်ထိုင်ချင်း သူ့နံဘေးမှကျောင်းသားသည် နှာခေါင်းကိုပိတ်ကာ တစ်ဖက်သို့ လှည့်ပြီး ပြောလိုက်သည်။
“ဘာနံ့ကြီးလဲ”
…