အခန်း (၉) ဝမ်မိသားစုမှထွက်ခွာခြင်း
ဆုဝန်၏ယခင်တုန်းက ဆံပင်အပြင်အဆင်မှာ အတော်လေးပင် ကြောင်တောင်တောင်နိုင်လွန်းလှသည်။ ဆံမြိတ်များကိုလည်း အထူကြီးချထားသေးရာ သူ့ကို တောဆန်စေ၏။
ယခုမူ ဆုဝန်က သူ့နဖူးထက်ရှိဆံပင်များအားလုံးကိုအပြောင်သိမ်း၍ သူ၏နဖူးပြင်အား အပြည့်အဝ ဖော်ထုတ်လို့ထား၏။ နောက်ပြီး ဆံပင်များကို ဆံထုံးနှစ်ခုအဖြစ် ထုံးဖွဲ့ထားရာ လူတစ်ကိုယ်လုံးအား သွက်လက်ချက်ချာ၍ လှပသည့်အသွင် ဆောင်သွားစေ၏။
ဆုဝန်၏ဝတ်စုံအသစ်များသည်လည်း အလွန်အမင်းတောက်ပသည်ဟုထင်ရသည်။ သူ့အသားအရေမှာ အရင်အတိုင်းညိုကာ ကြမ်းတမ်းနေသေးသော်လည်း သူ၏ပုံစံမှာ ယခင်နှင့် လုံးဝဥဿုံ ခြားနားသွားခဲ့ပြီဖြစ်၏။
ဆုဝန်၏မျက်လုံးများသည် ကြီးမားကာ အသက်လည်းဝင်လှသည်။ နှာခေါင်းမှာ သေးသွယ်၍ နှုတ်ခမ်းသည်ကား ပြည့်ဖူးလျက် ရှိပေသည်။ သူ၏ မကောင်းသော အသားအရေကြောင့်သာ မဟုတ်ပါက အလွန်တောက်ပမြင့်မြတ်သည့်အသွင်မျိုး ရှိနိုင်မည်ပင်။
ကျိုးမားမားက ရှေ့တိုးကာ ဆုဝန်၏လက်အား ဆုပ်ကိုင်လိုက်သည်
“ မင်းကို သာမန်လေးပဲ ဆင်ပေးလိုက်တာကို အိမ်ကိုလာနေကျ မမလေးတွေထက် ပိုတောင် လှသွားဦးမယ်လို့ မထင်ထားဘူးကွယ်”
“ နောက်ဆိုရင် မင်း ဒီလိုလေးပဲဝတ်တော့။ အဲဒီလိုအရောင်မရှိ၊ အဆင်းမရှိတွေဝတ်မနေနဲ့တော့။ ကြည့်ရတာ လူကိုအရွယ်ရင့်စေတယ်”
နေ့လယ်ခင်း၌ ဆုဝန်သည် ပဲငံပြာရည်နှပ်ထားသည့်ကြက်သားကြော်၊ ကျောက်စိမ်းဖြူမှိုကြော်တို့ အပါအဝင် ဟင်းလေးခွက်နှင့် ဟင်းရည်တစ်ခွက်ကို ချက်ပြုတ်ခဲ့သည်။ ပြီးတော့ သွမ့်ကျင်းထျန်၏ အကြီးဆုံးအစေခံဖြစ်သူ ချူးဝမ်က ထမင်းဘူးကို သွမ့်ကျင်းထျန်၏ကျောင်းတော်အထိ သွားပို့ပေးလေ၏။
ဆုဝန်သည် သွမ့်အိမ်တော်သို့ အလုပ်လုပ်ရန် ရောက်ခါစမှာပင် ကျိုးမားမားထံမှ အကောင်းပြောခံရလေ၏။ သူလုပ်စရာအလုပ်မရှိသည့်အချိန်များတွင် ဆုဝန်သည် တခြားသူများအား ကူညီပေးတတ်သည်။ မီးဖိုချောင်မှ အလုပ်သမားများသည် ဆုဝန်အား အတော်လေး နှစ်သက်သဘောကျကြ၏။
သို့ပေသိ သွမ့်ကျင်းထျန်ဘေးမှ အစေခံမလေးချူးဝမ်မှာ သူ့အပေါ် သိပ်ပြီးမဖော်ရွေလှကြောင်း ဆုဝန်သတိထားမိ၏။
ညအချိန်သို့ရောက်သော် ဆုဝန် လူသုံးယောက်စာအတွက်ချက်ပြုတ်ပေးဖို့ရန် လိုအပ်လာလေသည်။
ဝမ်လော့ရှန်းသည်လည်း သွမ့်ကျင်းထျန်နှင့်အတူ လာရောက်စားသောက်မည်ဖြစ်သည့်အပြင် သွမ့်ကျင်းထျန်က လီရှန့်ကိုပါ ဖိတ်ထားခဲ့သေးသည်။
ဆုဝန်က ပုံမှန်အားဖြင့် ဝမ်လော့ရှန်းအတွက် တွေးတော၍ ချက်ပြုတ်ပေးခြင်းဖြစ်သည်။ နံနက်ခင်းတွင် မည်သည့်အစားအစားကို စားသုံးပါက လူကို စာလေ့လာရာတွင် အားစိုက်နိုင်စေမည်။ နေ့လယ်ခင်းတွင် မည်သည့်အစားအသောက်မျိုး သုံးဆောင်ပါက အားရှိစေမည်။ ညပိုင်းတွင် မည်သည့်အစားအစာမျိုး စားသုံးပါက ပိုပြီး ဦးနှောက်ကြည်လင်ကာ နိုးကြားစေမည် စသည်ဖြင့် ဆုဝန်က သေသေချာချာ စီစဥ်ပေးခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့်ပင် ဒီနှစ်နှစ်အတွင်း၌ ဝမ်လော့ရှန်းမှာ ကျန်းမာရေးကောင်းမွန်ကာ စာလေ့လာရာတွင် အားစိုက်နိုင်ခြင်းဖြစ်၏။
သွမ့်အိမ်တော်သို့ ချက်ပြုတ်ရန် လာသည့်အချိန်တွင်မူ ဆုဝန်သည် သွမ့်ကျင်းထျန်အတွက်လည်း အလားတူ စီမံမှုမျိုး ပြုလုပ်ပေးချင်သည်မှာ သဘာဝပင်။
ဝမ်လော့ရှန်းကို ဂရုစိုက်ပေးခြင်းက ဒုက္ခများကို ခံစားရရုံသာ ရှိပြီး သွမ့်ကျင်းထျန်အား ဂရုစိုက်ပေးခြင်းသည်မူ လစာငွေများများ ပိုရှာနိုင်မည်ပင်။ ဤသို့ဆိုပါက ဆုဝန်မှာ သွမ့်ကျင်းထျန်အတွက် ချက်ပြုတ်ပေးရန် ပို၍ စိတ်နှလုံးနှစ်ထားသင့်ပေသည်။
သွမ့်အိမ်တော်၏ ဟင်းချက်အမယ်တို့မှာ ပိုမို ပေါများသည်ဖြစ်ရာ ဆုဝန်၏စွမ်းဆောင်ရည်ကို ပိုမို အထောက်အကူဖြစ်စေ၏။
ယနေ့ညအတွက် ဆုဝန်၏ အသားဟင်းလျာစာရင်းဆုမှာ ငါးနှပ်နှင့် သိုးသားနံရိုးကင်ဖြစ်ပြီး အသီးအရွက်ဟင်းပွဲသည်ကား မာဖော်တို့ဟူးနှင့် ဂေါ်ဖီစိမ်းပြုတ်တို့ပင်။
ဆုဝန်၏ ဟင်းလျာစာရင်းကို ရပြီးသွားသောအခါ သွမ့်အိမ်တော်မှ အစေခံတို့သည် ထိုဟင်းလျာများအတွက် လတ်ဆတ်သည့်ပါဝင်ပစ္စည်းများအားလုံးကို အလျင်အမြန် ရှာဖွေခဲ့ကြသည်။
ငါးသည် ငါးကြင်းတစ်ဝက်စာမျှ ရှိ၍ သိုးသားသည် နံရိုးပိုင်းဖြစ်သည်။ တို့ဟူးမှာ လတ်လတ်ဆတ်ဆတ် လုပ်ထားခြင်းဖြစ်ပြီး အသီးအရွက်များသည်တော့ မြေပေါ် မှ လတ်လတ်ဆတ်ဆတ် ခူးလာခဲ့ခြင်းဖြစ်၏။
ပါဝင်ပစ္စည်းများအားလုံးသည်တော့ အသင့်ဖြစ်သွားချေပြီ။ ဆုဝန်သည် အရင်ဆုံး သိုးသားများကို ခုတ်ပိုင်းကာ ဆား၊ နနွင်းနယ်ထားလိုက်သည်။ ထို့နောက် ငါးကြင်းများကို သန့်သွားအောင် ကိုင်လိုက်သည်။ အစပိုင်း၌ ထိုကောင်မလေးများမှ အလုပ်ကို ကူညီပေးခြင်းမှာ အဆင်ပြေသော်လည်း ဆုဝန်တွင် ဟင်းချက်စရာများကို ကိုင်တွယ်သည့်ကိုယ်ပိုင်နည်းလမ်းရှိပြီး အချိန်လည်း လောက်သည်ဖြစ်ရာ သူကိုယ်တိုင်ပဲ လှုပ်ရှားလိုက်တော့သည်။
မီးဖိုချောင်တွင် ဆုဝန်အား ကူညီပေးရသည့်ကောင်မလေးမှာ ဆုဝန်ကို ကူပေးရခြင်းက အတော်လေး ကောင်းသည့်အလုပ်ပင် ဖြစ်သည်ဟု တွေးနေလျက်ရှိ၏။ ဆုဝန်မှာ တခြားစားတော်ကဲများနှင့် မတူဘဲ ဝေယျာဝစ္စမှန်သမျှကို သူပဲအကုန်လုပ်လေ၏။ သူသည်တော့ အသီးအရွက်များကို ဆေးကြောပေးဖို့ရန်သာ လိုအပ်၏။ သက်သာလိုက်သည်ဖြစ်ခြင်း။
ဝမ်မိသားစု၏ များပြားလှသည့် အသေးအဖွဲအိမ်အလုပ်များနှင့် ယှဥ်ပါလျှင် ယင်းက ဆုဝန်အတွက် သိပ်ကို ရိုးရှင်းလွယ်ကူလွန်းပေ၏။ ဆုဝန်သည်သည် ထိုအလုပ်မျိုးကို နှစ်သက်သည်ပင်။
ဆုဝန်သည် သိုးသားနံရိုးကင်၊ ငါးပေါင်း၊ မာဖော်တို့ဟူးပြုတ်တို့ကို ချက်ပြုတ်ပြီးလေပြီ။ သွမ့်ကျင်းထျန်၊ ဝမ်လော့ရှန်းနှင့်လီရှန့်တို့လည်း သွမ့်အိမ်တော်သို့ ရောက်လာကြပြီဖြစ်၏။
စားပွဲပေါ်သို့ ချူးဝမ်က ဟင်းလျာများ လာချပေးခဲ့ပြီး သွမ့်ကျင်းထျန်၊ ဝမ်လော့ရှန်းနှင့် လီရှန့်တို့မှာ စတင်စားသောက်ရန် ထိုင်လိုက်ကြတော့သည်။
သွမ့်ကျင်းထျန်က တစ်ချက်မျှ ကြည့်လိုက်သည်။ သိုးသားနံရိုးကင်သည်တော့ အတော်လေး ထူးခြားသည်ပင်။ နှံစားထမင်းနေရာမှာ ပုံမှန်ထမင်းဖြူဖြင့် အစားထိုးခံထားရပြီး အရန်ဟင်းလျာသည်လည်း ပုံမှန်ဟင်းများပင်။
ခြုံပြောရပါလျှင် ဤစားဖွယ်သည်ကား လူကို စိတ်ပျက်စေလေသည်။
သွမ့်ကျင်းထျန်က အများကြီး ပြောမနေခဲ့ပါချေ။ သူသည် ဝမ်လော့ရှန်းနှင့် လီရှန့်ကို တူစကိုင်ကြရန်သာ ပြောခဲ့၏။
ဝမ်လော့ရှန်း၏စိတ်ထဲတွင် မပျော်မရွှင် ဖြစ်နေရသည်။ အနှီဆုဝန်သည်ကား အမှန်တကယ်ကိုပင် သူ့ထံ မကောင်းသည့်အရားများကိုသာလျှင် သယ်ဆောင်လာလေသည်။ သွမ့်ကျင်းထျန်က သူ့အတွက် သူ့ကို ချက်ပြုတ်ပေးရန် အထူးဖိတ်ကြားထားခဲ့ခြင်းဖြစ်သည်။ သူ ဤကဲ့သို့ ရိုးရှင်းသည့် ဟင်းမျိုးကို ချက်ခြင်းသည်ကား သွမ့်ကျင်းထျန်ကို မပျော်မရွှင်ဖြစ်အောင် လုပ်နေခြင်းပင် မဟုတ်ပါလော။ သွမ့်ကျင်းထျန် မပျော်ဘူးဆိုပါလျှင် သူ သွမ့်အိမ်တော်သို့ လာရောက်၍ စာဖတ်ရှုနိုင်ပါဦးမည်လော။
သုံးလေးလုတ်မျှ စားပြီးနောက် ဝမ်လော့ရှန်းမှ စောဒကတက်လိုက်၏။
“ ဒီဆုဝန်ကတော့ ခင်ဗျား ဒီလောက် ငွေတွေအများကြီးသုံးထားရတာကို သူက ခင်ဗျားအတွက် ဒီလိုသာမန်ဟင်းလေးတွေပဲ ချက်ပေးတယ်ပေါ့လေ “
ဝမ်လော့ရှန်းမှာ ဆုဝန်ချက်သည့်ဟင်းများကို စားနေကျဖြစ်ရာ ယင်းသည်ကား သိပ်ကို သာမန်ဖြစ်လွန်းသည်ဟု ခံစားနေရ၏။
သို့ပေသိ သွမ့်ကျင်းထျန်က ပြောလာခဲ့သည်။
“ ညီနောင်ဝမ်ရဲ့ စကားကမှားနေပါပြီ။ ဆုဝန်ချက်တဲ့ဟင်းတွေက တကယ်ပဲ ထူးခြားပါတယ်”
သူ စားစရာများကို စမြင်လိုက်တုန်းက သွမ့်ကျင်းထျန်သည်လည်း စားစရာများမှာ လှပသည့်တိုင် သာမန်ဆန်လွန်းသည်ဟု ခံစားခဲ့ရသည်ပင်။
သို့သော် စားစရာကို စားကြည့်ပြီးသည်နှင့် ဆုဝန်၏အိမ်ချက်အစားအသောက်များသည် တခြားသူများ ချက်သည်နှင့် မတူကြောင်း သွမ့်ကျင်းထျန်သိသွားရသည်။
အပြင်ပိုင်းတွင် ကြွပ်ရွပြီး အတွင်းပိုင်းတွင် နူးညံ့လျက်ရှိသော သိုးသားနံရိုးကင်ကိုမူ ပြောနေစရာပင် မလိုချေ။ ငါးနှပ်မှာ မွှေးပျံ့သည့်အနံ့ရှိပြီး မာဖော်တို့ဟူးသည်တော့ အရသာ ထူးကဲကောင်းမွန်လှသည်။ ဂေါ်ဖီစိမ်းပြုတ်သည်ပင် ကြက်သွန်ဖြူကဲကာ အရသာရှိလှ၏။ တကယ်တမ်းတွင်တော့ ယင်းတို့သည်ကား ထူးခြားသည့် ဟင်းချက်ဟင်းလျာများပင် ဖြစ်ချေသည်။
သာမန်ဖြစ်သည့်အကြောင်းပြောရမည်ဆိုပါလျှင် ဟင်းရွက်စိမ်းဟင်းရည်မှာ သာမန်အဆန်ဆုံးပင်။ အရည်ကျဲ၍ အရသာမှာမူ ပေါ့၏။ သို့ပေသိ တစ်ခွက်မျှ သောက်ပြီးနောက်တွင်မူ ယင်း၏ကောင်းမွန်မှုကို နားလည်လာနိုင်မည်ဖြစ်၏။ ဤဟင်းရွက်စိမ်းဟင်းရည်သည်ကား ဆီမပါဝင်ချေ။ ယင်းကို သောက်သုံးပြီးနောက်တွင် လေး၍ဆီများသော စားသောက်မှုများအား ဖယ်ထုတ်လိုက်ကာ လူကို အကြား၊အမြင် ရှင်းလင်းသွားစေ၏။
ဝမ်လော့ရှန်းသည် အမြဲတစေ ဆုဝန်လုပ်သည့် ထိုသို့သောအရာများကို အရေးမပါသည့်ကိစ္စဟု တွေးကာ အထင်သေးခဲ့ခြင်းပင်။ ဤအခိုက်အတန့်၌ သူသည် ရှေ့နောက် မစဥ်းစားပါဘဲ ပြောချလိုက်လေသည်
“ ဟင်းချက်တာလေးပဲကို။ ဘာမှကြီးကျယ်တဲ့ကိစ္စလည်း မဟုတ်ဘဲနဲ့”
လီရှန့်က ဝမ်လော့ရှန့်၏စကားများကိုကြားပြီးနောက် ချက်ချင်း ပြန်ပြောလာခဲ့သည်။
“ ညီနောင်ဝမ်ရဲ့ စကားက မှားနေပြီ။ ဟင်းချက်တာက အသေးအဖွဲကိစ္စလို့ ထင်ရပေမဲ့ ဆုဝန်ရဲ့အဆင့်လောက် ရောက်ချင်တယ်ဆိုရင် အာရုံစိုက်မှုနဲ့ အားထုတ်မှုက ကျွန်တော်တို့ စာလေ့လာတဲ့ အာရုံစိုက်မှုနဲ့အားထုတ်မှုထက် နည်းမှာမဟုတ်ဘူး”
ဝမ်လော့ရှန်းသည်ကား အနည်းငယ် ကသိကအောက် ဖြစ်သွားရသည်။ ပုံမှန်ဆိုလျှင် လီရှန့်နှင့် သွမ့်ကျင်းထျန်တို့ နှစ်ယောက်မှာ သူ့အား အတော်လေး လေးစားကြ၏။ ယနေ့တွင်မူ သူတို့နှစ်ဦးစလုံးက “ညီနောင်ဝမ်ရဲ့စကားက မှားနေပါပြီ”ဟု ဆိုခဲ့ကြရာ ဝမ်လော့ရှန်းမှာ အနည်းငယ် ကသိကအောက် ဖြစ်နေရရှာ၏။
သွမ့်ကျင်းထျန်သည် ဝမ်လော့ရှန်း၏ ကသိကအောက်ဖြစ်မှုကို လျစ်လျူရှုလျက် ဆုဝန်အား လူလွှတ်၍ ခေါ်ခိုင်းလိုက်လေ၏။
ဝမ်လော့ရှန်းသည် ခပ်လှမ်းလှမ်းမှ ကြေးနီရောင်ဝတ် မိန်းကလေးတစ်ဦး တံခါးကိုတွန်း၍ ဝင်လာသည်ကို မြင်သော် စိတ်ထဲတွင် ထိုမိန်းကလေးမှာ အတော်လေး လှပသည်ဟု တွေးမိသွားရသည်။ ကြည့်ရသည်မှာလည်း အနည်းငယ် ရင်းနှီးနေသေးပြန်၏။
လူဝင်လာမှသာလျှင် ဝမ်လော့ရှန်း၊ သွမ့်ကျင်းထျန်၊ လီရှန့်တို့မှာ ဆုဝန်ဖြစ်ကြောင်း မှတ်မိသွားတော့သည်။
အရင်ဝမ်အိမ်တော်တွင် တွေ့ခဲ့သည့် အချိန်တုန်းကဆိုလျှင် ဆုဝန်သည် ရုပ်ဆိုးသော ဆံပင်အပြင်အဆင်ဖြင့် စုတ်ပြတ်နေသည့်အဝတ်အစားတို့ကို ဝတ်ဆင်ထားပြီး အသားအရေသည်လည်း မကောင်းပေ။ အနှီလှပသည့်မျက်ဝန်းများမှလွဲ၍ တခြားနေရာများမှာ ‘ကြည့်ကောင်းသည်’ဟူသည်နှင့် ဆက်စပ်ကြည့်၍မရပါချေ။
ယနေ့၏ဆုဝန်သည်ကား လုံးဝမတူကွဲပြားသည့် လူတစ်ယောက်ပင်။ သွမ့်ကျင်းထျန်မှာ အနည်းငယ် အံ့သြသွားရသည်။ ဆုဝန်သည် သာမန်အဝတ်အစားများကို ဝတ်ဆင်ကာ သာမန်ဆံပင်ပုံစံ ထုံးဖွဲ့ထားခြင်း ဖြစ်သော်လည်း သာမန်မိန်းကလေးများထက် အဆပေါင်းများစွာ လှပနေလေ၏။
သူသည် ပိန်ကာ ညိုနေဆဲဖြစ်သော်လည်း အမှန်တကယ်ပင် လှပလေသည်။
ဝမ်လော့ရှန်းသည် ဆုဝန်အား စုတ်ပြတ်နေသည့်အဝတ်အစားများဖြင့် မြင်နေကျဖြစ်လေရာ ဆုဝန်က ရုတ်တရက်ကြီး ဝတ်စုံများလဲကာ တခြားသူတစ်ဦးနှယ် ပြောင်းလဲသွားသည်ကို တွေ့သောအခါ အံ့အားသင့်သွားရတော့သည်။
လီရှန့်သည် ရယ်လျက် ဝမ်လော့ရှန်းနှင့် သွမ့်ကျင်းထျန်ကို ပြောလိုက်သည်။
“ ညီမလေးဆုဝန်က ဒီနေ့ ဒီဝတ်စုံနဲ့ တော်တော်လေး ကြည့်ကောင်းတာပဲနော်”
သွမ့်ကျင်းထျန်က အပြုံးတစ်ပွင့်ဖြင့် တုံ့ပြန်လိုက်သည်
“ ကျွန်တော်တို့ ချင်းယွင်ကောင်တီက ထိပ်တန်းအလှလေးယန်ယွင်ရန်နဲ့ ယှဥ်ရင်တောင်မှ မကွာလောက်ဘူး”
ဝမ်လော့ရှန်းကပြော၏
“ ယွင်ရန်က ဆရာ့သမီးလေ။ သူက ပါရမီရှိပြီး ထူးချွန်တယ်။ ပညာလည်းတတ်တယ်။ ဆုဝန်က ဘယ်လိုလုပ်ပြီး ယွင်ရန်နဲ့ ယှဥ်လို့ရမှာလဲ”
သွမ့်ကျင်းထျန်က
“ညီနောင်ဝမ်ရဲ့စကားက မှားနေပါပြီ။ ညီမလေးဆုဝန်ချက်တဲ့ဟင်းတွေက ဒီလောက်စားကောင်းတာ။ ဒွာရခုနစ်ပေါက်နဲ့ နူးညံ့တဲ့နှလုံးသားရှိလို့လေ”
လီရှန့်သည်
“ညီနောင်ရဲ့စကားက မှားနေပါပြီ။ တကယ်လို့ ညီမလေးဆုဝန်သာ ယွင်ရန်လိုမျိုး ဝတ်စားထားမယ်ဆိုရင် သူက ယွင်ရန်ထက်တောင် ပိုသာနေဦးမယ်”
ဝမ်လော့ရှန်းမှာ နောက်တစ်ကြိမ် ကသိကအောက် ဖြစ်သွားရပြန်သည်။
ဆုဝန်က တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
“ ချီးကျူးပေးတဲ့အတွက် ကိုကိုကျင်းထျန်နဲ့ ကိုကိုလီရှန့်ကို ကျေးဇူးတင်ပါတယ်”
သွမ့်ကျင်းထျန်၊ လီရှန့်နှင့် ဝမ်လော့ရှန်းမှာ သက်တူရွယ်တူများဖြစ်ကြပြီး ဆုဝန်ထက် လေးငါးနှစ်မျှ ပိုကြီးလေ၏။ သွမ့်ကျင်းထျန်နှင် လီရှန့်က ဆုဝန်အား ညီမလေးသဖွယ်မြင်ကြပြီး ဆုဝန်သည်လည်း သဘာဝအလျောက်ပင် သူတို့နှစ်ဦးကို အစ်ကိုအဖြစ်မှတ်ယူထားလေသည်။
သွမ့်ကျင်းထျန်က ဆုဝန်ကို မေးလိုက်သည်။
“ ဒီနေ့က ညီမလေးဆုဝန် အိမ်တော်ကိုချက်ပြုတ်ဖို့လာတဲ့ ပထမဆုံးနေ့ဆိုတော့ ကျင့်သားရရဲ့လား။ ဘာအဆင်မပြေတာများရှိလဲ”
“သွမ့်အိမ်တော်ရဲ့ မီးဖိုချောင်က ကြီးပြီးတော့ ဟင်းချက်စရာအသုံးအဆောင်တွေလည်း အပြည့်အစုံပါပဲ။ ဘာမှ အဆင်မပြေတာ မရှိပါဘူး”
သွမ့်ကျင်းထျန်ကို ပြန်ဖြေပြီးနောက် ဆုဝန်က ပြန်မေးလိုက်၏။
“ ဒီနေ့ ကျွန်မချက်တဲ့ ဟင်းတွေကို ခံတွင်းတွေ့ကြရဲ့လားမသိဘူး”
သွမ့်ကျင်းထျန်က ပြန်မဖြေရသေးမီမှာပင် ဝမ်လော့ရှန်းက အပြစ်ရှာလိုက်၏။
“ ဆုဝန် မင်း ဒီတို့ဟူးတွေ ဂေါ်ဖီစိမ်းတွေနဲ့ အိမ်မှာလျှောက်လုပ်တာကို ထားလိုက်ပါတော့။ အခု သွမ့်အိမ်တော်ကို လာပြီးတော့ ဘယ်လိုဖြစ်လို့ ဒီလိုသာမန်ဟင်းလေးတွေပဲ ချက်နေရသေးတာလဲ။ သွမ့်သခင်လေးက မင်းကို အရသာရှိတဲ့အစားအသောက်တွေ ပြင်ဆင်ခိုင်းတာကို မင်း ဘာလို့ ဒီလောက် အရေးမထားရတာလဲ”
အရင်ဘဝမှာကတည်းက ဝမ်လော့ရှန်းသည် ဆုဝန်ကို အပြစ်တင်လေ့ရှိခဲ့သည်။ ယခုဘဝတွင်လည်း သူသည် ဆုဝန်ကို အပြစ်တင်နေဆဲဖြစ်ပြီး မှားယွင်းသည်ဟု မခံစားရပါချေ။
ဆုဝန်သည်ကား မျက်နှာအမူအရာကင်းမဲ့လျက်
“ ကိုကို့ရဲ့ စကားက မှားနေပါပြီ”
“ ကိုကိုက ကျွန်မကို အိမ်မှာ ဒီသာမန်ဟင်းတွေ လျှောက်ချက်တယ်လို့ ပြောတာ။ ဒါက အထင်လွဲတာပါ”
“ ကျွန်မ အိမ်မှာ ချက်တာတွေက သာမန်လို့ ထင်ရပေမဲ့ ကိုကိုစာလေ့လာတဲ့နေရာမှာ အားစိုက်နိုင်ဖို့၊ ဦးလေးဝမ် ကြိတ်ဆုံမှာ သုံးလိုက်ရတဲ့ စွမ်းအင်တွေကို ပြန်ဖြည့်ပေးဖို့ ၊ လော့မိန်နဲ့ အဒေါ်ဝမ်တို့ ဝိတ်မတက်အောင်လို့ စဥ်းထားပေးထားတာပါ”
“အားလုံးရဲ့ ကျန်းမာရေးအတွက် ထည့်စဥ်းစားရုံတင်မကဘူး အစားအသောက်တွေကို အရသာရှိအောင်လည်း ချက်ပြုတ်ပါတယ်။ ကုန်စုံဆိုင်တွေမှာ ငွေအများကြီး မသုံးရအောင်လည်း စဥ်းစားပါသေးတယ်။ နေ့တိုင်း အစားအသောက်တွေကို ကျွန်မ ဒီလိုခြစ်ကုတ်ပြီး စီစဥ်ခဲ့တာပါ”
“ကျွန်မအိမ်မှာချက်တဲ့ဟင်းတွေကို စိတ်နှစ်ပြီး ချက်ပြုတ်ခဲ့တာပါ။ ဒါကြောင့်မို့လို့ ကျွန်မအိမ်မှာ ချက်တဲ့ဟင်းတွေကို လျှောက်လုပ်နေတယ်လို့ ပြောမယ်ဆိုရင် တကယ်ကို ကျွန်မအတွက် မမျှတပါဘူး”
ဆုဝန်က ဝမ်လော့ရှန်းပေးလာသည့် မကျေနပ်စရာများကို ငုံ့ခံမနေခဲ့ပါချေ။ ထို့နောက် ထပ်မံ ပြောကြားလာပြန်၏။
“ အခု သွမ့်အိမ်တော်ကို ချက်ပြုတ်ဖို့ ရောက်လာတော့ သွမ့်အိမ်တော်မှာ ဟင်းချက်စရာ ပြတ်လပ်မနေဘူးလေ။ ကြိုက်တဲ့စားကောင်းသောက်ဖွယ်ကို ချက်လို့ရတယ်”
“ ဒါပေမဲ့ သခင်လေးသွမ့်ကလည်း စာလေ့လာနေရတာပဲဆိုတော့ ထူးခြားစွဲမက်ဖွယ်ကောင်းတဲ့ စားကောင်းသောက်ဖွယ်တွေကို စားတာက သူ့ကို အဆီရစ်ပြီး အိပ်ချင်စေလိမ့်မယ်။ စာလေ့လာတဲ့နေရာမှာ အာရုံစိုက်နိုင်စေမှာ မဟုတ်ဘူး။ အဲဒါကြောင့် သခင်လေးသွမ့် စာလေ့လာတာကို ထိခိုက်မှု မရှိအောင် ကျွန်မ ဒီအိမ်ချက်ဟင်းတွေကိုပဲ ချက်ရတာ”
ဆုဝန်၏စကားများကို ကြားလိုက်ရချိန်တွင် သွမ့်ကျင်းထျန်မှာ အံ့အားသင့်သွားရသည်။ သွမ့်ကျင်းထျန်သည် အရသာရှိလှသည့် မည်သည့် ထူးခြားစွဲမက်ဖွယ်ကောင်းတဲ့ စားကောင်းသောက်ဖွယ်များကိုမဆို စားလေ့ရှိခဲ့သည်။ စားပြီးသည့်နောက် သူ အမှန်တကယ်ပင် အဆီရစ်လေသည်။ သို့ပေသိ ယနေ့ ဆုဝန်ချက်ပြုတ်သည့်အစားအသောက်များကို စားပြီးသည့်နောက် သူ ထိုကဲ့သို့ မခံစားရတော့ပါချေ။ ဆုဝန်သည် ယင်းအပေါ်သို့ အားစိုက်ထုတ်ထားခြင်း ဖြစ်နေခဲ့သည်ပင်။
ဝမ်လော့ရှန်းသည်တော့ ဆုဝန်ပြောနေသည့်အကြောင်းကို ဂရုစိုက်မနေပါချေ။ ဆုဝန်က အဓိပ္ပာယ် မရှိသည်များကို လျှောက်ပြောခြင်းဟုသာ တွေးခဲ့၏။ သူ့အိမ်တွင် ချက်ပြုတ်သည့် အိမ်ချက်ဟင်းတချို့မှာ သာမန်လူများ၏ အိမ်ချက်ဟင်းများထက် ပိုကောင်းရုံသာဖြစ်ပြီး သူပြောသည်ကဲ့သို့ ထူးခြားဆန်းကြယ်မနေပါချေ။
သူစာလေ့လာချိန်တွင် အာရုံစုစည်းနိုင်သည်မှာ သူပင်ကိုပါရမီ ကောင်းသည်ကြောင့်ဖြစ်ပြီး ယင်းသည် စာလေ့လာရန် အဓိကသော့ချက် ဖြစ်၏။ ဆုဝန်နှင့် မည်သို့မျှ သက်ဆိုင်ခြင်းမရှိချေ။
ဆုဝန်က ဆက်ပြီးပြောနေခဲ့သည်။
“ ကျွန်မ စာအုပ်တစ်အုပ်ထဲမှာ ဖတ်ဖူးသေးတယ်။ တစ်ခုခုကို အောင်မြင်ချင်တယ်ဆိုရင် ခန္ဓာကိုယ်အတွက် သင့်တော်တဲ့ အစားသုံးနပ် စားပေးရမဲ့အပြင် ခန္ဓာကိုယ်ကို ကျန်းမာအောင် လေ့ကျင့်ခန်းလည်း လုပ်ပေးရမယ်တဲ့။ တကယ်လို့ ရုပ်ပိုင်းဆိုင်ရာ အားအင်ရှိရင် စိတ်က ကြည်လင်နေရင် တစ်ဝက်လောက် အားထုတ်ပြီး ရလဒ်က နှစ်ဆဖြစ်နိုင်တယ်တဲ့”
လီရှန့်က ခေါင်းညိတ်လျက်
“ ကျွန်တော်တို့က စာကောင်းကောင်းလေ့လာတယ်၊ မလေ့လာဘူးဆိုတာ အားထုတ်မှုရှိလား၊ မရှိဘူးလားဆိုတဲ့အပေါ် မူတည်နေတယ်လို့ ပြောလေ့ရှိပေမဲ့ တစ်နေ့တာ အစားသုံးနပ်နဲ့ အနားယူဖို့ကို လျစ်လျူရှုထားမိတယ်”
“ ကျွန်တော်လည်း ဒီစည်းမျဥ်းတွေကို စာအုပ်ထဲမှာ ဖတ်ဖူးတယ်။ ဒါပေမဲ့ အလေးအနက် မထားမိဘူး။ နေ့တိုင်း ကိုယ့်ဒုက္ခကိုယ်ရှာမိတယ်။ မနားမနေ စာကြိုးစားလေ့လာလို့ ညနက်သန်းခေါင်ဆို လန့်နိုးလာရတယ်။ ပြီးတော့ မိသားစုအတွက် အစားအသောက်ချွေတာဖို့ဆို ရိုးရှင်းတဲ့စားစရာတွေကိုပဲ ပြင်ဆင်သင့်တာကို”
“ ဒီနေ့ ညီမလေးဆုဝန်ရဲ့ စကားတွေကို နားထောင်ပြီးတဲ့နောက် ကျွန်တော် တကယ်ပဲ ဒီလိုဆက်သွားနေလို့ မဖြစ်ဘူးဆိုတာ သိလိုက်ပါပြီ။ စွမ်းအင်ကို ပျိုးထောင်ယူမှပဲ စာလေ့လာဖို့ အားအင်ရှိနိုင်မှာပေါ့”
“ညီမလေးဆုဝန်၊ သင်ယူခဲ့ရပါတယ်”
လီရှန့်က လက်နှစ်ဖက်ကို စုယှက်ကာ ဦးညွှတ်လျက်ပြောလိုက်သည်။
ဆုဝန်၏စကားများကို နားထောင်ပြီးနောက် ဝမ်လော့ရှန်းမှာ အလွန်အမင်း မသက်မသာ ဖြစ်သွားရ၏။ ဤသို့ဆိုပါလျှင် သူ စာမေးပွဲတွင် လီရှန့်အား ကျော်၍ ပထမနေရာရခဲ့ခြင်းမှာ ဆုဝန်၏ ပံ့ပိုးမှုကြောင့်ဟူသည့် ပုံစံမျိုးပေါက်နေချေပြီ။
ဆုဝန်သည် ဝမ်အိမ်တော်သို့ မရောက်ခင်တုန်းက လီရှန့်မှာ ကျောင်းတော်တွင် ပထမဖြစ်ခဲ့သည်ပင်။ နောက်ပိုင်းတွင်မှ ဝမ်လော့ရှန်းက သူ့နောက်မှလိုက်ရင်း သူ့ကိုကျော်တက်ကာ ပထမနေရာ ရရှိခဲ့ခြင်းပင်။
ဝမ်လော့ရှန်းသည်ကား ထိုသို့ဖြစ်ရခြင်းမှာ သူ၏ ကြိုးစားမှုနှင့် ပါရမီကြောင့်ဖြစ်ပြီး ဆုဝန်နှင့် မည်သို့မျှမဆိုင်ဟု တွေးခဲ့သည်ပင်။
သို့ပေမဲ့လည်း ဤတစ်ကြိမ်တွင်တော့ သွမ့်ကျင်းထျန်နှင့် လီရှန့်တို့မှ “ညီနောင်ဝမ်ရဲ့စကားက မှားနေပါပြီ”ဟု ပြောလာမည်ကို ရှောင်ရှားရန် ဝမ်လော့ရှန်းက ဘာမှထပ်ပြောမလာတော့ပါချေ။
သွမ့်ကျင်းထျန်က ဆုဝန်ကို ကြည့်၍ မေးလိုက်၏။
“ညီမလေးဆုဝန် မင်းစာဖတ်နိုင်တယ်လား”
ဆုဝန်သည် ခေါင်းညိတ်လျက်
“ ကျွန်မ ငယ်ငယ်တုန်းက သင်ခဲ့ဖူးပါတယ်။ အဲဒါကြောင့် နည်းနည်းပါးပါး သိပါတယ်”
သွမ့်ကျင်းထျန်မှာ ဆုဝန်သည် ထူးခြားသောမိန်းကလေးတစ်ဦးဖြစ်သည်ဟု ခံစားလိုက်ရသည်။
သွမ့်ကျင်းထျန်က ဆုဝန်ကို ထပ်မေးလိုက်ပြန်၏။
“ မင်း စာဖတ်ရတာကို ကြိုက်လား”
ဆုဝန်က ခေါင်းညိတ်လျက်
“ကြိုက်ပါတယ်”
သွမ့်ကျင်းထျန်က ပြောလာ၏
“ကျွန်တော်တို့မိသားစုက စာအုပ်တွေအများကြီး စုဆောင်းထားတယ်။ ကျမ်းစာလေးတွဲနဲ့ ဂန္တဝင်ငါးအုပ်အပြင် မှတ်တမ်းမှတ်ရာအစုံစုံတို့၊ ပုံပြင်စာအုပ်တို့၊ ပြီးတော့ ခရီးသွားမှတ်တမ်းတို့ အများကြီးပဲ။ နေ့တိုင်း မင်း အားတဲ့အချိန်မှာ ကျွန်တော့်ရဲ့ စာဖတ်ခန်းကိုသွားပြီး စာဖတ်လို့ရတယ်”
ဆုဝန်က သွမ့်ကျင်းထျန်အား ပြုံးပြလိုက်ကာ
“ ကျေးဇူးတင်ပါတယ် ကိုကိုကျင်းထျန်”
ဆုဝန်၏ အပြုံးတစ်ချက်တွင် သွမ့်ကျင်းထျန်မှာ မှင်တက်မိသွားရသည်။ အနှီအသားညိုညိုကောင်မလေး ရယ်လိုက်သည်မှာ အဘယ်ကြောင့် ထိုမျှ လှပနေရပါသနည်း။
သွမ့်ကျင်းထျန်က သူ့ဘေးရှိ လီရှန့်ဘက်သို့ လှည့်၍ပြောလိုက်သည်
“ ခင်ဗျားက နေ့တိုင်း ဗိုက်ဖြည့်ဖို့ လက်ဖက်ရည်ကြမ်းနဲ့ ပေါ့တဲ့အစားအစာတွေကို စားနေတာပေါ့လေ။ ကျွန်တော် မသိခဲ့ဘူး။ ဒီလိုလုပ်လေ၊ ခင်ဗျား ကျွန်တော်နဲ့အတူ နေ့တိုင်းလာစားလိုက်။ နောက်ဆို ညီမလေးဆုဝန်ကို နေ့တိုင်း နည်းနည်းပိုချက်ခိုင်းလိုက်မယ်”
လီရှန့်က ထပ်ခါတလဲလဲ ငြင်းဆိုခဲ့၏။ သို့ပေသိ သွမ့်ကျင်းထျန်က မရမက ပြောလာ၏။
“ လူတွေက ပြောကြတယ်။ ဟင်္သာပဒါးနဲ့နီးရင် နီပြီး မင်ရည်နဲ့နီးရင် မည်းမှာပဲတဲ့။ နေ့တိုင်း ညစာစားပြီးရင် ခင်ဗျား ကျွန်တော်နဲ့အတူ စာလေ့လာပေးလို့ရတယ်လေ။ ခင်ဗျားက ဒီလောက် ကြိုးစားတာ။ ခင်ဗျားနဲ့အတူတူဆိုရင် ကျွန်တော်လည်း ပိုပြီး ကြိုးစားလာမှာပဲ”
လီရှန့်မှာ သဘောတူရုံမှလွဲ ရွေးချယ်စရာမရှိတော့ပေ။
ဝမ်လော့ရှန်းမှာ အနည်းငယ် အနေခက်နေရသည်။ လီရှန့်အား သွမ့်အိမ်တော်သို့ လာရောက် စားသောက်ပါရန် သွမ့်ကျင်းထျန်မှ ကိုယ်တိုင်ဖိတ်ကြားခဲ့ခြင်းဖြစ်ပြီး သူကိုယ်တိုင်မှာတော့ သူ့အမေက သွမ့်အိမ်တော်သို့ လာရောက်စားသောက်နိုင်ရန် အဆိုပြုခဲ့ရခြင်းဖြစ်သည်။ လာရောက်စားသောက်ခြင်းနှင့် စားသောက်ရန် ဖိတ်ကြားခံရခြင်းတို့ကြားမှ ကွာခြားချက်သည်ကား ကြီးမားလွန်းပေ၏။
ထို့အပြင် သွမ့်ကျင်းထျန်က လီရှန့်အား အတူတကွ စာလေ့လာရန် စတင်ဖိတ်ကြားခဲ့ခြင်းဖြစ်ပြီး သူသည်တော့ သွမ့်အိမ်တော်၏ စာဖတ်ခန်းသို့ ဝင်ရောက်ရန် အဆင့်မီသည်မှာ ဆုဝန်က လာရောက်ချက်ပြုတ်နေသောကြောင့်ဖြစ်၏။
ဝမ်လော့ရှန်းမှာ ရှက်ကိုးရှက်ကန်း ဖြစ်လာရသည်။
လူများ စားသောက်ပြီးစီးသွားချိန်တွင် သွမ့်ကျင်းထျန်မှာ လန်းဆန်းမှုကိုသာ ခံစားရ၏။ စာလေ့လာရန် အချိန်ကောင်းဟု တွေးမိသည်ကြောင့် လီရှန့်နှင့် ဝမ်လော့ရှန်းတို့အား စာအတူလေ့လာရန် ဖိတ်ခေါ်လိုက်တော့သည်။ ဝမ်လော့ရှန်း၏ စိတ်အခြေအနေသည်ကား အနည်းငယ်မျှ တည်ငြိမ်သွားချေပြီ။
ဆုဝန်သည် သွမ့်ကျင်းထျန်၏ စာဖတ်ခန်းမှ ထွက်လာချိန်တွင် သွမ့်မိသားစုမှမြင်းလှည်းဖြင့် ဆုဝန်ကို ပြန်လိုက်ပို့ပေးလေ၏။
တကယ်ကိုပင် ဆုဝန်ပြန်ရောက်သည်နှင့် အလုပ်များစွာက သူ့အား ဆီးကြိုနေတော့သည်။ မနက်ပိုင်း ဆုဝန်ကို ခေါ်သွားပြီးနောက် ဝမ်ရှီးနှင့်ဝမ်လော့ရှန်းမှာ သည်းမခံနိင်အောင် ဆာလောင်လွန်း၍ နေ့လယ်စာတစ်နပ် ချက်စားသည်မှလွဲ တခြားအိမ်အလုပ်များကို တစ်ခုတလေမျှ လုပ်ထားခြင်းမရှိပါချေ။ ဆုဝန်ပြန်လာ၍ ထိုအလုပ်များအား လုပ်ကိုင်မည်ကိုပင် စောင့်နေကြလေ၏။
အိမ်ကို သန့်ရှင်းရေးလုပ်မထား၊ ပန်းကန်များအား မဆေးထား၊ ကြက်များကိုလည်း အစာမကျွေးထား၊ ကြက်ခြံကိုလည်း သန့်ရှင်းရေးလုပ်မထားခဲ့ပါချေ။ ညစ်ပတ်နေသည့်အဝတ်အစားများမှာလည်း တစ်နေ့လုံး ဇလုံအတွင်းစိမ်လျက်ပင်ရှိသေး၏။
ဆုဝန်ပြန်လာသည်ကိုမြင်သော် ဝမ်ရှီးက အလျင်စလိုဖြင့် ပြောတော့သည်။
“ ဆုဝန် မြန်မြန်ညစာချက်တော့။ ငါတို့ ဗိုက်ဆာလို့သေတော့မယ်”
ဝမ်ရှီးချက်သည့်ဟင်းများမှာ အရသာမရှိချေ။ နေ့လယ်တုန်းက ဝမ်အဖေ၊ ဝမ်ရှီး၊ ဝမ်လော့မိန်တို့ အားလုံး အလုတ်အနည်းငယ် စား၍ ဆုဝန်ပြန်လာပြီးထမင်းချက်မည်အား စောင့်နေကြခြင်းပင်။
ဆုဝန်သည် မီးဖိုချောင်သို့ လျှောက်လာခဲ့လိုက်သော် ရှုပ်ပွနေသည်အား တွေ့မြင်ရ၏။ နေ့လယ်က အိုးခွက်များကို ဆုဝန်ဆေးရန် ချန်ထား၏။
ဆုဝန်က အိုးကို မဆေးခဲ့ပေ။ အမေဝမ် နေ့လယ်က ဆန်ပြုတ်ချက်ထားသည့်အိုးဖြင့်သာ ဆန်ပြုတ်တစ်အိုး တည်လိုက်၏။ သူက အသားစဥ်းကောအနည်းငယ်၊ အသီးအရွက်တချို့နှင့် ဟင်းခတ်အမွှေးအကြိုင်တို့ကို ထပ်ထည့်လိုက်ပြီး ဆန်ပြုတ်ကို ဖြည်းညင်းစွာ တည်တော့၏။
စားပွဲပေါ်သို့ အသားဆန်ပြုတ်ယူသွားချိန်တွင် ဝမ်ရှီးက ဆုဝန်အား ဆူပူလုနီးပင်။ သို့ရာတွင် အရသာမှာ မဆိုးလှရာ သူက မဆူပူမီ ဆာလောင်နေသည့်ဗိုက်အား အရင်ဖြည့်ရင် ကြံရွယ်လိုက်၏။ ဗိုက်ထဲသို့ ဝင်သွားသည်နှင့် ဆန်ပြုတ်မှာ အရသာရှိလှသည်။ ဝမ်ရှီးသည် နှစ်ပန်းကန်နှင့်တစ်ဝက်စားခဲ့၏။
ထိုအချိန်မှသာလျှင် ဝမ်ရှီးမှာ ဆုဝန်အား ပြောရန် အင်အားရှိတော့သည်။
“ ဆုဝန် ညည်းသွမ့်အိမ်တော်ကို ချက်ပြုတ်ဖို့ သွားတာနဲ့ပဲ အိမ်ကအလုပ်တွေကို လစ်ဟင်းစေလို့မရဘူး”
“လူဆိုတာကလေ ကျေးဇူးသိတတ်ရတယ်။ ဝမ်မိသားစုအတွက် ဒီလိုအသေးအဖွဲလေးတွေ လုပ်ပေးမှ တရားနည်းလမ်းကျမှာ”
ဆုဝန်က စိတ်ထဲတွင် လှောင်ရယ်လိုက်သည်။ လူတစ်ယောက်က သုံးယောက်စာလောက်လုပ်ရသည်ကို အသေးအဖွဲဟုခေါ်သည်တဲ့လား။
ဘေးအိမ်မှ လရောင်အားကိုးဖြင့် ဝမ်ရှီးနှင့် အတင်းပြောရန် လာလည်သည့် အဒေါ်ဝမ်က ဝမ်ရှီးသည် ဆုဝန်အား ကျေးဇူးဆပ်ရန် ပြောသည်ကို ကြားသွားခဲ့၏။
အဒေါ်လီက အခန်းထဲတွင် ပန်းကန်ဆေးနေသည့်ဆုဝန်အား ပုံမှန်အတိုင်းပြောလိုက်သည်။
“ ဆုဝန် ညည်း အဒေါ်ဝမ်ကို ကောင်းကောင်းကျေးဇူးဆပ်ရမယ်။ ညည်းဆီမှာ မှီခိုအားထားစရာ ဘယ်သူမှရှိတာ မဟုတ်ဘူး။ အဒေါ်ဝမ်ကပဲ ညည်းကို စားစရာ၊ ဝတ်စရာပေးထားခဲ့တာ။ ဒီကျေးဇူးကို ညည်းကောင်းကောင်းပြန်ဆပ်ရမယ်”
အဒေါ်လီပြော၍ပြီးသည်နှင့် အိမ်ရှေ့သို့ မြင်းလှည်းတစ်စီး ရပ်လာ၏။ ယင်းသည်ကား သွမ့်ကျင်းထျန်နှင့် အိမ်တော်ထိန်းလီမှ ဝမ်လော့ရှန်းအားပြန်လိုက်ပို့ခြင်းပင်။
သွမ့်ကျင်းထျန်သည် အဒေါ်လီ၏ စကားများအား ရှင်းရှင်းလင်းလင်း ကြားလိုက်လေသည်။
အိမ်တော်ထိန်းလီက ရှေ့ထွက်လိုက်ကာ
“ ဒီက အမျိုးသမီးရဲ့ စကားက မှားနေပါပြီ။ မိန်းကလေးဆုဝန် အလုပ်လုပ်တာက သူသုံးကိုယ်စာလောက် စားဖို့ လောက်နေပြီ။ အစ်မရဲ့ ကျေးဇူးတရားဆိုတာကြီးက ချဲ့ကားလွန်းနေပြီ”
အဒေါ်ဝမ်သည် မြင်းလှည်းပေါ်မှဆင်းလာပြီး ကျကျနန ဝတ်စားထားသူတစ်ဦးက ဆုဝန်ကိုကူပြီး ပြောပေးသည်ကို မြင်သော် သူ၏စကားများကို မြန်မြန်ဆန်ဆန် ပြောင်းလဲလိုက်၏
“ဆုဝန်က တော်တော်ကြိုးစားတဲ့ကလေးမလေးပါ။ နေ့တိုင်း အရုဏ်မတက်ခင်ထပြီး အလုပ်လုပ်တယ်။ အိမ်ကိစ္စတွေ လုပ်ရုံတင်မကဘူး။ ကြိတ်ဆုံမှာပါ ကူညီပေးသေးတယ်။ တစ်ယောက်တည်းက သုံးယောက်နဲ့ ညီတယ်။ တကယ်လိမ္မာတဲ့မိန်းကလေးပါ”
သွမ့်ကျင်းထျန်က အလေးအနက်မျက်နှာဖြင့် ဆိုလာ၏။
“ ဒါဆို စောနက အမျိုးသမီးက ဘာလို့ အဲဒီလိုစကားတွေကို ပြောရတာလဲ”
အဒေါ်ဝမ်က မျက်နှာတစ်ပြင်လုံးနီးပါးပြုံးလျက်
“ အဒေါ်က သူ့ကို ဒီအတိုင်း စကားနည်းနည်းပြောရုံပါ” အဒေါ်ဝမ်က သွမ့်ကျင်းထျန်၏လေသံထဲမှ မနှစ်မြို့မှုများအား ကြားမိရာ ဂုဏ်သရေရှိပုဂ္ဂိုလ်အား အပြစ်ပြုမိမည်စိုး၍ အိမ်သို့ အမြန်ပြန်တော့လေသည်။
ဝမ်အမေ၏စိတ်ထဲတွင် ဆုဝန်အား ကျိတ်၍ ဆဲဆိုနေမိသော်လည်း သူက အမြန်ပင်ပြုံးလျက် ပြောလိုက်၏
“ အဒေါ်လီက အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေတာ။ သခင်လေးသွမ့်က သူ့အကြောင်းမသိလို့ပါ။ သခင်လေးသွမ့် အထဲကိုကြွပါဦး။ အိမ်တော်ထိန်းလီရောပဲ။ အထဲကိုကြွပါ၊ အထဲကိုကြွပါ”
သွမ့်ကျင်းထျန်က ပြောလိုက်၏။
“ ကျွန်တော် နောင်တော်ဝမ်ကို ပြန်ပို့ပေးပြီဆိုမှတော့ ။ခင်ဗျားတို့ကို မနှောင့်ယှက်တော့ပါဘူး။ ကျွန်တော့်ကို ခွင့်ပြုပါဦး”
သွမ့်ကျင်းထျန်သည် ပြောရင်းဖြင့် အိမ်တော်ထိန်းလီအားခေါ်ကာ မြင်းလှည်းပေါ်သို့ တက်သွားတော့သည်။
အစတုန်းကတော့ သွမ့်ကျင်းထျန်သည် ဝမ်လော့ရှန်းအား လိုက်ပို့ပေးရန် စိတ်ကူးမရှိပေ။ ဝမ်လော့ရှန်း ထွက်သွားပြီးနောက် လီဖုကွေ့သည် ဆုဝန်၏ လက်ဆောင် ရေခဲကြက်ဥနို့ပေါင်းလမုန့်များကို တွေးမိသွား၏။ သို့ဖြစ်ရာ သူသည် ယနေ့မနက် ဝမ်အိမ်တော်၌ ဝမ်ရှီးက ဆုဝန်အား မည်သို့ စီမံထားကြောင်း ရှင်းပြလိုက်သည်။ ထို့အပြင် ဝမ်လော့မိန်သည်လည်း သွမ့်ကျင်းထျန်အား ဝမ်ရှီးက ဆုဝန်ကို မည်သို့ကြိုးကိုင်ခြယ်လှယ်ကြောင်း ပြောပြခဲ့၏။
သွမ့်ကျင်းထျန်က လီဖုကွေ့အား ဝမ်အိမ်တော်သို့သွားရန် မြင်းလှည်းဆွဲခိုင်းလိုက်၏။ သို့ပေသိ လမ်းတွင် ဝမ်လော့ရှန်းနှင့် ဆုံခဲ့ရာ ဝမ်လော့ရှန်းကိုပါ အတူခေါ်လာခဲ့လိုက်ခြင်းဖြစ်သည်။
သွမ့်ကျင်းထျန်က ဝမ်လော့ရှန်းအား အထူးတလည် ပြန်ပို့ပေးသည်ဟု ထင်ရသော်လည်း မဟုတ်ရပါချေ။
မြင်းလှည်းသည် ဝမ်အိမ်တော်၏တံခါးမှ မောင်းနှင်လာစဥ် သွမ့်ကျင်းထျထျန်က သူ့ရှေ့တွင် မြင်းလှည်း မောင်းနေလျက်ရှိသည့် အိမ်တော်ထိန်းလီကို ပြောလိုက်သည်။
“ ခင်ဗျားပြောသလိုပဲ ဝမ်မိသားစုကလူတွေက တကယ်ကြီး ဆုဝန်အပေါ် ရက်ရက်စက်စက် ဆက်ဆံကြတာပဲ”
လီဖုကွေ့ကပြောလာ၏
“ စောနက လျှာရှည်တဲ့မိန်းမကြီး ပြောပုံအရဆိုရင် ဝမ်မိသားစုက မိန်းကလေးဆုအပေါ် သာမန်ပဲ ဆက်ဆံတယ်ဆိုတာ သိနိုင်တယ်။ ကျွန်တော်ကြားတာတော့ ဝမ်မိသားစုက သူ့ကို မနက်ခင်းမှာ အိမ်အလုပ်တွေ ခိုင်းရုံတင်မကဘူး။ ယောကျ်ားတွေရဲ့အလုပ်ဖြစ်တဲ့ ကြိတ်ဆုံမှာလည်း လုပ်ခိုင်းသေးတယ်တဲ့”
သွမ့်ကျင်းထျန်မှာ ခေါင်းခါလျက်
“ ညီနောင်ဝမ်ရဲ့မိသားစုက ဒီလိုပုံစံဖြစ်နေမယ်လို့ မထင်ထားခဲ့ဘူး။ မဖြစ်ဘူး။ မိန်းကလေးဆုကို ကူညီပေးရမယ်”
လရောင်အောက်တွင် မြင်းလှည်းမှာ သွမ့်အိမ်တော်သို့ ဒုန်းဆိုင်းမောင်းနှင်နေလျက်ရှိ၏။ သွမ့်ကျင်းထျန်သည် ဆုဝန်ကို ကူညီရန်နည်းလမ်းကို စဥ်းစားနေ၏။ အကယ်၍ ဆုဝန်ကို သွမ့်အိမ်တော်တွင် နေခိုင်းပြီး ချက်ပြုတ်ခိုင်းမည်ဆိုပါက ဝမ်အိမ်တော်၏ ကြီးလေးသည့်အလုပ်များကို လုပ်ရတော့မည် မဟုတ်ပါချေ။
အစတုန်းကတော့ ဆုဝန်ကို သွမ့်အိမ်တော်တွင် နေခိုင်းလိုက်ပါလျှင် သွမ့်အိမ်တော်၏ အစေခံတစ်ယောက် ဖြစ်သွားမည်ကို စိုးရိမ်ခဲ့သည်ပင်။ သို့ပေသိ သူ ဝမ်မိသားစုတွင် နေထိုင်မည်ဆိုပါက အမှန်တကယ်ပင် အစေခံလုံးလုံးဖြစ်သွားတော့ပေမည်။
…