Ch 15
Viewers 2k

အခန်း (၁၅) သင်ယူသည့်နည်းလမ်း

ယခင်က ကြိတ်ဆုံရုံသို့ အလုပ်သွားလုပ်မည့် ဆုဝန်ရှိလေသည်။ ယခုမူ ဆုဝန် မရှိတော့ချေ။ ဝမ်အဖေမှာ နေ့တိုင်း ထိုအချိန်နာရီများကို မနှောင့်နှေးစေလို၍ ဝမ်လော့ရှန်းကို သွားခိုင်းရန် ဆုံးဖြတ်လိုက်၏။

အလုပ်ကြိုးစားသည့် ဝမ်အဖေ၏မျက်လုံးထဲတွင် ဝမ်လော့ရှန်းစာလေ့လာရန်သွားခြင်းမှာ လေဒဏ်၊မိုးဒဏ်မခံရဘဲ ဇိမ်ကျလွန်းပေ၏။ ကျောက်တုံးနှယ် လေးလံသည့်အိတ်ကို မဖို့ရန်လည်း မလိုအပ်ချေ။ အနှီစာလေ့လာခြင်းမှာ ကောင်းချီးတစ်ခုပင်။ သို့ဖြစ်လေရာ ဝမ်လော့ရှန်း ပြန်ရောက်ပြီးနောက် အလုပ်နည်းနည်းလောက် သွားလုပ်ခြင်းမှာ သူ့ကိုပင်ပန်းစေမည် မဟုတ်ချေ။ 

ယနေ့၌ ဝမ်လော့ရှန်းနှင့် လီရှန့်တို့မှာ သွမ့်ကျင်းထျန်နှင့်အတူ သွမ့်အိမ်တော်သို့ ညစာစားပြီး စာလေ့လာရန် သွားခဲ့သည်။

ဝမ်လော့ရှန်းမှာ မနက်စာ မစားထားခဲ့သည့်အပြင် နေ့လယ်တုန်းကလည်း သွမ့်ကျင်းထျန်၏ အစားအသောက်ရနံ့ကြောင့် ကျောင်းမှကျွေးသည့်စားစရာအား အများကြီးမစားခဲ့ရာ ယနေ့၏ အစားအသောက်တို့မှာ အရသာရှိလှသည်ဟု ခံစားရလျက် ပန်းကန်လုံးကြီး ဘယ်နှပန်းကန်မှန်း မသိအောင်ပင် စားခဲ့လေ၏။

ထို့နောက် သွမ့်အိမ်တော်၌ သွမ့်ကျင်းထျန်၊ လီရှန့်တို့နှင့်အတူ သင်ခန်းစာများအား ပြန်နွှေးခဲ့၏။ သုံးဦးသားမှာ စာလေ့လာရင်း ဆုဝန်၏ လိမ္မော်ဖျော်ရည်အား သောက်ကြသည်။ စာလေ့လာမှု ပြီးဆုံးသော် ဆုဝန်၏ဖက်ထုပ်လုံးများကို စားကြပြီးမှသာလျှင် ကိုယ့်အိမ်ကိုယ်ပြန်လာခဲ့ကြသည်။

ဆောင်းဦးညသည်ကား ရေခဲတစ်မျှ အေးစိမ့်လျက်ရှိ၏။ ဝမ်လော့ရှန်းမှာ ချမ်းစိမ့်စိမ့်ဖြစ်လာရသည်။ သူ မနက်က အဝတ်အစား ခပ်ထူထူဝတ်ခဲ့သင့်၏။ တစ်နေကုန်လုံး အနွေးဓာတ်ကို မည်သို့မျှ မခံစားရပါချေ။

ဝမ်လော့ရှန်းသည် ခြေလှမ်းများကို အရှိန်မြှင့်ကာ အိမ်ပြန်ခဲ့လိုက်၏။ သူ့ခန္ဓာကိုယ်ကို နွေးသွားစေရန် လက်ဖက်ရည်ကြမ်းနွေးနွေးတစ်ခွက် သောက်ချင်ခဲ့သော်လည်း အိမ်တွင် ယခင်ကကဲ့သို့ လက်ဖက်ရည်ကြမ်း ရှိမနေသည်ကို တွေ့လိုက်ရ၏။

ဝမ်လော့ရှန်း၏နှလုံးသားထဲတွင် အမည်မသိ မီးတစ်စ တောက်လောင်သွားရသည့်အချိန်တွင်ပဲ ဝမ်ရှီးသည် အနောက်ခန်းမှ ထွက်လာကာ ဝမ်လော့ရှန်းကို ပြောလိုက်လေ၏။

“ လော့ရှန်း၊ နောက်ဆို ကြိတ်ဆုံရုံမှာ နှစ်နာရီလောက်အလုပ်သွားလုပ်လို့ရအောင် နည်းနည်းလောက် စောစောပြန်လာလိုက်” 

ဝမ်လော့ရှန်းမှာ သူ့နားသူပင် မယုံနိုင်ဖြစ်သွားရသည်။ သူ့အမေက သူ့ကို အမှန်တကယ်ပင် ကြိတ်ဆုံရုံ၌ အလုပ်သွားလုပ်ခိုင်းနေ၏။ 

သူလေ့လာရသည့်စာမှာ ခက်ခဲနက်နဲလွန်းလှသည်။ ဤသည်ကို သူ့အား ကြိတ်ဆုံရုံ၌ အလုပ်သွားလုပ်ခိုင်းနေ၏။ မည်မျှပင် ရယ်ဖွယ်ကောင်းလိုက်ပါသနည်း။

ဝမ်လော့ရှန်း၏အသိတွင် သူ့ကို စာသင်သားတစ်ဦးအဖြစ် သတ်မှတ်ထားသည်ဆိုမှတော့ မိသားစုက သဘာဝကျစွာပင် စာလေ့လာရာသည့်နေရာ၌ အာရုံစိုက်ခိုင်းစေချင်မည်ပင်။ သူ့အဖေနှင့် အမေသည် မည်သို့များ ဇဝေဇဝါဖြစ်ကာ သူ့ကို ကြိတ်ဆုံရုံတွင် အလုပ်လုပ်ခိုင်းရပါသနည်း။ 

ဝမ်လော့ရှန်းက ဆိုလာ၏။

“ အမေ၊ သားမှာ လေ့လာစရာ သင်ခန်းစာတွေ အများကြီးရှိသေးတယ်။ တကယ်လို့ ကြိတ်ဆုံရုံကို သွားမယ်ဆိုရင် စာလေ့လာဖို့ အချိန်ရှိတော့မှာမဟုတ်ဘူး။ ဒါမှမဟုတ် အမေ လော့ရွှယ်ကို သွားလုပ်ခိုင်းလိုက်ပါလား”

ဝမ်လော့ရွှယ်သည် ဆူညံသံကြား၍ ပြေးထွက်လာကာ

“ အစ်ကိုက စာကြီးပေကြီးတွေဖတ်တဲ့သူတစ်ယောက် ဖြစ်နေလို့ပဲ တော်သေးတယ်နော်။ အိမ်အလုပ်က မိန်းမတွေအတွက်၊ အိမ်အပြင်ဘက်က အလုပ်က ယောက်ျားတွေအတွက်တဲ့လေ။ ထပ်ပြောရရင် ကြိတ်ဆုံရုံကို သွားပြီး အဲဒီသီးနှံတွေကို နေရာ‌ရွှေ့ရမယ်ပေါ့။ ကျွန်မ ရွှေ့နိုင်ပါ့မလား”

ဝမ်လော့ရှန်းက ဆိုလာ၏။

“ ဆုဝန် အရင်က ကောင်းကောင်းလုပ်ခဲ့တာပဲ မဟုတ်ဘူးလား။ ဆုဝန်လုပ်နိုင်တာကို မင်းဘာလို့ မလုပ်နိုင်ရမှာလဲ”

ဝမ်လော့ရွှယ်သည် လှောင်ပြောင်ရယ်မောလျက်

 အစ်ကို၊ အနားတစ်ဝိုက်က အိမ်နီးချင်းတွေအားလုံး စာသင်စရိတ်က ဘယ်လောက် အကုန်အကျများတယ်ဆိုတာသိကြတယ်။ အစ်ကို အချိန်ရတာနဲ့ မိသားစုကို ပိုက်ဆံရှာဖို့ ကူညီပေးသင့်တာလေ။ အစ်ကို ဘာလို့ မလုပ်နိုင်ရတာလဲ။ ကျွန်မလို မိန်းကလေးကို အတင်း သွားခိုင်းနေသေးတယ်။ အစ်ကိုပြောလိုက်တဲ့စကားက လူရယ်စရာဖြစ်မှာ မကြောက်ဘူးလား”

ဝမ်လော့ရှန်းမှာ ပြောစရာစကားမဲ့သွားရတော့သည်။ အမှန်တကယ်ကိုပင် သူ့အိမ်နားတွင် စာသင်သားတချို့ ရှိကြပြီး သူတို့သည်ကား စာလေ့လာရင်းဖြင့် အားလပ်ချိန်တွင် အိမ်ကို ကူညီကြလေ၏။ ယခင်ကမူ ဝမ်လော့ရှန်းသည်လည်း သူတို့ကဲ့သို့ပင် အိမ်ကို ကူညီပေးခဲ့ဖူးလေသည်။ နောက်ပိုင်း၌ ဆုဝန် ရောက်လာခဲ့ပြီးနောက် သူမသည် ဝမ်လော့ရှန်းက ကြိတ်ဆုံရုံသို့သွားနေရခြင်းက စာလေ့လာမှုအား ထိခိုက်စေလိမ့်မည်ဟု ပြောကာ ဝမ်လော့ရှန်း၏အလုပ်များအား လက်လွှဲယူလိုက်၏။ နောက်ပိုင်းတွင် အနှီအလုပ်များက သဘာဝကျစွာပင် ဆုဝန်၏အလုပ်များ ဖြစ်လာခဲ့သည်။ 

ဝမ်လော့ရှန်းသည် တစ်ခုမှ ဝင်မလုပ်တော့ဘဲ စာလေ့လာခြင်းအပေါ်တွင်သာ အာရုံစိုက်ထားခဲ့၏။ နောက်ပိုင်းတွင် သူ၏လေ့လာမှုမှာ ထိုအိမ်နီးချင်းများထက် ပိုသာလာခဲ့၏။ စာဖတ်ရှုမှုတွင် ဝမ်လော့ရှန်း၏ အဆင့်သည် ကောင်းသည်ထက် ပိုကောင်းလာခဲ့သည်မှာ ကျောင်းတော်၏ ပထမ ဖြစ်လာသည်အထိပင်။ 

ယခုမူ ဆုဝန်သည် သွမ့်အိမ်တော်သို့ အလုပ်လုပ်သွားသည်ဖြစ်ရာ ဝမ်လော့ရှန်းက မိသားစု ကြိတ်ဆုံရုံတွင် ပြန်လည်လုပ်ကိုင်ပေးရမည်မှာ သဘာဝကျပေ၏။

ဝမ်လော့ရှန်း၏စိတ်ထဲတွင် တနုံ့နုံ့ ဒေါသထွက်နေရသည်။ သူ့မိဘများနှင့် ညီမဖြစ်သူသည် သူ့ကို အဘယ်ကြောင့် ထိုသို့ ဆက်ဆံရသနည်း။ သူ့လိုစာလေ့လာနေရသူတစ်ဦးအား အဘယ်ကြောင့် လုပ်ခိုင်းရပါသနည်း။ 

ဝမ်လော့ရှန်းက တုတ်တုတ်မျှ မလှုပ်သည်ကိုမြင်သော် ဝမ်ရှီးသည် မကျေမနပ်ဖြင့် ဆိုလာတော့သည်။

“ လော့ရှန်း၊ သား စာလေ့လာတာ ဘယ်လောက် အကုန်အကျများလိုက်သလဲ။ အိမ်က သားကို စောဒကမတက်ဘဲ စာဖတ်ခိုင်းခဲ့တယ်။ သား ဒီလိုကျေးဇူးမသိတတ်တဲ့ မျက်လုံးဖြူဝံပုလွေအဖြစ် ကြီးပြင်းလာလို့ မဖြစ်ဘူးလေ”

“သားလည်း အဖေနဲ့အမေရဲ့တာဝန်တွေကို ခွဲဝေယူရမှာပေါ့”

ဝမ်ရှီး၏ အတွေးသည်ကား ရိုးရှင်းပေ၏။ သူ့သားနှင့်သမီးသည် သိတတ်ရမည်။ သူတို့ပြောစရားကို နားထောင်ရမည်။ နည်းနည်းလောက် အောင်မြင်မှုရသည်နှင့် သူတို့ကို အရေးမလုပ်၍မရပေ။ 

ဝမ်လော့ရှန်းသည်လည်း စိတ်ထဲတွင် အတော်ဒေါသထွက်နေပြီဖြစ်သော်လည်း ထုတ်ပြ၍မရချေ။ လောကတစ်ခွင်ကို အုပ်စိုးသည့်ဧကရာဇ်ဖြစ်စေ၊ သာမန်ပြည်သူဖြစ်စေ၊ ရာထူးကြီးမားသူဖြစ်စေ လိုက်နာရမည့် ဝတ္တရားများရှိပေ၏။ မိဘများကို ရိုသေလေးစားကာ မိဘများ၏စကားအား လိုက်နာရမည်ပင်။ မိဘအလုပ်တွင် မကူညီဘူးဆိုပါလျှင် ဝတ္တရားပျက်ကွက်သူအဖြစ် နာမည် တွင်ရစ်မည်ဖြစ်၏။ 

ဝမ်လော့ရှန်းသည် ကြိတ်ဆုံရုံသို့ နှစ်နာရီသွားကူလုပ်ပေးရုံမှလွဲ၍ ရွေးစရာမရှိတော့ပေ။

အလုပ်ပြီးသည့်နောက် ဝမ်လော့ရှန်းမှာ ခဏမျှ စာဖတ်ရသေးသည်ပင်။ စာဖတ်ပြီးနောက် ဝမ်လော့ရှန်းမှာ မနေ့ညကနည်းတူ တူညီသည့်ပြဿနာအား ကြုံတွေ့ရလေသည်။ စာဖတ်ပြီးနောက် သူသန့်စင်ဆေးကြောချင်သော်လည်း ရေ‌နွေးပင် မဆိုထားနှင့်၊ ကန်ထဲ၌ ရေတောင်မရှိချေ။

ဝမ်လော့ရှန်းမှာ အလွန်တရာ ပင်ပန်းနေပြီဖြစ်သော်လည်း ထိုသို့သော အလုပ်များကို လုပ်နေရသေး၏။ ‌ရေရသောအခါ ယင်းအား ကျိုလိုက်ကာ သန့်စင်ဆေးကြောပြီးချိန်တွင် ညအတော်နက်နေပြီဖြစ်၏။ ဝမ်လော့ရှန်းမှာ ဒယီးဒယိုင်ဖြင့် အိပ်ရာပေါ်တက်လိုက်တော့သည်။ ခေါင်းနှင့်ခေါင်းအုံး ထိသည်နှင့် သူတန်း၍ အိပ်ပျော်သွားတော့သည်။ 

ဝမ်လော့ရှန်း နိုးလာသည့်အချိန်တွင် မိုးတစ်ဖန်လင်းနေပြီဖြစ်၏။ မနေ့က ဝမ်လော့ရှန်းနိုးချိန်တွင် သူ နောက်ကျလုနီးပါး ဖြစ်ခဲ့၏။ ယနေ့တွင်မူ သူ လုံးလုံးနောက်‌ကျနေချေပြီ။ 

ဝမ်လော့ရှန်းမှာ ခေါင်းကိုက်သွားရကာ အလျင်စလို ထလိုက်၏။ ဝမ်လော့ရှန်းသည် မူးနောက်နောက် ဖြစ်နေခဲ့၏။ ဟုတ်ချေပြီ။  သူ မနေ့က ပြန်လာတုန်းက လေအေးတိုက်ခံခဲ့ရ၏။ ခေါင်းကိုက်ခြင်းသည်ကား လေအေးကြောင့် ဖြစ်နိုင်ပေသည်။ 

လေအေးတိုက်သည်ဆိုလျှင်တောင်မှ ဝမ်လော့ရှန်းသည် မနေ့က အဝတ်အစားများကိုသာ ဝတ်ဆင်ခဲ့ဆဲပင်။ သူသည် မနေ့က အအေးမိခဲ့သည်ဟု ခံစားရသည့်အတွက် ဝတ်ရုံထူထူတစ်ထည် ထပ်ဝတ်လိုက်၏။ အနှီဝတ်ရုံသည် သူဝတ်ဆင်ထားသောဝတ်စုံနှင့် မလိုက်ဖက်သော်လည်း ဝမ်လော့ရှန်းမှာ ထိုမျှ ဂရုမစိုက်နိုင်တော့ပေ။ 

ဝမ်လော့ရှန်းသည် မနေ့က သူ၏ထိုင်ခုံဖော် ကျန်းသာ့ရှီအား သူ နောက်တစ်ကြိမ် လုံးဝထပ်၍ နောက်ကျမည်မဟုတ်ဟု ပြောခဲ့သော်လည်း ယနေ့တွင်မူ မနေ့ကထက်ပင် ပို၍ နောက်ကျမှ လာခဲ့လေသည်။  

နောက်ပြီး သူ ယနေ့နောက်ကျပြီဖြစ်ရာ သူသွားမည်ဆိုပါက အဆောင်အပြင်ဘက်တွင် မတ်တတ်ရပ်နေရမည်ပင်။ တစ်ရွာလုံး မိုးရွာသည်ကြောင့် အခန်းက ရေယိုခဲ့ရာ ဝမ်လော့ရှန်းမှာ ခေါင်းကိုက်နေရ၏။ မနေ့က ဝမ်လော့ရှန်းသည် တစ်မနက်ခင်းလုံး မတ်တတ်ရပ်ခဲ့ရပြီး သင်ခန်းစာများ လွတ်သွားခဲ့သည်။ ညနေပိုင်း၌ အိမ်တွင် ကြိတ်ဆုံရုံကို သွားကူရ၏။ သူ မနေ့က သင်ခန်းစာများ လွတ်သွားခဲ့ပြီးဖြစ်ရာ ယနေ့ အဆောင်အပြင်ဘက်တွင် ထပ်၍ တစ်မနက်လုံး မတ်တတ်ရပ်ရမည်ဆိုပါက ပို၍ပင် လွတ်ဦးမည်ပင်။ 

ဝမ်လော့ရှန်းက ကျောင်းတော်သို့သွားသည့် တစ်လမ်းလုံး စိုးရိမ်နေခဲ့၏။ အမှန်ကိုပင် အရာအားလုံးမှာ သူစိုးရိမ်သည့်အတိုင်း ဖြစ်လာခဲ့၏။ ဝမ်လော့ရှန်းမှာ နောက်ထပ် တစ်မနက် မတ်တတ်ရပ်ခဲ့ရသည်။  ဝမ်လော့ရှန်းသည် မနေ့ညက ကောင်းကောင်းအနားမယူခဲ့ရရာ ယနေ့မနက် အပြင်ဘက်တွင် မတ်တတ်ရပ်ရင်းဖြင့် မေ့လဲမတတ်ပင်။

ဆယ်ရက်ဆက်တိုက်ကြာ ဝမ်မိသားစုမှာ ဗရမ်းဗတာအခြေအနေဖြင့် နေထိုင်ကြရတော့သည်။ ဝမ်လော့ရှန်းမှာ နေ့တိုင်း အလျင်လိုနေခဲ့သည်။ ရှင်သန်မှုနှင့် လေ့လာမှုမှာ လုံးဝပင် ဖရိုဖရဲ ဖြစ်သွားတော့သည်။ ထို့အပြင် ဝမ်လော့ရှန်းမှာ အနည်းငယ် အအေးမိနေဆဲပင်။ အအေးမိခြင်းက ပြင်းထန်ပါက ဝမ်လော့ရှန်းမှာ အိမ်တွင်နေနိုင်မည်ပင်။ အနားယူနိုင်ပြီး ကြိတ်ဆုံရုံသို့ သွားရန်လို‌တော့မည် မဟုတ်ပေ။ သို့ပေသိ ဝမ်လော့ရှန်း၏အဖျားက မပြင်းထန်ရာ ဝမ်အဖေနှင့် ဝမ်အမေက ဝမ်လော့ရှန်းကို ကြိတ်ဆုံရုံသို့ သွား၍ကူညီရန် မရမက ပြောနေဆဲပင်။

အကယ်၍ ဝမ်လော့ရှန်းက အနည်းငယ်မျှ မှတ်ချက်ပြုမိပါက ဝမ်အဖေသည် ဝမ်လော့ရှန်းအား မသိတတ်၊မလိမ္မာဟု ဆူပူကြိမ်းမောင်းမည်ပင်။ အမြဲတစေ သူကိုယ်သူ သိတတ်လိမ္မာသည်ဟု မှတ်ယူထားသည့် ဝမ်လော့ရှန်းမှာ ကြိတ်ဆုံရုံတွင် ကူညီသည်မှလွဲ ရွေးစရာမရှိပါချေ။

ဤရက်များတွင် ဝမ်လော့ရှန်းမှာ အဆောင်သို့ နေ့တိုင်း ကမန်းကတန်းသွားရပြီး အတန်းချိန်များတွင် အိပ်ငိုက်နေတတ်၏။ ဆရာအတော်များများက ဝမ်လော့ရှန်းအား အပြစ်တင်လာကြသည်။ 

ဆန့်ကျင်ဘက်အားဖြင့် ဆရာအတော်များများက ဤဆယ်ရက်အတွင်း သွမ့်ကျင်းထျန်၏ စာလေ့လာမှုအပေါ် အာရုံစိုက်မှုအား ချီးမွမ်းကြ၏။ သွမ့်ကျင်းထျန်မှာ ယခင် တုံးအသည့်အခြေအနေနှင့် အမှန်တကယ်ပင် မတူတော့ပေ။ သူသည် အလွန်တက်ကြွကာ သင်ခန်းစာများကိုလည်း သေသေချာချာ လိုက်လံမှတ်သား၏။ သူ၏လေ့လာမှုမှာ အချိန်တိုအတွင်း တိုးတက်မှု မရှိသော်လည်း သည်အတိုင်းဆက်သွားမည်ဆိုပါလျှင် ယခင်ကထက် ပိုထူးချွန်လာနိုင်၏။

သွမ့်ကျင်းထျန်သည် သူ ယခု စာသင်ယူရခြင်းကို လွန်စွာစိတ်ဝင်စားလာကြောင်း သတိပြုမိ၏။ 

သွမ့်ကျင်းထျန်၏စိတ်ထဲဝယ် ယင်းသည်ကား ဆုဝန်၏ ပံ့ပိုးပေးမှုကြောင့်ပင် ဖြစ်သည်ဟု နားလည်နေခဲ့ပါ၏။   

ဆုဝန်ချက်သည့်ဟင်းများကို စားပြီးနောက် သူသည် တစ်နေ့လုံး လန်းဆန်းနေလျက်ရှိ၏။ ဗိုက်အဝကြီး မဟုတ်သလို ဆာလောင်သည်လည်း မဟုတ်ပါချေ။ ယခင်ကထက် ဦးနှောက်သည်လည်း ပိုကောင်းလာခဲ့၏။

ဆုဝန် ညလယ်စာ လာပို့ပေးသည့်အချိန်တုန်းက စာဖတ်ခြင်းကို မည်သို့မည်ပုံဖတ်ရှုသင့်ကြောင်း သာမန်ကာလျှံကာမျှ စကားအနည်းငယ် ပြောခဲ့၏။ သွမ့်ကျင်းထျန်မှာ ညနက်သည်အထိ စာလေ့လာနေသည်ကို မြင်သော် ဆုဝန်က စာလေ့လာခြင်းသည် ကိုယ့်ကိုယ်ကိုယ် စိတ်သက်သာရာရအောင် အချိန်အကြာကြီး လေ့လာရခြင်းမဟုတ်၊ နှစ်နာရီလောက် စိတ်နှစ်၍ လေ့လာခြင်းက နာရီနှစ်ဆယ်လောက် စိတ်မပါလက်မပါ လေ့လာခြင်းထက် ပိုကောင်းသည်ဟု ပြောခဲ့လေ၏။