အခန်း (၁၆)
သွမ့်ကျင်းထျန်သည် ပြန်ရောက်သောအခါ သူကျောင်းတွင် အိမ်စာကို သေချာအာရုံမစိုက်နိုင်ခဲ့သဖြင့် အိမ်တွင် လုပ်ဖို့လိုသေးကြောင်း ဆိုလေသည်။ ဆုဝန်ကမူ သူကျောင်း၌ ဆရာသင်သော သင်ခန်းစာကို သေချာလိုက်နားမထောင်ခဲ့လျှင် ပြန်ရောက်သောအခါ သုံးဆပို၍ အားထုတ်ရလိမ့်မည်ဟု ဆိုလေသည်။
ဆုဝန်က အကယ်၍ ဆရာသင်သည်ကို လုံးဝအာရုံမစိုက်နိုင်လျှင် အကောင်းဆုံးနည်းမှာ ဆရာပြောသည်များကို သံယောင်လိုက်ကာ လိုက်ပြောကြည့်ပြီး မေးခွန်းများ မေးသင့်သည်ဟု ပြောသည်။
သွမ့်ကျင်းထျန်က သူ့ခေါင်းကို ကုတ်လိုက်ကာ “ကိုကို ကလေးဘဝတုန်းက လူတိုင်းက ဆရာ့ဆီသွားပြီး မေးခွန်းတွေ မေးကြတယ်။ ခုဆို ပညာသင်ဖက်တွေလဲ အကုန်ကြီးလာကြပြီဆိုတော့ မကောင်းဘူးလို့ ထင်လို့” ဆုဝန်က “ဒါဆို ကိုကိုငယ်ငယ်ကကော ဆရာ့သင်ခန်းစာတွေကို သေချာ လိုက်နားထောင်တယ်လို့ထင်လား။ ဆရာ့သင်ခန်းစာတွေကို ပိုပြီး ပြင်းပြင်းပြပြ သေသေချာချာ နားထောင်တာလား”
သွမ့်ကျင်းထျန်က “ဒါပေါ့ ကိုကိုကလေးတုန်းကတော့ စာအရမ်းလုပ်တာကို ဒါပေမဲ့ မေးခွန်းကြီးပဲ အမြဲမေးနေရင်ကျ အရမ်းကြီး ထူးဆန်းနေမယ်ထင်တယ်”
သွမ့်ကျင်းထျန်သည် ပုံမှန်အားဖြင့် ဆုဝန်အား စာဖတ်ခြင်းအကြောင်းကို အနည်းငယ်သာ ပြောလေ့ရှိသည်။ ဆုဝန်သည် စာဖတ်သောကြောင့် သွမ့်ကျင်းထျန်သည် စာဖတ်ခြင်းနှင့်ပတ်သက်၍ ဆုဝန်၏ အကြံပေးချက်များကို နားထောင်လေ့ရှိလေသည်။
သို့သော် နောက်နေ့ သူကျောင်းသို့ ရောက်သောအခါ သွမ့်ကျင်းထျန်သည် အာရုံစိုက်၍မရဘဲ စိတ်လည်းမဝင်စား ဖြစ်နေလေသည်။ ဆရာမေးသော မေးခွန်း၏အဖြေကို သူထင်ထင်ရှားရှား သိသောကြောင့် သွမ့်ကျင်းထျန်သည် ပေါ့ပေါ့ပါးပါးပင် ဖြေလိုက်သည်။
ဆရာက သွမ့်ကျင်းထျန်ကို အသိအမှတ်ပြုသည့် အကြည့်ဖြင့် ကြည့်လေသည်။
သွမ့်ကျင်းထျန်သည် အတန်းတစ်ချိန်လုံး ဆရာသင်သမျှကို နီးကပ်စွာ နစ်မြောစီးဝင်ပြီး လိုက်ကြည့်သည်။ သွမ့်ကျင်းထျန် ထူးထူးခြားခြား ပြင်းပြစွာ စာလုပ်နေသည်ကို မြင်သောအခါ ဆရာသည် စာသင်ချိန်အတွင်း သွမ့်ကျင်းထျန်ကို ခဏခဏကြည့်နေမိသည်။ ခက်ခဲသော အပိုင်းများသို့ ရောက်သောအခါ သွမ့်ကျင်းထျန်ကို တည့်တည့်ကြည့်၍ “မင်းရော ငါနားလည်သလို နားလည်ရဲ့လား” ဟု မေးသည်။ လူတိုင်းက မေးခွန်းများ မေးနေသော်လည်း သွမ့်ကျင်းထျန်တစ်ဦးတည်းကို သင်နေသကဲ့သို့ သူ့ကိုပင် ကြည့်နေသည်။
သွမ့်ကျင်းထျန်၏ ပညာသင်ယူလိုသော စိတ်ဆန္ဒသည် ပြင်းပြလာပြီး ပြင်းပြင်းထန်ထန် အာရုံစိုက်လာခဲ့သည်။
တစ်နေ့လုံး သင်သမျှကို လိုက်နားထောင်ပြီးနောက် သွမ့်ကျင်းထျန်သည် ယနေ့သင်ခဲ့သော သင်ခန်းစာနှင့် အိမ်စာများကို ကျပန်း အမြန်မှတ်မိလာပြီး သင်သမျှ အိမ်စာအားလုံးကို သူသိနေသည်ဟု ခံစားလိုက်ရသည်။ ဤခံစားမှုသည် သူအရင်က တစ်ခါမှ မခံစားခဲ့ဖူးသော ခံစားချက်မျိုးဖြစ်သည်။
ဆုဝန်၏နည်းလမ်းသည် သူ့အဖို့ စိတ်အနှောင့်အယှက်ဖြစ်စေသော ပြဿနာကို ဖြေရှင်းပေးနိုင်ခဲ့သည်။
သွမ့်ကျင်းထျန်သည် မိန်းကလေးဆုဝန်နှင့် ပတ်သက်၍ သာမန်မဟုတ်ဘဲ တစ်ခုခု ထူးဆန်းနေသည်ကို သိလိုက်သည်။ သူသည် သူမနှင့် တကယ့်ကို စကားကောင်းကောင်းပြောချင်ပေသည်။
ထိုနေ့တွင် သွမ့်ကျင်းထျန်သည် လီရှန့်နှင့် ဝမ်လော့ရှန်းကို သူယနေ့ လုပ်စရာရှိသေးသည်ဟု ပြောလိုက်သည်။ ထို့ကြောင့် သူသည် လီရှန့်နှင့် ဝမ်လော့ရှန်းကို အိမ်တွင် စာအတူလုပ်ရန် မဖိတ်ခေါ်ခဲ့ပေ။
သွမ့်ကျင်းထျန် အိမ်သို့ ပြန်ရောက်သောအခါ ဆုဝန်ပြင်ဆင်ပေးသည့် ညစာကို စားပြီး ဆုဝန်ကိုပါ သူနှင့်အတူ စားရန် ခေါ်လိုက်သည်။
ဆုဝန်သည် တစ်ခုခုလွဲနေသည်ကို ခံစားလိုက်မိသည်။ ဆုဝန်သည် သွမ့်အိမ်တော်တွင် လာရောက် ချက်ပြုတ်ရသော်လည်း သွမ့်ကျင်းထျန်သည် ဆုဝန်ကို သွမ့်မိသားစု၏ အလုပ်သမားတစ်ဦးအဖြစ်သာ မြင်ပေသည်။ ထို့ပြင် မိန်းကလေးတစ်ဦးအဖြစ်လည်း တစ်ခါမျှ မမြင်ဖူးပေ။ ထို့ကြောင့် ဆုဝန်သည် သူနှင့်အတူ ရှိနေနိုင်ခြင်းဖြစ်သည်။ အချက်အလက်များအရ ဆုဝန်သည် သွမ့်အိမ်တော်၏ အစေခံတစ်ဦး မဟုတ်သည်မှာ အမှန်ပင်ဖြစ်သည်။
ဆုဝန်သည် ငြင်းမနေဘဲ သွမ့်ကျင်းထျန်နှင့်အတူစားရန် သဘောထားကြီးစွာ ထိုင်လိုက်သည်။
သွမ့်ကျင်းထျန်သည် လူကောင်းတစ်ယောက် ဖြစ်သည်။ သူသည် ဆုဝန်ကို ဝမ်အိမ်တော်မှ လွတ်မြောက်စေရန် အခွင့်အရေးပေးခဲ့သည်။ ထို့ကြောင့် ဆုဝန်သည် သွမ့်ကျင်းထျန်နှင့်အတူ အစားစားရန် ဆန္ဒရှိခြင်းပင် ဖြစ်ပေသည်။ တစ်ချိန်တည်းမှာပင် သွမ့်ကျင်းထျန်အား ပညာရေးဆိုင်ရာ အကြံများလည်း ပေးသည်။ အမှန်ပင် သွမ့်ကျင်းထျန် သိလို နားထောင်လိုသည်မှာလည်း ဒါပင် ဖြစ်သည်။
သွမ့်ကျင်းထျန်သည် ဆုဝန်အား သူ၏ယနေ့ ကျောင်းတွင် ပြောင်းလဲမှုများကို ပြောပြသည်။ သူသည် ဆုဝန်၏ နည်းလမ်းသည် ကလေးဆန်ပြီး ရိုးရှင်းသည်။ သို့သော် အလုပ်ဖြစ်သည် ဟု ဆိုသည်။ သူသည် စာဖတ်ခြင်းကို ရုတ်တရက် စိတ်ဝင်စားလာခဲ့သည်။ ယခင်က သူသည် စာဖတ်မည့်အကြောင်း စဥ်းစားလိုက်တိုင်း ခေါင်းကိုက်လေ့ရှိသည်။ ယခုလဲ ကိုက်တုန်းတော့ ဖြစ်သည်။ သို့သော် ယခင်ကထက် အများကြီး ပိုသက်သာသွားပြီဖြစ်သည်။ ထိုခေါင်းကိုက်ခြင်းသည် မျှော်လင့်ချက်များနှင့် ရောထွေး၍ သွားလေသည်။
ဆုဝန်သည် ပြုံးပြီး အပြောကောင်းစွာ ပြောလိုက်သည်။ “တကယ်တော့ ကိုကို့က ဉာဏ်ကောင်းတယ်ဆိုတာ ကိုကိုလဲ ခုတွေ့မှာပါ။ အဲ့တော့ စာသင်တဲ့နေရာမှာ ဘာပြဿနာမှ ရှိမှာ မဟုတ်ဘူး”
သွမ့်ကျင်းထျန်သည် ဆုဝန်၏ ပြုံးနေသော မျက်နှာလေးကို ကြည့်လိုက်မိသည်။ ထို့နောက် ရုတ်တရက် ယခုသည် သွမ့်အိမ်တော်တွင် ဖြစ်ကြောင်းကို သတိပြုလိုက်မိသည်။ လွန်ခဲ့သော ရက်အနည်းငယ်က ဆုဝန်သည် ပို၍ လှလာခဲ့သည်။ သူမ ဝမ်အိမ်တော်တွင် ရှိနေခဲ့သော လွန်ခဲ့သည့်ရက်အနည်းငယ်က သူမသည် ပိန်လှီပြီး အသားလည်း နက်မှောင်နေခဲ့သည်။ ကြမ်းတမ်းသော အဝတ်အစားများကိုသာ ဝတ်ဆင်ရပြီး တောက်ပသော မျက်လုံးလေးတစ်စုံသာ ကျန်နေရစ်သည်။
ယနေ့ကြည့်ရသလောက် ဆုဝန်၏ အသားအရေသည် ပို၍ ကောင်းလာသည်။ သူမမျက်နှာသည်လည်း ယခင်လို မကြမ်းတမ်းနေတော့ပေ။ သူမသည် ပဲပင်ပေါက်လေးကဲ့သို့ ပိန်ပိန်လေး ဖြစ်နေသေးသော်လည်း တကယ့်ကို ကြည့်ကောင်းလာသည်။
သွမ့်ကျင်းထျန်သည် ခေတ္တမျှငေးငိုင်သွားပြီး သူဆုဝန်နှင့် စကားပြောရသည့် အကြောင်းရင်းကို သတိရသွားကာ ဆက်ပြောသည်။ “ပြောရမယ်ဆိုရင် ဒီစာသင်နေတဲ့ နှစ်တွေအတွင်း မင်းက ကိုကို့ကို အဲ့လိုပြောဖူးတဲ့ တစ်ဦးတည်းသောသူပဲ။ ကိုကိုအိမ်စာတွေလုပ်တာ တကယ်ကို မကောင်းလို့ ဆရာကဆို စက်ဆုပ်စရာကောင်လို့ ခေါ်တတ်တယ်”
ဆုဝန်သည် ပြုံး၍ “ဆရာဆူတယ်ဆိုတာ ဒီတိုင်း သာမန်ကာလျှံကာ ဆူလိုက်တာပါ။ ဆရာက ကိုကို့ကို သစ်တုံးဦးနှောက်လို့ ခေါ်တိုင်း တကယ်သစ်တုံးဦးနှောက်မို့ အဲ့လိုပြောတာ မဟုတ်ပါဘူး။ ဆန့်ကျင်ဘက်အနေနဲ့ ပြောရရင် ကိုကိုက သာမန်လူတွေထက် အများကြီး ပိုတော်ပါတယ်။ ဥပမာပြောရရင် စစ်တုရင် ကစားတဲ့နေရာမှာဆို ကိုကိုက ကိုကိုဝမ်လော့ရှန်းထက် ပိုတော်တယ်လေ။ ပြီးတော့ နှံကောင်တိုက်တမ်း ကြက်တိုက်တမ်း ကစားကြတဲ့အခါ အခြားလူငယ်တွေကို အမြဲနိုင်တယ်လေ။ ဒါက တော်တာပဲပေါ့။ စာဖတ်တဲ့ နေရာမှာ အားနည်းပေမဲ့ အခြားတော်တဲ့နေရာတွေ အကြောင်းပြချက်တွေ အများကြီး ရှိနေပါသေးတယ်” သွမ့်ကျင်းထျန်က ဆက်လက်၍ “ကိုကို စာသေချာ မဖတ်နိုင်တဲ့ အကြောင်းရင်းက ဘာလို့ထင်လဲ”
ဆုဝန်သည် ခေတ္တမျှစဥ်းစား၍ “ညီမလေးအထင်တော့ စာကောင်းကောင်း မဖတ်နိုင်တာနဲ့ ပတ်သက်ပြီး အကြောင်းပြချက်တွေ ရှိနိုင်ပါတယ်။ အဲ့ထဲကတစ်ခုက ကစားမက်လို့ဖြစ်မယ်။ အိမ်စာဆိုတာ အရမ်းအလုပ်များတာပေမဲ့ ကိုကိုက အပြင်ပဲ အမြဲသွားနေတာပဲ။ ဘောလုံးပွဲတွေ သွားတယ်၊ ကြက်တွေ နှံကောင်တွေ တိုက်ပွဲကိုသွားတယ်။ မြို့ထဲမှာ တစ်ခုခုအသစ်ရှိပြီ ဆိုတာနဲ့ ပျော်ဖို့ ကြည့်ဖို့ ဆိုပြီး သွားတတ်တယ်လေ။ ဥပမာအနေနဲ့ ပြောရရင် ကိုကိုဝမ်လော့ရှန်းအိမ်က အစားအစာတွေ ကောင်းတယ်လို့ ကိုကိုသိတော့ လာစားကြည့်တယ်လေ။ ကိုကိုစိတ်ဝင်စားတယ်လို့ထင်တဲ့ ကိစ္စတွေအပေါ် အချိန်တွေအများကြီး သုံးတယ်။ အချိန်တင်မကဘူး။ အဲ့အရာတွေအပေါ် အများကြီးလဲ တွေးရတယ်လေ။ အဲ့တော့ သာမန်အားဖြင့် စာပေလေ့လာတဲ့နေရာမှာ စိတ်ကို မနှစ်မြုပ်ထားနိုင်တော့ဘူးးလေ”
“ဒုတိယအနေနဲ့ဆိုရင် ကိုကိုတို့မိသားစုက မိတ်ဆွေ သူငယ်ချင်း အရမ်းများတယ်။ တစ်အိမ်ကို သွားလည်တယ်။ နောက်နေ့ကျ နောက်တစ်အိမ်ကို ထပ်ပြီး လည်ပြန်ရော။ အဲဒါတွေက အချိန်အရမ်းပိုကုန်တယ်”
ဆုဝန်ထိုသို့ စကားများပြောလိုက်သောအခါ သွမ့်ကျင်းထျန်သည် အတွေးများသွားသည်။ ယနေ့ ဆုဝန်ပြောသောစကားများသည် မှန်နေသည်။ သူသည် ဉာဏ်ကောင်းပြီး စာဖတ်၍မရခြင်းမှာ ဤအချက်နှစ်ချက်ကြောင့် ဖြစ်ကြောင်း သွမ့်ကျင်းထျန်သည် ရှင်းလင်းသွားသည်။
သွမ့်ကျင်းထျန်သည် သူ့ထက်လည်း အသက်မကြီး၊ ကျောင်းလဲတစ်ခါမှ မတက်ဖူးသော မိန်းကလေးငယ်လေးတစ်ဦးဆီမှ ဤသို့စကားမျိုး ကြားရမည်ဟု မမျှော်လင့်ထားပေ။
ဆုဝန်၏ အသိပညာသည် သာမန်လူများနှင့် လုံးဝကွဲထွက်နေမှန်း သိသာထင်ရှားလေသည်။ စကားမစပ်ဆိုသလို ဝမ်လော့ရှန်းသည် ဆုဝန်ထိုအိမ်သို့ ရောက်သွားသည့် အချိန်မှစ၍ ပညာရေးအဆင့်များ တက်လာကြောင်း သတိရသွားသည်။
သွမ့်ကျင်းထျန်က ဆုဝန်ကို မေးသည်။”ဆုဝန် ဝမ်လော့ရှန်းက ညီမလေးရဲ့ စကားတွေကို နားထောင်လို့ ပညာရေးအဆင့်တွေ မြင့်လာခဲ့တာများလား”
ဆုဝန်ကပြုံးပြီး “ညီမလေးက ချိုချိုသာသာပဲ ပြောတာပါ။ ကိုကိုလော့ရှန်းက ညီမလေးကို စိတ်ရှုပ်စရာလို့ မြင်တာ။ ဆိုတော့ စကားအများကြီးလဲ မပြောရပါဘူး။ ကိုယ့်ကိုယ်ကိုယ်ပဲ ဂရုစိုက်နေရတာပေါ့။ ဒါတွေအားလုံးက မိသားစုကိစ္စကြောင့် ဆိုတော့လဲ သူ စိတ်အနှောင့်အယှက် ဖြစ်မခံတာလဲ ပါမှာပေါ့”
သွမ့်ကျင်းထျန်သည် ခုရက်ပိုင်းတွေအတွင်း ကျောင်း၌ ဝမ်လော့ရှန်း၏ ပုံမှန်မဟုတ်သော အပြုအမူများကို သတိထားမိသည်။ ထို့နောက် သူထိုကဲ့သို့ဖြစ်သွားရခြင်းမှာ ဆုဝန်သည် သွမ့်အိမ်တော်သို့ ချက်ပြုတ်ရန် လာသောကြောင့် ဖြစ်ရမည်ဟု တွေးလိုက်သည်။
သို့သော် ဝမ်လော့ရှန်း၏ ညီမငယ် ဆုဝန်အပေါ် ဆက်ဆံပုံများကိုကြည့်၍ ဆုဝန်အပေါ်လဲ အများကြီး အပြစ်မတင်ပေ။
သွမ့်ကျင်းထျန်သည် ရင်ထဲမှ တိတ်တိတ်လေး သက်ပြင်းချလိုက်သည်။ အကယ်၍ ဝမ်လော့ရှန်း၏ သာမန်မဟုတ်သော ပြောင်းလဲမှုများသည် ဆုဝန်တည်ရှိမှုနှင့် ဆက်စပ်နေခဲ့ပါလျှင် ဝမ်လော့ရှန်းသည် ကံကောင်းခြင်း၏ ဗဟိုတွင်ရှိနေပြီး မည်သို့ကံကောင်းအောင်လုပ်ရမည်ကို မသိသူပင် ဖြစ်သည်။ သွမ့်ကျင်းထျန်သည် ယခု ဆုဝန်နှင့် ပြောရသည်မှာ ယခင်က ဆွေမျိုးများ သူငယ်ချင်းမိတ်ဆွေများနှင့်ပြောရခြင်းထက် ပို၍ပင် ပျော်ဖို့ကောင်းသည်ဟု ခံစားလိုက်ရသည်။
ချင်းယွင်ပြည်မှ သူစကားပြောဖူးသော မိန်းမငယ်လေးများအားလုံးနှင့် ပြောရသည်ထက်ပင် ပို၍ ပျော်လေသည်။
သွမ့်ကျင်းထျန်က ဆုဝန်ကို သူသည် စာဖတ်ခြင်းနှင့်မဆိုင်သည့် အရာများ ကစားခြင်းကို ယခုမှစ ရပ်တန့်တော့မည်ဟု ဆိုသည်။
ဆုဝန်နှင့် အတူ ညစာ စားပြီးနောက် သွမ့်ကျင်းထျန်သည် ယနေ့စာသင်ခန်းထဲ သင်သမျှကို ပြန်လည်လေ့လာဖတ်ရှုရန် သွားတော့သည်။
သွမ့်ကျင်းထျန်သည် စာအုပ်ဖတ်နေရင်း သူ မသိလိုက်ခင်အတွင်း အချိန်ကိုကြည့်လိုက်သောအခါ ညလယ်စာစားရန် အချိန်ပင် ရောက်နေပြီ။ ဆုဝန်ညလယ်စာ လာပို့သည်ကို မြင်သောအခါ သူသည် စာအကြာကြီး ဖတ်လိုက်ကြောင်း သတိထားလိုက်မိသည်။
ထူးခြားချက်တစ်ခုမှာ သူသည် စာဖတ်လိုက်ပြီဆိုတာနှင့် အမြဲလိုလို ပျင်းရိတတ်ပြီး၊ ခဏလေး ဖတ်ပြီးတာနှင့် အနားယူဖို့ လိုနေတတ်သည်။ သို့သော် ယနေ့သည်မူ ကွဲပြားသည်။ စာဆက်တိုက်ဖတ်နေသော်လည်း သူသည် ပင်ပန်းသည်ဟု မခံစားရပေ။ စာဖတ်တာရပ်ပြီး နားရမည်ဟုလည်း လုံးဝမခံစားရပေ။
သွမ့်ကျင်းထျန်သည် လွန်ခဲ့သော နှစ်ရက်ကသူသည် သူ့ဘဝကို ပြည့်စုံစွာ ဖြတ်သန်းနိုင်ခဲ့သည်ဟု ခံစားလိုက်ရသည်။ ဆုဝန် ရောက်လာချိန်တွင် သူ့ဘဝသည် ပို၍ပင် ပြည့်စုံသွားသည်။
သွမ့်ကျင်းထျန်သည် ဆုဝန်ကို မယ်ကံကောင်းလေးဟုပင် ထင်မိသည်။
လွန်ခဲ့သော နှစ်နှစ်က သူမ ဝမ်အိမ်တော်သို့ ရောက်သွားချိန်တွင် ဝမ်လော့ရှန်း၏ စာပေဖတ်မှုသည် တဟုန်ထိုး တိုးတက်သွားခဲ့သည်။ ယခုအခါ သူမ သွမ့်အိမ်တော်သို ချက်ပြုတ်ရန် ရောက်လာစဥ်တွင် သူ၏ကိုယ်ပိုင် စာဖတ်မှုစွမ်းရည်လဲ တိုးတက်လာခဲ့ပေသည်။
ဆုဝန်သည် ဝမ်မိသားစုမှ ထွက်လာသောအခါ အစ်ကိုဝမ်သည် ယခင်ကလောက် စာကြိုးစားဟန်လဲ မပေါ်တော့ဘဲ အတန်းထဲတွင်လဲ အမြဲ အိပ်ငိုက်၍နေသည်။
ဆုဝန်သည်မူ သွမ့်အိမ်တော်တွင် ကောင်းမွန်စွာနေထိုင်သည်။ သွမ့်အိမ်တော်မှ အစေခံများ၊ အမျိုးသမီးများနှင့်လည်း အလွန်ပင် သင့်မြတ်သည်။ ဆုဝန်သည် မကြာခဏဆိုသလို လူတိုင်းအတွက် မုန့်များ လုပ်ကျွေးတတ်သည်။ သွမ့်ကျင်းထျန်နံဘေးအမြဲရှိ ချူးဝမ်မှလွဲ၍ အခြား သွမ့်အိမ်တော်ရှိ အစေခံများနှင့် အမျိုးသမီးများသည် ဖော်ရွေလှသည်။ သူတို့သည် ဆုဝန်ကို အလွန်နှစ်သက်လှသောကြောင့် အချို့အမျိုးသမီးများသည် သူတို့ကိုယ်ပိုင် အမျိုးသမီးအဝတ်များကို ဆုဝန်အဖို့ အိမ်မှ ယူလာပေးကြသည်။
ဆုဝန်သည် ယခု ငွေရေးကြေးရေး အခြေအနေကောင်းသော်လည်း အပြင်ထွက်၍ အဝတ်အစား ဝယ်မရသေးပေ။ ထိုအမျိုးသမီးများသည် ဆုဝန်အဖို့ အဝတ်တွေ ယူလာပေးပြီး ဆုဝန်ကလဲ မကြိုက်ဘူးဟူ၍ မရှိချေ။ သူမသည် ထိုအဝတ်များကို ရေနွေးဖြင့် အရင်ပြုတ် ပြီးလျှင် ဝတ်ဆင်လေသည်။
ထိုအဝတ်များ၏ သွင်ပြင်နှင့် အချုပ်အလုပ်သည် တကယ်ကိုကောင်းသည်။ ဆုဝန်သည် ထိုအဝတ်များကို ဝတ်ဆင်ပြီးသောအခါ ဆုဝန်နှင့်အတူ မီးဖိုချောင်တွင် အလုပ်လုပ်သော အဒေါ်များနှင့် အစေခံများသည် အဝတ်လဲလှ၊ လူလဲလှ ဟု ဝိုင်းဝန်း ချီးကျူးကြလေသည်။
တကယ်ကိုပင် သွမ့်အိမ်တော်၌ ဆယ်ရက်ခန့် နေပြီးသောအခါ ဆုဝန်၏ ပုံပန်းသွင်ပြင်သည် သွမ့်အိမ်တော်ကို ရောက်ကာစနှင့် မတူတော့ဘဲ လုံးဝ ကွဲပြားသွားသည်။ လွန်ခဲ့သော ရက်အနည်းငယ်က ဆုဝန်၏ မည်းနက်နေသော မျက်နှာသည် ဖြူလာသည်။ ရှုပ်ပွ ကြမ်းတမ်းနေသော ဆံကေသာများသည် နူးညံ့ပျော့ပျောင်းလာသည်။ ထို့ပြင် အသားအရေသည်လည်း ပို၍ နူးညံ့လာခဲ့သည်။
ဆုဝန်၏ မျက်နှာအရောင်သည် အနည်းငယ် ညစ်ထေးနေသေးသည်။ သူမသည် အပြည့်အဝ မပြီးပြည့်စုံသေး၊ အရွယ်မရောက်သေးသော်လည်း မိန်းမလှလေးတစ်ဦးတော့ ဧကန်ဖြစ်ပါပေသည်။
-------------------------