အပိုင်း (၂၃) ထူးချွန်အမျိုးသမီး
ဝမ်လော့ရှန်းမှာ ဂနာမငြိမ်ဖြစ်နေ၏။ ဤရက်ပိုင်းအတွင်း သူ ကမောက်ကမဖြစ်နေသည်ဟု ပြောနိုင်၏။ နေ့တိုင်းပင် သူကိုင်တွယ်ဖြေရှင်းရန် စောင့်နေသည့် အရာများစွာ ရှိနေ၏။ သို့ပေသိ သူ နေ့တိုင်း မောပန်းလောက်အောင် အလုပ်များနေသည့်တိုင် အရာအားလုံးသည် ကမောက်ကမဖြစ်နေဆဲပင်။
ဝမ်လော့ရှန်းမှာ သူ့ယခင်ဘဝမှ နေ့ရက်များအား ပြန်စဥ်းစားကြည့်လိုက်သည်။ ပုံရိပ်များထဲတွင်တော့ သူသည် အမြဲ အဆင်ပြေချောမွေ့နေခဲ့ပြီး အလျင်စလို ဖြစ်မနေခဲ့ချေ။ တစ်ခါမှ ဤသို့ အခက်မကြုံခဲ့ရဖူးပေ။
ဘယ်နေရာတွင်များ မှားယွင်းနေခဲ့ပါသနည်း။
ဝမ်လော့ရှန်းသည် ဝမ်ရှီးနှင့် ဝမ်လော့ရွှယ်အား ထပ်စကားပြောမနေတော့ဘဲ သူ့အခန်းတွင်းသို့သာ ဝင်သွားလိုက်သည်။ သန့်စင်ဆေးကြောခြင်းပင်မပြုတော့ဘဲ အိပ်ရာပေါ်တွင် လှဲတော့လေသည်။
တစ်နေ့လုံးစာလေ့လာရပြီး ကြိတ်ဆုံရုံတွင် နှစ်နာရီသွားအလုပ်လုပ်ရသည်ဖြစ်ရာ ဝမ်လော့ရှန်းမှာ ပင်ပန်းနေပြီဖြစ်၏။ သူသည် ယခင်ကကဲ့သို့ သန့်ရှင်းသပ်ရပ်နေရန် အရေးမနေစိုက်တော့ချေ။
ဘယ်အရာကများ မှားယွင်းနေရသနည်း။ ဝမ်လော့ရှန်းမှာ အတွေးနယ်ချဲ့နေမိ၏။
ယခု အဓိကသော့ချက်သည် သူရှာဖွေထားသည့်အမျိုးသမီးမှာ လုပ်နိုင်စွမ်း လုံလုံလောက်လောက် မရှိနေခြင်းပင်။ ဝမ်လော့ရှန်းမှာ သူ့ယခင်ဘဝကို ပြန်တွေးကြည့်လိုက်၏။ ကြိတ်ဆုံရုံ၏စီးပွားရေးမှာ တစ်နေ့တစ်ခြား တိုးတက်လာခဲ့ရာ မိသားစုသည်လည်း အစေခံတစ်ဦး ငှားရမ်းခဲ့သည်။ ထိုအစေခံသည် လုပ်နိုင်စွမ်း မရှိပေ။ နောက်ပိုင်းတွင် အိမ်သို့ ယန်ယွင်ရန်သည် အလည်အပတ်လာခဲ့၏။ မိခင်ဖြစ်သူအား ထိုအစေခံအမျိုးသမီးကို ငွေအနည်းငယ်ဆုချခိုင်းလိုက်ရာ ထိုအစေခံမှာ အလုပ်ကြိုးစားလာခဲ့သည်။
ပြောရမည်ဆိုလျှင် ယန်ယွင်ရန်သည် လုပ်တတ်ကိုင်တတ်ပေသည်။ မည်သို့ပင်ဆိုစေကာမူ သူသည် ပညာတတ်မိသားစုမှ လာသူဖြစ်ပြီး လူများကို ကောင်းစွာ စီမံခန့်ခွဲနိုင်၏။
လုပ်သမျှက ပညာမဲ့ကာ ကိုးရိုးကားရားနိုင်သည့် ဆုဝန်နှင့်မတူပေ။ အဲဒီအချိန်တုန်းက ယန်ယွင်ရန်က မိသားစုကိစ္စများကို တာဝန်ယူဂရုစိုက်ခဲ့ပြီး ဆုဝန်သည်တော့ ကြိတ်ဆုံရုံတွင် သွားရောက်ကူညီခဲ့သည်ပင်။
မိသားစုအစေခံသည် ယန်ယွင်ရန်ကို နှစ်သက်သဘောကျ၏။ ယန်ယွင်ရန်သည် တခြားသူများအပေါ် နူးညံ့ကြင်နာသည်ဟု ဆို၏။ သို့ပေသိ ဆုဝန်ကိုမူ မုန်းတီးပေ၏။ သူ့ရှေ့တွင် ဆုဝန်အား မကြာခဏ စွပ်စွဲပြောဆိုလေ့ရှိပြီး အကြိမ်တိုင်းတွင် ယန်ယွင်ရန်သည် ဆုဝန်အား အပြစ်တင်သည်ကို တားမြစ်တတ်၏။
ဝမ်လော့ရှန်းသည် ယခု သူ ယန်ယွင်ရန်အား အလောတကြီး လိုအပ်နေပြီဟု ခံစားနေရ၏။ ယခင်ဘဝတုန်းက ယန်ယွင်ရန်သည် အိမ်အတွင်း၊ အပြင်ကိစ္စများအား ဂရုစိုက်ပေးခဲ့၍ သူ့ကိုယ်သူ စာလေ့လာခြင်းတွင် မြှုပ်နှံကာ အသက်မွေးဝမ်းကျောင်းအတွက် ကြိုးစားနိုင်ခဲ့ခြင်းပင်။
ယခုဘဝ၌ ဟန့်တားနှောင့်ယှက်မည့်ဆုဝန် မရှိသဖြင့် သူနှင့်ယွင်ရန်သည် ပျော်ရွှင်စရာဘဝလေးတွင် နေနိုင်မည်မှာ သေချာလှပေ၏။
သူ့အထင်အရတော့ ယခင်ဘဝက ဤအချိန်မျိုးတွင် နှစ်ကုန်၌ မိသားစု ကြိတ်ဆုံရုံမှ အမြတ်စွန်းစွန်းကြီးကြီး ရနိုင်မည်ဖြစ်၏။
အိမ်က ယခုအချိန်တွင် ကမောက်ကမ ဖြစ်နေသော်လည်း ကောင်းသည့်တစ်ချက်မှာ ဆုဝန် ရှိမနေခြင်းပင်။ သို့ဖြစ်ရာ ဤအခွင့်အရေးကိုအရယူပြီး ဆုဝန်နှင့် အဆက်ဖြတ်ကာ သူနှင့် ယန်ယွင်ရန်၏ မင်္ဂလာပွဲကို ကျင်းပရပေမည်။ ဤသို့ဆိုလျှင် ယန်ယွင်ရန်အား မိသားစုကိစ္စများကို တတ်နိုင်သမျှ အမြန်ဆုံး ထိန်းသိမ်းစီမံခိုင်း၍ရပြီဖြစ်ပြီး သူသည်တော့ စိတ်အေးချမ်းသာစွာဖြင့် စာလေ့လာနိုင်ပြီ ဖြစ်၏။ ဆုဝန်၏ နှောင့်ယှက်မှုကိုလည်း ခံစားရတော့မည် မဟုတ်ချေ။
ယခုဘဝတွင် ယွင်ရန်အား သူ့ဇနီး စောစောလုပ်ခိုင်းရပေမည်။ ထိုသို့ဆိုရင် အရာအားလုံးမှာ နေရာမှန်ကို ပြန်ရောက်သွားတော့မည်ဖြစ်၏။ ဝမ်လော့ရှန်မှာ ထိုသို့ တစ်ညလုံး စဥ်းစားခဲ့၏။ နောက်တစ်နေ့ ကျောင်းတော်၌ နေ့လယ်အနားပေးချိန်တွင် သူ ယန်ယွင်ရန်ကို သွားရှာတော့လေသည်။
ယန်ယွင်ရန်အား သွားရှာရမည်ဖြစ်ရာ ဝမ်လော့ရှန်းသည် အဝတ်အစားအသစ်များကို ကြိုတင်၍ အထူးတလည် ပြင်ဆင်ထား၏။ ယန်ယွင်ရန်နှင့် တွေ့ချိန်၌ ဝမ်လော့ရှန်းမှာ ကျက်သရေရှိကာ ခံ့ညားနေပေ၏။
ကျောင်းတော်နားရှိ ဝါးရုံတောအုပ်လေးအတွင်းဝယ် လိုက်ဖက်ညီလှသည့် ယောကျ်ားပျိုတစ်ဦးနှင့် မိန်းမပျိုတစ်ဦး ရပ်နေခဲ့၏။
ဝမ်လော့ရှန်းသည် ဦးစွာစကားဆိုလိုက်၏
" ယွင်ရန်၊ ကိုယ် အစတုန်းကတော့ နန်းတွင်းစာမေးပွဲကို ကျွီရန်အဆင့်နဲ့ အောင်ပြီး အရာရှိဖြစ်လာတော့မှ မင်းရဲ့အိမ်ကို သွားပြီး လက်ထပ်တောင်းရမ်းချင်ခဲ့တာ"
" ဒါပေမဲ့ အခု ကိုယ်တို့မိသားစုမှာ စီမံကွပ်ကဲပေးမဲ့သူ မရှိဘူးဖြစ်နေတယ်။ အိမ်မှာ အစေခံတစ်ယောက် ငှားဖို့ စဥ်းစားထားပါတယ်။ ဒါပေမဲ့ ကိုယ့်အမေနဲ့ညီမလေးက အစေခံတွေ ခိုင်းနေကျမဟုတ်တော့ ကောင်းကောင်း မခန့်ခွဲနိုင်မှာ စိုးတယ်။ တကယ်လို့ မင်းအိမ်ကိုရောက်လာရင် သူ့ကို ကောင်းကောင်းကြည့်ပေးနိုင်မှာ သေချာတယ်"
ယန်ယွင်ရန်သည် မက်မွန်ရောင်ဝတ်စုံကို ဝတ်ဆင်ထားခဲ့ပြီး သူ၏မျက်နှာမှာ မက်မွန်ရောင်သန်းနေခဲ့၏။ သူ ဝမ်လော့ရှန်း၏ စကားများကို နားထောင်ပြီးသည့်နောက် သူ၏မျက်နှာမှာ ပို၍ပင် ရှက်သွေးဖြာလာခဲ့၏။ ဝမ်လော့ရှန်းတို့မိသားစုမှာ အမှန်တကယ်ပင် ချမ်းသာပေသည်။ သူတို့သည် ကျေးလက်ဒေသတွင် ဖြစ်နေသော်လည်း ကြိတ်ဆုံရုံစီးပွားရေးမှာ ကောင်းမွန်၏။ ယခု အစေခံပင် ငှားရန်လိုအပ်သည့်အနေအထားဖြစ်နေချေပြီ။
ဝမ်မိသားစုသည် ဝမ်လော့ရှန်းကိုထောက်ပံ့ပေးနိုင်ရုံသာမက အစေခံပင် ငှားနိုင်သေးရာ အိမ်၏ ချမ်းသာကြွယ်ဝမှုအား ဖော်ပြလျက်ရှိသည်။
ဝမ်လော့ရှန်းမှာ ချင်းယွင်ကောင်တီတွင် အလားအလာအကောင်းဆုံးသူတစ်ဦးဖြစ်၏။ သူ၏ ဖခင်သည်လည်း ဝမ်လော့ရှန်းသည် စာလေ့လာရန် အလားအလာရှိသည့် ရှားပါးသည့် ပါရမီရှင်တစ်ဦးဖြစ်ပြီး တောက်ပသည့်အနာဂတ်မျိုးရှိသည်ဟု ပြောခဲ့ဖူး၏။
ယန်ယွင်ရန်သည် ဝမ်လော့ရှန်းအား တစ်ချိန်လုံး လက်ခံထားခဲ့သည်ပင်။
ယန်ယွင်ရန် ရှက်ကိုးရှက်ကန်း ဖြစ်သွားသည်မြင်သော် ဝမ်လော့ရှန်းသည် ထပ်ပြောလိုက်ပြန်ပါ၏။
" မင်းကို စောစောလက်ထပ်လိုက်မှပဲ ကိုယ် အပူအပင် ကင်းကင်းနဲ့ စာလေ့လာနိုင်မှာ"
ယန်ယွင်ရန်သည် ခေါင်းငုံ့လျက်
" ဒါပေမဲ့ ရှင့်က စေ့စပ်ထားပြီးသားလေ။ ကျွန်မ မှတ်မိတယ်။ အဲဒီဆုဝန်ဆိုတာ ရှင့်ဇနီးလောင်းမလား။ ကျွန်မ ကျွန်မ အငယ်အနှောင်းတော့ လုံးဝမလုပ်နိုင်ဘူး"
ဝမ်လော့ရှန်း၏ နှလုံးသားအတွင်းဝယ် လှုပ်ခတ်သွားရ၏။ ယခင်ဘဝကလည်း ယန်ယွင်ရန်သည် မယားငယ် မလုပ်နိုင်ဟု ပြောခဲ့လေ၏။ သို့ပေသိ ဝမ်လော့ရှန်းအတွက် သူသည် နောက်တစ်လှမ်းဆုတ် အနစ်နာခံကာ အနှီ ပညာမဲ့သည့်ဆုဝန်၏လက်အောက်တွင် အငယ်အနှောင်းအဖြစ် နှစ်ပေါင်းများစွာ နေထိုင်ခဲ့၏။
ဆုဝန်သည် ပညာမတတ်ချေ။ ယွင်ရန်မှာ အတော်လေးနစ်နာခဲ့ရပေမည်။
ဤဘဝတွင်မူ ကျိန်းသေပေါက်ပင် ယွင်ရန်အား တင့်တောင်းတင့်တယ်နှင့် ဇနီးမယားအဖြစ် လက်ထပ်ယူရပေမည်။
ဝမ်လော့ရှန်းသည် ယန်ယွင်ရန်၏ မျက်ဝန်းများကိုစိုက်ကြည့်လျက်
" ယွင်ရန်၊ ကိုယ့်ရဲ့ ဆန္ဒကိုမင်းသိပါတယ်ကွာ။ ကိုယ် မင်းကို အငယ်အနှောင်း မလုပ်ခိုင်းပါဘူး"
" အဲဒီဆုဝန်က ကိုယ်တို့အိမ်ထဲကို ဇနီးလောင်းအနေနဲ့ ပထမဆုံး ဝင်ခဲ့တယ်ဆိုပေမဲ့ ကိုယ် သူ့အပေါ် ဘယ်တုန်းကမှ ခံစားချက်မရှိခဲ့ဖူးဘူး။ သူက ဘာမှနားလည်တာ မဟုတ်ဘူး။ ကိုယ်နဲ့ ကဗျာအကြောင်း ပြောနိုင်တဲ့ မင်းနဲ့တခြားစီပဲ။ ကိုယ် သူ့ကို လက်ထပ်ယူစရာအကြောင်းမရှိပါဘူးကွာ"
ယန်ယွင်ရန်သည် ခေါင်းမော့ကာ ဝမ်လော့ရှန်း၏ မျက်နှာချောချောအား ကြည့်လိုက်၏။
" လော့ရှန်း၊ ကျွန်မ ရှင့်ကို နားလည်ပါတယ်။ ကျွန်မ ရှင်နဲ့ စောစော မတွေ့ဆုံခဲ့တာကိုပဲ အပြစ်တင်မိတာပါ။ တကယ်လို့ ကျွန်မတို့သာ စောစောတွေ့ခဲ့ကြမယ်ဆိုရင် ရှင့်အိမ်ကလည်း ရှင့်ကို ဒီမင်္ဂလာကိစ္စ စီစဥ်ပေးထားမှာ မဟုတ်ဘူးလေ။ ရှင် ဆုဝန်နဲ့ မင်္ဂလာကိစ္စကို ဖျက်သိမ်းနိုင်တယ်ဆိုရင် ကျွန်မအိမ်ကို လာတောင်းလှည့်ပါ"
ဝမ်လော့ရှန်းကဆိုလိုက်၏
" အခုပဲ ကိုယ် ဆုဝန်နဲ့ စေ့စပ်ကြောင်းလမ်းထားတာကို ဖျက်သိမ်းမလို့။ ဒါပေမဲ့ ဆုဝန်က ကိုင်တွယ်ရခက်တဲ့လူမျိုး။ အလှည့်အပြောင်းလေးတွေ ရှိမှာ ကြောက်ရတယ်။ မင်း ကိုယ့်ကို စောင့်ရမယ်နော်"
ယန်ယွင်ရန်က နူးညံ့စွာ ပြောလာ၏။
" ဆုဝန် စေ့စပ်ထားတာကို မဖျက်ပေးချင်တာက ရှင့်အပေါ် ခံစားချက်တွေ နက်ရှိုင်းလွန်းနေလို့ပဲ ထင်ပါတယ်လေ။ ရှင် ဖျက်သိမ်းတဲ့အချိန်ကျ သူ့ကို အရမ်းနာကျင်ရအောင် မလုပ်ပါနဲ့"
ဝမ်လော့ရှန်းက ခေါင်းညိတ်ပြလိုက်၏။
စကားပြောပြီးသည့်နောက် ဝမ်လော့ရှန်းမှာ ကျောင်းတော်သို့ ပြန်သွားကာ ဤတစ်ရက်အား ခါတိုင်းသို့ပင် ပျာပျာယာယာ ဖြတ်သန်းရပြန်၏။
အိမ်သို့ပြန်ရောက်သော် ဝမ်လော့ရှန်းသည် မိခင်ဖြစ်သူအား သူနှင့်ဆုဝန်၏ စေ့စပ်ကြောင်းလမ်းထားမှုကို ဖျက်သိမ်းကာ ယန်ယွင်ရန်အား လက်ထပ်ခွင့်တောင်းမည်ဖြစ်ကြောင်း ပြောပြလိုက်၏။
ဝမ်ရှီးသည် ယန်ယွင်ရန် အကြောင်းကို သိထား၏။ ယန်ယွင်ရန်သည် ဝမ်လော့ရှန်း၏ ကျောင်းတော်မှ ဆရာဖြစ်သူ၏ သမီးပင်ဖြစ်ချေသည်။ သူသည် နူးညံ့သိမ်မွေ့ကာ သန့်စင်မွန်မြတ်၏။ ပညာတတ်ကာ စဥ်းစားချင့်ချိန်တတ်၏။ ချင်းယွင်ကောင်တီမှ အမျိုးသားငယ်များတွင် တစ်ဝက်လောက်က ယန်ယွင်ရန်ကို လက်ထပ်လိုကြ၏။
ဝမ်ရှီးမှာမူ ယန်ယွင်ရန်အား များစွာနှစ်သက်ခြင်းမရှိရပါချေ။ သူ ယန်ယွင်ရန်နှင့် မတွေ့ဖူးသော်ငြား ယန်ယွင်ရန်နှင့် တွေ့ဖူးသူများ၏ဖော်ညွှန်းချက်အရ နူးညံ့သိမ်မွေ့သူတစ်ဦး ဖြစ်ကြောင်း ဝမ်ရှီး သိထားပေ၏။
ဝမ်ရှီးသည် အနည်းငယ် မကျေမနပ်ဖြင့်
" အဲဒီယွင်ယန်ရန်က အလုပ်လုပ်နိုင်မှာမို့လို့လား"
ဝမ်လော့ရှန်းက ပြောလိုက်၏
" အမေ့စကားက မှားနေပြီဗျ။ အိမ်ထဲကအလုပ်တွေက ဘယ်မှာ သူလုပ်စရာ လိုမှာလဲ။ သူက အစေခံကို ညွှန်ကြားပေးလိမ့်မယ်လေ။ ကျိန်းသေပေါက် အားလုံးကို အစေခံက လုပ်သွားမှာပေါ့ "
ဝမ်ရှီးက ဒေါသထွက်ကာ
" ဘယ်သူက အစေခံကို မညွှန်ကြားတတ်လို့လဲ။ အမေက သားကို သူအလုပ်လုပ်နိုင်လားလို့ မေးနေတာ။ အမေတို့မိသားစုရဲ့ချွေးမက တုံးအလို့မရဘူး။ ပျင်းတာကတော့ ပိုလို့တောင်မရဘူး"
ဝမ်လော့ရှန်းမှာ ခေါင်းကိုက်လာရသည်။
'အမေက ဘယ်သူမဆို အစေခံညွှန်ကြားတတ်တယ်လို့ပြောတယ်။ ဒါဆို အိမ်က အစေခံက ဘာလို့ အလုပ်မလုပ်နိုင်ရတာလဲ။ ကြည့်ရတာ အမေစီစဥ်တာက မသင့်တော်တဲ့ပုံပဲ'
'တကယ်လို့ ယွင်ရန်သာ အိမ်ကိုရောက်လာမယ်ဆိုရင် ဒါတွေအားလုံးကို မှန်မှန်ကန်ကန် စီမံနိုင်မှာပဲ'
ဝမ်ရှီးက နောက်တစ်ကြိမ်ထပ်မေးလာပြန်သည်။
" တကယ်လို့ အလုပ်မလုပ်တတ်ဘူးဆိုရင်တောင် အဲဒီယန်ယွင်ရန်က အသွင်းပစ္စည်း ဘယ်လောက်ပါလာနိုင်လောက်လဲ"
ဝမ်လော့ရှန်းသည် ယခင်ဘဝကို ပြန်တွေးလိုက်၏။ ယန်ယွင်ရန်သည် သူ့ကိုလက်ထပ်ရန်အတွက် အသွင်းပစ္စည်းအနေဖြင့် ငွေသားတစ်ရာ ယူလာခဲ့ချေ၏။
ဝမ်လော့ရှန်းက ပြန်ဖြေလိုက်သည်။ " ငွေသားတစ်ရာလောက်ဆိုရင်ရော"
ဝမ်ရှီးသည် စိတ်အေးသွားသည့် မျက်နှာအမူအရာဖြင့်
" တကယ်လို့ ငွေသားတစ်ရာရှိရင်တော့ ရပါတယ်လေ။ ဒါပေမဲ့ အသွင်းပစ္စည်းလည်း မရှိဘူး။ အလုပ်လည်း မလုပ်တတ်ဘူးဆိုရင်တော့ ဆုဝန်ကိုပဲ လက်ထပ်လိုက်တာ ပိုကောင်းလိမ့်မယ်"
"ဆုဝန်က ကြည့်ရတာ နည်းနည်းရုပ်ဆိုးပြီး လူက ကြောင်တောင်တောင်နိုင်တယ်ဆိုပေမဲ့လည်း အလုပ်တော့ လုပ်တတ်ပါသေးတယ်။ လုံးဝသုံးစားမရတာမျိုးလည်း မဟုတ်ဘူးလေ"
ဝမ်ရှီးက ဆုဝန်အား ရုပ်ဆိုးသည်ဟု ပြောလိုက်ခြင်းမှာ ဝမ်လော့ရှန်းကို ဤရက်ပိုင်းအတွင်း ဆုဝန် ပို၍ ဆွဲဆောင်မှုရှိလာကြောင်း ရုတ်တရက် အမှတ်ရသွားစေ၏။
ထိုသို့တွေးမိသော် ဝမ်လော့ရှန်းမှာ ရုတ်တရက်ပင် ဆုဝန်သည် အမြင်ကတ်စရာကောင်းမနေတော့ဟု ခံစားလာရ၏။ ထိုအတွေးဝင်လာသည်နှင့် ဝမ်လော့ရှန်းမှာ ချက်ချင်း ဖိနှိပ်ပစ်လိုက်သည်။ ယခင်ဘဝက ဆုဝန်သည် အမြဲတစေ နည်းလမ်းပေါင်းစုံဖြင့် သူ့ကို ချဥ်းကပ်ကာ မျက်နှာသာလုပ်ရန် ကြိုးစားလေ့ရှိရာ လူကို စိတ်ပျက်စေပေ၏။
ဆုဝန်မှာ ဤရက်များတွင် ကြည့်ကောင်းလာသည်ဆိုလျှင်တောင်မှ ယန်ယွင်ရန်နှင့် ယှဥ်လိုက်ပါက ဘဲရိုင်းနှင့် ငန်းဖြူကဲ့သို့ ဖြစ်နေဆဲပင်။
အကယ်၍ ယန်ယွင်ရန်သာ သူ့ဇနီးဖြစ်လာခဲ့ပါလျှင် ချင်းယွင်ကောင်တီတစ်ခုလုံးမှ အမျိုးသားများသည် သူ့ကို မနာလိုအားကျဖြစ်ကြမည်ပင်။ အကယ်၍ ဆုဝန်နှင့်သာ လက်ထပ်လိုက်လျှင်မူ ချင်းယွင်ကောင်တီတစ်ခုလုံးမှအမျိုးသားများသည် သူ့အား လှောင်ရယ်ကြပေလိမ့်မည်။
ဝမ်လော့ရှန်းသည် ဝမ်ရှီးအား ထပ်ပြောလာပြန်ပါ၏။
" အမေ၊ သားအမြင်အရတော့ သားတို့ ယန်မိသားစုကို စောစောသွားပြီး လက်ထပ်တောင်းရမ်းလိုက်တာက ပိုကောင်းလိမ့်မယ်နော်။ ချင်းယွင်ကောင်တီမှာ ယွင်ရန့်ကို စိုက်ကြည့်နေတဲ့မျက်လုံးတွေ ဘယ်လောက်တောင်မှ များလိုက်သလဲ။ နောက်ကျသွားရင် တခြားသူက လက်ဦးသွားလိမ့်မယ်ဗျ"
ဝမ်ရှီးက ဆိုလိုက်သည်။
" ဒီအိမ်မှာ တကယ်ကိုပဲ နောက်ထပ်အလုပ်သမား ထပ်ခေါ်ဖို့လိုနေတယ်။ ဆုဝန်က အပြင်ကနေ ပိုက်ဆံရှာခိုင်းပြီး ယန်ယွင်ရန်ကိုကျ အိမ်မှာအလုပ်လုပ်ခိုင်းထားလိုက်မယ်။ ဒီလိုဆို အမေတို့ သက်သောင့်သက်သာဘဝမျိုးနဲ့ နေနိုင်ပြီပေါ့"
ဝမ်လော့ရှန်းက အလျင်စလိုဖြင့်
"အစေခံ ငှားဖို့လိုသေးတယ်ပေါ့နော်"
ဝမ်ရှီးသည် ခေါင်းညိတ်လျက်
" ကျိန်းသေပေါက် အစေခံငှားရမှာပေါ့"
ဤရက်ပိုင်းအတွင်း ဝမ်ရှီးသည် ရွာထဲရှိ အမျိုးသမီးများနှင့် စကားပြောသည့်အချိန်၌ အိမ်တွင် အစေခံတစ်ယောက်ငှားရန်လိုကြောင်း ပြောပြီးလေရာ အကယ်၍ မငှားဖြစ်လျှင် လူရယ်စရာဖြစ်ပေလိမ့်မည်။
ဝမ်လော့ရှန်းနှင့် ဝမ်ရှီးတို့မှာ တစ်ခဏမျှ ဆွေးနွေးခဲ့ကြ၏။ ယန်ယွင်ရန်အား လက်ထပ်တောင်းရမ်းလိုပါလျှင် အရေးအကြီးဆုံးအရာမှာ ဆုဝန်နှင့် စေ့စပ်ထားမှုအား ကိုင်တွယ်ဖြေရှင်းရန်ပင်ဖြစ်၏။
ဆုဝန်နှင့် ဝမ်လော့ရှန်း၏ စေ့စပ်ကြောင်းလမ်းမှုမှာ စာချုပ်စာတမ်းများ မရှိသော်လည်း အိမ်နီးချင်းများအားလုံး သိပြီးဖြစ်၏။ သို့ဖြစ်လေရာ ဝမ်ရှီးသည် ဆုဝန်မှာ ဝမ်မိသားစုကို မှီခိုနေရခြင်းသာဖြစ်ကြောင်း၊ ဆုဝန်သည် ဝမ်မိသားစု၏ ချွေးမလောင်းဟုဆိုရခြင်းမှာ ငယ်စဥ်က နောက်ပြောင်ကစားခဲ့ခြင်းသာဖြစ်ကြောင်း သတင်းလွှင့်ရန် ဤရက်များအား အနှီအမျိုးသမီးများနှင့် စကားစမြည်ပြောခြင်းဖြင့် ကုန်ဆုံးရန် လိုအပ်လေသည်။
ထို့အပြင် ယန်ယွင်ရန်အား လက်ထပ်တောင်းရမ်းရန်မှာလည်း ငွေလိုအပ်ပေ၏။ အတိတ်နှစ် အနည်းငယ်အတွင်း ဝမ်မိသားစု၏နေ့ရက်များသည် ပိုမိုကောင်းမွန်လာခဲ့ရာ စုဆောင်းမှုတချို့ရှိလေ၏။ သို့ဖြစ်ရာ ယန်မိသားစုကို တင်တောင်းနိုင်ပေသည်။
ထိုသို့တွေးလိုက်ပါလျှင် ဤကိစ္စသည်လည်း အဆင်ပြေချောမွေ့နေသည်သာ။
နောက်တစ်ရက်တွင် ဝမ်လော့ရှန်းသည် ကျောင်းတော်သို့သွားခဲ့ပြီး သွမ့်ကျင်းထျန်ထံမှ သွမ့်အိမ်တော်သို့ လာရောက်ရန် ဖိတ်ကြားခြင်း ခံခဲ့ရ၏။
ဝမ်လော့ရှန်းသည် သွမ့်အိမ်တော်သို့ စာလေ့လာရန် နေ့တိုင်းသွားရောက်သော်ငြားလည်း သွမ့်ကျင်းထျန်၏ ယခုတစ်ကြိမ် ဖိတ်ခေါ်မှုသည်တော့ ကွဲပြားပေ၏။ ဤတစ်ကြိမ်တွင် သွမ့်ကျင်းထျန်သည် သူ့အတန်းဖော်အားလုံးကို သွမ့်အိမ်တော်သို့ ဧည့်သည်အဖြစ် ဖိတ်ကြားခဲ့ခြင်းပင် ဖြစ်ချေသည်။
ဤရက်များအတွင်း သွမ့်ကျင်းထျန် ကျောင်းတော်သို့ထည့်လာသည့် အစားအသောက်များမှာ မွေးပျံ့လွန်းလှရာ လူ့နှလုံးသားအား မရိုးမရွဖြစ်စေပြီး သာမန်အစားအစာများကို မျိုချရန် နည်းလမ်းမရှိ ဖြစ်စေ၏။
အားလုံးက သွမ့်ကျင်းထျန်အား ဒကာခံကျွေးမွေးပါရန် အပျော်သဘောဖြင့် ဆိုလာကြ၏။ သွမ့်ကျင်းထျန်သည် ရက်ရောသူတစ်ဦးဖြစ်ရာ သဘောတူခဲ့ပေသည်။ သို့ဖြစ်ရာ သူသည် အတန်းဖော်တစ်ဖွဲ့လုံးအား သူ၏အိမ်တော်၌ ဂန္ဓမာပန်းရှုစားရင်း အနားယူအပန်းဖြေရန် ဖိတ်ကြားခဲ့၏။
ဂန္ဓမာပန်းရှုစားသည်ဟု ဆိုသော်ငြား သွမ့်အိမ်တော်သို့ ညစာစားသောက်ရန် သွားရောက်ခြင်းသာ ဖြစ်၏။ အဆိုပါ ပုဂ္ဂိုလ်များသည် စာသင်သားများ ဖြစ်ကြသည့်အတွက် သွားရောက်စားသောက်မည်ဟု တဲ့တိုးပြောလျှင် နည်းနည်း ရိုင်းပျရာကြပေမည်။ ထို့ကြောင့် ဂန္ဓမာပန်းရှုစားခြင်းဟု အမည်ဖွဲ့နွဲ့ခေါ်ဝေါ်ရခြင်းပင်။ ထိုမှသာလျှင် စာသင်သားများပြုသင့်သည့် ကြော့ရှင်းသိမ်မွေ့သည့်ဟန်ပေါ်မည်ဖြစ်၏။
ဂန္ဓမာပန်းစားပွဲတော်အကြောင်းကို သွမ့်ကျင်းထျန်၏မိခင် သိသွားချိန်တွင် သူသည် ချင်းကျိုးစီရင်စုမှ ကျိကျိတက်ချမ်းသာသည့်စီးပွားရေးလုပ်ငန်းရှင် ချောင်မိသားစုမှ သခင်မလေး ချောင်ယွဲ့ရူအား သွမ့်ကျင်းထျန်နှင့် ချောင်ယွဲ့ရူ၏ဆက်ဆံရေးတိုးတက်လာစေရန် တမင်ပင် ဖိတ်ခိုင်းတော့လေသည်။
သို့ဖြစ်ရာ သွမ့်မိသားစုသည် ချောင်ယွဲ့ရူအပြင် ချင်းကျိုးစီရင်စုမှ တခြား နာမည်ကျော် သခင်မလေးများကိုပါ ဖိတ်ကြားခဲ့၏။ ထိုအထဲတွင် ယန်ယွင်ရန်သည်လည်း အပါအဝင်ဖြစ်လေသည်။ ယန်ယွင်ရန်အတွက် ပွဲတော်များတွင် ကဗျာရွတ်ဆို၊ ပန်းချီရေးဆွဲရသည်မှာ အထူးအထွေကိစ္စ မဟုတ်ပါချေ။
သို့ပေသိ ယန်ယွင်ရန်မှာ ဤဂန္ဓမာပန်းစားပွဲတော်ကို သွမ့်ကျင်းထျန်မှစကာ ဆုဝန်အတွက် စီစဥ်ပေးခြင်း ဖြစ်ကြောင်းသည် စာသင်သားများ အတော်များများထံမှ သိရှိလိုက်ရ၏။
ယန်ယွင်ရန်မှာ အနည်းငယ် တုန်လှုပ်သွားရသည်။ သွမ့်ကျင်းထျန်သည် သူကဲ့သို့ ချင်းယွင်ကောင်တီနံပါတ်တစ် ထူးချွန်အမျိုးသမီးကိုပင် အရေးမစိုက်ချေ။ အဘယ်ကြောင့်များ ထိုနိမ့်ပါးသည့် သတို့သမီးလောင်းတစ်ဦးအတွက် ပွဲတော်တစ်ခု ကျင်းပပေးရပါသနည်း။
...