Ch 24
Viewers 2k

အခန်း (၂၄)

သွမ့်ကျင်းထျန်သည် ဆုဝန်ချက်ကျွေးသော အစားအစာများအား သူ့ပညာသင်ဖက်များနှင့် ဝေမျှစားရမည်ဟု တွေးပင် မတွေးဖူးပေ။ သို့သော သူ့ပညာသင်ဖက်များ၏ တောင်းဆိုမှုများမှာ များပြားလှသောကြောင့် သွမ့်ကျင်းထျန်က လိုက်လျောလိုက်ရပေသည်။ 

သွမ့်ကျင်းထျန် ဆုဝန်ကို ခေါ်လာတုန်းက တစ်ရက်လျှင် သုံးနပ်စာသာ ချက်ကြမည်ဟု သဘောတူညီခဲ့ကြသည်။ သို့သော် ယခုသည် ဧည့်ခံပွဲအကြီးကြီး ဖြစ်သည်။ ထို့ကြောင့် သွမ့်ကျင်းထျန်သည် ဆုဝန်အား ငွေတုံးသုံးဆယ်ကို ယူသွားပေးလေသည်။

ဆုဝန်သည် သူမအား တံခါးအပြင်ဘက်မှ သွမ့်ကျင်းထျန် သူမကို ခေါ်နေသည်ကို ကြားသောအခါ အခန်းအပြင်သို့ လျှောက်လာလိုက်သည်။ 

လရောင်အောက်တွင် သွမ့်ကျင်းထျန်သည် အဖြူရောင် ပိုးထည်ကိုဝတ်ထားပြီး လရောင်နှင့် အနံသင့်လှသည်။ နယ်နှင်ပေးခံရသူကဲ့သို့ ရပ်၍နေလေသည်။ 

သွမ့်ကျင်းထျန်က “ညီမဆုဝန် အစ်ကို့ရဲ့ ကျောင်းက ပညာသင်ဖက်တွေ အိမ်တော်ကို ဧည့်သည်အဖြစ် ရက်အနည်းငယ် လာနေလိမ့်မယ်။ အဲဒါ အဲ့ဒီ့အချိန်ကျရင် ညီမရဲ့ ဟင်းချက်လက်ရာကို လိုအပ်တယ်။ ဆိုတော့ ဒါက ချက်ပြုတ်တဲ့အတွက် အဖိုးအခပါ” 

အဖြူရောင် အိတ်သည် ဖောင်းကားနေသည်ကို တစ်ချက်ကြည့်ရုံဖြင့် ငွေအများအပြားပါကြောင်း အတပ်ပြောနိုင်ပေသည်။ 

ဆုဝန်သည် ယဥ်ယဥ်ကျေးကျေး ငြင်းပယ်ကာ “သွမ့်မိသားစုက ညီမအပေါ် အများကြီးပေးထားပြီးပါပြီ။ ပြီး‌တော့ ဒီဧည့်ခံပွဲကလည်း ညီမရဲ့ တာဝန်ပါပဲ။ ဆိုတော့ ကိုကို့ဆီက ပိုက်ဆံ ထပ်မယူပါရစေနဲ့” 

သွမ့်ကျင်းထျန်သည် ဆုဝန်အား ပိုက်ဆံပေးရန် စိတ်အားထက်သန်နေပြီး သူ့အပြုအမူအရ လက်လျှော့မည့်ပုံ လုံးဝမပေါ်ပေ။ 

ဆုဝန်သည်လည်း နောက်ထပ် မငြင်းလိုတော့ပေ။ သွမ့်ကျင်းထျန် ပြောသည်များမှာလည်း အကျိုးအကြောင်း ဆီလျော်ပေသည်။ သွမ့်မိသားစုနှင့် ဆုဝန်ကြားမှ သဘောတူညီချက်တွင် ဧည့်ခံပွဲမပါပေ။ ထို့ကြောင့် အကယ်၍ ဆုဝန် ပိုက်ဆံ ယူလိုက်လျှင်တောင်မှ အပိုလုပ်ရပ်တစ်ခုတော့ မဟုတ်ပါပေ။ 

ဆုဝန်သည် ပိုက်ဆံကို လက်ခံထားလိုက်ပြီး သွမ့်ကျင်းထျန်၏ ကြင်နာမှုကို သူမနှလုံးသားထဲတွင် မှတ်သားထားလိုက်လေသည်။ 

ဤငွေတုံးသုံးဆယ်သည် သူမ သွမ့်မိသားစုတွင် အလုပ်လုပ်လျှင်တောင် သုံးလေးနှစ် လုပ်မှသာ ရရှိနိုင်သော ငွေကြေးဖြစ်ပေသည်။ သွမ့်ကျင်းထျန်သည် တကယ့်ကို သဘောထားကြီးလှပေသည်။ 

စက်တင်ဘာလ တစ်ဆယ့်ခြောက်ရက်နေ့တွင် သွမ့်မိသားစု၏ ဂန္ဓာမာပန်းပွဲတော်ကို ကျင်းပသည်။ 

ကျောင်းမှ သွမ့်ကျင်းထျန်၏ ပညာသင်ဖက်များသည် သွမ့်အိမ်တော်သို့ ရောက်လာသည်။ ကျောင်းမှ ပညာသင်ဖက်များအပြင် အခြားကျောင်းများမှ သွမ့်ကျင်းထျန်နှင့် ရင်းနှီးသည့် ပညာသင်ဖက်များပါ ရောက်လာကြသည်။ 

ချင်းယွင်ကောင်တီ၏ လူချမ်းသာမိသားစုဝင် အမျိုးသမီးငယ်များဖြစ်ကြသည့် ယန်ယွင်ရန် နှင့် ချင်းကျိုးစီရင်စုမှ သူဌေးကြီး၏ တစ်ဦးတည်းသောသမီး ချောင်ယွဲ့ရူ တို့လဲ လာကြလေသည်။ ထိုအမျိုးသမီးငယ်တို့သည် ဂုဏ်သရေရှိကြကြောင်းကို ခွဲခြားသိမြင်နိုင်ကြလေသည်။ 

သူတို့အားလုံးတို့သည် လက်မထပ်ရသေးသော အပျို လူပျိုများ ဖြစ်ကြသည်။ အားလုံးသည် သပ်ရပ်ကြော့ရှင်းစွာ ဝတ်ဆင်လာကြသည်။ အမျိုးသားများ၏ အဝတ်များသည် ခေတ်ဆန်ကြော့မော့နေပြီး အမျိုးသမီးများ၏ အဝတ်အစားများသည် သပ်ရပ်ကြော့ရှင်းနေကြသည်။ သူတို့သည် ပွဲပိုင်ရှင်များထက်ပင် မျက်စိကျိန်းလောက်အောင် တောက်ပနေကြသည်။ 

သွမ့်ကျင်းထျန်၏ မိခင်က ချောင်ယွဲ့ရူတို့အား ဖိတ်ခေါ်လိုက်ရခြင်းမှာ သူမသည် ချောင်မိသားစုနှင့် လက်ဆက်လိုသောကြောင့်ပင် ဖြစ်ပေသည်။ သွမ့်မိသားစုသည် ချင်းယွင်ကောင်တီတွင် အချမ်းသာဆုံး ဖြစ်သည်။ သို့သော် အဆောက်အဦများ၏ အပြင်ဘက်တွင် အဆောက်အဦများ ထပ်ရှိပြီး၊ တောင်များ၏ အပြင်ဘက်တွင် တောင်များ ထပ်ရှိပေသည်။ ချင်းကျိုးစီရင်စုသည် ချင်းယွင်ကောင်တီထက် အိမ်ခြေပေါင်း တစ်ဒါဇင်ကျော် ပို၍ ရှိပေသည်၊ မိသားစုများသည်လည်း သွမ့်မိသားစုထက် ပို၍ ချမ်းသာပေသည်။ 

ချောင်မိသားစုသည် ချင်းကျိုးစီရင်စုတွင် ဒုတိယမြောက် အချမ်းသာဆုံး မိသားစု ဖြစ်ပေသည်။ သွမ့်မိသားစုသာ ချောင်မိသားစုနှင့် လက်ထပ်လိုက်နိုင်လျှင် သွမ့်မိသားစု၏ စီးပွားရေးသည်လည်း ကြီးထွားလာပေလိမ့်မည်။ 

လွန်ခဲ့သော ပွဲတော်တုန်းက ချောင်ယွဲ့ရူသည် သွမ့်ကျင်းထျန်အား အမှုမဲ့ အမှတ်မဲ့‌ရော၊ တမင်တကာကော အကြိမ်ပေါင်းများစွာ လှမ်းကြည့်နေမှန်း သွမ့်ကျင်းထျန်၏ အမေသည် သတိထားမိထားလေသည်။ 

ယနေ့ ချောင်ယွဲ့ရူသည် ပဒုမ္မာကြာမှုန့်ဖြင့် လုပ်ထားသော အဖြူရောင် ဝတ်ရုံကို ဝတ်ဆင်ထားသည်။ သူမ ဆင်မြန်းထားသော ဆံထိုးမှာ အရှေ့ဘက် တောင်တရုတ်ပင်လယ်မှ ပုလဲဖြင့် ပြုလုပ်ထားသည်။ သူမသည် နူးညံ့တောက်ပပြီး တောက်ပြောင်လှသည်။ 

ယနေ့လာသော အမျိုးသမီးများအနက် ချောင်ယွဲ့ရူနှင့် ယန်ယွင်ရန်သည် အတောက်ပဆုံး ဖြစ်လေသည်။ ချောင်ယွဲ့ရူ၏ မိသားစုသည် ချင်းကျိုးစီရင်စုတွင် လူချမ်းသာများဖြစ်ကြသည်။ သူမ၏ ဂုဏ်သတင်းသည် ကျော်ကြားပြီး သူမ၏ ထည်ဝါသော ဝတ်စုံကလဲ ‌တောက်ပလွန်းနေရာ လူများက သူမအား ကြည့်ပင် မကြည့်ရဲ ဖြစ်ကြမည်မှာ ပြောနေရန်ပင် မလိုပေ။ 

ယန်ယွင်ရန်သည် ချင်းကျိုးစီရင်စုမှ အလှဆုံး အမျိုးသမီးဖြစ်သည့်အပြင် ပညာသင်ကျောင်းသား မိသားစုမှ ဆင်းသက်လာသူဖြစ်သည်။ ကုန်သည်များစွာတို့၏ သားတို့သည် ပညာသင်အမျိုးသမီးအား လက်ဆက်ရန် စိတ်ကူးယဥ် အိပ်မက်ကြသည်။ 

သွမ့်ကျင်းထျန်၏ ပညာသင်ဖက်များသည် ချောင်ယွဲ့ရူနှင့် ယန်ယွင်ရန်တို့ ထံသို့ ရည်ရွယ်၍ ဖြစ်စေ၊ မရည်ရွယ်ဘဲနှင့်ဖြစ်စေ စကားလာပြောကြသည်။ သူမတို့သည် မိန်းမပျိုများအားလုံးအနက် အထင်ရှားဆုံးဖြစ်ကြောင်းမှာ သံသယဝင်ရန်ပင် မလိုချေ။ 

ဝမ်လော့ရှန်းသည် အခြားသူများက ယန်ယွင်ရန်အား အာရုံစိုက်နေကြသည်ကို မြင်သောအခါ ဂုဏ်ယူမိလေသည်။ သူတို့သည် မည်မျှလောက်ပင် ပျူပျူငှာငှာ ဆက်ဆံနေပါစေ၊ ယန်ယွင်ရန်သည် သူတို့အား လှည့်ပင် မကြည့်ပေ။ 

သူနှင့် ယန်ယွင်ရန်သည် တစ်ဦးနှင့်တစ်ဦး ချစ်နေကြပြီဖြစ်ပြီး မကြာမီတွင် ယန်ယွင်ရန်သည် သူ၏ ဇနီးမယား ဖြစ်လာပေတော့မည်။ 

ချောင်ယွဲ့ရူသည် ပညာသင်များဖြင့် ဝိုင်းရံနေသော်လည်း ပျင်းသလို ခံစားလာရသည်။ ထို့သို့ ဝန်းရံခြင်းကို ကျင့်သားပင်ရနေပြီ။ သို့သော် သွမ့်ကျင်းထျန်သည် သူမရထားလုံးထဲက ထွက်လာကတည်းက နှုတ်ဆက်ဖို့ မဆိုထားနှင့် သာကြောင်း မာကြောင်းလေးပင် လာ၍ မမေးပေ။ 

ချောင်ယွဲ့ရူသည် သွမ့်ကျင်းထျန်အား တမင်သက်သက်ရော မရည်ရွယ်ဘဲရော လှမ်း၍ ကြည့်မိသည်။ သို့သော် သွမ့်ကျင်းထျန်သည် သူမအား တစ်ချက်မျှပင် စောင်းငဲ့၍ မကြည့်ပေ။ 

ချောင်ယွဲ့ရူသည် မပျော်ရွှင်တော့ပေ။ 

ချောင်ယွဲ့ရူနှင့် ယန်ယွင်ရန်တို့ ပညာသင်များနှင့် ဝန်းရံနေစဥ် စားသောက်ပွဲ စတင်လေတော့သည်။ 

ချောင်ယွဲ့ရူနှင့် ယန်ယွင်ရန်တို့ ဘေးမှ လူများလည်း ကွဲထွက်သွားသည်။ အဘယ်ကြောင့်ဆိုသော် ထမင်း၏ အနံ့သည် တကယ့်ကို ဆွဲဆောင်လွန်းနေသောကြောင့်ဖြစ်သည်။ 

ဤရက်များတွင် ထိုပညာတော်သင်များက သွမ့်ကျင်းထျန်၏ အစားအစာရနံ့များကို ကျောင်း၌ ရဖူးကြသည်။ သူတို့ရင်ထဲမှ အစားကြီးသော အင်းဆက်ပိုးလေးသည် အစားကြီးသော နဂါးကြီးအဖြစ် ပြောင်းလဲသွားဟန် တူပေသည်။ 

ထိုအချိန်တွင် စားပွဲပေါ်တွင် ခင်းကျင်းထားသော အစားအစာများ၏ ရနံ့သည် သွမ့်ကျင်းထျန် ကျောင်းသို့ယူလာသော ထမင်းဘူး ရနံ့ထက် များစွာ ပို၍ ဆွဲဆောင်မှု ရှိလေသည်။ 

ပညာသင်ကျောင်းသားအစုသည် သူတို့ခုံများတ္ငင် တစ်ယောက်ပြီးတစ်ယောက် ထိုင်လိုက်ကြသည်။ 

ယနေ့ ဆုဝန် ပြင်ဆင်ထားသော စားသောက်ပွဲကြီးတွင် သိုးတစ်ကောင်လုံးကင်၊ ငှက်သိုက်ထဲတွင် ကြက်သားကို နုပ်နုပ်စင်းကာ ထည့်ထားသော စွပ်ပြုတ်၊ ပုလဲ ခရု စတူးဟင်း၊ ငါးခေါင်းဖြင့် ချက်ထားသော ဝက်ပေါင်ခြောက် စတူးဟင်း နှင့် ကြက်ကြော်တို့ပင် ဖြစ်သည်။ 

ဤရက်များတွင် သွမ့်ကျင်းထျန်အဖို့ ဆုဝန် ချက်ပြုတ်ပေးသော ဟင်းတို့မှာ သာမန် အိမ်ချက် ဟင်းလျာများပင် ဖြစ်သည်။ သို့သော် ယနေ့ သူမချက်သော ဟင်းလျာများမှာမူ တကယ့် အထူးဟင်းပွဲများပင် ဖြစ်ပေသည်။ 

ဆုဝန်သည် ၂၁ ရာစုမှ လာသူ ဖြစ်သော်ငြား ချက်ပြုတ်ရတာကိုနှစ်သက်ပြီး အစားအသောက်များ ချက်ပြုတ်ရန် လေ့လာရသည်ကို သဘောကျသည်။ သို့သော် သူမတွင် ထိုသို့ချက်ပြုတ်နိင်သော စွမ်းရည်တော့မရှိ‌ပေ။ 

ဤစွမ်းရည်များသည် မူလဇာတ်ဆောင်၏ စွမ်းရည်များပင် ဖြစ်ပေမည်။ ဝမ်မိသားစုသည် ယခင်က မချမ်းသာဘဲ မူလဇာတ်ဆောင် ထိုသို့ လုပ်ဆောင်ပေးမှုများကြောင့် ဝမ်မိသားစု ကြီးပွားလာခဲ့သည်မှာ ကျိုးကြောင်းသင့်လျော်ပေသည်။ 

မူလဇာတ်ဆောင်၏ ဘဝအတွေ့အကြုံများကို စာအုပ်ထဲတွင် တိတိကျကျ မဖော်ပြဖူးပေ။ အကယ်၍ ရှင်းရှင်းလင်းလင်းသာ ရှင်းပြထားပါလျှင် မူလဇာတ်ဆောင်သည် ဤအရာများကို လုပ်နိုင်သည့်အကြောင်းအရင်းက ရှင်သွားလိမ့်မည်။

ဆုဝန်သည် ဤစွမ်းရည်များ ဘယ်ကရသည်ဆိုသည့်အပေါ် မစိုးရိမ်ပေ။ သူမ ဘာကို သိထားသည်ကို သူမကိုယ်တိုင်သာ သိသည်။ ထို့ပြင် သူမသည် မူလဇာတ်ဆောင် ဖြစ်လာပြီးကတည်းက မူလဇာတ်ဆောင်သည် ကောင်းမွန်သော ဘဝတွင်နေရမည်။ နောင်တရသည်များကို ပြန်လည်ပြင်ဆင်ကာ ထိုမကောင်းသော ကိစ္စရပ်များ ထပ်ဖြစ်လာမည်ကို တားဆီးရပေမည်။

ဤအစားအစာများကို ချက်ပြုတ်ရန်မှာ တကယ့်ကို အားစိုက်ရသည်။ သို့‌သော် ကံကောင်းစွာပင် သွမ့်အိမ်တော်တွင် လူအများအပြားနှင့် မီးဖိုချောင်သုံးပစ္စည်း အများကြီးလဲရှိပေသည်။ ထို့ကြောင့် ဆုဝန်သည် ချက်ပြုတ်ရန်အတွက် ဘယ်ပစ္စည်းများ လိုသည်၊ ဘာကို လုပ်ရမည်၊ ဘယ်သူက ဘာလုပ်မည်၊ ဘယ်အချိန် ဘာလုပ်မည်တို့ကို စီစဥ်ပေးရန်သာ လိုသည်။ ဆုဝန်သည် စားသောက်ပွဲအတွက် အများကြီး အားစိုက်စရာ မလိုခဲ့ပေ။ 

ဆုဝန်သည် စားပွဲပေါ်မှ စားစရာများကို တစ်နာရီခွဲကျော်ကျော် ချက်ပြုတ်ခဲ့ရသည်။ သွမ့်မိသားစု မီးဖိုချောင်တွင် အိုးများ၊ မီးဖိုများ အများအပြားရှိခြင်းကို ကျေးဇူးတင်ရမည်။ ထို့ကြောင့်သာ ပန်းကန်အများကြီးအတွက် တစ်ချိန်တည်းတွင် ချက်ပြုတ်နိုင်ခဲ့ပေသည်။ ဟင်းပွဲတစ်ပွဲပြင်ပြီး နောက်တစ်ပွဲဆက်ပြင်ရင်း ဟင်းပွဲအားလုံး အဆင်သင့်ဖြစ်သောအခါ မှောင်ပင်မှောင်တော့ပေမည်။ 

ချောင်ယွဲ့ရူနှင့် ယန်ယွင်ရန်နှစ်ဦးစလုံးက စားသောက်ပွဲမှ လူအားလုံးသည် သူတို့အား ‌ချီးကျူးမြှောက်ပင့်ကာ ပြောဆိုနေကြမည်ဟု ထင်ထားကြသည်။ သူမတို့ ဘယ်ပွဲတွင် ဧည့်သည်လုပ်လုပ် ထိုသို့သာ ဖြစ်နေကျ ဖြစ်သည်။ 

သို့သော် ယနေ့စားသောက်ပွဲမှာမူ ထူးခြားသည်။ စားပွဲမှ အမျိုးသားများအားလုံးတို့သည် အစားအသောက်အကြောင်းသာ ပြောနေကြပြီး ချောင်ယွဲ့ရူနှင့် ယန်ယွင်ရန်တို့အကြောင်း လုံးဝမပါပေ။ 

“ဒီသိုးကောင်လုံးကင်ဟာလေ အပြင်ပိုင်းက ကြွပ်ရွနေပြီး အတွင်းပိုင်းက နူးညံ့နေတာပဲ၊ ငါ့ပါးစပ်ထဲတောင် ပျော်ဝင်သွားတယ်”

“ဒီငါးပေါင်းဟာလဲလေ နူးညံ့ပြီး အရသာက သိပ်ရှိတာပဲ၊ ဒီငါးကသာ အကောင်းတကာ့ အကောင်းဆုံးလို့တောင် ပြောလို့ရတယ်” 

“ဒီခရမ်းသီး နုပ်နုပ်စဉ်းထားတဲ့ဟင်းပွဲထဲမှာဆိုရင် ဟင်းရည်ကလဲများပြီး ခရမ်းသီးကလဲ နူးနူးညံ့ညံ့ ရှတတလေး။ ခရမ်းသီးက အသားထက်ပိုကောင်းတဲ့ အရသာမျိုးကို ခံစားဖူးတာ ဒါပထမဆုံးပဲ”

ဤသို့လာကြသော ဧည့်သည်များသည် သူတို့ထင်မြင်ချက်များကို ပြောဆိုနေကြသဖြင့် မအားလပ်ကြ။ ဟင်းပွဲတစ်ပွဲပြီး တစ်ပွဲအား ချီးမြှောက်ပြောဆို နေကြပေသည်။ 

ချောင်ယွဲ့ရူသည် သူမကိုယ်ကို ဟင်းပွဲနှင့် နှိုင်းယှဥ်၍ပင် ချီးကျူးဂုဏ်ပြုမခံဘဲ နေရလိမ့်မည်ဟု စိတ်ကူးထဲလျှင်တောင် မတွေးဖူးပေ။ 

ယန်ယွင်ရန်သည်လည်း ဤသို့ပင်ဖြစ်သည်။ 

ဧည့်သည်များသည် ဟင်းပွဲများအကြောင်း ဆွေးနွေးပြီးနောက်၊ ဟင်းပွဲများကို ချက်ပြုတ်သည့်လူအကြောင်းကို ထပ်မံဆွေးနွေးကြလေသည်။ သူတို့သည် ဤဟင်းပွဲများကို ဆယ်ကျော်သက်အရွယ် မိန်းကလေးတစ်ဦးက ပြင်ဆင်သည်ဟု ကြားသိလိုက်ရသောအခါ အံ့အားသင့်သွားကြပေသည်။ 

ပုံမှန်အားဖြင့် ဧည့်ခံပွဲတစ်ခုဆိုလျှင် ထမင်းချက်နှစ်ယောက်ရှိရသည်။ ဆုဝန်သည်မူ ဟင်းပွဲအားလုံးကို သူမကိုယ်တိုင် ချက်ပြုတ်ပြင်ဆင်လေသည်။ အသက်ငယ်ငယ်နှင့်ပင် သူမသည် ဧည့်ခံပွဲတွင် ဧည့်သည်များအတွက် ပြင်ဆင်ချက်ပြုတ်သည့်အပြင် ဟင်းပွဲများကိုလဲ အရသာရှိရှိပြင်ဆင်နိုင်သည့် စွမ်းရည်ရှိလေသည်။ 

ချောင်ယွဲ့ရူသည် သူမအား‌ဘေးဖယ်ထားပြီး မျက်နှာပင် ထွက်မပြသော အစေခံတစ်ဦးအား ချီးမြှောက်နေကြသည်ကို တွေ့သောအခါ သူမကိုယ်သူမ တွေးမိသည်။ ထမင်းချက်သည် အဆင့်နိမ့်သော အစေခံတစ်ယောက်ဖြစ်သည်။ နိမ့်ကျသော အလုပ်ကို လုပ်ရသော သူသာ ဖြစ်သည်။ ဆွေးနွေးနေစရာ ဘာအကြောင်းမှမရှိပေ။ 

သွမ့်ကျင်းထျန်၏ နံဘေးမှ အစေခံကြီး ချူးဝမ်သည် ချောင်ယွဲ့ရူ၏ မျက်နှာမှ အလိုမကျမှုကို သတိပြုမိလိုက်သည်။ သူမသည် ဤရက်များတွင် ချောင်ယွဲ့ရူ သွမ့်အိမ်တော်သို့ လာမည့်နေ့ကို စောင့်မျှော်နေခြင်းဖြစ်သည်။ 

ချူးဝမ်သည် ချောင်ယွဲ့ရူ နံ‌ဘေးသို့ လာပြီး သူမနားနားကပ်ကာ တစ်စုံတစ်ခုကို တီးတိုးပြောလိုက်သည်။ ချောင်ယွဲ့ရူသည် ချူးဝမ်၏ နောက်မှလိုက်ကာ ခြံနောက်ဘက်သို့ လိုက်လာလေသည်။

 နံဘေးတွင် ဘယ်သူမှ မရှိတော့သော အခါတွင်မှ ချောင်ယွဲ့ရူသည် ထိတ်လန့်စရာ သတင်းတစ်ခုကို ချူးဝမ်ဆီမှ ကြားလိုက်ရသည်။ သွမ့်ကျင်းထျန်သည် အိမ်တွင် ထမင်းဟင်းချက်သည့် အစေခံအား ကြိုက်နှစ်သက်နေဟန် တူသည်ဟု ဆိုသည်။ 

ချောင်ယွဲ့ရူသည် ထိုအစေခံကြောင့် မကျေမနပ်ဖြစ်နေသည် မှန်သော်လည်း သွမ့်ကျင်းထျန်သည် ထမင်းချက်နှင့် ဤသို့ကိစ္စမျိုး ရှိနေမည်ဟု  သူမလုံးဝမထင်ထားခဲ့ပေ။ 

ချူးဝမ်၏ ပြောစကားအရ သွမ့်ကျင်းထျန်သည် ထိုထမင်းချက်နှင့် နေ့တိုင်းတွေ့သည်။ ဧည့်ဆောင်ခန်းသို့လည်း ကိုယ်တိုင်သွားကာ ထိုထမင်းချက်အား အမြဲသွားရှာသည်။ သူသည် ထမင်းချက်အား ကြင်ကြင်နာနာဆက်ဆံသည့်အပြင် မကြာခဏ ဆုလာဘ်တွေပါ ပေးသေးသည်။ သူ့၏ အစေခံများထက်ပင် အဆပေါင်းများစွာ သာလေသည်။ 

ချောင်ယွဲ့ရူသည် အလွန်ပင် ဒေါသထွက်သွားသည်။ ထိုသို့ဆိုလျှင် သွမ့်ကျင်းထျန်သည် ထိုထမင်းချက်အား ချစ်ခင်နှစ်သက်နေသည်မှာ သံသယ ဝင်စရာမရှိပေ။ အဆင့်နိမ့်အစေခံတစ်ဦးဖြစ်သည့် ထမင်းချက်တစ်ဦးသည် သူမအား ယှဥ်ပြိုင်ရန် မဖြစ်နိုင်ပေ။ 

ချောင်ယွဲ့ရူ စားသောက်ပွဲသို့ ဒေါသထွက်စွာ ပြန်သွားသည့် မြင်ကွင်းကို မြင်လိုက်ရသောအခါ ချူးဝမ်သည် ကျေနပ်သည့်ဟန်ဖြင့် ပြုံးလိုက်သည်။ 

သွမ့်အိမ်တော်မှ အစေခံအများစုသည် ဆုဝန်ကို အလွန်ပင် နှစ်သက်ကြသည်။ သိူ့သော် ဤသည်မှာ ချူးဝမ်၏ မျက်လုံးထဲတွင် အနှောင့်အယှက်ဖြစ်နေသည်။ သူမသည် သွမ့်ကျင်းထျန်၏ နံဘေးတွင်နေရသော အစေခံကြီးဖြစ်ပြီး ဤအိမ်တော်မှ လူများအနက် သူမသည် အနာဂတ်တွင် သွမ့်ကျင်းထျန်၏ ကိုယ်လုပ်တော်ပင် ဖြစ်လာနိုင်သည့် အခွင့်အလမ်းရှိသည်။ သို့သော် သွမ့်ကျင်းထျန်သည် ဆုဝန်အားဆက်ဆံသလို သူမအပေါ် တစ်ခါမျှ မဆက်ဆံဖူးပေ။ 

ပိုဆိုးသည်မှာ သခင်လေးသည် ဆုဝန်အား သူမထက်ပို၍ ကောင်းကောင်းဆက်ဆံသည်။ မကြာခဏဆိုသလို ဆုဝန်နှင့် စကားများလဲ အတူ ပြောကြသည်။ သို့သော် သူသည် သူမနှင့်တော့ တစ်ခါမျှ ထိုမျှလောက် စကားမပြောဖူးပေ။ 

ချူးဝမ်၏ ရင်ထဲတွင် မတရားသလို အလွန်အမင်း ခံစားလိုက်ရသည်။

ချူးဝမ်သည် သွမ့်ကျင်းထျန်၏ နောက်သို့လိုက်ပြီး လူချမ်းသာများစွာ၏ စားသောက်ပွဲများကို တက်ဖူးသည်။ ထို့ကြောင့် ချောင်ယွဲ့ရူသည် မာနကြီးပြီး သဝန်တိုမလိုစိတ်ရှိရာတွင် တစ်ဖက်ကမ်းခတ်မှန်း သူမသိလေသည်။ ထို့ကြောင့် သူမသည် မနက်စောစောတွင် ချောင်ယွဲ့ရူ၏ လက်ဖြင့် ဆုဝန်အား ဆုံးမရန် အသုံးပြုခဲ့ခြင်းဖြစ်ပေသည်။ 

ချောင်ယွဲ့ရူသည် စားသောက်ပွဲသို့ ပြန်သွားသောအခါ ဟင်းပွဲများကို ချက်ပြုတ်သည့် ဆုဝန်အကြောင်း ပြောနေကြသေးသည်ကို တွေ့ရလေသည်။ ထို့ကြောင့် သူမက သွမ့်ကျင်းထျန်အား “ ဒီလိုဟင်းလျာမျိုးကို ချက်ပြုတ်ပေးတဲ့ ဆုဝန်ဆိုတာ ဘယ်သူလဲ ကျွန်မမသိသေးဘူး သခင်လေးသွမ့်၊ ဘာလို့ ဆုဝန်ကို မခေါ်လိုက်တာလဲ။ ထွက်လာခိုင်းပြီး လူကြီးမင်းတွေနဲ့ မိတ်ဆက်ပေးလိုက်ပါ”

ချောင်ယွဲ့ရူ၏ အတွေးမှာ ဆုဝန်သည် အစေခံတစ်ဦးမျှသာ ဖြစ်သည်။ ဟင်းချက်အင်မတန် တော်နိုင်သော်လည်း သူမ၏ သွင်ပြင်နှင့် အပြုအမူများသည် ဟင်းချက်လက်ရာနှင့် ထပ်တူကျမနေနိုင်။ 

ထမင်းချက်တစ်ယောက်အနေနှင့် စွဲမက်ဖွယ်ကောင်းအောင် ဝတ်ဆင်နိုင်ဖို့မှာ မဖြစ်နိုင်ချေ၊ သာမန်အားဖြင့် လူချမ်းသာ မိသားစုများမှ မိန်းမငယ်လေးများသည် အထူးပုဂ္ဂိုလ်များထဲမှ ကျင့်ဝတ်ထုံးတမ်းများကို ခန့်ထားသင်ယူကြရသည်။ ထို့ကြောင့်သာ သူမသည် လူတိုင်း၏ရှေ့တွင် ဂုဏ်သရေရှိရှိ နေနိုင်ခြင်းဖြစ်သည်။ ဤသည်မှာ လူနည်းစုသာ တတ်နိုင်သည်။ တောရွာကလေးမှ လာခဲ့သော အမျိုးသမီးငယ်တို့ မနှိုင်းယှဥ်နိုင်ပေ။ 

ချောင်ယွဲ့ရူသည် အဆင့်အတန်းနိမ့်ပြီး သတိကြီးသော မိန်းကလေးအများကြီးကို မြင်ဖူးသည်။ ဤဆုဝန်သည် အစေခံတစ်ဦးသာ ဖြစ်သည်။ သူမသည် ဤသို့ လူအများကြီးရှိသော နေရာတွင် ကျိန်းသေပေါက် ကြောက်ရွံ့နေမည်သာ ဖြစ်ပေသည်။ 

--------------------------------------