အခန်း (၂၉) သူ ကျိန်းသေပေါက် ငါနဲ့နီးစပ်ဖို့အတွက်ပဲ ဖြစ်ရမယ်
ရှန်လင်းမှာ မတတ်သာသော်လည်း ထမင်း၊ ဟင်းချက်ရုံမှတစ်ပါး ရွေးစရာမရှိပေ။ ရှန်ရှီးသည် ဖျား၍ အိပ်ရာထဲလဲနေခဲ့ပြီး တစ်ကိုယ်လုံးရှိအားအင်မှာ သူထ၍ ရေအိမ်သွားရုံသာ ထောက်ပံ့ပေးနိုင်၏။ တခြားကိစ္စများကို လုံးဝ မလုပ်ဆောင်နိုင်ချေ။ ရှန်ယာယာမှာ ငါးနှစ်ခွဲမျှသာ ရှိသေးသော်လည်း ရိုးရှင်းသည့် ဟင်းတချို့ကို ချက်ပြုတ်တတ်ပေသည်။
သို့ပေသိ သူသည် မီးဖိုလောက် အရပ်မရှည်သည့်အတွက် ဇွန်းကိုင်၍ မီးဖိုရှေ့တွင် ချက်ပြုတ်ရန်မှာ အန္တရာယ်များလှ၏။
ရွာထဲတွင် ဟင်းချက်ရင်း မီးလောင်သေရသည့် ကလေးတချို့ရှိခဲ့ဖူးရာ ရှန်လင်းသည် ရှန်ယာယာကို ချက်ပြုတ်ခွင့်မပေးနိုင်ပေ။
သို့ကြောင့် ရှန်လင်းသည် နေ့စဥ်နှင့်အမျှ ထမင်းချက်လေ့ရှိ၏။ ရွာထဲမှရှန်လင်းနှင့် ရွယ်တူကောင်လေးများသည် ရှန်လင်းအား ငကြောက်ဟု လှောင်ရယ်ကြလေသည်။
ထိုသူများသည် လုပ်ဆောင်ချက်ကိုသာမြင်ကြပြီး ရှန်လင်းမှာ နောက်ကွယ်၌ ယောက်ျားတစ်ဦးကဲ့သို့ မည်မျှတာဝန်ယူထားရသည်အား မမြင်နိုင်ကြချေ။
ရှန်လင်းက ထမင်းဟင်းများ ပြင်ပြီးသွားသောအခါ ဆုဝန်သည် သူ့ကိုယ်သူ အပြစ်တင်လာခဲ့၏
" ကျွန်မကိုကြည့်ပါဦး။ ဒီမှာ စကားများပြီး အလုပ်ရှုပ်နေလိုက်တာ။ ကိုကိုရှန်လင်းကို မကူလိုက်မိဘူး"
ရှန်ရှီးက ဆို၏။
" လိမ္မာလိုက်တဲ့ကလေး။ သမီး ဒီမှာ ဒီလောက် အနေခက်ဖို့မလိုပါဘူး။ ဟင်းချက်တာက လင်းအာ နေ့တိုင်း ဒီလိုပဲ ချက်နေကျပဲကို။ ပြောရမယ်ဆိုရင် အဒေါ်အသုံးမဝင်တော့တာကိုပဲ အပြစ်တင်ရမှာ"
ရှန်ရှီးသည် ယခင်က စားစရာများကို ကောင်းမွန်စွာ ချက်ပြုတ်ခဲ့ဖူး၏။ သူ နာမကျန်း ဖြစ်ပြီးသည့်နောက်ပိုင်းမှ ဘာကိုမှ မလုပ်နိုင်တော့ခြင်းပင်။
ဆုဝန်က ရှန်ရှီး၏လက်များအား အလျင်အမြန် ကိုင်လိုက်ကာ
" အဒေါ်၊ ဒီလိုမပြောပါနဲ့။ နောက်ဆို အဒေါ် ကျိန်းသေပေါက် ပြန်ကောင်းလာမှာပါ။ အဲဒီအခါကျ အရင်လို ဟင်းတွေပြန်ချက်လို့ရပြီလေ"
ရှန်ရှီးက ပြုံးလိုက်ရင်း 'သူ ကျိန်းသေပေါက် ပြန်ကောင်းလာပြီး အားလုံးအတွက် ထမင်း၊ ဟင်းချက်ပေးနိုင်မှာ'ဟု ပြောလိုက်သည်။ သို့ပေသိ ယင်းသည် ဆုဝန်၏နှစ်သိမ့်စကားသာ ဖြစ်ကြောင်း သူသိနေခဲ့၏။
ဆုဝန်၊ ရှန်လင်းနှင့် ရှန်ရှီးတို့ ညစာစားခဲ့ကြသည်။ ရှန်မိသားစု၏ညစာမှာ ရိုးရှင်းလှသည်။ အသီးအရွက်ဆန်ပြုတ် ဖြစ်၏။
အသီးအရွက်များမှာ ရှန်ယာယာ တောင်ပေါ်မှ ခူးလာခဲ့ခြင်းပင်။ ဆန်ကိုလည်း ချွေတာရ၏။ အိမ်က ကြက်ဥများသည်ကား ရောင်းရန်အတွက်ဖြစ်ပေသည်။
ရှန်ရှီးသည် တစ်နှစ်ပတ်လုံး ဆေးသောက်နေရ၏။ ရှန်လင်းရှာဖွေထားသော ငွေအများစုကို ရှန်ရှီး၏ဆေးဖိုးအတွက် သုံးရသည်ဖြစ်ရာ ရှန်မိသားစုမှာ ထိုသို့ ဆင်းရဲနွမ်းပါးစွာပင် နေထိုင်ရတော့၏။
သာမန်မိသားစုမှ လူများသည် လုံးဝပင် ဖျားနာဖို့ရန် မတတ်နိုင်ပေ။ ဖျားနာလိုက်သည်နှင့် မိသားစုတစ်ခုလုံးရှိ ငွေများကို ဆုံးရှုံးလိုက်ရမည်ပင်။
ဆုဝန် တွေးကြည့်လိုက်၏။ ရှန်လင်းသည် ရှန်ရှီးအတွက် ဆေးများကို အထွန့်မတက်ဘဲ အမြဲဝယ်ပေးခဲ့သည်။ ထိုသို့ သိတတ်သောသူသည် မသိတတ်မလိမ္မာဟု စွပ်စွဲခံခဲ့ရလေ၏။
ပြောရမည်ဆိုပါက ရှန်လင်း၏ အဘိုး၊ အဘွားများသည် လူကောင်းများ မဟုတ်ကြပေ။
ရှန်လင်း၏ဖခင် ကွယ်လွန်သွားပြီးနောက် ရှန်လင်း၏အဘိုးဖြစ်သူက ရှန်မိသားစုပိုင် ပစ္စည်းအားလုံးကို အပိုင်သိမ်းခဲ့ကာ ရှန်ရှီးတို့ မုဆိုးမသားအမိများအား နှင်ထုတ်ခဲ့လေ၏။
ရှန်လင်းက သူ့အဖေပိုင်သည့် ငွေအားလုံးကို ရှန်တာ့ရှန်းနှင့် ရှန်ကတော်အား ပေးခဲ့သည့်တိုင် နှစ်ယောက်သားသည် မကျေနပ်ကြဘဲ ရှန်လင်း၏အိမ်အား လိုချင်နေကြသေး၏။
ရှန်လင်းက မပေးဘူးဆိုပါလျှင် ရှန်တာ့ရှန်း၊ ရှန်ကတော်နှင့် ရှန်လင်း၏ ဦးလေးတို့မိသားစုများက ရှန်လင်းကို ဘိုးဘေးများကို မသိတတ်လူအဖြစ် နာမည်တပ်ကြမည်ပင်။
ရှန်လင်းရှာသောငွေ၏ ခုနစ်ပုံ၊ ရှစ်ပုံခန့်ကို ရှန်ရှီးအတွက် ဆေးဝယ်ပေးခဲ့ပြီး ကျန်သုံးပုံကိုတော့ ရှန်တာ့ရှန်းနှင့် ရှန်ကတော်အား သိတတ်လိမ္မာမှုကို ပြသသည့်အနေဖြင့် ပေးခဲ့၏။
ရှန်လင်း၏ဦးလေးမိသားစုသည်တော့ ရှန်တာ့ရှန်းနှင့် ရှန်ကတော်ဆီမှ ပစ္စည်းများကို ယူရန်သာ အမြဲတွေးတောနေပြီး ရှန်တာ့ရှန်းနှင့် ရှန်ကတော်အပေါ် သိတတ်လိမ္မာခြင်း မရှိခဲ့ဖူးပေ။
ဆုဝန်က ရှန်လင်းချက်ထားသည့် အသီးအရွက်ဆန်ပြုတ်ကို စားလိုက်၏။ စားပြီးသည့်နောက် ဆုဝန်သည် ပန်းကန်များကို မြန်မြန်ဆန်ဆန် သိမ်းဆည်းပြီး ဆေးကြောရန် ယူသွားလိုက်၏။ ရှန်ယာယာက အနောက်မှ အပြေးလေး လိုက်လာခဲ့လေသည်။ ရှန်ယာယာသည် ပန်းကန်များအား ဆေးကြောနေကျဖြစ်လေသည်။
သေချာပေါက်ကိုပင် ဆုဝန်မှာ ရှန်ယာယာအား ထိုအရာများကို မလုပ်ခိုင်းခဲ့ပေ။ ရှန်ယာယာအား ဘေးနားမှာ စကားသာပြောပေးခဲ့ခိုင်း၏။
ဆုဝန်နှင့် ရှန်ယာယာတို့ ထွက်သွားပြီးနောက် ရှန်ရှီးက ရှန်လင်းအား အုတ်ခုတင်ပေါ်မှ ဗီရိုတစ်ခုကို ညွှန်ပြလျက် ဆိုလာ၏
" ဒီဗီရိုထဲက အိပ်ရာခင်းအသစ်ထုတ်ပြီး ဆုဝန်ကို အရှေ့အပိုခန်းမှာ ခင်းပေးလိုက်ပါ"
ရှန်လင်းက ဗီရိုဆီသို့ လျှောက်သွားလိုက်ပြီး အထဲရှိ အိပ်ရာခင်းသစ်တစ်ထည်ကို ထုတ်လိုက်၏။ ချည်အနားကွပ်ဖြင့် အတွင်းတွင်တော့ ကျင်ခပ်ဖြစ်သည့် လှပသောပန်းရောင်အိပ်ရာခင်းပင်။
ရှန်မိသားစုသုံးသည့် အိပ်ရာခင်းများအားလုံးမှာ စုတ်ပြတ်နေလျက်ရှိချေသည်။ ယင်းတို့မှာ ရှန်မိသားစု ချမ်းသာခဲ့စဥ်က ဝယ်ယူထားသည့် ပိုင်ဆိုင်မှုများပင်။ နောက်ပိုင်း ရှန်ရှီးကနာမကျန်းဖြစ်ခဲ့ရာ အိမ်ထဲရှိပစ္စည်းအားလုံးကို ပေါင်နှံရောင်းချလိုက်ရတော့သည်။ အဘိုး၊ အဘွားများက အပိုင်စီးခြင်းကိုပင် ခံရသေး၏။ အိမ်တွင် သပ်ရပ်သည့်အိပ်ရာခင်းမှာ တစ်စုံပင် ကျန်ရှိတော့သည်။
ရှန်လင်းက အိပ်ရာခင်းကို ထုတ်လာသော်လည်း အရင်သွားမခင်းခဲ့ချေ။ သူသည် အဝတ်စုတ်တစ်ခုနှင့် တံမြက်စည်းတစ်ချောင်းကိုယူကာ အရှေ့အပိုခန်းသို့ သွားလေသည်။
ရှန်အိမ်တော်၏ အရှေ့ဘက်ရှိ အပိုခန်းသည် ယခင်က တိုလီမိုလီများ သိုလှောင်ရန် သုံးခဲ့ခြင်းပင်။
ရှန်ယာယာက ရေဇလုံတစ်လုံး ယူပေးလာ၏။ ရှန်လင်းသည် အဝတ်စုတ်အား ဇလုံထဲတွင် လျှော်ဖွတ်လိုက်ပြီး အခန်းနံရံနှင့် ခုတင်ပျဥ်ချပ်များကို သုတ်လေ၏။ ကြမ်းပြင်ကိုလည်း ထပ်၍ တိုက်ချွတ်၏။ ခြောက်သွေ့အောင်စောင့်ပြီးမှသာလျှင် အိပ်ရာခင်းသစ်ကို ခင်းလိုက်သည်။
ပန်းကန်များကို ဆေးကြောပြီးနောက် ဆုဝန်နှင့် ရှန်ယာယာသည်လည်း အရှေ့အပိုခန်းသို့ ထွက်လာခဲ့သည်။ ရှန်လင်းက ဆုဝန်အတွက် အရှေ့အပိုခန်းအား အတော်လေးသန့်ရှင်းအောင် ရှင်းလင်းပေးထားသည်ပင်။
ရှန်ယာယာက ရက်ရက်ရောရောပင် ဆိုလာ၏။
" မမဆုဝန်၊ နောက်ဆို မမ သမီးတို့နဲ့အတူ ဒီအိမ်မှာနေပြီး ဒီအိပ်ရာခင်းကိုသုံးရမယ်နော်။ ဒီအိပ်ရာခင်းကို အိမ်က ဘယ်သူမှ မသုံးထားပါဘူး"
ဆုဝန်က အိပ်ရာခင်းကို တစ်ချက်ကြည့်လိုက်၏။ အမှန်ပင် အသားကောင်းလေသည်။ ရှန်လင်းတို့မိသားစု ချမ်းသာခဲ့စဥ်က ဝယ်ယူထားခဲ့ခြင်း ဖြစ်မည်ဟုတွေးလိုက်မိ၏။ ယခုတွင်မူ ရှန်မိသားစုတွင် အနှီအိပ်ရာခင်းတစ်ထည်သာ အကောင်းအတိုင်း ကျန်ရှိခြင်း ဖြစ်နိုင်လေသည်။
ရှန်လင်းသည် ဆုဝန်ကို ပြောလာခဲ့၏။
" မင်း ဒီအခန်းမှာ အရင်နေနှင့်လိုက်။ မျက်နှာသစ်ဖို့ ဇလုံကို ယာယာနဲ့အတူ သုံးထားလိုက်ဦး။ ငါ မနက်ဖြန် အလုပ်က ပြန်လာမှ အခန်းထဲမှ ဘာပရိဘောဂတွေ လိုအပ်သေးလဲကြည့်ပြီး မင်းကို လိုက်ဝယ်ပေးမယ်"
ဆုဝန်က ရှန်လင်းကို ပြုံးကာ ကြည့်လိုက်၏။ သူသည် ငြင်းဆန်ခြင်းမပြုဘဲ
" အစ်ကိုကြီးရှန်ကို အလုပ်များစေမိပါပြီ"
ရှန်လင်းက ပြောလာခဲ့ပြန်၏
" ညီမလေးဆုဝန်၊ မင်း ဒီရက်ပိုင်း ငါ့တို့အိမ်မှာ နေမယ်ဆိုရင် အိမ်ငှားခတော့ ပေးရလိမ့်မယ်"
ရှန်ယာယာက အလျင်စလိုဖြင့်
" ကိုကို၊ ကိုကို ဘာလို့ မမဆုဝန်ဆီက အိမ်ငှားခတောင်းရတာလဲ။ ကိုကိုက လူဆိုးကြီးပဲ။ မတောင်းရဘူး"
ဆုဝန်က ရှန်လင်းအားကြည့်လိုက်ကာ
" ဒါဆို အစ်ကိုကြီးရှန်၊ ကျွန်မ ငှားခ ဘယ်လောက်ပေးရမလဲ"
ရှန်လင်း၏မျက်နှာမှာ စိတ်ညစ်သွားပုံမပေါ်ဘဲ ရိုးရိုးသာ ပြန်ဖြေလာခဲ့၏။
" ကြေးပြားခြောက်ပြား"
ရှန်လင်းက သူနှင့် မပတ်သက်ချင်ခြင်းပင်။ ဆုဝန်နှင့် ရှန်မိသားစုမှာ သွေးသားတော်စပ်မှုမရှိပေ။ အကြောင်းအရင်း မရှိဘဲ ရှန်အိမ်တွင် နေမည်ဆိုပါက တခြားသူများက ရှန်လင်းနှင့် ဆုဝန်၏ ပတ်သက်မှုအကြောင်း သေချာပေါက် မှတ်ချက်ပြုကြမည်ပင်။ ရှန်အိမ်က ဆုဝန်ဆီမှ အိမ်ငှားခ လက်ခံသည်ဆိုလျှင်တော့ တစ်မိုးအောက်တည်းတွင်နေရန် အကြောင်းအရင်း ရှိသွားမည်ဖြစ်ချေသည်။
ဆုဝန်က ကျိန်းသေပေါက် ရှန်လင်း၏ရည်ရွယ်ချက်အား နားလည်သည်ပင်။
သူသည် ဆုဝန်ကို ဂုဏ်သိက္ခာမကျစေချင်ခြင်းပင်။
သို့ပေသိ ဆုဝန်၏မျက်လုံးထဲတွင်တော့ ရှန်လင်း၏လုပ်ဆောင်မှုသည် မလိုအပ်သည့်အရာပင်။ ရှန်လင်းရော သူရောက အိမ်ထောင်ပြုရမည့်အရွယ် ရောက်နေသူများဖြစ်ရာ အိမ်ငှားသည်ဟု ပြောလျှင်တောင်မှ သူများက သူတို့အကြောင်း အတင်းပြောဦးမည်မှာ မုချပင် ဖြစ်ချေသည် ။
သူမ ဝမ်မိသားစုတွင် ရှိနေခဲ့စဥ်က ရွာထဲရှိလူအားလုံးက ဝမ်လော့ရှန်းသည် ဆုဝန်အား စကားပြောရသည်ကို မနှစ်မြို့မှန်း သိထားကြ၏။ ထို့ကြောင့်ပင် သူတို့က ဝမ်လော့ရှန်းနှင့်ဆုဝန်အား စုံတွဲအဖြစ် မယူဆကြခြင်းပင်။ ဝမ်အိမ်ကလည်း ကိုယ်တိုင်ကိုယ်ကျ ဆုဝန်နှင့်ပတ်သက်မှုကို ရှင်းလင်းအောင်ပြောကြားထားလေသည်။ သို့ဖြစ်ရာ ဝမ်လော့ရှန်းနှင့်ဆုဝန်တို့အား အတင်းအဖျင်း ပြောကြမည်ကို စိတ်ပူရန် မလိုအပ်ချေ။
သို့ရာတွင် အရင်ရက်များက သူနှင့် ရှန်လင်းတို့ အပြန်အလှန် ဆက်ဆံမှုများ ရှိခဲ့မည်ဖြစ်ပြီး ကျိန်းသေပေါက် အတင်းပြောမည့်လူတချို့လည်း ရှိနေမည်ပင်။
ဆုဝန်က ထိုကောလာဟလများကို စိတ်ထဲမထားချေ။ သို့သော်လည်း ရှန်လင်းက ထိုသို့ ဆန္ဒရှိသည်ဆိုမှတော့ ဆုဝန်ကလည်း ငြင်းဆန်မည်မဟုတ်ပေ။
ဆုဝန်က ပြောလိုက်သည်
" ကောင်းပါပြီ။ ကျွန်မ ကြေးပြားခြောက်ပြားပေးမယ် " ပြောပြီးသည်နှင့် ဆုဝန်သည် ဝတ်ရုံအတွင်းမှ ငွေကိုထုတ်ကာ ရှန်လင်းအား ပေးလိုက်လေ၏။
ရှန်ယာယာသည် ဆုဝန်နှင့် သူ့အစ်ကိုကို အနည်းငယ် ဇဝေဇဝါဖြင့် ငေးကြောင်ကြည့်နေမိသည်။ သူသည် ခြောက်နှစ်ပဲရှိသေးသည်ဆိုသော်ငြား ကြေးပြားခြောက်ပြားဖြင့် ပေါက်ဆီနှစ်လုံးပင် ဝယ်၍မရမှန်း သိထားလေ၏။ သို့ဆိုလျှင် သူ့အစ်ကိုက ငှားခ အဘယ်ကြောင့် တောင်းရသနည်း။
ရှန်လင်းက ဆုဝန်လက်ထဲမှ ငွေကိုယူလိုက်ကာ နောက်တစ်ခွန်းဆက်လေ၏။
" တစ်ခုခု လိုအပ်တာရှိရင် ငါ့ကိုပြော"
ပြောပြီးသည်နှင့် သူသည် ဆုဝန်၏မျက်နှာချင်းဆိုင်အခန်းသို့ ထွက်သွားတော့သည်။
ရှန်ယာယာက ဆုဝန်နှင့် အမှန်တကယ်ကိုပင် အတူအိပ်ချင်ခဲ့ပေ၏။ သို့ပေသိ သူသည် ညဘက်၌ ရှန်ရှီးအတွက် လက်ဖက်ရည်ကြမ်းနှင့်ရေ ယူပေးရသည်ဖြစ်ရာ ပင်မခန်းသို့ မသွားချင် သွားချင်ဖြင့််သွား၍ ရှန်ရှီးနှင့်သာ အတူအိပ်ရလေ၏။
အရှေ့အပိုခန်းကို ရှန်လင်းက တောက်ပအောင် သန့်ရှင်းပြီးသားဖြစ်၏။ အခန်းအတွင်းမှာ အလွတ်နီးပါးပင်။ အိပ်ရာခင်းသစ်တစ်ထည်ခင်းထားသော သေးငယ်ရိုးရှင်းလှသည့် သစ်သားခုတင်တစ်လုံးနှင့် ကြာပန်းထိုးထားသည့် ကျင်ခပ်ခေါင်းအုံးတစ်လုံးသာ ရှိလေသည်။ ကောင်းမွန်လှသည့် ပစ္စည်းများ ဖြစ်ချေသည်။
ဆုဝန်စိတ်ထဲမှ ရှန်လင်းက ငှားခအနေဖြင့် ကြေးပြားခြောက်ပြားတောင်းခြင်းသည် ဆုံးရှုံးမှုကြီးပင် ဖြစ်သည်ဟု တွေးလိုက်၏။
အခန်းမှာ လွတ်နေသော်လည်း ဆုဝန်က အထီးကျန်သည်ဟု မခံစားရချေ။ ရှန်လင်းက သူ၏မျက်နှာချင်းဆိုင်အခန်းတွင် ရှိနေခဲ့သည်ပင်။ သူသည် ဝမ်မိသားစုအား လုံးလုံးလျားလျား ကျောခိုင်းခဲ့ပြီးချေပြီ။ နောက်ဆို အနှီမျက်လုံးဖြူဝံပုလွေများအကြောင်း စိုးရိမ်နေစရာ မလိုတော့ပေ။
သူနှင့်အတူ နေထိုင်သည့်သူများသည်လည်း ရင်းနှီးပေးဆပ်ဖို့ရန် ထိုက်တန်သည့်လူများဖြစ်နေသည်ပင်။
နောက်တစ်နေ့မနက်အစောတွင် ဆုဝန်သည် ခြံဝန်းထဲမှ သစ်သားအား လွှဖြင့်ဖြတ်နေသံကြောင့် နိုးလာခဲ့၏။
ဆုဝန်က တံခါးကို တွန်းဖွင့်လိုက်ကာ ခြံဝန်းထဲသို့ လှမ်းလာလိုက်၏။
မည်သည့်အချိန်က ခြံဝန်းအတွင်း ထူထပ်သည့် သစ်ပင်ပင်စည်များပေါ်လာခဲ့မှန်းမသိပါချေ။ ရှန်လင်းက အဆိုပါပင်စည်များအား ပျဥ်ပြားအဖြစ် ဖြတ်ယူနေခြင်းပင်။
ဆုဝန်က ရှန်လင်းအား 'ဘာလုပ်နေတာလဲ'ဟု မမေးခဲ့ပေ။ ဆုဝန်က ရှန်ယာယာ၏ဇလုံကိုရှာကာ သန့်စင်လိုက်၏။ အလုပ်လုပ်သည့်ဝတ်စုံအား လဲလိုက်ကာ ရှန်မိသားစု မီးဖိုချောင်သို့ သွားတော့သည်။
ရှန်မိသားစု မီးဖိုချောင်တွင် ကန်စွန်းဥချိုနှင့် ဆန်အနည်းငယ်သာရှိ၏။ ရှန်မိသားစု ခြံဝန်းအနောက်ဘက်တွင် ဟင်းသီးဟင်းရွက်ဥယျာဥ်တစ်ခုလည်း ရှိလေသည်။ ဆုဝန်က ဟင်းသီးဟင်းရွက်ဥယျာဥ်သို့ အသီးအရွက်ခူးရန် သွားခဲ့၏။
...
အခန်း (၂၉) (ခ)
ဝမ်လော့ရှန်းသည် မနက်စောစော အနောက်ခြံဝန်းတွင် ရေလောင်းနေရင်း ရုတ်တရက် မျက်ဝန်းထောင့်မှ ရင်းနှီးနေသည့် ပုံရိပ်တစ်ခုကို မြင်လိုက်ရ၏။
ဝမ်လော့ရှန်းက လှည့်ကြည့်လိုက်ရာ ရှန်မိသားစု ဥယျာဥ်အတွင်းမှလူကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရ၏။ သူသည် မယုံကြည်နိုင်စွာဖြင့် မျက်လုံးများအး ပွတ်သပ်လိုက်ရရှာသည်။
'ငါ ဒါက မနိုးသေးဘဲ မျက်လုံးတွေဝါးနေတာများလား။ မျက်နှာချင်းဆိုင်ဥယျာဥ်ထဲကလူက ဘယ်လိုလုပ် ဆုဝန်နဲ့ ဒီလောက်ဆင်နေရတာလဲဟ'
မနေ့က ဝမ်လော့ရှန်း ကျောင်းတော်မှ ပြန်လာချိန်တွင် သူ့အမေက တခြားသူများရှေ့တွင် သူနှင့်ဆုဝန်တို့ မသက်ဆိုင်ကြောင်း ငြင်းဆိုခဲ့ပြီးဖြစ်ကြောင်း၊ ဆုဝန်မှာ နောက်တွင် ဝမ်မိသားစုနှင့် ဘာမှသက်ဆိုင်တော့မည် မဟုတ်တော့ကြောင်း သိခဲ့ရ၏။
ဘေးအိမ်မှ ရှန်လင်းသည် ဆုဝန်ကို ရှာရန် ထိုဆိုင်အကူနောက်သို့ လိုက်သွားခဲ့ကြောင်းလည်း သူကြားခဲ့ရသေး၏။ ထိုအချိန်က ဝမ်လော့ရှန်းမှာ စိတ်ထဲတွင် ကြိတ်၍ လှောင်ရယ်နေခဲ့၏။ အနှီရှန်လင်းမှာ သူ မလိုချင်၍ စွန့်ပစ်လိုက်သည့်လူကိုသာ ကောက်ယူနိုင်သည်ပင်။
ယခင်တုန်းက ရှန်လင်းသည် သူ့ထက် စာလေ့လာသည့်နေရာတွင် ထူးချွန်ခဲ့၏။ သို့ပေသိ ယခုမူ သူ့အား မည်သည့်နေရာတွင်မှ မယှဥ်နိုင်တော့ချေ။ သူ မလိုချင်တော့သည့်လူကိုသာ ခေါ်ထားနိုင်တော့၏။
သို့ပေသိ သူ မလိုချင်သည့်လူ ဖြစ်နေသည်ဆိုလျှင်တောင်မှ သူ့နောက် လိုက်ရန်မသေချာပေ။ ရှန်လင်းတွင် ဆုဝန်ကို ပြန်ခေါ်ရန် ငွေခုနစ်တုံးမရှိခြင်းကို မဆိုထားနှင့်။ အကယ်၍ ရှန်လင်းတွင် ငွေခုနစ်တုံးရှိနေခဲ့လျှင်တောင် ဆုဝန်က သူ့နှင့်ပြန်လိုက်ရန် မသေချာချေ။
ဝမ်လော့ရှန်းသည် ဆုဝန်က သူ့ကိုမည်မျှပင်ချစ်မြတ်နိုးမှန်း သိထားပေ၏။ ဆုဝန်က ရင်ထဲအသည်းမှပင် သူနှင့် လက်ထပ်ချင်နေခြင်း ဖြစ်သည်။ အကယ်၍ လမ်းခုလပ်တွင် တခြားယောက်ျားနှင့် အိမ်ပြန်လိုက်မည်ဆိုပါက သူနှင့်လက်ထပ်ဖို့ အခွင့်အရေး လုံးဝမရှိနိုင်တော့ချေ။
ထို့အတွက် ဆုဝန်က ရှန်လင်းနှင့် လိုက်လိမ့်မည်မဟုတ်ပေ။
သို့ပေသိ ယခုအချိန်တွင်မူ ဝမ်လော့ရှန်းသည် ဆုဝန်အား ရှန်မိသားစု၏ဥယျာဥ်အတွင်း၌ မြင်လိုက်ရလေသည်။
ဝမ်လော့ရှန်းသည် ဆုဝန်ကို မကြိုက်သော်လည်း သစ္စာဖောက်ခံရသည်ဟု ခံစားလိုက်ရ၏။ ဝမ်လော့ရှန်း၏ ရင်ထဲဝယ် ဒေါသလှိုင်းလုံးများ တလိပ်လိပ် တက်လာခဲ့တော့သည်။
သို့ပင်သော်ငြား ဝမ်လော့ရှန်းက တခြားဖြစ်နိုင်ခြေတစ်ခုကို ရုတ်ခြည်း စဥ်းစားမိသွား၏။ မနေ့တုန်းက သူ့အမေသည် ဝမ်မိသားစုနှင့် ဆုဝန်တို့ ဘာမှမပတ်သက်ကြောင်း လူသိရှင်ကြား ကြေညာခဲ့သည်။ သို့ဖြစ်ရာ သူသည် ဝမ်မိသားစုသို့ ပြန်လာ၍မရနိုင်တော့ချေ။
ဤသို့ဆိုလျှင် သူမသည် သူ့ကို နေ့တိုင်းတွေ့မြင်နိုင်မည် မဟုတ်တော့ချေ။ ဘေးအိမ်က ရှန်မိသားစုတွင် နေမှသာလျှင် ယခင်ကအတိုင်း သူ့ကို နေ့တိုင်း မြင်တွေ့နိုင်မည်ဖြစ်၏။
ရှန်လင်းနှင့်ပြန်မလိုက်ခင်က ဆုဝန်တွင် ဤသို့သောအတွေးမျိုးရှိနေမည်မှာ မြေကြီးလက်ခတ်မလွဲပေ။
ဆုဝန်သည် အမြဲတစေ သူ့အား တန်ဖိုးထားခဲ့ပြီး သူ့နားကို ချဥ်းကပ်ရန် နည်းလမ်းမျိုးစုံသုံးလေ့ရှိခဲ့၏။ သူ ဝမ်မိသားစုတွင် ရှိခဲ့စဥ်က သူမျက််နှာရန် ပြင်ဆင်ပေးခြင်း၊ သူ့အခန်းကို သန့်ရှင်းရေးလုပ်ပေးခြင်းတို့ဖြင့် သူ့နားကပ်ရန် ကြိုးစားလေ့ရှိသည်။ သွမ့်အိမ်တော်သို့ သွားပြီးသည့်နောက် ညလယ်စာ ပို့ပေးသည့်နည်းလမ်းကို သုံးခဲ့၏။
ယခု ဝမ်မိသားစုနှင့် ဆက်ဆံရေးဖြတ်တောက်လိုက်ပြီးနောက် ဆုဝန်က သူ့နှင့်နီးစပ်ရန် ဘေးအိမ်တွင် နေထိုင်သည့်နည်းအား သုံးလာခဲ့၏။
ဆုဝန်၏ အပြုအမူများသည် ဝမ်လော့ရှန်းအား ဆုဝန်အပေါ် အထင်အမြင်သေးစေ၏။
ဆုဝန်မှာ အသီးအရွက်ခူးရန် ကိုယ်ကိုကိုင်းထားဆဲဖြစ်ရာ ဝမ်မိသားစု အနောက်ခြံဝန်းတွင် ရပ်နေခဲ့သည့် ဝမ်လော့ရှန်းသည် သူ့ကို မြင်သွားခဲ့ကြောင်း သတိမပြုမိချေ။
ရှန်မိသားစုမှာ အမှန်တကယ်ပင် နွမ်းပါးပေသည်။ အိမ်ရှိဆန်မှာ ကုန်သလောက်ဖြစ်နေချေပြီ။ နောက်ပြီး အရည်အသွေး မကောင်းသည့် ပြောင်းဂျုံမှုန့်တချို့ ရှိ၏။ ဆန်အကတ်အသပ်နှင့် လက်ကျန်ပြောင်းဂျုံအပြင် မီးဖိုချောင်ထဲတွင် ရှန်ယာယာ တောရိုင်းထဲမှ တူးလာသည့် အသီးအရွက်ရိုင်းများ ရှိလေ၏။ ထို့အပြင် ခြင်းထဲတွင် ကြက်ဥများ ရှိနေ၏။
ရှန်မိသားစုရှိကြက်ဥများသည် စားဖို့ရန်မဟုတ်၊ ရောင်းချဖို့ရန်သာဖြစ်၏။ တော်သေးသည်မှာ ရှန်မိသားစု အနောက်ခြံဝန်းတွင် အသီးအရွက်ဥယျာဥ်တစ်ခု ရှိနေခြင်းပင်။ ထိုသို့မဟုတ်ပါက ရှန်မိသားစုမှာ ဟင်းရွက်ရိုင်းများကိုစားပြီး အသက်ဆက်သွားရလိမ့်ပေမည်။
အနောက်ခြံဝန်းရှိ အသီးအရွက်ဥယျာဥ်ထဲတွင် သပွတ်သီး၊ ခရမ်းသီး၊ သခွားသီး၊ တည်သီး အစရှိသည်ဖြင့် သီးနှံစုံ စိုက်ပျိုး၍ထား၏။ ယင်းတို့မှာ ဖြစ်ထွန်းရုံမျှသာဖြစ်ပြီး ယခင် ဝမ်မိသားစုတွင် ဆုဝန်စိုက်ပျိုးထားသည်ထက်ပင် သာ၍ဆိုးနေသေးသည်။
ရှန်လင်းက လယ်ထဲသို့ နေ့စဥ်အလုပ်သွားရသည်ဖြစ်ရာ အသီးအရွက်ခြံကို ရေလောင်းရန် အချိန်မရှိပေ။ ရှန်မိသားစု၏ ဟင်းသီးဟင်းရွက်တို့မှာ ဤအခြေအနေထိ ကြီးထွားလာနိုင်သည်မှာ အမှန်ပင် မလွယ်ကူလှချေ။
ဆုဝန်က ခြံဝန်းထဲမှ သပွတ်သီးနှင့် သခွားသီးတို့ကို ခူးလိုက်၏။
အသီးအရွက်များ ခူး၍ပြီးသော် ဆုဝန်သည် ခြင်းတောင်းအားသယ်၍ ရှန်မိသားစု မီးဖိုချောင်သို့ မနက်စာချက်ရန် ပြန်သွားလိုက်၏။
အစမှအဆုံးထိ ဆုဝန်သည် ဝမ်မိသားစု အသီးအရွက်ဥယျာဥ်သို့ တစ်ချက်ကလေးမှ လှည့်ကြည့်မသွားခဲ့ချေ။
ဆုဝန်က ရှန်မိသားစုအရှေ့ခြံဝန်းသို့ ဟင်းရွက်တောင်းကိုကိုင်လျက် ထွက်လာသည်ကို မြင်သော် ဝမ်လော့ရှန်းက ဆုဝန်မှာ ရှန်မိသားစုအတွက် မနက်စာ ချက်ပေးရန်သွားခြင်းဖြစ်မည်ဟု ခန့်မှန်းလိုက်၏။
ဝမ်လော့ရှန်းသည် အနှီဆုဝန်မှာ အရည်အချင်းမရှိပေ၊ ထို့အတွက် သူ ထိုအိမ်တွင် နေမည်ဆိုပါက သူများအတွက် ဟင်းချက်ပေးရုံသာ တတ်နိုင်မည်ဟု ကောက်ချက်ချလိုက်၏။ သို့ပေသိ တစ်ချိန်တည်းမှာပင် ဝမ်လော့ရှန်းသည် စိတ်မသက်မသာဖြစ်မှုကို ခံစားရပြန်သည်။
ဤတစ်ကြိမ် ဆုဝန်က ရှန်မိသားစုအတွက် ချက်ပြုတ်ပေးခြင်းမှာ သူ့မိသားစုအတွက် ဆုံးရှုံးနစ်နာရသည်ဟု ဝမ်လော့ရှန်းမှာ ခံစားမိလိုက်၏။ ရှန်မိသားစုမှာ သူ့မိသားစုအား အကြွေးတင်သွားသည့်နှယ် ခံစားလိုက်ရ၏။
ဆုဝန်က ရှန်မိသားစု မီးဖိုချောင်သို့ ဝင်လာခဲ့၏။ ရှန်မိသားစုတွင် ရှိနေသည့် အမယ်များကိုပင်သုံးကာ ဆန်ပြုတ်နှင့် သပွတ်သီးကြက်ဥမုန့် ချပ်လုပ်ရန် စီစဥ်လိုက်သည်။
ဆန်ပြုတ်ကျိုရသည်မှာ ရိုးရှင်းလှ၏။ ဆန်ကိုဆေးကာ ရေထည့်ပြီးနောက် အိုးတစ်လုံးထဲတွင် ထည့်တည်လိုက်ရုံပင်။
ကြက်ဥမုန့်ချပ်သည်လည်း ရိုးရှင်းသည်ပင်။ ဆုဝန်သည် ကြက်ဥငါးလုံးကိုဖောက်၍ တူဖြင့်မွှေလိုက်၏။ ပြီးလျှင် ပြောင်းဂျုံမှုန့်၊ နုပ်နုပ်စဥ်းထားသောသပွတ်သီး၊ ရေနှင့်ဆားတို့ကို ထည့်လိုက်၏။ ထို့နောက်တွင်တော့ အနှစ်ဖြစ်အောင် မွှေလေတော့သည်။
ထိုအချိန်အတွင်း ရှန်ယာယာသည်လည်း နိုးလာခဲ့ပြီဖြစ်၏။ သူသည် မျက်နှာသန့်စင်ပြီးနောက် ထင်းများကိုင်၍ ဆုဝန်အား မီးမွှေးကူရန် လာခဲ့၏။
မနက်စာပြင်တာချင်းအတူတူပင်ဖြစ်သော်လည်း ဆုဝန်မှာ ရှန်မိသားစုတွင် မနက်စာချက်ရသည်က ဝမ်မိသားစုတွင် ချက်ရသည်ထက် ပိုမိုလွယ်ကူပေ၏။
ဝမ်မိသားစုတွင် ချက်ခဲ့ရစဥ်က ဆုဝန်မှာ လူတိုင်း၏အကြိုက်ကို ဂရုစိုက်၍ တစ်ယောက်ချင်းစီ ခံတွင်းတွေ့နိုင်အောင် ပြင်ပေးရန်လို၏။ ဝမ်အဖေနှင့်ဝမ်အမေက မနက်ခင်းတွင် ခေါက်ဆွဲစားရသည်ကို ကြိုက်လေသည်။ သို့ဖြစ်ရာ ဆုဝန်သည် ဝမ်အဖေနှင့် ဝမ်အမေအတွက် ခေါက်ဆွဲကို ကြက်သားနုပ်နုင်စဉ်းခေါက်ဆွဲ၊ မှိုခေါက်ဆွဲ၊ ချဥ်စပ်ခေါက်ဆွဲ စသည်ဖြင့် မျိုးစုံ ချက်ပြုတ်ပေးခဲ့၏။ ဝမ်လော့ရှန်းမှာ မနက်ပိုင်း၌ စာလေ့လာရာတွင် အထောက်အကူဖြစ်စေရန အာဟာရ ဖြစ်စေမည့် အစားအသောက်များကို စားရမည်ပင်။ ဆုဝန်က ဝမ်လော့ရှန်းအတွက် အစာသွတ်မုန့်ပေါင်း၊ ဖက်ထုပ်ပြုတ်၊ ပိုင်မုန့်တို့အပြင် ကြက်ဥပြုတ်ကိုပါ ပြင်ဆင်ပေးခဲ့၏။ အစတုန်းကတော့ ဝမ်လော့ရွှယ်သည်လည်း ဝမ်အဖေနှင့်ဝမ်အမေ သို့တည်းမဟုတ် ဝမ်လော့ရှန်း စဉ်းစားသည့်အတိုင်း လိုက်စားခဲ့သည်ပင်။ သို့ပေသိ ဝမ်လော့ရွှယ်မှာ ဆက်ဆံရေးကောင်းသူတစ်ဦး မဟုတ်လေရာ ဆုဝန်အား ခဲရာခဲဆစ်တောင်းဆိုမှုမျိုးစုံကို ပြုလုပ်လေ့ရှိ၏။
နောက်ပြီး ဝမ်အိမ်တော်တွင် ချက်ပြုတ်ခဲ့ရချိန်က ဆုဝန်သည် ထင်းသယ်၊ ရေခပ်များကို ကိုယ်တိုင် လုပ်ခဲ့ရလေသည်။ ချက်သည့်အဆင့်ဆင့်ကို သူတစ်ယောက်တည်းပင် လုပ်ခဲ့ရခြင်းဖြစ်၏။ မနက်စာပြင်ဆင်ရသည်ပင် ဆုဝန်အတွက် မလွယ်ကူလှပေ။
ယခုအချိန်တွင်မူ ယင်းသည် မူလပိုင်ရှင်၏ ကံကောင်းသည့်ငါးကြင်းကြောင့် ဖြစ်နိုင်ကြောင်း ဆုဝန်က ကောက်ချက်ချလိုက်၏။ အကယ်၍ သာမန်လူတစ်ယောက်က ထိုမျှ ပင်ပင်ပန်းပန်း အလုပ်လုပ်ရပါက သူ့ခန္ဓာကိုယ်မှာ လဝက်အတွင်း လဲကျသွားမည်ပင်။
အချစ်ကြီးသည့် အနှီမူလဇာတ်လိုက်မ၏ ငါးကြင်းကံကောင်းမှုလေးက ဝမ်မိသားစုကို အလုပ်အကျွေး ပြုရန်သာ ဖြစ်သွားရသည်။
သွမ့်အိမ်တော်တွင် ချက်ပြုတ်ရသည်မှာ ဝမ်အိမ်တော်တွင် ချက်ရသည်ထက် ပို၍ပင် လွယ်ကူသေး၏။ ဆုဝန်အတွက် လိုအပ်သည့် ဟင်းချက်ပစ္စည်းမျိုးစုံကို ပြင်ဆင်ပေးမည့် သီးသန့်အစေခံများ ရှိသေးသည်။ ဆုဝန်မှာ ထင်းနှင့်ရေအတွက် စိတ်ပူစရာမလိုပေ။ နှိုင်းယှဥ်ကြည့်မည်ဆိုပါလျှင် ရှန်အိမ်တွင် မနက်စာချက်ပြုတ်ရသည်က အရိုးရှင်းဆုံးနှင့် အလွယ်ကူဆုံးပင်။ ဆန်ပြုတ်နှင့် အရန်ဟင်းတချို့မျှသာ ပြင်ရသည်ဖြစ်ပြီး ရှန်ယာယာကလည်း ကူညီပေးသည်ဖြစ်ရာ ရိုးရှင်းလှသည်ပင်။
ဆုဝန်သည် စုစုပေါင်း မုန့်ချပ်ငါးခုပြင်ထားခဲ့၏။ အနှီမုန့်ချပ်တွင် သပွတ်သီး၊ ကြက်ဥ၊ ပြောင်းဆန်မှုန့်တို့ ပါဝင်၏။ အဆိုပါမုန့်ချပ်က ရိုးရှင်းကာ အရသာမှာလည်း အစာသွပ်မုန့်ပေါင်းကို မမီသော်ငြား သူ့တွင် ကစီဓာတ် ဖြည့်ပေးနိုင်သည့် ပြောင်းဆန်မှုန့်၊ အသားဓာတ်ကြွယ်ဝသည့်ကြက်ဥနှင့် သက်စောင့်သြဇာဓာတ် ဖြည့်ပေးနိုင်သည့် အသီးအရွက်တို့ ပါဝင်လေသည်။
ရှန်ယာယာက ဆုဝန်ကို အိမ်တွင် တစ်ခါမျှ မနက်စာမစားဖူးဘူးကြောင်း ပြောလာခဲ့၏။
“နေ့လယ်စာနဲ့ ညစာမစားတဲ့ လူတွေက ဗိုက်ဆာလိမ့်မယ်၊ ဒါပေမဲ့ မနက်စာ မစားတဲ့သူတွေကျ အဲဒီလောက် ဗိုက်မဆာဘူးလေ၊ အဲဒါကြောင့် အိမ်မှာ ဘယ်တုန်းကမှ မနက်စာမစားဖူးဘူး”
ဆုဝန်က ဆို၏။
" မနက်စာကို ကျော်လိုက်တာက မကောင်းဘူး။ အခုကစပြီး မမတို့ မနက်တိုင်းမနက်စာစားရမယ်"
ဆုဝန်မှာ ရှန်လင်းသည် လယ်ဧက၃၀ကျော်ကို သူကိုယ်တိုင် စိုက်ပျိုးရကြောင်း သိထား၏။ လယ်စိုက်ရသည့် လုပ်ငန်းစဥ်တစ်ခုလုံးမှာ ရှန်လင်းတစ်ယောက်တည်းအပေါ်တွင် မူတည်နေခြင်း ဖြစ်သည်။ ထို့အပြင် ရှန်လင်း၏ အဘိုး၊ အဘွား၊ ဦးလေး၊ အဒေါ်များကလည်း အမြဲတစေ သိတတ်လိမ္မာခြင်းကို အကြောင်းပြကာ သူတို့ကို အလုပ်ကူလုပ်ခိုင်းတတ်သေးသည်။
သို့ဖြစ်ရာ ရှန်လင်း နေ့စဥ်အလုပ်များက ခက်ခဲကြမ်းတမ်းလှသည်ပင်။ သူ ထိုသို့ ခက်ခဲကြမ်းတမ်းသည့် အလုပ်များကို လုပ်ရသည့်အခါ ဘယ်လိုလုပ် မနက်စာမစား၍ ဖြစ်မည်နည်း။
ဆန်ပြုတ်နှင့် မုန့်ချပ်ပဲဆိုလျှင် အနည်းငယ်ပေါ့နေပေလိမ့်မည်။ ဆုဝန်က နှုတ်မြိန်စေရန် သစ်သီးရိုင်းနှင့် သခွားသီးတို့ဖြင့် ဟင်းတစ်ခွက် ဖန်တီးလိုက်သည်။ ရှန်လင်းက မနက်ပိုင်းတွင် အလုပ်များစွာလုပ်ရရာ ဆားဓာတ်လိုမည်ပင်။
ထိုအရာများ ပြီးစီးသွားသည့်နောက် ဆုဝန်က မနက်စာကို ရှန်ရှီး၏အခန်းသို့ ယူသွားပေးလိုက်၏။
ရှန်ရှီးသည် နိုးနေပြီဖြစ်၏။ သူသည် တစ်နှစ်ပတ်လည်လုံး အားနည်းနေလျက်ရှိသည်။ ရှန်ရှီး၏ အားအင်တို့မှာ သူ့ကိုယ်သူ သေသေသပ်သပ် ဖြစ်အောင်လုပ်ရန်နှင့် ရေအိမ်သွားရန်ဖို့သာ လုံလောက်၏။ တခြားအချိန်များတွင် သူသည် အားဖြည့်ရန်အတွက် အိပ်ရာပေါ်၌သာ လဲနေရရှာသည်။
ဆုဝန် မနက်စာယူ၍ အခန်းထဲဝင်လာချိန်တွင် ရှန်ရှီးသည် သူ့ကိုယ်သူ သပ်ရပ်အောင် ပြင်ဆင်ပြီးချေပြီ။
ရှန်ရှီး၏ဆံပင်များမှာ အသေးစိတ် ဖြီးသင်ထား၏။ ကိုယ်ပေါ်ရှိ အဝတ်အစားများမှာ ဖာထေးထားရသော်လည်း သန့်ရှင်းနေ၏။
ဆုဝန်သည် ရှန်ရှီးမှာ အသန့်ကြိုက်သူမှန်း သိလေသည်။ စာအုပ်ထဲတွင် ဆုဝန်က ဝမ်လော့ရှန်းနှင့် ကွာရှင်းကာ ရှန်လင်းနှင့် လက်ထပ်ချိန်တွင် ဝမ်ရှီးမှာ ကွယ်လွန်နှင့်ချေပြီ။
သူ့အမေအကြောင်း တွေးမိသည့်အချိန်တိုင်း ရှန်လင်းမှာ ဝမ်းနည်းရလေသည်။ သူ့အမေအား ပြည့်ပြည့်စုံစုံ မထားနိုင်ခဲ့သည့်အတွက် သူ့ကိုယ်သူအပြစ်တင်တတ်၏။ ဤတစ်ကြိမ်တွင်တော့ ရှန်လင်းမှာ ထိုသို့သော နောင်တတရားမျိုးကို ခံစားရတော့မှာမဟုတ်ဟု ဆုဝန်က သူ့ဘာသာ တွေးတောလိုက်၏။
ရှန်ယာယာသည် စားပွဲပေါ်သို့ စားစရာများချရန် ဆုဝန်အား ကူညီပေးခဲ့ပြီးနောက် အလျင်အမြန် ပြေးထွက်သွားတော့၏။ ထို့နောက် ခြံဝန်းထဲတွင် လွှတိုက်နေသည့် ရှန်လင်းကို လှမ်းပြောလေ၏။
" အစ်ကိုကြီး၊ မနက်စာစားချိန်ရောက်ပြီ။ မမဆုဝန်က မနက်စာပြင်ပေးထားတယ်"
ရှန်လင်းက သူ့လက်ထဲမှ လုပ်လက်စအလုပ်ကိုချကာ သူ့ကိုယ်ပေါ်မှ လွှစာမှုန့်များကို ခါချလိုက်၏။ ထို့နောက် ရှန်ရှီး၏အခန်းဆီသို့ လျှောက်သွားလေ၏။
ရှန်ယာယာသည် ဆုဝန်အား ရှန်မိသားစုမှာ မနက်စာ စားလေ့မရှိဟု ပြောခဲ့လေသည်။ သို့ပေသိ ရှန်ရှီးရော ရှန်လင်းရောက မနက်စာချက်ကာ အစားအစာများအပိုဖြုန်းတီးခြင်းအတွက် ဆုဝန်အား အပြစ်မတင်လာခဲ့ပေ။
ဆုဝန်က ရှန်ရှီးနှင့် ရှန်လင်း၏အတွေးကို မှန်းဆကြည့်နိုင်၏။ သူတို့သည်
သူတို့မနက်စာ မလုပ်သည်နှင့် စားခွင့်မပေးခြင်းမှာ မှားယွင်းသည်ဟု ခံစားရ၍ပင်။
ဆုဝန်သည် စုစုပေါင်းမုန့်ချပ်၅ခု လုပ်ထားခဲ့၏။ ဆုဝန်သည် သူ့ကိုယ်သူတစ်ခု၊ ရှန်ရှီး တစ်ခု၊ ရှန်ယာယာက တစ်ဝက်နှင့် ရှန်လင်းအတွက် ၂ခု ပေးခဲ့၏။
ထိုသို့ခွဲဝေခြင်းသည် ဤလူများတွက် သင့်တော်သည်ပင်။
မစားမီတွင် ရှန်ရှီးသည် ဆုဝန်ကို ပြောလာခဲ့သည်။
" သမီးကို ပင်ပန်းစေမိပြီ။ သမီး အိမ်အတွက် အစောကြီးထပြီး မနက်စာချက်ရတယ်။ အဒေါ် ကျန်းမာရေး မကောင်းလို့ကွယ်။ မဟုတ်ရင် သမီးကို ချက်ပြုတ်ဧည့်ခံလို့ရတယ်။ အဒေါ်လို့ နေမကောင်းဖြစ်နေတဲ့သူက ဘာမှအသုံးမဝင်တဲ့လူပါပဲ"
ရှန်ယာယာက ဆို၏။
"မမဆုဝန်၊ သမီးပြောပြမယ်။ အရင်တုန်းက သမီးအမေ ဟင်းချက်တာ အရမ်းကောင်းတာ"
ဆုဝန်က ပြောလိုက်သည်။
" အဒေါ်ဒီလိုမပြောပါနဲ့ အဒေါ် ကျိန်းသေပေါက် ပြန်ကောင်းလာမှာပါ။ ပြန်ကောင်းလာတဲ့အချိန်ကျ သမီးကို ချက်ကျွေးလို့ရပြီလေ"
ရှန်ရှီးက ပန်းကန်ကို ယူလိုက်ကာ အပြုံးဖြင့်ဆိုလာ၏။
" အဒေါ် ကျိန်းသေပေါက် ပြန်ကောင်းလာမှာ၊ ကျိန်းသေပေါက် ပြန်ကောင်းလာမှာ"
သူထိုသို့ပြောသည်ဆိုသော်လည်း ဆုဝန်က သူ့ကိုနှစ်သိမ့်ပေးနေခြင်းသာဖြစ်ကြောင်း ရှန်ရှီးသိပေသည်။ သူသည် အိပ်ရာပေါ်တွင် နှစ်နှစ်လောက်လဲနေခဲ့ရ၏။ အဖိုးတန်စွပ်ပြုတ်နှင့် ဆေးများ ကုန်သွားသော်လည်း သူ၏ကျန်းမာရေးသည်တော့ တစ်နေ့တစ်ခြား ပိုမိုဆိုးရွားလာခဲ့ပြီး ပြန်ကောင်းနိုင်ရန် မျှော်လင့်ချက်မရှိချေ။
ရှန်ရှီး၏စိတ်ထဲတွင် နောင်တတရားနှင့် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မှုတို့အပြည့်ပင်။ သူ့ခင်ပွန်း ဆုံးပါးသွားခဲ့ရာ သူ့သားနှင့် သမီး၏ဘဝမှာ ခက်ခဲနှင့်ပြီးသားပင်။ သူ အပြင်းအထန် နာမကျန်းမဖြစ်ခဲ့ပါက အလုပ်ကြမ်းများ မလုပ်နိုင်လျှင်တောင်မှ ကလေးနှစ်ယောက်အတွက် လျှော်ဖွတ်၊ ချက်ပြုတ်ပေး၊ အိမ်ကို သန့်ရှင်းရေးလုပ်ပေးမည်ဆိုလျှင် ထိုကလေးနှစ်ယောက်မှာ ပို၍ အဆင်ပြေပြေ ဆောင်ရွက်နိုင်မည်သာ။
ယခုမူ သူကိုယ်တိုင် ထိုကိစ္စများကိုမလုပ်နိုင်ရုံသာမက သားနှင့်သမီးကို ဝန်ထုပ်ဝန်ပိုးပါ ဖြစ်စေသေးသည်။
ရှန်ရှီးသည် သေကြောင်းကြံစည်ရန်လည်း ကြိုးစားခဲ့ဖူး၏။ သို့ပေသိ သူ့သားနှင့်သမီး ကယ်ပေးခြင်း ခံရပြီးသည့်နောက် သူ့သားနှင့်သမီး၏ ပူဆွေးသောကရောက်နေသည့်ပုံကို မြင်ခဲ့ရရာ နောက်တစ်ကြိမ် ထပ်လုပ်ရန် မကြိုးစားတော့ချေ။
ရှန်လင်းက ရှန်ရှီးအား သူသည် ရှန်ရှီးကို ဝန်ထုပ်ဝန်ပိုးအနေနှင့် တစ်ခါမှ မမြင်ဖူးကြောင်း၊ ရှန်ရှီးသာ အသက်ရှင်နေမည်ဆိုပါက ဘာမှမလုပ်ပေးနိုင်လျှင်တောင်မှ မှီခိုအားထားရမည့် ဆွေမျိုးသားချင်း ရှိနေသည်ဟု သူ့နှလုံးသားထဲတွင် ခံစားရမည်ဖြစ်ကြောင်း၊ အကယ်၍ ရှန်ရှီးသာ မရှိတော့ဘူးဆိုလျှင် ဤကမ္ဘာပေါ်တွင် သူနှင့်ညီမလေးကို တကယ်ချစ်ပေးမည့်သူ မရှိတော့ကြောင်း ပြောပြခဲ့၏။
ထိုအခါမှသာ ရှန်ရှီးက အဆုံးစီရင်မည့်အတွေးကို လက်လျှော့လိုက်သည်ပင်။
ရှန်လင်းက ထိုင်၍ မနက်စာစားနေခဲ့သည်။ ဆန်ပြုတ်သည် နွေးထွေးကာ လူ့အစာအိမ်အား အလွန်ပင် သက်သောင့်သက်သာရှိစေ၏။ ကြက်ဥမုန့်ချပ်က နူးညံ့နေပြီး သခွားသီးနှင့် သပွတ်သီးတို့ကို သီးရွက်ရိုင်းများဖြင့် ရောထားသည်မှာ ရိုးရှင်းသည့် စားမြိန်ဟင်းတစ်ခွက်ပင်ဖြစ်သည်။ သို့ပေသိ ထူးခြားသည့် အငန်ရနံ့တစ်မျိုး ရှိနေခဲ့သည်။ ထိုသို့သော အစားအစာမျိုးကိုစားလျှင် တစ်ကိုယ်လုံးရှိ အားအင်များကို တက်ကြွစေလိမ့်မည်ပင်။
ရှန်လင်းသည် စားပြီးသွားသည့်နောက် ပန်းကန်နှင့်တူကို ချကာဆိုလာ၏။
" မိန်းကလေးဆုဝန်၊ တကယ်လို့ မင်းဒီမှာနေတာ အနေခက် နေစရာမလိုပါဘူး။ ဒီလို အလုပ်ကြမ်းတွေကို ပိုတောင် လုပ်စရာမလိုဘူး။ ငါပြန်လာမှ လုပ်လိုက်လို့ ရပါတယ် "
ယင်းမှာ သူသည် သူတစ်ပါးအရိပ်ကို မှီခိုရသည်ဟု ထင်မြင်ခြင်းကြောင့် ထိုအိမ်မှုစ္စများကို အလိုအလျောက် လုပ်ဆောင်ရခြင်းဖြစ်သည်ဟု ရှန်လင်း ထင်နေကြောင်း ဆုဝန်သိပေ၏။
ဆုဝန်မှာ သူတစ်ပါးအရိပ်ကို မှီခိုရခြင်းကြောင့် မဟုတ်ပါပေ။ သူသည် ထိုအရာများကို ရှန်လင်းအတွက် အမှန်တကယ် လုပ်ပေးချင်ခြင်းပင်။ သူသည် ရှန်လင်း၏ အကျင့်စရိုက်ကို နားလည်၏။ သူသည် အရာအားလုံးကို ပခုံးထမ်း တာဝန်ခံချင်သည့်သူမျိုးဖြစ်ပေသည်။
သို့ပေသိ သူသည် ထိုအရာအားလုံးကို ပခုံးပေါ်ထမ်းထားနိုင်သည့် သံမဏိလူသား မဟုတ်ချေ။ သူ ၎င်းတို့ကို သယ်ဆောင်ထားနိုင်သည်ဆိုလျှင်တောင် ယင်းသည် သူ့ကို လမ်းလျှောက်ရာတွင် နှေးကွေးစေပေမည်။
ဆုဝန်က " ကျွန်မ ဟင်းချက်ပေးမယ်။ ရှင်က နေ့တိုင်း လယ်ကွင်းထဲမှာ အလုပ်သွားလုပ်ရပြီး ပြန်လာတော့လည်း ဒါတွေကို လုပ်ရသေးတယ်။ ရှင့်ခန္ဓာကိုယ်က ဘယ်လိုလုပ် ခံနိုင်မှာလဲ။ ဧကန္တ ရှင်က ပင်ပန်းပြီး ဖျားချင်လို့လား"ဟု ပြောလိုက်၏။
ရှန်လင်းက နှုတ်ဆိတ်နေလျက်ရှိပြီး ပြန်မဖြေလာခဲ့ပေ။
ရှန်ရှီးက " အင်း၊ ငါ့ကျန်းမာရေးသာ နည်းနည်းလောက်ပိုကောင်းရင် အိမ်မှာရှိတဲ့ကိစ္စအားလုံးကို ဂရုတစိုက် ကိုင်တွယ်နိုင်မှာပဲ"ဟု ရေရွတ်လာ၏။
ရှန်ရှီး၏မျက်နှာမှာ ဝမ်းနည်းအထီးကျန်မှုများ ပြည့်နှက်နေလျက်ရှိ၏။ ကလေးများသည် ဘာမှမလုပ်နိုင်သည့်အတွက် သူ့ကို သဘောမကျမဖြစ်သော်ငြား ရှန်ရှီးက သူ့ကိုယ်သူအပြစ်တင်ခြင်းကို မရပ်တန့်နိုင်ပေ။
ထိုသို့သော ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ခြင်းမျိုးမှ လွတ်မြောက်နိုင်မည့်နည်းလမ်းမရှိချေ။ သူ အသက်တစ်ရက် ဆက်ရှင်နေသရွေ့၊ သူ့သားသမီးများအတွက် ဘာမှမလုပ်ပေးနိုင်သရွေ့ ထိုကိုယ့်ကိုယ်ကိုယ်အပြစ်တင်မှုက ထာဝရပျောက်ကွယ်သွားနိုင်မည် မဟုတ်ပေ။
ဆုဝန်က ဆို၏။
" ချက်ပြုတ်ရုံလေးပဲကို။ ကျွန်မအတွက် လွယ်လွယ်လေးပါပဲ"
ရှန်လင်းက " ဒါဆိုလည်း မင်း ချက်ပြုတ်တာကိုပဲလုပ်ရင် ရပြီ။ တခြားကိစ္စတွေ မင်း ဘာမှလုပ်စရာမလိုဘူး။ ငါ့အိမ်က ဝမ်မိသားစု မဟုတ်ဘူး "
သိသာစွာပင် ဝမ်မိသားစုတွင် ဆုဝန်လုပ်ရသည်များကို ရှန်မိသားစုက မျက်စိရှေ့၌ မြင်ခဲ့ရလေသည်။
ယင်းသည်ကား ရှန်မိသားစု၏ ကြင်နာမှုပင် ဖြစ်ချေသည်။ သာမန်လူများသည် အနှီကိစ္စမျိုးနှင့် ကြုံတွေ့ရပါက 'နင် ဝမ်မိသားစုမှာလည်း ဒီအလုပ်တွေလုပ်ခဲ့ရတာပါလေ။ ငါတို့မိသားစုက နင့်ကို ကောင်းကောင်းမွန်မွန်ဆက်ဆံတယ်။ နင် ဝမ်မိသားစုမှာတုန်းကထက် အလုပ်ပိုလုပ်ရမယ်'ဟု တွေးကြမည်ပင်။
ဆုဝန်က ရှန်လင်း၏စကားများကို ထပ်ငြင်းမနေတော့ပေ။ သူ အမှန်တကယ်ပင် အိမ်မှုကိစ္စများကို အရင်ကကဲ့လို့ မလုပ်နိုင်တော့ချေ။
ယခု လူတိုင်းကို အဆင်ပြေသက်သာစေရန်မှာ ဝမ်မိသားစုတွင်ကဲ့သို့ အိမ်အလုပ်များအားလုံးကို လုပ်ဆောင်ခြင်းသည်ကား အရေးအကြီးဆုံးမဟုတ်။ အရေးအကြီးဆုံးသောကိစ္စမှာ လက်ရှိ ရှန်မိသားစုက ဆင်းရဲနွမ်းပါးလွန်းနေခြင်းပင်။
'နေ့တိုင်း အသီးအရွက်ရိုင်းပဲ မစားနိုင်ဘူးလေ'
ဆုဝန်သည်လည်း လက်ထဲတွင် ပိုက်ဆံအနည်းငယ်ရှိလေရာ ရှန်မိသားစု၏ အခက်အခဲအား ယာယီတော့ ဖြေရှင်းနိုင်မည်ပင်။ သို့ပေသိ သူနှင့် ရှန်မိသားစုတို့မှာ လုံးဝ ဒီအတိုင်း ထိုင်စားနိုင်မည်မဟုတ်ချေ။ ထို့အပြင် အနှီငွေများသည်လည်း ဒီအတိုင်း ထိုင်စားနိုင်ရန်တော့ မလောက်ငရာ ငွေရှာခြင်းကသာလျှင် မှန်ကန်သည့်လမ်းကြောင်းဖြစ်ပေ၏။
...
အခန်း (၂၉) (ဂ)
စား၍ပြီးစီးသည့်နောက် ရှန်လင်းသည် ပန်းကန်လုံးနှင့်ဇွန်းများကို မီးဖိုချောင်အတွင်းသို့ သပ်ရပ်စွာ သိမ်းဆည်းလေ၏။ ဆုဝန်က ဆေးကြောရန် လိုက်သွားသော်လည်း ရှန်ယာယာက ကပျာကယာ တားလာခဲ့၏
" မမဆုဝန်၊ သမီးဆေးလိုက်မယ်။ မမက ချက်ပေးပြီးပြီလေ။ အစ်ကိုကြီးချက်ပေးရင် သမီးက ဆေးတယ်။ ချက်တဲ့သူနဲ့ ဆေးတဲ့သူက တစ်ယောက်တည်းဖြစ်နေလို့မရဘူး"
ဆုဝန်သည် ရှန်မိသားစု၏ သွင်ပြင်စရိုက်ကို လွန်စွာနှစ်ခြိုက်သည်ပင်။ တစ်မိသားစုလုံးက အပြန်အလှန် နားလည်ကြပြီး တာဝန်များကို ခွဲဝေယူကြ၏။
ဆုဝန်သည် နှလုံးသား၏အနက်ရှိုင်းနေရာမှနေ၍ ရှန်မိသားစုနှင့် တစ်မိသားစုတည်း ဖြစ်ချင်ခဲ့သည်ပင်။ ရှန်လင်းက သူ့ကိုသဘောကျလား၊ မကျဘူးလားဆိုသည်ကိုတော့ သူစိတ်ပူပန်ခြင်းမရှိချေ။
ယခု ရှန်မိသားစုက လွန်စွာ ဆင်းရဲပေသည်။ ရှန်လင်းနှင့် လက်ထပ်လိုသည့် တခြားမိန်းကလေး မရှိလေရာ ရှန်လင်းသည် သူ့ကိုသာ လက်ထပ်ယူနိုင်မည်ဖြစ်၏။
သူသာ ရှန်လင်း၏ဇနီးမယားဖြစ်လာမည်ဆိုပါက ရှန်လင်း၏ စရိုက်ဖြင့်ဆိုလျှင် သူ့ကို ကောင်းကောင်း ဆက်ဆံမည်မှာ အသေအချာပင်။ သူ အနာဂတ်တွင် ချမ်းသာလာခဲ့လျှင်တောင်မှ ရှန်လင်းသည် မိန်းကလေးများနှင့် ပရောပရည်လုပ်လိမ့်မည် မဟုတ်ပေ။
ဆုဝန်သည် ရှန်ယာယာနှင့် ပန်းကန်များ ပြိုင်မဆေးခဲ့ချေ။ သို့ဖြစ်၍ သူ စားပွဲသုတ်ရန် အဝတ်စုတ်တစ်စ ယူလာချိန်တွင် ရှန်ရှီးက သန့်ရှင်းအောင် သုတ်ထားပြီသည်ကိုသာ မြင်လိုက်ရ၏။
တစ်ချက်ကြည့်လိုက်သည်နှင့် ရှန်ရှီးမှာ အသန့်ကြိုက်သူဖြစ်ကြောင်း ပြောနိုင်လေသည်။
ရှန်ယာယာသည် ပန်းကန်များကို ဆေးကြောနေခဲ့၏။ ရှန်လင်းသည် စောနက သူဖြတ်ထားခဲ့သော သစ်သားပျဥ်ချပ်များကို သပ်သပ်ရပ်ရပ် စီလိုက်၏။ လွှစာမှုန့်အစုတ်များကိုမူ မီးမွှေးရလွယ်စေဖို့သုံးရန် မီးဖိုချောင်တွင်းရှိ လေးထောင့်သစ်သားဘူးတစ်ဘူးအတွင်းသို့ ထည့်လိုက်လေ၏။
ထိုသို့လုပ်ပြီးနောက် ရှန်လင်းသည် လယ်သုံးပစ္စည်းများကိုယူကာ လယ်ကွင်းသို့ သွားတော့သည်။
ဆုဝန်သည် ရှန်အိမ်၏ အရှေ့ခြံဝန်းနှင့် အနောက်ခြံဝန်းကို လမ်းပတ်လျှောက်နေခဲ့၏။ ရှန်အိမ်သည် အတော်ပင် သန့်ရှင်းသပ်ရပ်လေသည်။ ဆုဝန်လုပ်သည်လောက် မသန့်ရှင်းသော်လည်း သာမန်အိမ်များထက်တော့ အတော်ကလေး ပိုသပ်ရပ်သည်ပင်။
ရှန်မိသားစုတွင် အိမ်အလုပ်လုပ်မည့်သူ သီးသန့်မရှိသော်လည်း ထိုသို့ ထိန်းသိမ်းထားနိုင်ရာ ရှန်မိသားစုသည် သပ်သပ်ရပ်ရပ် ထားလိုစိတ်ရှိကြောင်း ပြသလျက်ရှိ၏။
ထိုသို့ကြည့်ပါလျှင် ရှန်အိမ်အတွင်း၊ အပြင်ကို သန့်ရှင်းသပ်ရပ်လုပ်ရခြင်းသည် ယခင်နှင့်စာရင် ပိုလွယ်မည်ပင်။
ဆုဝန် ဝမ်မိသားစုတွင်နေခဲ့စဥ်က ပရမ်းပတာမဖြစ်သည့်နေ့ တစ်ရက်မှ မရှိချေ။ ဝမ်အိမ်က လူများက ပစ္စည်းများကို မည်မျှရှုပ်ပွအောင်ထားစေကာမူ ဆုဝန်က ရှင်းလင်းလိုက်သည်ပင်။
တွက်ကြည့်ပါလျှင် ဝမ်အိမ်၏ အိမ်မှုကိစ္စသည် ရှန်အိမ်ထက် လေး၊ငါးဆမျှ များချေသည်။
ဝမ်လော့ရှန်းသည် မနက်စောစော ဆုဝန်မှာ ဘေးအိမ်ရှိ ရှန်မိသားစုဆီ သွားကြောင်း တွေ့လိုက်ရသောအခါ သူ့နှလုံးသားထဲဝယ် အထင်သေးမှုနှင့် စိတ်အေးမှုကို တစ်ချိန်တည်း ခံစားလိုက်ရ၏။
အထင်သေးရခြင်းမှာ ဆုဝန်သည် သူ့ကိုရှာဖွေရန် အမြဲတစေ အလောတကြီးဖြစ်နေသည့် မိန်းကလေးဖြစ်နေခြင်းကြောင့်ပင်။
စိတ်အေးသွားရခြင်းကမူ အကယ်၍ သူ သို့မဟုတ် သူ့မိသားစုတွင် ကိစ္စတစ်ခုခု ရှိခဲ့ပါက ဆုဝန်အား အချိန်မရွေး ခေါ်ဖြေရှင်းခိုင်း၍ ရပြီဖြစ်သောကြောင့် စိတ်အေးသွားရခြင်းပင်။
'တကယ်လို့ ငါသာ ဆုဝန်ကို အလုပ်တွေကူလုပ်ပေးဖို့ အရင်စခေါ်လိုက်ရင် ဆုဝန် လုံးဝပျော်သွားမှာ။ အရင်ဘဝကရော ဒီဘဝမှာရော အတူတူပဲ။ သူ ဆုဝန်ကို အလုပ်ကူလုပ်ခိုင်းရင် သူက မဟာအခွင့်အရေး ရသလို အရမ်းပျော်သွားမှာ'
*
ဝမ်မိသားစု
ဝမ်လော့ရှန်း အရှေ့ခြံဝန်းရှိ ခန်းမဆောင်သို့ ပြန်ရောက်လာချိန်တွင် အိမ်တွင်ငှားထားသော အစေခံအဒေါ်ကြီးသည် သူ့အတွက် မနက်စာ လုပ်ထားပြီးပြီဖြစ်၏။
အဒေါ်ကြီးလုပ်ထားသောမနက်စာမှာ အသီးအရွက်ခေါက်ဆွဲ ဖြစ်သည်ပင်။
ကြည်လောင်နေသည့် ခေါက်ဆွဲဟင်းရည်ပေါ်တွင် အရွက်စိမ်းတချို့ ပေါလောပေါ်နေလျက်ရှိပြီး ကြည့်လိုက်သည်နှင့် လူကို စားချင်စိတ် ပျောက်သွားစေ၏။
ဝမ်လော့ရှန်းက မျက်မှောင်ကြုတ်လိုက်ကာ
" ဘာလို့ ခေါက်ဆွဲပဲ ဖြစ်ပြန်ပြီလဲ"
ချက်ပြုတ်သည့် အဒေါ်ကြီးဝူက ရိုးရိုးသားသားပင် ဖြေလာ၏။
" သခင်လေး၊ သခင်ကြီးနဲ့ သခင်မကြီးက ခေါက်ဆွဲကြိုက်ကြတယ်လေ။ အိမ်မှာ ကျိန်းသေပေါက် ခေါက်ဆွဲစားရမှာပေါ့"
သိတတ်လိမ္မာခြင်းသည်ကား အရေးကြီးလှသည်။ သာမန်လူများသည် သေချာပေါက်ကိုပင် မိဘကြိုက်သည်ကို သားသမီးများ လိုက်စားရမည်ဖြစ်ပြီး ရွေးစရာမရှိပေ။ အဒေါ်ကြီးဝူက ဝမ်အဖေနှင့် ဝမ်အမေစားချင်သည့်အတိုင်း ချက်သည်ဖြစ်ရာ အမှားမရှိချေ။
ဝမ်လော့ရှန်းသည် စားပွဲတွင် မထိုင်ချင်ထိုင်ချင်ဖြင့်ထိုင်ကာ သူ့ရှေ့မှခေါက်ဆွဲကို ယူလိုက်၏။ အတိတ်မနက်ခင်းများတွင် သူသည် သရေစာမျိုးစုံ စားလေ့ရှိခဲ့၏။ ထို့အပြင် ဆုဝန် ဆားစိမ်ပေးထားသည့် သနပ်များကို စားတတ်၏။ ယခုမူ မနက်တိုင်း ခေါက်ဆွဲနှင့် ခေါက်ဆွဲကိုသာ စားရ၏။ အကယ်၍ ထိုခေါက်ဆွဲကို မစားလျှင် သူ ကျောင်းတော်သို့ ဗိုက်ဆာဆာဖြင့် သွားရမည်ဖြစ်၏။ သူ ကျောင်းတော်သို့ ဗိုက်ဆာဆာဖြင့် သွားရပါက သင်ခန်းစာများကို ကောင်းကောင်း သင်ယူနိုင်တော့မည်မဟုတ်ပေ။
ဝမ်လော့ရွှယ်သည်လည်း စားရန် ထွက်လာခဲ့၏။ ယခင်တုန်းက ဝမ်လော့ရွှယ်သည် အိပ်ရာထနောက်အကျဆုံးသူ ဖြစ်ပြီး ဝမ်အိမ်တွင် နောက်ဆုံးမှ မနက်စာထွက်စားသူဖြစ်၏။ ဆုဝန်က ဝမ်လော့ရွှယ်အတွက် မနက်စာ ထပ်ပြင်ပေးလေ့ရှိသည်။
သို့ပေသိ ယခုမူ အဒေါ်ကြီးဝူသည် နေ့စဥ် ခေါက်ဆွဲချက်၏။ အကယ်၍ သူ စောစော ထမစားပါက အနှီခေါက်ဆွဲများသည် ခဲကုန်ကာ စားရန် ရွံစရာ ကောင်းသွားပေလိမ့်မည်။ ဝမ်လော့ရွှယ်မှာ ခေါက်ဆွဲစားရန် မနက်စောစောထရတော့သည်။
ဝမ်လော့ရွှယ်သည် အဒေါ်ကြီးဝူအား သူ့အတွက် ကောင်းမွန်သည့်မနက်စာတချို့ ပြင်ပေးစေလိုခဲ့သည်။ သို့ရာတွင် အဒေါ်ကြီးက 'ဝမ်မိသားစုကလူတွေ မနက်စာသုံးခါစားလို့ သူသုံးခါပြင်ပေးရမယ်ဆိုရင် တခြားအလုပ်တွေကို နှောင့်နှေးစေမယ်'ဟု ပြောလာခဲ့၏။
ဝမ်မိသားစုတွင် လုပ်စရာအိမ်မှုကိစ္စ များပြားလှ၏။ အကယ်၍ အဒေါ်ကြီးဝူကို မနက်စာ အခါခါအလီလီ ပြင်ခိုင်းနေမည်ဆိုပါက အဒေါ်ကြီးဝူမှာ အိမ်တွင်း၊အိမ်ပြင်အား သန့်ရှင်းရေးလုပ်ရန်အချိန် ရှိမည်မဟုတ်။
သို့ဖြစ်ရာ ဝမ်ရှီးက ဝမ်လော့ရွှယ်ကို မနက်စောစောထ၍ ခေါက်ဆွဲစားခိုင်းတော့သည်။
ဝမ်လော့ရွှယ်သည် ခေါက်ဆွဲနှစ်လုတ်သုံးလုတ်မျှစားပြီးနောက် မျက်နှာတည်သွားလေ၏။ သူသည် အလျင်အမြန်ပင် အဒေါ်ကြီးဝူကို အပြစ်တင်လာ၏။
" ကျွန်မပြောမယ် အဒေါ်ကြီးဝူ။ ရှင် ပျင်းရိပြီးတော့ တစ်ရက်ကို မနက်စာတစ်ကြိမ်ပဲပြင်တာကို ထားလိုက်ပါတော့။ ဘယ်လိုဖြစ်ပြီး ရှင်လုပ်တဲ့ခေါက်ဆွဲက တစ်ရက်ထက်တစ်ရက် ပိုစားရခက်လာရတာလဲ။ ရှင် ဒီခေါက်ဆွဲကိုချက်ထားတာ ဝက်စာထက်တောင် စားရခက်သေးတယ်"
အဒေါ်ကြီးဝူက တခြားစီရင်စုရှိ လူကုံထံမိသားစုများကို အလုပ်အကျွေးပြုခဲ့ဖူးသည်။ ဝမ်လော့ရွှယ်၏ စကားများကို ကြားသော် သူက အနည်းငယ် ဝမ်းနည်းစွာဖြင့် ပြန်ဖြေလာ၏။
" မိန်းကလေး၊ ချမ်းသာတဲ့မိသားစုတွေမှာတော့ သခင်တွေက မနက်စာကို ခွဲပြီးစားကြတာပေါ့။ သာမန်မိသားစုတွေမှာကျ ဒီလိုအခါခါပြင်ဖို့ ဘယ်မှာလာပြီး လုံ့လရှိပါမလဲ။ ကျွန်မ တစ်ကြိမ် ပြင်ပေးတာပဲ မျှတနေပြီလေ"
"ပြီးတော့လည်း သခင်မကြီးဝမ်က ကျွန်မကို ဆီတွေ၊ ဆားတွေ အများကြီး သုံးခွင့်ပေးတာ မဟုတ်ဘူး။ အသားလည်း မဝယ်ခိုင်းဘူးလေ။ ကျွန်မမှာ အနောက်ခြံဝန်းက အသီးအရွက်တွေနဲ့ပဲ ချက်ရရှာတာ။ မပြည့်စုံရင် ဘာမှလုပ်လို့မရဘူးလေ။ ဒီလောက်ချက်နိုင်တာပဲ ကျွန်မအတွက် မလွယ်လှဘူး"
ဝမ်လော့ရွှယ်မှာ အဒေါ်ကြီးဝူ၏တားခြင်းကို ခံရသည်ကြောင့် ဒေါသပေါက်ကွဲချင်မိသွားသော်လည်း အစေခံငှားရန် ရန်မာစျေးသို့ သွားစဥ်က ခံစားခဲ့ရသော စိတ်ပျက်စရာကောင်းမှုနှင့် အနှိမ်ခံရမှုများကို ပြန်တွေးမိသောအခါ သည်းခံရုံသာ တတ်နိုင်တော့၏။ အနှီအဒေါ်ကြီးဝူသည် အမှန်ပင် စက်ဆုပ်ဖွယ်ကောင်းလှသည်။
ဝမ်လော့ရွှယ်နှင့် ဝမ်လော့ရှန်းတို့မှာ အရသာမရှိသည့်ခေါက်ဆွဲအား ခက်ခဲပင်ပန်းစွာ စားရရှာတော့သည်။ ဝမ်အဖေနှင့် ဝမ်အမေသည်လည်း မနက်စာစားရန် ထွက်လာခဲ့ကြလေ၏။
ဝမ်အဖေနှင့် ဝမ်အမေသည် ထိုခေါက်ဆွဲမှာ စားရခက်ကြောင်း ကျိန်းသေပေါက် သိကာ အဒေါ်ကြီးဝူကို မကျေနပ်သော်လည်း မတတ်နိုင်ချေ။
'အိမ်မှာ အစေခံ ငှားရခက်အောင် ဘယ်သူလုပ်တာလဲ၊ သည်းခံရုံကလွဲပြီး မရှိဘူး'
ဝမ်အဖေနှင့် ဝမ်အမေတို့ ထိုင်လိုက်သည်ကိုမြင်သော် ဝမ်လော့ရှန်းက ရုတ်တရက် ပြောလာခဲ့၏။
" ကျွန်တော် အခုလေးတင်ပဲ အနောက်ခြံဝန်းကနေ ဆုဝန် ရှန်အိမ်မှာရှိနေတာကိုတွေ့လိုက်တယ်"
ဝမ်ရှီးက ခေါက်ဆွဲပန်းကန်ကို ကိုင်လျက်ပြောလာ၏။
" အဲဒီရှန်အိမ်က ဆင်းရဲသားကောင်လေးက ဆုဝန်ကို တကယ်ပြန်ခေါ်လာနိုင်မယ်လို့ မထင်မိဘူး။ အမေက သူ့မှာ ငွေခုနစ်တုံး မရှိလောက်ဘူးလို့ ထင်နေတာ"
ရှန်အိမ်၏ ကျဆင်းမှုအကြောင်းပြောချိန်တွင် ဝမ်ရှီးသည် အနည်းငယ် စိတ်လှုပ်ရှားနေဆဲပင်။
" အစတုန်းကတော့ ရှန်ရှီးက နေ့တိုင်း လှလှပပတွေ ဝတ်တာလေ။ သူ့ကိုယ်သူ ကျွန်မထက် နေရာတိုင်းမှာ သာတယ်ထင်နေတာ။ အခု သူ့မိသားစုကို ကြည့်လိုက်ပါဦး။ လူကလေ တကယ်ကြီး ဘဝရဲ့အတက်အကျတွေနဲ့ ကြုံရတာပဲ။ အဲဒီရှန်လင်းက အရင်တုန်းက လော့ရှန်းထက် ပိုပြီး စာလေ့လာတဲ့နေရာမှာ သာတယ်မလား။ အခုတော့ ကျွန်မတို့လော့ရှန်း မလိုချင်တဲ့မိန်းမကို ခေါ်ထားရတာပဲလေ။ တကယ့်ကို လူရယ်စရာဖြစ်တာပဲ"
အမြဲတစေ အလေးအနက်ရှိသည့် ဝမ်အဖေကလည်း ပြောလာခဲ့၏
" အဲဒီရှန်လင်းက ငါတို့သား မလိုချင်တဲ့လူကို ခေါ်ထားတယ်။ တကယ် အရှက်ရစရာပဲ"
သို့ရာတွင် ဝမ်လော့ရွှယ်တွင်တော့ မတူညီသည့်အမြင်တစ်ခုရှိနေ၏။ သူ ဤရက်ပိုင်းများကို ရှုပ်ထွေးစွာ ဖြတ်သန်းလာခဲ့ရသည်ပင်။ အစတုန်းကတော့ အစေခံတစ်ယောက် ငှားလိုက်မည်ဆိုပါလျှင် အရာအားလုံးက ပိုကောင်းလာမည်ဟု ထင်ခဲ့သည်ပင်။ သို့ပေသိ အစေခံငှားလိုက်ပြီးသည့်နောက် သူ့ဘဝသည် ယခင်ပုံစံ ပြန်ဖြစ်မလာခဲ့ချေ။
ဝမ်လော့ရွှယ်သည် ဆုဝန်မှာ ဘေးချင်းကပ် ရှန်အိမ်တွင် ရှိနေကြောင်းကြားသည့်အခါ အလျင်စလို ပြောလာ၏
" ဒီလိုလည်း ကောင်းတာပဲ။ တကယ်လို့ အိမ်မှာ ကိစ္စတစ်ခုခုရှိရင် ဆုဝန်ကို လာလုပ်ပေးဖို့ ခေါ်လို့ရတာပေါ့။ ဆုဝန်က တကယ်ခေါင်းမာတဲ့သူပဲနော်။ သမီးအစ်ကိုကို နည်းလမ်းမျိုးစုံနဲ့ တွယ်ကပ်နေတော့တာပဲ"
ကျိန်းသေပေါက်ကို ဝမ်လော့ရွှယ်သည်လည်း ဝမ်လော့ရှန်းနှင့် တစ်ထေရာတည်း တွေးသည်ပင်။ ဆုဝန် ရှန်အိမ်သို့သွားရသည့် အကြောင်းအရင်းမှာ ဝမ်လော့ရှန်းနှင့် ပိုနီးစပ်နိုင်အောင်ပင်။
ဝမ်အဖေသည် အမြဲတစေ ကိုယ်ကျိုးရှာသူတစ်ဦး ဖြစ်ခဲ့၏။ ထိုသို့ကြားသော် သူသည် " ဆုဝန် ရှန်အိမ်မှာ ရှိနေတာလည်း ကောင်းတဲ့ကိစ္စပါပဲ။ ဒီလိုဆိုတော့ သူ ရှန်အိမ်ကဟာကိုဟာစား၊ ရှန်အိမ်ကဟာကို သုံးပြီး တို့မိသားစုအတွက် အလုပ်လုပ်ပေးနိုင်သေးတယ်။ ကောင်းတဲ့အရာပဲ" ဟု ပြောလာခဲ့၏။
ဝမ်ရှီးက ဆို၏။
" ဒါလည်းဟုတ်တာပဲ။ ဒါပေမဲ့ ဆုဝန်က သွမ့်အိမ်တော်မှာ အလုပ်လုပ်ရမဲ့အချိန်တွေအတွက်တော့ နှမြောစရာပဲ။ လတိုင်း ငွေတွေအများကြီးရှာနိုင်မှာကို။ အခု သူက ရှန်အိမ်မှာဆိုတော့ ဘယ်လိုငွေရှာတော့မှာလဲ"
တကယ်တမ်းတွင်တော့ ဆုဝန်နှင့် ဆက်ဆံရေးဖြတ်တောက်လိုက်စဥ်က ဝမ်ရှီးသည်လည်း ရင်နာခဲ့ရသည်ပင်။ မည်သို့ပင်ဆိုစေကာမူ ဆုဝန်က ပိုက်ဆံအများကြီး ရှာနိုင်သည်ပင်။ ဆုဝန်က ရှန်အိမ်သို့သွားခဲ့ကာ ဝမ်မိသားစုမှာ အနှီပိုက်ဆံများကို မရနိုင်တော့သည်မှာ ကျိန်းသေသည်ပင်။
ဤရက်ပိုင်းအတွင်း ဆုဝန်၏လုပ်ခများ ရှိသည်ဟု တွေးခဲ့ခြင်းကြောင့် ဝမ်ရှီးက အစေခံငှားကာ စျေးကြီးသည့် ဝတ်ကောင်းစားလှများ ဝယ်ခဲ့၏။ အဆိုပါ နှစ်မျိုးတွင် အထူးသဖြင့် အဝတ်အစားမှာ စျေးကြီးလှသည်ကြောင့် ဝမ်ရှီး၏ နှစ်ဝက်စာစုဆောင်းငွေထက်ပင် ကျော်၍ သုံးစွဲလိုက်ရပြီးချေပြီ။
ယခင်တုန်းက ဝမ်မိသားစုက ဆင်းရဲပြီး မည်သည့် နှစ်စဥ်စုဆောင်းငွေမှ မရှိခဲ့ချေ။ လွန်ခဲ့သည့်နှစ်နှစ်ကမှ မိသားစုသည် ချမ်းသာလာခဲ့ပြီး ငွေအနည်းငယ် စုမိခဲ့ခြင်းပင်။ အကယ်၍ ဆုဝန်၏လစာမရှိပါက ဝမ်ရှီးသည် အဝတ်အစားများဝယ်ရန် ကိုယ်ပိုင်စုဆောင်းငွေထဲမှ သုံးရမည်ပင်။
ဝမ်လော့ရွှယ်ကဆို၏
" ဒါကလည်း နည်းလမ်း မရှိတဲ့ကိစ္စပဲ။ သွမ့်မိသားစုက သူ့ကိုအလုပ်လုပ်ဖို့ ငှားတာလေ။ ဘယ်လိုလုပ် သူနေမကောင်းတာကို အားဖြည့်ခိုင်းထားမှာလဲ။ လောလောဆယ်တော့ သူအားပြန်ဖြည့်ဖို့ ရှန်အိမ်မှာပဲ အရင်နေခိုင်းထားလိုက်ရအောင်ပါ"
ဝမ်လော့ရွှယ်က သွမ့်အိမ်တော်အကြောင်း ပြောလာသည်အားကြားသော် ဝမ်ရှီးက ဆို၏။
" ဆုဝန်မူးလဲသွားတယ်ဆိုတော့ သွမ့်အိမ်တော်က လစာ ပေးပြီးပြီလားရောမသိဘူး။ သား ဒီနေ့ ကျောင်းသွားရင် သွမ့်သခင်လေးကို မေးကြည့်လိုက်။ တကယ်လို့ မပေးရသေးဘူးဆိုရင် သား သွမ့်အိမ်တော်ကို သွားပြီး ဆုဝန်ရဲ့လစာကို ထုတ်လာခဲ့လိုက် "
မနေ့တုန်းက ဆုဝန်နှင့်ဆက်ဆံရေးဖြတ်တောက်ရန် စိတ်စောနေခဲ့ခြင်းကြောင့် ဆုဝန်၏လစာအကြောင်း ဝမ်ရှီးက ဂရုမစိုက်ခဲ့ပေ။ အဆုံးတွင်တော့ ဆုဝန်၏ ထိုလုပ်အားခကို လိုချင်သည်ဆိုပါက ဆုဝန်၏ ဆေးဖိုးငွေခုနစ်တုံးကို ထုတ်ပေးလိုက်ရမည်ပင်။ ရငွေနှင့် ကုန်ငွေမမျှပါက သူသည် ထိုသို့ တွက်ခြေမကိုက်သည့် စီးပွားရေးမျိုးကို လုပ်မည်မဟုတ်ချေ။
ယခုတစ်ချက်ကြည့်ကြည့်လိုက်ရာ ဝမ်မိသားစုက ပိုက်ဆံသုံးရန်မလိုတော့ပေ။ သို့ဖြစ်ရာ ဆုဝန်၏ လစာများကို ပြန်အမှတ်ရသွားပြီဖြစ်၏။
ဝမ်လော့ရှန်းသည် မနေ့က သွမ့်ကျင်းထျန်ဆီမှ ဆုဝန်ကို လစာပေးပြီးသည့်အကြောင်း ကြားပြီးချေပြီ။ သို့ရာတွင် သွမ့်ကျင်းထျန်က အသေးစိတ် မပြောပေ။ ဝမ်လော့ရှန်းက ဆုဝန်ကို လစာပေးပြီပြီ ဖြစ်ကြောင်း ဝမ်ရှီးအား ပြောပြလိုက်၏။
ဝမ်ရှီး၏နှလုံးသားမှာ ဓားတစ်ချောင်းဖြင့် ဖြတ်တောက်ခံလိုက်ရသည့်နှယ်။ တစ်ခဏမျှကြာပြီးနောက် ဝမ်ရှီးက ဝမ်လော့ရွှယ်အား ပြောလာခဲ့၏။
" လော့ရွှယ်၊ သမီးအိမ်မှာ တစ်ခုခုလိုရင် ဘေးအိမ်ကိုသွားပြီး ဆုဝန်ကိုလာခိုင်းလိုက်လို့ရတယ်။ တကယ်လို့ အမေတို့မိသားစုက သူ့ကို ဝင်ခွင့်ပြုတယ်ဆိုတာသာသိရင် သူအရမ်းဝမ်းသာနေမှာ"
ဝမ်လော့ရွှယ်က ခေါင်းညိတ်ပြလိုက်၏။ သူ့တွင်လည်း ထိုသို့သောရည်ရွယ်ချက်မျိုးရှိသည်ပင်။
-------------