Ch 45
Viewers 2k

အပိုင်း (၄၅) ဆုဝန်ပြန်လာရင် သက်သာပြီ။

ဆုဝန်နှင့် ရှန်လင်းတို့၏ ချင်းကျိုးကောင်တီခရီးကား အဆင်ပြေချောမွေ့ခဲ့ပေသည်။ 

ရှန်လင်းသည် ရှန်ရှီးကို ကုသပေးဖို့ သမားတော်ရှာရန်အတွက် ကြေးပြား၉၀သာ သုံးခဲ့ရ၏။ ချင်းကျိုးကောင်တီတွင် ရှိနေသည့် လေးငါးရက်အတွင်း ရှန်ရှီး၏ခြေထောက်များ တစ်နေ့တခြား ပိုမို ကောင်းမွန်လာခဲ့သည်မှာ ပကတိမျက်စိဖြင့်ပင် မြင်သာလေ၏။

သမားတော်ကျန်းက နှစ်လအကြာ ဆေးသောက်ကြည့်ပြီးနောက် နောက်ဆက်တွဲကို တိုင်ပင်ဖို့ ပြန်လာပြရန် ပြောခဲ့၏။ 

ဆုဝန်၏ ဖျော်နည်းနှင့် မုန့်လုပ်နည်း နှစ်မျိုးကိုလည်း စုစုပေါင်း ငွေတုံး၂၂၀ဖြင့် ချောချောမွေ့မွေ့ ရောင်းချပြီးချေပြီ။ 

ထို့အပြင် ‌နောက်ရက်များ၌ ရှန်လင်းတို့မိသားစုနှင့် ဆုဝန် ချင်းကျိုးကောင်တီတွင် ကုန်ကျသမျှစရိတ်အားလုံးကို သူဌေးလီက တာဝန်ယူလေ၏။ ဆုဝန်က လက်မခံနိုင်ပါဟု ပြောသည့်တိုင် သူဌေးလီ၏ ဇနီးဖြစ်သူက အခုကစပြီး  ဆုဝန်နှင့် ရေရှည်ပူးပေါင်းသွားနိုင်ဖို့ မျှော်လင့်ကြောင်းနှင့် ချက်ပြုတ်နည်းကောင်းကောင်း ထပ်ရှိသည်ဆိုပါက သူတို့ကို ‌ရောင်းပေးရမည်ဖြစ်ကြောင်း ပြောလာ၏။

ရေရှည်ခိုင်မြဲသည့်ဆက်ဆံရေးမျိုး ရှိစေရန်အလို့ငှာ ဆုဝန်က ထပ်၍ အားနာမနေတော့ဘဲ သူဌေးလီက  သူ၊ ရှန်လင်း၊ ရှန်ရှီးနှင့် ရှန်ယာယာတို့ ချင်းကျိုးကောင်တီတွင်စားသောက်နေထိုင်ရေး စီစဥ်ပေးသည်ကို သဘောတူလိုက်၏။

နောက်ပိုင်း၌ သူဌေးလီက ဆုဝန်နှင့်ရှန်လင်းတို့ကို မြင်းလှည်းဖြင့် ချင်းကျိုးကောင်တီသို့ ပြန်ပို့ပေးချင်ခဲ့၏။ ဆုဝန်နှင့် ရှန်လင်းက မြင်းနှင့် လှည်းသွားဝယ်ပြီးသားဖြစ်နေရာ ကျိန်းသေပေါက်ပင် သူဌေးလီ၏ ပို့ဆောင်ပို့ပေးမှုမလိုအပ်တော့ပါချေ။ သူဌေးလီမှာ လက်လျှော့လိုက်ရတော့သည်။ 

ဆုဝန်က မြင်းကို ငွေတုံး၃၀ဖြင့်ဝယ်ခဲ့ပြီး လှည်းကို ငွေ၁၅တုံးဖြင့် ဝယ်ခဲ့ခြင်းဖြစ်၏။ 

အစကတော့ ရှန်လင်းသည် ဆုဝန်ကို ထိုငွေများကို ဤသို့မသုံးသင့်ကြောင်းနှင့် ဆုဝန်၏ ကိုယ်ပိုင်ငွေအဖြစ်သာ ထားသင့်ကြောင်း ပြောခဲ့၏။

ဆုဝန်က သူ အနာဂတ်တွင် အသေးစားစီးပွားရေး လုပ်လိုပါက ချင်းရှီရွာနှင့် ချင်းကျိုးကောင်တီကြား  မလွဲမသွေ ကူးသန်းသွားရန် လိုမည်ဖြစ်ကြောင်းနှင့် မြင်းနှင့်လှည်းဝယ်ထားခြင်းက ခရီး ပိုတွင်စေမည်ဖြစ်ပြီး ပစ္စည်းအချို့ပါ ဆွဲပေးနိုင်မည်ဖြစ်ကြောင်း ပြောလာ၏။

ဆုဝန်က ပြန်ရောက်ပြီးလျှင် ချင်းယွင်ကောင်တီစျေး၌ မာလာထန်းရောင်းရန် ဆိုင်လေးတစ်ဆိုင် ဖွင့်လို၏။။ သူ လှည့်လည်ကြည့်ရှုပြီးနောက် ချင်းယွင်ကောင်တီတွင်ရော ချင်းကျိုးကောင်တီတွင်ပါ မာလာထန်းကဲ့သို့ စားစရာမျိုး မရှိကြောင်း သိလိုက်ရ၏။ သူသာ ရောင်းလိုက်မည်ဆိုပါက ကျိန်းသေပေါက် လူကြိုက်များမည်ပင်။

မြင်းလှည်းဝယ်သည့်ငွေကို ဖယ်လိုက်လျှင် ဆုဝန်တွင် ငွေတုံး၁၆၀ရှိနေဆဲဖြစ်ပြီး နောင်တွင် ရှန်းခယ့်လိုင်က လုပ်ငန်းဝေစုပါ ရှိဦးမည်ဖြစ်၏။ သို့တိုင် ဆုဝန်က ဘာမှမလုပ်ဘဲ ထိုင်မစားလိုချေ။ အဆုံးတွင်တော့ သူ အလုပ်တစ်ခုလုပ်ကိုင်ရန် လိုအပ်နေဆဲပင်။ လုပ်၍အဆင်ပြေချောမွေ့ပါက အနာဂတ်တွင် ဆိုင်တစ်ဆိုင် တည်နိုင်မည်ပင်။

ထို့နောက်တွင်တော့ ချင်းယွင်ကောင်တီတွင် အိမ်တစ်လုံးဝယ်ကာ အေးချမ်းပျော်ရွှင်စွာ နေထိုင်သွားနိုင်မည်ဖြစ်၏။

ဆုဝန်သည် ချင်းယွင်ကောင်တီတွင် စီးပွားရေးလုပ်ပြီး အခြေချရန် မစဥ်းစားခဲ့ဖူးသည်တော့ မဟုတ်။ ချင်းကျိုးကောင်တီတွင် မြေနေရာမှာ စျေးကြီးလွန်းလှ၏။ အိမ်တစ်အိမ်ဝယ်ပြီး စီးပွားလုပ်ရန်မှာ ငွေကုန်ကြေးကျ များလွန်းမည်ပင်။ ဆုဝန် တီးခေါက်ကြည့်ပြီးချေပြီ။ ဤမင်းဆက်မှ အိမ်စျေးနှုန်းများမှာ မြန်မြန်ဆန်ဆန် တက်သွားတတ်သည့် ယနေ့မော်ဒန်ခေတ်နှင့်မတူပေ။

လွန်ခဲ့သည့်ဆယ်နှစ်က ချင်းကျိုးကောင်တီမှ အိမ်စျေးမှာ ပေကျင်းနှင့်အတူတူပင်ဖြစ်၏။

ရှေးခေတ်ကာလတွင် အိမ်စျေးအတက်အကျ သိပ်မရှိမှန်း ဆုဝန်သိထားရာ ချင်းကျိုးကောင်တီတွင် အခြေချရန် မလိုပေ။ မည်သို့ပင်ဆိုစေကာမူ ချင်းကျိုးကောင်တီတွင် အခြေချလိုပြီး ပိုကောင်းမွန်သည့်ဘဝနှင့် နေလိုပါက ငွေတုံးတစ်ရာ၊နှစ်ရာမျှဖြင့် လောက်မည်မဟုတ်ချေ။

ဆုဝန်က သူ မြင်းနှင့်လှည်း ဝယ်ရသည့်ရည်ရွယ်ချက်ကို ပြောပြလိုက်ရာ ရှန်လင်းက သဘောတူခဲ့၏။

အပြန်လမ်းမှာ  လာခဲ့သည့်အချိန်ကလို အလောတကြီးဖြစ်မနေရာ လမ်းတစ်လျှောက်တွင် ရှုခင်းလှလှများ တွေ့ပါက ရှုခင်းကိုခံစားနိုင်ရန် ရှန်လင်းက လှည်းကိုအရှိန်နှိမ့်ပြီး မောင်းနှင်လေ၏။

ယခုအချိန်မှာ ဆောင်းဝင်စပြုပြီဖြစ်၏။ သို့ရာတွင် ချင်းကျိုးကောင်တီ၏ တရားဝင် လမ်းမနှစ်ဖက်နှစ်ချပ်စလုံးတွင် အလုံးစုံခြောက်ကပ်အေးစက်ပြောင်ရှင်းမနေဘဲ  စိမ်းစိုသည့်သစ်ပင်များ ရှိနေသေး၏။  လမ်းတစ်လျှောက် လေပြည်နုနုတိုက်ခတ်ပြီး နေခြည်နုနု တောက်ပနေရာ လူကိုပို၍ စိတ်ချမ်းသာစေ၏။

လမ်း၌ ရှန်လင်းက သူ့အမေ ပိုကောင်းလာတဲ့အချိန်ကျ သင်္ဘောဖြင့် ပင်လယ်ထွက်ချင်ကြောင်း ဆုဝန်ကို ပြောလာ၏။ အိမ်တွင် တစ်နှစ်လုံး လယ်စိုက်ခြင်းက ဝင်ငွေများများ ရနိုင်မည်မဟုတ်ပေ။ ငွေနှစ်တုံးသာ ရနိုင်၏။ သင်္ဘောပေါ်တွင် အလုပ်ကြိုးစားမည်ဆိုပါက ‌ငွေတုံး၄၀ရနိုင်လေသည်။

လယ်စိုက်ခြင်းကိုပဲ အားကိုးမည်ဆိုပါက မစား၊မသောက်ဘဲ ဆယ်နှစ်လောက်စုမှ ငွေအလုံအလောက် စုဆောင်းမိနိုင်မည်ပင်။

ဆုဝန်က ယင်းမှာ အန္တရာယ်များလွန်းသည်ဟု ထင်သည်ကြောင့် ရှန်လင်းကို ပင်လယ်ထွက် အလုပ်လုပ်ရန် အကြံမပေးဘဲ အိမ်ပြန်ရောက်ပြီးမှ ဆွေးနွေးရန်သာ ပြောခဲ့၏။ 

ဆုဝန်ထွက်သွားစဥ်ကတည်းက ဝမ်လော့ရှန်းနှင့် ဝမ်တစ်မိသားစုလုံးမှာ ဆုဝန်ပြန်အလာကို စောင့်မျှော်နေလျက်ရှိ၏။

ဆုဝန် ဤတွင်ရှိနေခဲ့စဥ်က ဆုဝန်သည်  ဝမ်မိသားစုအတွက် ဆောင်းရာသီဝတ်စုံများ ရှာဖွေပေးခဲ့၏။ ဝတ်စုံထပ်တွန့်များကို မီးကြွေတိုက်ပေး၏။ မီးဖိုကို သပ်သပ်ရပ်ရပ် ရှင်းလင်းပြီး အိမ်ကို တစ်ချိန်လုံး နွေးထွေးနေစေရန် မီးဖိုကို နေ့တိုင်း ဂရုတစိုက်ထားလေသည်။  

ဤရက်ပိုင်းအတွင်း ရာသီဥတုက တဖြည်းဖြည်းပိုအေးလာ၏။ သို့ဖြစ်ရာ ဝမ်မိသားစုသည် အိမ်ကို နွေးအောင် လုပ်ရန် မီးသွေး နွားလှည်းတစ်လှည်းစာဝယ်ခဲ့၏။ 

ဝမ်အဖေသည် ကြိတ်ဆုံရုံတွင် အလုပ်လုပ်ရပြီး ဝမ်ရှီးက မီးဖို မီးမွှေးရ၏။ ကောင်းစွာ မမွှေးတတ်ရာ မီးခိုးငွေ့များ အခန်းအပြည့်ဖြစ်သွားတော့သည်။ နောက်ပြီး အခန်းမှာ နှစ်ယူနစ်မျှ မည်းသွားရ၏။

နောက်ပိုင်း ဝမ်အဖေ ပြန်လာပြီး စစ်ဆေးကြည့်တော့မှ ဝမ်ရှီးသည် ပထမတစ်ရက်က တစ်ဝက် သုံးထားသော မီးသွေးများနှင့် ကျန်နေသည့်ပြာများကို မထုတ်ဘဲ ထပ်၍ မီးဖို မီးမွေးခဲ့ကြောင်း သိလိုက်ရတော့သည်။

မီးဖို မီးမွှေးပြီးသည့်တိုင် ဝမ်လော့ရှန်းနှင့် ဝမ်လော့ရွှယ်က မီးသွေး ထပ်မထည့်ကြပေ။ မီးသွေး လောင်ကျွမ်းသွားပြီးနောက် မီးဖိုမီးမှာ  သေသွားတော့သည်။ ဝမ်ရှီးနှင့် ဝမ်လော့ရွှယ်က အအေးဒဏ်ကို ခံစားရသည်ကြောင့် ပြာများကိုထုတ်ပစ်၍ မီးထပ်မွေးကြပြန်၏။ တစ်ရက်လျှင် သုံးလေးကြိမ်မျှ မီးပြန်မွေးရလေ၏။

ဝမ်လော့ရွှယ်သည် မီးသွေးထားသည့်နေရာမှ မီးသွေးယူရန် တာဝန်ယူထားရသူဖြစ်၏။ မီးသွေး ထည့်ထားသည့်ခြင်းမှာ မည်းတူးညစ်ပတ်နေရာ ဝမ်လော့ရွှယ်မှာ သူ့ကိုယ်သူ မည်းတူးအောင် တစ်ချိန်လုံး လုပ်မိနေ၏။ အကယ်၍ ဆုဝန် ရှိနေပါက သူ အနှီဆင်းရဲဒုက္ခများကို ခံစားနေရမည် မဟုတ်ဟု ဝမ်လော့ရွှယ်မတွေးဘဲ မနေနိုင်တော့ချေ။

ဝမ်ရှီးသည်လည်း ဆုဝန်ရှိခဲ့သည့် အချိန်များကို ပြန်အမှတ်ရမိ၏။ ဆုဝန်သည် ဝမ်မိသားစုတွင် ရှိနေခဲ့စဥ်က ဆောင်းတွင်း၌ သူ တစ်ခါမျှ မီးဖိုတာဝန်မယူခဲ့ရဖူးပေ။ မနက်တိုင်း သူနှင့် ဝမ်လော့ရွှယ် မနိုးခင် ဆုဝန်က မီးဖိုမီးမွေးထားပြီးသားပင်။ ပြီးလျှင် လက်ဖက်ရည်ကြမ်းပူပူတစ်အိုးကို ယင်းအပေါ်တွင် အပူပေးထားလေ၏။ မီးဖိုမီးမှာ တစ်နေ့ကုန် သေသွားခြင်းမရှိချေ။ အိမ်က တစ်ရက်တာလုံး နွေးထွေးလို့နေ၏။

သို့ပေသိ ယခုမူ အိမ်ရှိလူများက မီးဖိုပေါ်တွင် ရေနွေးတည်ရန် ပျင်းရိနေကြရာ ‌ရေပူ မဆိုထားနှင့်၊ ‌ရေအေးပင် လောက်ငခြင်း မရှိပေ။

အိမ်ကနေ အဒေါ်ကြီးနှစ်ယောက်ကို အလုပ်ထုတ်လိုက်ပြီးဖြစ်ရာ အလုပ်များအားလုံးကို သူတို့ကိုယ်တိုင်သာ လုပ်ကြရတော့၏။ ဝမ်ရှီးနှင့် ဝမ်လော့ရွှယ် နေ့စဥ်ခပ်သည့်ရေမှာ ချက်ပြုတ်ဖို့ လောက်ငရုံမျှသာ ရှိပြီး လျှော်ဖွတ်ရန်တောင် မလောက်ချင်ပေ။ 

ထို့အပြင် ဝမ်အိမ်သည်လည်း ရှုပ်ပွနေလျက်ရှိရာ ဝမ်ရှီးသည် အမျိုးသမီးဖုန်းကို အတူလာနေဖို့ ဖိတ်ရန်လည်း အခက်တွေ့နေရ၏။

ဤရက်ပိုင်းအတွင်း ဝမ်လော့ရှန်းမှာ ဆုဝန်ကို နေ့တိုင်း စောင့်မနေနိုင်တော့ပေ။ နောက်ပိုင်း၌ ဆုဝန်မှာ ရှန်ရှီးကို သမားတော်ပြပေးရန် ရှန်လင်းနှင့်အတူ ချင်းကျိုးကောင်တီသို့ လိုက်သွားသည့်အကြောင်း ကြားလိုက်ရပြန်၏။ ဝမ်ရှီးက လွန်စွာ စိတ်ဆိုးလျက် ဝမ်လော့ရှန်းအား ကျိန်းသေပေါက် ဆုဝန်သည် ချင်းကျိုးကောင်တီသို့ သူသကြားတုတ်ထိုးချိုချဥ် ရောင်းပြီး ရှာထားသမျှ ပိုက်ဆံအားလုံးကို သုံးရန် သွားခြင်းပင် ဖြစ်ရမည်ဆိုသည့်အကြောင်းနှင့် သို့ဆိုပါလျှင်  သူ ဝမ်မိသားစုကို ဝင်ရောက်ဖို့ စိတ်ကူးယဥ်နေခြင်းကို ရပ်တန့်လိုက်ရတော့မည်ဖြစ်ကြောင်း ပြောလာ၏။

နောက်ပိုင်းတွင် ရှန်လင်းမှာ ဆုဝန်ကိုယ်စား သကြားတုတ်ထိုးချိုချဥ် ရောင်းပေးခဲ့ခြင်းဖြစ်‌ကြောင်း တစ်စုံတစ်ယောက်က ပြောသည်ကို ဝမ်ရှီး ကြားခဲ့ရ၏။ ဝမ်ရှီးက အလိုအလျောက်ပင် ဆုဝန်တွင် ပိုက်ဆံရှိသည်ဟု တွေးလိုက်မိ၏။

ဤရက်ပိုင်းအတွင်း ရာသီဥတုက ပိုပိုအေးလာရာ ဝမ်မိသားစုမှာ ပို၍ပင် စိတ်မချမ်းမသာဖြစ်လာရ၏။ ဝမ်ရှီးသည်  ရုတ်တရက် ဆုဝန်က ကောင်းမွန်သည်ဟု တွေးမိသွားရ၏။ ယခင်က ဆုဝန်သည် အိမ်မှ စားစရာများကို များစွာစားသည်ဟု ခံစားရကာ ဆုဝန်ကို အသုံးမကျဟု ထင်ခဲ့မိသည်။ ယခုမူ ဆုဝန်သာ ရှိနေပါက အလုပ်များစွာ လုပ်နိုင်မည်ဟု ထင်ရလေသည်။

ဆုဝန်နှင့် ရှန်လင်းတို့ ချင်းကျိုးကောင်တီမှ အလောတကြီး ပြန်မလာခင် ညမှာပဲ ဝမ်ရှီးက ဝမ်လော့ရှန်းကို ခေါ်ပြောလေ၏။

“ သားလေး၊ ဒီတစ်ခေါက် ဆုဝန် ချင်းကျိုးကောင်တီကနေ ပြန်ရောက်လာရင် သား ကျိန်းသေပေါက် သူ့ကို အိမ်ပြန်ခေါ်လာရမယ်နော်။ အမေတို့အိမ်မှာ အလုပ်သမားမရှိလို့မဖြစ်ဘူး။ အမေရဲ့ ခါးအိုကြီးကလည်း ပင်ပန်းလှပါပြီကွယ်”

ဝမ်ရှီးကပြောရင်း မျက်ရည်များကို သုတ်လိုက်၏။ 

ယခင်ကဆိုပါလျှင် ဝမ်လော့ရှန်းသည် သူ ဆုဝန်ကို ချက်ချင်း အိမ်ပြန်ခေါ်လာနိုင်မည်ဆိုသည်ကို သံသယ မရှိပေ။ သို့ရာတွင် ပြီးခဲ့သည့်အချိန်တိုလေးအတွင်း သူ ဆုဝန်ကိုသွားရှာတိုင်း ငြင်းပယ်ခံခဲ့ရ၏။ ဝမ်လော့ရှန်းစိတ်ထဲ စတင် ညည်းတွားလာမိတော့သည်။

ဝမ်လော့ရှန်း အနည်းငယ်ကသိကအောက်ဖြစ်သွားကာ

“ ဆုဝန်က သားတို့အိမ်ကို ပြန်မလာချင်တဲ့ပုံပဲ”

ဝမ်ရှီးက ဆို၏။

“ ဘယ်လိုလုပ် သူ ပြန်မလာချင်ဘဲ နေပါ့မလဲ။ သူ သားကို ဒီလောက်ကြိုက်တာ၊ တကယ်လို့ အမေတို့ကသာ သူပြန်လာဖို့ လမ်းဖွင့်ပေးလိုက်ရင် သူ ပျော်လွန်းလို့သေသွားနိုင်တယ်”

ဝမ်လော့ရှန်းက ပြောလာ၏။

“ အမေ၊ သား သူ့ကို ခဏခဏသွားရှာတာ အမေလည်း အသိပဲကို။ ပထမတစ်ခါတုန်းက သူက အေးတိအေးစက်နဲ့။ နောက်ပိုင်းကျ သားကို အတွေ့ကို မခံဘူးလေ”

ဝမ်ရှီးက ပေါင်ကိုတစ်ချက်ရိုက်လိုက်ပြီး 

“ အလိုက်တဲ့သားလေး၊ စိတ်မပူနဲ့။ အဲဒါက သူ သားကို ဂရုမစိုက်လို့မဟုတ်ဘူး၊ သူ သားကို ဂရုစိုက်လွန်းလို့ပဲ”

“ အမေတို့မိသားစုက သူ့ကို သားရဲ့ဇနီးလောင်း ပေးမလုပ်ခဲ့ဘူးလေ။ ဘာပဲပြောပြော သူ နည်းနည်းတော့ ခံစားရမှာပေါ့။ ပြီးတော့ သူ သားကို အဲဒီလိုဆက်ဆံတယ်ဆိုတာ မူနေတာ“

“ ဒီတစ်ခေါက် ရှန်လင်းက ရှန်ရှီးကို သမားတော်သွားပြပေးတာဆိုတော့ သူ ပိုက်ဆံတွေ အကုန်သုံးလိုက်ရမှာ သေချာတယ်။ အခု ရှန်လင်းနှင့် ရှန်ရှီးတို့ တောင်းစားရတော့မှာလို့ အမေထင်တယ်။ အဲဒီလိုဆိုရင် ဘယ်လိုလုပ် ဆုဝန်ကို ထောက်ပံ့ပေးနိုင်ပါတော့မလဲ”

“ရှန်မိသားစုမှာ စားစရာ၊ သောက်စရာမရှိတော့ရင် ဆုဝန်လည်း ကောင်းကောင်း ဆက်နေလို့ရတော့မှာမဟုတ်ဘူး။ ဒီအခွင့်အရေးကို အသုံးချပြီး သားက ဆုဝန်ကို စားစရာကောင်းကောင်းလေးတွေ သွားပို့ပေးမယ်၊ ငွေနည်းနည်းသုံးပြီး သိပ်တန်ကြေးမရှိတဲ့ ဆံထိုးတစ်ချောင်း ဝယ်ပေးမယ်ဆိုရင် သူ ကျိန်းသေပေါက် သားနောက်ကို နာနာခံခံနဲ့ လိုက်လာမှာပဲ”

ဝမ်လော့ရှန်းသည် ဆုဝန် သူ့အပေါ်ထားရှိသည့် ခံစားချက်များကို သံသယမဖြစ်ပေ။ သူ ဘဝသစ်တွင် နေထိုင်နေရသည်ဆိုမှတော့ ယခင်ဘဝက ဆုဝန်သည် သူ့ကို မည်မျှပင် ကြိုက်ကြောင်း သူသိထားသည်ပင်။ သူသည် ဆုဝန်ကို အပေါ် စီးမှ ရင်ဆိုင်နေကျပင်။ ယခုလို ဆုဝန်၏ အရေးမပါသောဒေါသနှင့် ရင်ဆိုင်ရသည့်အခါ သူ အနည်းငယ်စိတ်ရှုပ်ထွေးသွားရ၏။ 

ဝမ်ရှီး၏ အကြံဉာဏ်က ဝမ်လော့ရှန်းကို  ရုတ်တရက် သဘောပေါက်သွားစေ၏။ အတိတ်တုန်းက ဝမ်လော့ရှန်းသည် ဆုဝန်ကို တစ်ခါမျှ အရေးမစိုက်ခဲ့ဖူးပေ။ သို့ပေသိ ယခုမူ သူ ဆုဝန်နှင့် အမှန်တကယ် နီးစပ်လိုလေသည်။

ဝမ်လော့ရှန်း ခေါင်းညိတ်ပြလိုက်၏။

ဝမ်ရှီးက ဆုဝန်ကို ပေးရန်အတွက် ကြေးပြားဆယ်ပြား ထုတ်လာကာဆို၏။

“ မနှောင့်နှေးစေနဲ့။ မနက်ဖြန် ကျောင်းကပြန်လာတဲ့အခါကျ ဆံထိုးတစ်ချောင်းဝယ်လာလိုက်။ ဆုဝန်ပြန်ရောက်လာရင် ပေးလို့ရတာပေါ့။ သူ ကျိန်းသေပေါက် စိတ်လှုပ်ရှားသွားမှာ။ အသည်းအသန် ငိုပြီး သားနဲ့ ပြန်လိုက်လာလိမ့်မယ်”

“ အခု သား သူ့ကို အရင်လိမ်ထားလိုက်။ သား နောင်ကျ ရွှေစာရင်းထဲ နာမည်ဝင်ရင် သူ့ကို လက်ထပ်မယ်လို့ ပြောလိုက်။ အဲဒီအချိန်ကျ သူ ကျိန်းသေပေါက် ချုပ်ကိုင်လို့ရတော့မှာမဟုတ်ဘူး”

ဝမ်ရှီး ပြော၍ပြီးသည်နှင့် စိတ်သက်သာရာရသွားသလို ခံစားလိုက်ရ၏။

“ သူပြန်လာတဲ့အချိန်ကျ အမေနဲ့ လော့ရွှယ်တို့ သက်သာပြီ။ ဒီရက်တွေမှာနေရာ လူနဲ့ကိုမတူဘူး “

ဆုဝန်ကို လှည့်ဖျားချော့မြူရန် ဝမ်လော့ရှန်းအား ရှည်လျားထွေပြားသည့် ညွှန်ကြားချက်ပေးပြီးနောက် ဝမ်ရှီးသည် ဝမ်လော့ရှန်းအခန်းမှ ထွက်လာလေ၏။ ဆုဝန်ပြန်လာနိုင်သည်ဟု စဥ်းစားမိသော် ဝမ်ရှီး စိတ်အေးသွားရပြီး ဟင်းချလိုက်၏။

ရှန်လင်းနှင့် ဆုဝန်သည် ချင်းရှီရွာမှ ချင်းကျိုးကောင်တီသို့ ညနက်သန်းခေါင်တွင် စတင်ထွက်ခွာခဲ့ကြပြီး ထိုနေ့ နေ့လယ်ပိုင်းတွင် ရောက်ရှိခဲ့ကြ၏။ နှိုင်းယှဥ်ကြည့်ပါက ချင်းကျိုးကောင်တီမှ အပြန်ခရီးကား အတော်လေး လွယ်ကူလေ၏။ ရှန်လင်းသည် မြင်းလှည်းကို ဖြည်းဖြည်းပဲ မောင်းနှင်ရာ နှစ်ရက်ကြာပြီးမှ ချင်းရှီရွာသို့ ပြန်ရောက်တော့သည်။ ရွာကိုပြန်ရောက်သည့်အချိန်တွင် ညနေစောင်းနေချေပြီ။ 

‌ဆောင်းတွင်း၌ ရာသီဥတုအေးသည်ကြောင့် ရွာအဝင်လမ်းသည် နွေရာသီလောက် လူမများပေ။ လမ်းမပေါ်တွင် ရွာသား အနည်းငယ်မျှသာရှိ၏။

ချင်းရှီရွာတွင် မြင်းလှည်းပိုင်သူ မရှိချေ။

ရှန်လင်းသည် ပုံစံအသစ်တမျိုး ဝတ်ဆင်ထား၏။ မောင်းလာသူမှာ ရှန်လင်းဖြစ်သည်ကို မှတ်မိသူ မရှိပေ။ ရှန်လင်းသည် လမ်းမတွင် သူတွေ့ခဲ့သူများက ဖော်ရွေခြင်း မရှိသည်ကိုမြင်သော် သူ နှုတ်ဆက်စကားမဆိုတော့ချေ။ 

ရှန်လင်းသည် အိမ်အ‌ရှေ့တံခါးမကြီးကို မသွားခဲ့ပေ။ မြင်းလှည်းကို အနောက်တံခါးသို့သာ မောင်းသွားလေ၏။ ရှန်အိမ်၏တံခါးမကြီးမှာ မြင်းလှည်းဝင်နိုင်သည်အထိ မကြီးမားချေ။ သို့ရာတွင် အနောက်တံခါးသည်တော့ ကျယ်ဝန်းလေ၏။ ရှန်လင်းက မြင်းလှည်းကို အနောက်ခြံဝင်းအတွင်း မောင်းသွားလိုက်၏။ ဆုဝန်နှင့် ရှန်ယာယာက အရင် ခုန်ဆင်းလိုက်၏။ ရှန်ရှီးမြင်းလှည်းပေါ်မှ ဆင်းသည်ကို ကူပြီး အိမ်ထဲခေါ်သွားလေ၏။

တစ်ဖက်တွင် ရှန်လင်းက မြင်းလှည်းပေါ်မှ ကုန်များကိုချသည်။ မြင်းများကို မြက်ကျွေး၊ ‌ရေတိုက်သည်။ ထို့နောက် အဓိကခြံဝင်းထဲသို့ ပြန်သွားကာ ရှန်ရှီးနှင့် ဆုဝန်၏ အခန်းများကို မီးဖိုမွှေးပေး‌လေ၏။