Ch 46
Viewers 2k

အခန်း ( ၄၆ )

ရှန်လင်း အလုပ်လုပ်တာ အလွန်မြန်ဆန်သည်။ မကြာမီ၌ မီးမွှေးပြီးသွားပြီ ဖြစ်သည်။ ဆုဝန်နှင့် ရှန်ယာယာတို့က အိမ်ရှိ ပရိဘောဂများပေါ် ဖုန်များ တင်နေတာကို အဝတ်စုတ်ဖြင့် သုတ်လိုက်လေ၏။ ရက်များစွာ အိမ်မှ ထွက်သွားပြီးနောက် ပရိဘောဂများ၌ ဖုန်တစ်လွှာ ရှိနေပြီဖြစ်သည်။ 

ရှန်လင်းက မီးဖို ဖိုပြီးနောက် ချင်းယွင်ကောင်တီကနေ ဖြတ်လာစဉ် သူဝယ်လာသော ဟင်းသီးဟင်းရွက်များနှင့် အသားများကို မီးဖိုချောင်ထဲ ယူသွားသည်။ ပြီးနောက် သူသည် ရေတစ်စည် ဖြည့်လိုက်ပြီးနောက် အသားများကို လှီးဖြတ်လိုက်သည်။ ဟင်းသီးဟင်းရွက် များကို ဆေးကြောပြီး လှီးလိုက်လေ၏။

သူတို့ ချင်ကျိုးအိမ်တော်တွင် ရှိစဉ်က ရှန်းခယ့်လိုင်ပိုင်ရှင်သည် ရှန်လင်းနှင့် ဆုဝန်တို့ကို ဟော့ပေါ့ ကျွေးခဲ့သည်။ ချင်းယွင်ကောင်တီနှင့် ချင်းရှီးရွာတွင် ဟော့ပေါ့ကဲ့သို့ အရာမျိုး မရှိပေ။

ဆောင်းရာသီ၌ ဟော့ပေါ့ စားရတာ အလွန် သင့်တော်သည်။ စားသုံးပြီးနောက် ၎င်းက လူကို နွေးထွေးသွားစေသည်။ နဖူးပေါ်၌ ချွေးများ စို့လာမည်ဖြစ်ကာ တစ်ကိုယ်လုံးသက်သောင့်သက်သာ ရှိစေ၏။ 

ချင်းယွင်ကောင်တီကို ဖြတ်ကျော်နေစဉ် ဆုဝန်က ရှန်လင်း၊ ရှန်ယာယာနှင့် ရှန်ရှီးတို့ကို ယနေ့ည ဟော့ပေါ့ စားချင်သလား ဟု မေးခဲ့လေရာ ရှန်ယာယာက အလွန် နှစ်သက်သဖြင့် စားချင်ကြောင်း ပြောခဲ့သည်။ ယခု သူမသည် ချင်ကျိုးစံအိမ်ရှိ ဟော့ပေါ့၏ စွဲမက်ဖွယ်အရသာကို သူမ တွေးမိနေသေး၏။ 

ရှန်ယာယာက အနည်းငယ် ဇဝေဇဝါ ဖြစ်သွားတော့သည်။ 

“ ဒါပေမဲ့ ချင်းယွင်ကောင်တီမှာ အိုးတွေ မရောင်းဘူးလေ။ အိမ်မှာရှိတဲ့အိုးမျိုးနဲ့ လုပ်လို့မရဘူး ’’

ဆုဝန်က ပြောလိုက်၏။ “ စားသောက်ဖို့ အတွက် အာ့လိုအိုးမျိုး သုံးစရာ မလိုဘူး။ အရေးကြီးတာက အရသာမှုန့်တွေပဲ။ ဘယ်လိုအိုးသုံးသုံး ကိစ္စ မရှိဘူး ’’

ရှန်လင်းက ဆုဝန်ကို အပြင်ဘက်တွင် အလွန်အေးကြောင်း ပြောခဲ့၏။ ဆုဝန်က ဝယ်ရန် လိုအပ်သည့် အရာများကို သူ့ကို ဝယ်ခိုင်းပြီး သူ သွားဝယ်ပေးမည်ဟု ဆိုသည်။ ဆုဝန်က ရှန်ရှီး၊ ရှန်ယာယာနှင့်အတူ မြင်းလှည်းထဲတွင် စောင့်နေရမှာ ဖြစ်သည်။

ဆုဝန်က ရှန်လင်းအား ပိုက်ဆံပေးတော့မည့် အချိန်တွင် ရှန်လင်းက မြင်းလှည်းထဲမှ ထွက်သွားပြီး ဟင်းသီးဟင်းရွက်များနှင့် အသားများ ရောင်းသည့် ဆိုင်တန်းများထဲ ထွက်သွားပြီ ဖြစ်သည်။ 

ရှန်လင်းသည် အစက သူ့မိသားစု၏ ပိုင်ဆိုင်မှုကို ထုခွဲရောင်းချပြီး သမားတော် ပြချင်ခဲ့တာ ဖြစ်သည်။ သမားတော် ပြခြင်းက ကြေးပြားငါးဆယ်သာ ကုန်ကျလိမ့်မည်ဟု သူ တစ်ခါမှ မတွေးခဲ့မိ‌ေချ။ ရှန်လင်း၌ ငွေပိုငွေလျှံ ရှိနေသေး၏။ ထို့ကြောင့် ဆုဝန်၏ ပိုက်ဆံကို မသုံးချင်ခဲ့ပေ။

ရှန်လင်းသည် မြင်းလှည်းထဲမှ ထွက်ပြီးနောက် ပါဝင်ပစ္စည်းမျိုးစုံကို ဝယ်ခဲ့၏။ ယခု ရှန်လင်းက ထိုပါဝင်ပစ္စည်းအားလုံးကို ထုပ်ပိုးလိုက်သည်။

ဆုဝန်သည် ရှန်မိသားစု၏ အိုးကို ထုတ်ယူပြီးနောက် မီးဖိုပေါ်တွင် တင်လိုက်သည်။ ဟင်းခတ်အမွှေးအကြိုင် မျိုးစုံဖြင့် စွပ်ပြုတ် ချက်လိုက်၏။ ယခု ဤမြင်းဇက်၌လည်း အစပ်စွပ်ပြုတ် ရှိနေပြီ ဖြစ်သည်။ ထို့ကြောင့် ဆုဝန်သည် ရှန်ရှီး၏ ခန္ဓာကိုယ်ကို စဉ်းစားပြီး စွပ်ပြုတ်အချိုသာ ချက်ထားလိုက်၏။ စွပ်ပြုတ်အိုး တည်ထားချိန်တွင် ရှန်မိသားစုနှင့် ဆုဝန်တို့က အရိုးပြုတ်ရည်ကိုလဲ ထည့်ထား၏။ ဆုဝန်သည် ဆားအနည်းငယ် ထည့်ကာ ရောမွှေလိုက်သည်။ ဆား ထပ်ထည့်ဖို့ မလိုတော့ဘဲ အရသာက အချို အငန် မျှလှပေ၏။

စွပ်ပြုတ်ချက်နေစဉ် ဆုဝန်က ရှန်လင်းကို အိမ်ရှိ အသုံးမပြုသော ကျိုးနေသည့် စားပွဲအလယ်၌ မီးဖို အရွယ်အစားထက် ပိုကြီးသည့် အပေါက်တစ်ပေါက် ဖောက်ခိုင်းလိုက်သည်။

ရှန်လင်းသည် ဆုဝန်၏ ရည်ရွယ်ချက်ကို နားလည်ပြီး ဆုဝန်၏ တောင်းဆိုချက် အတိုင်း သိုလှောင်ရုံထဲရှိ စားပွဲ၌ အပေါက်တစ်ပေါက် ဖောက်လိုက်၏။ ပြီးနောက် စားပွဲကို အပြင်ဘက်ရှိ မီးဖိုပေါ်တွင် ထားလိုက်သည်။ အလယ်တွင်မူ အိုးတင်ထားလိုက်၏။

ရှန်လင်းသည် ကိရိယာတချို့ကို ယူပြီးနောက် ယာယီ ဟော့ပေါ့စားပွဲအဖြစ် ပြုလုပ်လိုက်၏။ ဆုဝန်က ရှန်လင်း ဆေးကြောပြီးသည့် ဟင်းသီးဟင်းရွက်များနှင့် လှီးဖြတ်ပြီးသော အသားများကို စားပွဲဆီ သယ်လာတော့သည်။

ဆုဝန်သည် ဟော့ပေါ့အတွက် အချဉ်ရည်ကို ဖျော်စပ်လိုက်၏။ ပြီးနောက် ရှန်မိသားစုနှင့် ဆုဝန်တို့က အိုးနား၌ ပျော်ရွှင်စွာ စုဝေးပြီး ဟော့ပေါ့ စားနေကြတော့သည်။

ဆုဝန်သည် အစက မာလာထန် ရောင်းရန်အတွက် ကောင်တီမြို့သို့ သွားရန် စီစဉ်ထားသည်။ မာလာထန် လုပ်ချင်ပါက မီးဖို ၊အိုး၊ စားပွဲ၊ ကုလားထိုင် ၊ ခုံတန်း ပြဿနာတို့ကို ဖြေရှင်းရမည်။ ယခုအချိန်တွင် ရိုးရှင်းသော ဟော့ပေါ့စားပွဲက ဆုဝန်ကို ဉာဏ်ကွန့်မြူးမှု တချို့ ပေးလိုက်၏။

 အစက သူမသည် လက်သမားဆရာနှင့် ပန်းပဲဖိုဆီ သွားကာ သီးသန့်စားပွဲတချို့ ပြုလုပ်ခိုင်းမည်ဟု စဉ်းစားထားသည်။ သို့သော် ယခု ဤအတိုင်း အသုံးပြု၍ ရပုံပေါ်သည်။ 

အသုံးမပြုသည့် စားပွဲများနှင့် မီးဖိုများကို စုဆောင်းခြင်းက အလွန်ရိုးရှင်းသော ကိစ္စဖြစ်ပြီး ဈေးလဲချို၏။ ကုန်ကျစရိတ် သိပ်မများပေ။ 

ဆုဝန်၌ ယခု ပိုက်ဆံများစွာ ရှိနေပြီဖြစ်သော်ငြား သာမန်ကာလျှံကာ အသုံးမပြုချင်ပေ။ သူမက နောင်ကျ ကောင်တီတွင် အိမ်တစ်လုံးနှင့် ယာတစ်ကွက် ဝယ်ချင်သေးသည်။ လိုအပ်လာလျှင် သူမက ရှန်လင်းကို စီးပွားရေး လုပ်ရန်လဲ ထောက်ပံ့ပေးမှာ ဖြစ်သည်။ 

အိုးက ဆူပွက်လာပြီး ဆုဝန် ပြုလုပ်ထားသည့် စွပ်ပြုတ်နှင့် အချဉ်ရည်တို့က အလွန်အရသာ ရှိလှပေ၏။ ရှန်ရှီးနှင့် ရှန်ယာယာတို့က ခါတိုင်းထက် နည်းနည်းပိုစားလိုက်သည်။ သူတို့ ချွေးတစို့စို့ ဖြစ်နေကြ‌ေလ၏။ 

ဆုဝန်သည် ကောင်တီ၌ ဝယ်လာသည့် ဆီးသီးချဉ်စွတ်ပြုတ်ကိုလဲ ထုတ်လိုက်သည်။ အစောတုန်းက ဆုဝန်သည် အပြင်ဘက်၌ တမင်တကာ အအေးခံထားတာ ဖြစ်သည်။ ယခုအချိန်တွင် သူမနှင့် ရှန်လင်းက အအေးခံထားတာကို သောက်ပြီး ရှန်ယာယာနှင့် ရှန်ရှီးတို့ သောက်ဖို့အတွက်မူ နွေးတာလေး ထည့်ပေးလိုက်သည်။

ဟော့ပေါ့စားပြီး ချိုမြိန်သော ဇီးသီးချဉ်ကို သောက်သုံးရသည်က လူတို့ကို အလွန်သက်တောင့်သက်သာ ရှိစေပြီး ပျော်ရွင်စေ၏။

စားသောက်နေစဉ် ဆုဝန်နှင့် ရှန်လင်းက ချင်းယွင်ကောင်တီ၌ စားစရာ စရောင်းမည့် အကြောင်း ပြောခဲ့သည်။ သို့သော် ရှန်လင်းကမူ ဆုဝန်အား သူသည် ရက်အနည်းငယ်အတွင်း သဘော်လိုက်ရန် ဆုံးဖြတ်ထားကြောင်း ဆုဝန်အတွက် ထိုမျှ ခက်ခက်ခဲခဲ ကြိုးစားဖို့ မလိုကြောင်း ပြောခဲ့သည်။

ဆိုရလျှင် ဆုဝန်က မိန်းကလေးတစ်ယောက် ဖြစ်သည်။ ရာသီဥတုက အေးသထက် အေးလာ၏။ ထိုသို့ဆိုလျှင် ဆုဝန်က အဘယ်ကြောင့် အပြင်ထွက်ပြီး ဒုက္ခခံသင့်သနည်း။ 

ဆုဝန်ကမူ ခေါင်းမာနေသေး၏။ သူမ ဝါဒနာက ပိုက်ဆံရှာခြင်းဖြစ်ကြောင်း ရှန်လင်းကို ပြောပြခဲ့သည်။ ရှန်လင်းက စကားမပြောခဲ့ပေ။

စားသောက်ပြီးနောက် ရှန်လင်းနှင့် ဆုဝန်တို့က မီးဖိုချောင်ထဲ ပန်းကန်များ အတူဆေးလိုက်သည်။ ရှန်လင်းကမူ ဆုဝန်ကို သူ ပင်လယ် ထွက်ချင်ရသည့် အကြောင်းရင်းမှာ ဆုဝန် အလုပ်ကြိုးစား နေတာကို မမြင်လိုသောကြောင့် ဖြစ်ကြောင်း ပြောခဲ့၏။

သူသည် ပင်လယ်ထဲ သွားချင်သည်မှာ သူ၏ မိခင်နှင့် ညီမလေးကို ကောင်းမွန်သည့် ဘဝတွင် နေထိုင်စေချင် သောကြောင့်သာမက ဆုဝန်ကိုလဲ အလုပ်ခက်ခက်ခဲခဲ မကြိုးစားစေချင်သောကြောင့် ဖြစ်သည်။ မီးဖိုချောင်ကို သန့်ရှင်းရေး လုပ်နေစဉ် ဆုဝန်က ပြောလိုက်၏။

“ ဒါပေမဲ့ အစ်ကိုရှန်က ညီမ အလုပ်ကြိုးစား တာကို ဘာအထောက်အထားနဲ့များ ကာကွယ်ချင်တာလဲ။ အစ်ကိုရှန်နဲ့ ညီမနဲ့က ဘာနဲ့မှ မသက်ဆိုင်တာ ’’

မီးဖိုမီးအလင်းရောင် ဖျော့ဖျော့တွင် ရှန်လင်းက ဆုဝန်ကို ကြည့်လိုက်သည်။ 

“ ညီမ ဆုဝန် ဒီတစ်ခေါက် သင်္ဘောလိုက်ပြီး ပိုက်ဆံရှာနိုင်ပြီး ဘေးကင်းကင်း ပြန်လာခဲ့မယ် ဆိုရင် စေ့စပ်ကြရအောင် ’’

ရှန်လင်းသည် သူမကို အမြဲတစေ ယဉ်ကျေးစွာ ပြုမူပြောဆိုတတ်ပြီး သူမကို ကြိုက်နှစ်သက်သည့် အရိပ်အယောင် တစ်ခါမှ မပြခဲ့ပေ။ ရှန်လင်းသည် သူမကို ညီမငယ် တစ်ယောက်အဖြစ်သာ သဘောထားပြီး သူမကို နှစ်သက်ခြင်း မရှိသည်လားဟု စိတ်ထဲ သံသယ ဖြစ်ခဲ့သည့် အကြိမ်ပေါင်း မနည်းတော့ပေ။ ဆုဝန် ရင်ထဲ၌လဲ ရေရွတ် ပြောခဲ့မိ၏။

ချင်ရှီးရွာသားများ၏ အမြင်တွင် ရှန်လင်းက ဆုဝန်ကို ခေါ်ရန် ချင်းယွင်ကောင်တီသို့ သွားသောနေ့မှစပြီး ရှန်လင်းနှင့် ဆုဝန်တို့ စကားများမည်ဟု တွေးထင်ခဲ့ကြသည်။ ချင်းယွင်ကောင်တီမှ လူများ၏အမြင်တွင် ရှန်လင်းက ဆုဝန်ကို သွားခေါ်ရသည့် အကြောင်းရင်းမှာ သူသည် ဆင်းရဲလွန်းပြီး သူ့ကို လက်ထပ်လိုသည့် မိန်းကလေး မရှိသောကြောင့် ဖြစ်သည်။ ဆုဝန်ကို လက်ထပ်ရန် ရည်ရွယ်ချက်ဖြင့် သွားခေါ်တာဟု သူတို့ ယုံကြည်နေကြသည်။

သို့သော် ရှန်လင်းနှင့် ဆုဝန်တို့ နေ့စဉ် ပြောဆိုဆက်ဆံရာ၌ သူတို့နှစ်‌ေယာက်သည် 

ထိုကိစ္စကို တစ်ခါမှ ထည့်မပြောဖူးပေ။

ဆုဝန်သည် ရှန်မိသားစုသို့ လာရခြင်း၏ ရည်ရွယ်ချက်က ရှန်လင်းကို လက်ထပ်ရန် ဖြစ်သည်။ ရှန်လင်းက စေ့စပ်မှုအကြောင်း ပြောတာကို သူမကြားပြီး ဆုဝန်က ပြောလိုက်၏။

“ ကျွန်မတို့ စေ့စပ်ချင်တယ်ဆိုရင် ပင်လယ်က ပြန်လာတာကို ဘာလို့ စောင့်ရမှာလဲ။ ပင်လယ်ကနေ ပြန်မလာနိုင်ရင်ရော။ ပိုက်ဆံအများကြီး ရှာလို့ရတဲ့အချိန် ရှင်ပြောတာကို ဝန်မခံဘူး ဆိုရင်ရော ’’

ဆုဝန်ပြောတာ မှန်ပေ၏။ ရှန်လင်း စုံစမ်းထားပုံအရ ပင်လယ်ထဲ လိုက်ရခြင်းက လုပ်ခလစာအဖြစ် ငွေတုံး သုံးဆယ် လေးဆယ် ရသော်ငြား ယင်းက လခသက်သက် ဖြစ်သည်။ ရှားပါးသော အစားအသောက်များကို ဝယ်ယူပြီး ပြန်ရောင်းချခြင်းဖြင့် အများစုသည် ပိုက်ဆံများစွာ ရှာနိုင်၏။ သို့သော် ထိုစီးပွားရေး၌ တချို့က ပိုက်ဆံများများ ရှာနိုင်ပြီး တချို့က ပိုက်ဆံ နည်းနည်းသာ ရှာနိုင်သည်။ တချို့က ကံဆိုးပြီး ပိုက်ဆံ ဆုံးရှုံးတတ်၏။

ရှန်လင်းသည် ခေါင်းငုံ့ထားပြီး သူ့လက်ထဲရှိ ပန်းကန်ကို ဆက်ဆေးနေသည်။ 

“ အစ်ကိုက အခု ဆင်းရဲနေတာလေ။ ပိုက်ဆံအများကြီး ရှာနိုင်ရင် ရှာနိုင် မဟုတ်ရင် အောင်မြင်မှု ရအောင် လုပ်မှဖြစ်မယ်။ မဟုတ်ရင် ညီမနဲ့ ဘယ်လိုလုပ် ထိုက်တန်ပါ့မလဲ ’’

ဆုဝန်သည် ရှန်လင်း ဘာတွေးနေမှန်း သိ၏။ 

“ အစ်ကို ပင်လယ်ထဲ သွားပြီးရင် တစ်လ၊ နှစ်လလောက် ပြန်မလာနိုင်မှာ ကျိန်းသေတယ်။ ဒီကာလအတွင်း ဝမ်လော့ရွှယ်က ညီမကို လာနှောင့်ယှက်မှာ သေချာတယ်လေ။ ညီမက ဝမ်မိသားစုထဲမှာ အလုပ်လုပ်ပေးမဲ့ ညီမ မရှိရင် ဝမ်မိသားစုက အလုပ်လုပ်နိုင်မှာ မဟုတ်ဘူး။ ညီမ ပိုက်ဆံလဲ ရှာရအုံးမှာ ’’

“ ကလေး သတို့သမီး ဆိုတဲ့ ကိစ္စက ရှိနေသေးတယ်။ ညီမက မိန်းကလေးတစ်ယောက်၊ ဘယ်လိုလုပ် ခုခံနိုင်မှာလဲ။ ညီမသာ စေ့စပ်ပြီးပြီ ဆိုရင် ဝမ်မိသားစုက သူတို့ ဘယ်လောက်ပဲ ပြဿနာ ရှာချင် ရှာချင် ပြဿနာ ရှာနိုင်မှာ မဟုတ်ဘူး ’’ ရှန်လင်းသည် ဆုဝန်ပြောတာ နားထောင်စဉ် ပန်းကန်များဆေးကာ ရေသုတ်လိုက်၏။ ပြီးနောက် ရှန်ရှီး၏ အခန်းထဲသို့ သွားပြီးနောက် ညနက်သည်အထိ ဆွေးနွေးနေခဲ့သည်။ 

ပင်မအခန်းထဲမှ ရှန်ယာယာဆီမှ ပျော်ရွှင်နေသော အသံများစွာ ပေါ်ထွက်လာသည်။ 

ဆုဝန်သည် အလုပ်ပြီးနောက် အခန်းထဲသို့ တန်းဝင်သွားလိုက်သည်။ ယနေ့ ရှန်လင်းက သူမကို စေ့စပ်မည့်အကြောင်း ပြောလာ၏။ ယင်းက ဆုဝန် မျှော်လင့်နေသည့်အရာ ဖြစ်သည်။ ရှန်လင်းနှင့် လက်ထပ်ဖို့ အတည် ဖြစ်သွားလျှင် သို့မဟုတ် သူတို့ စေ‌ာစော လက်ထပ်နိုင်ခဲ့လျှင် နှစ်ယောက်သားက အတူတကွ ရင်ဆိုင် ဖြေရှင်းနိုင်လိမ့်မည်။ 

နောက်တစ်နေ့တွင် ဆုဝန် နိုးလာပြီး ခါတိုင်းလိုပင် မနက်စာ လုပ်လေ၏။

မနက်စာ ချက်ပြီးနောက် ရှန်ရှီးက ဆုဝန်ကို ခေါ်လိုက်၏။ ရှန်လင်းကမူ အိမ်ထဲမှ ထွက်သွားတော့သည်။

ရှန်ရှီးက ဆုဝန်ကို ပြောလိုက်၏။

“ဝန်ဝန် ဒေါ်လေး ဒီနေ့ သမီးကို ပြောစရာရှိတယ်။ သမီးက ဒေါ်လေးတို့ ချင်းရှီးရွာနဲ့ ချင်းယွင်ကောင်တီမှာတောင် အတော်ဆုံး မိန်းကလေးပဲ။ သမီးက သူကြွယ် ဒါမှမဟုတ် အထက်တန်းလွှာ မိသားစုကို ရှာလို့ရလောက်မှာ။ ဒါပေမဲ့ ဒေါ်လေး သမီးကို သိပ်သဘောကျတယ်ကွယ်။ ဒီတော့ ရှေ့မျက်နှာ နောက်ထားပြီး ယင်းအာကို အပ်ရမှာပဲ ’’

တကယ်တော့ ရှန်အိမ်သို့ ဆုဝန် ရွှေ့ပြောင်းလာချိန်မှစပြီး ဆုဝန်နှင့် ရှန်လင်းကြား နှောင်ကြိုးများစွာ ရှိနေပြီ ဖြစ်သည်။ ဝမ်လီ၏ အတင်းအဖျင်းများကြောင့် တစ်ခြားသူများ၏ အမြင်တွင် သူတို့နှစ်ယောက်က စေ့စပ်ကြောင်းလမ်းပြီးသား ဖြစ်သည်။ သို့သော် ထိုအကြောင်းအရင်းကြောင့် ရှန်ရှီးသည် ဆုဝန်ကို လျစ်လျူမရှူခဲ့ပေ။

ရှန်ရှီးက ထပ်ပြောလိုက်သည်။

“ သမီးက ပိုက်ဆံရှာနိုင်တယ်။ ဒေါ်လေးတို့ ရှန်မိသားစုရဲ့ ပိုင်ဆိုင်မှုက သမီး ရတာနဲ့ယှဉ်ရင် ဘာမှ မဟုတ်ဘူး။ ဒါက ဒေါ်လေးတို့ ရှန်မိသားစုရဲ့ အိမ်နဲ့ခြံ စာချုပ်ပဲ။ ရောင်းစရာလဲ မရှိဘူး။ ဒါကို တင်တောင်းပစ္စည်းအဖြစ် သုံးမယ် ’’

ရှန်ရှီးက ပြောပြီး စာရွက်တချို့အား ဆုဝန်ကို ပေးလိုက်၏။ ယင်းတို့က ရှန်မိသားစု၏ ပိုင်ဆိုင်မှု အကုန်ပဲ ဖြစ်သည်။ 

ဤလောကထဲတွင် မည်သည့် မိသားစုကမှ မိန်းကလေးကို လက်ထပ်ခွင့်တောင်းရန် သူတို့ပိုင်ဆိုင်မှု အားလုံးကို သုံးသည့် မိသားစု မရှိပေ။

‌မနေ့တုန်းက ရှန်လင်းနှင့် ရှန်ရှီးသည် ဆုဝန်ကို လက်ထပ်ချင်သည့်အကြောင်း ပြောခဲ့တာ ဖြစ်သည်။ တကယ်တော့ ရှန်ရှီးသည် ထိုအကြောင်းကို စဉ်းစားနေခဲ့တာ ကြာပြီ ဖြစ်၏။ သို့သော် ထိုစဉ်က သူမ နာမကျန်း ဖြစ်‌ေနခဲ့ပြီး သူမက ကလေးများကို ဆွဲချရာ ရောက်မည်ဟု ခံစားမိ၏။ ယခု သူမ ခြေထောက်များ ၊ လက်များ၊ ခန္ဓာကိုယ်တို့က တစ်နေ့ထက်တစ်နေ့ သိသိသာသာ ပိုကောင်းလာတာကို ခံစားမိသည်။ ထို့ကြောင့် ဆုဝန်ကို ထိုသို့ပြောရန် ယုံကြည်ချက် ရှိနေပြီ ဖြစ်သည်။ 

ဆုဝန်က ခေါင်းညိတ်ပြီး ရှန်ရှီးကို ပြောလိုက်၏။ 

“ ဒေါ်လေး သမီး ဆန္ဒ ရှိပါတယ်။ ဒါပေမဲ့ ဒီအိမ်နဲ့မြေ စာချုပ်ကတော့ ….. ’’

ဆုဝန်သည် အိမ်နှင့်မြေ စာချုပ်ကို ပြန်ပေးလိုက်ရာ ရှန်ရှီးက ပျော်ရွှင်သော မျက်နှာဖြင့် ပြန်တွန်းပို့ပြီး ပြောလိုက်၏။

“ ဒေါ်လေးတို့အိမ်က ဆင်းရဲပေမဲ့ သင့်တော်တဲ့ ကျင့်ဝတ်တော့ ရှိပြီးသား ’’

ရှန်ရှီးနှင့် ဆုဝန်တို့က ခဏကြာ ပြောနေပြီး ရှန်ရှီးက ရှန်မိသားစု အိမ်နှင့်မြေ စာချုပ်ကို ဆုဝန်အား ပေးလိုက်၏။ ဆုဝန်သည် အစ၌ လက်မခံချင်သော်ငြား စဉ်းစားပြီးနောက် လက်ခံလိုက်သည်။ သူမက နောင်ကျ ရှန်လင်းနှင့် လက်ထပ်လျှင်တောင် ယင်းက သူမပိုင်ဆိုင်မှုပဲ ဖြစ်နေပြီး ရှန်မိသားစုနှင့် ဘာမှ သက်ဆိုင်တော့မှာ မဟုတ်ပေ။ 

ဤနည်းဖြင့် ရှန်လင်း၏ အဘိုးအဘွားများနှင့် ဦးလေးများနှင့် ဘာမှ သက်ဆိုင်တော့မှာ မဟုတ်။ ရှန်အဘိုးနှင့် ရှန်အဘွားတို့သည်လဲ ရှန်လင်းကို ထပ်လာရှာချင်တော့မှာ မဟုတ်ပေ။ အားလုံးက သူ့စရိတ်နှင့်သူ ဖြစ်သွားလိမ့်မည်။ ဆုဝန်သည် သူမအတွေးများကို ရှန်ရှီးဆီ ပြောပြလိုက်၏။ ရှန်ရှီးက ပြုံးကာ ခေါင်းညိတ် ပြလိုက်သည်။ သူမ ထိုအရာအားလုံးကို ဆုဝန်အား ပေယလိုက်၏။ တကယ်တော့ သူမလဲ ထိုသို့ ရည်ရွယ်ထားတာ ဖြစ်သည်။ သူတို့ ယှဉ်တွဲ‌ နေထိုင်ခြင်းက ရှန်ရှီးကို စိတ်အေးသက်သာ စေပြီး သူမက ဆုဝန်ကိုလဲ ယုံကြည်သည်။

ဆုဝန်သည် ဤလက်ထပ်ပွဲကို သဘောတူခဲ့သည်။ ဆုဝန်၌ မိဘမရှိသောကြောင့် သူမဘာသာ ဆုံးဖြတ်နိုင်သည်။

ရှန်လင်းက အိမ်ထဲဝင်လာပြီး စေ့စပ်စာ ရေးပြီးနောက် ဆုဝန်အား တင်တောင်းပစ္စည်းအဖြစ် အိမ်စာချုပ်နှင့် မြေစာချုပ်ကို ချရေးလိုက်သည်။

သူတို့၏ မွေးဇာတာများကိုလဲ ရေးလိုက်သည်။ ယင်းက ပြီးပြည့်စုံသော စေ့စပ်ပွဲ အထမြောက်သည်ဟု သတ်မှတ်နိုင်ပြီ ဖြစ်သည်။