Ch 48
Viewers 2k

အခန်း ( ၄၈ )

ဝမ်လော့ရွှယ်က ပျော်ရွှင်စွာ မေးလိုက်လေ၏။

“ ဆုဝန်က ဘယ်အချိန် ပြန်လာမှာလဲ ’’

ဝမ်ရှီးက ပြောပြောဆိုဆိုဖြင့် အိမ်ထဲ လျှောက်လာလေ၏။

“ သူ့ပစ္စည်းတွေ ထုပ်ပိုးပြီးနေပြီ။ မကြာခင် ဒီကို ရောက်လာလိမ့်မယ် ”

ဝမ်လော့ရွှယ်သည် တံမြက်စည်းကို ချက်ချင်း ပစ်ထုတ်လိုက်ပြီး အိမ်ထဲသို့ ပျော်ရွှင်စွာ ပြန်ဝင်သွားကာ ဆုဝန် ပြန်လာမှာကို စောင့်နေလေ၏။ 

ဝမ်လော့ရွှယ်၏ ရင်ထဲတွင်မူ ဆုဝန် ပြန်လာချိန်တွင် သူမ လုပ်စရာ အလုပ်များစွာ ဆီးကြိုနေမည်ဟု တွေးမိသည်။ အိမ်ရှိ အဝတ်အစားက နှစ်ဇလုံ ဖြစ်နေ၏။ ဆုဝန် ပြန်လာချိန်၌ အချိန်မီ လျော်ဖွပ်နိုင်လိမ့်မည်။

မီးဖိုချောင်ထဲတွင် ဖုန်များ ညစ်ပေနေပြီး ဆုဝန် ပြန်လာချိန်၌ သန့်ရှင်းရေး လုပ်နိုင်မှာပဲ ဖြစ်သည်။ 

အခန်းထဲရှိ ပရိဘောဂများပေါ်တွင်လဲ ဖုန်တစ်ထပ် ရှိနေပြီး အိပ်ယာခင်းကိုလဲ နေလှန်းသင့်ပြီ ဖြစ်သည်။ ဝမ်လော့ရွှယ်က ဆုဝန်ကို ယခင်က ထိုမျှ အရေးပါသည်ဟု မထင်ခဲ့ပေ။ သို့သော် ဆုဝန် ထွက်သွားပြီးနောက် ဝမ်လော့ရွှယ်သည် နေ့တိုင်း ထိုအဝတ်များနှင့်သာ ထိနေရသည်။ မပြီးဆုံးနိုင်သော အိမ်မှုကိစ္စများဖြင့် သူမ နေ့တိုင်း အလုပ်များနေ၏။

ဆုဝန် ပြန်ရောက်လာချိန်တွင် ဆုဝန်ကို မိသားစုအတွက် ဟင်းတချို့ ချက်ပြုတ်ခိုင်းမှာ ဖြစ်သည်။ ဤရက်များအတွင်း သူမ ကောင်းကောင်းမွန်မွန် မစားသောက်ရပေ။ ရံဖန်ရံခါ၌ အသား စားရသော်ငြား ဆုဝန်၏ လက်ရာလောက် အရသာ မရှိပေ။ 

ဝမ်လော့ရွှယ်က ယခုဆို ဆုဝန်က ဤမိသားစုထဲ၌ မရှိမဖြစ်မှန်း သဘောပေါက်သွား‌ေလ၏။ နောင်ကျ အစ်မရွှယ်ယန်ကို သူ့အစ်ကို၏ ဇနီးဖြစ်ခိုင်းပြီး ဆုဝန်ကို သူ့ကိုယ်လုပ်တော် ဖြစ်ခိုင်းမည်။ ဤနည်းဖြင့် လောက၏ အကောင်းဆုံးကို ခံစားနိုင်မှာပဲ ဖြစ်သည်။ 

ဝမ်လော့ရွှယ်သည် အခန်းသို့ ပြန်သွားကာ မျက်ခုံးမွှေး ခြယ်သနေပြီး ဆုဝန် ဤနေရာသို့ ပြန်ရောက်လာချိန်၌ သူမသည် ဇိမ်ကျသော ဘဝ၌ နေထိုင်ရတော့မည် ဖြစ်သည်ဟု တွေးလိုက်မိသည်။ ဆုဝန်ကို နောင်ကျ နည်းနည်း ပိုကောင်းကောင်း ဆက်ဆံမည်။ သူမက အသုံးဝင်တာ ရှိနေသေးသောကြောင့် ဖြစ်သည်။ 

ဝမ်လော့ရွှယ်သည် မျက်နှာ‌ေချများ လိမ်းခြယ်ပြီးနောက် သန့်ရှင်းသော အဝတ်အစားများ ဝတ်ဆင်ကာ ကြေးမုံထဲ ဘယ်ကြည့် ညာကြည့် ကြည့်လိုက်၏။

ဝမ်လော့ရွှယ်သည် ကြေးမုံကို စိုက်ကြည့်နေတာ အတော်ကြာပြီ ဖြစ်သော်ငြား ဆုဝန် ရောက်လာတာကို မတွေ့ရသေးပေ။ ထို့ကြောင့် သံသယများဖြင့် ခြံဝန်းထဲလျှောက်လာကာ သူ့မိခင်ကို မမေးပဲ မနေနိုင်တော့ပေ။ 

“ အမေ ဆုဝန် လာနေပြီမလား။ ဘာကြောင့် ရောက်မလာသေးတာလဲ ”

ဝမ်ရှီးက ခြံဝန်းထဲတွင် နေပူဆာလှုံပြီး ကုလားထိုင်ပေါ်တွင် ထိုင်နေတာ ဖြစ်သည်။ ဝမ်လော့ရွှယ်၏ မေးခွန်းကို နားထောင်ပြီး ဇဝေ‌ဇဝါဖြင့် မျက်ခုံးပင့်မိသွား၏။

“ ရောက်လောက်ပါပြီ။ သူအခု ပစ္စည်း‌တွေ ထုပ်ပိုးနေရောပေါ့။ ချင်ကျိုးစံအိမ်မှာ အများကြီး ဝယ်ခဲ့တယ်နဲ့ တူတယ် သယ်လာစရာ ပစ္စည်းတွေများတာ‌ေကြာင့် နှေးနေတာနေမှာ ”

ဝမ်လော့ရွှယ်က အလျင်လိုနေပြီ ဖြစ်သော်ငြား ဆုဝန်သည် ချင်ကျိုးကောင်တီမှ ပစ္စည်းများ ဝယ်လာကြောင်း ဝမ်ရှီးပြောတာကို ကြားသောအခါ ပိုတောင် စိတ်လှုပ်ရှားသွားလေ၏။

“ ဒါဆို အမေ အစ်မဆုဝန်ကို သန့်ရှင်းရေး လုပ်နိုင်အောင် သမီး ကူညီပေးလိုက်အုံးမယ် ”

ဝမ်လော့ရွှယ်က ပြောပြောဆိုဆိုဖြင့် တံခါးဝဆီ လျှောက်သွားလိုက်၏။

“ နေအုံး ” ဝမ်ရှီးက ဝမ်လော့ရွှယ်ကို လှမ်းတားလိုက်သည်။

ဝမ်ရှီးသည် ဝမ်လော့ရွှယ်ကို လက်ခါပြလျက် ဝမ်လော့ရွှယ်ကို ပြန်လာခိုင်းလိုက်သည်။ သူမက ဝမ်ရှီးဆီ ဇဝေဇဝါ ဖြစ်နေသော အမူအရာဖြင့် ပြန်လာ၏။

“ သမီးရယ် ဘာကြောင့် ဒီလောက် စိတ်မရှည်ရတာလဲ ”

ဝမ်ရှီးသည် တမင်တကာ အသံတိုးလိုက်သည်။

“ သူက သူ့ဘာသာသူ အမေတို့အိမ်ကို ရောက်လာတာလေ။ သူ ပြန်လာပါရစေ ဆိုပြီး အမေတို့ကို ငိုပြီး တောင်းပန်လိမ့်မယ်။ ပြီးရင် သူ့ကို အမေတို့ အလိုရှိသလို အသုံးချနိုင်ပြီ ”

“ သမီးက ရှန်အိမ်ကိုသွားပြီး သန့်ရှင်းရေး ကူလုပ်ပေးပြီး သူ့ ပြန်ခေါ်လာမယ်ဆိုရင် အမေတို့က သူ့ကို တောင်းပန်သလို ဖြစ်သွားမှာပေါ့။ အချိန်ကျလာရင် သူ့ကို ခိုင်းရတာ အဆင်မပြေတော့ဘူးလေ ”

“ အမေက တကယ် ဉာဏ်ကောင်းတာပဲ။ အဓိပ္ပာယ်ရှိတယ်။ အခုကစပြီး သမီး အမေနဲ့ စကားပိုပြောမှပဲ နည်းနည်းသင်ယူရမယ် ”

ဝမ်လော့ရွှယ်သည် ဝမ်မိသားစုကို အလွန် လေးစားသွား၏။ 

ဝမ်ရှီးက စိတ်ကျေနပ်စွာ ခေါင်းညိတ်လျက် သူ့သမီး၏ ချီးကျူးမှုက သူမကို အလွန်ကျေနပ်စေသည်။

ရှန်မိသားစု ခြံဝန်းထဲတွင် ဆုဝန်နှင့် ရှန်ယာယာတို့သည် နောက်ဖေးရှိ ဟင်းရွက်စိုက်ခင်းလေးကို သန့်ရှင်းရေး လုပ်ပြီးနောက် ပေါင်းပင်များကို နုတ်ကာ ခြံစည်းရိုးပေါ်၌ နွယ်များကို နုတ်ပြီး ဥယျာဉ်လေးထဲရှိ သစ်ရွက်ခြောက်များကို ရှင်းလင်းလိုက်၏။ ပြီးနောက် ထင်းအရှာ ထွက်တော့သည်။

ရှန်လင်းက ခြံဝန်းထဲ လှဲကျင်းပြီးနောက် အိမ်ထဲတွင် ရေစည်ကို ဖြည့်ပေးကာ ချင်ကျိုးမှ ဝယ်လာသည့် မြင်းလှည်းအတွက် ပြင်ဆင်တော့သည်။

ရှန်လင်းအိမ်၏ နောက်ဖေးခြံဝန်းက အလွန်ကျယ်သည်။ ရှန်လင်း၏ အဖေ ရှန်လောင်အာ သက်ရှိထင်ရှား ရှိစဉ်က သူသည် သက်ငယ်တဲများ တည်ဆောက်ထားခဲ့၏။ သူတို့ထဲမှ တစ်ခုက အနည်းငယ် ပိုကြီးပြီး မြင်းဇောင်းအနေဖြင့် အသုံးပြု၍ ရသည်။ 

ရှန်လင်းသည် မြင်းစာခွက်အတွက် သစ်သားတန်းကြီးများစွာ သယ်လာ၏။ ပြီးနောက် မြင်းများ ရေသောက်ရန်အတွက် စည်‌အနေဖြင့် သစ်သားဇလုံကြီးကို သုံးလိုက်၏။ ဤနည်းဖြင့် ရိုးရှင်းသော မြင်းဇောင်းက အသင့်ဖြစ်သွားလေ၏။ မြင်းတစ်ကောင်သာ ရှိသောကြောင့် ဤနေရာက အလွန်ကျယ်နေပြီ ဖြစ်သည်။ မြင်းရောင်းသူထံတွင် မြင်းကိုထားသည့် မြင်းဇောင်းထက် ဤနေရာက ပိုကျယ်ဝန်းသည်။

ကျေးလက်ဒေသ၌ မြင်းများမွေးမြူရန် အကောင်းဆုံးပဲ ဖြစ်သည်။ နေရာလဲ ကျယ်ဝန်းလှပေ၏။ ရှန်လင်းက သူလှီးဖြတ်ထားသည့် ကောက်ရိုးများကို ပုံလိုက်သည်။ မြင်းက ချက်ချင်းဝါးလိုက်၏။

ရှန်လင်းသည် မြင်းဇောင်းကို သန့်ရှင်းရေးလုပ်ရန် ဤအချိန်ကို အခွင့်ကောင်းယူလိုက်၏။ ဆုဝန်သည် ဤမြင်းကို ဝယ်လာသောကြောင့် မြင်းနောက်ကြောင်း၊ မြင်းနှင့် မြင်းလှည်းနှင့် သက်ဆိုင်သည့် ကိစ္စအားလုံးကို သူလုပ်ပေးမည်ဟု ဆုံးဖြတ်ထားသည်။ သို့မှသာ ဆုဝန် ဒုက္ခမခံရတော့မှာ ဖြစ်သည်။

ဆုဝန်နှင့် ရှန်ယာယာတို့ သန့်ရှင်းရေး လုပ်ပြီးသွားချိန်တွင် နှစ်ယောက်သားက မီးဖိုချောင်သို့ သွားလိုက်၏။ ဆုဝန်ကမူ မာလာထန်အတွက် ဟင်းရည် စမ်းသပ်နေသည်။ သူမက ဤစီးပွားရေးလုပ်ရန် ရည်ရွယ်ထားသောကြောင့် ချင်ကျိုးမှ ဟင်းခတ်အမွှေးအကြိုင် တချို့ ဝယ်လာ၏။ ယခုက ထိုဟင်းခတ် အမွှေအကြိုင်များကို ကြော်လှော်ရန်ပဲ ဖြစ်သည်။ မူလပိုင်ရှင်က ချက်ပြုတ်ရာ၌ ပါရမီရှိသောကြောင့် ဆုဝန်သည် ၂၁ရာစုတွင် အိမ်၌ ဟင်းချိုအစပ်၊ ငါးဟင်းချိုတို့ကို မကြာခဏ ချက်ပြုတ်လေ့ ရှိသူဖြစ်သည်။ သူမသည် ပါဝင်ပစ္စည်းများကိုလဲ ကိုယ်တိုင် ကြော်လှော်တာ ဖြစ်၏။ ထို့ကြောင့် သူမဘာသာ ပါဝင်ပစ္စည်းများ သေချာပြုလုပ်ရန် မခက်ခဲပေ။ အရသာရှိသည့် ပါဝင်ပစ္စည်းများ ကြော်လှော်တတ်လေ၏။

ငရုတ်သီး၊ ငရုတ်ကောင်း၊ စမုံစပါးနှင့် ကျန်သည့် ပါဝင်ပစ္စည်းများကို သန့်ရှင်းသော ဆီထဲထည့်ကာ ကြက်သွန်နီ၊ ဂျင်း၊ ကြက်သွန်ဖြူတို့ကို မွှေးပျံ့လာသည်အထိ ကြော်လိုက်၏။ ရှန်မိသားစု မီးဖိုချောင်ထဲတွင် အစပ်နံ့များ ပြည့်နေတော့သည်။

ဆုဝန်သည် ပထမတစ်အိုး ကြော်ပြီးနောက် ရှန်ယာယာက အနံ့ရကာ ဆုဝန်ကို မေးလိုက်သည်။

“ အစ်မဆုဝန် ညီမ ဒီအနံ့ရပြီး သရေကျလာတယ်။ ချက်လိုက်ရင် အရသာ ရှိနေမှာပဲ ”

ဆုဝန်သည် အစတုန်းက ချက်ပြုတ်ရန် ဤအခြေခံပစ္စည်းများကို ပြုလုပ်ခဲ့တာ ဖြစ်သည်။ သို့သော် ရှန်ယာယာ၏ စကားများက ဤအခြေခံပစ္စည်းများဖြင့် ဟော့ပေါ့၊ မာလာထန်အပြင် အစပ်အိုးလဲ ပြုလုပ်နိုင်ကြောင်း သတိရသွားသည်။

ဆုဝန်သည် မွန်းတည့်ချိန်၌ အစပ်တစ်အိုး ချက်ပြီးနောက် ယန်မိသားစုအား ပို့ပေးရန် ရည်ရွယ်ထားသည်။ ယန်မိသားစု၏ ညီအစ်ကိုများက မှန်ကန်ဖြောင့်မတ်၏။ ဆုဝန်သည် ရှန်လင်းနှင့် ယန်မိသားစု ညီနောင်များကို မိတ်ဆွေဖွဲ့စေချင်သည်။ မိသားစုတစ်စုကို လောင်ရှန်တို့ အနိုင်ကျင့်နေခြင်းမှာ သူတို့၏ နည်းပါးလှသော လူဦးရေကြောင့် ဖြစ်သည်။

ဝမ်ရှီးနှင့် ဝမ်လော့ရွှယ်က စောင့်ပြီးရင်း စောင့်နေ၏။ သို့သော် သူတို့သည် ‌ဆုဝန် လာတောင်းပန်တာကို မတွေ့ရပေ။ အတော်လေး အောင့်အီးသည်းခံနေပြီးနောက် ခြံဝန်း အပြင်ဘက်၌ တံခါးခေါက်သံ ပေါ်လာသည်။ ဝမ်ရှီးက တမင်တကာ အချိန်ဆွဲနေပြီးနောက် ဝံ့ကြွားသော မျက်နှာထားဖြင့် တံခါးဖွင့်လိုက်၏။

ဝမ်အမျိုးသမီးသည် ခြံဝန်းတံခါးကို ဖြည်းဖြည်းချင်း ဖွင့်လိုက်ချိန်တွင် အပြင်ဘက်၌ ရပ်နေသူက ဆုဝန် မဟုတ်ပဲ အမျိုးသမီးစု၊ အမျိုးသမီးလီနှင့် ဝမ်ရှီးနှင့် မိတ်ဆွေများ ဖြစ်သည်။ အခြားသော အမျိုးသမီးများ ဖြစ်နေတာကို တွေ့လိုက်ရသည်။ 

ယခု ဆောင်းရာသီ ရောက်နေပြီ ဖြစ်သောကြောင့် လယ်ကွင်းထဲ၌ အလုပ်မရှိပေ။ အမျိုးသမီးများက ဘာမှ လုပ်စရာ မရှိသောကြောင့် နေ့တိုင်း အိမ်အလည်သွားကြသည်။

လတ်တလော၌ ထိုအမျိုးသမီးများသည် ဝမ်ရှီးအိမ်ကို လာအလည်ဖြစ်ဆုံး ဖြစ်သည်။ ဝမ်ရှီး ဟာသများကို မြင်တွေ့ရုံမှအပ အခြားသော အကြောင်းအရင်း မရှိပေ။

လွန်ခဲ့သည့် ရက်အနည်းငယ်က ဝမ်အမျိုးသမီးသည် အိမ်အကူတစ်ယောက် ငှားခဲ့ကြောင်း သတင်းက ချင်းရှီးရွာရှိ အိမ်တိုင်း ပျံ့နေပြီဖြစ်သည်။ ချင်းရှီးရွာရှိ အမျိုးသမီးတိုင်းက ဝမ်အမျိုးသမီးကို အလွန်အားကျနေကြ၏။ သူတို့က တစ်ရွာထဲ နေတာဖြစ်သည်။ နေ့တိုင်း အလုပ်များနေပြီး အဝတ်လျှော် ချက်ပြုတ် လုပ်ရ၏။ သို့သော် ဝမ်ရှီးကမူ ဘဝကို ပျော်ရွှင်စွာ နေနိုင်သည်။ ယင်းက လူတို့ကို တစ်ကယ့် မနာလိုဖြစ်စေ၏။

သို့သော် ဝမ်မိသားစု၏ နေ့ရက်ကောင်းများက သိပ်မကြာလိုက်ပေ။ ဝမ်မိသားစု၏ အိမ်စေနှစ်ယောက်က လုပ်ရည်ကိုင်ရည် သိပ်မရှိကြောင်း ရွာထဲရှိလူတိုင်း သိကြပြီး ဖြစ်သည်။ ဆုဝန်သည် မသေမသပ်မှန်း သူတို့အားလုံး သိသော်ငြား ထိုအိမ်စေနှစ်ဦးက ဆုဝန် လုပ်တာထက် ပိုညံ့ဖျင်းနေသည်။ ချင်းရှီးရွာထဲရှိ သွားပုပ်လေလွင့် ပြောတတ်သော အမျိုးသမီးများသည် ကျေနပ်အားရ ဖြစ်နေကျပြီး ဝမ်မိသားစု သုံးလိုက်ရသည့် ပိုက်ဆံက မတန်သဖြင့် ပျော်ရွှင်နေကြသည်။ 

မကြာသေးမီက ဝမ်မိသားစု၏ အိမ်စေနှစ်ယောက် အလုပ်ထွက်သွားသဖြင့် ဝမ်မိသားစုကို မနာလိုဖြစ်နေသော အမျိုးသမီးများကို အားရကျေနပ် ဖြစ်သွား‌ေစသည်။ အထူးသဖြင့် ဝမ်မိသားစု၏ ပလတ်စတစ် ညီအစ်မများ ဖြစ်ကြသော စွန်းမိသားစုနှင့် လီမိသားစုမှ အမျိုးသမီးများပဲ ဖြစ်သည်။ သူတို့က ပိုဟန်ကျသွားလေ၏။

လွန်ခဲ့သည့် ရက်အနည်းငယ်က ဝမ်ရှီးဆီ သူတို့ လာလည်သည့် အချိန်တွင် ဝမ်အမျိုးသမီး အလုပ်များနေပုံကိုလဲ တွေ့ရ၏။ သူတို့က ထိုမြင်ကွင်းကို ကြည့်ရတာ သဘောကျသည်။ ယင်းက သူတို့ကို အလွန် သက်တောင့်သက်သာ ဖြစ်စေသည်။ 

ယခုအချိန်တွင် ထိုလူများက ရှုထန်ကို သွားရှာကြ၏။ အမျိုးသမီးစွန်းကို မြင်သောအခါ ဝမ်ရှီးက အနည်းငယ် စိတ်ပျက်သွားသည်။ လွန်ခဲ့သည့် နှစ်ရက်က ထိုအမျိုးသမီးများသည် သူမကိုယ်တိုင် အလုပ်လုပ်နေတာကို မြင်ပြီး သူမကို လှောင်ပြောင်ခဲ့လေ၏။ ဝမ်ရှီးသည် သူတို့ကြောင့် စိတ်ပျက်နေသေးတာ ဖြစ်သည်။ ဝမရှီး တံခါးဖွင့်ပြီး မကြာမီ၌ စွန်းရှီးက ပြောလိုက်၏။

“ ယောက်မဝမ် တံခါးဖွင့်ဖို့ ဘာလို့ ဒီလောက်ကြာနေတာလဲ ”

“ အလုပ်များနေလို့ ကျွန်မတို့အတွက် တံခါး မဖွင့်ပေးနိုင်တာ နေမှာ ” အမျိုးသမီးလီက ဝင်ပြောလိုက်သည်။

“ ယောက်မစွန်း ယောက်မဝမ် တံခါးဖွင့်တာ နှေးတာကို အပြစ်မတင်ပါနဲ့။ ယောက်မဝမ်ရဲ့ မိသားစုက အခုဆို အိမ်စေ မရှိဘူးဆိုတော့ အလုပ်များနေမှာပဲလေ ”

ဝမ်ရှီး၏ နှလုံးသားသည် ဓားဖြင့် ထိုးစိုက်ခံလိုက် ရသလိုပင်။

စွန်းရှီးနှင့် လီရှီးတို့သည် ဝမ်ရှီး ကြိုဆိုမှာကို မစောင့်တော့ဘဲ သူတို့ဘာသာ အထဲဝင်လာလေ၏။

ဝမ်မိသားစု၏ အိမ်ခြံဝန်း မသပ်မရပ် ဖြစ်နေတာကို မြင်သောအခါ စွန်းအမျိုးသမီးက ပြောလိုက်လေ၏။

“ ယောက်မဝမ် ဘာလို့ လူမခေါ်တာလဲ။ အမျိုးသမီးတစ်ယောက် ခေါ်လိုက်ရင် အေးအေးလူလူ နေနိုင်ပြီး ကျွန်မတို့ ညီအစ်မတွေနဲ့ အချိန်ဖြုန်းနိုင်မှာပေါ့။ စကားပြောစရာတွေလဲ များတာကို ”

လီအမျိုးသမီးက ပြောလိုက်၏။

“ အစ်မဝမ်ရဲ့ မိသားစုမှာ ပိုက်ဆံ လုံလုံလောက်လောက် မရှိဘူး ”

ဝမ်ရှီးသည် ချင်းရှီးရွာ၌ သူမကိုသူမ ကြွယ်ဝချမ်းသာပြီး အထက်တန်းလွှာ လူတစ်ယောက်ဟု အမြဲတစေ သတ်မှတ်ထားတာပဲ ဖြစ်သည်။ လီအမျိုးသမီး ပြောလိုက်သည့် စကားက ဝမ်ရှီး ဂုဏ်အယူဆုံး နေရာကို တိုက်ရိုက်ထိမှန်သွား၏။

ဝမ်ရှီးက မေးအနည်းငယ် မော့လိုက်သည်။

“ ပိုက်ဆံလောက်ပါတယ်။ ဒါပေမဲ့ အဲ့ဒီ အမျိုးသမီး နှစ်ယောက်က အလုပ်လုပ်တာ မတော်ဘူး။ ဒါကြောင့် သူတို့ကို အလုပ်ဖြုတ် လိုက်တာပဲ ”

စွန်းရှီးက တောင်းပန်ချင်ယောင် ဆောင်လိုက်၏။

“ ဒါဆို ယောက်မဝမ်တော့ ဒုက္ခခံနေရတော့မှာပဲ။ ဪ … ဟုတ်သားပဲ ကျွန်မရဲ့ ယောက်မ ဒီလိုမျိုး ခက်ခက်ခဲခဲ အလုပ်ကြမ်းတွေ လုပ်နေတာကို တကယ် မမြင်လိုဘူး။ ယောက်မဝမ်က ကျွန်မတို့ ညီအစ်မတွေကြားထဲ အဆင်ပြေပြေ အနေနိုင်ဆုံးလေ ”

ဝမ်ရှီးက ပြောလိုက်၏။ 

“ အလုပ် ထုတ်လိုက်တယ် ဆိုပေမဲ့ ကိုယ်တိုင် အလုပ်လုပ်စရာ မလိုပါဘူး။ ငါတို့ မိသားစုက လော့ရွှယ်က ဒီလောက် ထူးချွန်တာ တစ်ယောက်ယောက်က ငါ့မိသားစုအတွက် အလုပ်လုပ်ပေးဖို့ တောင်းပန်ပြီး ကမန်းကတမ်း ပြေးလာလိမ့်မယ် ”

ထိုစကားကို ကြားသောအခါ လီရှီးက ဝမ်ရှီး ကြွားဝါနေမှန်း ခံစားမိလိုက်သည်။ ဝမ်လော့ရွှယ်က တော်တာမှန်သော်ငြား ဝမ်မိသားစုအတွက် အလုပ်လုပ်ပေးဖို့ မည်သည့် မိန်းကလေးကမှ အလျင်စလို မဖြစ်နေပေ။

လီရှီးက ပြောလိုက်၏။

“ ဘယ်မိသားစုက မိန်းကလေးလဲ ”

ဝမ်ရှီးသည် ဝံ့ကြွားသော မျက်နှာထားဖြင့် ပြောလိုက်၏။

“ ဘယ်သူရှိရအံုးမှာလဲ ။ သူက ကျန်းမာရေး ကောင်း‌ေနပြီဆိုတော့ အလုပ်လုပ်ဖို့ ဝမ်မိသားစုဆီ ပြန်လာချင်နေပြီပေါ့ ”

ရောက်လာသော အမျိုးသမီးများ အားလုံးသည် အံ့ ဩဆွံ့အကုန်၏။ ဆုဝန်၏ မိန်းကလေးက အရူးတစ်ယောက် ဖြစ်သည်။ သူမ ဆေးခန်း၌ အကြွေးတင်နေချိန်က ဝမ်မိသားစုသည် သူမကို ချက်ချင်း မောင်းထုတ်ခဲ့တာကို မသိသူ မရှိပေ။ ဆက်ဆံရေးကိုလဲ ရှင်းရှင်းလင်းလင်း ဖြတ်တောက်ခဲ့၏။ လီရှီးက ထပ်မေးလိုက်သည်။

“ ဆုဝန်က ရံဖန်ရံခါ လာကူမယ်ဆိုရင် သိပ်များများစားစား မလုပ်နိုင်မှာ စိုးရတယ်။ လူငှားလိုက်တာက ပိုကောင်းလိမ့်မယ် ”

ဝမ်ရှီးက မေးငေါ့ထား၏။ “ ရံဖန်ရံခါ လာကူမယ်လို့ ဘယ်သူပြောလဲ။ သူက ဝမ်အိမ်မှာပဲ နေပြီး အလုပ်လုပ်တော့မှာ။ အခု သူ ရှန်အိမ်မှာ အထုပ်အပိုးတွေ ပြင်ဆင်နေပြီ။ ပြီးရင် ပစ္စည်းတွေယူပြီး ကျွန်မအိမ်ကို ရောက်လာလိမ့်မယ် ”

“ ဆုဝန် ဒီမိန်းကလေးက လော့ရွှယ်လောက် အလုပ်ကောင်းကောင်း မလုပ်နိုင်ပေမဲ့ သူက နည်းနည်းတော့ ပိုအဆင်ပြေပါတယ် ”

ဆုဝန်၏ ခေါင်းက မြည်းကန် ကန်ခံလိုက်ရတာ ဖြစ်လောက်သည်ဟု အမျိုးသမီးများက တွေးလိုက်မိသည်။ အမျိုးသမီး တစ်ယောက်က ပြောလိုက်၏။

“ အဲ့ဒီ မိန်းကလေး ဆုဝန်က အလုပ်ကြမ်းလဲ လုပ်တာ တော်ရုံတင်မကဘူး။ ချက်ပြုတ်တာမျိုး အနုစိတ်တဲ့ အလုပ်တွေလဲ လုပ်တတ်တယ် ထင်တာပဲ။ ရှန်လင်းဆီကို ဆုဝန် ပို့ပေးတဲ့ စားစရာ အနံ့ရတုန်းကဆို သွားရည်ယိုနေရောပဲ ”