Ch 49
Viewers 2k

အခန်း (၄၉) ကသိကအောက်အခြေအနေ။

တစ်စုံတစ်ယောက်က ဦးဆောင်ပြောလိုက်ရာ ကျန်အမျိုးသမီးများက နောက်မှလိုက်လာကြ၏။ 

“ဟုတ်တယ်။ ဒီရက်ပိုင်း ဆုဝန် ရှန်လင်းကို အစားအသောက်လာပို့ပေးတဲ့အချိန် အနံ့ရလိုက်တာ မွှေးနေတာပဲ”

“ကျွန်မ ရှန်လင်းတို့အိမ်က ဖြတ်သွားတော့လေ အရမ်းမွှေးတဲ့အသားနံ့ ရလိုက်တယ်။ ကျွန်မ ရဖူးသမျှထဲမှာ အမွှေးဆုံးအသားနံ့ပဲ”

“ပြောရရင်တော့ ထူးဆန်းတယ်။ အရင်တုန်းက ဆုဝန် ဒီကလေးက ကြမ်းတမ်းပြီးတော့ အချိုးမပြေဘူး။ ရှန်အိမ် ရောက်ပြီးနောက်ပိုင်းကျ သူပိုလှလာတယ်နော်”

“အဲဒါကို ဘေးဒုက္ခအတွင်း ရှင်သန်ရတယ်လို့ခေါ်တယ်။ နောက်ပိုင်းကျမှ ကောင်းချီးပေးတာလေ။ ကျွန်မအမြဲ ဒီကလေးရဲ့ဘဝက ခက်ခဲမှာပဲလို့ စဥ်းစားနေတာ။ ဒါပေမဲ့ သူ အခုလှနေပြီဆိုတော့ ချမ်းသာတဲ့မိသားစုမှာ ဝင်ဆံ့နိုင်မှာပဲ။ အနာဂတ်မှာ ထပ်ပြီး ဒုက္ခမခံရ‌တော့လောက်ဘူး”

အမျိုးသမီးများသည် ဆုဝန်၏ရုပ်ရည်သွင်ပြင်နှင့် အနာဂတ်ဘဝအကြောင်း တစ်ယောက်တစ်ခွန်းပြောနေကြ၏။ 

ဝမ်ရှီးက ချောင်းဟန့်လိုက်၏။ ယခင်တုန်းက ဝမ်လော့ရွှယ်၏ နာမည်ဂုဏ်သတင်းကို ဖန်တီးရန်အတွက် ဝမ်ရှီးသည် ဆုဝန်လုပ်ပေးသမျှအရာအားလုံးကို ဝမ်လော့ရွှယ်လုပ်ခြင်းဟု ပြောခဲ့လေ၏။ တစ်ချိန်တည်းမှာပဲ အားလုံးက ဆုဝန်ကို အချိုးမပြေဟု တွေးထင်စေရန် ဆုဝန်မည်သို့မည်ပုံ အချိုးမပြေကြောင်းကိုလည်း ပြောခဲ့သေး၏။

သို့ပေသိ ကိစ္စများသည် ယခုတော့ ခြားနားသွားချေပြီ။ အကယ်၍ ဆုဝန်သာ စင်ပေါ်တက်နိုင်ပါက ဝမ်လော့ရှန်း၏ မြင့်မြတ်လှသော အဆင့်အတန်းကို ပိုပေါ်လွင်စေမည်ဖြစ်၏။

ဝမ်ရှီးက လည်ချောင်းရှင်းလျက် ဆိုလာ၏။ 

“ ဆုဝန်က လော့ရှန်းကို ကြိုက်နေတဲ့ တခြားမိန်းကလေးတွေလောက် မိသားစုနောက်ခံ မကောင်းဘူးဆိုပေမဲ့ သူက အလုပ်နည်းနည်းတော့ လုပ်နိုင်ပါသေးတယ်။ ပြီးတော့ သူက လော့ရှန်းရယ် လော့ရွှယ်ရယ်နဲ့ အတူ နှစ်နှစ်လောက် အတူ ကြီးပြင်းလာခဲ့တာ။ အဲဒီအကြောင်းအရင်းနဲ့ သံယောဇဥ်ကြောင့်သာ မဟုတ်ရင် သူလည်း ကျွန်မတို့မိသားစုမှာ အလုပ်လာလုပ်ရမဲ့ ကံကောင်းမှုမျိုး ရှိမှာ မဟုတ်ဘူးလေ”

အမျိုးသမီးများမှာ ဝမ်ရှီး၏စကားများက ပြင်းထန်လွန်းသည်ဟု ခံစားရလေသည်။ 

‘သူ့အိမ်မှာ အလုပ်လုပ်ပေးရတာက ဘယ်လိုလုပ် ကံကောင်းမှုဖြစ်မှာလဲ။ ဝမ်ရှီးက သူ့ကိုယ်သူ အရမ်း မြင့်မြတ်တယ် မှတ်နေတာပဲ’

စွင်းရှီးက သည်းမခံနိုင်ချေ။

“ မမဝမ်၊ ဆုဝန်က တကယ်ကြီး လာမှာမို့လို့လား။ မမနဲ့ သူက ရှေ့တစ်လ နှစ်လလောက်ကပဲ အဆက်အဆံ ဖြတ်ထားကြတာလေ။ သူ မမအပေါ် အငြိုးမထားလောက်ဘူးလား”

စွင်းရှီးသည် ယခင်တုန်းက ဝမ်ရှီး ဆုဝန်ကို မကယ်ပေးရစေရန် အဆက်ဖြတ်ခဲ့သည့်အကြောင်း တည့်တိုးပင် ပြောလိုက်၏။      

ဝမ်ရှီးက ယင်းကြောင့် ရှက်မသွားဘဲ ပြောလာလေ၏။

“ ဘာလို့ မလာရမှာလဲ။ သူ ငိုယိုတောင်းပန်ပြီး ကျွန်မတို့မိသားစုအတွက် အလုပ်လုပ်ပေးဖို့အတွက် လာလိမ့်မယ်။ စောင့်သာကြည့်နေလိုက်။ သူ ခဏနေရောက်လာလိမ့်မယ်”

လီရှီးက ပြောလေ၏။

“   ဆုဝန်လာတာကို စောင့်ကြတာပေါ့။  ပြောကာမှပဲ သူ ချင်းကျိုးကောင်တီမှာ ရက်နည်းနည်းလောက်ပဲ သွားနေတာကို သူ့ကိုမတွေ့ဖြစ်တာ အရမ်းကြာနေပြီလို့ ကျွန်မ ခံစားနေရတယ်”

အမျိုးသမီးအားလုံးက ဆုဝန်ကို မတွေ့ဖြစ်တာကြာပြီဟု တစ်ယောက်ပြီးတစ်ယောက် ဆိုလာတော့သည်။ သို့ဖြစ်ရာ ဝမ်ရှီးအိမ်သို့ သွား၍ ဆုဝန်လာမည်ကို စောင့်ဆိုင်းကြလေ၏။

ဆောင်းတွင်းအခါ၌ လုပ်စရာအလုပ်မရှိရာ ပျင်းရိဖွယ်ကောင်းလှ၏။ သူတို့သည် ဝမ်ရှီးထံ အလုပ် ပြန်လာလုပ်ခွင့်ပေးရန် ဆုဝန်မည်သို့တောင်းပန်မည်ကို ကြည့်လိုကြ၏။  ပြောရမည်ဆိုပါလျှင် မိန်းကလေးတစ်ဦးအတွက် ထိုသို့လုပ်ရခြင်းမှာ အောက်ကျနောက်ကျ နိုင်လွန်းပေ၏။  ဆုဝန်တွင် အဖေ၊ အမေ မရှိခြင်းကြောင့်လည်း ထိုသို့သော အလုပ်မျိုးကိုသာ လုပ်နိုင်ခြင်းဖြစ်ပေသည်။   

အမျိုးသမီးများသည် ဝမ်အိမ်ခြံဝင်း ခုံတန်းလျားလေးကိုယ်စီ ရှာကာ ပွဲကြည့်ရန် စောင့်ဆိုင်းလျက်ရှိ၏။

ဤသို့စိတ်လှုပ်ရှားဖွယ်ရာကောင်းလှသောပွဲမျိုးရှိသည်ကို လွတ်သွား၍မဖြစ်ပါချေ။

အမျိုးသမီးများသည် အုပ်စုဖွဲ့ စကားထိုင်ပြောနေကြ၏။ ဝမ်ရှီးမှာ သူ့သား မည်သို့အောင်မြင်ကြောင်းနှင့် သူ့သမီး မည်သို့ ထက်မြက်ထူးချွန်ကြောင်း မပြောဘဲမနေနိုင်တော့ချေ။ 

အမျိုးသမီးများက စိတ်တွင်းမှ ပွစိပွစိ ရေရွတ်နေကြလေ၏။ ယခင် ဝမ်လော့ရွှယ် ထက်မြက်ထူးချွန်ကြောင်း ဝမ်ရှီးပြောခဲ့စဥ်က သူတို့ ထိုသို့ထင်မြင်ခဲ့သည်ပင်။  ဝမ်လော့ရွှယ်သည် အချုပ်အလုပ်တော်ပြီး အိမ်ကို အမှန်ပင် ထိန်းသိမ်းနိုင်လေ၏။ သို့ပေသိ ဤရက်ပိုင်း သူတို့ဝမ်အိမ်သို့အခါခါရောက်လာခဲ့ချိန်များတွင် ဝမ်အိမ်ခြံဝင်းမှာ သပ်ရပ်ခြင်း မရှိသည်ကို တွေ့မြင်ရ၏။ သို့ဖြစ်ရာ အမျိုးသမီးများမှာ ဝမ်လော့ရွှယ်၏ဂုဏ်သတင်းကို သံသယဝင်လာကြပြီး ထိုကိစ္စကို သူတို့ သီးသန့်ဆွေးနွေးကြ၏။ 

သဘာဝကျစွာပင် အနှီအမျိုးသမီးများ သီးသန့်ဆွေးနွေးနေကြသည်ကို ဝမ်ရှီး မကြားရချေ။ သို့ဖြစ်ရာ သူက ယန်ယွင်ရန်အကြောင်း ဆက်ပြောနေခဲ့၏။

ဝမ်ရှီးသည် ယန်ယွင်ရန်မည်မျှလှပကြောင်း၊ မည်မျှပညာတတ်ကြောင်း၊ ချင်းယွင်ကောင်တီတွင် သူနှင့် လက်ဆက်ချင်နေသည့် သခင်လေးများစွာရှိကြောင်း ပြောပြလာ၏။ နောက်ဆုံးတွင်မူ ဝမ်ရှီးသည် တမင်သက်သက် အသံကိုနှိမ့်လျက် အမျိုးသမီးများကို ယန်ယွင်ရန်က ဝမ်လော့ရှန်းအား အသုံးစရိတ် ပေးသည့်အကြောင်း ပြောလိုက်၏။

အမျိုးသမီးများအားလုံးက ဝမ်လော့ရှန်းမှာ အမှန်တကယ်ထူးချွန်ကြောင်း၊ မိန်းကလေးအားလုံးက ဝမ်လော့ရှန်းကို အလုအယက် မျက်နှာသာပေးကြမည်ဖြစ်ကြောင်း ပြောလာကြ၏။

ဝမ်ရှီးတစ်ယောက် များစွာ ကျေနပ်သွားတော့သည်။

ထိုအခိုက် စွင်းရှီးက မေးလာခဲ့၏။

“ဆုဝန်က ဘာလို့မရောက်သေးတာလဲ။ လူကြီးတွေက သူ့ကို စောင့်နေရတယ်”

အားလုံးက ‘ဟုတ်သားပဲ။ ဆုဝန် ဘာလို့ ရောက်မလာသေးတာလဲ။ ငါတို့ ပြောနေတာပဲ အချိန်နည်းနည်းကြာနေပြီ၊ သူရောက်နေသင့်နေပြီ ‘လို့ မေးလာကြတော့သည်။ 

ဝမ်ရှီးစိတ်ထဲတွင် ပို၍ ပျော်ရွှင်သွားရ၏။ ဆုဝန် ဖြည်းဖြည်းသိမ်းလေ၊ ပစ္စည်းပိုရလေပင်။ ရှေ့ရက်များက ရှန်လင်း ဆုဝန်အတွက် သကြားတုတ်ထိုးချိုချဥ် ရောင်းပေးခဲ့ကြောင်း ဝမ်ရှီးကြားခဲ့လေသည်။ ဆုဝန်မှာ ကျိန်းသေပေါက် ပိုက်ဆံရှိမည်ပင်။ ပိုက်ဆံများများရှိပါက ပစ္စည်းလည်း များများပိုရှိပေမည်။

ယင်းတို့ကို ပြန်ယူလာခဲ့ပါက ဝမ်မိသားစုအပိုင်များ ဖြစ်သွားတော့ချေမည်။

ဝမ်ရှီးက ဆို၏။ 

“ သူ ပစ္စည်းတွေအများကြီး ဝယ်ထားလို့ပဲနေမှာ။ အဲဒါကြောင့် ဖြည်းဖြည်းချင်း ထုပ်ပိုးနေရတာလေ။ အရင်ရက်တွေတုန်းက သူဝယ်ထားတာတွေ ရှင်တို့ မမြင်ကြဘူးလား။ သူ ဆန်တွေ၊ ခေါက်ဆွဲတွေ၊ အသားတွေ၊ အသီးအရွက်တွေ၊ အထည်တွေ ဝယ်ခဲ့တာ။ နောက်လတွေမှာ သူ ပိုတောင်ဝယ်ထားဦးမယ်။ အဲဒါတွေ ပြန်သိမ်းရတာက နည်းနည်းတော့ ကြာမှာပဲလေ”

ထိုသို့ကြားသော် အမျိုးသမီးများသည် မနာလိုချဥ်စူးသွားတော့သည်။ သူတို့သည်လည်း ဆုဝန် မကြာခဏ ချင်းယွင်ကောင်တီသို့ စျေးဝယ်ထွက်တတ်ကြောင်း သိထားလေ၏။ ယခင် ရှန်အိမ်သို့ သွားခဲ့စဥ်က ဆုဝန် စျေးတယ်ထွက်ပြီး ပြန်လာသည်ကို သူတို့ မြင်ခဲ့ကြ၏။

ထိုအချိန်က သူတို့ ရှန်မိသားစုကို မနာလိုဖြစ်ခဲ့ရ၏။ သို့ပေသိ ယခုမူ ဝမ်မိသားစုကို မနာလိုဖြစ်နေရချေပြီ။ 

‘အိုက်ယား၊ ဘယ်သူကများ ဝမ်မိသားစုမှာ ပညာရှိသားတစ်ယောက် ရှိခိုင်းလိုက်တာလဲ။’

အမျိုးသမီးများသည် ထိုင်၍ ဆက်စောင့်နေကြ၏။ စကားပြောရာတွင်မူ ယခင်ကလောက် စိတ်အားတက်ကြွမှု မရှိတော့ချေ။ 

ခဏမျှ စောင့်လိုက်ပြီးသည့်တိုင် ဝမ်အိမ်တံခါးမှ လှုပ်ရှားမှုတစ်စုံတစ်ရာ ရှိမလာသေးချေ။ ဆုဝန်မှာ ရောက်မလာခဲ့ပေ။

လီရှီးက ပြော၏။

“ ဆုဝန်မှာက ပစ္စည်းတွေ အများကြီးပဲလေ။ ကျွန်မတို့ သူ့ကို သွားကူသယ်ပေးလိုက်ရင်ရော”

ဝမ်ရှီးက လက်ယမ်းပြလိုက်ပြီး မျက်ခုံးများကို ပင့်မြှောက်လိုက်၏။

“ ကျွန်မတို့ ကျိန်းသေပေါက် သူ့ကို သွားကူသယ်ပေးလို့ မရဘူးပေါ့။ အဲဒီကိုသွားလိုက်ရင် ကျွန်မတို့ဝမ်မိသားစုက သူ့ကို ဒီလာဖို့ ဖိတ်ခေါ်လိုက်တဲ့သဘော ဖြစ်မနေဘူးလား။ တကယ်လို့ တစ်ယောက်ယောက်က ဝမ်မိသားစုကို ဝင်ချင်တယ်ဆိုလို့ရှိရင် နောင်ကို သူနေရာသူ မသိတာမျိုး မဖြစ်အောင်  ဝမ်မိသားစုမှာ သူ့အတွက် သတ်မှတ်ပေးထားတဲ့ စည်းမျဥ်းတွေရှိတယ်”

ဝမ်ရှီး၏စကားများမှာ အမျိုးသမီးများကို ပို၍ပင် မသက်မသာ ဖြစ်သွားစေ၏။ သို့ရာတွင် သူတို့က သဘောတူနေကျဖြစ်ရာ

“ ဟုတ်တယ်။ သူ နောက်ကို အကြီးအငယ် မသိတာမျိုး မဖြစ်အောင် သူ့အတွက် စည်းမျဥ်းတွေ သတ်မှတ်ပေးထားရမှာပေါ့”ဟု ပြောလာခဲ့၏။

ဝမ်လော့ရွှယ်သည် အခန်းထဲတွင် စောင့်နေခဲ့၏။ ဆုဝန် လာသည်ကို မစောင့်နိုင်တော့ရာ အခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန် လျှောက်နေတော့သည်။ 

အမျိုးသမီးများသည် အိမ်အပြင်ဘက် ခုံတန်းလျားလေးများတွင် ထိုင်နေလျက်ရှိ၏။ ပျင်းရိစွာ နေပူဆာလှုံနေကြရင်း ရုတ်တရက် စူးရှလွန်းသည့် ငရုတ်နံ့ရလေ၏။ 

မဟုတ်ပေ။ ငရုတ်သီးနံ့သာ မကချေ။ ငရုတ်နံ့မှာ အထုံနံ့နှင့် ဆားငန်သည့် အငွေ့အသက်တချို့ ရောနှောနေခဲ့သည်။ ချက်ပြုတ်ချိန် ရောက်လုပြီဖြစ်သော်ငြား ဗိုက်ဆာရမည့် မရောက်သေးချေ။ သို့ပေသိ ထိုအခိုက်တွင် ဝမ်အိမ်ခြံဝင်းရှိ လူအားလုံးမှာ ဗိုက်ဆာလာကြ‌တော့သည်။

“ ဒီအနံ့က ကျိန်းသေပေါက် ရှန်အိမ်ကနေ လာတာပဲဖြစ်ရမယ်” စွင်းရှီးက ရှန်အိမ်ဘက်ကို ကြည့်လိုက်၏။

“ဟုတ်တယ်။ ဒါ ရှန်အိမ်က မလား။ ရှန်အိမ်က ဟင်းစချက်နေပြီလား”

“ရှန်ရှီးက ဟင်းမချက်နိုင်ဘူး။ ရှန်လင်းက ဒီလောက်အနံ့အရသာနဲ့ ပြည့်စုံတဲ့ စားစရာမျိုး ချက်နိုင်မှာ မဟုတ်ဘူး။ ဆုဝန်ပဲ ဖြစ်ရမယ်။ ထူးဆန်းတယ်နော်။ ဆုဝန်က ပစ္စည်းတွေ ထုပ်ပိုးပြီး ဝမ်အိမ်ကိုပြန်လာချင်နေတာ မဟုတ်ဘူးလား။ သူ ဘယ်လိုလုပ် ဟင်းချက်နေရသေးတာလဲ”

အမျိုးသမီးထုကြီးမှာ စတင် တွတ်ထိုးလာကြပြန်၏။ 

လီရှီးက ဇဝေဇဝါဖြင့် “ ဆုဝန်က ဝမ်အိမ်ကို မလာလောက်တော့ဘူးနော်”

ဝမ်ရှီးက အေးစက်စွာ သရော်လာ၏။

“ သူ မလာဘူးဆိုတာ မဖြစ်နိုင်ဘူး။ ဝမ်အိမ်ကို ပြန်လာနိုင်လို့ သူအရမ်းပျော်နေတာလေ။ သူ ဝမ်အိမ်ကို ပြန်လာလို့ရတယ်လို့ကြားတော့ ဘယ်လောက်ပျော်နေလဲ ရှင်တို့မမြင်ဘူးလား”

အမျိုးသမီးများ တိတ်ဆိတ်သွားပြီး ဆက်စောင့်ကြလေ၏။ သို့တိုင် ချက်ပြုတ်ချိန်ရောက်သည်အထိ ဆုဝန် ရောက်မလာခဲ့ချေ။ ဘာတွေဖြစ်နေသနည်းဟူသည်ကိုကြည့်ရန် သူတို့ ရှန်အိမ်သို့ တစ်ချက် သွားကြည့်ရမည်ဖြစ်၏။ ဤအတိုင်း ဆက်သွား၍မဖြစ်‌ချေ။ အိမ်တွင် ချက်ပြုတ်ဖို့ နှောင့်နှေးသွားပါက အိမ်မှအမျိုးသားက ကျိန်းသေပေါက် ဒေါသထွက်မည်ပင်။ 

တစ်ခဏမျှ စောင့်ပြီး‌နောက် အမျိုးသမီးများမှာ စိတ်မရှည်လက်မရှည် ဖြစ်လာကြတော့သည်။ သူတို့ ပွဲကောင်းကြည့်ရန် လာခဲ့ကြသော်လည်း ဝမ်အိမ်ခြံဝင်းထဲတွင် လေအေးသာ အတိုက်ခံလိုက်ရ၏။

အနှီဝမ်ရှီးမှာ တွန့်တိုလှရာ သူတို့ကို အိမ်ထဲဝင်ရန် မဖိတ်ပါချေ။ 

ချက်ပြုတ်ရန် အချိန်ကျပြီဖြစ်သည့်တိုင် ဆုဝန်က အိမ်သို့ ရောက်မလာသေးချေ။ 

စွင်းရှီးက ဆက်သည်းမခံနိုင်တော့ပေ။

“ ဝမ်အိမ်ကအစ်မ၊ ဆုဝန် ဘာလို့ ဝမ်အိမ်ကို ပြန်မလာရတာလဲသိရအောင် ရှန်အိမ်ကို သွားကြည့်ရအောင်လေ”

လီရှီးက မဆိုင်းမတွ တုံ့ပြန်လာ၏။ 

“ဟုတ်တယ်။ အစ်မရှန်တို့အိမ်ကို သွားကြည့်ရအောင်လေ။ အဲဒီကလေးက ဝမ်အိမ်ကိုပြန်လာဖို့ အခက်တွေ့နေတာလား၊ လုံးဝ ပြန်မလာချင်တာလား မေးကြည့်လိုက်ပေါ့”

ဝမ်ရှီးက ဆက်မတားနိုင်တော့ချေ။ ‘ဆုဝန်မှာ နဂိုကတည်းက ကြောက်တတ်တယ်။ အခုလည်း သူ့ကို ပြန်မလာခိုင်းမှာ စိုးပြီး အိမ်သို့ မလာရဲတာပဲဖြစ်မယ်။ ဒါဆိုလည်း ငါတစ်ခေါက်လောက် သွားကြည့်လိုက်တာပေါ့လေ။ သူပြန်ရောက်လာမှပဲ ကောင်းကောင်း ကိုင်တွယ်ပေးရမယ်။ အစက သူ့ကို ပြန်လာခွင့်ပေးဖို့ တောင်းဆိုလိုက်ရင် လူအများရှေ့မှာ မျက်နှာသာပေးမလို့ကို၊ သူက မတန်ဘူးပဲ။ ပြန်မလာရဲဘူး။ ငါ့မှာ မနက်တစ်ပိုင်းလောက် စောင့်နေလိုက်ရတယ်။’

စွင်းရှီးက အရင်ထလိုက်၏။ အားလုံးလည်း တစ်ယောက်ပြီးတစ်ယောက် ထလာတော့သည်။ စွင်းရှီးသည် အကုန်လုံးကို ဦးဆောင်၍ ဝမ်အိမ်ခြံဝင်းမှထွက်ကာ ရှန်အိမ်တံခါးမကြီးဆီ ချီတက်ကြ‌လေသည်။

ကျိန်းသေပေါက် ဝမ်ရှီးသည်လည်း ရှေ့သို့ လျှောက်လာခဲ့သည်ပင်။

လူစုသည် ရှန်အိမ်တံခါးမကြီးသို့သွားကာ တံခါးခေါက်ရန် ကြံရွယ်နေတုန်းမှာပင် ရှန်အိမ်တံခါးမှာ သူ့အလိုလို လှုပ်ရှားသွားသည်ကို မြင်လိုက်ရလေ၏။

ဝမ်ရှီးက နောင်တရသွားတော့သည်။

‘ကျိန်းသေပေါက် ဆုဝန်က ဝမ်အိမ်ကို သွားမလို့ ထွက်လာတာပဲဖြစ်ရမယ်။ ငါဘာလို့ စောစောက သည်းမခံလိုက်မိတာပါလိမ့်’

ဝမ်ရှီး နောင်တရသွားမိသော်လည်း တွေ့လိုက်ရသည့်သူမှာ ရှန်ယာယာ ဖြစ်နေခဲ့၏။ 

ရှန်ယာယာက လက်နှစ်ဖက်လုံးတွင် အစပ်အိုးတစ်အိုးဖြင့် ထွက်လာခဲ့သည်။ ရှန်ယာယာအတွက် တံခါး ဖွင့်ပေးလိုက်သည့် ဆုဝန်ကိုလည်း မြင်လိုက်ရ၏။

တံခါးတွင် ဤမျှ လူအများကြီး တွေ့လိုက်ရရာ ရှန်ယာယာမှာ ကြောက်လန့်သွားတော့သည်။

အမျိုးသမီးများသည် တစ်ခဏအတွင်းပင် ရှန်ယာယာလက်ထဲမှ အစပ်အိုး ၏ဆွဲဆောင်ခြင်းကို ခံလိုက်ရသည်။ 

‘ဒါက ဘယ်လိုစားစရာမျိုးပါလိမ့်။ နီနီစိမ်းစိမ်း အိုးကြီးတစ်အိုးပါလား။ အနံ့က မွှေးကြိုင်နေတာ။ အရသာရှိမှာပဲ’

ဆုဝန်က အကင်အိုးခံကာ ဟော့ပေါ့အစပ်ပြုလုပ်ခဲ့လေသည်။ ဟော့ပေါ့အစပ်လုပ်နည်းမှာ ရိုးစင်းပေ၏။ တို့ဟူးအစုံ၊ တို့ဟူးလိပ်၊ မှို၊ အသီးအရွက်၊ ပဲသွေး၊ သိုးကလီစာတို့ကို ဆေးကြောကာ အိုးထဲ တန်းထည့်ပြီး ကင်လိုက်ရုံပင်။ 

ယင်းတို့အားလုံးကို ထိုနေ့က ချင်းယွင်ကောင်တီမှ ဆုဝန် ဝယ်လာခဲ့ခြင်းဖြစ်၏။ တို့ဟူး၊ တို့ဟူးထွက်ကုန်၊ ပဲသွေးနှင့် သိုးကလီစာတို့မှာ လွန်စွာ စျေးပေါလေသည်။ ဆုဝန်က ယင်းတို့က မာလာထန်းလုပ်ရန် သင့်‌တော်မည်ဟုထင်မိ၍ ပြန်လာပြီး စမ်းကြည့်ချင်ခဲ့၏။ အများကြီးဝယ်လာခဲ့ရာ ဟော့ပေါ့အစပ်လုပ်ရာတွင် အဆင်ပြေလှ၏။

ဆုဝန်လုပ်ထားသည့် ဟော့ပေါ့ပထမအိုးကို ယန်မိသားစုသို့ သွားပေးရန် ရှန်ယာယာကို ခိုင်းလိုက်ခြင်းပင်။ ချင်းကျိုးကောင်တီသို့ သွားနေစဥ်ရက်များအတွင်း ခြံဝင်းကို ဂရုစိုက်ပေးရန် ယန်ဝူ့ကို အကူအညီ တောင်းထားခဲ့သည်ဖြစ်ရာ သူတပါး၏ အားထုတ်ထားရမှုကို ကျိန်းသေပေါက် အလဟဿ ဖြစ်စေ၍မရချေ။

ယန်အိမ်မှ ညီအစ်ကိုများသည် သဘောကောင်းကြလေ၏။ ထို့ကြောင့် ယန်မိသားစုရှိလူတိုင်း စားလို့ရစေရန် ဆုဝန်က အိုးအကြီးကြီးဖြင့် ထည့်ပေးခဲ့၏။

အမျိုးသမီးများသည် မသိလိုက်ဘာသာ တံတွေးမျိုချမိသွားရသည်။ အနှီဟင်းခွက်က အရသာရှိမည်မှာ ကျိန်းသေလေ၏။ 

စွင်းရှီးက ဦးစွာ စကားဆိုလိုက်၏။

“ ရှန်ယာယာ၊ သမီး ဆုဝန်ကို ကူပြီး ဒီစားစရာကို အ‌ဒေါ်ဝမ်တို့အိမ် ပို့ပေးမလို့လား”

စွင်းရှီးသည် ဆုဝန်က ဝမ်ရှီး စိတ်ကျေနပ်စေရန် အရသာရှိသောစားစရာချက်ပေးသည်ဟု တွေးလိုက်မိ၍ ခဏမျှ မနာလို ဖြစ်သွားလေ၏။ 

ရှန်ယာယာက နားမလည်သည့်ပုံဖြင့် 

“ မဟုတ်ပါဘူး။ အဒေါ်စွင်း၊ ဒါက ယန်အိမ်ကို သွားပို့ပေးမလို့လေ။ ယန်အိမ်က အစ်ကိုကြီးတွေက သမီးအစ်ကိုကို အလုပ်ကူလုပ်ပေးပြီး ခြံဝင်းကို ကြည့်ပေးထားတာလေ။ ကျိန်းသေပေါက် ကျေးဇူးသိတတ်မှုကို ဖော်ပြရမှပေ့ါ”

ပြောပြီးသည့်နောက် ရှန်ယာယာက အရင်မေးလာတော့သည်။

“အဒေါ်တို့က သမီးတို့အိမ်ကို ဘာလာလုပ်ကြတာလဲဟင်”

လီရှီးက ပြန်ဖြေ၏။

“ သမီးမမဆုဝန်က အဒေါ်ဝမ်တို့အိမ်ကို ပြန်တော့မှာလေ။ အဒေါ်တို့ စဥ်းစားကြည့်လိုက်တော့ သူ့မှာ ပစ္စည်းတွေ အများကြီးရှိနေမှာလေ။ ဆိုတော့ သူ့ကို ကူပြီး ပစ္စည်းတွေသယ်ပေးဖို့လာခဲ့တာ”

ရှန်ယာယာ တုန်လှုပ်သွားပြီး ငြင်းတော့မည့်အချိန်မှာပဲ ဆုဝန်ပြောသည်ကို ကြားလိုက်ရ၏။

“ အဒေါ်တို့၊ ကျွန်မ ဝမ်အိမ်ကိုပြန်မယ်လို့ တစ်ခါမှမပြောခဲ့ဖူးပါဘူး။ ကျွန်မ ရှန်အိမ်မှာနေနေတာ အဆင်ပြေနေတာကို အဒေါ်ဝမ်တို့အိမ်မှာ ဘာလုပ်ရမှာလဲ”

ဆုဝန်၏စကားများကိုကြားပြီးနောက် အမျိုးသမီးများ၏ မျက်နှာများမှာ အမျိုးမျိုး ကွဲပြားသွားတော့၏ ။တချို့က တုန်လှုပ်သွားကြပြီး တချို့ကတော့ ထိုသို့ထင်ထားပြီးဖြစ်ပုံပေါ်၏။