Ch 50
Viewers 2k

အခန်း (၅၀ )

အမျိုးသမီးများစွာက တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်လေ၏။ 

စွန်းရှီးက သတိဝင်လာပြီးနောက် ဝမ်ရှီးကို ကြည့်ပြီး မေးလိုက်တော့သည်။

“ အစ်မဝမ် ဆုဝန်က အစ်မတို့အိမ်ကို ပြန်လာလိမ့်မယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား။ ဆုဝန်က အဲဒီအကြောင်း ဘာလို့ ဘာမှမသိတာလဲ ” 

ကျန်သည့် အမျိုးသမီးများကလဲ ဝမ်ရှီးကို ကြည့်နေသည်။

ဝမ်ရှီးက မောင်းတင်လာခဲ့သော်ငြား ယခုအချိန်တွင်မူ သူ ပြန်လှည့်ရတော့မည်။ သူမကို မျက်ဝန်းများစွာ စိုက်ကြည့်နေတာကို ခံစားမိသည်။ အစ၌ မျက်နှာပူလာပြီးနောက် ဒေါသထွက်လာလေ၏။

ဝမ်ရှီးက မျက်မှောင်ကြုံ့ပြီး ဆုဝန်ကို ဒေါသတကြီး ကြည့်လိုက်‌ေတာ့သည်။ 

“ ဆုဝန် အလုပ်လုပ်ဖို့ ငါတို့ရဲ့ ဝမ်မိသားစုကို ပြန်လာချင်တယ်လို့ နင်ပြောခဲ့တာ မဟုတ်ဘူးလား။ အခုကျ အဲ့ဒီအကြောင်း ဘာလို့ ဘာမှမသိရတာလဲ ”

ဆုဝန်က မှင်တက်သွားပုံပေါ်၏။

“ အဒေါ်ဝမ် ကျွန်မ ဝမ်မိသားစုမှာ အလုပ်လုပ်ဖို့ ပြန်လာမယ်လို့ ဘယ်တုန်းက ပြောမိလို့လဲ။ အဒေါ် အိပ်မက် မက်နေပြီး အမှတ်မှားတာပဲ ဖြစ်ရမယ် ”

အမျိုးသမီးများစွာကလဲ ဝမ်ရှီးကို အထင်တသေး ကြည့်ကြသည်။

ထိုစကားကို သူတို့ ဝမ်မိသားစု၏ ခြံဝန်းထဲတွင် ရှိစဉ်က ရေရွတ် ပြောနေခဲ့သေးသည်။ ဆုဝန် နာမကျန်းဖြစ်ပြီး ချင်းယွင်ကောင်တီ၏ ဆေးခန်းထဲတွင် လှဲနေစဉ် ဝမ်မိသားစုက ဆုဝန်ကို ခွဲထုတ်ရန် စိတ်မရှည် ဖြစ်နေခဲ့ပြီး ချင်းယွင်ကောင်တီ ဆေးပေးခန်းကနေ ဆုဝန်ကို ပြန်ခေါ်လာရန် ရည်ရွယ်ချက် မရှိကြောင်း သူတို့သိ၏။ 

ယခု ဆုဝန်က အခြေအနေ ကောင်းလာပြီး ငွေတုံးအနည်းငယ် ရလာလေရာ ဝမ်မိသားစုကို ပြန်သွားဖို့ဆိုတာ မစဉ်းစားလောက်ပေ။

ဝမ်ရှီးက ရှက်လွန်းသဖြင့် အရှက်ကွဲမှုကို မခံနိုင်တော့ပေ။ အစောတုန်းက ဆုဝန်သည် အလုပ်လုပ်ရန် ဝမ်အိမ်တော်သို့ ပြန်လာဖို့ တောင်းပန်နေသည်ဟု ညီအစ်မတချို့ကို ပြောခဲ့သည်။ သို့သော် ယခု ဆုဝန်သည် ထိုကဲ့သို့ ကိစ္စမျိုး မရှိကြောင်း ပြောခဲ့လေ၏။

 သူမက အိပ်မက် မက်နေပြီး အမှတ်မှားနေသည် ဟုတောင် ဆိုခဲ့သေးသည်။ ယင်းက သူမ၏ မျက်နှာအိုကြီးကို ထားစရာနေရာမရှိ ဖြစ်သွားစေသည်။

ထိုယောက်မများကလဲ သူမကို အမြဲတစေ အားကျစွာ ကြည့်နေပြီး ယခုကဲ့သို့ ပြက်ရယ်ပြုမှုများ ပြည့်နေသည့် အကြည့်ဖြင့် မဟုတ်ပေ။

ဝမ်ရှီးက ဆုဝန်ကို အော်လိုက်၏။

“ ငနာမလေး နင်ဘာလို့ ဝန်မခံတာလဲ။ နင့်မှာ ခန်းဝင်ပစ္စည်းတွေ အများကြီး မရှိရင် လော့ရှန်းကို လက်ထပ်တဲ့အခါ ငါနဲ့ လောင်ဝမ်ကို သေချာခစားမယ်လို့ ပြောခဲ့ပြီး လော့ရှန်းနဲ့ လော့ရွှယ်ကို ကောင်းကောင်း ဂရုစိုက်မယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား ”

ဆုဝန်က ပြုံးလိုက်၏။

“ အဒေါ်ဝမ် နားလည်မှု လွဲနေပြီ။ ကျွန်မ အာ့လိုပြောခဲ့ပါတယ် ”

ဝမ်ရှီးက ပြောလိုက်၏။

“ ကြည့်လေ ဒီစကားကို နင်ပြောခဲ့တာ နင်လဲဝန်ခံနေပြီပဲ။ ငါတို့ဝမ်မိသားစုကို ခစားဖို့ နင် မတောင်းဆိုခဲ့ဘူးလား။ ဘာကြောင့် အခု ဝန်မခံရတာလဲ ”

ရှန်ယာယာက ပြောလိုက်၏။ 

“ ဝမ်မိသားစုက အဒေါ်ရေ အစ်မဆုဝန်က ဒီလိုပြောတယ် ဆိုပေမဲ့ အဒေါ်တို့ ဝမ်မိသားစုကို ခစားမယ်လို့ မဆိုလိုဘူးလေ ”

ရှန်ယာယာသည် သူမသယ်ထားသည့် ဟော့ပေါ့ အစပ်အိုးကို ဆုဝန်အား ပေးပြီးနောက် အမျိုးသမီးများကို ကြည့်လိုက်၏။ 

“ အဲဒီအချိန်တုန်းက ဖြစ်ခဲ့တာကို အဒေါ်တို့ အားလုံးကို ပြောပါရစေ။ ဒါမှ အစ်မဆုဝန်ကို လူတိုင်း နားလည်မှု မလွဲမှာ ”

အမျိုးသမီးများစွာက နားစွင့်ထားလေ၏။ ရှန်ယာယာက ပြောလိုက်သည်။

“ အဲဒီတုန်းက အဒေါ်ဝမ် ပြောတာက မိန်းကလေး တော်တော်များများက ဝမ်ရှို့ချိုက်ကို လက်ထပ်ဖို့အတွက် ငွေတုံးတစ်ရာ ပေးဖို့ ဆန္ဒရှိတယ်တဲ့၊ ခန်းဝင်ပစ္စည်းတွေ အများကြီးပဲ ”

“အဒေါ်ဝမ်ကလဲ ခန်းဝင်ပစ္စည်း မရှိရင် ဝမ်မိသားစုကို ကောင်းကောင်းဂရုစိုက်ရင် အဆင်ပြေပါပြီလို့ ပြောခဲ့တာ သမီးရဲ့အမေနဲ့ အစ်မဆုဝန်က ထောက်ခံတာပေါ့။ ဝမ်ရှို့ချိုက်ရဲ့ ဇနီးက ဝမ်မိသားစုကို ကောင်းကောင်း ဂရုစိုက်သင့်တယ် ထင်တာပဲလေ။ အစကနေ အဆုံးထိ အစ်မဆုဝန်က ဝမ်မိသားစုကို ခစားပါ့မယ် မပြောခဲ့ဘူး။ အဒေါ်ဝမ်‌ ပြောတာကိုပဲ သံယောင်လိုက်ပေးခဲ့တာ ”

ထိုအမျိုးသမီးများသည် ယင်းက အဓိပ္ပါယ်ရှိကြောင်း ရုတ်တရက် သဘောပေါက် သွားလေ၏။ ဝမ်မိသားစုကသာ ဝမ်လော့ရှန်းကို ဆုဝန် သဘောကျနေတာကို အခွင့်ကောင်းယူပြီး ဝမ်မိသားစုအိမ်၌ ဆုဝန် အလုပ် ပြန်လာလုပ်အောင် မျှားခေါ်ချင်နေတာ ဖြစ်မည်။ ဆုဝန်က သူမကို စကားအနည်းငယ် ထောက်ခံလိုက်တာကို သူမက အတည်မှတ်ယူလိုက်တာ ဖြစ်၏။ 

ရှန်ယာယာက မျက်မှောင်ကြုံ့ကာ ပြောလိုက်လေ၏။

“ အဒေါ်ဝမ် အစ်မဆုဝန်က ဝမ်မိသားစုအိမ်ထဲမှာ အစေခံအနေနဲ့ အလုပ် လုပ်ချင်တယ်လို့ ဘာလို့များ တွေးလိုက်တာလဲ။ အစ်မဆုဝန်က နောင်ကျ အဒေါ်နဲ့ စကားမပြောမှနဲ့ တူတယ်။ စကားထပ်ပြောမိရင် အဒေါ်က အစ်မဆုဝန်ကို ရောင်းစားနေအုံးမယ် ”

စွန်းရှီးက ဝမ်ရှီးကို ကြည့်လိုက်၏။

“ ယောက်မဝမ် ဒါက ရှင့်ရဲ့အမှားပဲလေ။ ဆုဝန်က ဝမ်မိသားစုကို ပြန်လာချင်တယ်လို့ တစ်ခါမှ မပြောခဲ့တာ။ ယောက်မ နားကြားမှားနေတာကိုး ”

အစက ထိုအမျိုးသမီးများသည် စိတ်အချဉ်ပေါက်နေကြတာ ဖြစ်သော်ငြား ဤကွဲပြားခြားနားသည့် မြင်ကွင်းကို တွေ့ပြီးနောက် သူတို့ရင်ထဲ အနည်းငယ် စိတ်ကျေနပ် သွားကြသည်။ အစကတော့ ဝမ်အမျိုးသမီးကို ဆုဝန်က နှိမ့်နှိမ့်ချချ တောင်းတောင်းပန်ပန်ဖြင့် ဝမ်မိသားစုဆီ ပြန်လာခွင့်ပေးရန် ပြောမည့်မြင်ကွင်းကို မြင်တွေ့ဖို့ စောင့်နေကျတာ ဖြစ်သည်။ သို့သော် ယခု ဝမ်ရှီး၏ စကားကြီးစကားကျယ် ပြောဆိုမှုများသာ ဖြစ်နေကြောင်း တွေ့လိုက်ရသည်။ ဆုဝန်ကမူ ထိုစိတ်ကူး စိုးစဉ်းမျှ မရှိပေ။

အမျိုးသမီးများကလဲ သံယောင်လိုက်တော့၏။

“ အဟုတ်ပဲ ဆုဝန်က ဝမ်မိသားစုဆီ ပြန်လာမယ်လို့ တစ်ခါမှ မပြောခဲ့ဘူး ”

လီရှီးက ပြုံးလျက် ဝမ်ရှီး၏လက်ကို ကိုင်လိုက်သည်။ 

“ ယောက်မဝမ် အစ်မ နားကြားမှားတာပဲ။ ဆုဝန်က ဘာမှမပြောခဲ့ဘူး။ အစ်မက ဝမ်မိသားစုကို လာချင်ရင် ဒီလိုလုပ်ရမယ် ပြောလို့ သူတို့က သံယောင်လိုက်ရုံပဲ။ ဆိုလိုတာက လော့ရှန်းက ခန်းဝင်ပစ္စည်း ပေးနိုင်တဲ့ ဇနီးမယား ရှာချင်ရှာ မဟုတ်ရင် အလုပ်လုပ်နိုင်တဲ့ လူကို ရှာလို့ရတယ်။ ဒါပေမဲ့ ဆုဝန်က တစ်ခွန်းမှ မပြောခဲ့ဘူးလေ ”

အမျိုးသမီး တချို့ကလဲ ပြောလိုက်၏။

“ အဟုတ်ပဲ ယောက်မဝမ်။ အစ်မပြောတာကို ကျွန်မတို့ နားထောင်ကြည့်တော့ အစ်မပြောတာကို ထောက်ခံတယ်။ လော့ရှန်းနဲ့ လက်ထပ်ပေးချင်ကြောင်း၊ ဒါမှမဟုတ် လော့ရှန်းကို လက်ထပ်ဖို့ အလုပ်ကြိုးကြိုးစားစား လုပ်မယ်လို့ မပြောတော့ဘူး ”

နောက်ထပ် အမျိုးသမီး တစ်ယောက်က ဝင်ပြောလိုက်၏။ 

“ ငါတို့ ဒီလောက် အသက်ကြီးနေပြီ။ လော့ရှန်းကို ဘယ်လိုလုပ် လက်ထပ်နိုင်မှာလဲ။ အာ့လိုပြောခဲ့ရင် လူတွေ ရယ်ကျမှာ မဟုတ်ဘူးလား ”

ထိုအမျိုးသမီးများက ပြောပြောဆိုဆို လုပ်နေပြီး သူတို့နှင့် ဝမ်လော့ရှန်းကိုပါ ငြိစွန်း‌စေခဲ့၏။

သို့သော် စကားက တဖြည်းဖြည်း ချဲ့ကားရာ ရောက်သွားပြီး အကြောင်းအရာက မပြောင်းလဲခဲ့ပေ။ ဆုဝန်က ဘာမှမပြောပဲ အရာအားလုံးက ဝမ်ရှီး၏ အတွေးများသာ ဖြစ်နေသည်။ 

နောက်ထပ် အမျိုးသမီး တစ်ယောက်က ပြုံးလျက် ပြောလိုက်သည်။ 

“ ဆုဝန် ပြောသလိုပဲ ယောက်မဝမ်က အိပ်မက် မက်နေပြီး ဒါကို တကယ်လို့ ထင်နေတာ ဒါကို ဘာတဲ့ နေ့ခင်းကြောင်တောင် အိပ်မက် မက်တယ်လို့ ခေါ်တာဆိုလား ”

ဝမ်ရှီးသည် အမျိုးသမီးများ အကြား အလွန် အရှက်ကွဲသွားလေ၏။ ယခင်က ထိုသို့သော အရှက်ကွဲမှုကို တစ်ခါမှ မကြုံတွေ့ဖူးပေ။ ယခုအချိန်တွင်မူ ဝမ်ရှီးသည် ရှက်လွန်းသောကြောင့် တွင်းတစ်တွင်း သွားရှာပြီး ပုန်းလိုက်ချင်သည်။

ဝမ်ရှီးသည် ရှက်ရွံ့နေပြီး ထိုစဉ်က ဆုဝန် ပြောခဲ့သည့် စကားများကို တွေးလိုက်မိ၏။ ဆုဝန်သည် အခွန်းတိုင်းကို ထောက်ခံခဲ့သော်ငြား သူမ ဝမ်မိသားစုသို့ ပြန်လာမည်ဟု မပြောခဲ့ပေ။ သို့သော် ထိုစဉ်က သူမအမြင်တွင် ဆုဝန်က သူမကို အရိပ်အမြွက်ပြတာပဲ ဖြစ်သည်။ 

အဆုံးကျ ဆုဝန်သည် သန့်ရှင်းရေး လုပ်မည်ဟု ပြောခဲ့လေ၏။ ဝမ်ရှီးသည် ရှက်ရွံ့သွားပြီးနောက် နောက်ဆုံး၌ ရုန်းကန်လိုက်၏။

“ ဆုဝန် ငါပြန်တဲ့အချိန် သန့်ရှင်းရေး လုပ်မယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား ”

ဆုဝန်က ပြုံးလိုက်လေ၏။

“ အဒေါ်ဝမ် ကျွန်မက ဒေါ်လေးရှန်ရဲ့ နောက်ဖေးခြံဝန်းထဲက ဟင်းသီးဟင်းရွက် စိုက်ခင်းလေးကို သန့်ရှင်းရေး လုပ်မလို့လေ။ ဆောင်းဦးကာလတုန်းက ကျွန်မ အလုပ်သိပ်များတယ်။ ပေါင်းပင်တွေနဲ့ နွယ်ကို ရှင်းဖို့ အချိန်မရှိခဲ့ဘူးလေ။ အခု အချိန်ပိုလေးမှာ သန့်ရှင်းရေး သွားလုပ်တာ ”

ရှန်ယာယာက သူမ၏ မျက်နှာလေးကို မော့လျက် မရယ်ဘဲ မနေနိုင်တော့ပေ။

“ အဒေါ်ဝမ် အစ်မဆုဝန်က ပစ္စည်းတွေ ထုပ်ပိုးပြီး ဝမ်အိမ်ကို သွားလိမ့်မယ်လို့ ထင်နေတာတော့ မဟုတ်ပါဘူးနော်။ ဒါပေမဲ့ အာ့လိုတွေးနေရင် နားလည်မှု လွဲနေပြီ။ အစ်မဆုဝန် ပြောတာက သမီးတို့ အိမ်အတွက် ဟင်းသီးဟင်းရွက် စိုက်ခင်းလေးကို သန့်ရှင်းရေး လုပ်ပေးမယ်လို့ ပြောတာ ”

ယခုမှ လူတိုင်းသည် အရာအားလုံး နားလည် သဘောပေါက်သွား၏။ ဆုဝန် သန့်ရှင်းရေး သွားလုပ်တော့မည်ဟု ပြောတာကို ဝမ်ရှီးက ကြားခဲ့တာ ဖြစ်သည်။ ထို့ကြောင့် ဆုဝန်သည် သူမ ဝယ်လာသည့် ပစ္စည်းကောင်းများကို ထုပ်ပိုးပြီး ဝမ်အိမ်သို့ ပြန်လာမည်ဟု တွေးနေခဲ့တာ ဖြစ်၏။ ဝမ်ရှီးက အတွေးလွန်နေတာ ဖြစ်သည်။ ထိုပစ္စည်းကောင်းများ အကြောင်းကိုသာ သူမ မည်ကဲ့သို့ တွေးနိုင်သနည်း။ 

သူမ ပြောသည့် စကားများက အမှန် မဟုတ်လောက်ပေ။ ချင်းယွင်ကောင်တီရှိ မိန်းကလေးတစ်ဦးက ဝမ်လော့ရှန်းကို လက်ထပ်ရန် ခန်းဝင်ပစ္စည်းများ ပေးလိုကြောင်း ပြောခဲ့သည့် စကားလဲ မမှန်လောက်ပေ။ 

စွန်းရှီးက ပြောလိုက်လေ၏။

“ အစ်မဝမ် ဒါကိုကြည့်ရင် အစ်မတကယ် နားကြားမှားတာပဲ။ ကျွန်မတို့တွေ အိမ် ဒါမှမဟုတ် တစ်ခုခု သန့်ရှင်းရေး လုပ်စရာရှိရင် သန့်ရှင်းရေး လုပ်မယ်လို့ပဲ ပြောတာ မဟုတ်ဘူးလား။ အစ်မတွေးနေတာနဲ့ မတူဘူးလေ ”

အမျိုးသမီး များစွာက စိတ်ထဲ ကျိတ်ရယ်မောလိုက်ကြလေ၏။ ဝမ်ရှီးသည် သူတို့ကြားထဲ၌ ဂုဏ်အဝင်ဆုံး ဖြစ်ခဲ့သည်။ သို့သော် ယနေ့တွင်မူ မျက်နှာပျက်ရပြီ ဖြစ်၏။

သို့သော်ငြား သူတို့ထဲမှ တချို့ကမူ ဝမ်ရှီး၏ စကားကို နားထောင်ပြီးနောက် ဆုဝန်သည် အရူးတစ်ယောက်ဟု ထင်ခဲ့တာ ဖြစ်သည်။ ဆုဝန်ကို တုံးအသည်ဟု သူတို့ ထင်ခဲ့၏။ သူတို့က သူမကို မကယ်ဆယ်ခဲ့ပဲ မောင်းထုတ်ဖို့ ပြင်ခဲ့သည်။ သို့သော်ငြား နောက်ပိုင်း ဖြစ်သည်များက စိတ်ရှုပ်‌ေထွးစရာ ကောင်းလှပေ၏။

ဝမ်ရှိးသည် အရှက်ရပြီး ဒေါသထွက်နေသည်။ ထိုအမျိုးသမီးများ ပြောလိုက်သည့် အခွန်းတိုင်းသည် သူမက အတွေးလွန်နေသည် ဟူ၍သာ ဖြစ်နေလေ၏။ ဝမ်ရှီးသည် ထိုအရှက်ကွဲမှုကို မည်ကဲ့သို့ တင်းခံနိုင်မည်နည်း။

ဝမ်ရှီး၏ လည်ပင်းက တောင့်တင်းသွားသည်။

“ ဆုဝန် နင်ပြန်လာချင်တယ်လို့မပြောခဲ့ဘူးပဲ၊ အခု ငါက နင့်ကို ဝမ်အိမ်ဆီ ပြန်လာစေချင်တယ်။ နင့်ပစ္စည်းတွေ ထုပ်ပိုးပြီး ငါနဲ့လိုက်ခဲ့ ”

ဝမ်ရှီးက ဆုဝန် ပြန်လာမည်ဟု ထင်ခဲ့၏။ သို့သော်ငြား သူမ နားလည်မှု လွဲနေတာပဲ ဖြစ်သည်။ ဆုဝန်သည် ဝမ်မိသားစုကို သေချာပေါက် ပြန်လာချင်နေမှာ ဖြစ်သည်။ ဆုဝန် ပြန်မလာချင်ရသည့် အကြောင်းရင်းက ထိုအကြောင်း တွေးတောင် မတွေးဝံ့သောကြောင့် ဖြစ်ရမည်။ ဆုဝန်ကို သဲလွန်စ ပေးခဲ့သော်ငြား သူမက နားမလည်ခဲ့ပေ။ ယခု သူအရင်ဆုံး ရှင်းပြလိုက်ပါက အခွင့်အရေးကို အမိမဖမ်းဘဲ ‌နေမည်လော။ 

သို့သော် ဆုဝန်ကို ဝမ်အိမ်တော်သို့ အရင်ဆုံး ပြန်လာခိုင်းခြင်းသည် ဆုဝန်က ဝမ်အိမ်တော်၌ အလုပ်ပြန်လုပ်ရန် တောင်းဆိုခြင်းလောက် အာနိသင် ရှိမှာမဟုတ်ပေ။ 

ဆုဝန်က အရင်ဆုံး ပြန်လာချင်ကြောင်း ပြောသင့်သည်။ သို့မှသာ သူမလဲ မျက်နှာသာရမည် ဖြစ်ကာ ဆုဝန်ကို နောင်ကျ ဆန္ဒရှိသလို ထိန်းချုပ်နိုင်မှာပဲ ဖြစ်သည်။ 

ယခု ကံကောင်းသည်မှာ သူမ ပြောလိုက်သေးသောကြောင့် သူမ အဖတ်ဆယ်နိုင်လိမ့်မည်။

ရှန်ယာယာက စိတ်မပျော် ဖြစ်သွားလေ၏။ ဝမ်မိသားစုမှ ဤအဒေါ်သည် လွန်လွန်းအားကြီးသည်။ အစ်မဆုဝန် ဆေးကုနေရစဉ်က သူမသည် အစ်မဆုဝန်နှင့် ဆက်ဆံရေးကို ဖြတ်တောက်ရန် အမြန်လှုပ်ရှားခဲ့၏။ ယခုမူ အစ်မဆုဝန်ကို စကားတစ်ခွန်းထဲဖြင့် ပြန်ခေါ်ချင်နေသည်။ 

ရှန်ယာယာက လက်ပိုက်လျက် ဝမ်ရှီးကို ရန်လိုစွာ ပြောလိုက်၏။

“ အစ်မဆုဝန်က ဝမ်အိမ်ကို သွားမှာ မဟုတ်ဘူး။ အဒေါ့်ဘာသာ ပြန်သွားလိုက် ”

သူမကို သဘောမတွေ့သောကြောင့် ဝမ်ရှီးသည် ဒေါသတကြီး ပြောလိုက်၏။

“ ကောင်မစုတ်လေး နင်ဒီမှာ ဝင်ပြောစရာ အကြောင်းမရှိဘူး။ သွားလိုက် …သွားလိုက် ဆုဝန် ငါနဲ့ ပြန်လိုက်ခဲ့။ ဒီရက်‌တွေထဲ ရှန်မိသားစုနဲ့ နင် အသားကျနေတဲ့ပုံပဲ ”

ဆုဝန်က သူမကို စိတ်ကျေနပ်အောင် ကြိုးစားလိမ့်မည်ဟု ဝမ်ရှီး တွေးခဲ့သည်။ ထို့ကြောင့် သူမက ရှန်ယာယာကို စကားအနည်းငယ်ဖြင့် ငေါက်ငမ်းခဲ့လေ၏။

ဆုဝန်သည် ဟော့ပေါ့အစပ်အိုးကို ရှန်ယာယာအား ချက်ချင်း ပြန်ပေးပြီးနောက် ဆိုးရွားသော လေသံဖြင့် ပြောလိုက်သည်။

“ အဒေါ်ဝမ် ရှင့်ရဲ့ အသက်အရွယ်ကို လေးစားတာကြောင့် အဒေါ်လို့ ခေါ်နေတာ။ ဒါပေမဲ့ ယာယာကို ဒါမျိုး အနိုင်ကျင့်လို့ မရဘူးလေ။ အခု ရှန်ယာယာကို တောင်းပန်လိုက်။ မဟုတ်ရင် ကျွန်မတို့ ကြားထဲမှာ အရင်တုန်းက ခင်မင်မှု ရှိတော့မှာ မဟုတ်ဘူး ”

ဝမ်ရှီးက ထိတ်လန့်သွားလေ၏။ ဒီစကားကို ပြောသွားတာ ဆုဝန်မှ ဟုတ်ရဲ့လား။ 

စွန်းရှီးကလဲ ဝမ်ရှီးကို ပြောလိုက်သည်။

“ ရှန်ယာယာက ကလေးပဲ ရှိသေးတာလေ။ လူကြီးတွေ အနေနဲ့ ကျွန်မတို့က သူ့ကို အာ့လို မပြောသင့်ဘူး ”

ကျန်ရှိသည့် အမျိုးသမီးများကလဲ ဝမ်ရှီးက ကလေး တစ်ယောက်ကို ကြမ်းတမ်းလွန်းသည်ဟု စွပ်စွဲ ပြောဆိုနေကြသည်။

ဝမ်ရှီးသည် အစက အဖတ်ဆယ် ထင်သော်ငြား ယခု ပိုအရှက်ကွဲနေပြီ ဖြစ်သည်။ 

ဝမ်ရှီးက ဒေါသထွက်သွားပြီး ဆုဝန်ကို ခြိမ်းခြောက်လိုက်လေ၏။

“ ဆုဝန် နင် ဒီလို ပြောပုံမျိုးနဲ့ဆို နင် … နင် လော့ရှန်းကို လက်ထပ်ချင်သေးရဲ့လား ”

ဆုဝန်၏ လေသံက ခက်ထန်ပြီး အေးစက်နေလေ၏။ 

“ အဒေါ်ဝမ် အဒေါ် ဘာအကြောင်းကို ပြောနေတာလဲ။ ကျွန်မ ဝမ်လော့ရှန်းကို လက်ထပ်မယ်လို့ ဘယ်တုန်းက ပြောမိလို့လဲ။ ကျွန်မက မိန်းကလေးတစ်ယောက်ပါ။ ကျွန်မရဲ့ အပြစ်ကင်းမှုကို ဒီလို စွပ်စွဲလို့မရဘူး ”

အမျိုးသမီးများစွာသည် သူတို့ရင်ထဲ၌ စုတ်တသက်သက် ဖြစ်နေကြ၏။ ဝမ်မိသားစု ဘာများ ဖြစ်နေသနည်း။ ဆုဝန်ကို ဝမ်မိသားစုထဲတွင် အလုပ် လာလုပ်ခိုင်းရန် သူတို့က ဆုဝန်နှင့် ဝမ်လော့ရှန်းကို ချိတ်ပေးဖို့ ရည်ရွယ်နေသည်။

ဝမ်ရှီးသည် ရုတ်တရက် မှတ်မိသွားလေ၏။ ယခင်ကဆို ဆုဝန်သည် ဝမ်မိသားစု၏ ကလေးသတို့သမီး ဖြစ်ခဲ့စဉ်၌ လူတိုင်းသည် အစ၌ စနောက်နေခဲ့သော်ငြား နောက်ပိုင်း၌ ဝမ်လော့ရှန်းက ပိုပိုပြီး ဖြစ်ထွန်း အောင်မြင်လာလေ၏။ သူမက ဆုဝန်ကို ဝမ်လော့ရှန်းနှင့် မပက်သက်စေချင်တော့ပေ။ ထို့ကြောင့် ကျန်သည့်သူများကို ရှင်းပြခဲ့လေ၏။ ဆုဝန်သည် ဝမ်မိသားစုထဲတွင် စားစရာလာတောငိးပြီး နေသည့် မိဘမဲ့ကလေးတစ်ယောက်သာ ဖြစ်ကြောင်း ပြောခဲ့သည်။ နောက်ပိုင်းကျ ထိုကိစ္စကို လူတိုင်း ဝေဝါးဝါး ဖြစ်လာ၏။ ဆေး‌ေပးခန်းမှ စားပွဲထိုးက တံခါးဝ ရောက်လာချိန်တွင် ထိုကိစ္စကို သူမ ရှင်းရှင်းလင်းလင်းတောင် ပြောခဲ့သည်။ လူကြီးများက ဆုဝန်နှင့် ဝမ်လော့ရှန်းကို အတူတွဲ မ‌တွေးမိကြတော့ပေ။ 

ဆုဝန်က လော့ရှန်းကို ကြိုက်သည်ကလဲ သက်သေမရှိပေ။