အပိုင်း ၃၈
Viewers 17k

Chapter 38

အိမ်မက်ဆိုး ( ၁ )


" မ ... မရီးတော်..."


ရွှယ်ဟုန်ယန်က လှုပ်ရှားမှုများကို ကတိုက်ကရိုက် ရပ်တန့်လိုက်ပြီး လက်များကိုပါ အမြန်ပြန်ရုတ်လိုက်သည်။ သူတားလိုက်သည့်ဓားက ချွင်ခနဲအသံဖြင့် ကြမ်းပြင်ပေါ် ပြုတ်ကျသွားသည်။ ထိုအသံက အလွန်ကျယ်လှသဖြင့် အပြင်ဘက်မှအစောင့်များကို သတိပေးလိုက်သကဲ့သို့ ဖြစ်သွားသည်။ သူတို့က အထဲသို့ တစ်ဟုန်ထိုးပြေးဝင်လာသော်လည်း ထိတ်လန့်မှုကြောင့် ရပ်တန့်သွားသည်။


ကျန်းယွီမှာ ဤတစ်ရက်တည်းဖြင့် ဘေးကျပ်နံကျပ်ဖြစ်ရပ်များစွာ ကြုံတွေ့လိုက်ရသည်ဟု ခံစားလိုက်မိသည်။

ဒါက ဘယ်လိုအခြေအနေကြီးလဲ...


ဧကရီ၏ဆံနွယ်များမှာ ဆံထိုးများမထိုးထား၍ သူမ ပခုံးပေါ်မှတစ်ဆင့် ရေတံခွန်ကဲ့သို့ ဖြာကျနေသည်။ အဝတ်အစားများက မသေမသပ်ဖြစ်နေပြီး ခါးစည်းကြိုးကို‌ဖြည်ထား၍ အပြင်ဝတ်ရုံက ဟနေပြီး ဂါဝန်ပွပွကြီးက ခြေတံရှည်များကိုပင် မဖုံးကွယ်ထားနိုင်တော့ပေ။


ဧကရီ၏ မျက်လုံးများက နီရဲနေပြီး နှုတ်ခမ်းများကိုလည်း ဖိကိုက်ထားသဖြင့် သွေးထွက်လုမတတ်ဖြစ်နေသည်။ သူမက ရွှယ်ဝမ်ကို အရှင်လတ်လတ်အရေခွံနွာပစ်ချင်သကဲ့သို့ ကြည့်နေသည်။


ရွှယ်ဟုန်ယန်က သူမ၏ အဝတ်အစားများ ဖရိုဖရဲဖြစ်နေသည်ကို သတိပြုလိုက်မိပြီးနောက် သူက အနီးဆုံးနေရာတွင် ရပ်နေသည်လူဖြစ်၍ ချက်ချင်းမျက်လွှာချလိုက်သည်။ ထို့နောက် ခေါင်းငုံ့ထားလျက်နှင့်ပင် ရွှယ်ကျွင်းလျန်၏ အနောက်ဘက်သို့ ဆုတ်နေလိုက်သည်။


ရွှယ်ကျွင်းလျန်၏ တုံ့ပြန်မှုက နှေးကွေးလှသည်။ သူ၏အပြင်ဝတ်ရုံကိုချွတ်ပြီး ဧကရီကို တင်းတင်းကြပ်ကြပ်ခြုံပေးလိုက်ပြီးသူမ၏ ကပိုကရိုပုံစံက အခြားလူများမမြင်ရအောင် ကာကွယ်ပေးလိုက်သည်။ သူ့က ဒေါသထွက်ရမည့်အစား ပြုံးပြကာပြောလိုက်သည်။


" အိုက်ဖေး ကိုယ်တော့်ကို စိတ်ဆိုးသွားတာလား...ကိုယ်တော် မင်းကို အားကုန်သွားအောင် လုပ်မိလို့ထင်တယ်..."


ထိုစကားကိုကြားသည့်အခါ အခြားလူများက ခေါင်းငုံ့လိုက်ပြီး နောက်ပြန်ဆုတ်ကုန်ကြသည်။ ထိုစုံတွဲက သမီးရည်းစားများကဲ့သို့ စကားအချေအတင်များနေကြ၍ လက်အောက်ငယ်သားများက အခန်းထဲမှ မြန်နိုင်သမျှမြန်မြန် ထွက်ခွာသွားကြသည်။


ဤအဖြစ်အပျက်အရ ဧကရီ၏နေရာအဆင့်အတန်းကို မည်သူမျှ လှုပ်ခါနိုင်မည်မဟုတ်ကြောင်း ထင်ရှားသွားစေခဲ့သည်။ ဧကရီက ရွှယ်ဝမ့်ကို ဓားဖြင့်ရွယ်ကာ စူးစူးရဲရဲကြည့်နေခဲ့သော်လည်း ရွှယ်ဝမ်က ဒေါသထွက်ရမည့်အစား သူမကို အသနားခံသည့်အမူအယာဖြင့် စိတ်ပြေအောင် ပြုလုပ်ပေးခဲ့သည်။

ကြီးမြတ်သောဘုရင်တစ်ပါးကို တောင်းပန်အောင်လုပ်နိုင်သော အမျိုးသမီးကို ပေါ့ပေါ့တန်တန်သဘောထား၍ မရပေ။


ရွှယ်ဝမ်က ဧကရီကို တင်းတင်းကြပ်ကြပ်ဖက်ထားလိုက်သည့်အခါ သူမပုံစံက စိတ်ပြေသွားသကဲ့သို့ ဖြစ်သွားသည်။


အမှန်မှာ ရွှယ်ကျွင်းလျန်က ထန့်ယွင်ကို အကြောပိတ်ထားလိုက်၍ မလှုပ်ရှားနိုင်တော့ခြင်းဖြစ်သည်။ သူ့တစ်ကိုယ်လုံး ထုံကျဉ်ပြီး နာလာသည်။အကယ်၍ ရွှယ်ဝမ်က သူ့ကိုမထိန်းထားပေးပါက ကြမ်းပြင်ပေါ်သို့ ခွေလဲကျသွားတော့မည်ဖြစ်သည်။


ရွှယ်ကျွင်းလျန် ဧကရီကို ရင်ခွင်ထဲထည့်၍ ပွေ့ချီလိုက်သည်။ ကျန်းယွီက အဆောင် အတွင်းပိုင်းတံခါးကို ချက်ချင်းဖွင့်ပေးလိုက်သည်။ ရွှယ်ဝမ်နှင့် ဧကရီတို့ တံခါးကိုကျော်သွားချိန်မှ ကျန်းယွီက တံခါးကို အသံတိုးတိုးဖြင့် ပိတ်လိုက်သည်။


ရွှယ်ဟုန်ယန်က ရှက်ရွံ့မှုကြောင့် နှာခေါင်းကိုပွတ်နေသည်။ လျှောက်တင်လွှာကိုယူပြီး ပြန်ထွက်သွားသည်။


ရွှယ်ကျွင်းလျန်က ထန့်ယွင်ကို ကုတင်ပေါ်ပစ်ချကာ သရော်လိုက်သည်။


" မင်း ကိုယ်တော့်ကိုတကယ်သတ်ဖို့ ကြိုးစားခဲ့တာပဲ ... သေချင်နေပြီနဲ့တူတယ်..."


ထို့နောက် ဧကရီ၏ ရှုပ်ပွနေသောဆံပင်များကို စည်းပေးလိုက်ပြီး စောင်ခြုံပေးလိုက်သည်။ သူလုပ်နေသည်များက ခြိမ်းခြောက်နေသည့်လေသံနှင့် ကိုက်ညီမှုမရှိသဖြင့် ထန့်ယွင်က ရွှယ်ကျွင်းလျန်၏ စိတ်အခြေအနေကို မှန်းဆရခက်နေသည်။


ရွှယ်ကျွင်းလျန် ထပ်ပြောလိုက်သည်။

" ဒါမှမဟုတ်... ကိုယ်တော်က မင်းကို မုန်းရင်တောင် မသတ်နိုင်ဘူးလို့ ထင်နေတာလား..."


ပြောပြီးသည်နှင့် ရွှယ်ကျွင်းလျန်က သူ၏လက်ကောက်ဝတ်ကိုကြည့်လိုက်သည်။ ထိုနေရာတွင် ဒဏ်ရာအသေးလေးတစ်ခုရှိနေသည်။ ၎င်းက သွေးထွက်နေဆဲဖြစ်သော်လည်း ဒဏ်ရာမပြင်းပေ။ အကယ်၍ ရွှယ်ဟုန်ယန်၏ တုံ့ပြန်မှုက အနည်းငယ်နောက်ကျသွားခဲ့ပါက ထိုဓားချက်က ရွှယ်ကျွင်းလျန်၏ အသက်ကို ယူသွားနိုင်သည်။


တစ်ဖက်လူက ဘာမှမပြောသဖြင့် ရွှယ်ကျွင်းလျန် ဆက်ပြောလိုက်သည်။


" ကိုယ်တော်က နောက်ဆုံးတော့ ထန့်တိုင်းပြည်ရဲ့ အကြီးဆုံးသမီးတော်ကို ဓားစာခံအဖြစ် ရခဲ့ပြီလေ ဒါပေမဲ့ အခု လူရိုင်းတွေက လာတိုက်နေပြန်ပြီ... အဲ့တော့ ကိုယ်တော်အခုချိန်မှာ မင်းနဲ့ ဒီကိစ္စကို မရှင်းနိုင်သေးဘူး... ဖုန့်ဝမ်ကသာ သူ့တပ်တွေကို အခုချိန်လွှတ်လိုက်မယ်ဆိုရင် ကိုယ်တော်က ရန်သူအများကြီးကို တစ်ချိန်တည်းတိုက်ရတော့မှာ... ဒါပေမဲ့ မင်းတစ်ခုတော့ သဘောပေါက်ထားရမယ် ... ကိုယ်တော်က မင်းကို အေးခဲနန်းဆောင်ကိုမပို့ပဲ မသတ်သေးရင်တောင်မှ အရမ်းပျော်မနေနဲ့ဦး... မင်းဘဝကို သနားစရာကောင်းအောင် လုပ်လို့ရတဲ့နည်းလမ်းတွေ အများကြီးရှိတယ်... အဲ့အခါမှ သေသွားတာက ပိုကောင်းဦးမယ်လို့  တွေးနေရလိမ့်မယ် ..."


ထိုအချိန်၌ ဧကရီက မျက်လုံးဖွင့်ပြီး ရွှယ်ကျွင်းလျန်ကို ကြည့်လိုက်သည်။ ထိုမျက်ဝန်းများထဲတွင် ရွှယ်ကျွင်းလျန် နားမလည်နိုင်သည့် တစ်စုံတစ်ရာပါဝင်နေသည်။

38.2


ဧကရီက သူမ မျက်လုံးကို ဖွင့်လိုက်ရခြင်းမှာ သူ၏ခြိမ်းခြောက်မှုများကြောင့် ကြောက်လန့်သွားသည်ဟု ရွှယ်ကျွင်းလျန်ထင်လိုက်သော်လည်း ဧကရီက မကြောက်ရွံ့နေကြောင်း ထင်ရှားလှသည်။ ဆန့်ကျင်ဘက်အနေဖြင့် သူမက အသက်ဆက်ရှင်သန်နေရမည့် အကြောင်းအရင်းကို ရှာတွေ့သွားသကဲ့သို့ မျက်လုံးများ အရောင်လဲ့လာသည်။ ထိုအမူအယာကြောင့် ရွှယ်ကျွင်းလျန်က အကြောင်းအရင်းကို မသိရသော်လည်း ဆွံ့အသွားမိသည်။


ရွှယ်ကျွင်းလျန် အမှန်တကယ်ပင် နားမလည်နိုင်ပေ။ ရွှယ်ကျွင်းလျန်က လူရိုင်းများ လာရောက်တိုက်ခိုက်မည့်အကြောင်းပြောပြလိုက်၍ ထန့်ယွင်က မျှော်လင့်ချက်ရောင်ခြည်သန်းသွားရခြင်း ဖြစ်သည်။ ထိုအကြောင်းများကြောင့် ရွှယ်ကျွင်းလျန်က ထန့်တိုင်းပြည်ကို အချိန်တစ်ခုအထိ မတိုက်ခိုက်နိုင်တော့ပေ။


ရွှယ်ကျွင်းလျန်က ဧကရီ၏မျက်လုံးများကို လက်ဖြင့်အုပ်ကာ သက်ပြင်းချလိုက်သည်။ ဧကရီ၏မျက်တောင်များက သူ့လက်ဖဝါးကို ညင်ညင်သာသာ ထိနေသည်ကို ခံစားမိနေသည်။ သူ တီးတိုးပြောလိုက်သည်။

" ကိုယ်တော် မင်းကို နားမလည်နိုင်တော့ဘူး... ဘယ်လိုဖြစ်လို့ လူတစ်ယောက်က ကိုယ့်သေရေးရှင်ရေးကိစ္စကို လျစ်လျူရှု့ထားနိုင်ရတာလဲ..."


ထိုစကားကိုပြောလိုက်သည်နှင့် ရွှယ်ကျွင်းလျန်မှာ သူ့လက်ထဲတွင် သေဆုံးသွားခဲ့ရသည့် သံမဏိကဲ့သို့မာကျောသော စစ်သူကြီးကို အမှတ်မရပဲ မနေနိုင်တော့ပေ။ ထိုလူကိုလည်း ရွှယ်ကျွင်းလျန် နားမလည်နိုင်‌ခဲ့ပေ။ 

လူတစ်ယောက်ကဘာလို့ ကိုယ်သေရမှာကိုတောင် လျစ်လျူရှု့ထားနိုင်ရတာလဲ ... သူ့ရဲ သစ္စာရှိမှုကလည်း အဲ့လောက်တောင်ပဲလား...


ချန်းထျန်က ဘုရင်ငယ်လေးကို နန်းတင်ပေးခဲ့သော်လည်း သစ္စာမဲ့ခဲ့ခြင်းမဟုတ်ပေ။ သို့မဟုတ်ပါက သူ့ကိုယ်သူ ဘုရင်အဖြစ် မှတ်ယူထားခဲ့မည်သာဖြစ်သည်။ ကျူ့ကျန့်ရင်က ဘုရင်ငယ်လေးကို ပြန်ပေးဆွဲခဲ့သော်လည်း သစ္စာမဲ့ခြင်းမဟုတ်ပေ။ အကယ်၍ သူက သစ္စာဖောက်တစ်ယောက်ဆိုပါက ဘုရင်နေရာကို အစောပိုင်းတည်းက သိမ်းပိုက်ထားနိုင်သည်။


သူတို့နှစ်ယောက်က အခွင့်အရေးများစွာရှိသော်လည်း ဘုရင်အဖြစ် မခံယူခဲ့ကြပေ။  အဘယ့်ကြောင့်ဆိုသော် သူတို့ရင်ထဲတွင် သူတို့ကိုယ်သူတို့ သစ္စာရှိသူများဟု မှတ်ယူထားကြသောကြောင့်ဖြစ်သည်။


သို့ရာတွင် သူတို့ အကျိုးအမြတ်ရရှိနိုင်သောတစ်စုံတစ်ခု ပေါ်ပေါက်လာခဲ့၍ သူတို့၏ သစ္စာရှိမှုမှာ ပြောင်းလဲသွားခဲ့သည်။ သူတို့က မာနထောင်လွှားလာပြီး သူတို့၏ဘုရင်ကို အသိအမှတ်မပြကြတော့ပေ။


သို့သော် ထန့်ယွင်က ထိုသို့မဟုတ်ပေ။ သူ့အတွက် ထန့်တိုင်းပြည်ကသာ တစ်ခုတည်းသော ယုံကြည်ရာဖြစ်သည်။


ရွှယ်ကျွင်းလျန်က အတွေးနယ်ချဲ့နေရာမှ ပြန်ရုတ်သိမ်းလိုက်သည်။

" နန်းတွင်းကိုပြန်ရောက်ရင် ... ကိုယ့်လုပ်ရပ်အပေါ် ပြန်သုံးသပ်ပါ ..."


နောက်တစ်နေ့ နန်းတော်သို့ ပြန်လာကြသည့်အခါ ဧကရီက ရွှယ်ဝမ်၏ ရထားလုံးတွင် မစီးတော့ပေ။


ရွှယ်ဝမ်က သူထံခစားခိုင်းထားသည့် နန်းတွင်းအပျိုတော်ကို ဧကရီ့ဘက်သို့လွှတ်လိုက်သည်။ အပျိုတော်၏နာမည်က ကျောင်းရွှေဖြစ်သည်။


ရှို့ယောင်နှင့် ကျောင်းရွှေက ဧကရီ၏ရထားလုံးနားတွင် ရပ်နေကြပြီး ဧကရီ့ကိုခစားရန် အဆင်သင့်ပြင်နေကြသည်။


ကျောင်းရွှေရောက်လာသည့်အတွက် ရှို့ယောင်က မပျော်မရွှင်ဖြစ်နေသည်။ ပထမတစ်ချက်အနေဖြင့် ကျောင်းရွှေကို မြင်ချိန်တည်းက သိုးရေခြုံထားသည့် ဝုံပုလွေဖြစ်ကြောင်း သူမသိသည်။ သူမက ထန့်ဖေးကို တစ်ချက်မျှ လှည့်မကြည့်ပဲ သစ္စာဖောက်ခဲ့သည်။ သူမဘေးတွင် အတုအယောင်လူတစ်ယောက်ရှိနေသည့်အတွက် ရှို့ယောင် မလုံခြုံဟု ခံစားနေရသည်။


ဒုတိယတစ်ချက်က ကျောင်းရွှေက အကင်းပါးပြီး စကားပြောတတ်ဆိုတတ်သည်။ အကယ်၍ ဧကရီက ကျောင်းရွှေ၏ စကားချိုချိုများကို သဘောကျသွားပါက ရှို့ယောင်၏ နေရာကို ခြိမ်းခြောက်ခံလာရနိုင်သည်။


ခရီးစဉ်မှအပြန်တွင် လမ်းတစ်လျှောက်လုံး ဧကရီက စကားတစ်ခွန်းမှ မပြောခဲ့ပေ။ ရှို့ယောင်က ဧကရီနှင့် မင်းကြီးအကြား ယမန်နေ့ညက အချေအတင်ဖြစ်ခဲ့ကြောင်းကိုသိထားသည်။ မင်းကြီးက ဧကရီ့ကို ပင်ပန်းအောင် လုပ်ခဲ့သည်ဟုသာထင်ခဲ့၍ လေးနက်သည့်ကိစ္စဟု မထင်ခဲ့ပေ။


နန်းတွင်းသို့ ပြန်ရောက်သည်နှင့် ရွှယ်ကျွင်းလျန်က အချိန်နှောင့်နှေးမနေတော့‌ပဲ ချက်ချင်းပင် ညီလာခံဆင့်ခေါ်ကာ ရွှယ်ယွီကို ‌စစ်သူကြီးချုပ်အဖြစ်နှင့် ထန့်ရှန်အား တပ်အတိုင်ပင်ခံအဖြစ် ခန့်အပ်ထားကြောင်း ၎င်းတို့အား အသိပေးခဲ့သည်။ မှူးမတ်များက ထိုဆုံးဖြတ်ချက်အကြောင်း စိတ်ထဲတွင် မေးခွန်းထုတ်မိကြသော်လည်း ရွှယ်ဝမ်က အမိန့်ပေးလိုက်ပြီဖြစ်၍ မငြင်းဆန်ရဲတော့ပေ။ ရွှယ်ကျွင်းလျန်က ရွှယ်ယွီ့ကို သူ၏ အယုံကြည်ရဆုံး စစ်သည်များကို ပေးလိုက်သည့်အပြင် မူလက ရွှယ်ယွီ၏ စစ်အင်အားကို ထိန်းသိမ်းထားရန် အစီအစဉ်ကိုပါလက်လွှတ်ပြီး သူ၏စစ်သည်တစ်ယောက်တစ်ထောင်ကိုပါ ပြန်ထည့်ပေးလိုက်သည်။


ရွှယ်ယွီနှင့် ထန့်ရှန်တို့နှစ်ယောက်စလုံးက အရည်အချင်းရှိပြီး လုပ်ရည်ကိုင်ရည်နှင့်ပါပြည့်ဝကြသည်။ ရွှယ်ကျွင်းလျန်က အနည်းငယ်ပြောပြရန်သာလိုအပ်ပြီး သူတို့နှစ်ယောက် အလိုလိုသဘောပေါက်သွားကြသည်။ စစ်တပ်အတွက် ရိက္ခာများ ပြင်ဆင်ပေးပြီးသည်နှင့် သူတို့စထွက်ကြတော့မည်ဖြစ်သည်။


စစ်တပ်တစ်တပ်က စစ်မြေပြင်သို့ သွားတော့မည်ဆိုလျှင် အရေးကြီးဆုံးအရာမှာ စားနပ်ရိက္ခာလုံလောက်ရန်ဖြစ်သည်။ စားနိပ်ရိက္ခာထောက်ပံ့မှာလမ်းကြောင်းကိုလည်း  စနစ်တကျ ကိုင်တွယ်ရမည်ဖြစ်သည်။ ထို့အပြင် ဤကိစ္စအားလုံး ပြင်ဆင်ရန်တွက် အချိန်အနည်းငယ်သာရသည်။


ရွှယ်ကျွင်းလျန်က ဤသုံးရက်လုံးလုံး အနားမယူခဲ့လုနီးပါးဖြစ်သည်။ သူက ကိစ္စတော်တော်များများကို ကိုယ်တိုင်ညွှန်ကြားနေပြီး စိတ်အေးလက်အေးလည်း မနေရဲပေ။


ရွှယ်ကျွင်းလျန်က လျှောက်တင်လွှာများ တစ်ခုပြီးတစ်ခုဖတ်၍ အလုပ်များနေစဉ်တွင် သူ့ကိုစောင့်နေသောကျန်းယွီက တံခါးကိုမှီလျက် အိပ်ပျော်နေသည်။ ကျန်းယွီက အသက်အရွယ် ငယ်တော့သည်မဟုတ်ပေ။ သူက ရွှယ်ဝမ်၏ဘေးတွင် နှစ်ပေါင်းများသွာ အမှုထမ်းခဲ့သူဖြစ်၍ သူ၏အယုံကြည်ရဆုံး လက်အောက်ငယ်သားများထဲမှတစ်ယောက်ဟု ပြော၍ရနိုင်သည်။


ရွှယ်ကျွင်းလျန် ချောင်းဟန့်လိုက်သည်။ ကျန်းယွီ ဆတ်ခနဲလန့်နိုးလာပြီး တံခါးနှင့်ခေါင်း ဆောင့်မိသွားသည်။ သူ။မတောင်းပန်မီမှာပင် ရွှယ်ကျွင်းလျန်က ပြောလိုက်သည်။ 

" အနားယူလို့ရပြီ... ကိုယ်တော့်ဘာသာကိုင်တွယ်လိုက်မယ်..."


ကျန်းယွီစိတ်ထဲ ကြည်နူးသွားပြီး ရွှယ်ကျွင်းလျန်ကို ကျေးဇူးတင်ကာ ထွက်လာခဲ့သည်။


ဤရက်ပိုင်း ကောင်းကောင်းအနားမယူရသည့်အတွက် ရွှယ်ကျွင်းလျန်မောပန်းနွမ်းနယ်နေသည်။ ဤလျှောက်တင်လွှာအပုံလိုက်ကြီးကို အမြန်ဖတ်ရှု့ချင်ျသာ်လည်း အနည်းငယ်အိပ်ငိုက်လာသည်။ ကိုယ့်ကိုကိုယ်အားတင်းကာ မိနစ်အနည်းငယ်ခန့် ဖတ်နေသော်လည်း နောက်ဆုံးတွင် လုံးဝမဖတ်နိုင်တော့ပေ။ သူက ‌စားပွဲပေါ်တွင်သာမှောက်၍ တစ်ရေးတစ်မောအိပ်ပြီးမှ ဆက်လုပါမည်ဟု တွေးလိုက်သည်။


မျက်လုံးများ မပိတ်ရသေးမီမှာပင် ကျန်းယွီက ဒယိမ်းဒယိုင်ဖြင့် ပြေးလာပြီး လာရောက်လျှောက်တင်သည်။


" အရှင်မင်းကြီး ဧကရီက နာမကျန်းဖြစ်နေကြောင်းပါ..."


ရွှယ်ကျွင်းလျန်က ရင်ထဲတွင် ထိတ်ခနဲဖြစ်သွားသော်လည်း ချက်ချင်းတည်ငြိမ်ချင်ဟန်ဆောင်လိုက်သည်။


" ကိုယ်တော်က သမားတော်မှ မဟုတ်တာ ... ဘာလို့ ကိုယ်တော့်ကို လာလျှောက်တင်နေရတာလဲ..."


" ဒါပေမဲ့ ..."


မင်းကြီးက စိတ်အခြေအနေမကောင်းဖြစ်နေသည်ဟုကျန်းယွီ ခံစားလိုက်ရသည်။ သူ အချိန်အတော်ကြာ တွန့်ဆုတ်နေသည့်အခါ ရွှယ်ကျွင်းလျန်က ထပ်ပြောလိုက်သည်။


" တစ်ယောက်တည်း ဘာတွေ ရေရွတ်နေတာလဲ..."


ကျန်းယွီ အလျင်အမြန် ပြောလိုက်သည်။

" အရှင်မဘေးနား ခစားတဲ့ အပျိုတော်တွေပြောတာတော့ အရှင်မက သူတို့ကို တော်ဝင်သမားတော်ကို ခေါ်ခွင့်မပြုလို့ သတိလစ်သွားပါတယ်တဲ့..."


ရွှယ်ကျွင်းလျန်က စားပွဲကို ထုရိုက်လိုက်ပြီး မတ်တပ်ထရပ်ကာ ပြောလိုက်သည်။


" သူမက ဖျားနေလို့ ရှင်းရှင်းလင်းလင်းမတွေးနိုင်ဖြစ်နေတာကို သူမအတွက် သမားတော် မခေါ်ပေးကြဘူးပေါ့လေ... အခု ဧကရီက မူးလဲသွားပြီ... သူတို့တွေအကုန် ခေါင်းပြတ်ချင်နေကြတာလား..."


ကျန်းယွီက အထစ်ထစ်အငေါ့ငေါ့နှင့် ပြန်ဖြေလိုက်ပြီး ‌ဧကရီအတွက် တော်ဝင်သမားတော်ခေါ်ရန် အပြေးတပိုင်းထွက်သွားသည်။


ရွှယ်ကျွင်းလျန် ခဏတာခန့် လေးလေးနက်နက်တွေးတောနေပြီးနောက် ယွင်ဖုန့်နန်းဆောင်သို့သွားရန် ဆုံးဖြတ်လိုက်သည်။