Chapter 37
သူက ဧကရီ့ထံသို့ ဖြည်းညှင်းစွာလျှောက်သွားလိုက်သည်။ သူမလက်ထဲမှဓားကို လုယူကာ ဘေးနားပစ်ထုတ်လိုက်ပြီး ဧကရီ၏ ခန္ဓာကိုယ်ကို သူ့ကိုယ်နှင့် ဆွဲကပ်လိုက်သည်။ ထန့်ယွင်၏မျက်လုံးများ ပြူးကျယ်သွားသော်လည်း တည်ငြိမ်စွာနေရန် ကြိုးပမ်းလိုက်ပြီး ခေါင်းငုံ့ထားလိုက်သည်။
ဧကရီက သူ့ကို မငြင်းဆန်တော့သဖြင့် ရွှယ်ကျွင်းလျန် ရယ်လိုက်သည်။ လက်တစ်ဖက်က ဧကရီကိုခါးကို ဖက်ထားပြီး အခြားလက်တစ်ဖက်က သူမ၏ဆံထိုးကို ဓားကဲ့သို့ပင် အဝေးသို့ ပစ်ထုတ်လိုက်သည်။
ဆံထိုးက ကြမ်းပြင်ပေါ် ပြုတ်ကျသွားသည်ကိုမြင်ပြီး ထန့်ယွင်၏ နှလုံးသားက အေးခဲသွားသည်။ သူမ၏ အကြည့်က ရွှယ်ကျွင်းလျန်ဆီသို့ ပြန်ရောက်လာမှသာ သူမကို ရင်ခွင်ထဲတွင် ချီလျက် အတွင်းခန်းထဲသို့သယ်သွားပြီး ကုတင်ပေါ်ချလိုက်သည်။
ဆံထိုးမရှိတော့သဖြင့် ဧကရီ၏ အနက်ရောင်ဆံနွယ်များက ဖဲမွေ့ယာပေါ် တွင် ပြန့်ကျဲကာ ဖရိုဖရဲဖြစ်နေပြီး သူမကို ရင်သပ်ရှု့မောဖွယ် ဖြစ်နေစေသည်။
ရွှယ်ကျွင်းလျန်က သူမ၏ ဆံနွယ်များကို ပွတ်သပ်ကာ ပြုံးလိုက်သည်။
" မင်း ကိုယ့်ကို အဲ့လိုကြည့်လိုက်တိုင်း ကိုယ်တစ်ယောက်ယောက်ကို သတိရမိတယ်..."
ရွှယ်ကျွင်းလျန်ပြောနေသူက မည်သူမည်ဝါဖြစ်ကြောင်း အတည်မပြုနိုင်၍ ထန့်ယွင် စိတ်မသက်မသာဖြစ်လာသည်။
ရွှယ်ကျွင်းလျန် ဆက်ပြောလိုက်သည်။
" ကိုယ်တော်တို့က တူညီတဲ့အရာတစ်ခုကိုပဲ ဒီတစ်နေ့လုံး အလိုရှိနေတာထင်တယ် ဒါပေမဲ့အိုက်ဖေးက ပိုပြီးတက်ကြွမယ်ဆိုရင်လည်း ကိုယ်တော် စိတ်မကွက်ပါဘူး ..."
ပြောပြီးသည်နှင့် ရွှယ်ကျွင်းလျန်က ဧကရီ၏ ခါးစည်းကြိုးကို ဖြည်လိုက်ကာ အပြင်ဝတ်ရုံကို ဆွဲချွတ်လိုက်သည်။
ထန့်ယွင်က လက်တစ်ဖက်ကိုမြှောက်၍ အဝတ်များကို ပြန်ဆွဲယူလိုက်သည်။ သူ၏ခန္ဓာကိုယ်မှ တစ်ခုတည်းသော ချွန်ထက်သည့်အရာဝတ္ထုကို ဘေးနားပစ်ချခံလိုက်ရသည့်အပြင် အပြင်ဘက်တွင်လည်း အစောင့်များ ရှိနေသေးသည်။
ထန့်ယွင်က လက်ကိုဖြည်းညင်းသွာပြန်ရုတ်ကာ အံကြိတ်ထားလိုက်မိသည်။ သူ့ထံတွင် ဘဝနှစ်ခုရှိခဲ့သော်လည်း နှစ်ကြိမ်လုံး ရွှယ်ကျွင်းလျန်၏လက်ထဲသာရောက်ခဲ့ရသည်။
မူလက သူပြန်လည်မွေးဖွားလာနိုင်၍ ရွှယ်ကျွင်းလျန်ကို တိုက်ခိုက်နိုင်မည်ဟု ထင်ခဲ့သော်လည်း ကြောင်နှင့်ကြွက်၏ ဇာတ်လမ်းတစ်ပုဒ်ကဲ့သို့သာဖြစ်နေသည်။ သူ မည်မျှ မြင့မြင့်ခုန်သည်ဖြစ်စေ အဆုံးတွင် ရွှယ်ကျွင်းလျန်၏ ထောင်ခြောက်ထဲသို့သာ ပြန်ကျခဲ့ရသည်။
တစ်ဖက်လူ၏မျက်လုံးများကို စိုက်ကြည့်နေသော ရွှယ်ကျွင်းလျန်က ထိုမျက်ဝန်းများကို တွေ့မြင်ခဲ့ဖူးသည်ဟု တွေးနေမိသည်။ နက်မှောင်တောက်ပသော မျက်လုံးများက ပမာမခန့်မှုကြောင့် တဖျတ်ဖျတ်တောက်နေပြီး စိတ်ပျက်အားလျော့နေသည့် အမူအယာများလည်း ပါဝင်သည်။
ထိုအချိန်တွင် ရွှယ်ကျွင်းလျန်မှာ တစ်ဖက်လူကို မှေးစင်းသော မျက်လုံးများဖြင့်သာ ကြည့်နေမိသည်။ သူ၏ရန်သူက သနားစဖွယ်ကောင်းနေပြီး ဒဏ်ရာ အမာရွတ်များဖြင့် ပြည့်နေကာ ခန္ဓာကိုယ်ပေါ်ရှိနေရာ တစ်လက်မမှ အကောင်းပကတိ ရှိမနေပေ။ သို့ရာတွင် ထိုလူက ရွှယ်ကျွင်းလျန်ကို ခေါင်းမာစွာဖြင့် ကြည့်နေသည်
အခု ဧကရီလုပ်နေတဲ့ပုံက နည်းနည်း...
ရွှယ်ကျွင်းလျန်က အရည်အချင်းရှိသောလူများကို အမြဲတမ်း တန်ဖိုးထားသည်။ တစ်စုံတစ်ယောက်က သူ့ကိုစူးစိုက်ကြည့်နေသည့်အခါ သူ့စိတ်ထဲ အတွေးတစ်ခု ရောက်လာသည်။
တကယ်လို့ ဒီလူကို လွတ်ပေးလိုက်မယ်ဆို နောက်ကျရင် သူ့ဆီကိုလာပြီး အသုံးချခံမှာလား...
သို့ရာတွင် ရွှယ်ကျွင်းလျန်က ထိုအတွေးကို လျစ်လျူရှု့လိုက်သည်။ ထို့နောက် မြှားတံကို ပစ်လွှတ်လိုက်မိတော့သည်။
ရွှယ်ကျွင်းလျန်၏ရင်ထဲတွင် သံမဏိကဲ့သို့မာကျောလှသော စစ်သူကြီးထန့်ယွင်ကို အမြဲလေးစားနေခဲ့သည်။ သို့ဖြစ်၍ ထိုအချိန်က သူ့စိတ်ထဲတွင် လေးစားအားကျမှုများဖြင့် ပြည့်နေခဲ့ရသည်။ ဤတစ်ကြိမ်တွင် သူ၏ရင်ခွင်ထဲမှလူကလည်း သူ့ကို ထပ်တူညီသည့် အမူအယာမျိုးဖြင့် ကြည့်နေ၍ သူစိတ်လှုပ်ရှားမှုတို့ မြင့်တက်လာရသည်။
ရွှယ်ကျွင်းလျန်က အတိတ်မှမှတ်ဉာဏ်များကို ဘေးဖယ်ထားလိုက်သည်။ ထန့်ယွင်က ထန့်ယွင်ဖြစ်သည်။ သူက သေဆုံးသွားခဲ့ပြီဖြစ်ကာ မီးသင်္ဂြိုဟ်ပြီးခဲ့ပြီဖြစ်၍ ယခုအခါတွင် ပြာဖြစ်သွားခဲ့လေပြီ။ သူ့ရင်ခွင်ထဲမှလူက သူ၏ဧကရီသာဖြစ်ပြီး ခင်ပွန်းဖြစ်သူ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရမည့် ဇနီးသည်တစ်ယောက်ဖြစ်သည်။
ရွှယ်ကျွင်းလျန်က ဝိုင်အလွန်မူးသွားသည်ဟု ထင်လိုက်မိသည်။ အဘယ့်ကြောင့်ဆိုသော် သူ၏ ခန္ဓာကိုယ်တစ်ခုလုံး မခံမရပ်နိုင်သည်အထိ ပူလောင်လာသောကြောင့်ဖြစ်သည်။ လက်တစ်ဖက်ဖြင့် ဧကရီ၏ အပြင်ဝတ်ရုံကိုဖယ်လိုက်ကာ သူမလည်တိုင်ကို နမ်းလိုက်သည်။
သူ၏တခြားလက်တစ်ဖက်က ဧကရီ၏ ပိန်သွယ်သွာ်ခြေကျင်းဝတ်ကိုကိုင်ကာ တဖြည်းဖြည်းမြှောက်လိုက်သည်။
ထန့်ယွင် ထိတ်လန့်သွားတော့သည်။ သူခြေထောက်ဖြင့် ကန်ရန်ကြိုးစားလိုက်သော်လည်း ရွှယ်ကျွင်းလျန်က ပြန်ဖမ်းမိသွားပြီး ခြေထောက်နှစ်ဖက်ကို ကားလိုက်သည်။
ဧကရီက သစ်ရွက်ကဲ့သို့ တုန်လှုပ်နေသည်ဖြစ်၍ သူမနှုတ်ခမ်းနှင့် နဖူးပြင်ကို နူးညံ့စွာ အနမ်းခြွေ၍ ပြောလိုက်သည်။
" ဒါကိုသဘောမကျဘူလား... မင်းရဲ့ တုံ့ပြန်ပုံကို ကြည့်ရတာတော့ အရမ်းသဘောကျနေသလိုပဲ..."
ရွှယ်ကျွင်းလျန်၏ စနောက်ခြင်းခံရ၍ ထန့်ယွင်၏ မျက်နှာမှာ သွေးရောင်လွှမ်းသွားသည်။ စိတ်ထဲတွင် ကြောက်လန့်ခြင်းတစ်ဝက် ဒေါသထွက်မှုတစ်ဝက် ဖြစ်ပေါ်နေ၍ အံတင်းတင်းကြိတ်ထားမိသည်။
ရွှယ်ကျွင်းလျန်က တစ်ဖက်လူ၏ တုံ့ပြန်မှုကိုမြင်၍ ခဏတာ အတွေးထဲ နစ်မျောသွားမိသည်။ ထိုလူ့ထံမှ ထပ်တူညီသောအမူအယာကို တွေ့မြင်ခဲ့ရစဉ်က မည်သို့ ခံစားခဲ့ရသည်ကို တွေးနေမိသည်။
ရွှယ်ကျွင်းလျန်က လေးလေးနက်နက်တွေးတောနေစဉ်တွင် အပြင်ဘက်မှ ရွှယ်ဟုန်ယန်၏အော်သံကို ကြားလိုက်ရသည်။
" အရှင်မင်းကြီး အရေးတကြီး လျှောက်တင်စရာရှိပါတယ်..."
ကျန်းယွီနှင့် ရွှယ်ဟုန်ယန်က အပြင်ဘက်တွင် ရှိနေသည်။ ည မနက်သေးသော်လည်း ရွှယ်ဝမ်က ဧကရီနှင့်အတူ အခန်းထဲတွင် နှစ်ယောက်တည်းရှိနေသည်ဖြစ်၍ အလုပ်ရှုပ်နေမည်မှာ သေချာသည်။ သို့ရာတွင် နယ်စားမင်းဝမ်နျန်က အလျင်စလိုရောက်လာပြီး မင်းကြီးနှင့်တွေ့ခွင့်တောင်းနေသည်။
ကျန်းယွီမှာ ဘေးကျပ်နံကျပ်ဖြစ်နေမိသည်။ ကမ္ဘာပေါ်မှ ရှိသမျှသတ္တိအားလုံး သူ့ကိုပေးမည်ဆိုပါကပင် အရှင်မင်းကြီးက ဧကရီနှင့် အတူတူရှိနေသော အချိန်ကောင်းကို မနှောက့်ယှက်ရဲပေ။
ကျန်းယွက တွန့်ဆုတ်နေသည်ကိုမြင်၍ ရွှယ်ဟုန်ယန်က သူ့ဘာသာအော်ခေါ်လိုက်ပြီး တံခါးခေါက်လိုက်သည်။ ရွှယ်ဟုန်ယန်က တဲ့တိုးဆန်သူဖြစ်၍ နန်းတော်တွင်းတွင် သူသဘောမကျသည့်စည်းမျဉ်းများစွာရှိသည်။ သို့ရာတွင် နန်းတွင်းညီလာခံတွင် နှစ်ပေါင်းများစွာ နေခဲ့ရသူဖြစ်၍ ထိုစည်းမျဉ်းများကို အောင့်အည်းသည်းခံနိုင်ရန်အတွက် သင်ယူထားခဲ့ရသည်။
ရွှယ်ဟုန်ယန်က လိုက်နာရမည့်စည်းကမ်းများကို သိသော်လည်း စိတ်မြန်လက်မြန် ပြုမူနေ၍ လျှောက်တင်မည့်အကြောင်းအရာက မည်မျှအရေးကြီးကြောင်းကို ရွှယ်ကျွင်းလျန် သဘောပေါက်လိုက်သည်။
သို့ရာတွင် သူ့စိတ်ထဲ မကျေမနပ်ဖြစ်သွားမိသည်။
ဒီလိုအချိန်ကြီးမှာ နှောင့်ယှက်ခံရတာကို ဘယ်သူက သဘောကျမှာတဲ့လဲ...
ရွှယ်ဟုန်ယန် အကြိမ်အနည်းငယ် ခေါ်ပြီးသည့်နောက်တွင်မှ တံခါးက ဖြည်းညင်းစွာပွင့်လာသည်။သူက အထဲသို့ အလျင်စလိုဝင်သွားပြီးမှ လျှောက်တင်လိုက်သည်။ လျှောက်တင်ချက်ကို ချိပ်ပိတ်ထားသည်ဖြစ်သော်လည်း အပြင်ဘက်တွင် 'အရေးကြီးလျှောက်တင်ချက်' ဟု မှင်နီဖြင့်ရေးထားသည်။
ချိပ်ပိတ်ထားသော လျှောက်တင်ချက်ကိုကြည့်ပြီး ရွှယ်ကျွင်းလျန်၏ အမူအယာက ခက်ထန်သွားသည်။ ကျန်းယွီနှင့် ရွှယ်ဟုန်ယန်ကို ဘေးအခန်းထဲသို့ ဦးဆောင်ခေါ်သွားသည်။
ဖွင့်ကြည့်လိုက်သည့်အခါ နယ်စပ်စခန်းမှ အရေးပေါ်လျှောက်တင်ချက် ဖြစ်နေသည်။
ရွှယ်ယွီ နန်းမြို့တော်သို့ ထွက်ခွာလာချိန်မှစ၍ လူတစ်စုက် မြောက်ပိုင်းနယ်စပ်တစ်ဝိုက်တွင် ဆူပူထကြွ နေကြသည်။ ထိုလူများက ရေကြည်ရာမြက်နုရာ နေထိုင်ကြသူများဖြစ်ပြီး တိုက်ရည်ခိုက်ရည်ရှိကြသည်။ ရွှယ်ယွီ၏ စစ်အင်အားက ရွှယ်ဟုန်ယန်ခန့် မတောင့်တင်းသော်လည်း သူ၏စစ်သည်များက ယခုချိန်ထိ ထိုလူများကို ထိန်းချုပ်နိုင်ခဲ့သည်။ အကြောင်းအရင်းမှာ အရည်အချင်းနှင့် သတ္တိရှိသူများက ကမောက်ကမ အခြေအနေများတွင် နေထိုင်နေရသောကြောင့်သာဖြစ်သည်။
37.2
သူတို့၏ခေါင်းဆောင်က တိုင်းပြည်တစ်ခုတည်ထောင်၍ သူတို့၏ မိသားစုနာမည်ပေးလိုသော်လည်း မည်သည့်မျိုးဆက်ကမှ မအောင်မြင်ခဲ့ပေ။ ယနေ့တွင် သားဖြစ်သူက နန်းတက်ပါက နောက်တစ်နေ့တွင် ဦးလေးဖြစ်သူက ပုန်ကန်လိမ့်မည်။ သို့ဖြစ်၍ တစ်တိုင်းပြည်လုံးမှာ စစ်ပွဲကြားထဲတွင် အမြဲတမ်း ကမောက်ကမဖြစ်နေရသည်။
ရက်အနည်းငယ်အကြာက ချန်းထျန်ဆိုသူက သူ၏တူဖြစ်သူကို နန်းတင်ပေးခဲ့သည်။ ချန်းထျန်က အားကောင်းသော စစ်တပ်တစ်ခုပိုင်ဆိုင်ထားပြီး သူ့လက်အောက်တွင်လည်း အရည်အချင်းရှိသော နည်းဗျူဟာကျွမ်းကျင်သူများစွာရှိသည်။ ယခုအချိန်ထိ သူ့ကိုပြိုင်နိုင်ရဲသူ မရှိသေးပေ။
သို့ရာတွင် ထီးနန်းကို ရယူပြီး အချိန်အနည်းငယ်ကြာသည့်အခါ ငယ်ရွယ်သောဘုရင်လေးက အခြားလူတစ်ယောက်ကို လွှမ်းမိုးမှု ခံနေရသည်ကို မနှစ်သက်တော့ပေ။ ချန်းထျန်ကို မဖယ်ရှားပါက တစ်တိုင်းပြည်လုံး အုတ်အော်သောင်းနင်းဖြစ်လိမ့်မည်ဟု သူ၏ကုန်းကုန်းကလည်း အကြံပေးသည်။ သို့ဖြစ်၍ အခြားစစ်သူကြီးတစ်ယောက်ကိုသုံးကာ ချန်းထျန်၏အာဏာနှင့် လွှမ်းမိုးမှုကို နင်းချေပစ်ရမည်ဖြစ်သည်။ သို့ဖြစ်၍ ဘုရင်ငယ်လေးက ဘုရင်မျိုးဆက်သုံးဆက်၏ မြေးမြစ်ဖြစ်သူ ကျု့ကျန့်ရင်ကို ရွေးချယ်လိုက်သည်။
ဘုရင်ငယ်လေးက စစ်တပ်ကို စတင်ရွှေ့ပြောင်းနေသောအခါ ချန်းထျန်က သိရှိသွားပြီး သူ၏စစ်သည်များကို ဦးဆောင်ကာ နန်းမြို့တော်ကို ဝန်းရံခဲ့သည်။ ထိုအချိန်တွင် ကျု့ကျန့်ရင်နှင့် သူ၏တပ်သားများသည် ဘုရင်ကို ကယ်တင်ပြီး တိုင်းပြည်ကို ကာကွယ်ရန် အကြောင်းပြချက်ကိုအသုံးချ၍ နန်းတော်တစ်ဝိုက်မှ ချန်းထျန်၏ စစ်သည်များကို တိုက်ခိုက်ခဲ့သည်။
ဘုရင်ငယ်လေးက လူမှားယွင်း၍ ယုံကြည်ခဲ့မိသောကြောင့် သစ္စာဖောက်ခံခဲ့ရသည်။ အဘယ့်ကြောင့်ဆိုသော် ကျု့ကျန့်ရင်က ထီးနန်းကို တစ်ယောက်တည်း အပိုင်စီးလိုခဲ့သည်။ ကစဉ့်ကလျားဖြစ်နေသော အခြေအနေကို အခွင့်ကောင်းယူကာ နန်းတွင်းကိုကျူးကျော်ပြီး ဘုရင်ငယ်လေးနှင့် မယ်တော်ကြီးကို ပြန်ပေးဆွဲခဲ့သည်။
ချန်းထျန်က သူ၏စစ်သည်များဖြင့် ကျူ့ကျန်ရင်နောက်သို့ အမှီလိုက်သော်လည်း နန်းတော်ကို လက်လွှတ်လိုက်ရမည်စိုး၍ ပြန်လာရန်သာ ရွေးချယ်ခဲ့သည်။
လက်ရှိအချိန်တွင်လည်း ရွှယ်တိုင်းပြည်နယ်စပ်တွင် ဦးဆောင်သူ ရှိမနေပေ။ ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေဖြစ်နေသော ချန်းထျန်နှင့် ကျု့ကျန့်ရင်တို့က ပြန်လည်သင့်မြတ်လိုက်ကြသည်။ သူတို့နှစ်ပူးပေါင်းမိသွားသည်နှင့် အကြံအစည်တစ်ခုကို စတင်လိုက်ကြတော့သည်။
သူတို့၏ ဘုရင်ငယ်လေးကို ရွှယ်တိုင်းပြည်ထဲတွင် တွေ့ရှိခဲ့သူရှိသည်ဟူသော ဆင်ခြေကို အသုံးပြုကာ သူတို့၏ဘုရင်ငယ်လေးကို ကြိုဆို၍ နန်းမြို့တော်သို့ ပြန်လည် ခေါ် ဆောင်ရန် စစ်တပ်တစ်တပ်စေလွှတ်လိုက်သည်။
သူတို့၏ အကြံအစည်ကို လွယ်ကူစွာသိမြင်နိုင်သည်။
ရွှယ်ယွီက ယခုအချိန်တွင် နယ်စပ်တွင်ရှိမနေ၍ ဤအခြေအနေကို အခွင့်ကောင်းယူကာ ရွှယ်တိုင်းပြည်ထဲ ဝင်ရောက်လိုနေကြခြင်းဖြစ်သည်။ ရွှယ်တိုင်းပြည်က ထန့်တိုင်းပြည်နှင့် နှစ်ပေါင်းများစွာ စစ်ပွဲဆင်နွှဲခဲ့ရ၍ စစ်အင်အားလျော့နည်းနေပြီဖြစ်သည်။
ဒီတစ်ကြိမ်ထက်ကောင်းတဲ့ အခွင့်အရေး မရှိနိုင်တော့ဘူး...
ရွှယ်ကျွင်းလျန်က စာရွက်ကိုလုံးချေပြီးနောက် ရယ်မောလိုက်သည်။
" ဒီလူရိုင်းတွေကတော့.. သူတို့တိုင်းပြည်ကဖြင့် မတည်မငြိမ်ဖြစ်နေတာတောင်မှ ငါ့ရဲ့ ရွှယ်တိုင်းပြည်ကို တပ်မက်နေသေးတာလား..."
ထိုစကားကိုကြားသည့်အခါ ရွှယ်ဟုန်ယန် ကိုယ်ကို မတ်မတ်ထားလိုက်သည်။ ရွှယ်ကျွင်းလျန်က ထိုစာရွက်ကို သူ့ထံပစ်ပေးလိုက်သည်။ ရွှယ်ဟုန်ယန် အလျင်အမြန်ဖတ်လိုက်ပြီးသည့်နောက်တွင် မျက်နှာပျက်ယွင်းသွားသည်။
" အရှင်မင်းကြီး ဒီကိစ္စကို ကျေးဇူးပြုပြီး ချိန်တိကိုပဲ ကိုင်တွယ်ခိုင်းပါ... အဲ့ဒီ လူရိုင်းတွေ ကျွန်တော်မျိုးတို့ကို ဟာသလုပ်ခွင့်မပြုနိုင်ဘူး ..."
" မင်းသွားမယ်ဆိုရင် မင်းက သေချာပေါက်အောင်မြင်မယ်ဆိုတော့ ကိုယ်တော်စိတ်ချလို့ရတယ်... ဒါပေမဲ့ ဒီကိစ္စကို မင်း မကိုင်တွယ်သင့်ဘူး..."
" ဒါက ..."
ရွှယ်ဟုန်ယန် ကြောင်အသွားသည်။ ထိုဒေသက ရွှယ်ယွီ၏ နယ်မြေဖြစ်သောကြောင့် ရွှမ်ဝမ်၏ အကြောင်းပြချက်က မျှတသည်ကို သူသိသည်။ သို့ရာတွင် သူတို့ ယခုအချိန်၌ ရွှယ်ယွီကို လွှတ်လိုက်ပါက ရွှယ်ဟုန်ယန် စိတ်အေးလက်အေးနေနိုင်တော့မည်မဟုတ်ပေ။
ရွှယ်ကျွင်းလျန်ထိုင်လိုက်ပြီး ရွှယ်ဟုန်ယန်ကိုလည်း ထိုင်ရန် အချက်ပြလိုက်သည်။
" ရွှယ်ယွီကိုပို့ဖို့ မဖြစ်နိုင်တာတော့မဟုတ်ဘူး... ကိုယ်တော်တို့တွေရဲ့ စစ်တပ်ထဲမှာ လူတစ်ယောက် ထပ်ထည့်ပေးလိုက်ရမယ်... ရွှယ်ယွီကို စောင့်ကြည့်ဖို့လူပေါ့ ..."
ရွှယ်ဟုန်ယန် ပြောလိုက်သည်။
" ချန်တိ ဉာဏ်မမီတာကို ခွင့်လွှတ်ပေးတော်မူပါ... ဒါပေမဲ့ ဘယ်သူ့ကို လွှတ်ရမယ်ဆိုတာ ချန်တိမတွေးနိုင်ဘူး..."
" မတွေးနိုင်ဘူးလား ..."
ရွှယ်ကျွင်းလျန် ရယ်လိုက်သည်။
" အဲ့လူက မင်းနဲ့ အနီးစပ်ဆုံးလူပဲ... ထန့်ရှန်လေ..."
" ထန့်ရှန် ..."
ထန့်ရှန်နှင့် ရွှယ်ယွီတို့ လက်ဖက်ရည်သောက်ပြီးနောက် အတူတူထွက်လာချိန်ကို ပြန်တွေးမိသွားကာ ရွှယ်ဟုန်ယန် မျက်မှောင်ကြုတ်လိုက်မိသည်။ သို့ရာတွင် ဤကိစ္စကို ရွှယ်ကျွင်းလျန်အား ပြောပြ၍မဖြစ်ပေ။
" အရှင်မင်းကြီး ချိန်တိက ထန့်ရှန်ကို မလွှတ်ချင်လို့ မဟုတ်ပါဘူး ဒါပေမဲ့ ထန့်ရှန်က..."
ရွှယ်ကျွင်းလျန် လက်ကာပြပြီးပြောလိုက်သည်။
" ထန့်ရှန်ရဲ့ စွမ်းရည်နဲ့သာဆို ရွှယ်ယွီကိုစောင့်ကြည့်နိုင်မှာပဲ... သူက အမတ်နေရာမှာ ဘာလုပ်ရည်ကိုင်ရည်မှ မရှိပဲ နှစ်ပေါင်းများစွာ နေနိုင်ခဲ့မယ် ထင်နေတာလား... သူ့ကိုပဲ ခေါ်လာခဲ့ပါ ဘာလုပ်ရမယ်ဆိုတာ ကိုယ်တော်ပြောပြမယ် ..."
ရွှယ်ကျွင်းလျန်က မတ်တပ်ရပ်ပြီးပြောလိုက်သည်။
" ထန့်ရှန်က သေချာပေါက်လက်ခံမှာပဲ... ချန်းထျန်နဲ့ ကျူ့ကျန့်ရင်တို့ ရွှယ်တိုင်းပြည်နယ်နိမိတ်ထဲ ကျူးကျော်လာကြတယ်ဆိုတာ သူတို့နဲ့ ထန့်တိုင်းပြည်က အလှမ်းဝေးနေလို့ပဲ... တကယ်လို့ ရွှယ်တိုင်းပြည်ကိုသာ သိမ်းပိုက်နိုင်သွားမယ်ဆိုရင် ထန့်တိုင်းပြည်နဲ့ အကွာအဝေးချင်း ပိုနီးလာလိမ့်မယ်... ကိုယ်တော်က ထန့်ရှန်ကို အထူးချွန်ဆုံးစစ်သည်တွေ ပေးလိုက်ပြီးတော့ သူ့တိုင်းပြည်ကိုသူ ကာကွယ်ခွင့်ပေးမှာလေ..."
ရွှယ်ကျွင်းလျန်၏ ရှေ့ရေး ကို ကြိုတွေးမြင်နိုင်မှုကြောင့် ရွှယ်ဟုန်ယန် အံ့အားသင့်သွားမိသည်။ သူပြောသမျှအားလုံးကလည်း မှန်ကန်နေသည်ပင်။
ထန့်တိုင်းပြည်က အားနည်းသော်လည်း ဖုန့်တိုင်းပြည်က သန်မာသည်။ ချန်းထျန်နှင့် ကျူ့ကျန့်ရင်တို့နှစ်ယောက်လုံးက အရည်အချင်းရှိသူများဖြစ်ကြသည်။ အကယ်၍ ထန့်တိုင်းပြည်ကို ရွှယ်တိုင်းပြည်နှင့် မပိုင်းခြားထားပါက တိုက်ခိုက်ရန် လွယ်ကူလွန်းလှသည်။ ရွှယ်တိုင်းပြည်၏ နယ်နိမိတ်ဧရိယာကို သိမ်းပိုက်သွားနိုင်မည့် မည်သူမဆို ထန့်တိုင်းပြည်သို့ တိုက်ရိုက်လမ်းဖွင့်ပြီးသား ဖြစ်သွားနိုင်သည်။
လူတစ်ယောက်၏ ခံစားချက်က ခန့်မှန်း၍ရနိုင်သော်လည်း သစ္စာရှိမှုက သူ့ကို တစ်ကိုယ်ကောင်းဆန်သွားစေနိုင်သည်။ အကယ်၍ ထန့်ရှန်နှင့် ရွှယ်ယွီအကြားတွင် ဆက်ဆံရေးတစ်ခုခုရှိနေပါကလည်း ပြဿနာမရှိပေ။ ထန့်ရှန်က ချန်းထျန်နှင့် ကျူ့ကျန့်ရင်ကို နှိမ်နင်းရန်အတွက် စစ်တပ်ကိုဦးဆောင်ပြီး အင်အားစိုက်ထုတ်မည်သာဖြစ်သည်။
စကားပြောပြီးသည့်အခါ ရွှယ်ကျွင်းလျန်က အခန်းထဲမှ ထွက်သွားသည်။ ရွှယ်ဟုန်ယန်က ရွှယ်ကျွင်းလျန်ထံတွင် အမိန့်ပေးရန် ကျန်ရှိနေသေးသည်ထင်၍ စိတ်နှင့်လူနှင့်မကပ်ပဲ နောက်မှလိုက်သွားသည်။
တံခါးကို ဖြတ်လာသည်နှင့် သူ့ရှေ့တွင် အရောင်လက်နေသောအရာတစ်ခုကိုမြင်လိုက်သည်။ အလိုလိုတုံ့ပြန်မှုကြောင့် ရွှယ်ကျွင်းလျန်၏ရှေ့မှ ကာပေးလိုက်မိသည်။ ထိုအရာက ဓားတစ်ချောင်းဖြစ်နေသည်။
ရွှယ်ဟုန်ယန်၏ သိုင်းပညာက ပြောင်မြောက်လွန်းသော်လည်း သူ့ထံသို့လာနေသည့်ဓားကို အပြည့်အဝ မတားဆီးနိုင်ခဲ့ပေ။ ဓားဖြင့်ထိုးလိုက်သူက သူ့ကိုပင် ဒဏ်ရာရလူနီးပါး ဖြစ်သွားစေသည်။ ထိုလူ၏ ကိုးရို့ကားယား လှုပ်ရှားမှုကြောင့်နှင့် ထိုလူ၏လက်က ဓားနှင့် အသားမကျမှုကြောင့်မဟုတ်ပါက ရွှယ်ဟုန်ယန်မှာ ဓားဖြင့် အထိုးခံလိုက်ရနိုင်သည်။
ရွှယ်ဟုန်ယန်က ဓားကို အပြည့်အဝ မတားလိုက်နိုင်ခြင်းမှာ သူ အလွန် အံ့အားသင့်သွားသောကြောင့်ဖြစ်သည်။
" မ ... မရီးတော်..."
xxxxx