အပိုင်း ၃၆
Viewers 13k

Chapter 36

တူညီသောအရာတစ်ခုကိုသာ အလိုရှိခြင်း


သူတို့ မိနစ်အနည်းငယ်ခန့်လျှောက်ပြီးသည့်အခါ နှင်းများကျဆင်းလာသည်။ ဆီးနှင်းကျသည်က အလွန်မသိပ်သည်းသော်လည်း ကျန်းယွီက ရွှယ်ဝမ်အတွက် နွေးထွေးသောအပြင်ဝတ်ရုံယူလာရန် အစေခံတစ်ယောက်ကို အမိန့်ပေးလိုက်သည်။


ရွှယ်ကျွင်းလျန်ပြောလိုက်သည်။

" ရာသီဥတုအေးလာပြီ... နယ်စားမင်းကျန့်ကျန်းကိုပဲ ခြုံပေးလိုက်ပါ ..."


ရွှယ်ယွီက သူ့ကိုကျေးဇူးတင်လိုက်သည်။ 


ရွှယ်ကျွင်းလျန်က ပြောလိုက်ပြန်သည်။

" မြောက်ပိုင်းမှာ မကြာမကြာ နှင်းကျလား ..."


" မင်းကြီးကို ပြန်ဖြေကြားပါတယ်... ချန်တိ နန်းမြို့တော်ကို မထွက်လာခင် ရက်အနည်းငယ်ကတည်းက နှင်းတွေကျနေပါပြီ..."


ရွှယ်ကျွင်းလျန်က ရောက်တတ်ရာရာများမေးလိုက်သည်။


" နှင်းကျရင် လမ်းတွေမှာ နှင်းတွေပြည့်နေမှာပေါ့ ... စားနပ်ရိက္ခာနဲ့ အထောက်အပံ့တွေပို့ရင် ကြန့်ကြာနေမှာပေါ့ မင်းရဲ့ဒေသမှာ အထောက်အပံ့တွေ လုံလောက်ရဲ့လား..."


" ရိက္ခာတွေ ထောက်ပံ့ပေးချိန်က အတိအကျပါပဲ မင်းကြီး ..."


" ကောင်းတာပေါ့ ... မင်းက ကိုယ်တော့်ရဲ့ ညီတော်လေ ... ကိုယ်တော်က မင်းကို အမြဲ ပူပန်နေရတာ... မင်းနဲ့ မင်းရဲ့စစ်တပ်က အစားအသောက်မရှိပဲ ကတ်ပြတ်နေမယ့်အရေးကို တွေးကြည့်လို့တောင် မရနိုင်ဘူး... မင်းက ဘယ်သူ့ဆီကမှ အကူအညီမတောင်းဝတ်တဲ့သူမှန်း ‌ကိုယ်တော်သိတယ်... ဒါပေမဲ့ တစ်ခုခုလိုအပ်တာတို့ အခက်အခဲတို့ရှိရင် ကိုယ်တော့်ကို ချက်ချင်းပြောပြရမယ်... ဒါမှမဟုတ် အနည်းဆုံးတော့ ဟုန်ယန့်ကိုပြောရမယ်... ကိုယ်တော့်ရဲ့ ညီတော်တွေထဲမှာ မင်းတို့ပဲ ကျန်တော့တာလေ ..."


သူက ရွှယ်ဟုန်ယန်ဘက်သို့လှည့်ကာ ပြောလိုက်သည်။

" ဟုတ်တယ်မလား ဟုန်ယန် ..."


နာမည်ကို ရုတ်တရက် အခေါ်ခံလိုက်ရ၍ ရွှယ်ဟုန်ယန် တရိုတသေဖြင့် ဦးညွှတ်လိုက်သည်။


" အရှင်မင်းကြီးပြောတာ မှန်ပါတယ် .."


ရွှယ်ဟုန်ယန်၏ အဖြေကြောင့် ရွှယ်ကျွင်းလျန် ပြုံးလိုက်သည်။ ထို့နောက် ရွှယ်ယွီဘက်သို့လှည့်ကာ ပြောလိုက်သည်။


" တွေ့တယ်မလား... မင်းနဲ့ ဟုန်ယန်က ဒီလိုနေရာမျိုးမှာ ကွာတာပဲ ..."


ရွှယ်ကျွင်းလျန်က ဤအကြောင်းကို ရုတ်တရက် ထပြောရခြင်းကို နားမလည်နိုင်ပေ။ ရွှယ်ကျွင်းလျန် ဆက်ပြောလိုက်သည်။


" မင်းက ကိုယ်တော်ရဲ့ညီတော်လေ... ဒါပေမဲ့ နယ်စားမင်းကျန့်ကျန်းဆိုလည်း မှန်‌တယ်... မင်းက မြောက်ပိုင်းနယ်နိမိတ်ကို ကာကွယ်ပေးထားတာဆိုတော့ ကိုယ်တော် မင်းကို စောင့်ရှောက်ပေးဖို့ အရမ်းဝေးလွန်းနေတယ်..."

 

ရွှယ်ကျွင်းလျန်၏ စကားမဆုံးမီမှာပင် ရွှယ်ယွီက ရုတ်တရက် ဒူးထောက်လိုက်ပြီး ပြောလိုက်သည်။


" ချန်တိက မင်းကြီးပေးအပ်တဲ့ တာဝန်မှန်သမျှကို ထမ်းဆောင်မှာပါ..."


ရွှယ်ကျွင်းလျန်က သူ့ကို နေရခက်အောင် တမင်လုပ်နေသည်ဟု ထင်လိုက်သော်လည်း ရွှယ်ယွီ စောဒက မတက်ရဲပေ။ 


ရွှယ်ကျွင်းလျန် ခေါင်းငြိမ့်ပြလိုက်သည်။

" မင်းက သူစိမ်းတွေလို ပြုမူနေတာပဲ... ကိုယ်တော်အခု ဘာပြောလိုက်မိပါလိမ့်..."


ရွှယ်ဝမ်က ဘေးသို့ကြည့်လိုက်သောအခါ မည်သူမျှ စကားမပြောရဲကြပေ။ ထန့်ယွင်က ရယ်ချင်စိတ်ကိုအောင့်ထားပြီး ဖြေပေးလိုက်သည်။


" အရှင်မင်းကြီးက ညီတော်နဲ့ ဝေးကွာနေတဲ့အကြောင်း ပြောနေတာပါ..."


" အိုး ..."

ရွှယ်ကျွင်းလျန် ခေါင်းငြိမ့်ပြလိုက်သည်။


" မင်းက နယ်စားမင်းဆိုပေမယ့် မင်းထက် အာဏာရှိတယ်လို့ ထင်ရတဲ့ အရာရှိတွေ အများကြီးရှိတယ်... ဥပမာ ရာထူးနိမ့်ပြီးကြွားဝါတတ်တဲ့ ခရိုင်တရားသူကြီးတွေလိုမျိုးပေါ့... မင်းက ‌အတော်လေးဝေးတဲ့ဒေသကနေ စစ်သည်တစ်ထောင်ကို ခေါ်လာတာပဲ ဒါက မသင့်လျော်ဘူး..."


သူက အေးစက်စွာ ရယ်လိုက်သည်။


" ကိုယ်တော်က မင်းရဲ့စစ်သည်တွေကို လုယူထားပြီး မင်းရဲ့အာဏာကို သိမ်းသွားမှာစိတ်ပူနေတာလား ..."


ရွှယ်ယွီ၏ နှလုံးသားက မြေပြင်ပေါ် ပြုတ်ကျမတတ်ဖြစ်သွားသည်။ ရွှယ်ကျွင်းလျန်က သူ့ကို အင်အားပြသလိုသည်ဟု အမည်တပ်ပြောလိုက်ခြင်းကို အံ့အားမသင့်ခဲ့မိပေ။ ရွှယ်ကျွင်းလျန်၏ရှေ့တွင် သူ၏အင်အားကို ကြွားဝါပြသလိုပါက ဤထက်ပို၍ ကြိုးစားရမည်ကို သူသိသည်။ ရွှယ်ကျွင်းလျန်က ဘုရင်တစ်ပါးဖြစ်သော်လည်း သူက လက်အောက်ငယ်သားတစ်ယောက်သာဖြစ်နေ၍ ရွှယ်ကျွင်းလျန်ထက် အမြဲတမ်းနိမ့်ကျနေမည်သာဖြစ်သည်။ သို့ဖြစ်၍ မနည်းအားတင်းကာ ပြုံးပြလိုက်ပြီး ဒေါသတရားကို ထိန်းချုပ်ထားလိုက်ရသည်။


ရွှယ်ယွီ ချက်ချင်းပင်ဒူးထောက်ချလိုက်သည် ။


" ချန်တိ မလုပ်ရဲပါဘူး... အရှင်မင်းကြီး ကျေးဇူးပြုပြီး ဒေါသမထွက်ပါနဲ့... ချန်တိက ရိုးရိုးရှင်းရှင်းပဲ နေရတာသဘောကျပြီး ပုံကြီးမချဲ့ချင်လို့ပါ... ဘာလို့လဲဆိုတော့ ချန်တိရဲ့စိတ်ထဲမှာ အရှင်မင်းကြီးကို အမြဲကျေးဇူးတင်နေခဲ့လို့ပါ... ဒါကြောင့်မို့ စစ်သည်တစ်ထောင်ကိုပဲ ခေါ်လာခဲ့တာပါ... ချန်တိက အရှင်မင်းကြီးကို ဖီဆန်ဖို့ တစ်ကြိမ်တစ်ခါမှ မတွေးဖူးပါဘူး..."


ရွှယ်ကျွင်းလျန်ပြောလိုက်သည်။


" ညီတော် ဒီနေ့ ဘာဖြစ်နေတာလဲ ... ကိုယ်တော် ဒေါသမထွက်ပါဘူး... ကိုယ်တော်က မေးရုံပဲမေးလိုက်ပေမယ့် မင်းက သစ္စာရှိတယ်လို့ သိရတော့ ရင်ထဲ ခံစားသွားရတယ်..."


ရွှယ်ကျွင်းလျန်က ထိုနေရာတွင် ရှိနေသော အမတ်များကို လှည့်ကြည့်ကာ ပြောလိုက်သည်။


" ကိုယ်တော်တို့တွေ ယခင်မင်းကြီးရဲ့ ဂူသင်္ချိုင်းရှေ့ ရောက်နေတာဆိုတော့ အခါအခွင့်သင့်နေတာပဲ...  ဘိုးဘေးဘီဘင်တွေရဲ့အမည်နာမကို တိုင်တည်ပြီး သစ္စာဆိုကြရအောင်... ဒီထဲက လူတစ်ယောက်ယောက်ကများ တိုင်းပြည်ကို ပုန်ကန်ဖို့ တွေးထားတယ်ဆိုရင် ကောင်းကင်နဲ့ ကမ္ဘာမြေကြီးပေါင်းစည်းပြီး ဖျက်ဆီးပါစေ ၊ နှလုံးသားကိုလည်း မြှားအစင်းတစ်ထောင် ထိုးဖောက်ခံရပြီး နာကျင်ခံစားပြီး အသက်ဆုံးရှုံးရပါစေ ..."


ရွှယ်ယွီ တဆတ်ဆတ်တုန်လာသည်။ သူ၏ နူးညံ့သောမျက်နှာမှာ အနည်းငယ် ဖြူဖျော့လာသည်။ အားလုံးက အသက်အောင့်ထားပြီး မည်သူမျှ စကားမပြောရဲကြပေ။ မင်းကြီး၏ ထူးဆန်းသောစိတ်အခြေအနေကြောင့် သူတို့အပေါ် ဒေါသပုံကျလာမည်ကို ကြောက်နေကြသည်။ ဘုရင်တစ်ပါး၏ အရှိန်အဝါက အလွန်စွမ်းအားကြီးလှသည်။ သူက တစ်ခဏတွင် တစ်စုံတစ်ဦး၏ သုခချမ်းသာကို နွေးထွေးပျူငှာစွာ မေးမြန်းနိုင်ပြီး နောက်အခိုက်အတန့်တွင် လူများကို ဘိုးဘေးများရှေ့တွင် ဒူးထောက်ကာ သစ္စာဆိုရန် တွန်းအားပေးနိုင်သည်။


ဆီးနှင်းများ ပိုမိုပြင်းထန်စွာ ကျဆင်းလာပြီး မြေပြင်တွင် အလွှာတစ်ခု ဖြစ်သွားစေနိုင်သည်။ ရွှယ်ယွီက ကြမ်းပြင်ပေါ်တွင် ဒူးထာက်လျက် သစ္စာဆိုလိုက်ပြီး ဦးခေါင်းနှင့် ကြမ်းပြင်ကို အကြိမ်အနည်းငယ်ထိလိုက်သည်။


ရွှယ်ကျွင်းလျန်က ဘေးနားတွင် ပြုံး၍ရပ်နေပြီး ရွှယ်ယွီကို ထပ်ပြောလိုက်သည်။


" တကယ်တော့ ကိုယ်တော်က မင်းကို ယုံပါတယ်... မင်းက ကိုယ်တော့်ရဲ့ညီတော်လေးလေ... ဒါပေမဲ့ မင်းက နန်းမြို့တော်ကို နှစ်ပေါင်းများစွာကြာတဲ့အထိ ပြန်မလာတော့ နန်းတွင်းညီလာခံထဲမှာ မင်းနဲ့ပက်သက်တဲ့ ကောလဟာလအလအချို့ ရှိနေ‌တာတော့ ဧကန်မုချပဲ ... ကိုယ်တော်က မင်းကို ဘိုးဘေးတွေရဲ့ ဂူသင်္ချိုင်းရှေ့မှာ သစ္စာဆိုခိုင်းရတာက ဒီကောလဟာလတွေကို တစ်ခါတည်းပျောက်သွားစေချင်လို့ပါ... ကိုယ်တော့်ရည်ရွယ်ချက်ကို သဘောပေါက်မယ်ထင်တာပဲ.

36.2


ရွှယ်ယွီ အံကြိတ်ထားသောလည်း ဟန်ဆောင်ပြုံးပြလိုက်သည်။


" ချန်တိသဘောပေါက်ပါတယ်မင်းကြီး... အရှင်မင်းကြီးရဲ့ သဘောထားကြီးမှုအတွက် ကျေးဇူတင်ပါတယ်..."


ရွှယ်ကျွင်းလျန်က အဓိပ္ပါယ်မရှိသော ကိစ္စရပ်များကို အချိန်တစ်ခုအထိ ပြောနေ၍ ညီလာခံမှအမတ်များက စိတ်မသက်မသာဖြစ်လာသည်။ အကယ်၍ ရွှယ်ဝမ်၏ ရည်ရွယ်ချက်က ‌တောင်ကိုလှုပ်ခါ၍ ကျားကိုခြောက်လှန့်ရန်ဆိုလျှင် သူ အောင်မြင်သွားပြီဖြစ်သည်။


[T/N : တောင်ကိုလှုပ်ခါပြီး ကျားကို ခြောက်လှန့်တယ်ဆိုတာ တိုက်ရိုက်ပြောရရင် သတိပေးတဲ့အနေနဲ့ ခွန်အားကို ပြသလိုက်တယ်ဆိုတဲ့သဘောပါ..."


ညနေဘက်တွင် ရွှယ်ကျွင်းလျန်က စားပွဲသောက်ပွဲတစ်ခု ကျင်းပပေးခဲ့သည်။ ရွှယ်ကျွင်းလျန်က ကျားကို ခြောက်လှန့်ပြီးပြီဖြစ်၍ စိတ်ပူပန်ရန် တွန်းအားပေးမနေသင့်‌ကြောင်းသိသည်။ ကျားတစ်ကောင်ကို ကိုင်မည်ဆိုပါက သွားနှင့် လက်သည်းများကို ရှင်းလင်းပြီးမှသာ စိတ်ချလက်ချကိုင်သင့်ပေသည်။ သို့မဟုတ်ပါက သူ့လက်ကိုသာ ထိခိုက်ဒဏ်ရာ ရသွားစေနိုင်ဟည်။


ညစာစားပွဲတစ်လျှောက်လုံးတွင် ရွှယ်ကျွင်းလျန်က ရွှယ်ယွီကို စဉ်ဆက်မပြတ် ချီးကျူးခဲ့ပြီး အလုပ်ကြိုးစား၍ ပုံကြီးမချဲ့တတ်သည့် သဘောထားကို ရွှယ်ယွီထံမှ သင်ယူခဲ့ရသည်ဟုလည်း ပြောခဲ့သည်။ သူ့စားပွဲပေါ်တွင်လည်း ဟင်းပွဲများ အလွန်များပြားနေသည်ဟုဆိုကာ အနည်းငယ်သာစားပြီး အလေအလွင့်မရှိစေရန် ကျန်ရှိနေသည်များကို အမတ်များကို ပေးခဲ့သည်။


ညစာစားပြီးသည့်အခါ ရွှယ်ကျွင်းလျန်က ဧကရီကိုသွားခေါ်ရန်အတွက် ကျန်းယွီကို အမိန့်ပေးခဲ့သည်။ ယခုအချိန်မှ ဧကရီ့ကိုခေါ်ရခြင်းမှာ ကိစ္စတစ်ခုခုရှိနိုင်သည်။ 


ရှို့ယောင်က ညနေခင်းတွင် ပွဲ‌အခမ်းအနားတစ်ခုခုလုပ်မည်ကို ကြိုသိ၍ လက်ဝတ်ရတနာများစွာနှင့် ဝတ်ရုံများကို ယူဆောင်လာခဲ့သည်။ အရှင်မင်းကြီးက နန်းတော်အပြင်ထွက်ချိန်တွင် ဧကရီကိုခေါ်လာခြင်းမှာ သူ့ကိုအဖော်ပြုပေးရုံသာမဟုတ်ပဲ သူ၏ ချစ်ခင်နှစ်သက်ခြင်းကိုပါ ရယူနိုင်ရန်ဖြစ်သည်။


ဧကရီ ရေချိုးသန့်စင်ပြီးသောအခါ ရှို့ယောင်က သူမဆံပင်ကို ဖြီးပေးနေသည်။ ၎င်းကို ခပ်လျော့လျော့သးစည်းထား၍ အချိန်မရွေးပြေကျသွားနိုင်သည်။ ဆံနွယ်အချို့ကို မစည်းပဲချန်ထား၍ လေနှင့်အတူ လွင့်နေသည်မှာ မြင်ရသူတိုင်း သူမဆံပင်ကို ထိကိုင်ချင်စိတ်ဖြစ်ပေါ်လာနိုင်သည်။


ရှို့ယောင်က နန်းတော်ထဲတွင် ခစားလာခဲ့သည်မှာ အချိန်ကြာမြင့်ပြီဖြစ်၍ ဤသို့သောပွဲအတွက် အသင့်တော်ဆုံး အဝတ်အစားကိုသိသည်။ သူမက ဝတ်စုံအနည်းငယ်ကိုလည်း ကြိုတင်ပြင်ဆင်လာခဲ့သည်။ ထန့်ယွင်၏စိတ်ထဲတွင် အတွေးတစ်ခုသာစိုးမိုးနေ၍ ရှို့ယောင်ကိုသာ သူမနှစ်သက်ရာဝတ်စုံတစ်ထည် ရွေးချယ်ခိုင်းလိုက်သည်။


ရှို့ယောင်က ဝတ်စုံရွေးချယ်ရန် ရွေးချယ်ခံလိုက်ရ၍ ဝတ်ရလွယ်ပြီး ချွတ်ရလွယ်သော ဝတ်စုံတစ်ထည်ကိုသာရွေးရန် ဆုံးဖြတ်လိုက်သည်။


ဧကရီရောက်ရှိလာသည့်အခါ သူမ၏ အလှက ရွှယ်ကျွင်းလျန်ကိုပင် အသက်ရှုမှားသွားစေလောက်နိုင်သည်ကို ဝန်ခံရပေမည်။


သူမ၏ လှပသောမျက်နှာကို ချီးကျုးနေရုံသာမက နူးညံ့၍ မိန်းမဆန်မှုကိုပါ ဆိုလိုခြင်းဖြစ်သည်။ သူမက ထောင်လွှားမှုမရှိပဲ မြင့်မြတ်တော်ဝင်ဆန်မှု၊ တည်ငြိမ်မှုနှင့် ကျက်သရေရှိမှုတို့ဖြင့် ပြည့်နေသည်။


ရွှယ်ကျွင်းလျန်က ဟင်းပွဲအနည်းငယ်ပါဝင်သော စားပွဲတစ်လုံးနှင့် ဝိုင်ကရားများကိုပါ ပြင်ဆင်ခိုင်းထားသည်ကို ထန့်ယွင်တွေ့လိုက်သည်။ ရွှယ်ကျွင်းလျန်က သတိကြီးသူဖြစ်၍ အရက်မူးမနေပါက ထန့်ယွင် သူ့ကိုသတ်နိုင်မည့် အခွင့်အရေးမရှိပေ။


ထန့်ယွင်က ရွှယ်ကျွင်းလျန်၏ဘေးတွင် ထိုင်လိုက်သည်။ သူ၏ အပြုအမူများက ချစ်စဖွယ်ဖြစ်မနေသော်လည်း ယခင်နေ့ရက်များနှင့် နှိုင်းစာပါက အလွန်နာခံမှုရှိနေသည်။ သို့ဖြစ်၍ ရွှယ်ကျွင်းလျန်က ‌နောက်ဆုံးတွင် မာနကြီးသောဧကရီကို အနိုင်ယူနိုင်ပြီဟုထင်ကာ အလွန်ဂုဏ်ယူနေမိသည်။


ရွှယ်ကျွင်းလျန်က ဝိုင်အနည်းငယ်သောက်ပြီးသည့်နောက် ရုတ်တရက် ရယ်ရယ်မောမောဖြင့် ပြောလိုက်သည်။


" သောက်စရာတွေ ရှိနေပေမယ့် ဝိုင်နဲ့လိုက်ဖက်တဲ့ ဖျော်ဖြေမှုမရှိဘူးဖြစ်နေတယ်... အိုက်ဖေးက အကတစ်ခုနဲ့ ဖျော်ဖြေပေးရင်ရော ဘယ်လိုလဲ ..."


ထန့်ယွင်အတွက်မူ စစ်နည်းဗျူဟာများကို အလွတ်ရွတ်ပြရခြင်းက ပြဿနာမဟုတ်ပေ။ သူက ငယ်ရွယ်စဉ်ကလေးဘဝတည်းမှစ၍ စစ်ပွဲနှင့် သက်ဆိုင်သည်များကိုသာ သင်ယူလာခဲ့ရ၍ အမျိုးသမီးများ သင်ကြားခဲ့ရသည့်ပညာရပ်တစ်ခုက်ိုမှ သိမနေပေ။ သီချင်းဆိုရန် သို့မဟုတ် ကပြဖော်ဖြေရန်အတွက် တောင်းဆိုခံလိုက်ရသည့်အခါ အလွန်အမင်းပူပန်လာသည်။


ထန့်ယွင် ပြန်မဖြေမီမှာပင် ရွှယ်ကျွင်းလျန်က ပြောလိုက်သည်။

" အပြင်က တစ်ယောက်ယောက်လာဦး..."


ခေါ်သံကိုကြားသဖြင့် အပြင်ဘက်တွင် နေရာချထားသောအစောင့်များက အထဲဝင်လာကြသည်။ ရွှယ်ဝမ်က အရက်မူးနေပုံရပြီး သူ၏လှုပ်ရှားမှုများက မတည်မငြိမ်ဖြစ်နေသည်။ စားပွဲခုံကိုလက်ဖြင့်ထောက်ဖ၍ ဒယိမ်းဒယိုင်ထလာပြီး အစောင့်များဆီသို့ လာနေသည်။ သူတို့ရှေ့ရောက်သည့်အခါ လက်ဆန့်ထုတ်လိုက်သည်။


သတ္တုပေါ်သို့ သတ္တုထပ်နေသော အသံထွက်ပေါ်လာသည်။ ရွှယ်ကျွင်းလျန်က ဓားအိမ်ထဲမှဓားကို ထုတ်လိုက်သည်။ ဖယောင်းတိုင်မီးများအပေါ်မှ အလင်းရောင်က ဓားပေါ်ကျလာပြီး ထွန်းလင်းသွားစေသည်။


ထန့်ယွင်က ရွှယ်ကျွင်းလျန်၏ ရည်ရွယ်ချက်ကို မသိသဖြင့် စိတ်ရှုပ်ထွေးစွာဖြင့် စိုက်ကြည့်နေသည်။


ရွှယ်ကျွင်းလျန်က ထန့်ယွင်ဆီသို့လျှောက်လာပြီး သူ့ကိုဓား‌တစ်ချောင်းပေးကာ ပြောလိုက်သည်။


" အိုက်ဖေးက ဓားအက ကပြနိုင်မယ်ဆိုတာ သေချာတယ် ..."


ဓားကိုကိုင်လိုက်သော ထန့်ယွင်၏လက်များ အေးစက်လာသည်။

ရွှယ်ကျွင်းလျန် သံသယဝင်စေမယ့် တစ်ခုခုများ သူ လုပ်မိသွားလို့လား...


ထန့်ယွင်ကို ရွှယ်ကျွင်းလျန်ပေးလိုက်သောဓားမှာ ဓားအစစ်ဖြစ်သည်။ ဓားအက ကပြရန်မဆိုနှင့် ဘုရင်ရှေ့တွင် ဓားကိုင်မြှောက်လိုက်ခြင်းသည်ပင် ရာဇဝတ်မှုမြောက်နေပြီဖြစ်သည်။ ရွှယ်ကျွင်းလျန်က အစောင့်များကို ပြန်မဆုတ်ခိုင်းထားသည့်အတွက် အပေါက်ဝတွင် ရပ်စောင့်နေသည့် အစောင့်နှစ်ယောက် ရှိနေသည်။ သူတို့၏ မျက်လုံးများက ပတ်ဝန်းကျင်ကိုသာ သတိထားနေပြီးလက်နက်ကိုင်ရန် အဆင်သင့်ဖြစ်နေကြသည်။


ချွန်ထက်သော ဓားတစ်ချောင်းကို ကိုင်ထားသော ထန့်ယွင်မှာ ယခုချိန်၌ပင် ရွှယ်ကျွင်းလျန်ကို လုပ်ကြံရန်အခွင့်အရေးမရှိတော့ပေ။


ရွှယ်ကျွင်းလျန်က ခုံတွင်ပြန်ထိုင်ပြီး စားပွဲကိုမှီထားကာ မျက်နှာတွင် အပြုံးတစ်ပွင့်ကို ဆင်မြန်းထားလျက် ဧကရီကိုကြည့်နေသည်။ ရွှယ်ကျွင်းလျန်က သူ့ကို သံသယဝင်နေသည်ဟုထင်သော ထန့်ယွင်မှာ သတ္တိမွေး၍ ဓားကိုမြှောက်လိုက်သည်။


ထန့်ယွင်က ယခင်ဘဝတည်းမှ ဓားမျိုးစုံကို အသုံးပြုခဲ့ဖူးသည်။ သူက အသက်ခြောက်နှစ်မှစ၍ ရွှယ်ကျွင်းလျန်၏ မြှားချက်ကြောင့် မသေဆုံးမီအချိန်ထိ ဓားကိုင်ခဲ့သူဖြစ်သည်။


သို့ရာတွင် ယခုချိန်၌ သူရောက်ရှိနေသော ခန္ဓာကိုယ်မှာဤဓားရှည်ကြီးကို မကိုင်နိုင်သည်အထိ အားနည်းနေသည်။


ထန့်ယွင် ဓားကိုလွှဲယမ်းလိုက်သည်။ သူက ဓားအကကို မြင်ဖူးသော်လည်း ကြည့်ရသည်နှင့် ကိုယ်တိုင်ပြုလုပ်ရသည်မှာ မတူညီနေပေ။ သို့သော်လည်းသူက အလွန်အကြူးမကြိုးစားထားပေ။ အဘယ့်ကြောင့်ဆိုသော် အတွင်းနန်းဆောင်မှ ဧကရီတစ်ယောက်က ဓားအကတွင် ထူးချွန်နေပါက အခြားလူအားလုံး သံသယဝင်ကုန်လိမ့်မည်ဖြစ်သည်။


ရွှယ်ကျွင်းလျန်က မေးစေ့ကိုလက်ဖြင့် ပွတ်နေလျက် ဧကရီ၏ ဖရိုဖရဲလှုပ်ရှားမှုများကို ကြည့်နေသည်။ သူမ၏ ဂါဝန်အရှည်ကြီးက တစ်ချက်လှုပ်ရှားလိုက်ချိန်တိုင်း လေထဲဝင်ဝဲနေကာ အဖြူရောင်ခါးစည်းဖြင့် စည်းထားသော ခါးကလည်း သူ့လက်သီးထက်ပင် သေးနေသည်။


သူမကိုကြည့်ရသည်မှာ အားနည်း၍ ထိရှလွယ်သည့်ပုံ ပေါ်နေသည်။ ဓားအကမှာ ချောမွေ့၍ အားစိုက်ထုတ်စရာမလိုသော်လည်း သူမ၏ လှုပ်ရှားမှုများက တောင့်တင်းနေသည်။


ရွှယ်ကျွင်းလျန်ပြုံးလိုက်သည်။ ဧကရီက ဓားကိုပင် သေချာမကိုင်နိုင်သည်ကို မြင်သောအခါ သူ့မျက်လုံးများ မည်းမှောင်သွားပြီး မတ်တပ်ရပ်လိုက်သည်။


xxxxxx