Chapter 35
ဘိုးဘေးပူဇော်ကန်တော့ပွဲ အခမ်းအနား (၂)
ဧကရီက ပြိုင်ဘက်တစ်ယောက်လျော့သွား၍ ပျော်ရွှင်နေလိမ့်မည်ဖြစ်သော်လည်း သူမက သူ့ရှေ့တွင် တည်တည်ငြိမ်ငြိမ်ဖြင့်သာ နေလိမ့်မည်ဟု ရွှယ်ကျွင်းလျန်ထင်လိုက်မိသည်။ သို့ရာတွင် ဧကရီ၏ ဖြူဖျော့နေသောမျက်နှာကို မြင်လိုက်ရသည့်အခါ အကြောင်းရင်းကို သဘောမပေါက်နိုင်တော့ပေ။
ကျောင်းရွှေ၏ ငိုယိုနေသံမှလွဲ၍ မည်သူမျှစကားပြောမနေကြပဲ တိတ်ဆိတ်နေသည်။ ဤကိစ္စကို မည်သို့ဖြေရှင်းမည်ကို မသိနိုင်တော့၍ ကျန်းယွီက စတင်ပူပန်လာမိသည်။ ထို့နောက် သတ္တိမွေးကာ ပြောလိုက်သည်။
" တာ့ဝမ် အချိန်ကျပါပြီ ... အရင်ဆုံးသွားလိုက်တာ ကောင်းမယ်ထင်ပါတယ် ..."
ရွှယ်ကျွင်းလျန် ခေါင်းငြိမ့်ပြလိုက်သည်။
" ကျန်းယွီပြောတာဟုတ်တယ် ... ထန့်ချမ်ယီက အချိန်တစ်ခုအထိ ဘယ်မှသွားခွင့်မရှိတော့ဘူး ... မင်းကိစ္စကို ကိုယ်တော်နောက်မှရှင်းမယ်... ကျောင်းရွှေကတော့ ... မင်း စောစောစီးစီးဝန်ခံလိုက်တာကောင်းပါတယ် ... မင်းကို လောလောဆယ် ဘယ်သူ့ဆီမှာ ခစားခိုင်းရမှန်းမသိသေးတော့ အခုကစပြီး ကိုယ်တော့်ကိုပဲ ခစားတော့ ..."
ကျောင်းရွှေက မျက်လုံးများပြူးကျယ်ပြီး အသက်ပြင်းပြင်း ရှုလိုက်မိသည်။ ထို့နောက် သနားစဖွယ်ပုံစံနှင့် မျက်ရည်များကျလာကာ ကြမ်းပြင်နှင့်ခေါင်းကိုထိသည်အထိ ဦးညွတ်ပြီး ရွှယ်ဝမ်ကို ကျေးဇူးတင်လိုက်သည်။
ခရီးစဉ်က နှောင့်နှေး၍ မရတော့ပေ။ နယ်စားမင်းကျန့်ကျန်း(ရွှယ်ယွီ) က နန်းတော်တွင်းရောက်နေပြီး ရွှယ်ဝမ်နှင့် ဧကရီကို စောင့်ဆိုင်းနေသည်။
ရှို့ယောင်က ဧကရီကိုထူပေးလျက် ပြောလိုက်သည်။
" အရှင်မ ဘာများဖြစ်လို့လဲ နေထိုင်မကောင်းဖြစ်နေတာများလား ..."
ထန့်ယွင် ခေါင်းခါပြလိုက်သည်။ ရထားလုံးပေါ် တက်ရန်ပြင်နေသည့် ရွှယ်ကျွင်းလျန်က ရှို့ယောင်၏မေးခွန်းကို ကြားလိုက်သည်။ အစေခံတစ်ယောက်က လိုက်ကာစကို လှပ်ပေးထားသော်လည်း ရွှယ်ကျွင်းလျန်က မဝင်သေးပဲ တစ်ဖက်သို့လှည့်လိုက်သည်။
" ဧကရီက ကိုယ်တော်နဲ့တူတူစီးလေ ..."
ရွှယ်ဝမ်၏ အမိန့်ကို မည်သူမှ မအံ့ဩကြပေ။ လူပုံစံရုပ်သေးရုပ် ကိစ္စဖြစ်ပြီးသည့်နောက် ရွှယ်ဝမ်၏မျက်လုံးထဲမှ ဧကရီ၏အရေးပါမှုကို မည်သူမျှ သံသယမဝင်ရဲကြတော့ပေ။ သူမပြောသမျှ အရာအားလုံးကို ရွှယ်ဝမ်က ယုံကြည်ပေးနိုင်သည့် အနေအထားသို့ ရောက်ရှိနေပြီဖြစ်သည်။ အကယ်၍ ဧကရီက တစ်ခုခု အမှားလုပ်ထားလျှင်လည်း မင်းကြီးက မျက်ကွယ်ပြုထားမည်ဖြစ်သည်။
လမ်းတစ်လျှောက်တွင် ထန့်ယွင်၏စိတ်က မိုင်ပေါင်းများစွာအထိ လွင့်ပျံ့နေသည်။ သူ ထွက်ပြေးရန် ကြိုးစားသော်လည်း ကျရှုံးခဲ့သည်။ ဘုရင့်မောင်းမဆောင်က အစောင့်အကြပ်ထူပြောလှ၍ သတိမပြုမိပဲ ထွက်ပြေးသွားရန် မဖြစ်နိုင်ပေ။ ယခုအခါတွင် ရွှယ်ကျွင်းလျန်က ဤအခြေအနေကို အသုံးချပြီး ထန့်တိုင်းပြည်ကို ကျိန်းသေပေါက် နှောင့်ယှက်တော့မည်ဖြစ်သည်။ ထန့်ယွင်၏ရင်ထဲတွင် ကမောက်ကမဖြစ်နေပြီး အကြံတစ်ခုတည်းကိုသာ တွေးတောနိုင်တော့သည်။ ထိုအကြံက အလွန်တုံးအပြီး လွယ်လွယ်ကူကူပြုလုပ်၍ မရနိုင်ပေ။
သူ လူသတ်မှုကျူးလွန်ရန် တွေးနေခြင်းဖြစ်သည်။
ရွှယ်ကျွင်းလျန်က ဧကရီ၏အနားတွင်ရှိစဉ် လုံခြုံရေးကို လျှော့ချထား၍ အခြားလူများနှင့် နှိုင်းစာပါက ထန့်ယွင်ကပို၍ အခွင့်အရေးရှိသည်။ ထန့်ယွင်က ဓားကိုမသုံးနိုင်သော်လည်း သူ့ထံတွင် ချွန်ထက်သော ရွှေထည်ငွေထည် လက်ဝတ်ရတနာများရှိသေးသည်။ ထန့်ယွင်က လက်နက်များနှင့် လေ့ကျင့်ထားသည့်လူဖြစ်သည့်အပြင် သိုင်းပညာတတ်သူတစ်ယောက်ဖြစ်သဖြင့် မည်သည့်အခြေအနေတွင်မဆို လူတစ်ယောက်၏အသက်ကို မည်သို့နှုတ်ယူနိုင်မည်ကို သိသည်။
သို့ရာတွင် ရွှယ်ကျွင်းလျန်၏ သတိရှိမှုကြောင့် ထန့်ယွင်၏အကြံဉာဏ်က အလွန်ရူးသွပ်သည်ဟု တွေးထင်ရစေသည်။
သူက ရွှယ်ကျွင်းလျန်၏ ဧကရီအဖြစ်နေထိုင်ခဲ့သည်မှာ ကြာမြင့်လှပြီဖြစ်၍ လုံလောက်ပြီဟု တွေးနေမိသည်။ သူ့ကို လှောင်အိမ်ထဲတွင် ထည့်ထားသည်ဟု ခံစားရ၍ ရူးမတတ်ဖြစ်နေသည်။
ရထားလုံးက အနည်းငယ်လှုပ်ယမ်းနေသည်။ ထန့်ယွင်က ကိစ္စပေါင်းများစွာကို သတိရလာသည်။ ယခင်ဘဝက သူ့ကို ရွှယ်ကျွင်းလျန်ကိုယ်တိုင် သတ်ပစ်ခဲ့သည်။
ရွှယ်ကျွင်းလျန်က သူ့အပေါ် အသက်တစ်ချောင်းသာ အကြွေးတင်နေသည်မဟုတ်ပဲ စစ်မြေပြင်တွင် အသက်ဆုံးရှုံးခဲ့သော ထန့်တိုင်းပြည်မှ စစ်သည်တိုင်း၏ အသက်များကိုလည်း အကြွေးတင်နေသည်။
ဤတစ်ကြိမ်တွင် ရွှယ်ကျွင်းလျန်ကို ပြန်လည်ပေးဆပ်ခိုင်းရမည်ဟု ထန့်ယွင်တွေးနေမိသည်။ စစ်မြေပြင်တွင် တစ်စုံတစ်ယောက်က လူတစ်ယောက်ကို သတ်ခဲ့ပါက သူကိုယ်တိုင်သည်လည်း အသတ်ခံရနိုင်သည်ဟု တွေးတောထားရမည်ဖြစ်သည်။ ရွှယ်ကျွင်းလျန်က ထန့်ယွင်ကို သတ်ခဲ့သည့်အတွက် ထန့်ယွင်က သူ့ကိုပြန်သတ်သည်မှာလည်း နားလည်နိုင်ဖွယ်ရာဖြစ်သည်
ရွှယ်ကျွင်းလျန်က ထန့်ယွင်၏ခါးကို ဆွဲဖက်လိုက်သည်။
" ဘာတွေများ လေးလေးနက်နက်တွေးနေတာလဲ ..."
သူက ထန့်ယွင်၏ နားရွက်နားကပ်ကာ မေးလိုက်ခြင်းဖြစ်၍ လန့်သွားရသည်။ ထိုအခါမှသာ သူ့စိတ်သူတည်ငြိမ်အောင် ထားနိုင်သွားသည်။
ရွှယ်ကျွင်းလျန်က ထန့်ချမ်ယီ၏ကိစ္စကို ဆင်ခြေအဖြစ်အသုံးချကာ ထန့်တိုင်းပြည်သို့ စစ်သည်များစေလွှတ်ရန် ပြင်နေမည်မှာ သေချာပေါက်ဖြစ်လာမည့်ကိစ္စဖြစ်သည်။ အကယ်၍ ထန့်ယွင်က ရွှယ်ကျွင်းလျန်ကို သတ်လိုပါက ယနေ့ထက်ကောင်းသော အခွင့်အရေးမရှိပေ။ ဘိုးဘေးပူဇော်ကန်တော့ပွဲ အခမ်းအနားပြီးသည်နှင့် ညဘက်တွင် စခန်းချနေထိုင်ကြပြီး နောက်နေ့မနက်တွင်မှ နန်းတော်သို့ ပြန်ကြမည်ဖြစ်သည်။ နန်းတော်အတွင်း၌ အစောင့်အကြပ်ထူကာ တင်းကြပ်လှ၍ မည်သူမျှ ဖြတ်သန်းသွားလာနိုင်ခြင်းမရှိသောကြောင့် ထန့်ယွင်က လုပ်ကြံရန်ကိစ္စကို ယနေ့ညနေအချိန်တွင် ပြုလုပ်ရမည်ဖြစ်သည် ။
ထန့်ယွင် ပြန်မဖြေသည့်အခါ ရွှယ်ကျွင်းလျန်က သူ့ပါးကိုဖျစ်ညှစ်ကာ နားရွက်နားကပ်၍ ပြောလိုက်ပြန်သည်။
" အိုက်ဖေး သဝန်တိုနေတာလား ..."
ပရောပရည်လုပ်ရာတွင် ဆရာကျနေသည့် ရွှယ်ကျွင်းလျန်၏ ထိတွေ့ခြင်းခံလိုက်ရ၍ ထန့်ယွင် စက်ဆုပ်မိသွားသည်။ သို့ရာတွင် ဤလူကို သတ်ဖြတ်ရတော့မည်ဟု တွေးမိသွားသည့်အခါ ပို၍ကျိုးနွံစွာ နေပြရတော့မည်ဟု ထင်လိုက်သည်။ သူ့ရှေ့တွင် ရွှယ်ကျွင်းလျန်က အပူအပင်မဲ့နေရန်ကို ပြုလုပ်ရန် လိုအပ်နေသည်။
35.2
သူ့ရင်ခွင်ထဲမှလူက ပုံမှန်ကဲ့သို့ သူ့ကို မငြင်းဆန်သည်ကို ခံစားမိသဖြင့် ရွှယ်ကျွင်းလန်စိတ်ထဲ ဝမ်းမြောက်နေမိသည်။
" ဘာလို့လဲ ... မင်းကို ကြည့်ရတာ ဒီနေ့တစ်မျိုးဖြစ်နေတယ်... မင်းတကယ်ပဲ သဝန်တိုနေတာလား ... ကျောင်းရွှေကို ကိုယ်တော့်ဆီမှာ ခစားခိုင်းလို့ စိတ်ဆိုးနေတာလား ..."
ရွှယ်ကျွင်းလျန်၏ နှုတ်ခမ်းများက ထန့်ယွင်၏ နားရွက်နောက်တည့်တည့်တွင် ရှိနေသဖြင့် သူစကားပြောလိုက်တိုင်း ပူနွေးစိုစွတ်သောလေက သူ့နားရွက်ကို လာရောက်ရိုက်ခတ်နေသည်။
ထန့်ယွင် ဘာတစ်ခွန်းမှ ဝင်မပြောပဲ အတတ်နိုင်ဆုံးကြိုးစား၍ ကျိုးနွံဟန်ပေါက်အောင် နေနေသည်။ ဧကရီ၏နားရွက်က နီရဲလာသည်ကို သတိပြုမိမှ ရွှယ်ကျွင်းလျန်၏စိတ်ထဲ မီးမြိုက်လိုက်သကဲ့သို့ ခံစားလိုက်ရသည်။ သူက ဧကရီကို မွေ့ယာပေါ်လှဲချလိုက်သည်။
မွေ့ယာက အလွန်နူးညံ့ပြီး လူနှစ်ယောက် ဘေးချင်းကပ်လျက် လှဲနေရန်လည်း လုံလောက်သည်။ သို့ရာတွင် တစ်ယောက်အပေါ်တွင် တစ်ယောက်က လှဲနေရန်လည်း နေရာကျယ်ကျယ်ရှိသည်။
တစ်ဖက်လူကို မွေ့ယာပေါ် ဖိချလိုက်ကာ ရွှယ်ကျွင်းလျန်၏လက်များက ဧကရီ၏ပါးပြင်ကိုပွတ်သပ်နေရာမှ လည်ပင်းနားသို့ လျှောဆင်းလာသည်။
ထန့်ယွင်က ရှောင်လိုက်ချင်သော်လည်း အဆုံးတွင် မျက်လုံးမှိတ်ထားပြီး လက်သီးကျစ်ကျစ်ဆုပ်ထားလိုက်သည်။
ဧကရီ၏ လည်တိုင်က အနည်းငယ်တုန်ယင်နေသည်ကို ရွှယ်ကျွင်းလျန်ခံစားမိနိုင်သည်။ ထိုအသေးအဖွဲ့လှုပ်ရှားမှုလေးများက သူ့နှလုံးတစ်လျှောက် ပဲ့တင်ထပ်သွားပြီး ယားကျိကျိဖြစ်လာစေသည်။
ရွှယ်ကျွင်းလျန်ခေါင်းငုံ့ပြီး တစ်ဖက်လူ၏နှုတ်ခမ်းကို ရမ္မက်ကင်းစင်သည့် အနမ်းတစ်ပွင့် ချွေလိုက်သည်။ ထန့်ယွင် မျက်လုံးဖွင့်ပြီး ရွှယ်ကျွင်းလျန်ကိုကြည့်လိုက်သော်လည်း သူ့ကို မတွန်းလွှတ်လိုက်ပေ။
" ဒီနေ့ ထူးထူးဆန်းဆန်းပါလား... ဘာလို့များပါလိမ့် ... ကိုယ်တော်က ကျောင်းရွှေကိုခေါ်လိုက်တာနဲ့ မင်း စိတ်ပူပန်သွားတာလား ..."
ထန့်ယွင်က စကားတစ်ခွန်းမှမပြောပဲ သူ့ကိုစိုက်ကြည့်ရုံသာကြည့်နေသည်။ ရွှယ်ကျွင်းလျန်ရယ်လိုက်သည်။
" ဒါမှမဟုတ် အခုမှကိုယ်တော်နဲ့ လင်မယားအရာမြောက်ချင်နေတာလား ..."
ရွှယ်ကျွင်းလျန်က ခေါင်းငုံ့ပြီး ဧကရီ့ကို ထပ်နမ်းလိုက်သည်။
ထန့်ယွင် မျက်လုံးများမှိတ်ထားသည်။ မူလက သူ့နှုတ်ခမ်းကို တင်းတင်းစေ့ထားသော်လည်း ရွှယ်ကျွင်းလျန်က သူ့နှုတ်ခမ်းများကို နူးညံ့ညင်သာစွာ နမ်းလာခဲ့သည်။ ထို့နောက် သူ့နှလုံးခုန်သံက ဗုံသံကဲ့သို့ တဒိန်းဒိန်း ခုန်လာခဲ့သည်။ ထန့်ယွင်က နှုတ်ခမ်းများကို အနည်းငယ် ဟပေးလိုက်သည်။
တစ်ဖက်လူ၏နှုတ်ခမ်းများ ပွင့်လာသည်နှင့် ရွှယ်ကျွင်းလျန်က ချက်ချင်းပင် အနမ်းများကို ပိုမိုနက်ရှိုင်းစေလိုက်သည်။ သူက ညင်သာနေဆဲဖြစ်သော်လည်းတစ်ဖက်လူက သူ့ကိုစိတ်ကွက်သွားမည်စိုး၍ တုံ့ပြန်မှုများကို စောင့်ကြည့်နေသည်။ အကယ်၍ သူ့ရင်ခွင်ထဲမှလူမှာ ဖုန့်တိုင်းပြည်၏ မင်းသမီးဖြစ်နေခဲ့ပါက ရွှယ်ဝမ်၏ အထိအတွေ့များတွင် နစ်မျောသွားနိုင်သည်။
ထန့်ယွင်က မည်သူနှင့်မျှ ဤအဆင့်ထိ နက်နက်ရှိုင်းရှိုက်း မနမ်းခဲ့ဖူးပေ။ သူက အတွေ့အကြုံမရှိသူဖြစ်၍ သူ့ပုံစံက ကပိုကရိုဖြစ်နေသည်။ ရွှယ်ကျွင်းလျန်၏စနောက်ခြင်းခံလိုက်ရသဖြင့် အစက စက်ဆုပ်နေခဲ့မိသော်လည်း ယခုအခါတွင် သူ့စိတ်ထဲဗလာကျင်းနေပြီး မည်သည့်အရာကိုမှ မတွေးနိုင်တော့ပေ။ သူ့လက်နှစ်ဖက်လုံးက ရွှယ်ကျွင်းလျန်၏ ဝတ်ရုံများကိုသာ ခပ်တင်းတင်းဆုပ်ထားမိသည်
ထန့်ယွင်၏ခန္ဓာကိုယ်က ရွှယ်ကျွင်းလျန်၏လက်ထဲတွင် ထုံထိုင်းပျော့ခွေလာသည်ဟု ခံစားလိုက်သည်။ ရုတ်တရက် သူ့ခါးတစ်ဝိုက်တွင် အေးစက်စက် ခံစားလိုက်ရသည်။ ယခုချိန်တွင် ရွှယ်ကျွင်းလျန်၏လက်တစ်ဖက် ထန့်ယွင်၏ဝတ်ရုံခါးစည်းကို ဖြည်လျက်နှင့်အလုပ်များနေပြီး အခြားလက်တစ်ဖက်က အတွင်းဘက်ကို ပွတ်သပ်နေသည်။
ထိတ်ထိတ်ပျာပျာဖြစ်သွားသော ထန့်ယွင်က ကျယ်လောင်စွာ ပင့်သက်ရှိုက်မိလိုက်သည်။
ရွှယ်ကျွင်းလျန်၏လက်မပေါ်တွင် ငွေရောင်အရည်မျှင်တန်းတစ်ကြောင်းရှိနေပြီး ၎င်းတို့ကို သူက မျိုချလိုက်သည်။ ထို့နောက် ပြုံးရယ်လျက်နှင့် ပြောလိုက်သည်။
" အိုက်ဖေးရဲ့ အရသာက တော်တော်ကောင်းတာပဲ ... ကံဆိုးတာကတော့ ကိုယ်တော်မင်းကို ဒီထက်ပိုပြီး အဆင့်တက်လို့ မရတော့ဘူး ... မဟုတ်ရင် ခရီးစဉ်တစ်လျှောက်လုံး အိုက်ဖေး စိတ်မသက်မသာဖြစ်နေလိမ့်မယ် ..."
ထန့်ယွင်၏ မျက်နှာမှာ အလွန်နီရဲနေလွန်းသဖြင့် မျက်နှာကို ညှစ်ကြည့်လိုက်ပါက သွေးများပင် စီးကျလာနိုင်သည်။ ရင်ဘတ်က နိမ့်ချည်မြင့်ချည်ဖြစ်နေသော်လည်း မျက်လုံးများက ရွှယ်ကျွင်းလျန်ကို စိုက်ကြည့်လျက်ပင်ဖြစ်သည်။
ရွှယ်ကျွင်းလျန်က တစ်ဖက်လူ၏မျက်လုံးများကို လက်ဖဝါးဖြင့် အုပ်ထားလိုက်ပြီး ရယ်လိုက်သည်။
" ကိုယ်တော့်ကို အဲ့လို ဆက်ကြည့်နေမယ်ဆိုရင် ဆက်မထိန်းထားနိုင်တော့လောက်ဘူး ... ခဏနားလိုက်ပါဦး ကိုယ်တော်တို့ ဒီမနက် စောစောထခဲ့ရတာ ..."
ထန့်ယွင်၏ နဖူးပြင်ကို အနမ်းချွေလိုက်ပြီးနောက် သူ၏ ဖရိုဖရဲဖြစ်နေသော အဝတ်များကို ပြန်ပြင်လိုက်သည်။
ထန့်ယွင်က တစ်ဖက်သို့လှည့်ကာ လှဲလျောင်းနေလိုက်ပြီး လက်သီးကို တင်းတင်းဆုပ်ထားသည်။ ခရီးစဉ်တစ်လျှောက်လုံး သူ မအိပ်နိုင်ခဲ့ပေ။ သူ့စိတ်ထဲတွင် အတွေးတစ်ခုသာ စိုးမိုးနေခဲ့သည်။
ခရီးစဉ်အဆုံးသို့ရောက်သောအခါ ရွှယ်ယွီက ထန့်ယွင် ရထားလုံးပေါ်မှဆင်းရန်အတွက် ကူညီပေးလိုက်သည်။ သူတို့နှစ်ယောက်တည်းရှိချိန်မှသာ သူမ တခစ်ခစ်ရယ်လိုက်သည်။
" ဧကရီက အသံနည်းနည်းကျယ်တယ်နော် ..."
" ဘာ ..."
ထန့်ယွင် နားမလည်နိုင်ဖြစ်သွားသည်။
ရှို့ယောင်၏ မျက်နှာက နီရဲလာပြီးနောက် ပြုံးပြလိုက်သည်။
" ဧကရီနဲ့ အရှင်မင်းကြီး အတူတူနေတဲ့အချိန်ကို ပြောတာပါ... အရှင်မ အသံက အရမ်းကျယ်တော့ ရထားလုံးရဲ့ အပြင်ဘက်ကတောင် ကြားလိုက်ရတယ် ... ဒါပေမဲ့ ကံကောင်းတာက ကျွန်တော်မျိုးမ တစ်ကြိမ်ပဲ ကြားလိုက်ရပါတယ်..."
ထန့်ယွင်၏ မျက်နှာက နီရဲတောက်လာပြီးနောက် ချက်ချင်းပင် သွေးမရှိတော့သကဲ့သို့ ဖြူဆုတ်သွားသည်။ သူ့မျက်နှာ အမူအယာကိုတွေ့သည့်အခါ ရှို့ယောင် ထပ်မံ မကျီစယ်တော့ပေ။ ဤကဲ့သို့သော စကားမျိုးကို ဧကရီက ဆတ်ဆတ်ထိမခံနိုင်သည့်အတွက် ထိုသို့သော ကျီစယ်မှုကို ထပ်မလုပ်တော့ရန် တွေးလိုက်သည်။
ထန့်ယွင်က ယခင်ကဲ့သို့ မတုန်မလှုပ်သာဖြစ်သော်လည်း သူ၏စိတ်အခြေအနေက လက်ခံနိုင်ဖွယ်ရာဟု ရွှယ်ကျွင်းလျန်ထင်ခဲ့သည်။ ဘုရင်တစ်ပါးဖြစ်သည့်အတွက် ရွှယ်ကျွင်းလျန်သူ့ကိုယ်သူ ဂုဏ်ယူနေမိသည်။ ဤမနက်ပိုင်းတွင် ဖြစ်ခဲ့သောကိစ္စက ဧကရီကို သူမ၏ အခြေအနေကို သဘောပေါက်သွားစေခဲ့ကြောင်း သူသေချာသည်။
ဘယ်လိုလူမျိုးကများ ဘုရင်တစ်ယောက်ရဲ့ ချစ်ခင်နှစ်သက်မှုမျိုးကို လက်ဝါးကြီးမအုပ်ပဲ နေချင်မှာလဲ ... ချစ်ခင်မြတ်နိုးခံရတယ်ဆိုတာလည်း သူတို့အတွက် ဂုဏ်သိက္ခာတစ်မျိုးပဲလေ...
ရွှယ်ဝမ်နှင့် ဧကရီတို့ ရထားလုံးပေါ်မှ ဆင်းလာချိန်၌ အမတ်များက အသင့်စောင့်ဆိုင်းနေကြပြီဖြစ်သည်။ ဂူသင်္ချိုင်းကို စောင့်ရှောက်သူများကလည်း ရာထူးအဆင့်အတန်းအလိုက် တန်းစီရပ်နေကြသည်။ ရွှယ်ကျွင်းလျန်က ရထားလုံးပေါ်မှ ဆင်းလာသည်နှင့် မှူးမတ်များအားလုံးဒူးထောက်ချလိုက်ပြီး 'မင်းကြီးသက်တော်ရာကျော်ရှည်ပါစေ' ဟု ဆုတောင်းပေးကြသည်။
ရွှယ်ကျွင်းလျန် နွေးထွေးစွာပြုံးလိုက်သည်။
" ရွှယ်ယွီ ကိုယ်တော့်ဘေးက လျှောက်လေ ..."
ရွှယ်ယွီက ခေါင်းငုံ့ထားဆဲဖြစ်သည်။ ရွှယ်ကျွင်းလျန်၏ ညွှန်ကြားချက်ကိုကြားသည့်အခါ မင်းကြီးကိုကျေးဇူးတင်လိုက်ပြီး တရိုတသေဖြင့် သူ့အနောက်မှ အနည်းငယ်ခွာ၍ လျှောက်လိုက်သည်။
ရွှယ်ယွီက လိမ္မာပါးနပ်သူဖြစ်၍ ရွှယ်ကျွင်းလျန်နှင့် ဘေးချင်းယှဉ်လျက် မလျှောက်ရဲပေ။ ရွှယ်ကျွင်းလျန်က ဘေးမှလျှောက်နိုင်သည်ဟု ပြောခြင်းမှာ သူ့ကို ဖော်ရွှေတတ်သော ဘုရင်တစ်ပါးဟု ထင်မြင်စေရန်သာဖြစ်သည်။
xxxxxx