Chapter 34
ဘိုးဘေးပူဇော်ကန်တော့ပွဲ အခမ်းအနား (၁)
နယ်စားမင်းကျန့်ကျန်း မြို့တော်သို့လာရောက်ရသည့် အဓိကရည်ရွယ်ချက်မှာ ဘိုးဘေးများကို ဂါရဝပြုရန်ဖြစ်သည်။ ယခင်မင်းကြီး သေဆုံးသွားစဉ်က ရွှယ်ယွီမှာ မြောက်ပိုင်းနယ်စပ်တွင် ပဋိပက္ခများကို ဖြေရ်င်းနေခဲ့ရ၍ ယခင်မင်းကြီး၏ နောက်ဆုံးနေ့ရက်များတွင် အဖော်မပြုနိုင်ခဲ့ပေ။ နောက်ဆုံးအချိန်ထိလည်း သူ ပြန်မလာနိုင်ခဲ့ပေ။
ယခင်မင်းကြီးရှိနေစဉ်အချိန်က အခြားသားတော်များနှင့် အသက်ကွာဟမှုများသော အငယ်ဆုံးသားတော်လေးကို အချစ်ပိုခဲ့သည်။ နယ်စားမင်းကျန့်ကျန်းမှာ ဘုရင်ကြီး၏ နောက်ဆုံးနေ့ရက်များတွင် ရှိမနေနိုင်ခဲ့သည့်အတွက် အပြစ်မကင်းသကဲ့သို့ ခံစားခဲ့ရ၍ ဘိုးဘေးကန်တော့ပွဲကျင်းပကာ ခွင့်လွှတ်မှုတောင်းခံလိုခဲ့သည်။
ဘိုးဘေးကန်တော့ပွဲမှာ လျင်မြန်စွာပြုလုပ်၍ မရပဲ အချိန်ယူ၍ ပြင်ဆင်ရသော အခမ်းအနားတစ်ခုဖြစ်သည့်အတွက် အထူးအခမ်းအနားဟု မှတ်ယူ၍ရနိုင်သည်။
ဤတစ်ကြိမ်၌ ရွှယ်ကျွင်းလျန်သည်လည်း အခမ်းအနားကိုတက်မည်ဖြစ်၍ ပို၍ ထူခြားသည်ဟု ဆိုနိုင်သည်။ အားလုံးက အခမ်းအနားအတွက် ပြင်ဆင်နေရ၍ အလုပ်များနေကြသည်ဖြစ်၍ အစားအစာများကို ထုပ်ပိုးထားကြရသည်။ သူတို့အားလုံး သွားရမည့်နေရာမှာ အလွန်မဝေးလှသော်လည်း အားလုံးအတွက် အစားအစာကောင်းများပြင်ဆင်ထားခြင်းကလည်း မမှားပေ။
သူတို့က နောက်နေ့မနက်တွင် ထွက်သွားကြရန် စီစဉ်ထားကြသည်။ ရွှယ်ကျွင်းလျန်က ဧကရီနှင့် အိမ်ရှေ့စံမင်းသားလေးကိုလည်း ခေါ်သွားရန်တွေးနေသည်။ မောင်းမဆောင်တစ်ခုလုံးတွင် ဧကရီတစ်ယောက်တည်းသာ ဖိတ်ကြားခံရသည့်အတွက် အခြားကိုယ်လုပ်တော်နှင့် မောင်းမများက စိတ်ပျက်ညည်းညူကုန်ကြသည်။
ထိုညက လေပြင်းများ အလွန်တိုက်က နှင်းကျခဲ့သည်။ ထို့ကြောင့် မကြာမီမှာပင် မြေပြင်ပေါ်တွင် ဆီးနှင်းများဖြင့် ပြည့်ကုန်သည်။
ကျောင်းရွှေ၏ အစီအစဉ်ကို ကြားပြီးသည့်နောက် ထန့်ချမ်ယီက အစီအစဉ်ကို အကောင်အထည်ဖော်ရန်အတွက် စိတ်မရှည်လက်မရှည်ဖြင့် စောင့်ဆိုင်းနေရသည်။ မနက်အစောပိုင်းကတည်းမှ ရွှယ်ဝမ်က ဧကရီတစ်ယောက်တည်းကိုသာ သူနှင့်အတူလိုက်ခွင့်ပြုခဲ့၍ သူ့စိတ်ထဲတွင် မုန်းတီးနာကျည်းမှုများဖြင့် ပြည့်နေပြီး ယနေ့ကို အကြံအစည် အကောင်အထည်ဖော်ရန်အတွက် အသင့်တော်ဆုံးနေ့ရက်ဟု ဆုံးဖြတ်ခဲ့သည်။ ရာသီဥတုကလည်း သူမဘက်ကပါနေသည်။ ဆီးနှင်းများ သည်းထန်စွာကျဆင်းကာ လေပြင်းများလည်း တိုက်ခတ်နေခဲ့သည်။
ထန့်ချမ်ယီက အစီအစဉ်၏ ပထမဆုံးအပိုင်းကို နန်းတော်မှအစေခံမလေးများစွာကို ပြုလုပ်ခိုင်းလိုက်သည်။ သူတို့အားလုံးပြန်ရောက်လာကြသည့်အခါ သူတို့ကို ချက်ချင်းပင် သေလမ်းသို့ပို့လိုက်သည်။ သူတို့အားလုံးကို သခင်မ၏ အဖိုးတန်အရာများအား ခိုးယူသွားသည့် သူခိုးများအဖြစ် စွပ်စွဲလိုက်သည်။ သူတို့အားလုံးက အဖမ်းခံရပြီး ကွပ်မျက်ခံရမည်စိုး၍ အစေခံမလေးများမှာ ကိုယ်တိုင်ကြိုးဆွဲချသေလိုက်ကြသည်။
နောက်နေ့မနက် အာရုဏ်တက်ချိန်တွင် အပျိုတော်များနှင့် အစေခံများက အနောက်ဘက်ခြံဝင်းကို လာရောက်ရှင်းလင်းကြသည်။ ယမန်နေ့ညက နှင်းများက မရှင်းလင်းသွားသေးသဖြင့် ဧကရီနန်းဆောင်၏ အနောက်ဘက်ခြံဝင်းတွင် နှင်းများ အစုလိုက်အပြုံလိုက် ဖြစ်နေသည်။ သူတို့အားလုံး နှင်းများကို ရှင်းလင်းနေစဉ်တွင် သစ်ပင်များအောက်၌ လူပုံစံရုပ်သေးရုပ်များကို တွေ့မိကြသည်။
ထန့်ချမ်ယီမှာ ရွှယ်ဝမ်က ဧကရီကိုသာ ပစားပေးနေသည်ကို မုန်းတီးလှသဖြင့် နယ်စားမင်းကျန့်ကျန်းနှင့်တူသော ရုပ်သေးရုပ်များစွာကို ပြုလုပ်ထားခဲ့သည်။ ထို့အပြင် အနက်ရောင်ဝတ်ရုံဝတ်ထားသော ရုပ်သေးအနည်းငယ်လည်း ပြုလုပ်ထားပြီး ၎င်းတို့ကို ဓားဖြင့် ပိုင်းဖြတ်ထားခဲ့သည်။
ထန့်ယွင် ပြန်လွှတ်လိုက်သည့် ကျန်းယွီဆီသို့ တစ်စုံတစ်ယောက်က အပြေးတစ်ပိုင်းရောက်လာပြီး ဤကိစ္စကို တင်ပြလိုက်သည်။ ကျန်းယွီမှာ ခေါင်းမှခြေဖျားအထိ ရေခဲရေဖြင့် လောင်းချခံလိုက်ရသကဲ့သို့ အေးစက်တောင့်တင်းသွားသည်။ သို့ရာတွင် သူ့စိတ်သူ တည်ငြိမ်အောင်ထားလိုက်ပြီး စိုးရိမ်စရာမလိုသည့်ကိစ္စတစ်ခုဟု ဖြေသိမ့်လိုက်သည်။
သူ့ခေါင်းကို ကြမ်းပြင်နှင့်ထိ မတတ်အထိ ငုံ့ထားပြီး ရွှယ်ကျွင်းလျန်ကို ဤကိစ္စ တင်ပြလိုက်သည်။ ရွှယ်ကျွင်းလျန်က ဖြစ်စဉ်အစအဆုံးကို အမူအယာတစ်ချက်မှ မပြောင်းလဲပဲ နားထောင်နေသည်။
ကျန်းယွီက ရွှယ်ကျွင်းလျန်ကိုကူညီ၍ ဝတ်ရုံလဲလှယ်ပေးနေစဉ်အချိန်၌ စကားတစ်ခွန်းမျှ မဟရဲပေ။ အချိန်ကြာလာသည့်အခါမှ သည်းမခံနိုင်ဖြစ်သွားပြီး မေးလိုက်သည်။
" အရှင်မင်းကြီး ထွက်ခွာမယ့်အချိန် ရွှေ့ဆိုင်းလိုက်သင့်လား ..."
ရွှယ်ကျွင်းလျန်က မနှစ်မြို့ဖွယ်ကောင်းစွာရယ်လိုက်သည်။
" အဲ့လုအသေးအဖွဲ့ကိစ္စလေးလောက်နဲ့ ကိုယ်တော်တို့ ထွက်ခွာဖို့ကို နောက်ဆုတ်စရာလိုလို့လား..."
" မဟုတ်ပါဘူး ဒီအစေခံအိုကြီးက လျှာရှည်မိတာပါ..."
ရွှယ်ကျွင်းလျန် ဝတ်ရုံလက်ကိုခါပြီးပြောလိုက်သည်။
" ကိုယ်တော်တို့ထွက်ခွာဖို့ အချိန်ဘယ်လောက်လိုသေးလဲ ..."
" အရှင်မင်းကြီးကို ပြန်ဖြေကြားပါတယ် တစ်ရှီချန်လောက် လိုပါသေးတယ် ..."
" အင်း ... "
ရွှယ်ကျွင်းလျန် ခေါင်းငြိမ့်ပြလိုက်သည်။
" ယွင်ဖုန့်နန်းဆောင်ကို အရင်ဆုံးသွားကြတာပေါ့ ..."
—
မနက်အစောပိုင်းသာရှိသေးသော်လည်း မောင်းမဆောင်တစ်ခုလုံး ဆူညံပွက်လောရိုက်နေပြီဖြစ်သည်။
ရွှယ်ဝမ်က ယွင်ဖုန့်နန်းဆောင်သို့ အလျင်စလိုရောက်ရှိလာပြီး မိဖုရားနှင့် ကိုယ်လုပ်တော်များကို အတူတကွ စုဝေးခိုင်းထားသည်။ အားလုံးက ဤမနက်ခင်းတွင်ဖြစ်ခဲ့သည့် ရုပ်သေးရုပ်အကြောင်းကို သိရှိကြပြီးပြီဖြစ်သည်။ တိုက်ဆိုင်စွာပင် ဤအချိန်၌ သူတို့အားလုံးကို ရွှယ်ဝမ်က ဤနေရာတွင် စုစည်းခိုင်းသည်ဖြစ်၍ ကိစ္စကောင်း မဖြစ်နိုင်ပေ။
ကိုယ်လုပ်တော်နှင့် မောင်းမများက အရှင်မင်းကြီး၏ဒေါသကို ကြောက်ရွံ့ကြသည်။ ရွှယ်ကျွင်းလျန် ယွင်ဖုန့်နန်းဆောင်ကို ရောက်လာချိန်၌ ကိုယ်လုပ်တော်နှင့် မောင်းမများအားလုံး ရောက်ရှိနေကြပြီဖြစ်သည်။ သူတို့အားလုံး ဒူးထောက်၍ ဂါရဝပြုလိုက်ကြသည်။
ရွှယ်ကျွင်းလျန်က ကြီးကျယ်ခမ်းနားစွာ ဝတ်ဆင်ထားသည်။ သူဝတ်ဆင်ထားသော ဝတ်ရုံကြီးက ဘ်ိုးဘေးကန်တော့ပွဲအခမ်းအနားဖြစ်သဖြင့် သက်ဦးဆံပိုင်ဘုရင်တစ်ယောက်ဖြစ်သော သူ၏အဆင့်အတန်းနှင့် ကိုက်ညီလောက်သည်အထိ အသေးစိတ် ပြင်ဆင်ထားရသော ဝတ်ရုံမျိုးဖြစ်သည်။
သူက ပင်မခန်းမဆောင်ထဲသို့ တန်းဝင်သွားပြီး ကြမ်းပြင်တွင် ဒူးထောက်နေသည့် ကိုယ်လုပ်တော်နှင့် မောင်းမများကို တစ်ချက်မှ လှည့်မကြည့်ပဲ ခုံပေါ်တွင် ထိုင်လိုက်သည်။
ထိုင်ပြီးသည်နှင့် ရွှယ်ကျွင်းလျန်က ပြုံးပြကာ ပြောလိုက်သည်။
" ဧကရီ ကိုယ်တော်နဲ့အတူလာထိုင်လေ ..."
ရွှယ်ကျွင်းလျန်က သူ့ဘေးနားမှ နေရာကို ပုတ်ပြလိုက်သည်။
သူစကားပြောလိုက်သည်နှင့် အခြားလူများ စိတ်မငြိမ်မသက် ဖြစ်ကုန်ကြသည်။
ဒီကိစ္စက ဧကရီနဲ့ ဆိုင်နေတာတောင်မှ သူမကို မင်းကြီးဘေးနား လာထိုင်ခိုင်းတယ်ပေါ့လေ ... ရွှယ်ဝမ်က ဒီကိစ္စနောက်ကွယ်က တရားခံကိုရှာဖို့ စီစဉ်ပြီးသွားတာများလား ...
ထန့်ယွင်က ရွှယ်ဝမ်ကို ကျေးဇူးတင်လိုက်ပြီးနောက် ဘေးနားတွင် ဝင်ထိုင်လိုက်သည်။
ရွှယ်ကျွင်းလျန်ပြောလိုက်သည်။
" မနေ့က လေတွေပြင်းပြီး နှင်းလည်း တော်တော်ကျခဲ့တယ်... ကိုယ်တော်က ယွင်ဖုန့်နန်းဆောင်ကို နွေးထွေးတဲ့ အဝတ်အစားတွေ ပို့ပေးဖို့ ကျန်းယွီကိုလွှတ်လိုက်တယ်... သူ ဘာမြင်ခဲ့လဲ မင်းတို့အားလုံးသိကြလား ..."
သူက ၎င်းကိစ္စကို အမှန်တရားကဲ့သို့သာ စိတ်အေးလက်အေးပြောနေသည်။ ကြမ်းပြင်တွင် ဒူးထောက်နေသော ထန့်ချမ်ယီမှာ အလွန်ကြောက်လန့်နေသဖြင့် သတိလစ်မတတ်ဖြစ်နေသည်။ ကျောင်းရွှေက သူမကို မထိန်းပေးထားပါက သူမ၏ပုံစံဖြင့်ဆိုလျှင် ချက်ချင်းရှာတွေ့သွားနိုင်သည်။
ရွှယ်ကျွင်းလျန်က ညင်သာစွာပြုံးလိုက်သည်။
" ရွှယ်တိုင်းပြည်ဘုရင်က နှလုံးသားမရှိ ခံစားချက်မရှိတဲ့ မင်းဆိုးမင်းညစ်လို့ လူတွေပြောတာကို ကိုယ်တော်ကြားဖူးတယ် ... လူတွေကို ရက်ရက်စက်စက်ကြမ်းကြမ်းတမ်းတမ်းလည်း ဆက်ဆံတယ်တဲ့... ကိုယ်တော့်ဘာသာ ပြန်ဆန်းစစ်ကြည့်တော့ မေတ္တာကရုဏာကြီးမားတဲ့ အုပ်ချုပ်သူဆိုတာ လူတွေရဲ့ခံစားချက်ပိုနားလည်ဖို့လိုပုံရတယ် ... အဲ့ဒါကြောင့် ဒီတစ်ကြိမ်မှာ တရားခံက ဘယ်သူဖြစ်ဖြစ် ကိုယ်တိုင်လာဝန်ခံစေချင်တယ် ..."
သူ၏ပြောကြားချက်ကြောင့် ယွင်ဖုန့်နန်းဆောင်တစ်ခုလုံး အပ်ကျသံပင် မကြားရအောင် တိတ်ကျသွားသည်။ ရွှယ်ကျွင်းလျန်၏နောက်မှ ကျန်းယွီမှာ ချွေးတဒီးဒီးကျနေသည်။ အဘယ့်ကြောင့်ဆိုသော် ရွှယ်ဝမ်က သူ့ကို ယမန်နေ့ညက ယွင်ဖုန့်နန်းဆောင်သို့သွားရန် အမိန့်မပေးခဲ့ပေ။
ထန့်ယွင်က တိတ်ဆိတ်စွာထိုင်နေပြီး ကြမ်းပြင်တွင် ဒူးထောက်နေသည့် ကိုယ်လုပ်တော်များနှင့် မောင်းမများကို ကြည့်လိုက်သည်။ သူတို့အားလုံးက ခေါင်းငုံ့ကာ ပါးစပ်ပိတ်ထားကြသည်။
ရွှယ်ကျွင်းလျန်က တစ်စုံတစ်ခုကို အမှတ်ရသွားသကဲ့သို့ အမူအယာက ပြောင်းလဲသွားသည်။ ဧကရီ့ဘက်သို့လှည့်ကာ ချစ်ခင်မြတ်နိုးစွာဖြင့် ပြောလိုက်သည်။
" ခုနောက်ပိုင်း ရာသီဥတုကအေးလာပြီ... ကိုယ့်ကိုကိုယ်လည်း ဂရုစိုက်ပါဦး ကိုယ်လုပ်တော်ရွေးပွဲအတွက်ပြင်ဆင်ရင်း အပင်ပန်းခံမနေနဲ့ ..."
ထန့်ယွင်စိတ်ထဲတွင် သရော်လိုက်မိသည်။
ရွှယ်ကျွင်းလျန်က တတ်လည်းတတ်နိုင်တဲ့လူပဲ ... အခုလေးတင် ခြိမ်းခြောက်တဲ့စကားတွေပြောနေပြီးတော့မှ ဧကရီ့ဘက်လှည့်လာပြီး အသည်းအသန်တွေ စိတ်ပူပြနေတယ် ...ဒီစကားတွေကို နန်းဆောင်ထဲက အပျိုတော်တွေပါ ကြားအောင်ရည်ရွယ်တယ်ဆိုတာ ထန့်ယွင်မသိပဲ နေမလား ...
ကိုယ်လုပ်တော်ရွေးပွဲနီးကပ်လာပြီဖြစ်ကြောင်း အပျိုတော်များကို အသိပေးလိုက်ပြီး အဖြစ်မှန်ကို ဝန်ခံသူများအား မျက်နှာသာပေးမည်ဟု ရွှယ်ကျွင်းလျန် ဆိုလိုလိုက်ခြင်းဖြစ်သည်။ အကယ်၍ နန်းဆောင်မှ အပျိုတော်များသာ အရိပ်အကဲနားလည်ပါက သူတို့အားလုံးအတွက် အခွင့်အရေးကောင်းတစ်ခုဖြစ်သည်ကို သဘောပေါက်လိမ့်မည်ဖြစ်သည်။
34.2
ထန့်ယွင်က ရွှယ်ကျွင်းလျန်ကို ပြန်ဖြေမည်အပြုတွင် ငိုသံတစ်သံကို ကြားလိုက်ရသည်။
ကျောင်းရွှေက ဒူးထောက်လိုက်ပြီး လေးဘက်ထောက်လျက် ရှေ့တိုးလာသည်။ ထို့နောက် ထန့်ယွင်၏ ခြေသလုံးကိုဖက်ကာ ငိုကြွေးလိုက်သည်။
" တာ့ဝမ်နဲ့ ဧကရီ ဒီအစေခံကို ကယ်ပါဦး ..."
–
ထန့်ရှန်က လက်ဖက်ရည်ဆောင်မှ ထွက်လာချိန်တွင် ရွှယ်ဟုန်ယန်က မြင်းဇက်ကြိုးကိုကိုင်ကာ သူ့ကိုစောင့်နေသည်ကို တွေ့လိုက်ရသည်။
ရွှယ်ဟုန်ယန်က သူ့ကို အော်ခေါ်လိုက်သည်။
" အိမ်ပြန်တော့မှာလား ဒါမှမဟုတ် လမ်းလျှောက်ချင်သေးလား ..."
ရွှယ်ဟုန်ယန်က ထန့်ရှန်ကို ဤနေရာတွင် ရည်ရွယ်ချက်ရှိရှိစောင့်နေခြင်းမှာ သူနှင့် ရွှယ်ယွီတို့ လက်ဖက်ရည်တူတူသွားသောက်ကြသည်ကို သိရှိကြောင်း ပြချင်သောကြောင့်ဖြစ်သည်။ သို့သော်လည်း ထိုကိစ္စကို သူသိကြောင်း ထန့်ရှန်ကို ဘာမှမပြောပေ။
ထန့်ရှန် ပြောလိုက်သည်။
" ကျွန်တော်နဲ့ လမ်းလျှောက်ချင်လို့လား ..."
အမျိုးသားနှစ်ယောက်က ဈေးဆိုင်တန်းကို တူတူလျှောက်သွားပြီး မြစ်ငယ်လေးတစ်ခုစီသို့ ရောက်သွားသည်။ ကောင်းကင်ယံတွင် နှင်းများကျနေသည့်အတွက် ရေမျက်နှာပြင်တွက်လည်း နှင်းထူထူများဖြင့် ဖုံးလွှမ်းနေသည်။
ထိုနှစ်ယောက်က အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့ကြသည်။ နောက်ဆုံးတွင် ထန့်ရှန်က ရယ်မောလိုက်ပြီး တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။
" ကျွန်တော့်ကို အဲ့လောက်ကြီး သတိထားဆက်ဆံနေစရာ မလိုပါဘူး ... ကျွန်တော်က အရှင့်ကို တစ်ကြိမ်ကယ်ခဲ့ဖူးလို့လား ... အရှင်က ကျွန်တော့်ကို နှစ်ကြိမ်တောင် ကယ်ခဲ့တယ်လေ ..."
ရွှယ်ဟုန်ယန်က ပါးစပ်ဟ၍ တစ်ခုခုပြောမည်ကြံလိုက်သော်လည်း နောက်ဆုံးတွင် ဘာမှမပြောခဲ့ပေ။
ထန့်ရှန်ပြောလိုက်သည်။
" ကျွန်တော့်ကို အဲ့လိုဆက်ဆံနေတော့ ကျွန်တော်လည်း သတိထားနေရတာပါ့...ကျွန်တော်က တချို့ကိစ္စတွေကို ပွင့်ပွင့်လင်းလင်းမပြောနိုင်တော့ အရှင့်ရဲ့ ကြင်နာမှုတွေကို ပြန်ဆပ်လို့ မရနိုင်ဖြစ်နေတာ..."
ထန့်ရှန့် ပြောနေရာမှ ရပ်လိုက်သည်။ လမ်းလျှောက်နေခြင်းကိုလည်း ရပ်လိုက်ပြီး မြစ်ဘက်သို့လှည့်ကာ တီးတိုးပြောလိုက်သည်။
" အရှင်နယ်စားမင်း ... ရွှယ်ယွီကိုသတိထားပါ ..."
" သူ မင်းကို ဘာပြောလို့လဲ ..."
ရွှယ်ဟုန်ယန်က သူ့ကိုယ်သူ မသိလိုက်ပဲ ထန့်ရှန်၏လက်မောင်းကိုကိုင်ရန် ပြင်လိုက်သော်လည်း လက်ကိုပြန်ရုတ်လိုက်သည်။
ထန့်ရှန်ပြုံးလိုက်သည်။
" ရွှယ်ယွီက ရိုးရှင်းတဲ့လူမဟုတ်ဘူး... ဒါပေမဲ့ ကျွန်တော်က သူနဲ့ပတ်သက်ပြီး ဘာမှမလုပ်နိုင်တော့ အရှင့်ကို သတိပေးရုံပဲ တတ်နိုင်တယ် ... ဒါပေမဲ့ အရှင်နယ်စားမင်းက နားထောင်ချင်ပါ့မလား မသိဘူး ..."
ရွှယ်ဟုန်ယန်ပြောလိုက်သည်။
" ပြောပြလို့ရပါတယ် ..."
" အရှင်နယ်စားမင်းက ရွှယ်ဝမ်ရဲ့ မျက်နှာသာပေးခံရတယ်လေ ... ဒါပေမဲ့ ဘုရင်တစ်ပါးဘေးမှာ ခစားနေရတာ ကျားတစ်ကောင်ဘေးမှာ ခစားနေရသလိုပဲဆိုတဲ့ ဆိုရိုးရှိတယ်လေ... ကျွန်တော်ထင်တာ မမှားဘူးဆိုရင် အရှင်မင်းကြီးက ရွှယ်ယွီရဲ့ စစ်အင်အားကို လိုချင်နေမှာပဲ... တစ်ဖက်လူရဲ့ စစ်အင်အားကို လိုချင်တယ်ဆိုတည်းက အဲ့ဒီစစ်သည်တွေကို သူ့ရဲ့တပ်မှာ ထည့်ပေါင်းချင်လို့ပဲလေ ... ဒါက ရွှယ်ဝမ်ရဲ့ အချက်ပြမှုဆိုလည်း မမှားဘူး ... ရွှယ်ယွီကိုရှင်းပြီးရင် အရှင့်အလှည့်ရောက်လာမှာစိုးတယ် ..."
ရွှယ်ဟုန်ယန်၏ အမူအယာပြောင်းလဲသွားသည်ကို ထန့်ရှန် သတိထားမိသော်လည်း ဆက်ပြောလိုက်သည်။
" ကျွန်တော်ပြောတာကို အရှင်သဘောမကျမှန်းသိပါတယ် ဒါပေမဲ့ နားထောင်ပေးတာ ကျေးဇူးတင်ပါတယ် ... ဒီစကားတွေပြောရတာ အရှင်နဲ့ ရွှယ်ဝမ်ကြား အဖုအထစ် ဖြစ်စေချင်လို့ မဟုတ်ပါဘူး... ကျွန်တော်ဒီအတိုင်း စိတ်ပူမိလို့ပါ ..."
ရွှယ်ဟုန်ယန်က ခဏတွေးပြီးနောက် ပြောလိုက်သည်။
" ကိုယ် နားလည်ပါတယ်... တခြားလူတွေကတော့ အမတ်မင်းရှန်က လူတွေကို ကြိုးကိုင်ခြယ်လှယ်နိုင်တယ်လို့ ထင်ကြမယ်ဆိုပေမယ့် ဟုန်ယန်ကတော့ အဲ့ဒီနှစ်က ကယ်တင်ပေးခဲ့တဲ့အတွက် အမတ်ရှန်ရဲ့ ကြင်နာမှုကို ဘယ်တော့မှ မမေ့ပါဘူး..."
ထန့်ရှန်က ရွှယ်ဟုန်ယန်ကိုကြည့်ပြီး ပြုံးပြလိုက်သည်။
" အရှင်နယ်စားမင်းကို ကျွန်တော့်က ကယ်ခဲ့မိလို့ အကြွေးတင်နေတယ်ထင်တာလား ... အဲ့ကိစ္စအတွက် ကျွန်တော့်ကို ပြန်ဆပ်ပြီးသွားပြီလေ ..."
ရွှယ်ဟုန်ယန်က ထန့်ရှန်၏ပြုံးနေသောမျက်နှာကိုစူးစိုက်စွာကြည့်ကာ ညှို့ယူဖမ်းစားခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ ထို့နောက် သူ့မျက်နှာက နီရဲတက်လာပြီး ချောင်းဆိုးလိုက်သည်။
" အဲ့တုန်းက... အဲ့ကိစ္စဖြစ်ခဲ့တာ ဟုန်ယန့်အမှားပါ ... အဲ့ကိစ္စကို ထပ်မပြောတော့ဘူးဆိုရင် ဝမ်းသာမိမှာပဲ ..."
ရွှယ်ဟုန်ယန်က စစ်မြေပြင်တွင်နေသားကျနေခဲ့သည့် ယောကျာ်းတစ်ယောက်ဖြစ်၍ ခံစားချက်များနှင့် ပတ်သက်လာပါက အလွန်ရိုးသားပြီး တဲ့တိုးဆန်သူတစ်ယောက်ဖြစ်သည်။ သူက ဇနီးမယားများပေါများ၍ ပရောပရည်လုပ်ရာတွင် ဆရာကျနေသော ရွှယ်ကျွင်းလျန်နှင့် မတူပေ။ သို့ဖြစ်၍ ထန့်ရှန်က သဘောကျစွာဖြင့် နှာမှုတ်လိုက်သည်။
ထန့်ရှန်က ဤကိစ္စကို ဆက်မဆွေးနွေးတော့ပဲ ပြောလိုက်သည်။
" ပြန်ကြရအောင်လေ... အပြင်ဘက်မှာ အရမ်းအေးတယ် ..."
—
ကျောင်းရွှေက ထန့်ယွင်၏ ခြေသလုံးကိုဖက်ထားကာ သနားစဖွယ် အော်ဟစ်ငိုယိုနေသည်။
" ဧကရီ ဒါတွေအားလုံးက ကျောင်းရွှေရဲ့ အမှားပါ... ကျောင်းရွှေကို ထန့်ဖေးက အရှင်မကို အန္တရာယ်ဖြစ်အောင်လုပ်ဖို့ ကူညီခိုင်းခဲ့တာပါ ... ဒီ အစေခံကို ခွင့်မလွှတ်သင့်ပါဘူး ..."
ထန့်ချမ်ယီက အလွန်ထိတ်လန့်သွားသဖြင့် ချက်ချင်းပင် မတ်တပ်ရပ်လိုက်သည်။ သူမခန္ဓာကိုယ်က တုန်ယင်နေပြီး အော်လိုက်သည်။
" အဆင့်နိမ့်တဲ့ အစေခံကများ... ဘာ အဓိပ္ပါယ်မရှိတာတွေ လာပြောနေတာလဲ ..."
ရွှယ်ကျွင်းလျန်က ထန့်ချမ်ယီကိုကြည့်ကာ ကြိမ်းမောင်းလိုက်သည်။
" ရိုင်းစိုင်းလိုက်တာ ..."
ကျန်းယွီက သူမကိုကြည့်ပြီး အမိန့်ပေးလိုက်သည်။
" သူ့ကို ကြမ်းပြင်ပေါ် ဒူးထောက်ခိုင်းထားစမ်း ..."
ရဲမက်များရောက်လာပြီး ထန့်ချမ်ယီကို ဒူးထောက်ခိုင်းထားသည်။
ကျောင်းရွှေက ထန့်ချမ်ယီကို မကြောက်ရွံ့သကဲ့သို့ ငိုယိုနေသည်။
" ဧကရီ ကျေးဇူးပြုပြီး ဒီအစေခံရဲ့ အသက်ကိုချမ်းသာပေးပါ ... ဒီလိုပြစ်မှုကြီးလုပ်ဖို့ ဒီအစေခံက ဖိအားပေးခံခဲ့ရတာပါ ... ထန့်ဖေးက သူ့အပြစ်ကို ဖုံးဖို့အတွက် လူတစ်ချို့ကို သူခိုးလို့ စွပ်စွဲပြီး သတ်ပစ်လိုက်ပါပြီ... ဒီအစေခံက ထန့်ဖေးကို ခစားခဲ့တာ အချိန်မကြာသေးခဲ့ဘူးဆိုရင် ကျွန်တော်မျိုးမကိုလည်း သတ်ပစ်မှာပါ... ဒီအစေခံက သေရမယ်ဆိုရင်တောင် အပြစ်တွေကိုချေဖို့ မလုံလောက်ပါဘူး ဒါပေမဲ့ သေရမယ်ဆိုလည်း ကျွန်တော်မျိုးမရဲ့ ဖြူစင်မှုကို သက်သေပြပြီးမှ သေလိုက်ချင်ပါတယ်..."
ကျောင်းရွှေကို ငုံ့ကြည့်နေသော ထန့်ယွင်က ထန့်ချမ်ယီကိုကြည့်ကာ သူ့လက်များတုန်လာသည်။ သူက ဧကရီ၏ ခန္ဓာကိုယ်ထဲ ရောက်နေသည်ကို ထန့်ချမ်ယီက မသိသော်လည်း သူတို့က ဆွေမျိုးရင်းချာများဖြစ်သည်။ ထန့်ချမ်ယီက သူ့ကို အန္တရာယ်ပြုချင်နေသည်ကို သူ မယုံကြည်နိုင်ဖြစ်နေသည်။
အမှန်တွင်မူ ဘုရင့်မောင်းမဆောင်အတွင်းမှ မိဖုရားနှင့် ကိုယ်လုပ်တော်များက ညစ်ပတ်သောနည်းလမ်းများသုံး၍ မြင့်မားသည့်နေရာသို့ တက်လှမ်းလိုသည်မှာ ဖြစ်ရိုးဖြစ်စဉ်ကိစ္စတစ်ရပ်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် သူမက ဘုရင်ထံမှ မျက်နှာသာပေးခြင်းခံရပါက လျစ်လျူရှု့မခံရတော့မည်အပြင် အအေးနန်းဆောင်ကိုလည်း မသွားရနိုင်တော့ပေ။
ထန့်ယွင်ကမူ သူနှင့် ထန့်ချမ်ယီက မရင်းနှီးကြသော်လည်း သွေးသားရင်းဆွေမျိုးအဖြစ် သူမကိုသတ်မှတ်ထားခဲ့သည်။ သူနှင့် ရင်းနှီးသူတစ်ယောက်မှမရှိသော ရွှယ်တိုင်းပြည်တွင် သူနှင့်ရင်းနှီးသော မိသားစုဝင်တစ်ဦးလည်းဖြစ်သည်။
ထန့်ယွင်မှာ သူ၏ယုံကြည်မှုက အပိုင်းပိုင်းအစစ ကျိုးပျက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ ထန့်ချမ်ယီ၏ လုပ်ရပ်က သူ့စိတ်ထဲ အက်ရာတစ်ခုမျှသာ ဖြစ်စေခဲ့သည်။ သို့ရာတွင် နှစ်ပေါင်းများစွာအတွင်း သူ၏ ညီအစ်ကိုများက သူ့ကို မတူမတန်သကဲ့သို့ ဆက်ဆံခဲ့ကြပြီး ၊ သူ့အဖေကလည်း သူ့ကိုမနာလိုဖြစ်ပြီး သံသယထားခဲ့သည်။ သစ္စာဖောက်မှုတစ်ခုစီတိုင်းက အက်ရာတစ်ခုစီကို ဖန်တီးခဲ့ပြီး ထိုအက်ရာများစုသွားသည့်အခါ တစ်စစီ ကျိုးပဲ့လာတော့သည်။
သူ့ကို ဆိုးရွားစွာဆက်ဆံခဲ့သူများမှာ ရန်သူဖြစ်သည့် ရွှယ်ကျွင်းလျန်မဟုတ်ပဲ သူ၏ဆွေမျိုးရင်းချာများဖြစ်နေခဲ့သည်။
ထန့်ယွင် မျက်လုံးမှိတ်ကာ အသက်ပြင်းပြင်းရှုလိုက်သည်။ စိတ်တည်ငြိမ်လာရမည့်အစား သူ၏နှလုံးခုန်သံများ ပို၍မြန်ဆန်လာသည်။ ထန့်ချမ်ယီ၏လုပ်ရပ်က ကြီးမားစွာစော်ကားမှုကြီးဟု ဆိုနိုင်သော်လည်း ပြဿနာမှာ သူမက မိဖုရားတစ်ပါးဖြစ်ရုံမက ထန့်တိုင်းပြည်မှလာသူ ဖြစ်နေသည်။ သူသိသော ရွှယ်ကျွင်းလျန်၏ ကောက်ကျစ်သည့် စိတ်ထားအရဆိုလျှင် ဤကိစ္စကို ဆင်ခြေအဖြစ်အသုံးပြုကာ ထန့်တိုင်းပြည်ကို ချေမှုန်းတော့မည်ဖြစ်သည်။
xxxx