Chapter 33
မင်းသာ ယောက်ျားတစ်ယောက်ဖြစ်ခဲ့ရင်
ရွှယ်ကျွင်းလျန်၏စကားကို ထန့်ယွင်ကြားသည့်အခါ သူ ရယ်ချင်သွားသည်။ သူက အရာအားလုံးကို ပိုင်ဆိုင်လိုသည့် ဘုရင်တစ်ပါးဖြစ်သည့်အလျောက် စစ်သည်တစ်ထောင်ခန့်ကိုပင် လက်မလွှတ်နိုင်ဖြစ်နေသည်။ ထို့အပြင် ရွှယ်ယွီက စစ်သည်တစ်ထောင်ကို ခေါ်လာသည်ဖြစ်၍ ထိုစစ်သည်များက သူ့ခွန်အားအရင်းမြစ်ဖြစ်နိုင်သည်။
ရွှယ်ကျွင်းလျန်က ဧကရီ့အတွက် ဖြေရှင်း၍မဖြစ်နိုင်သော ပြဿနာတစ်ခုကို ပေးလိုက်ခြင်းပင်။ သူ ယခုလေးတင် ဧကရီနှင့် ရွှယ်ယွီတို့ စကားပြောနေသည်ကို မျက်စိဖြင့်တပ်အပ်မြင်ခဲ့သည်။ သူမက ဤကိစ္စကိုဖြေရှင်းရန် နည်းလမ်း မရှာနိုင်သည့်အပြင် ရွှယ်ယွီနှင့်ပါ ဆက်နွယ်မှုမရှိကြောင်းကို သက်သေပြနိုင်မည်မဟုတ်ဟု သူသေချာနေသည်။
သို့သော်လည်း ဧကရီက ပြုံးလိုက်လိမ့်မည်ဟု သူမထင်မှတ်ခဲ့ပေ။
ဧကရီက ဉာဏ်ကောင်းသူတစ်ယောက်ဖြစ်သည်ကို သူသိသည်။ သို့ရာတွင် သူမမည်မျှပင်ဉာဏ်ကောင်းပါစေ သူမက နန်းတွင်းမောင်းမဆောင်ထဲမှ အမျိုးသမီးတစ်ယောက်သာဖြစ်သည်။ သိမ်မွေ့နူးညံ့၍ နာခံတတ်သော အမျိုးသမီးတစ်ယောက်က စစ်ဗျူဟာများကို နားလည်နိုင်မည်မဟုတ်ပေ။
သို့ရာတွင် ရွှယ်ကျွင်းလျန်က ထန့်ယွင်အကြောင်းကိုမသိပေ။ ထန့်ယွင်က ခက်ခဲကြမ်းတမ်းမှုများကို ရင်ဆိုင်ခဲ့ရသူဖြစ်သော်လည်း သူက အရည်အချင်းရှိပြီး အမြင်ကျယ်သူဖြစ်သည်။ ရွှယ်ဝမ်၏ တခြားဇနီးသည်များနှင့် ပြိုင်ဆိုင်ရစဉ်တွင် ဘာမှမလုပ်ပဲ ဘေးထွက်နေခဲ့သည်။ သို့ရာတွင် စစ်ဗျူဟာများနှင့် ပတ်သက်လာပါပ ထန့်ယွင်ထက်ပို၍ အရည်အချင်းရှိသူ မရှိနိုင်တော့ပေ။
ထန့်ယွင်ပြောလိုက်သည်။
" အရှင် သူ့ရဲ့စစ်သည်တွေကို လိုချင်တယ်ဆိုရင် အမိန့်ပေးလိုက်ပြီး အတင်းအကြပ်သိမ်းပိုက်လိုက်လို့ရတာပဲ ..."
ရွှယ်ကျွင်းလျန်က ပြန်ဖြေလိုက်သည်။
" ကိုယ်တော်က ရွှယ်ယွီကို ဘယ်လိုမှ မငြင်းဆန်နိုင်တဲ့ အခြေအနေတစ်ခုရောက်အောင် လုပ်ချင်တာ ..."
" တစ်ခုခုကို လိုချင်ရင် တစ်ခုခုကို အရင်ဆုံး ပေးရပါလိမ့်မယ်အရှင် ... အုပ်ချုပ်သူတွေက အရင်တည်းက တစ်ခုခုကို အလိုရှိတယ်ဆိုရင် အဲ့လူကို တစ်ခုခုကို ပြန်ပေးရပါတယ်... အရှင်က နယ်စားမင်းကျန့်ကျန်းရဲ့ စစ်သည်တွေကို လိုချင်တယ်ဆိုရင် သူ့ကိုတစ်ခုခုနဲ့ အချိုသတ်ရပါလိမ့်မယ် ..."
ထိုစကားအနည်းငယ်မျှပင် ရွှယ်ကျွင်းလျန်၏စိတ်ထဲတွင် ရှင်းလင်းသွားပြီး ဧကရီ၏အကြံကို ရိပ်စားမိသွားသော်လည်း သူမထံမှ ထပ်ကြားလိုသေး၍ ပြောလိုက်သည်။
" ဆက်ပြောပါဦး ..."
ထန့်ယွင်ပြောလိုက်သည်။
" မြို့စားမင်းကျန့်ကျန်းက နန်းမြို့တော်ကိုရောက်လာတာ ဘိုးဘေးကန်တော့ပွဲ အခမ်းအနားကျင်းပဖို့ ရည်ရွက်ချက်အတွက်ပါ ... အခမ်းအနားပြီးသွားပြီဆိုရင် နယ်စပ်ကို ပြန်သွားရမှာဆိုတော့ သူမပြန်ခင် အရှင်မင်းကြီးက စစ်ရေးအခမ်းအနားလုပ်ပြီး သူ့ရဲ့စစ်သည်တွေကို ကောင်းကောင်းမလေ့ကျင့် ထားရသေးဘူးလို့ ပြောလိုက်ပါ ... ပြီးတော့မှ မြို့စားမင်းကျန့်ကျန်းကို လိုက်ပါပို့ဆောင်ဖို့ ဧကရာဇ်ရဲ့ကိုယ်ပိုင်စစ်သည်တွေထဲက ၁၂ယောက် ဒါမှမဟုတ် အယောက်နှစ်ဆယ်လောက်ကို ချီးမြှင့်ပေးလိုက်ရင် ရပါတယ် ..."
ထိုစကားကိုကြားသည့်အခါ ရွှယ်ကျွင်းလျန် မပြုံးပဲ မနေနိုင်တော့ပေ။
" အိုက်ဖေးက ဒီလောက် ဉာဏ်များမယ်လို့ မထင်မိဘူး ..."
" ဒါက ကျွန်တော်မျိုးမရဲ့ အတွေးသက်သက်ပါပဲ ... အရှင်မင်းကြီးရဲ့ ကိုယ်ပိုင်စစ်သည်အစောင့်တွေကို လက်လွှဲပေးတယ်ဆိုတည်းက ဒါကို လက်ခံရရှိတဲ့ ဘယ်သူ့အတွက်မဆို ကောင်းချီးတစ်ပါးပါပဲ ... နယ်စားမင်းကျန့်ကျန်းက ငြင်းနိုင်မှာ မဟုတ်ပါဘူး ..."
" ကောင်းပါပြီလေ ကိုယ်ပိုင်စစ်သည် ၁၂ယောက် ဒါမှမဟုတ် ၂၀လောက်နဲ့ စစ်သည်တစ်ထောင်ကို ရမယ်ဆိုရင်တော့ တော်တော်လေး ဈေးတန်တယ်ပြောရမယ်..."
ရွှယ်ကျွင်းလျန်က ဧကရီ၏ ပါးပြင်ပေါ်မှ ဆံနွယ်များကို နားရွက်နောက် သပ်တင်ပေးလိုက်သည်။ သူ၏ အထိအတွေ့က အလွန်ညင်သာလွန်းလှသည်။ ထို့နောက် သူက နူးညံ့စွာပြောလိုက်သည်။
" ယောက်ျားတွေထက် အသိဉာဏ်ပညာရှိရုံတင်မကဘူး လုပ်ရည်ကိုင်ရည်လည်းရှိတဲ့ မိန်းမလှလေးတစ်ယောက်ကို ဧကရီအဖြစ်ရမယ်လို့ ကိုယ်တော် မထင်ထားခဲ့ဘူး..."
ထိုစကားများကို ကြားသည့်အခါ ထန့်ယွင်ကြက်သီးထသွားသည်။ သူက လက်ရှိအချိန်တွင် ဖုန့်တိုင်းပြည်၏ မင်းသမီးဖြစ်နေ၍ စစ်ဗျူဟာများအကြောင်းပြောလိုက်မိသည့်အခါ ကျိန်းသေပေါက် သံသယဝင်ခံရမည်ဖြစ်သည်။
သို့သော်လည်း ရွှယ်ကျွင်းလျန်က ဧကရီ၏ ပုံမှန်နှင့်မတူသော ဗဟုသုတများကို အံ့ဩတကြီးဖြစ်နေရမည့်အစား စကားလမ်းကြောင်းပြောင်းလိုက်သည်။
" ကိုယ်တော် တစ်ခြားကိစ္စတစ်ခုကိုတောင် ပြောဖို့မေ့သွားတော့မလို့... ကိုယ်လုပ်တော်ရွေးပွဲလုပ်ဖို့ရက်တောင် နီးလာပြီနော်... အိုက်ဖေးပဲ ပွဲကိုစီစဉ်ကြီးကြပ်ပေးပါဦး ... အဲ့ဒါမှ စည်းမျဉ်းစည်းကမ်းတွေအတိုင်း ချောချောမွေ့မွေ့ပြီးသွားနိုင်မှာ ..."
ဧကရီက ကိုယ်လုပ်တော်ရွေးပွဲအကြောင်း ကြားလိုက်သည့်အခါ စိတ်လှုပ်ရှားသွားလိမ့်မည်ဟု ရွှယ်ကျွင်းလျန်ထင်လိုက်မိသည်။ အဘယ့်ကြောင့်ဆိုသော် ဧကရီက မှီခိုအားထားရမည့် သားတော်မရှိသည့်အပြင် သူ့ကို အိပ်ယာပေါ်တွင် အဖော်ပြုသူလည်းမဟုတ်ပေ။ ကိုယ်လုပ်တော်ရွေးပွဲက သူမအတွက် ကပ်ဆိုးကြီး ရောက်ရှိလာသည်နှင့် တူနေလိမ့်မည်ဖြစ်သည်။
သို့သော်လည်း ဧကရီ၏ မျက်နှာအမူအယာက တစ်ချက်မှ ပြောင်းလဲမသွားပေ။ ကိုယ်လုပ်တော်ရွေးပွဲက သူမနှင့် လုံးဝမသက်ဆိုင်သကဲ့သို့ တည်ငြိမ်ကာ မတုန်မလှုပ်ဖြစ်နေသည်။
[ T/N : ကိုယ်လုပ်တော်ရွေးပွဲဆိုတာ မောင်းမဆောင်က အမျိုးသမီးတွေ ( မိဖုရား၊ ကိုယ်လုပ်တော်နဲ့ မောင်းမတွေ ) ကို ရွေးချယ်ရတဲ့ပွဲဖြစ်ပြီး သုံးနှစ်တစ်ခါ ကျင်းပပါတယ် ]
သို့ဖြစ်၍ ရွှယ်ကျွင်းလျန်မှာ စိတ်ရှုပ်ထွေးသွားရသည်။ မိဖုရားတစ်ပါးက မောင်းမဆောင်တွင် အခြေခိုင်သောနေရာတစ်ခု ရရှိထားပြီး စိတ်ချရသောအနေအထားတွင် ရှိနေလျှင်ပင် သူမ၏နေရာကို ပိုမိုခိုင်မြဲအောင် လုပ်ဆောင်ထားရမည်ဖြစ်သည်။ သူမတွင် ရည်မှန်းချက်သာရှိပါက အခြားဇနီးများ၏အထက်ရောက်အောက် ကြိုးစား၍ရနိုင်သော်လည်း ဧကရီက မည်သို့သောအခါကမှ ထိုကဲ့သို့ မပြုလုပ်ခဲ့ပေ။
ရွှယ်ကျွင်းလျန်က မျက်လုံးများမှေးကျဉ်းလျက် ဧကရီကိုကြည့်နေပြီး အပြုံးတစ်ဝက်ဖြင့် ပြောလိုက်သည်။
" မင်းက ကိုယ်တော်နဲ့ အတူတူ ရှိနေချိန်ဆို မှန်းဆဖို့ခက်လိုက်တာလို့ ခံစားနေရတယ်..."
33.2
ထန့်ယွင်က အလိုလိုတုံ့ပြန်နိုင်စွမ်းကြောင့် လန့်သွားမိသည်။ သူက ဖုန့်တိုင်းပြည်မင်းသမီး၏ကိုယ်ထဲ ရောက်ရှိနေကြောင်းကို မည်သူမျှ မသိကြပေ။ ထန့်ယွင်၏ အယုံကြည်ရဆုံးသူငယ်ချင်း ထန့်ရှန်သည်ပင် မသိပေ။ ရွှယ်ကျွင်းလျန်၏စကားများကို ကြားရသည့်အခါ သူ့အကြောင်းသိသွားမည်စိုး၍ ရင်တဒိတ်ဒိတ်ခုန်လာသည်။
အဲ့လိုတော့ မဖြစ်နိုင်လောက်ပါဘူးနော် ဟုတ်တယ်မလား ...
ဧကရီနှင့် ရန်သူတိုင်းပြည်၏စစ်သူကြီးတစ်ယောက်တွင် ကွာခြားချက်များစွာရှိနေသည်ဖြစ်၍ ထိုနှစ်ယောက်ကို ဆက်နွယ်ကြည့်ရန်မှာ မဖြစ်နိုင်လှပေ။
ရွှယ်ကျွင်းလျန် ထပ်ပြောလိုက်သည်။
" ပြီးတော့ မင်းကိုလည်း ကိုယ်တော်ထိခွင့်မရဘူးလေ ... တခြားဇနီးတွေဆိုရင် ကိုယ်တော်က သူတို့ဆီမလာမှာစိုးလို့ တစ်နေ့ကို အမွှေးတိုင်သုံးကြိမ်ထွန်းပြီး ဆုတောင်းနေရတာ... မင်းက ဉာဏ်ကောင်းမှန်းတော့ သိပါတယ် ဒါပေမဲ့ နည်းဗျူဟာတွေအကြောင်းပြောရင် ပိုပြီး အသိအမှတ်ပြုချင်စရာကောင်းတယ် ... အခုလည်းကြည့်လေ မင်းက စစ်ပွဲထဲ ရောက်ဖူးတဲ့လူလိုမျိုးပြောနေတာ... တခြားကိစ္စတွေ ပြောလိုက်ရင်ကျတော့ ခေါင်းထဲသိပ်မထည့်တော့ဘူး ..."
ရွှင်မြူးမှုများဖြင့် ပြည့်နေသောလေသံဖြင့် ပြောလိုက်သည်။
" ဒါမှ မဟုတ် အိုက်ဖေးက မှားပြီးမွေးလာတာများလား ... အကယ်၍ မင်းသားယောက်ျားတစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင် အရမ်းထူးချွန်တဲ့ စစ်သူကြီးတစ်ယောက် ဖြစ်နေလောက်ပြီ ..."
ထန့်ယွင်က ဝတ်ရုံလက်ထဲတွင် လက်သီးကို တင်းတင်းဆုပ်ထားပြီး တုန်လှုပ်နေသည်။
ရွှယ်ကျွင်းလျန်က ဧကရီကို ရင်ခွင်ထဲထည့်လိုက်ချိန်တွင် သူမက တုန်ယင်ပြီး တစ်ကိုယ်လုံး အေးစက်နေသည်ဟု ထင်လိုက်မိသည်။
" ချမ်းနေတာလား ... ဖုန့်တိုင်းပြည်က တောင်ဘက်မှာရှိတယ်ဆိုတော့ ဒီနေရာက ရာသီဥတုနဲ့ အသားကျဖို့ ခက်ခဲနေမှာပေါ့လေ ... ဒါပေမဲ့ အဲ့ဒီမှာလည်း နှင်းကျတယ်မလား ..."
ထန့်ယွင် မစဉ်းစားနိုင်တော့ပဲ ပါးစပ်ထဲရှိရာဖြေလိုက်သည်။
" မကျပါဘူးအရှင် ..."
ဖုန့်တိုင်းပြည်က ထန့်တိုင်းပြည်ကဲ့သို့ပင် ရွှယ်တိုင်းပြည်၏ တောင်ဘက်တွင်ရှိသည်။ သို့သော်လည်း ဖုန့်တိုင်းပြည်၏ရာသီဥတုက ထန့်တိုင်းပြည်ကဲ့သို့ မနွေးထွေးလှသော်လည်း ဆောင်းရာသီတွင်မူ နှင်းကျလေ့ရှိသည်။ ထန့်ယွင်က သူ့ဘဝတစ်လျှောက်လုံးတွင် နှင်းကျသည်ကို တစ်ကြိမ်သာ မြင်ဖူးခဲ့သည်။ ထိုအချိန်က ရွှယ်တိုင်းပြည်၏ နယ်စားမင်းဝမ်နျန်ကို နယ်စပ်တွင် အနိုင်ယူနိုင်ခဲ့၍ စိတ်အားတက်ကြွနေခဲ့သည်။ ထိုနှစ်က နှင်းကျခဲ့သည့်အတွက် ထိုအချိန်မှသာ နှင်းကို ပထမဆုံးအကြိမ် မြင်ဖူးခဲ့သည်။
သူ့အမှားကို သတိပြမိသွား၍ ထန့်ယွင် အလျင်အမြန် ပြင်ပြောလိုက်ရသည်။
" တစ်ခါတစ်ရံမှ နှင်းကျတာပါ .
ရွှယ်ကျွင်းလျန်က ဧကရီနှင့် ရွှယ်ယွီ၏ ဆက်နွယ်မှုကို အဆုံးထိ သံသယဝင်နေခဲ့သည်။
လူနှစ်ယောက်က ဥယျာဉ်ထဲမှ အဆောင်ငယ်လေးထဲတွင် တစ်ယောက်ကိုတစ်ယောက် ဖက်ထားကြသော်လည်း ရင်ထဲတွင်မူ အမျိုးအမည်မဖော်ပြနိုင်သော ဝေဒနာတစ်မျိုးစီကို ထွေးပိုက်ထားကြသည်။
—
နယ်စားမင်းကျန့်ကျန်းမှာတော်ဝင်မိသားစု၏ မိသားစုဝင်တစ်ယောက်ဖြစ်ကာ ယခင်မင်းကြီး၏ သွေးသားရင်းချာလည်းဖြစ်သည်။ ရွှယ်ကျွင်းလျန်က သူ့ကို မနှစ်သက်သော်လည်း သူ့ညီငယ်လေးကို နွေးထွေးကြင်နာစွာ ဆက်ဆံဟန်ဆောင်ရသည်။ ၎င်းကိုမြင်သည့်အခါ ညီလာခံမှ မှူးမတ်များက နယ်စားမင်းကျန့်ကျန်းကို မစော်ကားရဲကြတော့ပေ။ သူတို့အားလုံးက နယ်စားမင်းကျန့်ကျန်းကို သူတို့နေထိုင်ရာ အိမ်တော်များကို လာရောက်ရန် တောင်းဆိုကြတော့သည်။
စားသောက်ပွဲတွင် ဝိုင်သောက်ပြီးသည့်အခါ ရွှယ်ယွီက သူ့အိမ်တော်သို့ မြင်းစီး၍ မပြန်သင့်တော့သဖြင့် အမတ်များက အလိုက်တသိဖြင့် ဝေါယာဉ်ပြင်ပေးလိုက်ကြသည်။ ရွှယ်ယွီကို အဖော်ပြုပေးရန်အတွက် မိန်းမလှလေးအချို့ကို ထည့်ပေးမည်ပြင်သော်လည်း ရွှယ်ယွီက ပညာရှိတစ်ယောက်ဖြစ်၍ လောက၏ သာယာမှုများထဲ မနစ်မွန်းနိုင်ပေ။ သို့ဖြစ်၍ အဆုံးတွင် ဝေါယာဉ်ကိုသာ လက်ခံလိုက်သည်။
ရွှယ်ယွီက ဝေါယာဉ်ကိုမှီလိုက်ပြီး ဘေးဘက်တံခါးမှ လိုက်ကာစကို ဖွင့်လိုက်သည်။ နို့နှစ်ရောင်ဝတ်ရုံနှင့် လူတစ်ယောက် လမ်းလျှောက်နေသည်ကို မြင်လိုက်ရသည်။ နူးညံ့စွာရယ်လိုက်ပြီး သူ့ယင်တောင်ဖြင့် ဝေါယာဉ်တံခါးကို ခေါက်လိုက်သည်။ ဝေါယာဉ်ကို ထမ်းထားသည့် လူလေးယောက်လုံးက ရပ်လိုက်သည်။
ရွှယ်ယွီက အောက်ဆင်းမလာပဲ ပြတင်းပေါက်မှသာ ရယ်မောလျက် လှမ်းခေါ်လိုက်သည်။
" ထန့်သခင်လေး ကျွန်တော့်ကို မှတ်မိသေးလား ..."
ထန့်ရှန်က တစ်စုံတစ်ယောက်က သူ့နာမည်ကို ခေါ်သံကြားလိုက်၍ လမ်းလျှောက်နေရာမှ ရပ်လိုက်သည်။ တစ်ဖက်သို့လှည့်လိုက်သည့်အခါ လူငယ်တစ်ယောက်ကို တွေ့လိုက်ရသည်။ ထိုလူ၏ မျက်နှာက သောက်ထား၍ နီရဲသယောင်ဖြစ်နေသော်လည်း ပြုံးနေသေးသည်။
ထန့်ရှန်၏စိတ်ထဲတွင် မှတ်ဉာဏ်များကို ဝိုးတဝါးသတိရလာသော်လည်း အံ့အားသင့်မှုကို ထိန်းချုပ်ထားလိုက်သည်။ ထို့နောက် သူ့အကြည့်က ဝေါယာဉ်ပေါ်မှ လူထံသို့ရောက်သွားသည်။
ရွှယ်ယွီက စားသောက်ပွဲသို့လာစဉ်က မြင်းစီးလာသော်လည်း ပြန်သည့်အချိန်တွင် သူ့မြင်းကို အခြားလူများနှင့် ပြန်ပေးလိုက်သည်။ ရွှယ်တိုင်းပြည်၏ ရာထူးအဆင့်အတန်းခွဲခြားမှုစနစ်က တင်းကြပ်လွန်းလှသည်။ တော်ဝင်မိသားစုဝင်များအတွင်း၌ပင် တိုက်ရိုက်ဆွေမျိုးတော်စပ်သူနှင့် သူတို့မှ ခွဲဖြာလာသောလူများကို ဆက်ဆံပုံက ကွဲပြားလှသည်။
ရွှယ်တိုင်းပြည်၏ တော်ဝင်မိသားစုအတွင်း ရွှယ်ယွီ၏ အတန်းကို သိရှိရန်အတွက် ထန့်ရှန်တစ်ချက်သာကြည့်ရန် လိုအပ်သည်။
သူတို့နှစ်ယောက် တွေ့ဆုံခြင်းကို ထန့်ရှန်က မအံ့ဩသွားသည့်အတွက် ရွှယ်ယွီက မျက်ခုံးပင့်လိုက်မိသည်။
" သခင်လေးထန့်ကို မတွေ့ရတာတောင်ကြာပြီ ... ကျွန်တော်တို့ လက်ဖက်ရည်သောက်ရင်း စကားပြောကြမလား ..."
—
xxxxxx