အပိုင်း ၃၂
Viewers 13k

Chapter 32


ထန့်ယွင် သက်ပြင်းချလိုက်သည်။ ထို့နောက်တစ်စုံတစ်ယောက်က သူ၏သက်ပြင်းချသံအတိုင်း ပဲ့တင်ထပ်အောင်လုပ်လိုက်သည်ကို ကြားလိုက်ရသည်။ သူ့မျက်လုံးထောင့်မှ အပြာနုရောင်ဝတ်ရုံဝတ်ထားသော ယောက်ျားတစ်ယောက်ကို ထန့်ယွင် မြင်လိုက်ရသည်။ 


ထိုလူက ရွှယ်ယွီဖြစ်သည်။


ရွှယ်ယွီက သူ့ဘေးနားရောက်လာပြီး ပြုံးပြလိုက်သည်။

" အရှင်မ ဘာလို့များ သက်ပြင်းချနေရတာများလဲ ..."


ထန့်ယွင်က သူ့ကိုလှည့်မကြည့်ပဲ ပြောလိုက်သည်။

" အရှင်နယ်စားမင်းကရော ညစာစားပွဲမှာ ဘာလို့မရှိနေရတာလဲ ..."


ရွှယ်ယွီရယ်လိုက်သည်။ သူ ရှေ့သို့တိုးလာပြီးနောက် ပြောလိုက်သည်။


" ညီမလေးယွင်ကြောင့်ဆိုတာ သိသာနေတာပဲလေ ..."


ရှို့ယောင် ပင့်သက်ရှိုက်လိုက်မိသော်လည်း ဘာမှမပြောရဲပေ။ သူမက ဧကရီ၏နောက်လိုက်အစေအပါးဖြစ်၍ ဧကရီနှင့် နယ်စားမင်းတို့ တစ်ယောက်နှင့်တစ်ယောက် သိနေသည်ကို လွယ်လွယ်မယုံနိုင်ဖြစ်နေသည်။ သို့ရာတွင် ရွှယ်ယွီ၏ စကားများကို ကြားလိုက်ရသည့်အခါ သံသယမဝင်ပဲ မနေနိုင်တော့ပေ။


ထန့်ယွင်ကလည်း ရယ်လိုက်သည်။


" အရှင်နယ်စားမင်းက ကျွန်မကို တစ်ယောက်ယောက်နဲ့ လူမှားနေပုံပဲ ..."


" ညီမလေးယွင် ဆိုလိုတာက ..."


ရွှယ်ယွီက ပြုံးနေဆဲဖြစ်သော်လည်း သူ့အပြုံးက အသက်မဝင်တော့ပေ။


" အရှင်မက အဲ့လို အခေါ်မခံချင်ဘူးလို့ ဆိုလိုချင်တာလား ..."


ထန့်ယွင်က သူ့ကိုတစ်ချက်ကြည့်ရုံသာကြည့်ပြီး ပြောလိုက်သည်။


" အရှင်နယ်စားမင်း ပြန်သွားသင့်နေပါပြီ ညစာစားပွဲက အရှင့်အတွက်လုပ်ပေးတာလေ ...အဲ့မှာ ရှိမနေဘူးဆိုတာ မဖြစ်သင့်ဘူး ..."


တစ်ဖက်လူ၏ မတုန်မလှုပ်ပုံစံကြောင့် ရွှယ်ယွီ၏ အမူအယာက အနည်းငယ် ရန်လိုပုံဖြစ်သွားသော်လည်း အမြန်ပြန်ပြုံးပြလိုက်သည်။


" ငါတို့ သဘောတူထားတာကို မင်းမေ့နေပုံရတယ် ..."


ထန့်ယွင် သူ့ဘက်သို့လှည့်ကာ ပြောလိုက်သည်။


" အဲ့လိုအရာမျိုး ရှိခဲ့တယ်ဆိုတာ ကျွန်မ မမှတ်မိပါဘူး..."


" အဲ့လိုလား ..."

ရွှယ်ယွီ၏ အမူအယာက လန့်စရာဖြစ်သွားပြီးနောက် အေးစက်စက်ရယ်ကာ ပြောလိုက်သည်။


" ငါ သိခဲ့သင့်တယ်... ငါတို့ သဘောတူညီချက် လုပ်ခဲ့တုန်းက မင်းရဲ့ အနေအထားက မသေချာ မရေရာဘူး ... ‌ခုနောက်ပိုင်းရွှယ်ဘုရင်က မင်းကို မျက်နှာသာပေးနေတယ်လို့ကြားတယ် ... အဲ့ဒါကြောင့် ငါတို့ သဘောတူထားတာကို မေ့သွားတာနေမယ် ..."


ရှို့ယောင်က နယ်စားမင်းကျန့်ကျန်း၏ အမူအယာအေး စက်သွားသည်ကိုမြင်၍ ကြောက်သွားသည်။ သို့သော်လည်း အားတင်းကာ ပြောလိုက်ရသည်။


" အရှင်နယ်စားမင်း ကျေးဇူးပြုပြီး စကားအပြောအဆို သတိထားပေးပါ ..."


ရွှယ်ယွီက ရှို့ယောင်ကို ရေခဲတမျှအေးစက်သောအကြည့်ဖြင့် ကြည့်လိုက်သည်။ ထို့နောက်တွင် သူမကို အသေးအဖွဲ့ဟူသာ သဘောထားလိုက်ပြီးနောက် ထန့်ယွင်ကို ပြန်ကြည့်လိုက်သည်။ ပါးစပ်ဟ၍ တစ်ခုခုပြောရန်ပြင်လိုက်သော်လည်း ဤနေရာသို့လာနေသည့်ခြေသံများကို ကြားလိုက်ရသည်။


အိမ်ရှေ့စံမင်းသားငယ်လေးရွှယ်ဖေးက ထန့်ယွင်၏ရင်ခွင်ထဲ ပြေးဝင်လာသဖြင့် သားအမိ နှစ်ယောက်လုံး ချော်လဲမတတ်ဖြစ်သွားသည်။


ရွှယ်ဖေက ထန့်ယွင်ကို ဖြူစင်စွာကြည့်ပြီး မေးလိုက်သည်။


" မယ်တော် မယ်တော် ... ဘာလို့ အဆောင်ကို မပြန်လာသေးတာလဲ ... သားတော်က မယ်တော့်ကိုရှာနေတာ ..."


ရွှယ်ဖေက ရွှယ်ယွီဘက်သို့လှည့်၍ ရိုးသားစွာပြောလိုက်သည်။


" ဦးရီးတော်လည်း ဒီမှာရှိနေတာကိုး ... ခမည်းတော်က ဦးရီးတော်ကို ရှာနေတယ် ... ဦးရီးတော်ကို ဂုဏ်ပြုချင်တဲ့အမတ်တွေရှိနေပေမယ့် ရှာမတွေ့လို့တဲ့ ..."


ရွှယ်ဖေ၏ အပြစ်ကင်းစင်သော မျက်နှာလေးကို ရွှယ်ယွီက အချိန်အတော်ကြာ ငုံ့ကြည့်လိုက်သည်။ သူ့အနောက်မှ လန့်ကျင်းက တီးတိုးပြောလိုက်သည့်အခါမှသာ စိတ်နှင့်လူ ပြန်ကပ်သွားသည်။


" အရှင်နယ်စားမင်း ..."


ရွှယ်ယွီက အကြည့်လွှဲလိုက်ပြီးနောက် ပြောလိုက်သည်။

" ဦးရီးတော် ဝိုင်သောက်ရတာ ပျင်းဖို့ကောင်းလို့ လမ်းလျှောက်ရင်း မထင်မှတ်ထားပဲ ဒီနားကို ရောက်လာတာပါ ..."


ထို့နောက်တွင် ရွှယ်ယွီက လန့်ကျင်းကိုခေါ်ပြီး ပြန်ထွက်သွားသည်။


တဖြည်းဖြည်း အဝေးသို့ရောက်သွားသော ရွှယ်ယွီ၏ကျောပြင်ကိုကြည့်ကာ ရွှယ်ဖေသက်ပြင်းချလိုက်သည်။

" မယ်တော် ... ဘာလို့ အဲ့မြေခွေးနဲ့ စကားပြောနေရတာလဲ ..."


ထန့်ယွင် ပြုံးလိုက်သည်။

" သားတော်က ကလေးပဲရှိသေးတာလေ ... လူတစ်ယောက်က မြေခွေးဟုတ်မဟုတ် ဘယ်လိုသိလဲ ..."


ရွှယ်ဖေပြောလိုက်သည်။

" သားတော်က အနာဂတ်မှာ စစ်သူကြီးဖြစ်လာမယ့်သူလေ... ဒီတိုင်းပြည်ကြီး ငြိမ်းချမ်းတည်ငြိမ်မှုတွေရှိလာအောင် ဦးဆောင်ရမှာ ... လူတစ်ယောက်က မြေခွေးဟုတ်မဟုတ် လေ့လာတတ်တာပေါ့ သားတော်က ကလေးမဟုတ်တော့ဘူးလေ ..."


ရွှယ်ဖေက အသက်ရှစ်နှစ်ပြည့်ခါနီးပြီဖြစ်သည်။ သူ့ အသက်ခြောက်နှစ်အရွယ်တည်းမှစကာ စာပေနှင့် သိုင်းပညာကို လေ့လာခဲ့ပြီး နန်းတွင်းတွင် ကြီးပြင်းခဲ့သူဖြစ်၍ ကမ္ဘာကြီးကို ရှု့မြင်ပုံက ကွာခြားလှသည်။

32.2


နန်းတွင်းတွင် ကြီးပြင်းသည့် ကလေးများမှာ စာမရေးတတ် မဖတ်တတ်သေးမီအချိန်မှာပင် မည်သည့်လူများက မြေခွေးကဲ့သို့လူမျိုးဖြစ်ကြောင်း ပြောနိုင်ကြသည်။ ထိုအကြောင်းများကြောင့် ရွှယ်ဖေက အများနှင့်မတူ တစ်မူထူးခြားကာ ဉာဏ်ကောင်းသည့် ကလေးငယ်တစ်ဦးဖြစ်လာသည်။


ရွှယ်ဖေက ကိစ္စကောင်းတစ်ခုကို ဆောင်ရွက်ခဲ့သကဲ့သို့ ဂုဏ်ယူနေမိသည်။ သူ တစ်ဖက်သို့လှည့်ကာ ရွှယ်ကျွင်းလျန်ကို ကြည့်လိုက်သည်။အိမ်ရှေ့စံမင်းသားငယ်လေးကို အားလုံးကရိုကျိုးကြသည့်အပြင် ရွှယ်ကျွင်းလျန်ကလည်းသူ့ကို အလိုလိုက်သည်။ သို့သော်လည်း အလွန်အကြူးအလိုလိုက်ပြီး ဖျက်ဆီးခြင်းမဟုတ်ပေ။ ရွှယ်ကျွင်းလျန်က ဆုချရမည့်ကိစ္စမျိုးနှင့် အပြစ်ဒဏ်ပေးကမည့်ကိစ္စမျိုးများတွင်မူ စည်းကမ်းတင်းကြပ်သည်။ သို့ဖြစ်၍ ရွှယ်ဖေက ရွှယ်ကျွင်းလျန်ကို ရင်ထဲအသည်းထဲမှ ရိုသေလေးစားသည်။


ရွှယ်ဖေ၏ ပျော်ရွှင်နေသောအပြုံးကို ထန့်ယွင်မြင်၍ သူကြည့်နေသောဘက်သို့ ကြည့်လိုက်မိသည့်အခါ ရွှယ်ကျွင်းလျန် လာနေသည်ကို မြင်လိုက်ရသည်။ ရွှယ်ကျွင်းလျန်၏နောက်တွင် ကျန်းယွီတစ်ယောက်သာ လိုက်လာသည်။


ရွှယ်ကျွင်းလျန်က ရွှယ်ဖေ၏ခေါင်းကိုပုတ်ကာ မေးလိုက်သည်။

" သားတော်လေး သောက်လာတာလား ..."


ရွှယ်ဖေက ပါးဖောင်းဖောင်းလေးများကို စူပုတ်ကာ ရေရွတ်လိုက်သည်။

" သားတော် နှစ်ငုံပဲသောက်တာ ..."


ရွှယ်ကျွင်းလျန်၏ အပြုံးတစ်ဝက်ကို မြင်လိုက်မိ၍ ပြန်ပြင်ပြောလိုက်သည်။

" နှစ် ... နှစ်ခွက်တည်းပါ ..."


" ဟုတ်ပါပြီ ..."


ရွှယ်ကျွင်းလျန်က ယခုလက်ရှိအချိန်တွင် ရွှယ်ဖေကို ဆူရန်မဟုတ်ပဲ ကြုံရာမေးခွန်းတစ်ခု မေးလိုက်ခြင်းသာဖြစ်သည်။

[T/N : ရှေးခေတ် တရုတ်ပြည်မှာက အသက်မပြည့်သေးတဲ့ကလေးတွေ အရက်သောက်တာကို ထူးဆန်းတယ် မထင်ကြပါဘူး ]


" နေ့လယ်ကျရင် စာပြန်လေ့လာရမယ်နော် အပျင်းမထူရဘူး ..."


" သားတော် နားလည်ပါပြီ ..."

ရွှယ်ဖေ ခေါင်းငြိမ့်ပြပြီးနောက် ခွင့်တောင်းကာ ပြန်ထွက်သွားသည်။


ဘေးနားတွင်ရပ်နေသော ရှို့ယောင်က တရိုတသေဖြင့် မျက်လွှာချထားသည်။ သို့ရာတွင် ရွှယ်ဝမ်ရုတ်တရက် ပေါ်လာခြင်းက အကွက်ကျကျစီစဉ်ထားခြင်းဖြစ်ကြောင်း သူမပြောနိုင်သည်။ အိမ်ရှေ့စံမင်းသားငယ်လေးရောက်လာပြီး ရွှယ်ယွီကို နှင်ထုတ်လိုက်ခြင်းကလည်း ရွှယ်ဝမ်၏ လုပ်ဇာတ်များသာ ဖြစ်လိမ့်မည်။


ရွှယ်ကျွင်းလျန် ပြောလိုက်သည်။


" ကိုယ်တော် နည်းနည်းသောက်လာမိလို့ အိုက်ဖေး ကိုယ်တော့်ကို အဖော်ပြုပြီး လမ်းတူတူလျှောက်ပေးပါလား ..."


ထန့်ယွင် ‌သဘောတူလိုက်သော်လည်း သူ့ရင်ထဲ တဒိတ်ဒိတ်ခုန်နေမိသည်။ အစောပိုင်းက ရွှယ်ယွီပြောသွားသော လေသံအရဆိုလျှင် ဖုန့်တိုင်းပြည်မင်းသမီးနှင့်ရွှယ်ယွီက အတိတ်တွင် ပက်သက်မှုရှိခဲ့ပုံပေါ်သည်။ သို့သော် သူတို့က ချစ်သူရည်းစားဖြစ်ခဲ့ပုံမပေါ်ပေ။ အကယ်၍ သူတို့နှစ်ဦးချစ်သူဖြစ်ခဲ့ပါက ခြိမ်းခြောက်သည့်သဘောဆောင်သော လေသံဖြင့်ပြောသွားလိ့မ်မည် မဟုတ်ပေ။


ထန့်ယွင်က ရွှယ်တိုင်းပြည်မှ ထွက်ပြေးနိုင်ချိန်အထိသာ အန္တရာယ်ကင်းကင်းနေထိုင်လိုခြင်းဖြစ်သည်။ ရွှယ်ကျွင်းလျန်၏ အသုံးချမခံချင်သကဲ့သို့  ရွှယ်တိုင်းပြည်နှင့်လည်း ဆက်နွယ်မှု မရှိချင်ပေ။ သို့ရာတွင် ကံကြမ္မာပ သူ့ကို ဝိရောဓိဖြစ်စေချင်သည့်ပုံပေါ်နေသည်။


ရွှယ်ကျွင်းလျန် ပြောလိုက်သည်။

" ခုနက အိုက်ဖေးနဲ့ နယ်စားမင်းကျန့်ကျန်း စကားပြောနေကြတာလား ..."


ထန့်ယွင် မျက်လုံးများမှေးစင်းကာ တိုတိုပြတ်ပြတ်ပြောလိုက်သည်။


" ကျွန်တော်မျိုးမနဲ့ နယ်စားမင်းကျန့်ကျန်းက စကားမပြောနေပါဘူး ..."


ကျန်းယွီနှင့် ရှို့ယောင်တို့က ဧကရီ၏ လေသံမာမာကြောင့်လန့်သွားကြသည်။ သို့သော် မမျှော်လင့်ထားသည်မှာ ရွှယ်ဝမ်က ရယ်မော‌လိုက်သည်။


" ဒါက  ‌ပြီးပြည့်စုံဆုံးအဖြေပဲ ..."


ထန့်ယွင် ဖြေလိုက်သည်။

" ကျွန်တော်မျိုးမ အမှန်တရားကိုပဲ ပြောတာပါ ..."


" အမ်း ... ကိုယ်တော်က စကားကို ခပ်ပြတ်ပြတ်ပြောတဲ့သူပဲ သဘောကျတာ ... အိုက်ဖေးကတော့ ကိုယ်တော့ကို အချိန်တိုင်း အံ့ဩအောင် လုပ်နေတော့တာပဲ ..."


သူ ခဏတာ ရပ်သွားပြီးနောက် ဆက်ပြောလိုက်သည်။

" ဒါဆိုရင်လည်း တချို့ကိစ္စတွေကို ပွင့်ပွင့်လင်းလင်းပဲ ပြောကြတာပေါ့..."


သူ လက်ကာပြလိုက်သည်နှင့် ကျန်းယွီနှင့် ရှို့ယောင်တို့ ခပ်ဝေးဝေးကို ဆုတ်သွားကြသည်။


ထန့်ယွင်ပြောလိုက်သည်။

" မင်းကြီး အရင်ပြောပါ ..."


ရွှယ်ကျွင်းလျန်က တဲ့တိုးသာပြောလိုက်သည်။

" အိုက်ဖေးချစ်တဲ့သူက ရွှယ်ယွီလား ..."


" မဟုတ်ကြောင်းပါ မင်းကြီး ..."


ရွှယ်ကျွင်းလျန်က ထန့်ယွင်၏ မျက်လုံးများကို အကဲခတ်နေခဲ့၍ သူ့မေးခွန်းကို အမြန်ဆုံးပြန်ထြေသည့်အခါ အံ့အားမသင့်သွားခဲ့ပေ။


" ကိုယ်တော်လည်း အမှန်တရားကို ပြောပြမယ် ...  အိုက်ဖေးရဲ့စကားတွေကို စိတ်ထဲမှာ ယုံတစ်ဝက် မယုံတစ်ဝက်ဖြစ်နေတယ်... အိုက်ဖေးက ဉာဏ်ကောင်းတဲ့သူဆိုတာ ကိုယ်တော်သိတယ် ... အဲ့ဒါကြောင့် အိုက်ဖေးကို သက်သေပြခွင့်ပြုမယ် ..."


ထန့်ယွင် ဘာမှမပြောပဲ ရွှယ်ကျွင်းလျန်၏ တွက်ချက်မှုများနှင့် အကြံအစည်များကိုသာ စောင့်ကြည့်နေလိုက်သည်။


ဧကရီ၏ အမူအယာကိုကြည့်ကာ ရွှယ်ကျွင်းလျန်ပြုံးလိုက်သည်။ သူ့လက်ဖြင့် ဧကရီ၏နားရွက်မှ  အမာရွတ်ကို ထိလိုက်သည်။ သူက ဧကရီ့အပေါ်တွင် ထူးခြားသော ခံစားချက်များ ရှိမနေပေ။ သို့ရာတွင် အခြားသူများက သူ့ဇနီးကို မျက်စိကျနေသည်ကို သဘောမကျပေ။ ဘုရင်တစ်ပါးဖြစ်သည့်အတွက် သူ၏ပိုင်ဆိုင်မှုများကို အခြားလူများ သဘောကျနေခြင်းကို ပို၍ မနှစ်သက်နိုင်ပေ။


ရွှယ်ကျွင်းလျန်၏ အထိအတွေ့ကြောင့် ထန့်ယွင် ယမန်နေ့ညကအကြောင်း ပြန်လည်စဉ်းစားမိကာ မတုန်ပဲ တုန်ယင်သွားမိသည်။


ရွှယ်ကျွင်းလျန်က ဧကရီ၏ မျက်နှာ နီရဲသွားသည်ကိုမြင်၍ သူ့စိတ်အခြေအနေက ပိုမိုပေါ့ပါးလာသည်။


" တကယ်တော့ ရိုးရှင်းပါတယ် ... နယ်စားမင်းကျန့်ကျန်းက သူနဲ့အတူ စစ်သည်တစ်ထောင်လောက် ခေါ်လာတယ်လေ... ကိုယ်တော်က သူ့ရဲ့ စစ်သည်တွေကို နန်းမြို့တော်မှာ ထားခဲ့စေချင်တယ် ... အိုက်ဖေးမှာ အကြံတစ်ခုခုရှိမလား ကြည့်ကြတာပေါ့ ..."


xxxxxx